← Chapters

အခန်း (၁၅၁)

Vol. 11 Ch. 151

အခန်း (၁၅၁)

Vol. 11 Ch. 151

စာသင်သားအိုကြီးက ခြေဆောင့်လိုက်ပြီး ဒေါသတကြီး ပြောလိုက်သည်။

“လူဆိုးတွေနဲ့ မိန်းမတွေက ရင်ဆိုင်ဖို့ တော်‌တော်ခက်တာပဲ။ ငါတို့ဘိုးဘေးတွေက ငါတို့ကို မလိမ်ခဲ့ဘူး…”

အဖြူဝတ် အရပ်ရှည်ရှည်မိန်းမပျိုက မည်‌သည့်နေရာမှ ခူးလာမှန်း မသိသော အဖြူရောင်ကြာရွက်ကလေးကို လှည့်ပတ်နေခဲ့သည်။ သူမဆီမှ သတ်ဖြတ်ချင်စိတ်များ ထွက်ပေါ်လာနေခဲ့၏။ သူမ၏မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု‌ ရှိနေသော်လည်း ထိုအပြုံးက မည်မျှကြည့်စေကာမူ အလွန်အေးစက်ပြီး ကြောက်စရာကောင်းသလို ထင်ရသည်။

“ရှင်က ကျွန်မကို တိုက်ပွဲမှာ အနိုင်မရနိုင်ဘူး။ ဒါကြောင့် ကျွန်မကို ကျိန်ဆဲဖို့ပဲ တတ်နိုင်တာလား။ ရှင်က အရိုက်ခံချင်နေတာလား…”

(၅)ကီလိုမီတာခန့် နေရာချထားသော စက်ဝိုင်းပုံဓားဝင်္ကပါက ချက်ချင်း အရွယ်အစား သေးငယ်သွားပြီး မြစ်ဘေးတွင် ရှိနေသော တောင်တန်းမျက်နှာပြင်ကိုသာ လွှမ်းခြုံထားတော့သည်။ တချိန်တည်းတွင် ဓားချီစွမ်းအင် အမျှင်လေးများကလည်း တဖြည်းဖြည်း ပို၍သိပ်သည်းလာပြီး ဓားချီစွမ်းအင်နံရံများက သဏ္ဌာန်မဲ့ မဟာတာအိုများကို လှည့်ပတ်နေသည့်အတွက် ကမ္ဘာမြေကြီးထဲတွင် မြင်မြင်ထင်ထင် ရှိနေခဲ့သည်။ အဖြူရောင်နှင့် အနက်ရောင် အလင်းတန်းများကလည်း ဒေါသတကြီး တိုက်ခိုက်နေကြပြီး လေထဲတွင် မြောက်မြားလွန်းလှသော မီးပွားလေးများ ပျံ့နှံ့လာခဲ့၏။

စာသင်သားအိုကြီးက နောက်ကို အနည်းငယ် ပြန်ဆုတ်သွားမိသည်။ သို့သော် သူ့ခေါင်းထဲတွင် အလွန်တောက်ပသော အတွေးတစ်ခု ပေါ်လာခဲ့၏။ သူက ချက်ချင်းပင် ယုံကြည်ချက် ရှိလာခဲ့သည်။

“ငါက တိုက်ခိုက်ဖို့ သဘောတူနိုင်တယ်။ ဒါပေမဲ့ ငါတို့နည်းနည်းမတူတဲ့ နည်းလမ်းနဲ့ တိုက်ခိုက်ကြမလား…”

သူက ကျယ်လောင်စွာ မေးလိုက်၏။

“စိတ်မပူပါနဲ့။ ငါ့ရဲ့အကြံပေးချက်က ချန်းပင်အန်းကိုလည်း သေချာပေါက် ကူညီပေးနိုင်မှာပါ။ ဒါက မင်းရဲ့ဆန္ဒနဲ့ကိုက်ညီနိုင်တဲ့ တောင်းဆိုမှုတစ်ခုဆိုတာ အာမခံနိုင်တယ်…”

အဖြူဝတ်မိန်းမပျိုက တိတ်‌ဆိတ်နေခဲ့သည်။ သို့သော် စာသင်သားအိုကြီးက မျက်လုံးနှင့် သူမကို အချက်ပြနေကြောင်း ရုတ်တရက် မြင်လိုက်ရ၏။ သူမက ခဏကြာစဉ်းစားပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

“ကောင်းပြီလေ…”

……………..

ဆောင်းဦးကျူပင် တည်းခိုဆောင်ထဲရှိ ရေတွင်း၏ အပေါ်ဘက်တွင် ရပ်နေရင်း ချန်းပင်အန်း၏ လက်ညှိုးနှင့် လက်ခလယ်တို့က ဓားတစ်လက် ပုံစံဖန်တီး၍ ရေတွင်းအောက်ခြေကို တိုက်ရိုက်ချိန်ထားခဲ့သည်။ ပထမဆုံးဓားချီစွမ်းအင် ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော အလင်းတန်းက ‌ရေတွင်းအိုကြီး၏ တစ်ဝက်ခန့်ကို လင်းထိန်တောက်ပနေစေခဲ့၏။ ထိုအရာက မျက်စိကျိန်းမတတ် အလင်းရောင်မျိုးတော့ မဟုတ်တော့ပေ။

ချန်းပင်အန်းက ထိုအလင်းရောင်ကို အားကိုးပြီး အလွန်အမင်းကိုသေးငယ်သော ဓားချီစွမ်းအင်ပေါက်ကွဲမှုကိုလေ့လာနိုင်ခဲ့၏။ သူ၏သွေးကြောမှတ်ထဲမှ ထွက်လာပြီးနောက် ထိုဓားချီစွမ်းအင်အမျှင်လေးက ထိတွေ့၍ ရနိုင်သောအရာတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး ရေတွင်းထဲကို ဒေါသတကြီး ဝင်ရောက်သွားခဲ့ခြင်းဖြစ်သည်။

အမှန်အတိုင်း ပြောရလျှင် ထိုအောက်ခြေတွင်တော့ ဒေါသတကြီး ရောက်လာသော ဓားချီစွမ်းအင် အမျှင်လေးကို မှန်တစ်ချပ်က တားဆီးနေပုံရ၏။ ထိုအရာက မိုးကြိုးနယ်မြေတံဆိပ်မှန်ဟု ခေါ်ကြောင်း ချန်းပင်အန်းက မသိချေ။ ထိုအရာက အလွန်အံ့ဩစရာကောင်းသော နောက်ခံရှိနေသည့် မှန်တစ်ချပ် ဖြစ်သည်။

ရှေးအချိန်တွင် လျှပ်စီးကောင်းကင်သခင် သေဆုံးသွားပြီးနောက် လျှပ်စီးနယ်မြေမှ နတ်ဘုရားများက အခွင့်ကောင်းကို အရယူပြီး လျှပ်စီးစွမ်းအားများကို ပေါင်းစပ်ခဲ့သည်။ ဘိုးဘေး၏ စွမ်းအားများအားလုံးကို တစ်ခါတည်း စုစည်းထားခဲ့ခြင်းဖြစ်၏။ နတ်ဘုရားတစ်ပါးချင်းဆီက ထိုစွမ်းအား၏ တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့ကြသည်။

သို့သော် နွေဦးကိုကြိုဆိုရန် တာဝန်ရှိသော နတ်ဘုရားက ချွင်းချက်ဖြစ်လာပြီး ထိုနတ်ဘုရားများ၏ အခြေအနေက အတော်လေး ဆိုးရွားလာခဲ့သည်။ သူတို့‌အတော်များများက နိမ့်ကျသွားခဲ့ကြပြီး တောင်တန်းနတ်ဘုရားများ ၊ မြစ်နတ်ဘုရားများထက်ပင် ပို၍ဆိုးရွားလာခဲ့ကြ၏။

သူတို့က လမ်းစဉ်(၃)သွယ်မှ သူတော်စင်များ၏ ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး မိုးကြိုးနယ်မြေထဲမှ ထွက်လာရန် တားမြစ်ခံထားရသည်။ သူတို့က လျှပ်စီးစွမ်းအင်အဆောင် သို့မဟုတ် နတ်ဘုရားဆင့်ခေါ်ရေးကျင့်စဉ်များမှ တဆင့်သာ ရောက်လာနိုင်သည်။ ဥပမာအနေနှင့် ပြောရလျှင် ဖုန်းရွှယ်ကျောင်းဆောင်နှင့် စစ်တောင်တန်း သို့မဟုတ် တချို့သော တာအိုဂိုဏ်းများမှ ပညာရှင်များသုံးသည့် အချိန်မျိုးတွင်ဖြစ်သည်။

လျှပ်စီးနယ်မြေတံဆိပ်‌မှန်ကတော့ လျှပ်စီးနယ်မြေမှ နတ်ဘုရားတစ်ပါး ပိုင်ဆိုင်ထားခဲ့ခြင်းဖြစ်သည်။ ထိုမှန်က ဒုက္ခမျိုးစုံကို ကြုံခဲ့ရသည့်အတွက် အတော်လေးကို ထိခိုက်ပျက်စီးပြီး အားနည်းသွားသော်လည်း သူ၏လျှပ်စီးစွမ်းအင်အများစုကို အလယ်ဘုံ(၅)ဆင့်တွင် ရှိနေသော ကျင့်ကြံသူ တစ်ယောက်ကပင် သေချာပေါက် ဖျက်ဆီးနိုင်ခြင်း မရှိသေးပေ။

ရေတွင်းအောက်ခြေတွင် ရပ်နေရင်း ချွေးချန်းက မူလနေရာမှ အောက်ဘက်ကို (၃)မီတာခန့် နိမ့်ကျသွားခဲ့၏။ ထိုသို့ဆိုရာတွင် သူ၏လက်နှင့်ပုခုံးကတော့ မှန်ကို မြဲမြံစွာ ထိန်းသိမ်းထားနိုင်သေးသည်။ ထိုမှန်က ဆက်၍ လှုပ်ရှားလာပြီး ဓားချီစွမ်းအင်များကြောင့် အက်ကွဲကြောင်းများ ပေါ်လာခဲ့၏။

သိပ်မကြာခင် နောက်ဆုံးကျန်နေသော လျှပ်စီးစွမ်းအင်များက အပျက်အစီးကို အလိုလို ပြင်ဆင်ပေးလိုက်သည်။ ဓားချီစွမ်းအင် ပေါက်ကွဲမှုက ရန်သူ၏ဝင်္ကပါကို ဖျက်ဆီးရန် ကြိုးစားနေသော မြင်းတပ်ဖွဲ့တစ်ခုကဲ့သို့ ဖြစ်နေပြီး မှန်၏မျက်နှာပြင်ကတော့ အစွမ်းကုန် ကာကွယ်ရန် ကြိုးစားနေသော ရဲမက်ဝင်္ကပါတစ်ခုကဲ့သို့ဖြစ်နေသည်။

နှစ်ဦးနှစ်ဖက်က အချင်းချင်း တိုက်ခိုက်နေကြပြီး မည်သူက စွမ်းအားအရင်ဆုံးကုန်မလဲ စောင့်ကြည့်နေရသည့် တိုက်ပွဲတစ်ခုလည်း ဖြစ်သည်။

ချွေးချန်းက အံကြိတ်လိုက်ပြီး ချောမောခန့်ညားသော သူ၏မျက်နှာလေးကတော့ သွေးများ ဖုံးလွှမ်းနေသည့်အတွက် ရှင်းရှင်းလင်းလင်း မမြင်ရတော့ပေ။ ယခု သူက ချန်းပင်အန်းကို ကျိန်ဆဲရန် အပိုစွမ်းအားလည်း မရှိတော့ချေ။

ထိုအစား တစ်ယောက်တည်း တွေးနေခဲ့၏။

“ငါက ဒီကြောက်ဖက်ဖွယ်ရာ ဓားချီစွမ်းအားတွေကို ခုခံပြီးသွားရင် သေချာပေါက် အပေါ်ကို ပြန်တက်ပြီး အကြိမ်(၁၀၀)လောက်ပြန်ပြီး ပေးဆပ်ခိုင်းမယ်။ ငါက သေချာပေါက် အောင်မြင်နိုင်တယ်။ ဒီဓားချီစွမ်းအင်တွေက တော်တော်လေးကို အားနည်းနေပြီ။ ဒါကြောင့် ငါက နည်းနည်းလောက် ထိန်းထားဖို့ပဲ လိုတယ်။ မင်း..စောင့်နေလိုက် ချန်းပင်အန်း…”

သူ၏ဆုံးဖြတ်ချက်က လှုပ်ရှားသွားခြင်း မရှိသော်လည်း တကိုယ်လုံးသွေးများ စိုရွှဲနေသည့်ပုံစံက အလွန်ဆိုးရွားကြောင်း ပြသနေသေးသည်။ ချွေးချန်းက ယခင်တုန်းကပင် ထိုကဲ့သို့ ဆိုးရွားသည့် အခြေအနေမျိုးကို လုံးဝမရောက်ဖူးချေ။ သူက သူ့ဆရာကို သစ္စာဖောက်ခဲ့သည့်အချိန်တွင်ပင် ထိုကဲ့သို့ဆိုးဆိုးရွားရွား မကြုံဖူးခဲ့ရပေ။

သူက အလယ်မြေနတ်ဘုရားကုန်းမြေမှ ထွက်လာပြီးနောက် လောကတခွင်လုံးကို သွားလာခဲ့ပြီး တောင်ဘက်တွင် ရှိနေသော ကုန်းမြေကြီးများကိုလည်း သွားလာခဲ့သည်။ တဖြည်းဖြည်းနှင့် အသေးငယ်ဆုံး အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အခြေချရန် ရွေးချယ်ခဲ့၏။

စာသင်သားသူတော်စင်၏ ပထမဆုံး တပည့်တစ်ယောက်ဖြစ်ခဲ့သည့်အတွက် ချွေးချန်းက သူ့ဆရာဆီမှ ထွက်လာပြီးနောက် မိုင်သန်းပေါင်းများစွာ ခရီးသွားလာခဲ့သည်။ သို့သော် သူက စိတ်အေးလက်အေး နေနိုင်ခဲ့သည့်အချိန် မရှိဘဲ နေမည်လော။ မည်သည့်နတ်ဆိုးများ၊ ဝိညာဉ်များက သူ့ကိုစိန်ခေါ်ပြီး ယခုလို ဆိုးဆိုးရွားရွား အခြေအနေမျိုး ကျရောက်ခဲ့ရဖူးသနည်း။

တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာ ချွေးချန်းဟူ၍ ဖြစ်မလာခင် လှည့်ပတ် သွားလာနေခဲ့သော ချွေးချန်းက အပူအပင်‌ကင်းပြီး ချောမောခန့်ညားသည် ဟူသော စကားလုံးနှင့် လိုက်ဖက်ညီခဲ့သည်။

လမ်းတလျှောက်တွင် နတ်ဆိုးများ၊ မကောင်းဆိုးရွားများကို သုတ်သင်လိုက်တိုင်း သူက စကားတစ်ခွန်းပြောဆိုတတ်သည်။

“ငါ့ရဲ့လက်ချောင်းလေးတွေ လှုပ်ရှားလိုက်တာနဲ့ မင်းတို့က ပြာအဖြစ် ပြောင်းသွားနိုင်တယ်။ မင်းတို့ မကောင်းဆိုးရွားတွေက ပုရွက်ဆိတ်တွေထက်တောင် ပိုပြီးတော့ နိမ့်ကျသေးတာပဲ…”

လက်နှင့် ပုခုံးကိုသုံးပြီး မှန်ကို ထိန်းထားနေသည့် လူငယ်လေးချွေးချန်းက တဖြည်းဖြည်း ရေတွင်း၏အောက်ခြေကို ဆက်လက်‌နစ်မြုပ်လာခဲ့သည်။ သို့သော် သူကျဆင်းသည့်အရှိန်က တဖြည်းဖြည်း လျော့ကျလာခဲ့သည်။

ထိုမှန်က ဓားချီစွမ်းအင် အမျှင်လေးကို ဆက် ထိန်းသိမ်းထားနိုင်သေးပြီး ထိုဓားချီစွမ်းအင် အမျှင်လေးကလည်း မှန်ကိုဆက်၍ တိုက်ခိုက်နေသေးသည်။ ထို့ကြောင့် ချွေးချန်းက တဖြည်းဖြည်း ပို၍အားနည်းလာသည်ကို ခံစားမိနေခဲ့၏။

သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာပြီးနောက် သူ၏အင်္ကျီအိတ်ထဲမှနေ၍ အသက်ကယ် အဆောင်တစ်ခု ထွက်လာခဲ့သည်။ ထိုအရာက သူ နှစ်ပေါင်းများစွာ ထိန်းသိမ်းထားခဲ့သော ဝှက်ဖဲတစ်ခုလည်း ဖြစ်၏။ ယခု အသုံးပြုလိုက်ရသည့်အတွက် သူက အတော်လေးကို နာကျင်နေခဲ့ရသည်။

ရွှေရောင်အဆောင်လေးက ချွေးချန်း၏ အဖြူရောင်အင်္ကျီလက်တွင် အလိုလို ကပ်သွားပြီး ချက်ချင်း အရည်ပျော်ကျသွားသည်။ ခဏကြာပြီးနောက် သူ၏အဖြူရောင်ဝတ်စုံပေါ်တွင် များပြား‌လွန်းလှသော အဖြူရောင်သင်္ကေတများ စတင်ထွက်ပေါ်လာခဲ့၏။ အကယ်၍ သေချာဂရုတစိုက် နားထောင်လိုက်မည်ဆိုလျှင် အဖြူရောင်ဝတ်စုံဆီမှ တရားဓမ္မရွတ်ဖတ်သံများကို ကြားနေရပါလိမ့်မည်။

ထို့ကြောင့် လူငယ်လေးချွေးချန်းက အလွန်အစွမ်းထက်ပြီး တည်ငြိမ်နေသယောင် ထင်မှတ်ရသည်။ ထိုအရာက အလွန်ထူးခြားသော အဆောင်တစ်ခု ဖြစ်၏။ အကယ်၍ အဆောင်ရေးဆွဲသည့်အချိန်တွင် ရွှေမှုန်နှင့် ပြဒါးက အကောင်းဆုံးပစ္စည်းဟု သတ်မှတ်နိုင်မည်ဆိုလျှင် ကံကောင်းမှသာ တွေ့နိုင်သော အလွန်ရှားပါးသည့် ပစ္စည်းများလည်း ရှိနေသေးသည်။

ထိုပစ္စည်းများကို အဆောင်တစ်ခု ရေးဆွဲရန် အသုံးချလိုက်မည်ဆိုလျှင် အဆောင်ထဲ၌ ပေါင်းစပ်နိုင်သော စွမ်းအားများက ပြောပြ၍ မရနိုင်အောင် လျှို့ဝှက်ဆန်းကြယ်နေပါလိမ့်မည်။ ချွေးချန်း အသုံးပြုလိုက်သော ရွှေအဆောင်လေးက ထိုကဲ့သို့သော ဥပမာတစ်ခု ဖြစ်သည်။

ထိုအဆောင်ကို ရေးဆွဲရန် အဓိက အသုံးချရသော ပစ္စည်းကတော့ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်မှ ရွှေရသေ့ကြီးတစ်ပါး၏ ရွှေရောင်သွေး ဖြစ်သည်။ ထို့ပြင် ထိုရသေ့ကြီးက ဗောဓိတဗ္ပတစ်ပါး ဖြစ်လုနီးပါး အခြေအနေကို ရောက်ခဲ့၏။ ထို့ကြောင့် သူ၏သွေးက အနီရောင်မှ ရွှေရောင်အဖြစ် ပြောင်းနေခဲ့၏။

ထိုသွေးစက်ကို ရွှေမှုန်များပေါ်သို့ အစက်ချလိုက်ပြီးနောက် ကျမ်းစာကျင့်စဉ်ကို အဆောင်စာရွက်ပေါ်တွင် ကူးရေးလိုက်မည်ဆိုလျှင်တော့ အဆုံးမဲ့ဗုဒ္ဓစွမ်းအားများ ပြည့်နှက်နေသော တံဆိပ်တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် ထိုကဲ့သို့သော ဗုဒ္ဓတံဆိပ်တစ်ခုက မြေပြင်ဓားအင်မော်တယ် တစ်ယောက်၏ အစွမ်းထက်တိုက်ခိုက်မှုကိုပင် တားဆီးပေးနိုင်စွမ်းရှိသည်။

လူငယ်လေးချွေးချန်းက ထိုအရာကို သုံးလိုက်ရသည့်အတွက် မနာကျင်သလို ခံစားရမည်လော။ မြို့တစ်မြို့ နီးပါးခန့် တန်ဖိုးရှိသော အသက်ကယ်အဆောင်ကို အသက်သွင်းလိုက်ပြီးနောက် သူက စိတ်ထဲတွင် တွက်ချက်မှုများစွာ လုပ်ဆောင်နေခဲ့သည်။ ဓားချီစွမ်းအင်ပေါက်ကွဲမှုက အများဆုံး မှန်၏စွမ်းအားကိုသာ ကုန်ဆုံးသွားစေနိုင်သည်ဟုသာ သူက ဆုံးဖြတ်ထားခဲ့သည်။ ထိုအရာက မှန်၏ကိုယ်ထည်ကို ပျက်စီးစေနိုင်လိမ့်မည် မဟုတ်ချေ။

အကယ်၍ သူသာ မိုးကြိုးတိမ်တိုက်များထဲသို့ ပျံသန်းသွားခဲ့ပြီး ထိုမိုးကြိုးများကို မှန်ထဲသို့ ဖိတ်ခေါ်လိုက်မည်ဆိုလျှင် နှစ်အနည်းငယ်အတွင်း လျှပ်စီးနယ်မြေတံဆိပ်မှန်က ပြန်ကောင်းသွားနိုင်သည်။ ထိုအရာကို စိတ်ထဲတွင် တွေးမိသွားသည့်အတွက် ချွေးချန်းက ပို၍စိတ်အေးသွားသလို ခံစားလိုက်ရ၏။

သူက လက်မောင်းကို အနည်းငယ်ကွေးလိုက်ပြီး မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်သည်။

“တကယ့်ကို အရှက်ရစရာပဲ။ ဒါက ဒီခန္ဓာကိုယ်ရဲ့ ရွှေသစ်ကိုင်းနဲ့ ကျောက်စိမ်းသစ်ရွက်အုတ်မြစ်ကို ဖျက်ဆီးလုနီးပါး ဖြစ်သွားပြီ…”

သူက မျက်လုံးမှိတ်လိုက်ပြီး သူ၏စွမ်းအားများကို တိတ်တဆိတ် စတင်စုဆောင်းနေခဲ့သည်။ ဓားချီစွမ်းအင်ပေါက်ကွဲမှု လုံးဝလျော့ကျသွားသည်နှင့် သူက အပေါ်သို့ တက်သွားမည်ဖြစ်၏။ ဓားချီစွမ်းအင်များ လုံးဝပျောက်ကွယ်သွားသည့်အချိန်ထိ သူလည်း စောင့်မနေနိုင်ပေ။ အကယ်၍ သူသာ ထိုအချိန်ထိ စောင့်နေခဲ့ပြီး ချန်းပင်အန်းက သူ မသေသေးကြောင်း သိသွားမည် ဆိုလျှင်တော့ ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်စုတ်လေးက သူ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ရန် ကြိုးစားခြင်းရှိမရှိ မည်သူက သိနိုင်မည်နည်း။

မည်သို့ဖြစ်စေကာမူ သူ၏လက်ရှိကျင့်စဉ်အဆင့်နှင့် ခန္ဓာကိုယ်က မထင်မှတ်ထားသော နောက်ထပ် တိုက်ခိုက်မှုတစ်ကြိမ်ကို ခုခံရန် အလွန်အားနည်းနေသည်။ မဟာတာအိုလမ်းစဉ်က အတော်လေးကို ခက်ခဲကြမ်းတမ်းပြီး လျှောက်လှမ်းရန် ခက်ခဲ၏။ ချွေးချန်း၏ စိတ်ထဲတွင်တော့ အလွန်ပြင်းထန်သော မကျေနပ်မှုတစ်ခု ရှိနေသည်။

တော်ဝင်နန်းဆရာချွေးချန်းက မြို့ငယ်လေးသို့ လာခဲ့သော ခရီးလမ်းတွင် ကစားပွဲ၏အဆုံးသတ်ကို ရောက်သွားပြီဟု တွေးမိခဲ့သည်။ သူ၏တာအိုအကူကို ရရှိသွားမည်‌ဆိုလျှင် သူက စိတ်ဝိညာဉ်ကို(၂)ပိုင်းခွဲပြီး (၁)ပိုင်းကို တခြားခန္ဓာကိုယ်တစ်ခုထဲတွင် ထည့်ထားနိုင်သည်။ ထို့နောက် သူက ဤကောင်လေး၏ ခန္ဓာကိုယ်နှင့် တာ့လီအင်ပါယာ၏မြို့တော်မှနေ၍ ပွင့်ပွင့်လင်းလင်း ထွက်လာ၍ရသည်။

အကယ်၍ သူက စာသင်သားသူတော်စင်နှင့် သူ၏ဆရာတူညီလေး ချီကျင့်ချွန်၏ ကွန်ဖြူးရှပ်လမ်းစဉ်ကံကြမ္မာကို ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိလျှင်ပင် ရွှံ့ပုလင်းလမ်းကြားထဲမှ ချန်းပင်အန်းကို သူ၏ပစ်မှတ်အဖြစ် အသုံးချ၍ ရနိုင်သေးသည်။ ထိုသို့ဆိုလျှင် သူက သူ၏အားနည်းချက်များကို ဖြည့်ဆည်းနိုင်ပြီး သူ့ဆီတွင် အားအနည်းဆုံးဖြစ်သော စိတ်ပိုင်းဆိုင်ရာကို အားဖြည့်နိုင်၏။

သူသာ အောင်မြင်သွားမည်ဆိုလျှင် အဆင့်(၁၀)ကို တက်လှမ်းနိုင်ပြီး အဆင့်(၁၂) အထွဋ်အထိပ်ကို ပြန်ရောက်ရန် မျှော်လင့်ချက်တစ်ခု ရှိ‌နေသေးသည်။ အမှန်အတိုင်း ပြောရလျှင် သူက ထိုအခွင့်အရေးကို အရယူပြီး တာ့လီအင်ပါယာထဲတွင် သူ၏သင်ကြားမှုများကို မြှင့်တင်၍ ရနိုင်သည်။

အကယ်၍ သူ၏ဗဟုသုတနှင့် သင်ကြားမှုများကသာ ကုန်းမြေကြီး၏ တစ်ဝက်ခန့်ကို ပျံ့နှံ့သွားမည်ဆိုလျှင် သူက အလွန်မြင့်မားသောကျင့်စဉ်အဆင့်ကိုပင် တိုးတက်သွားနိုင်သေး၏။ အကယ်၍ ကုန်းမြေကြီးထဲတွင် ရှိနေသော ကွန်ဖြူးရှပ် တပည့်များအားလုံးကသာ သူ့တပည့်များ ဖြစ်လာလျှင် သူ ရနိုင်သော အကျိုးအမြတ်များက မျှော်မှန်းကြည့်၍ပင် မရနိုင်ပေ။

ထိုအချိန်တွင် အခြေအနေကို မည်မျှသုံးသပ်စေကာမူ ချွေးချန်းက မရှုံးနိုင်သော အခြေအနေကို ပြောပြနေခဲ့သည်။ တစ်ခုတည်းသော ပြောင်းလဲမှုကတော့ သူက အကျိုးအမြတ် မည်မျှရမလဲ ဟူသည့်အရာတစ်ခုသာ ဖြစ်သည်။

သို့သော် ချီကျင့်ချွန်၏ အစစ်အမှန် လက်ရင်းတပည့်က နွေဦးတံဆိပ်ကို လက်ဆောင်ပေးခဲ့သော ကျိုးယောင်မဟုတ်သလို သူ၏လက်ကျန်စာအုပ်များ ပေးခဲ့သော စုန့်ကျိရှင်းလည်း မဟုတ်ပေ။ အမှန်အတိုင်း ပြောရလျှင် လင်းရှို့ယီကဲ့သို့ စာသင်သားတစ်ယောက်ပင် မဟုတ်ခဲ့ချေ။

ထိုအစား လီပေါင်ဖျင်ဟုခေါ်သော ကလေးမလေးတစ်ယောက်ဖြစ်နေသည်။ ထိုအရာက မိန်းကလေးတစ်ယောက်လည်း ဖြစ်၏။ မိန်းကလေးတစ်ယောက်က စာသင်သားမျိုးဆက်ကို မည်ကဲ့သို့ ဆက်ခံနိုင်မည်နည်း။ မိန်းကလေး စာသင်သားတစ်ယောက်ပေလော။ မိန်းကလေး ကွန်ဖြူးရှပ်ပညာရှင် တစ်ယောက်ပေလော။

ချီကျင့်ချွန်က ဤကမ္ဘာကြီးထဲတွင် ရှိနေသော လူတိုင်းရယ်မှာကို မကြောက်ခြင်းပေလော။ ‌ကွန်ဖြူးရှပ်ကျောင်းတော်ထဲတွင် ရှိနေသော အဘိုးကြီးများက သူ့ကို နံပါတ်(၁) အပြစ်ရှိသူအဖြစ် သတ်မှတ်မှာကို မကြောက်ခြင်းပေလော။

ထို့ပြင် ချီကျင့်ချွန်က သူတို့၏ဆရာအတွက် တပည့်တစ်ယောက် လက်ခံပေးထားသည်ကိုပင် သူက မခန့်မှန်းနိုင်ခဲ့ပေ။ သူတို့ဆရာ စာသင်သားသူတော်စင်၏ နောက်ဆုံးအမွေအနှစ်ကိုပင် ထိုလူငယ်လေး ချန်းပင်အန်းဆီသို့ လက်ဆောင်ပေးခဲ့သေး၏။

ထို့ကြောင့် စာသင်သားမျိုးဆက်က ပြတ်တောက်မသွားသည့်အပြင် လီပေါင်ဖျင်၏ မျိုးဆက်ဆီသို့ လက်ဆင့်ကမ်းပေးခဲ့သည်။ ထိုအရာသာမက မူလတုန်းက သူ့ဆရာကို သစ္စာဖောက်ခဲ့သော ချွေးချန်းက ချန်းပင်အန်းကြောင့် စာသင်သားသူတော်စင်နှင့် နောက်တစ်ကြိမ် ချည်နှောင်ခံလိုက်ရပြန်သည်။

သူ အောင်မြင်မည်ဟု ယုံကြည်ချက်ရှိနေခဲ့သော ချွေးချန်းက ထိုအဖြစ်အပျက်ကြောင့် စိတ်ပိုင်းဆိုင်ရာ ပျက်စီးသွားခဲ့ရသည်။ စာသင်သားကံကြမ္မာ၏ ပုံသဏ္ဌာန်ကင်းမဲ့သော လွှမ်းမိုးမှုကို ထပ်ပေါင်းလိုက်သည့်အချိန်တွင် သူ၏ကျင့်ကြံမှုက အဆင့်(၅)သို့ လျော့ကျသွားခဲ့ရ၏။

အဘိုးကြီးယန်နှင့် မဟာမိတ်ဖွဲ့ပြီး ပျောက်ဆုံးနေခဲ့သော တာအိုလျှို့ဝှကိကျင့်စဉ်တစ်ခုကို သင်ယူပြီးမှ ချွေးချန်းက အားနည်းချက်များကို ဖြည့်ဆည်း‌နိုင်ခဲ့ပြီး ဆက်လက်လေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူက သူ၏စိတ်ဝိညာဉ်ကို လျင်မြန်စွာ အားဖြည့်နိုင်ပြီး သူ၏ကျင့်ကြံမှုက နောက်တစ်ကြိမ် လျင်မြန်စွာ တိုးတက်လာခဲ့ရသည်။

သို့သော် ထိုကဲ့သို့ လျှို့ဝှက်ကျင့်စဉ်တစ်ခုတွင် အားနည်းချက်တစ်ခုရှိသည်။ ထိုအရာကတော့ သူရရှိထားသော ကျင့်ကြံမှုက ပုံရိပ်ယောင်တစ်ခုထက် မပိုခဲ့‌ချေ။ သူ၏စွမ်းအားများ ကုန်ဆုံးသွားလျှင် ပျက်စီးသွားနိုင်၏။ သူက တစ်ကြိမ်တည်းနှင့် အဆင့်(၁၀)ကိုရောက်ပြီး အထက်ဘုံ(၅)ဆင့် ကျင့်ကြံသူတစ်ယောက်မဟုတ်သရွေ့ ထိုအရာက ခိုင်မြဲမှုမရှိနိုင်ပေ။

အကယ်၍ သူက ထိုသို့လုပ်ဆောင်နိုင်မည်ဆိုလျှင်တော့ ပုံရိပ်ယောင်များက အစစ်အမှန် ဖြစ်လာနိုင်သည်။ အစစ်အမှန်နှင့် ပုံရိပ်ယောင်များက ပေါင်းစပ်သွားနိုင်ပြီး အခြေအနေက လုံးဝကိုကွဲပြားသွားနိုင်၏။ ဤစီရင်စုမြို့လေးထဲတွင် ရှိနေသော ဆောင်းဦးကျူပင် တည်းခိုဆောင်သို့ ရောက်လာသည့်အချိန်တွင် လူငယ်လေးချွေးချန်း၏ ပုံရိပ်ယောင်ကျင့်စဉ်အဆင့်က အဆင့်(၉)ကို ရောက်ခါနီးနေပြီဖြစ်သည်။

ထို့ကြောင့်လည်း သူက စစ်ကျောင်းကျင့်စဉ်တစ်ခုကို သုံးပြီး နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်နိုင်သလို ကွန်ဖြူးရှပ်သူတော်စင် တစ်ယောက်၏ ရွှေတာအိုကိုယ်ပွားကိုလည်း ဆင့်ခေါ်နိုင်ခဲ့သည်။

သူ၏ကျင့်စဉ်အဆင့်က အတုအယောင်ဖြစ်သော်လည်း သူ၏စွမ်းရည်များက အစစ်ဖြစ်သည်။ ထို့ကြောင့်လည်း ရေခဲစားစရာမြစ်၏ မဟာမြစ်နတ်ဘုရားက အလွန်ကြောက်လန့်သွားခဲ့ခြင်းဖြစ်၏။ မဟုတ်လျှင် မြောက်ပိုင်းမြစ်များကို နှစ်ရာပေါင်းများစွာ အုပ်စိုးနေခဲ့သော သူ၏အတွေ့အကြုံများအရ ချွေးချန်းက အလွယ်တကူ သိမ်းသွင်းနိုင်မည်လော။ သူက တလေးတစား ဆက်ဆံခံရမှာလည်း မဟုတ်ချေ။

ရေတွင်း၏ အောက်ခြေတွင် …

ရေတွင်းအ‌ပေါ်မှ ကျဆင်းလာသော ဓားချီစွမ်းအင်များက အလွန်ပြင်းထန်ပြီး ကြောက်စရာကောင်းနေသေးသည်။ ဓားချီစွမ်းအင် အမျှင်လေးများကလည်း မှန်၏မျက်နှာပြင်ကို တိုက်ခတ်ပြီး ပတ်ပတ်လည်သို့ ရောက်သွားခဲ့၏။

ချွေးချန်း၏ခြေ‌ထောက်ကတော့ ရေတွင်းအောက်ခြေနှင့် ထိလုနီးပါးဖြစ်နေသည်။ ရေတွင်းနှင့် ဆက်သွယ်ထားသော မြေအောက်ရေများကလည်း ‌အငွေ့ပျံသွားခဲ့သည်မှာ အတော်လေးကို ကြာခဲ့ပါပြီ။

လူငယ်လေးချွေးချန်းက စိတ်ထဲတွင် စတင်ရေတွက်နေခဲ့၏။ သူက ချန်းပင်အန်းကို မသတ်ချင်ခဲ့ပေ။ ထိုအရာက အမှန်တရားဖြစ်၏။ အနည်းဆုံးတော့ လက်ရှိအချိန်တွင် အမှန်တရားဖြစ်သည်။

အဘယ်ကြောင့်ဆိုသော်‌‌ ချွေးချန်းက ချန်းပင်အန်းနှင့် အခြေအနေတိုက်ပွဲတစ်ခု တိုက်ခိုက်နေရခြင်းကြောင့်ဖြစ်သည်။ သူက ထိုလူငယ်လေးကို သူ၏မဟာတာအိုလမ်းကြောင်းပေါ်သို့ ဆွဲခေါ်ချင်ခဲ့၏။ ထို့ကြောင့် ချွေးချန်းက ချန်းပင်အန်းကို အချိန်တိုလေးအတွင်း ထိခိုက်စေလိုခြင်း မရှိသည့်အပြင် ချန်းပင်အန်း အဆင့်တက်ရန် အကောင်းဆုံး ကူညီပေးချင်ခဲ့သည်။

အများဆုံးသူက ချန်းပင်အန်း စဉ်းစားသည့်ပုံစံကို ပြောင်းလဲပေးချင်ခဲ့၏။ သူက ဆက်တိုက်အကြံပေးပြီး လွှမ်းမိုးလာမည်ဆိုလျှင် ချွေးချန်းက ချန်းပင်အန်းကို သူနှင့်လမ်းတူ လျှောက်လှမ်း‌သော လူတစ်ယာက်အဖြစ် တဖြည်းဖြည်း ပြောင်းလဲနိုင်ပါလိမ့်မည်။ အကယ်၍ ချန်းပင်အန်းက ကံကောင်းပြီး ချွေးချန်း၏မျိုးဆက်ကို လက်ခံနိုင်မည်ဆိုလျှင်တော့ ချွေချန်းကလည်း ငြင်းဆန်လိမ့်မည် မဟုတ်ချေ။

သို့သော် ချွေးချန်းက လီပေါင်ဖျင်ကိုတော့ သတ်ပစ်ချင်နေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုကလေးမလေး အရွယ်ရောက်လာသည်နှင့် သူမက ကြိမ်းမောင်းခံရလေလေ ပို၍အဝေးကို တွန်းပို့လေလေ‌ဖြစ်ပြီး ချွေးချန်း၏ ကျင့်ကြံမှုနှင့်မဟာတာအိုက သက်ရောက်ခံရလေလေ ဖြစ်သည်။

ထိုအရာကလည်း သူမနှင့်ချန်းပင်အန်းတို့၏ ပတ်သက်‌မှုကြောင့် အဓိကဖြစ်သည်။ ကျင့်ကြံမှုတွင် ပြည့်စုံခြင်းကို ရှာဖွေနေသော လူတစ်ယောက်ဖြစ်သည့်အတွက် ချွေးချန်းက ထိုအရာကို လက်မခံနိုင်ခဲ့ပေ။ လူငယ်လေးချွေးချန်းကတော့ အလွန်ကံဆိုးသည်ဟုသာ ခံစားမိခဲ့သည်။

“ငါက သတ်ချင်နေတယ်ဆိုရင်တောင် စိတ်ထိန်းထားတာပဲ မဟုတ်လား။ ငါက မင်းအပေါ် ထိခိုက်လိုစိတ် လုံးဝမရှိဘူး။ ဒါဆိုရင် ဘာလို့ မင်း ချန်းပင်အန်းက ထင်မြင်ချက်လေး နည်းနည်းအတွက်နဲ့ ငါ့ကိုသတ်ချင်နေရတာလဲ။ ငါက ကလေးတစ်ယောက်ကို ထိခိုက်အောင်လုပ်မယ်လို့ စဉ်းစားမိတာနဲ့ ဘာလို့ ငါ့ကိုသတ်ဖို့ ရွေးချယ်လိုက်ရတာလဲ။ မင်းက နည်းနည်းလေးတောင် တွေဝေမနေဘူးလား…”

“မင်းက ဘယ်လိုလူမျိုးလဲ။ မင်းက အမှန်တရားကို လေးစားတဲ့ လူတစ်ယောက်လား။ ဒါမှမဟုတ် လူကြီးလူကောင်းတစ်ယောက်လို့ စဉ်းစားနိုင်သေးတာလား။ ချီကျင့်ချွန်က လူကြီးလူကောင်းတွေကို အရမ်းချီးကျူးတယ်။ မင်းကရော…၊ သူ အရမ်းတန်ဖိုးထားတဲ့ မင်းက ဘာလို့ မဆင်မခြင်လုပ်ရတာလဲ။ အဲဒီအဘိုးကြီးက မင်းဆီကနေ လူကောင်းတစ်ယောက် ဖြစ်လာအောင် သင်ယူဖို့ ဘာလို့ငါ့ကို ပြောခဲ့ရတာလဲ…”

“ငါ ချွေးချန်းက စာသင်သားသူတော်စင်ရဲ့ ပထမဆုံးတပည့်တစ်ယောက်ဖြစ်ခဲ့တယ်။ ငါ ကိုယ်တိုင် ချီကျင့်ချွန်ကို ဗဟုသုတတွေ သင်ပေးခဲ့ရတာ။ ကွန်ဖြူးရှပ်ကျောင်းတော်ထဲမှာ ငါ့ရဲ့ရပ်တည်မှုအရ ငါက သာမန်လူကောင်းတွေ၊ အဆင့်မြင့်တဲ့သူတွေထက် အဆပေါင်းများစွာ ပိုပြီးမြင့်တယ်။ ဒါပေမဲ့ ချန်းပင်အန်းဆိုတဲ့ မင်းကတော့ စိတ်ထဲကအတိုင်း လုပ်နေတာ။ ဒီအဘိုးကြီးတွေရဲ့မျက်လုံး‌က သာမန်လူတွေထက်တောင် တော်တော်လေး ဆိုးရွားတယ်။ အချိန်အကြာကြီး ရွေးချယ်ပြီးသွားတဲ့အချိန်မှာ ချီကျင့်ချွန်က မင်းအတွက် ဒုတိယချွေးချန်း တစ်ယောက်ကို ရွေးချယ်မပေးခဲ့ဘူးလား…”

ချွေးချန်း၏ ခြေထောက်က ရေတွင်းအောက်ခြေတွင် ရှိနေသော ကျောက်ပြားနှင့် ထိသွားခဲ့သည်။ သူ့စိတ်ထဲတွင်တော့ ဆက်၍ ရေရွတ်နေပြီး တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်ဆိုင်းနေခဲ့၏။ ထိုအချိန်တွင် သူ၏ရင်ဘတ်ထဲ၌ ကျေနပ်နေသည့် ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။

“ဟားဟားဟားဟား... ဒါက ပိုကောင်းတာပေါ့။ တကယ်လို့ ငါသာ ဒီလိုအန္တရာယ်များတဲ့ အခြေအနေကနေ လွတ်မြောက်သွားမယ်‌ဆိုရင် မင်းကို အသက်ရှင်ခွင့်ပေးပြီး ဆိုးဆိုးရွားရွား ဖြစ်သွားအောင် အပြစ်ပေးရမယ်။ အဲဒီလို လုပ်လိုက်မယ်ဆိုရင် မင်းက နောက်ပိုင်း မဟာတာအိုလမ်းစဉ်မှာ ငါ့ရဲ့လမ်းစဉ်ကို လိုက်နာရလိမ့်မယ်။ ကြည့်ရတာတော့ မင်းရဲ့ကံတရားက အရမ်းမဆိုးသေးဘူး…”

စာသင်သားအဘိုးအိုကြီးက ချွေးချန်းဆီတွင် ကန့်သတ်ချက်တစ်ခု ချမှတ်ထားခဲ့သည်။ ထိုအရာက ချွေးချန်း တစ်ယောက်တည်းသာ လိုက်နာရမည့် ကန့်သတ်ချက်တစ်ခုလည်း ဖြစ်၏။‌ ချွေးချန်းက ချန်းပင်အန်းအပေါ် မကောင်းသော အတွေးများမရှိစေရန် တားမြစ်ထားခြင်းဖြစ်သည်။ မဟုတ်လျှင် သူ၏စိတ်နှင့် နှလုံးသားက ဆိုးကျိုးများကို ခံစားရမည်ဖြစ်သည်။

ထိုအရာကလွဲလျှင် သူ့ကို တခြားကန့်သတ်ချက်များ မပေးခဲ့ပေ။ ထိုအရာကလည်း စာသင်သားအိုကြီး၏ ဗဟုသုတနှင့် ကိစ္စရပ်များအပေါ် သူ ရှာဖွေထားခဲ့သော သင်ကြားမှုများအရသာ ဖြစ်သည်။ လူတစ်ယောက်၏ အုတ်မြစ်က ခိုင်မာသွားပြီးလျှင် တခြားသူများ၏ ကိုယ်ကျင့်တရားနှင့် အပြုအမူများကို တိုးတက်လာအောင် လုပ်ဆောင်နိုင်ပါလိမ့်မည်။

“နောက်ပိုင်းကျရင် ငါက မင်းကိုစောင့်ကြည့်ခိုင်းမယ်။ ချီကျင့်ချွန်ရဲ့လက်ရင်းတပည့် လီပေါင်ဖျင်ဆိုတဲ့ကောင်မလေးက မင်းရှေ့မှာ သေသွားတာကို ကြည့်နေခိုင်းမယ်။ ပြီးရင် မဟာတာအိုကြားထဲက တိုက်ပွဲတွေရဲ့ အဓိပ္ပာယ်နဲ့ သူသေသွားရတဲ့ အကြောင်းပြချက်ကို နားလည်သွားအောင် လုပ်ပေးမယ်။ အဲဒီအချိန်က ရောက်လာမှာပါ…”

ချွေးချန်း၏လက်နှစ်ဖက်က သွေးများ စိုရွှဲလာပြီး မှန်ကို ထိန်းသိမ်းထားရသည့်အတွက် ဒဏ်ရာက အလွန်ပြင်းထန်လာသည်။ အမှန်အတိုင်းပြောရလျှင် သူ့ဒဏ်ရာက အလွန်နက်ရှိုင်းလွန်းလှသည့်အတွက် အရိုးများကိုပင် တွေ့နေရ၏။ သို့သော် သူကတော့ ထိုအရာကို အလေးမထားဘဲ ပြောလိုက်သည်။

“ဓားချီစွမ်းအင် အမျှင်တစ်ခုက ရေတံခွန်တစ်ခုလို ရောက်လာတာလား။ မင်းဆီကို ပျံသွားလိုက်တော့…”

သို့သော် တခဏအတွင်း ချွေးချန်းက အောင်မြင်တော့မည်ဟု တွေးလိုက်မိသည့် အချိန်တွင် မြက်ဖိနပ်နှင့်ကောင်လေးက ရေတွင်းပေါ်တွင် တည်ငြိမ်သွားခဲ့သည်။ သူက စွမ်းအားများကို စုစည်းနိုင်ခဲ့၏။ ထိုအရာက စက္ကန့်ပိုင်းလေးပင် အလွန်အရေးပါသော ကစားပွဲတစ်ခု ဖြစ်သည်။

ချန်းပင်အန်းက စိတ်ထဲတွင် လှုပ်ရှားပြီး ခန္ဓာကိုယ်က နာကျင်နေသော်လည်း တုန်ယင်နေသောအသံနှင့် ပြောလိုက်၏။

“သွားတော့…”

ဒုတိယမြောက် ဓားချီစွမ်းအင်အမျှင်လေးက ရေတွင်းထဲသို့ ကျလာခဲ့သည်။

“သေစမ်း... ချန်းပင်အန်း။ ငါ မင်းကို ဒီရေတွင်းထဲမှာ သတ်ပစ်မယ်…”

ထိုအရာက လက်ရှိချွေးချန်း၏ စိတ်ထဲတွင် ပါလာသောအတွေး ဖြစ်သည်။

ချန်းပင်အန်းကတော့ ရေတွင်းပေါ်တွင် ဒယိမ်းဒယိုင်ဖြစ်နေပြီး သူ့ပုံစံက အချိန်မရွေး ပြုတ်ကျသွားတော့မလို ထင်မှတ်ရသည်။

…………….

ထိုအခြေအနေများ မတိုင်ခင် …

ချန်းပင်အန်းက စံအိမ်ထဲသို့ ဒုတိယတစ်ကြိမ် ရောက်လာပြီး ထိုင်နေခဲ့သည့်အချိန်တွင် အိပ်မက်ဆိုးကြောင့် နိုးလာပုံရသော လီပေါင်ဖျင်က သူ့ဆီကို ပြေးလာပြီး သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေခဲ့သည်။ ထိုအချိန်တွင် အကြောင်းပြချက်မရှိဘဲ စံအိမ်ငယ်လေးဆီသို့ လေလှိုင်းလေးများ တိုက်ခတ်လာခဲ့သည်။

ချန်းပင်အန်းက တစ်စုံတစ်ခုကိုအ မှတ်ရသွားခဲ့ပြီး ထိုအရာက သူ့ကို အနည်းငယ် ဝမ်းနည်းသွားစေနိုင်သော မှတ်ဉာဏ်တစ်ခုလည်းဖြစ်သည်။ တချိန်တည်း သူက လီပေါင်ဖျင်နှင့်အတူ မျက်လုံးမှိတ်လိုက်ပြီး တံစက်မြိတ်မှ ခေါင်းလောင်းသံများကို သေချာ‌နားထောင်နေခဲ့၏။

ထိုအရာကို နားထောင်နေရင်း လူငယ်လေးက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ဆရာချီ …

တကယ်လို့ ဒီခေါင်းလောင်းသံတွေက ပုံမှန်အတိုင်းပဲ ဆက်မည်နေမယ်ဆိုရင် ကျွန်တော်က ဒီကိစ္စကို အရင်ဆုံး အလွတ်ပေးလိုက်ပြီး အဲဒီချွေးမျိုးရိုးကို ဆက်ပြီး သည်းခံနေမယ်။ တကယ်လို့ ဒီခေါင်းလောင်းသံတွေက ရပ်သွားမယ်ဆိုရင်တော့ ကျွန်တော်က အခုပဲ တိုက်ခိုက်တော့မယ်…”

“တင်း‌တောင် .. ‌တင်းတောင်... တင်း‌တောင် .. တောင်…”

(၇)ကြိမ်တိတိ အသံမည်သွားပြီးနောက် ခေါင်းလောင်းသံက ရုတ်တရက် ရပ်တန့်သွားခဲ့ပြီး နောက်ထပ်အသံများ မထွက်တော့ပေ။ ခဏစောင့်ဆိုင်းနေပြီးနောက် အနီဝတ်ကလေးမလေး‌က စံအိမ်ထဲမှ ထွက်သွားခဲ့၏။

ထို့နောက် ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး ရေတွင်းနံရံပေါ်သို့ တက်သွားခဲ့သည်။ ချန်းပင်အန်း မြို့ငယ်လေးထဲမှ ထွက်မသွားခင်အချိန်တွင် အဘိုးကြီးယန်၏ သတိပေးချက်ကို ရခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက ထီး‌တစ်ချောင်းကိုယူပြီး ယန်မိသားစုဆေးဆိုင်ထဲမှ ထွက်သွားခဲ့၏။ သူက ဆရာချီ၏နောက်ကို ပြေးလိုက်သွားခဲ့ခြင်း ဖြစ်သည်။

စာသင်သားနှင့် လူငယ်လေးတို့က လမ်းမပေါ်တွင် နှစ်‌ယောက်အတူတူ လမ်းလျှောက်နေခဲ့ကြ၏။

“လူကြီး‌လူကောင်းတွေက အကြောင်းပြချက်တွေ လှည့်စားတာကို ခံရနိုင်တယ်။ မင်းက ဒီစကားကို ဆရာကြီးယန်နဲ့ တခြားသူတွေဆီ ပြောပြနိုင်တယ်။ တကယ်လို့ မင်းက နောက်ပိုင်းပြဿနာတစ်ခုခုကြုံရမယ်ဆိုရင် လေလှိုင်းတွေကို မင်းရဲ့မေးခွန်းတွေ မေးလိုက်လို့ ရတယ်။ မင်းက ဒါကိုခေါင်းထဲမှာပဲ မှတ်ထားလိုက်။ မင်းက နောက်ပိုင်း လိုအပ်လာနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းက အဲဒါကို အမြဲတမ်းသုံးဖို့ မလိုလာပါစေနဲ့လို့ ငါမျှော်လင့်ပါတယ်…”

ထိုစကားကို ပြောလိုက်ပြီးနောက် အမြဲလိုလို တည်ငြိမ်နေခဲ့သော စာသင်သားက လူငယ်လေးကို နွေးထွေးစွာ ပြုံးပြလိုက်သည်။

ချန်းပင်အန်းက လီပေါင်ဖျင်နှင့်အတူ မြို့ငယ်လေးထဲမှ ထွက်လာသည့်အချိန်တွင် အစိမ်းဝတ်စာသင်သား၏ လက်ကျန်စိတ်ဝိညာဉ်က တခြားကမ္ဘာကြီးများကို သွားရောက်လည်ပတ်ပြီး လူသားကမ္ဘာကြီးကို ပြန်လာခဲ့သည်။ သူက ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့၏နောက်မှ ခဏကြာလိုက်လာပြီးနောက် နေရာတွင် ရပ်လိုက်ပြီး ပျောက်ကွယ်သွားသော သူ၏ဆရာတူညီလေးနှင့် တပည့်တို့ကို ကြည့်နေခဲ့သည်။ သူက သူတို့(၂)ယောက်ကို နောက်ထပ်လိုက်ပို့ခဲ့ခြင်း မရှိချေ။

အဆုံးတွင်တော့ စာသင်သားက တိတ်တဆိတ် နှုတ်ဆက်လိုက်ပြီး သူ၏အင်္ကျီလက်ကို ညှင်သာစွာ ဝှေ့ယမ်းလိုက်ရာ လူငယ်လေး၏အနားကို နွေဦးလေလှိုင်း အမျှင်လေးတစ်ခု ပို့လွှတ်ပေးလိုက်သည်။ ထိုအရာက အချိန်တော်တော်ကြာ ရှိနေသော လေလှိုင်းတစ်ခုလည်း ဖြစ်၏။

…………..

ရေတွင်းထဲတွင်...

လူငယ်လေးချွေးချန်းက သူ၏လျှပ်စီးနယ်မြေတံဆိပ်မှန်နှင့်အတူ ရေတွင်းအောက်ခြေတွင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံနေရသည်။ သူက ရေတွင်းအောက်ခြေတွင် အလွန်အမင်းကို ခြောက်ကပ်နေသော အပြာရောင်ကျောက်ပြားပေါ်၌ ခွေနေခဲ့ရ၏။ ထိုသို့နေမှသာ သူက မှန်အောက်တွင် အကောင်းဆုံး ပုန်းအောင်းနေနိုင်မည်ဖြစ်သည်။

သူ့ဆီတွင် စွမ်းအားများ ရှိနေသေးသော်လည်း နောက်ဆုံးအကြိမ် ခက်ခက်ခဲခဲ ရုန်းကန်နေရသည့်အတွက် ချွေးချန်းက စိတ်ဓာတ်တက်ကြွမှုများ ပျောက်ကွယ်သွားပြီး သေခြင်းတရားကို စောင့်နေခဲ့သည်။ မှန်က ပြင်းပြင်းထန်ထန် လှုပ်ရှားလာပြီး အောက်တွင် ရှိနေသော လူငယ်လေးချွေးချန်းကို ဖိအားများ ပေးနေခဲ့သည်။

တချိန်တည်းတွင် ဓားချီစွမ်းအင်များက ရေလှိုင်းများကဲ့သို့ မှန်ကိုဖြတ်လာပြီး ချွေးချန်း၏ခန္ဓာကိုယ်ကို ဖြတ်တောက်နေကြသည်။ ချွေးချန်း၏သိစိတ်ကလည်း စတင်လျော့ကျလာခဲ့၏။

သူက မျက်လုံးမှိတ်လိုက်သည့်အချိန်တွင် လူငယ်လေးချွေးချန်းဆီ၌ စာသင်သားအိုကြီး ကန့်သတ်ထားသောအရာများက အံ့ဩစရာကောင်းလောက်အောင် ပျောက်ကွယ်သွားခဲ့၏။ ချက်ချင်းပင် ချွေးချန်းက မျှော်လင့်ချက် တစွန်းတစကို ခံစားမိလိုက်သည်။ သူက အချိန်တော်တော်ကြာ နာကျင်နေခဲ့ရပြီးနောက် ဒုက္ခရေကန်ကြီးကို ဖြတ်ကျော်နိုင်ခဲ့သလို ခံစားလိုက်ရ၏။

သူက ချက်ချင်းပင် အားအင်ပြည့်ဝလာပြီး နောက်ထပ်စောင့်နေရဲခြင်း မရှိချေ။ အကယ်၍ သူသာ သူသေကိုယ်သေ မတိုက်ခိုက်လျှင် မည်သည့်အချိန်တွင် နောက်ထပ်အခွင့်အရေးတစ်ခု ရလာနိုင်မည်နည်း။

“ဟား ဟား ဟား... ကောင်းကင်ဘုံက ငါ့ဘက်မှာ ရှိနေတယ်။ ဒီအဘိုးကြီးလို လူတစ်ယောက်ကတောင် ဒီလိုအမှားကြီးတစ်ခု လုပ်နိုင်သေးတာပဲ။ အသက်ကြီးပြီး မသေနိုင်သေးတဲ့‌ အဘိုးကြီး။ နောက်ဆုံးမှာတော့ ခင်ဗျားက တခြားသူရဲ့ ခြေထောက်အောက်မှာ အဆုံးသတ်သွားရတာပဲ။ ကောင်းကင်ဘုံက ကျုပ်ဘက်မှာ ရှိတယ်။ ကောင်းကင်ဘုံက ‌ထွက်ပေါက်တွေအားလုံးကို လုံးဝပိတ်ထားတာ မဟုတ်ဘူး…”

ထိုအချိန်တွင် ချွေးချန်း၏ စိတ်ဝိညာဉ်ထဲမှနေ၍ အမှန်တရား အငွေ့အသက်များ ပြည့်နှက်နေသော ရွှေရောင်စကားလုံးများ ဖြည်းညင်းစွာ ထွက်လာခဲ့သည်။ သူ၏မျက်နှာအမူအရာက ရှုံ့မဲ့နေပြီး သူကတော့ဓားပေါင်း(၁)သန်းခန့် ထိုးစိုက်ခံလိုက်ရသည်ထက် ပို၍ကြောက်စရာကောင်းစွာ နာကျင်နေခဲ့ရသည်။

သို့သော် ချွေးချန်းက ပိုင်ရှင်မရှိသော ထိုရွှေရောင်စကားများကို ထိန်းချုပ်ပြီး စိတ်ထဲတွင် တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။ သူတော်စင်တစ်ပါးရဲ့ သင်ကြားမှုများ၊ တာအိုမှတ်တမ်းတင်ဖို့ အသုံးပြုတဲ့စကားလုံးများ၊ ထိုစကားလုံးများကို အသုံးချပြီး ရေတွင်ထဲသို့ ကျဆင်းလာသော ဓားချီစွမ်းအင်များကို တိုက်ခိုက်လိုက်သည်။ ရွှေရောင်စကားလုံးများက ဓားချီစွမ်းအင်များနှင့် ရင်ဆိုင်လိုက်မိ၏။

သို့သော် ပေါက်ကွဲမှုများ ထွက်မလာဘဲ ထိုတိုက်ခိုက်မှုက လုံးဝကို တိတ်ဆိတ်နေခဲ့သည်။ ထိုအရာက ခွန်အားသက်သက် ယှဉ်ပြိုင်ရသော တိုက်ပွဲတစ်ခု မဟုတ်တော့ဘဲ မဟာတာအိုလမ်းစဉ် တိုက်ပွဲတစ်ခု ဖြစ်သည်။ သို့သော် ရောက်ရှိလာသော ဓားချီစွမ်းအင်များက အလွန်အမင်းကို သေးငယ်သော ဓားချီစွမ်းအင်အမျှင်လေးများထက် မပိုခဲ့ချေ။

ထိုရွှေရောင်စကားလုံးကြီးများကတော့ လက်ရှိအချိန်တွင် ချွေးချန်း ငှားယူထားနိုင်သော စကားလုံးများ ဖြစ်သည်။ နှစ်ဖက်စလုံးက အချင်းချင်း တွန်းကန်နေကြပြီး သူတို့က မျှခြေဖြစ်နေကြ၏။ အချင်းချင်း တိုက်ခိုက်နေကြသော တပ်ဖွဲ့နှစ်ခုက တူညီသောရလဒ်တစ်ခုကို ရနေသလို ဖြစ်နေခဲ့သည်။

ထိုအခွင့်အရေးကို ခံစားမိသည့်အခါ ချွေးချန်းက သေခြင်းတရားကို စိတ်ဓာတ်ကျစွာ စောင့်နေနိုင်ခြင်း မရှိတော့ချေ။ ထိုအစားက သူက ဖြည်းညင်းစွာ ထိုင်လိုက်၏။ နောက်ဆုံးတွင်တော့ သူက မတ်တပ်ရပ်နိုင်ခဲ့သည်။ သူက ဘေးနှစ်ဖက်ကို ရွှေ့လိုက်ပြီး မှန်ကို ဘေးသို့ အနည်းငယ်စောင်းလိုက်၏။ နောက်ဆုံးသော ဓားချီစွမ်းအင်အမျှင်လေးကို နံရံဆီသို့ လမ်းလွှဲလိုက်ပြီးနောက် ချွေးချန်းက ထိုရှေးဟောင်းမှန်ကို ဘေးသို့ ပစ်ချလိုက်သည်။

ထို့နောက် ခြေထောက်ကို အားစိုက်ပြီး ရေတွင်းပေါ်သို့တက်သွားခဲ့၏။ ချက်ချင်းဆိုသလို သူက ပိတ်မိ‌နေသော ရေတွင်း၏ အောက်ခြေမှ ပျောက်ကွယ်သွားခဲ့သည်။

အလွန်ဒေါသထွက်နေသော သူ၏အသံကလည်း ရေတွင်းထဲတွင် ပျံ့နှံ့နေခဲ့၏။

“တကယ်လို့ မင်းဆီမှာ နောက်ထပ်ဓားချီစွမ်းအင်အမျှင်လေးတစ်ခု ပိုင်ဆိုင်ထားဦးမယ်ဆိုရင်တောင် အခုချိန်မှာ တိုက်ခိုက်ဖို့ မမီတော့ဘူး…”

ချန်းပင်အန်းက ရေတွင်းပေါ်တွင် ရပ်နေပြီး မတ်တပ်ကျင့်စဉ်ကို လုပ်ဆောင်နေခဲ့သည်။ သူ၏လက်နှစ်ဖက်ကတော့ သိုင်းကွက်တစ်ခုကို ဖန်တီးထားခဲ့၏။ နောက်ဆုံးသော ဓားချီစွမ်းအင် အမျှင်လေးကိုသုံးလိုက်ပြီးနောက် သူက ထိုပုံစံကို ပြောင်းလဲထားပြီး ရန်သူကို တိုက်ခိုက်ရန် ပြင်ဆင်နေခဲ့သည်။

ယောင်ရှန်သိုင်းကျမ်းထဲတွင် သူ၏ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားခဲ့၏။

“နောက်ပိုင်းမှာ ယောင်ရှန်သိုင်းကျမ်းကို လေ့ကျင့်ထားတဲ့လူတွေက ဒီအချက်ကိုတော့ ရှင်းရှင်းလင်းလင်း မှတ်ထားပါ.။ တကယ်လို့ လမ်းစဉ်(၃)သွယ်က တည်ထောင်သူတွေကို ရင်ဆိုင်ရမယ်‌ဆိုရင် မင်းရဲ့လက်သီးက အားနည်းကောင်း အားနည်းနိုင်မယ်။ မင်းရဲ့လက်သီးကျင့်စဉ်ကလည်း တိုက်ပွဲထဲမှာ ရှုံးနိမ့်သွားနိုင်တယ်။ ဒါပေမဲ့ မင်း ပိုင်ဆိုင်ထားတဲ့ လက်သီးဆန္ဒတွေက နည်းနည်းလေးတောင် နောက်ဆုတ်လို့မရဘူး..”

……………

တချိန်တည်းတွင် အနီဝတ်ကလေးမလေးက အခန်းထဲတွင် ရုတ်တရက် နိုးလာခဲ့သည်။ ထိုအရာက အိပ်မက်ဆိုးမက်ခြင်းကြောင့် မဟုတ်ဘဲ သစ်သားဓားက သူမကို ရိုက်နှိုးလိုက်ခြင်းကြောင့် ဖြစ်သည်။ ကြောင်ကြည့်နေမိသော လီပေါင်ဖျင်က ရုတ်တရက် မျက်လုံးပြူးသွားခဲ့၏။

ပြတင်းပေါက်မှ ဖောက်ဝင်လာသော သစ်သားဓားက လေထဲတွင် ‘ချီ’ဟူသော စကားလုံးကို လျင်မြန်စွာ ရေးဆွဲလိုက်ပြီး တံခါးဆီသို့‌ ထွက်သွားခဲ့သည်။

လီပေါင်ဖျင်က အိပ်ရာပေါ်မှ ခုန်ထလိုက်ပြီး ခြေ‌ဗလာနှင့် ထိုဓား၏နောက်ကို ပြေးလိုက်သွား၏။ သူမက ဖိနပ်ပင် မစီးခဲ့‌ချေ။ အခန်းထဲမှ ထွက်သွားပြီးနောက် သူမက ဦးလေးငယ်၏ အခန်းထဲသို့ ဝင်သွားသော သစ်သားဓား၏နောက်သို့ လိုက်သွားခဲ့သည်။

ချန်းပင်အန်းက ယခုထိ ပြန်မလာသေးသည့်အတွက် အခန်းတံခါးက ဖွင့်ထားသေးသည်။ ဓားပျံက တံခါးကို တွန်းဖွင့်လိုက်သည့်အတွက် လီပေါင်ဖျင်ကလည်း အခန်းထဲသို့ ဝင်သွားခဲ့၏။ ထို့နောက် သစ်သားဓားက ချန်းပင်အန်း၏ ခြင်းတောင်းကြီးကို ထိုးပြလိုက်သည်။

အဆုံးတွင်တော့ လီပေါင်ဖျင်က သစ်သားဓားပျံ၏ လမ်းညွှန်မှုနှင့် သူမ၏ ဦးလေးငယ် သိမ်းဆည်းထားခဲ့သော တံဆိပ်တစ်ခုကို ယူလိုက်သည်။ ထိုတံဆိပ်ကို ဖွင့်ကြည့်လိုက်ရာ 'တည်ငြိမ်သောစိတ်က ဉာဏ်အလင်းပွင့်မှုကို ရရှိစေနိုင်တယ်' ဟူသော စကားလုံးများ ရေးထားသည့်တံဆိပ်တစ်ခု ဖြစ်နေသည်။

သူမ၏ ဦးလေးငယ်က သူမကို တစ်ကြိမ်ပြသဖူးသည်။ ထိုစကားလုံးကို စစ်ဆေးပြီးသွားသည့်အချိန်မှသာ ဓားပျံက ခေါင်းညိတ်ပြလိုက်ပြီး အခန်းထဲမှ လျင်မြန်စွာ ထွက်သွားခဲ့၏။

လီပေါင်ဖျင်က သူ့ဦးလေးငယ်ကို ဆရာချီ လက်ဆောင်ပေးထားသော တံဆိပ်ကိုကိုင်ပြီး သစ်သားဓား၏နောက်မှ လိုက်သွားခဲ့သည်။ သူမက စံအိမ်ဆီသို့ ပြေးသွားခဲ့ပြီး သူမ၏ဦးလေးငယ် ရပ်နေသော ရေတွင်းဆီသို့ ပြေးသွားခဲ့၏။

တံဆိပ်က ချက်ချင်းပင် သူမ၏လက်ထဲမှ ပျံသန်းသွားခဲ့ပြီး ရေတွင်းဆီသို့ လျင်မြန်စွာ ရောက်သွားခဲ့သည်။ ထိုတံဆိပ်က သူမ ဦးလေးငယ်၏ခေါင်းပေါ်တွင် ခဏကြာ ပျံဝဲနေပြီးနောက် အလွန်လေးလံစွာ တိုက်ခိုက်လိုက်သည်။

ရေတွင်းအပေါ်မှနေ၍ စူးရှသော အော်သံတစ်ခုကို ကြားလိုက်ရသည်။

“နောက်တစ်ကြိမ် လာပြန်ပြီလား။ ခွေး-သား ချီကျင့်ချွန်... မင်းက ငါ့ကို နောက်တစ်ကြိမ် တိုက်ခိုက်ပြန်ပြီလား။ မင်းက အေးအေးဆေးဆေး အနားမယူနိုင်ဘူးလား…”

ရေတွင်းပေါ်တွင် ရုတ်တရက်ပေါ်လာသော အဖြူဝတ်လူငယ်လေး၏ နဖူးကို တံဆိပ်နှင့် တိုက်ခိုက်ခံလိုက်ရကြောင်း လီပေါင်ဖျင်က မြင်လိုက်ရသည်။ ထို့နောက် သူက နောက်ပြန်လွင့်သွားပြီး မြေပေါ်သို့ လဲကျသွား၏။

လူငယ်လေးချွေးချန်းက သတိလွတ်မသွားသေးခင် သူ့ဆီမှနေ၍ ကျင့်ကြံမှုအစွမ်းများအားလုံး ပျောက်ကွယ်သွားခဲ့လေသည်။

“ချီကျင့်ချွန်...

ဒီတစ်ကြိမ်တော့ မင်း နိုင်သွားပြီ။ ငါက အရှုံးကို ဝန်ခံပါတယ်…”

All Chapters