အခန်း (၁၆၅)
Vol. 11 Ch. 165
မြို့တံခါးထဲမှ ထွက်လာပြီးနောက် ချန်းပင်အန်းက လူသူရှုပ်ထွေးနေသော လမ်းမကြီးဘေးတွင် အနားယူရန် မတ်တပ်ရပ်နေခဲ့သည်။ မလှမ်းမကမ်းတွင် ဆိုင်တစ်ဆိုင် ရှိနေခဲ့၏။ ချန်းပင်အန်းက ခဏကြာ စဉ်းစားနေပြီးနောက် ရေနွေးတစ်ခွက် ဝယ်ခဲ့ပြီး ထိုင်ရင်းသောက်နေခဲ့သည်။
သူက တစ်စုံတစ်ခုအတွက် နောင်တရသည်မှာ အလွန်ရှားပါး၏။ သို့သော် သူ တာ့ဆွေတိုင်းပြည်၏ မြို့တော်မှ ထွက်လာခဲ့သည့် အချိန်ကတည်းကစပြီး စတင်နောင်တရလာခဲ့သည်။ ချွေးချန်း ပြောခဲ့သည့်အတိုင်း ကလေး(၃)ယောက်ကသာ တခြားသူများအနိုင်ကျင့်ခြင်းကို ခံရမည်ဆိုလျှင် သူက သူတို့၏ဘေးတွင်နေပြီး သူတို့ကို ကာကွယ်ပေးသင့်သည် မဟုတ်ပေလော။
ချန်းပင်အန်းက ဤလောကကြီးကို သေချာမြင်ဖူးခြင်း မရှိသေးပေ။ ထို့အတွက်ကြောင့် လူသားသဘာဝ၏ ကောင်းခြင်းဆိုးခြင်းကို မမြင်ဖူးခြင်းတော့ မဟုတ်ချေ။ သူ၏ အနိမ့်အမြင့် အတက်အကျများက အလွန်ကြမ်းတမ်းပြီး သူက အသက်ရှင်ခွင့်ရရန်အတွက် အစွမ်းကုန် ကြိုးစားအားထုတ်ခဲ့ရသည်။ ရလဒ်အနေနှင့် သူက လီပေါင်ဖျင်၊ လီဟွိုင် နှင့် လင်းရှို့ယီတို့ထက် ပိုပြီး လူသားသဘာဝ၏ ရုပ်ဆိုးအကျည်းတန်သော အရာများ၊ အခက်အခဲများကို အဆပေါင်းများစွာ ပို၍သိနေခဲ့သည်။
ထူးထူးခြားခြား ပြောရမည်ဆိုလျှင်တော့ သူတို့၏ လမ်းတစ်လျှောက်တွင် ချွေးချန်း၏ ပြစ်တင်ကြိမ်းမောင်းသံများကို ကြားသည့်အခါ ချန်းပင်အန်းက တစ်စုံတစ်ခုကို နားလည်လာခဲ့ရ၏။ လူတစ်ယောက်က အဆင့်မြင့်သော စွမ်းအားရှိနေတိုင်း ဉာဏ်ကောင်းသည်ဟု ဆိုလိုခဲ့ခြင်း မရှိချေ။ လူတစ်ယောက်က စာမဖတ်လျှင်လည်း ကောင်းမွန်သော လူတစ်ယောက် ဖြစ်နိုင်သည်ဟု ဆိုလိုနေခဲ့၏။
ချန်းပင်အန်းက ရေနွေးကို ဆက်၍ သောက်နေပြီး တိတ်တဆိတ် ဆုံးဖြတ်ချက်ချလိုက်သည်။ သူက မြို့နံရံကြီးဆီကို လှမ်းကြည့်လိုက်၏။
……….
အရှေ့ပိုင်းခမ်းနားခြင်းတောင်ထိပ်ပေါ်တွင် ရှိနေသော ချောက်ကမ်းပါးကျောင်းတော်ထဲတွင် ထင်းရှူးရေလှိုင်းဟု နာမည်တပ်ထားသော ဆိုင်းဘုတ်တပ်ထားသည့် ခန်းမကြီးတစ်ခု ရှိနေသည်။ ထိုအရာက ကျောင်းတော်ထဲတွင် ဆရာရုံးခန်းတစ်ခုလည်း ဖြစ်၏။
တောင်ထိပ်သခင်ဖြစ်သူ တာ့ဆွေတိုင်းပြည်၏ အထွေထွေရေးရာအမတ်ကြီးက ရှားရှားပါးပါး အနားယူနေပြီး ရေနွေးကြမ်း သောက်နေခဲ့၏။ သူက အတော်လေးကို စိတ်လက်ပေါ့ပါးနေပုံရသည်။ အခန်းထဲတွင် ရှိနေသော တခြားလူများကတော့ အတော်လေးကို အသက်ကြီးနေသည့် ကျောင်းတော်ထဲမှ ဆရာများ ဖြစ်ကြသည်။ ထို့ပြင် လက်ထောက်တောင်ထိပ်သခင် (၃)ယောက်လည်း ရှိနေကြ၏။
သူတို့ထဲမှ တစ်ယောက်ကတော့ မျက်နှာလေးထောင့်နှင့် အကြီးအကဲ တစ်ယောက်ဖြစ်ပြီး သူက စကားပြောရန် ထိန်းချုပ်ထားသော်လည်း မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"အဲဒီကလေးတွေက တကယ့်ပြဿနာပဲ…"
ကြည့်ရသည်မှာ ထိုကဲ့သို့အပြစ်တင်မှုက သူ၏ဒေါသကို ဖြေဖျောက်ရန် လုံလောက်ပုံမရချေ။ သူက ထပ်၍ပြောလိုက်၏။
"သူတို့က လုံးဝကို နားမလည်ကြဘူး…"
ထိုလက်ထောက်တောင်ထိပ်သခင်က ကျောင်းတော်ထဲတွင် အလွန်များပြားသော သင်ခန်းစာများကို သင်ယူပို့ချရန် တာဝန်ယူထားသော နာမည်ကျော် စာသင်သားတစ်ယောက် ဖြစ်သည်။ သူက လူကြီးလူကောင်းတစ်ယောက်ဟူသော ဂုဏ်ပုဒ်ကိုလည်း ပိုင်ဆိုင်ထားသေး၏။ သူ့နာမည်ကို ကွန်ဖြူးရှပ်ကျောင်းတော် (၃)ခုထဲမှ တစ်ခုတွင် မှတ်တမ်းတင်ထားခဲ့သည်။ လက်ရှိအချိန်တွင် သူ့နှုတ်ဖျားမှ ထွက်လာသော စကားလုံးများက သူနှင့် သက်တူရွယ်တူများထက် ပို၍လေးနက်နေခဲ့၏။
အထွေထွေရေးရာဌာနမှ အမတ်ကြီးက မထင်မရှားပုံစံသာရှိပြီး ကရုဏာတရားများ ပြည့်နေသော အဘိုးအိုတစ်ယောက်ဖြစ်သည်။ အကယ်၍ သူကသာ အမတ်ကြီးဝတ်စုံကို ဝတ်ဆင်ထားခြင်း မရှိလျှင် သူ့ကို ဒုတိယအဆင့် အရာရှိတစ်ယောက်ဟုသာ ထင်မှတ်မှားကြပါလိမ့်မည်။
ထို့ပြင် စာသင်သားများနှင့် စာအလွန်ဖတ်သော လူတစ်ယောက်ချင်းဆီတိုင်းကို တာ့ဆွေအင်ပါယာထဲတွင် အလွန်အမင်းကို တန်ဖိုးထားခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် ကောင်းကင်အရာရှိများ၏ရာထူးကို တာ့လီတိုင်းပြည်အတွင်း ကိုယ်ရေးအရာရှိအမတ်ကြီးဆီသို့ တာဝန်ပေးအပ်ထားသည်။ သို့သော် ထိုရာထူးကို တာ့ဆွေတိုင်းပြည်ထဲတွင်တော့ အထွေထွေရေးရာဌာနမှ အမတ်ကြီးဆီသို့ တာဝန်ပေးထားခဲ့သည်။
အမတ်ကြီး၏အပြုံးက ပျောက်ကွယ်သွားခြင်းမရှိဘဲ ဆက်ပြောလိုက်သည်။
"ဒါဆို သူတို့က ဘာတွေစကားနားမထောင်တာလဲ ပြောပြစမ်းပါဦး…"
လက်ထောက်တောင်ထိပ်သခင်က အပြစ်တင်သော စကားလုံးများကို ပြောပြနခွင့်ရသည့်အတွက် အလွန်ဝမ်းသာသွားပုံရသည်။ သူက ပြောလိုက်၏။ "လင်းရှို့ယီက ထူးခြားတဲ့ပါရမီရှိပြီး အုတ်မြစ်တော်တော်ကောင်းပါတယ်။ ဒါပေမဲ့ သူ့ရဲ့အကျင့်စရိုက်က ဘယ်လိုပြောရမလဲဆိုတာ ငါလည်း မသိဘူး။ သူက အမြဲတမ်း အတန်းချိန် ကျော်ပြီး ကျမ်းစာ စာကြည့်တိုက်ထဲမှာ စာအုပ်တွေပဲ သွားဖတ်တတ်တယ်…”
“အဲဒါတစ်ခုတည်းက ဆိုးတဲ့အရာတော့မဟုတ်ဘူး။ ဒါပေမဲ့ သူက ကွန်ဖြူးရှပ်ကျမ်းစာတွေ တစ်ခုမှတောင် မဖတ်ဘူး။ အဲဒီအစား သူက အမည်မသိ တာအိုဂိုဏ်းတွေရဲ့ လျှို့ဝှက်ကျင့်စဉ်တွေကိုပဲ ဖတ်တယ်။ ပြီးတော့ သူက ကျောင်းတော်ကိုရောက်တာ ခဏလေးပဲ ရှိသေးပေမဲ့ စာအုပ်(၂၀)၊ (၃၀)လောက် ငှားပြီးသွားပြီ။ ဒါက တော်တော်လေးကို ရယ်စရာကောင်းတယ်…”
“ကွန်ဖြူးရှပ်ကျောင်းသားတွေက တာအိုကျမ်းစာတွေကို ဖတ်ဖို့ တားမြစ်သင့်တယ်လို့တော့ မပြောပါဘူး။ ဒါပေမဲ့ သူ့ရဲ့အသက်အရွယ်နဲ့ သူက ကောင်းမွန်တဲ့ အုတ်မြစ်တစ်ခု တည်ဆောက်ဖို့အတွက် ပထမဆုံးကျမ်းစာတွေကိုပဲ ဖတ်သင့်တာလေ။ တကယ်လို့ သူသာ သူ့ရဲ့ စာဖတ်ခြင်းကနေ လမ်းမှားကို ရောက်သွားမယ်ဆိုရင် ငါက အရင်တောင်ထိပ်သခင်ကို ဘယ်လိုမျက်နှာပြရမှာလဲ…"
အမတ်ကြီးက ခေါင်းညိတ် တုံ့ပြန်လိုက်ပြီး ရေနွေးသောက်၍ ဖြည်းညင်းစွာ စဉ်းစားနေခဲ့သည်။
ထိုအချိန်တွင် တခြားသော လက်ထောက်တောင်ထိပ်သခင်က အပြစ်ပြောလိုက်ပြန်သည်။ သူကတော့ ပို၍ဒေါသထွက်နေပုံရ၏။
"အဲဒီကလေးမလေး လီပေါင်ဖျင်ကတော့ ပိုပြီးတော့တောင် စည်းကမ်းမလိုက်နာသေးတယ်။ သူက သင်ခန်းစာ သင်ကြားနေတဲ့အချိန် အတောအတွင်း အမြဲတမ်းအပြင်ကို ထွက်သွားတတ်တယ်။ သူတို့က ဆရာတွေကိုလည်း လေးလေးစားစား မဆက်ဆံဘူး…”
“သူက အကြိမ်ပေါင်းများစွာ ဖတ်ထားခဲ့တဲ့ ခရီးသွားမှတ်တမ်းစာရွက်တွေကို လှန်နေတာပဲဖြစ်ဖြစ်၊ အဲဒီစာရွက်တွေပေါ်မှာ ရုပ်ပုံငယ်လေးတွေ ရေးဆွဲတာပဲဖြစ်ဖြစ် လုပ်နေတတ်တယ်။ အဲဒါတင်မကသေးဘူး။ သူတို့တွေက ကြမ်းတမ်းတဲ့ သိုင်းပညာရှင်တွေရဲ့ တိုက်ခိုက်ရေးကျင့်စဉ်တွေကိုလည်း လေ့ကျင့်တတ်သေးတယ်.."
အမတ်ကြီးက ရယ်ချင်စိတ်ကို ထိန်းထားပြီး ခေါင်းငုံ့၍ နောက်ထပ်ရေနွေးတစ်ငုံ သောက်နေခဲ့သည်။
“လီဟွိုင်ကတော့ လုပ်သင့်တဲ့အရာတွေ အကုန်လုံးကို လုပ်ပါတယ်။ သူက သင်ခန်းစာတွေကို မကျော်သလို ပြဿနာလည်း မရှာဘူး။ သူ့ကို ဆရာတွေ ပေးလိုက်တဲ့အိမ်စာကိုလည်း အမြဲတမ်းပြီးအောင်လုပ်တယ်။ ဒါပေမဲ့ သူ့ရဲ့သင်ယူနိုင်စွမ်းက အရမ်းကိုပဲ… ။ တစ်ခါတလေ သူ့ခေါင်းထဲမှာ ဦးနှောက်တစ်ခုအစား သစ်သားတုံးတစ်တုံးပဲ ရှိနေတယ်လို့တောင် ငါက ခံစားမိတယ်.”
“သူက စာသင်နေတဲ့အချိန် အမြဲတမ်း ခေါင်းညိတ်ပြီး စားပွဲခုံပေါ်မှာ ငိုက်နေတတ်တယ်။ သူက အရင်တောင်ထိပ်သခင်ရဲ့ လက်ရင်းတပည့်တစ်ယောက် ဘယ်လိုများ ဖြစ်လာခဲ့ရတာလဲ။ အဲဒီကလေးတွေက ကျွန်တော့်ကို သတ်နေသလိုမျိုးပဲ…"
ပို၍ငယ်ရွယ်သော လက်ထောက်တောင်ထိပ်သခင်တစ်ယောက်က ပြုံးလိုက်သည်။ "ကျွန်တော်တို့ တောင်ထိပ်သခင်လျှိုက အဲဒီကလေးတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ စိတ်ဓာတ်ကျပြီး မုတ်ဆိတ်မွေးတွေတောင် ဖြူသွားပြီထင်တယ်…."
"ကျွန်တော်က လက်ထောက် တောင်ထိပ်သခင်တစ်ယောက်ပါပဲ…" မျက်နှာလေးထောင့်နှင့် အဘိုးအိုက ခပ်တည်တည်အမူအရာနှင့် အမှားပြင်ဆင်ပေးလိုက်သည်။
ထိုစကားကို ကြားသည့်အခါ အမတ်ကြီးက အားရပါးရ ရယ်လိုက်၏။ သူက ဘေးတွင်ချထားသော ရေနွေးခွက်ကိုယူလိုက်ပြီး မေးလိုက်၏။
"သတင်းကောင်းတွေ မရှိဘူးလား။ တကယ်လို့ သတင်းဆိုးတွေပဲဆိုရင် ငါက နောက်တစ်ကြိမ်တောင် လာလည်ရဲမှာ မဟုတ်တော့ဘူး…"
ထိုစကားကိုကြားသည့်အခါ မျက်နှာလေးထောင့်နှင့် အဘိုးအို၏ခံစားချက်ကတော့ သူက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်၏။
"သတင်းကောင်းတချို့တော့ ရှိပါသေးတယ်။ ယုလုနဲ့ ရှဲ့ရှဲ့တို့က တော်တော်လေးကို ထူးခြားတဲ့ ပါရမီရှိကြတယ်။ သူတို့တွေက ကွန်ဖြူးရှပ်စာသင်သားတွေ ရှိသင့်တဲ့ အခြေခံပုံစံထက်တောင် အဆပေါင်းများစွာ ပိုပြီးတော့ကောင်းနေတယ်။ သူတို့က တခြားသူတွေကို ကောင်းကောင်းဆက်ဆံတဲ့အပြင် သူတို့ရဲ့ဆရာတွေကိုလည်း အတော်လေး လေးစားတယ်…”
“အထူးသဖြင့် ယုလုက အတော်လေးကို နှိမ့်ချပြီး ယဉ်ကျေးသိမ်မွေ့တဲ့ ကောင်လေးတစ်ယောက်ပဲ။ ဒီအဖွဲ့ထဲမှာ သူကတော့ သေချာပေါက် အောင်မြင်မှုတွေ ရနိုင်မယ်လို့ ကျုပ်က ထင်တယ်…"
အမတ်ကြီးက လျင်မြန်စွာ ကောက်ချက်ချခဲ့ခြင်း မရှိချေ။ သူ့အပြုံးက ပြောင်းလဲသွားခြင်းမရှိဘဲ တစ်ချိန်လုံး တိတ်ဆိတ်ငြိမ်သက်နေသော အရပ်ရှည်ရှည် အဘိုးအိုကို လှည့်ပြီး ပြောလိုက်သည်။
"မင်းကရော ဘယ်လိုထင်လဲ အကြီးအကဲမောက်…"
အရပ်ရှည်ရှည်အဘိုးအို၏ခါးတွင် သစ်သားနီ ပေတံတစ်ချောင်း ချိတ်ထားသည်။ သူက ချက်ချင်းပင် သတိပြန်ဝင်လာပြီး ပြောလိုက်၏။
"ဝါး... အမတ်ကြီးက သွားတော့မှာလား။ နည်းနည်းလောက် ထပ်ပြီးတော့ မနေတော့ဘူးလား…"
အမတ်ကြီးက အပြုံးနှင့် ပြောလိုက်သည်။
"တကယ်လို့ မင်းက ငါ့ကို နည်းနည်းလောက် ထပ်နေစေချင်တယ်ဆိုရင်တော့ ငါက ငြင်းဆန်မှာ မဟုတ်ပါဘူး.."
ရုံးခန်းထဲတွင် ရယ်သံများ ထွက်လာခဲ့သည်။
အမတ်ကြီးက စိတ်ရှည်လက်ရှည်နှင့် လက်ထောက်တောင်ထိပ်သခင်လျှို ပြောပြခဲ့သော အခြေအနေများကို မောက်ရှောင်တုံသိအောင် အသေးစိတ် ပြန်လည်ပြောပြလိုက်သည်။
အမတ်ကြီး ပြောချင်သည့်စကားကို ကြားလိုက်ရပြီးနောက် သူ့မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
"ငါနားလည်ပြီ။ ဒါဆိုရင်တော့ ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောစရာတစ်ခုရှိတယ်…"
"ငါတို့အားလုံးက မင်းရဲ့စကားကို သေချာစောင့်နေပါတယ်…"
အမတ်ကြီးက ဝင်ပြောလိုက်၏။
မောက်ရှောင်တုံက မတ်တပ်ထိုင်ပြီး မေးလိုက်သည်။
"ငါက မင်းတို့အားလုံးကို ကိစ္စတစ်ခုမေးချင်တယ်။ ချီကျင့်ချွန်က ဒီနေရာမှာရှိတဲ့ ငါတို့စာသင်သားတွေအားလုံးထက် ပိုပြီးတော့ ထူးချွန်တဲ့ စာသင်သားတစ်ယောက်လား…"
သူ့မေးခွန်းက လူတိုင်းကို တိတ်ဆိတ်သွားစေခဲ့သည်။ ထိုအရာက မေးရန် လိုအပ်သည့်မေးခွန်းတစ်ခု ဖြစ်နေသည်လော။
ထို့နောက် မောက်ရှောင်တုံက မေးလိုက်သည်။
"ချီကျင့်ချွန်က စာသင်သားတွေနဲ့ ပတ်သက်ပြီး ပိုပြီးအမြင်ရှိတာလား။ ဒါမှမဟုတ် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါတို့က ပိုပြီးတော့ အမြင်ရှိတာလား…”
နောက်တစ်ကြိမ် ထိုအဖြေက ပို၍သိသာသွားပြန်သည်။
လက်ထောက်တောင်ထိပ်သခင်လျှိုက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး မောက်ရှောင်တုံ ပြောချင်သည့်စကားကို တိုက်ရိုက်ငြင်းဆန်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။
"အကြီးအကဲမောက်…
လီကျူးသုခဘုံက နေရာငယ်လေးတစ်ခုဆိုတာ ကျွန်တော်တို့အားလုံးသိတယ်။ သူ့ရဲ့စုစုပေါင်းလူဦးရေက (၅၀၀၀) (၆ဝ၀၀) လောက်ပဲရှိတယ်လို့ ကြားဖူးတယ်။ ဒါကြောင့် သူတို့တွေထဲကနေ ကလေးတွေအများကြီးကို သေချာပေါက်ရွေးချယ်နိုင်မှာ မဟုတ်ဘူး။ ဆရာချီက မတတ်သာလို့ ရွေးချယ်ခဲ့ရတာရော မဖြစ်နိုင်ဘူးလား…"
မောက်ရှောင်တုံက တာ့လီအင်ပါယာထဲရှိ ချောက်ကမ်းပါးကျောင်းတော်ကို တည်ထောင်ခဲ့စဉ် အတောအတွင်း ချီကျင့်ချွန်နှင့် တစ်ချိန်လုံး အတူတူရှိနေခဲ့သည်။ သူက ကျင့်ကြံမှုအရဖြစ်စေ၊ ဝါစဉ်အရဖြစ်စေ၊ ကျင့်ဝတ်နှင့် စာသင်သားဆိုင်ရာ အောင်မြင်မှုတွင်ဖြစ်စေ ကျောင်းတော်အသစ်၌ ထိပ်တန်းပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့်လည်း အထွေထွေရေးရာဌာနမှ အမတ်ကြီးအပါအဝင် လူတိုင်းက သူ့ကို တလေးတစားနှင့် အကြီးအကဲမောက်ဟု ခေါ်ဆိုကြခြင်းဖြစ်သည်။
လက်ထောက်တောင်ထိပ်သခင်လျှို၏ မေးခွန်းကိုကြားသည့်အခါ မောက်ရှောင်တုံက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ဒီလိုဖြစ်နိုင်ခြေတစ်ခု ရှိပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်နိုင်ခြေ မဟုတ်နိုင်ဘူး ဆိုတာကလည်း ငြင်းလို့မရတဲ့ အမှန်တရားပဲ…"
သူ၏တုံ့ပြန်မှုကြောင့် လူတိုင်းက အံ့ဩသွားခဲ့ကြသည်။
မောက်ရှောင်တုံက အခန်းတစ်ခန်းလုံးကို မျက်လုံးနှင့်စိုက်ကြည့်ပြီး ဆက်ပြောလိုက်၏။ "အဲဒီကလေးတွေအားလုံးက ကြီးမြတ်တဲ့ အောင်မြင်မှုတွေ ရနိုင်တဲ့ ပါရမီရှင်တွေ ဖြစ်လိမ့်မယ်လို့ မင်းတို့ တာ့ဆွေအင်ပါယာက မျှော်လင့်ထားနေတာ။ ပြီးတော့ သူတို့တွေ အရွယ်ရောက်လာတဲ့အချိန်ကျရင် တာ့ဆွေတိုင်းပြည်ကို သစ္စာခံပြီး တာ့လီအင်ပါယာကို တိုက်ခိုက်ဖို့အတွက် မင်းတို့က သူတို့ကို အသုံးချချင်နေတာ။ ငါကတော့ ဒီလိုတစ်ကိုယ်ကောင်းဆန်တဲ့ ဆန္ဒတွေမရှိဘူး။ ဒါကြောင့် သူတို့အပေါ် ဘာမှကြီးကြီးကျယ်ကျယ် မျှော်လင့်ချက်တွေမရှိဘူး…"
အမတ်ကြီးက ပါးစပ်ကို အင်္ကျီလက်နှင့်ကာပြီး အနည်းငယ် ချောင်းဟန့်လိုက်သည်။ ထို့နောက် သူက ဆင်ခြေပေးပြီး ရေနွေးတစ်ငုံ သောက်လိုက်၏။
မောက်ရှောင်တုံကတော့ အမတ်ကြီး၏ အမူအရာကို အလေးမထားဘဲ ဆက်၍ပြောလိုက်သည်။
"တကယ်လို့ ငါ့ရဲ့ကိုယ်ပိုင်လမ်းကြောင်းအတိုင်းသာဆိုရင် အဲဒီကလေးတွေကို သူတို့လုပ်ချင်နေတဲ့အရာတွေ လုပ်ခိုင်းမှာပဲ။ သူတို့က စားသောက်တာပဲဖြစ်ဖြစ်၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ်၊ တကယ်လို့ သူတို့က သင်ယူချင်တယ်ဆိုရင် ငါက သူတို့ကို သင်ပေးမယ်။ ဒါပေမဲ့ သူတို့က အပျင်းထူနေတယ်ဆိုရင်လည်း ငါက သူတို့ကို လွှတ်ထားမှာပဲ။ သူတို့က ကြီးကြီးကျယ်ကျယ် အောင်မြင်မှုတွေရတာ မရတာကို ငါ ဂရုမစိုက်ဘူး…”
“ငါ့ရဲ့တရားဝင်ရာထူးက ဒီကျောင်းတော်ရဲ့ လက်ထောက်တောင်ထိပ်သခင်ပဲ။ ငါ့မှာ သင်ကြားပေးနေရတဲ့ ကျောင်းသားတွေ အများကြီးရှိတယ်။ တစ်နှစ်ပြီးတစ်နှစ် ကြီးကြပ်စောင့်ရှောက်ရမယ့် ကျောင်းသားတွေလည်း ပိုပြီးတော့ များလာတယ်။ ငါက ကလေးတွေ သစ်ပင်ပေါ်တက်နေတာမျိုး၊ သင်ခန်းစာကို ဂရုမစိုက်တာမျိုး၊ စာအုပ်တစ်အုပ်ပေါ်မှာ ရုပ်ပုံလေးတွေ ဆွဲနေတဲ့အရာမျိုး မင်းတို့အပြစ်တင်နေတာတွေကို နားထောင်ဖို့ အချိန်ရော စွမ်းအားရော မရှိဘူး…"
ခန်းမထဲတွင် ရှိနေသော လူတိုင်းက အံ့ဩနေသောအမူအရာနှင့် အချင်းချင်း စိုက်ကြည့်လိုက်မိသည်။
အမတ်ကြီးကတော့ ရေနွေးခွက်ကို ဆက်၍သောက်နေပြီး အတွင်းထဲတွင် ရှိနေသော ရေနွေးက အမှန်တကယ်ကုန်ဆုံးသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
မောက်ရှောင်တုံက မတ်တပ်ရပ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"တကယ်လို့ မင်းတို့အားလုံးက ငါ့ကိုခွင့်ပြုမယ်ဆိုရင်တော့ ငါက ပိုပြီးအရေးပါတဲ့ ကိစ္စတစ်ခု လုပ်စရာရှိတယ်။ ဒါကြောင့် ငါက ဒီမှာထိုင်ပြီး မင်းတို့နဲ့အတူ ဆက်ပြီးတော့ ရေနွေးမသောက်နိုင်တော့ဘူး။ ခွင့်ပြုပါဦး …ဂုဏ်သရေရှိအမတ်ကြီး…"
အမတ်ကြီးက သဘောကောင်းသောအမူအရာနှင့် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"ဒီလိုဆိုမှတော့ ငါလည်း သွားတော့မယ်။ ငါက မင်းရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အများကြီးယူလိုက်သလို ဖြစ်သွားပြီ…"
"အလျင်စလိုလည်း မသွားပါနဲ့ဦး အမတ်ကြီး။ အရင်ဆုံး ရေနွေးကုန်အောင် သောက်သွားပါလား…"
မောက်ရှောင်တုံက တိုက်တွန်းလိုက်သည်။
ထို့နောက် သူက အနည်းငယ် ခြေဖျားထောက်လိုက်ပြီး အမတ်ကြီး၏ ရေနွေးခွက်ထဲကို စိုက်ကြည့်လိုက်၏။
"အော် ရေနွေးက ကုန်နေပြီပဲ။ ဒီလိုဆိုရင် ဘာလို့အလျင်စလို ထွက်သွားဦးမှာလဲ။ မသွားခင် နောက်တစ်ခွက်လောက် သောက်သွားပါဦးလား။ တကယ်လို့ အမတ်ကြီး ထွက်မသွားခင် ရေနွေးတစ်ခွက်ပဲ သောက်သွားတယ်ဆိုတာ တစ်ယောက်ယောက်က ပြန်ကြားသွားရင် ကျွန်တော်တို့က ဧည့်ဝတ်မကျေဘူးလို့ သူတို့က ထင်နေဦးမယ်။ တကယ်လို့ ဘဏ္ဍာရေးအမတ်ကြီးကသာ ဒီကိစ္စအတွက် အပြစ်တင်ပြီး ကျွန်တော်တို့ကျောင်းတော်ရဲ့ ရန်ပုံငွေကို ရည်ရွယ်ချက်ရှိရှိ ဖြတ်တောက်ပစ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီလိုဖြစ်သွားမယ်ဆိုရင် ကျွန်တော်တို့အားလုံး လမ်းဘေးရောက်သွားမှာပေါ့…"
အမတ်ကြီး၏မျက်နှာပေါ်တွင် ခပ်ယဲ့ယဲ့အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်၏။
"ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ အကြီးအကဲမောက်။ ဒီလိုလုပ်ပါလား။ အခုကစပြီး အကြီးအကဲမောက်က တောင်ထိပ်သခင် တာဝန်ယူပြီး ကျွန်တော်က လက်ထောက်တောင်ထိပ်သခင် တာဝန်ယူမယ်လေ…"
"အဲဒီလိုမလုပ်နိုင်ဘူး…"
မောက်ရှောင်တုံက အပြုံးနှင့် ပြန်လှည့်ပြီး ထွက်ခွာသွားခဲ့သည်။
သူ ထွက်သွားသည့် အချိန်တွင် အမတ်ကြီးက သက်ပြင်းချပြီး ရေရွတ်လိုက်၏။
"ငါက ငြိမ်းချမ်းမှုနှင့် တိတ်ဆိတ်မှုကို လိုချင်လို့ ဒီကိုလာတာ။ ဒါပေမဲ့ ငါ့ကို အကြီးအကဲမောက်က သင်ခန်းစာပို့ချသွားတယ်။ ငါက ဒီမှာ နောက်တစ်ကြိမ် ရေနွေးလာသောက်ဖို့ သတ္တိတောင် မရှိတော့ဘူး…"
ရုံးခန်းထဲတွင် ရယ်သံများ ကြားလိုက်ရပြီး အလွန်လေးနက်သော လက်ထောက်တောင်ထိပ်သခင်လျှိုကပင် အတော်လေး ကျေနပ်နေခဲ့သည်။
…………
တောင်တန်း(၅)ခုနှင့် ယှဉ်လိုက်မည်ဆိုလျှင် တာ့ဆွေတိုင်းပြည်၏ အရှေ့ပိုင်းခမ်းနားခြင်းတောင်တန်းက ကြီးကျယ်ခမ်းနားခြင်း မရှိချေ။ ထိုအစား ဤနယ်မြေထဲတွင် ရှိနေသော တခြားတောင်တန်းများအားလုံးထက် ပို၍မြင့်မားနေသည့် အတွက်ကြောင့်သာ ပို၍အရေးပါနေခြင်းဖြစ်ပုံရသည်။
တောင်ထိပ်ပေါ်တွင်တော့ နှစ်တစ်ထောင်နီးပါးခန့် သက်တမ်းရှိသော ဂျင်ကိုပင်ကြီးတစ်ပင် ရှိနေခဲ့သည်။ ထိုသစ်ပင်ကြီး၏ သစ်ကိုင်းတစ်ခုပေါ်တွင် ထိုင်လိုက်ပြီးနောက် လီပေါင်ဖျင်က သစ်ပင်ကြီး၏ပင်စည်ကို လက်နှစ်ဖက်နှင့် ဖက်လိုက်ပြီး ကြိုတင်လေ့ကျင့်ထားသော ပုံစံအတိုင်း မြေပေါ်ကို လျှောဆင်းလာခဲ့သည်။
သူမက ထိုသို့လုပ်ဆောင်လိုက်သည့်အချိန်တွင် သူမကို မျက်မှောင်ကြုတ်၍ ကြည့်နေသော အရပ်ရှည်ရှည် အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရ၏။ သူ့ပုံစံက လူကောင်းတစ်ယောက်နှင့် မတူပေ။
"မင်းက နောက်တစ်ကြိမ် စာသင်ခန်းထဲကနေ ထွက်ပြေးပြန်ပြီလား…"
မောက်ရှောင်တုံက မေးလိုက်သည်။
လီပေါင်ဖျင်ကတော့ ရိုးရိုးသားသား ပြန်ဖြေလိုက်၏။
"ကျောင်းတော်မှာ စည်းမျဉ်းတွေရှိတယ်ဆိုတာ ကျွန်မ သိတယ်။ ကျွန်မက အပြစ်ပေးမှုကို လက်ခံပါတယ်…"
"ချီကျင့်ချွန်က သင်ခန်းစာပျက်ကွက်တဲ့အတွက် မင်းကို အပြစ်ပေးခဲ့လား…"
မောက်ရှောင်တုံက မေးလိုက်သည်။
လီပေါင်ဖျင်က ခေါင်းခါပြီး ပြန်ဖြေလိုက်၏။
"သင်ခန်းစာပျက်ကွက်တဲ့အတွက် သူက ကျွန်မကို အပြစ်မပေးဘူး။ သူက အဲဒီလိုအရာမျိုးကိုလည်း လုံးဝဂရုမစိုက်ဘူး။ ဒါပေမဲ့ တကယ်လို့ သူ သင်ပေးတဲ့အရာကို ကျွန်မတို့က မှားပြီး ရွတ်ဆိုမိတယ်ဆိုရင်တော့ သူ့ဆီကနေ ပထမဆုံးအကြိမ် သတိပေးခံရတယ်။ ဒါပေမဲ့ ဒုတိယတစ်ကြိမ်ကျမှပဲ ရိုက်ပြီးအပြစ်ပေးတယ်…"
"ငါ နားလည်ပြီ။ မင်းက အဲဒီနေရာမှာ ဘာတက်ကြည့်နေတာလဲ…"
မောက်ရှောင်တုံက ပြန်ဖြေပြီး ထပ်မေးလိုက်သည်။
ထိုမေးခွန်းကိုကြားသည့်အခါ လီပေါင်ဖျင်က အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူမ၏အဖြေက ဝေဝါးနေခဲ့၏။
"ရှုခင်းတွေကြည့်တာလေ…"
မောက်ရှောင်တုံက ပို၍ပင် စိတ်ဝင်စားသွားပြီး မေးလိုက်သည်။
"အဲဒီမှာ ဘယ်လိုရှုခင်းမျိုးတွေ ရှိလို့လဲ။ ဒီနယ်မြေထဲမှာ ရှုခင်းကောင်းတွေရှိတယ်လို့ ငါဘာလို့ မကြားဖူးရတာလဲ…"
လီပေါင်ဖျင်က မျက်တောင်များကို ခတ်ပြီး အကြံပေးလိုက်သည်။
"ဆရာကြီးကိုယ်တိုင် အဲဒီကိုတက်ပြီးတော့ ကြည့်တာ မကောင်းဘူးလား…"
"စာသင်သားတွေက သစ်ပင်ပေါ်မတက်သင့်ဘူးလေ…"
မောက်ရှောင်တုံက ပြန်ပြောလိုက်သည်။
သူ၏မျက်နှာပေါ်တွင် နားလည်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။
"မင်းက ဘာလုပ်နေတယ်ဆိုတာ ငါသိပြီ။ မင်းက ငါ့ကို စည်းမျဉ်းတွေ ချိုးဖောက်စေချင်နေတာပဲ။ ဒါဆိုရင် ငါက မင်းကို အပြစ်မပေးနိုင်တော့ဘူး မဟုတ်လား။ မင်းက တော်တော်လေး ဉာဏ်ကောင်းတဲ့ မိန်းကလေးပဲ…"
လီပေါင်ဖျင်က အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
သူမက သူ့စကားကို လက်မခံကြောင်း မောက်ရှောင်တုံက ရှင်းရှင်းလင်းလင်း သိနေခဲ့၏။ ထို့ကြောင့် သူက မေးလိုက်သည်။
"သစ်ပင်ပေါ်တက်တာက စာသင်သားတွေအတွက် မကောင်းတဲ့အပြုအမူတစ်ခုလို့ သတ်မှတ်တာကို မင်းက မှားတယ်လို့ ထင်နေတာလား…"
လီပေါင်ဖျင်က သူမ၏အင်္ကျီကို လက်နှစ်ဖက်နှင့်ပုတ်ပြီး ရှင်းပြလိုက်သည်။ "တစ်ကြိမ်မှာ ကျွန်မရဲ့စွန်က သစ်ကိုင်းတစ်ခုပေါ်မှာ ချိတ်နေတဲ့အချိန် ဆရာချီကပဲ သစ်ပင်ပေါ်တက်ပြီး ကျွန်မအတွက် ပြန်ယူပေးခဲ့တာ။ တစ်ကြိမ်မှာတော့ ကျွန်မက လီဟွိုင်ရဲ့ဘောင်းဘီကိုချွတ်ပြီး သစ်ပင်ပေါ်တင်ထားခဲ့တယ်။ ပြီးတော့ အိမ်ကို တစ်ယောက်တည်း ပြန်သွားခဲ့တယ်။ အဲဒီနောက်မှာတော့ ဆရာချီကပဲ သူ့ရဲ့ဘောင်းဘီကို ပြန်ယူပေးတယ်လို့ ကြားခဲ့တယ်။ ဆရာကြီးတို့ ကျောင်းတော်မှာရှိတဲ့ စာသင်သားတွေကတော့ အဓိပ္ပာယ်မရှိတဲ့အရာလေးတွေကိုပဲ အတိအကျ လိုက်နာကြတာပဲ…"
"ဒါက ငါတို့ရဲ့ကျောင်းတော်ပါ။ ငါ့ရဲ့ကျောင်းတော်မဟုတ်ဘူး…"
မောက်ရှောင်တုံက ပြင်ဆင်ပေးလိုက်သည်။
သူက လက်နောက်ပစ်ပြီး လီပေါင်ဖျင်ကို ကြည့်၍ အပြုံးနှင့် မေးလိုက်၏။ "ချီကျင့်ချွန်က ဒီနေရာမှာရှိတဲ့ ဆရာတွေအားလုံးထက် ပိုကောင်းတယ်လို့ မင်းက ခံစားမိတယ် မဟုတ်လား…"
လီပေါင်ဖျင်က တိုးတိုးလေး သက်ပြင်းချလိုက်သည်။ ဘာကြောင့် ထိုအဘိုးအိုက ထိုကဲ့သို့ ရိုးရှင်းသောမေးခွန်းများကို မေးနေကြောင်း သူမလည်း နားမလည်နိုင်တော့ပေ။ သူက သူမထက်ပို၍ ထိုကိစ္စကို သိသင့်သည်မဟုတ်ပေလော။
မောက်ရှောင်တုံက နှစ်နှစ်ကာကာ ပြောလိုက်သည်။
"မင်းရဲ့ဆရာက ဒီမှာရှိနေတဲ့ ငါတို့စာသင်သားတွေထက် ပိုပြီးတော့ ထူးချွန်ထက်မြက်တယ် ဆိုတာတော့ အမှန်ပဲ။ ဒါပေမဲ့ အဲဒီအတွက်နဲ့ မင်းက ငါတို့ရဲ့စည်းမျဉ်းတွေအားလုံးကို ချိုးဖောက်တာတော့ မဟုတ်သေးဘူးလေ…”
“ဒီစည်းမျဉ်းတွေက အကြောင်းပြချက်တစ်ခုကြောင့် တည်ရှိနေတာ။ လူတစ်ယောက်က စိတ်ကြိုက်လုပ်လို့ရနိုင်ပေမဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ရဘူးဆိုတဲ့ စကားပုံကို ကြားဖူးတယ် မဟုတ်လား။ အဲဒီမတိုင်ခင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ မင်းသိလား…"
လီပေါင်ဖျင်က ခေါင်းညိတ်ပြလိုက်၏။
"အဲဒါက အသက် ၁၇ အရွယ်မှာပဲ။ အဲဒီမတိုင်ခင်ကတော့ အသက် ၁၆ ပဲ။ လူတစ်ယောက်က သူတို့မကြားချင်တဲ့အရာတွေကိုတောင် သေချာမှန်မှန်ကန်ကန် သင်ယူရမယ်လို့ ပြောချင်တာ…"
မောက်ရှောင်တုံကတော့ ဘာပြောရမှန်း မသိတော့ပေ။ သူက ကိုယ်ပိုင်လမ်းစဉ်နှင့် ထူးချွန်သော စာသင်သားတစ်ယောက်ဖြစ်သည့်အတွက် လီပေါင်ဖျင်က မည်သည့်အရာကို ပြောရန်ကြိုးစားနေကြောင်း သူ သိနေသည်။ သို့သော် သူမ၏ခေါင်းထဲမှ ထိုကဲ့သို့ထူးဆန်းသောအဖြေတစ်ခု မည်သို့ထွက်ပေါ်လာကြောင်း သူလည်း လုံးဝနားမလည်နိုင်ခဲ့ပေ။
လီပေါင်ဖျင်က မောက်ရှောင်တုံကို လက်ပြလိုက်ပြီး ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။
"ကျွန်မရဲ့နာမည်က လီပေါင်ဖျင်။ ကျွန်မက ကျောင်းတော်ထဲကို မကြာသေးခင်ကမှ ရောက်လာတာ။ စိတ်မပူပါနဲ့။ ကျွန်မက အပြစ်ပေးတာကို ရှောင်နေမှာ မဟုတ်ဘူး။ ကျွန်မက စည်းမျဉ်းတွေအားလုံးကို ဖတ်ပြီးသွားပြီ။ ဒီတော့ (၃)ရက်အတွင်း ကျမ်းစာတစ်စောင်ကို ကူးရေးပေးရမယ်ဆိုတာ သိတယ်။ ကျွန်မက ဒီနေ့ညပဲ အပြီးရေးလိုက်မယ်။ ပြီးတော့ ဆရာကြီးဟုန်ကို ပေးလိုက်မယ်။ တကယ်လို့ ကျွန်မကို မယုံဘူးဆိုရင်တော့ ဆရာကြီးဟုန်ဆီမှာ ကိုယ်တိုင်သွားပြီး အတည်ပြုလို့ရတယ်..”
“ကျွန်မက ပြေးတာထက် ပိုပြီးတော့ မြန်မြန်ရေးနိုင်ပါတယ်။ ဒါကြောင့် သေချာပေါက် အချိန်မီပေးပါလိမ့်မယ်…"
မောက်ရှောင်တုံက အတော်လေးကို အံ့ဩသွားခဲ့ပြီး လီပေါင်ဖျင်ကို အလျင်အမြန် တားဆီးလိုက်ရသည်။
"အလျင်မလိုပါနဲ့ဦး။ ငါက မင်းကို သင်ပေးတာ မပြီးသေးဘူး။ မင်းက ငါပြောမဲ့စကားတွေကို ကြားပြီးသွားမှပဲ အဲဒါကို မင်းရဲ့အစားထိုးအပြစ်ပေးမှုအဖြစ် သတ်မှတ်နိုင်တယ်…"
လီပေါင်ဖျင်က အဝေးသို့ ထွက်ပြေးရန် ပြင်ဆင်နေခဲ့သော်လည်း ထိုစကားကို ကြားသည့်အခါ ချက်ချင်း ရပ်လိုက်သည်။ သူမက မောက်ရှောင်တုံဆီကို ပြန်လှည့်လာပြီး မျက်လုံးပြူး၍ ပြောလိုက်သည်။
“အဲဒါဆိုပြောပါ။ ဒါပေမဲ့ ကောင်းတဲ့အရာမပြောရင်တော့ ကျွန်မက ပြန်သွားပြီး ကျမ်းစာရေးတာပဲ ပိုကောင်းတယ်…”
ထိုစကားကို ကြားသည့်အခါ မောက်ရှောင်တုံးက လာပြောရမှန်းမသိခဲ့ချေ။ သိုပသော် သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်လိုက်ပြီး ပြောလိုက်၏။
“ဒီလိုမျိုး စဉ်းစားကြည့်လေ။ ကွန်ဖြူးရှပ်လမ်းစဉ်က အဓိပတိသူတော်စင်ကတောင် အသက်(၇၀) ရောက်မှပဲ သူလုပ်ချင်တာကို လုပ်ခဲ့တယ်။ တကယ်လို့ သာမန်လူတစ်ယောက်ကသာ စည်းမျဉ်းတွေကို မလေးစားဘဲ ၊ အကျိုးဆက်ကို မကြည့်ဘဲ လုပ်ချင်တာလုပ်မယ်ဆိုရင် အဲဒါကတော်တော်ဆိုးတယ်မဟုတ်လား…”
“ဟုတ်တာပေါ့…”
လီပေါင်ဖျင်က ခေါင်းညိတ်ပြီး အပြုံးနှင့် ပြန်ဖြေလိုက်သည်။
မောက်ရှောင်တုံက အပြုံးနှင့် ပြောလိုက်၏။
“ကောင်းပြီ။ ငါပြောချင်တာ အဲဒါပဲ။ မင်းက အပြစ်ပေးမှုအဖြစ် ကျမ်းစာရေးဖို့ မလိုတော့ဘူး…”
ထိုစကားကိုကြားသည့်အခါ လီပေါင်ဖျင်က အံ့ဩသွားရသည့် အလှည့်ဖြစ်သွားခဲ့သည်။ "အဲဒါပဲလား…"
ထို့နောက် သူမက သက်ပြင်းချလိုက်ပြီး မောက်ရှောင်တုံကိုကြည့်၍ တစ်စုံတစ်ခု ပြောချင်နေပုံရသည်။ သို့သော် အဆုံးတွင်တော့ မပြောတော့ဘဲ သူမက လေးလေးစားစား ဦးညွှတ်ပြီး တောင်ကုန်းပေါ်မှ ဆင်းသွားရန် ပြင်လိုက်၏။
ထိုအရာကိုမြင်သည့်အခါ မောက်ရှောင်တုံက ပို၍ပင် စိတ်ဝင်စားသွားခဲ့သည်။
"မင်းက ဘာလို့ငါ့ကို အဲဒီလိုမျိုး ကြည့်နေရတာလဲ။ ငါက ချီကျင့်ချွန်ထက် ပိုပြီးတော့ အသက်ကြီးတယ်လို့ ထင်နေတယ်ဆိုတာ သေချာတယ်။ ဒါပေမဲ့ ငါက သူ့လောက် စာမဖတ်ဘူးလို့ တွေးနေတာ မဟုတ်လား…"
လီပေါင်ဖျင်က ခေါင်းညိတ်ပြလိုက်၏။ သူမက တခြားလူများကို လှည့်စားလိုခြင်း မရှိချေ။ မောက်ရှောင်တုံက သူမ၏အတွေးကို သိနေကြောင်း မြင်သည့်အခါ သူမကလည်း ငြင်းပယ်နေခြင်းမရှိချေ။
မောက်ရှောင်တုံက အပြုံးနှင့် ပြောလိုက်သည်။
“ငါက အသက်ကြီးပုံပေါ်ပြီး ချီကျင့်ချွန်က အသက်ငယ်ပုံ ပော်တယ်ဆိုတာ အမှန်တရားပဲ။ အမှန်အတိုင်း ပြောရရင် သူက ငါ့ထက်ပိုပြီး အသက်ကြီးတယ်။ ဒါကြောင့် ငါ့ထက်ပိုပြီး စာအများကြီးဖတ်တယ်…”
လီပေါင်ဖျင်က ထိုအချက်ကို အလေးမထားခဲ့ချေ။
မောက်ရှောင်တုံကတော့ သူမ၏အမူအရာကြောင့် အနည်းငယ် ဒေါသထွက်သွားပုံရသည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ငါက မင်းလိုကလေးမလေးတစ်ယောက်ကို ဘာလို့လိမ်ရမှာလဲ…"
ရုတ်တရက်ဆိုသလို လီပေါင်ဖျင်က တောင်ကုန်းပေါ်မှ ဆင်းသွားရန် အလျင်မလိုတော့ပေ။ ထိုအစား သူမက လက်ပိုက်လိုက်ပြီး ဘယ်ဘက်သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်၏။ ထို့နောက် ညာဘက်သို့ ခြေလှမ်းအနည်းငယ် လျှောက်လာပြီး မောက်ရှောင်တုံကို မော့ကြည့်လိုက်သည်။
ထို့နောက် ဝေခွဲမရဖြစ်နေသော မေးခွန်းတစ်ခု မေးလိုက်သည်။
"တကယ်လို့ ဆရာကြီးက ဆရာချီထက် ပိုပြီးငယ်တယ်ဆိုတာ မှန်ရင်တောင် ဘာလို့ သူ့လို စာကောင်းကောင်းမဖတ်နိုင်ရတာလဲ။ ဘာလို့ ကျွန်မရဲ့ဦးလေးငယ်ကတော့ ဆရာကြီးထက် ပိုပြီးအသက်ငယ်ပေမဲ့ ဆရာကြီးထက်ပိုပြီးတော့ စာများများဖတ်တယ်လို့ ထင်ရတာလဲ…"
"မင်းရဲ့ဦးလေးငယ်က ငါ့ထက်ပိုပြီး စာများများဖတ်တာလား။ ငါ မယုံဘူး…"
မောက်ရှောင်တုံက ပြုံးလိုက်သည်။
လီပေါင်ဖျင်၏မျက်လုံးထဲတွင် လက်မခံလိုသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူမက ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်လိုက်ပြီး ပါးစပ်နားတွင် လက်တစ်ဖက်ကာပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။ "
ကျွန်မက ဆရာကြီးကို လျှို့ဝှက်ချက်တစ်ခု ပြောပြမယ်။ ဘယ်သူ့ကိုမှ မပြောနဲ့နော်.."
သူမက ခေါင်းပေါ်ကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။
"တကယ်လို့ ဆရာချီဆီမှာ ဒီလောက်ဗဟုသုတရှိတယ်ဆိုရင် ကျွန်မရဲ့ဦးလေးငယ်ဆီမှာ အနည်းဆုံး ဒီလောက်တော့ ဗဟုသုတရှိတယ်…"
သူမက သူမ၏ဦးခေါင်းနှင့် ပုခုံးကို လက်ညှိုးထိုးပြီး နှိုင်းယှဉ်ပြနေခဲ့သည်။
ထို့နောက် သူမက နားရွက်နားကို လက်တစ်ဖက် ညွှန်လိုက်၏။
"သူသာ အိမ်အပြန်လမ်းမှာ ဘယ်လိုစာဖတ်ရမလဲဆိုတာ သင်ယူနိုင်တာနဲ့ ဒီလောက်ဗဟုသုတ ရှိလာနိုင်တယ်…"
ထိုစကားကိုကြားသည့်အခါ မောက်ရှောင်တုံက အလွန်အံ့ဩသွားခဲ့သည်။ အဆုံးတွင်တော့ သူက တိုးတိုးလေး ပြောလိုက်မိ၏။
"ဒီလိုဆိုရင်တော့ မင်းရဲ့ဦးလေးငယ်က တော်တော်လေး အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ဖြစ်ရမယ်…"
လီပေါင်ဖျင်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
"ဆရာကြီးပြောတာမှန်တယ်။ ကျွန်မရဲ့ဦးလေးငယ်က တော်တော်လေး အံ့ဩဖို့ကောင်းတယ်…"
"ဒါဆိုရင်တော့ ကောင်းတာပေါ့…"
မောက်ရှောင်တုံက မျက်နှာပေါ်တွင် ဝမ်းနည်းသွားသလို အမူအရာမျိုးနှင့် သက်ပြင်းချလိုက်မိသည်။
"သူက ပိုပြီးအံ့ဩစရာကောင်းလေလေ၊ သူက နောက်ပိုင်းမှာ ငါတို့ရဲ့ အဖိုးတန်ပေါင်ဖျင်လေးကို ပိုပြီးတော့ ကာကွယ်ပေးနိုင်လေလေ ဖြစ်မှာပဲလေ…"
လီပေါင်ဖျင်၏ မျက်နှာပေါ်တွင် ဆူပုတ်ပုတ် အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက အားတင်း၍ ပြုံးလိုက်ပြီး မောက်ရှောင်တုံကို လက်ပြနှုတ်ဆက်၍ တောင်ကုန်းပေါ်မှ ဆင်းသွားခဲ့၏။
"ဆရာကြီးက တော်တော်လေး စာဖတ်မယ်လို့ ကျွန်မက တကယ်ထင်သွားပြီ။ ဆရာကြီးမှာ ဒီလောက်ဗဟုသုတရှိမယ်လို့ ထင်တယ်…"
သူမက မောက်ရှောင်တုံ၏ ဗဟုသုတအဆင့်ကို သူမ၏လက်နှင့် ညွှန်ပြခဲ့သည်။ ထိုအချိန်တွင် သူမ၏မျက်နှာပေါ်တွင်တော့ ခံစားချက်များ ကင်းမဲ့နေသည်။ ထို့နောက် သူမက အလွန်လျင်မြန်သောအရှိန်နှင့် တောင်ကုန်းပေါ်မှ ပြေးဆင်းသွားခဲ့၏။
မောက်ရှောင်တုံက သူ့ခါးတွင် ချိတ်ထားသော ပေတံလေးကို လက်နှင့်ပုတ်လိုက်ပြီး ထွက်ခွာသွားသော လီပေါင်ဖျင်ကို ကြည့်လိုက်သည်။ သူက တစ်ယောက်တည်း သက်ပြင်းချလိုက်မိ၏။
"မင်းက ငါ့ကို သူနဲ့ပတ်သက်ပြီး ပြောခဲ့သင့်တယ် ကျင့်ချွန်။ တကယ်လို့ သူက အဲဒီလောက် အံ့ဩစရာကောင်းတယ်ဆိုတာကိုသာ ငါသိခဲ့ရင် ငါက သူနဲ့ တွေ့ခဲ့မိမှာပဲ...."
Translated by Hein Htet.