အခန်း (၁၅၂)
Vol. 11 Ch. 152
“တည်ငြိမ်သော စိတ်အခြေအနေက ဉာဏ်အလင်းပွင့်မှုကို ရရှိစေနိုင်သည်”ဟူသော စကားလုံးများ ရှိနေသည့် တံဆိပ်က ချွေးချန်း၏ နဖူးကို တိုက်ခိုက်လိုက်ကြောင်း မြင်သည့်အခါ ချန်းပင်အန်းက မျက်လုံးပြူးသွားခဲ့သည်။ ထိုတံဆိပ်က နောက်ပြန်လွင့်လာပြီးနောက် နောက်သို့ ဆွဲခေါ်ခံလိုက်ရသော ရုပ်သေးရုပ်လေး တစ်ခုအလား လေထဲတွင် လွင့်မျောနေခဲ့သည်။ သူ့ကိုတစ်စုံတစ်ယောက်က ထိန်းချုပ်ထားခဲ့၏။
သို့သော် ရုပ်သေးထိန်းချုပ်သူကတော့ အလွန်ကို အားနည်းပုံရသည့်အတွက် ထိုတံဆိပ်လေးက တစ်နေရာတည်းတွင်သာ ဖြည်းညင်းစွာ လှုပ်ရှားနေခြင်းဖြစ်သည်။
ချန်းပင်အန်းက တံဆိပ်ရှိရာကို ကြည့်နေရင်း တဖြည်းဖြည်းနှင့် သူ့မျက်လုံးများက သူနှင့် လီပေါင်ဖျင်၏ ကြားထဲတွင် လွင့်မျောနေသော သစ်သားဓားကို စိုက်ကြည့်လိုက်မိသည်။ ထိုဓား၏အောက်ဘက်တွင် ပုန်းနေသော လက်သန်းအရွယ်အစားခန့်ရှိသည့် ရွှေရောင်မိန်းကလေး သေးသေးလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ သူက လက်နှစ်ဖက်နှင့် ခြေထောက်ကိုသုံးပြီး သစ်သားဓားကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့၏။
ထိုအချိန်တွင် သူမက ဓား၏ဘေးဖက်မှနေ၍ အပေါ်ကို ခက်ခက်ခဲခဲ တက်လာပြီး မတ်တပ်ရပ်လိုက်သည်။ အလွန်သေးငယ်ပြီး ချစ်စရာကောင်းသော ရွှေရောင်မိန်းကလေးက ယိမ်းထိုးနေပုံရ၏။ သူမက ဒယိမ်းဒယိုင်ဖြစ်နေသည်မှာ မတ်မတ်ရပ်ရန် ခက်ခဲနေသော အရက်မူးသမားတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ကြည့်ရသည်မှာတော့ ဓားပျံပေါ်တွင် သူမ၏ခရီးလမ်းက ပျော်စရာမကောင်းခဲ့ပေ။
တည်ငြိမ်သောတံဆိပ်က သစ်သားဓားပေါ်တွင် ကျရောက်လာပြီး သစ်သားဓား၏ အလေးချိန်က အနည်းငယ် ပြောင်းလဲသွားသည့်အတွက် ဓားလက်ကိုင်က အပေါ်ကို မြောက်လာခဲ့သည်။ ထို့ကြောင့် လက်သန်းအရွယ် မိန်းကလေးက သူမ၏လက်ကို လှုပ်ရှားလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်ရန် ကြိုးစားလိုက်သည်။ ထို့နောက် တံဆိပ်ဆီသို့ လျောတိုက်ဆင်းသွားခဲ့၏။
မူလတုန်းကတော့ လီပေါင်ဖျင်က ထိုလက်သန်းအရွယ် မိန်းကလေး ရှိနေခြင်းကို လုံးဝသတိမထားမိခဲ့ပေ။ သူမကို သတိထားလိုက်ပြီးနောက် လီပေါင်ဖျင်က စိတ်ဝင်တစား ပြေးသွားခဲ့၏။
သူမက အနည်းငယ် ခါးကုန်းပြီး သစ်သားဓား၏လက်ကိုင်နှင့် ဓားကိုယ်ထည်ကိုကိုင်၍ ပုန်းရန်ကြိုးစားနေသော ရွှေရောင်မိန်းကလေးကို သေချာစိုက်ကြည့်နေခဲ့သည်။
ထိုရွှေရောင်မိန်းကလေးက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သူမက အလွန်ရှက်တတ်သော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူမက မျက်နှာကို လက်နှစ်ဖက်နှင့်အုပ်လိုက်ပြီး လေပေါ်သို့ တည့်တည့်ခုန်လိုက်၏။
သူမ ပြန်ကျလာသည့်အချိန်တွင်တော့ သစ်သားဓားထဲသို့ နစ်မြှုပ်သွားခဲ့ပြီး မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။
ထိုအရာများကို ချန်းပင်အန်းက သတိမထားမိခဲ့ပေ။ ယခုအချိန်တွင် ထိုအရာကို စဉ်းစားချင်စိတ်လည်း မရှိချေ။
“ပေါင်ဖျင်..
သစ်သားဓားကို ပစ်ပေးလိုက်။ ပြီးရင် တံဆိပ်ကို သေချာသိမ်းထား…”
သူက အက်ရှရှလေသံနှင့် ပြောလိုက်သည်။
လီပေါင်ဖျင်က သူမ၏စိတ်ဝင်စားမှုများကို ချက်ချင်း ဖိနှိပ်ထားလိုက်ပြီး ယခုချိန်တွင် အရေးပါဆုံးအရာကတော့ ချွေးချန်းနှင့် ရင်ဆိုင်ရန် ဖြစ်ကြောင်း သိနေခဲ့၏။ တံဆိပ်ကို ယူလိုက်ပြီးနောက် သူမက တိုးတိုးလေး အော်လိုက်၏။ ထို့နောက် အစွမ်းကုန်ကြိုးစားပြီး သစ်သားဓားကို သူမ၏ဦးလေးငယ်ဆီကို ပစ်ပေးလိုက်သည်။ သို့သော် သူမက စွမ်းအားကို ကောင်းမွန်စွာမထိန်းချုပ်နိုင်ခဲ့သည့်အတွက် သစ်သားဓားက ချန်းပင်အန်း ရပ်နေသောနေရာနှင့် အနည်းငယ် သွေဖယ်သွားခဲ့သည်။
“ပြန်လှည့်သွားတော့…”
ချန်းပင်အန်းက လီပေါင်ဖျင်ကို ပြောလိုက်သည်။
ထို့နောက် သူက နံရံ၏ဘယ်ဖက်ခြမ်းကို ပြေးသွားခဲ့ပြီး ရေတွင်းနံရံကို ခြေထောက်နှင့်က န်လိုက်သည်။ သစ်သားဓားကို လက်ထဲတွင် ဖမ်းလိုက်ပြီးနောက် ရှေ့ကိုဆက်၍ ပြေးထွက်သွားခဲ့ပြီး သစ်သားဓားနှင့် မြေပေါ်တွင် လဲကျနေသော ချွေးချန်း၏ နှလုံးသားနေရာကို ထိုးလိုက်သည်။
ထိုအချိန်တွင် လက်သန်းအရွယ် ရွှေရောင်မိန်းကလေးက ချန်းပင်အန်း၏ လက်ထဲတွင် ရှိနေသော သစ်သားဓားထဲတွင် ခန္ဓာကိုယ်တစ်ဝက် ပေါ်လာခဲ့သည်။ သူမ၏ပုံစံက ငိုတော့မည့် ပုံစံမျိုး ဖြစ်နေခဲ့၏။ သူမ၏မျက်နှာပေါ်တွင်လည်း နောင်တတရားနှင့် အပြစ်ရှိသလို ခံစားမှုများ ပေါ်လာခဲ့သည်။ သူမက လက်နှစ်ဖက်ကို ဝှေ့ယမ်းနေပြီး ချန်းပင်အန်းကို ခေါင်းခါပြနေခဲ့၏။ ချန်းပင်အန်းက ချွေးချန်းကို မသတ်ရန် တားဆီးချင်နေပုံရသည်။
သို့သော် ချန်းပင်အန်းကတော့ သစ်သားဓားကို ကိုင်လိုက်ပြီး ရှေ့ကို ထိုးလိုက်သည့် အချိန်ကစ၍ အလွန်အမင်းကို ပြတ်သားနေခဲ့သည်။ ရွှေရောင်မိန်းကလေး ပေါ်လာသည့်အချိန်တွင် သစ်သားဓား၏ထိပ်ဖျားက ရွှေရောင်မိန်းမပျို၏ ရင်ဘတ်နှင့် ထိသွားခဲ့ပြီ ဖြစ်သည်။
ချန်းပင်အန်းက နှစ်ပေါင်းများစွာ ကြွေထည်မီးဖုတ်ခဲ့ပြီး အိုးအလုပ်ကို လုပ်ဆောင်ခဲ့သည့်အတွက် ခွန်အားအပေါ် သူ၏ထိန်းချုပ်မှုက အလွန်အမင်းကို တိကျသည်ဟု ဆိုနိုင်သည်။ အကယ်၍ သူက ထိုတိုက်ခိုက်မှုကို ပြန်ရုတ်သိမ်းချင်သည်ဆိုလျှင်ပင် ခန္ဓာကိုယ်ထဲတွင် လှည့်ပတ်ထားသော ချီစွမ်းအင်များနှင့် သူ၏လက်ထဲမှ အရှိန်က သစ်သားဓားထဲသို့ ပို့ဆောင်ထားပြီးသား ဖြစ်သည့်အတွက် ရလဒ်ကို ပြောင်းလဲရန် မဖြစ်နိုင်တော့ပေ။
ထိုအချိန်တွင် နောက်ကျောဘက်၌ အဝတ်ထုပ် တစ်ထုပ် သယ်ထားသော စာသင်သား အဘိုးအိုကြီးက သူတို့၏ဘေးတွင် ရုတ်တရက် ပေါ်လာပြီး စိတ်သက်သာရာ ရစွာ သက်ပြင်းချလိုက်မိသည်။
“ဟူး…..တော်သေးတာပေါ့။ ငါက လက်မတင်လေး မီလိုက်တာပေါ့…”
စာသင်သားအိုကြီး ဘယ်ကမှန်းမသိ ရုတ်တရက်ရောက်လာချိန်တွင် ချွေးချန်း၏ လည်ပင်းကို တစ်စုံတစ်ယောက်က ဆုပ်ကိုင်ပြီး နောက်ပြန်ပစ်လွှတ်လိုက်သည်။ ထို့ကြောင့် သူလည်း ချက်ချင်း မတ်မတ်ရပ်နိုင်ခဲ့၏။
ချွေးချန်းက မှင်တက်နေသေးသော်လည်း သူကတော့ ထင်းရှူးပင်ကြီးတစ်ပင်ကဲ့သို့ မတ်မတ်ရပ်နေခဲ့သည်။ ထို့ကြောင့် သူက ချန်းပင်အန်း၏ ဓားချက်ကြောင့် နှလုံးသားထိုးဖောက်ခံရမည့် ကံကြမ္မာမှ လွတ်မြောက်သွားခဲ့သည်။
ထိုအချိန်တွင် လျင်မြန်စွာ နောက်ဆုတ်သွားပြီး သစ်သားဓားကို သူ့ရှေ့တွင် ရေပြင်ညီအတိုင်း ကိုင်ထားသည့် မြက်ဖိနပ်နှင့် လူငယ်လေးကို စာသင်သားအိုကြီးက စိုက်ကြည့်လိုက်သည်။ သူက လီပေါင်ဖျင်ကိုတော့ သူ့အနောက်သို့ ဆွဲခေါ်ထားခဲ့၏။ ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသော သူ့ပုံစံက လူသစ်တစ်ယောက်ကဲ့သို့ ဖြစ်နေပြီး သစ်တောထဲတွင် စာရေးရန် ကြိုးစားနေသော သစ်ခုတ်သမား တစ်ယောက်ကဲ့သို့ဖြစ်နေသည်။ သူ့ပုံစံက အတော်လေးကို အိုးတိုးအန်းတန်းနိုင်ပြီး မှားယွင်းနေခဲ့၏။
“ဒါက မင်းလား…”
အဘိုးအိုက ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်သည်။
ချန်းပင်အန်းကတော့ အလွန်ကြောက်စရာကောင်းသည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား တစ်ကိုယ်လုံး တင်းမာနေခဲ့သည်။ သူက မဆင်မခြင် မလုပ်ရဲဘဲ တိုးတိုးလေး ပြောလိုက်၏။
“ပေါင်ဖျင်… အခွင့်အရေးရရင် ပြေးတော့။ ငါ့အတွက် ဘာမှစိုးရိမ်နေဖို့မလိုဘူး..”
သို့သော် လီပေါင်ဖျင်က သူ၏အင်္ကျီလက်ကို ဆွဲနေကြောင်း လျင်မြန်စွာ သတိထားမိသွားသည်။ သူက အနည်းငယ် အံ့ဩသွားခဲ့ပြီး ငုံ့ကြည့်၍မေးလိုက်သည်။
“ဘာဖြစ်လို့လဲ…..”
လီပေါင်ဖျင်၏ အမူအရာက တောင့်တင်းနေပြီး သူမက ချန်းပင်အန်း၏ နောက်ကို လက်ညှိုးနှင့် ထိုးပြလိုက်သည်။ သူမက အနည်းငယ် ပါးစပ်အဟောင်းသားဖြစ်နေပြီး စကား(၃)လုံးကိုသာ ပြောလိုက်၏။
“သရဲရှိတယ်..”
“ရန်သူတွေကြားထဲ ပိတ်မိနေပြီလား..”
ချန်းပင်အန်းက တစ်ကိုယ်လုံး တင်းမာသွားခဲ့ပြီး ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် ချက်ချင်းပင် အံ့ဩသွားခဲ့သည်။
သူက မျက်တောင်များကို အကြိမ်ကြိမ် ခတ်လိုက်မိ၏။ သူက မည်သည့်အရာကိုမျှ မမြင်ရကြောင်း သေချာသွားပြီးနောက် မည်သည့်အရာကိုမျှ ထပ်မပြောရဲပေ။ အနည်းဆုံးတော့ သူက အန္တရာယ်ကြုံနေရသည့်အတွက် အင်မော်တယ်အစ်မကြီးကို မြင်နေရခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် သူက တစ်စုံတစ်ခုကို ပြောလိုက်ရန် အလွန်အမင်း စိုးရိမ်နေသလို ခံစားနေရ၏။ မည်သို့ပြောရမှန်း မည်သို့စတင်ရမှန်း မသိခဲ့ပေ။ အခုတော့ သူ့ပုံစံက အမှုန့်ကြိတ်ခုံပေါ်တွင် ရှိနေသော ပုရွက်ဆိတ်လေး တစ်ကောင်ကဲ့သို့ စိတ်ကူးယဉ်နေခဲ့၏။
လီပေါင်ဖျင်က ဦးလေးငယ်၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး သဘောကောင်းပုံရသော စာသင်သားအဘိုးကြီးကို စိုက်ကြည့်လိုက်သည်။ ထို့နောက် စိတ်ကြိုက်သွားလာနေပုံရသော သရဲမကို ပြန်လှည့်ကြည့်လိုက်၏။ သူတို့တွေ့ခဲ့ဖူးသော မင်္ဂလာဝတ်စုံ ဝတ်ထားသည့် သရဲမနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယနေ့ည အဖြူရောင်ဝတ်ထားသော သရဲမကတော့ လက်ထဲတွင် အဖြူရောင်ကြာရွက်တစ်ခုကို ကိုင်ထားခြင်းပေလော။
လီပေါင်ဖျင်က တစ်ယောက်တည်း တွေးနေခဲ့၏။ ဤကမ္ဘာကြီးထဲတွင် သရဲမများက ထိုမျှ နူးညံ့သိမ်မွေ့ပြီး လှပနေခြင်းပေလော။ ယခင်တုန်းကဆိုလျှင်တော့ သူမ၏အစ်ကိုကြီးက သွေးထွက်သံယိုမြင်ကွင်းများ ၊ ကြောက်စရာကောင်းသော သရဲပုံပြင်များကို ပြောခဲ့ဖူးသည်။
အနီရောင်အရိုးခြောက်များ၊ ရေသရဲများ၊ မြစ်ဝိညာဉ်များနှင့် သူပြောပြသော တခြားမကောင်းဆိုးဝါးများအားလုံးက လူတစ်ယောက်ကို တွေ့သည်နှင့် သူတို့၏အသွေးအသားကို ကိုက်ဖြတ်ပြီး စားသုံးတတ်ကြ၏။ သူက ထိုကဲ့သို့ ကြောက်စရာကောင်းသော သတ္တဝါများအားလုံးကိုပင် ပန်းချီဆွဲပြသေးသည်။
ယခု သူမ၏ရှေ့တွင် ရပ်နေသော သရဲမက ထိုအရာများ မဟုတ်ခြင်းပေလော။ အမှန်အတိုင်းပြောရလျှင်တော့ ထိုသရဲမက မိန်းကလေးချူးထက် အဆပေါင်းများစွာ ပို၍လှပပြီး ပို၍ဆွဲဆောင်မှုရှိသည်။ သူမက အလွန်အမင်းကို အရပ်ရှည်သော်လည်း ပိန်ပိန်သွယ်သွယ်နှင့် လှပပုံရ၏။ သူမ၏ အနက်ရောင်ဆံပင်များကလည်း ရေတံခွန်လေး ကျဆင်းနေသလိုဖြစ်နေပြီး ရွှေရောင်ဖဲကြိုးလေးနှင့် ဆံပင်များကို စည်းနှောင်ထားခဲ့သည်။ ထိုဆံပင်များက သူမ၏ပုခုံးပေါ်မှ ကျော်ပြီး ရင်ဘတ်ပေါ်သို့ ကျနေခဲ့၏။
သူမက အလွန်အမင်းကို နူးညံ့သိမ်မွေ့ပြီး ကျက်သရေရှိသလို ထင်ရသည်။ သူမ၏ရှေ့တွင် ရှိနေသော မိန်းမပျိုက အရပ်ရှည်ပြီး လှပသည်ဟု လီပေါင်ဖျင်က ခံစားမိနေခဲ့သည်။ ထို့ကြောင့် သူမကပင် အလွန်အားကျသလို ခံစားမိနေခဲ့၏။ သူမက တိတ်တဆိတ် ခြေဖျားထောက်ကြည့်လိုက်သော်လည်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့၏။
ယခု ထိုမိန်းမပျို၏ မျက်လုံးထဲတွင်တော့ ချန်းပင်အန်းတစ်ယောက်တည်း ရှိနေသလို ထင်ရသည်။ သူမက အပြုံးနှင့် ပြောလိုက်သည်။
“ငါတို့က သူတို့နဲ့ ခဏတော့ တိုက်ခိုက်ရမယ်။ မင်းက အဲဒီအဘိုးကြီးကို ဘာမှကြောက်နေဖို့ မလိုဘူး။ သူက အရိုက်ခံရဖို့ပဲ ကောင်းတယ်…”
“ဘာမှစိတ်မပူပါနဲ့… ဒီအစ်မကြီးက လူဆိုးမဟုတ်ဘူး။ သူက ငါတို့ဘက်ကပါ..”
ချန်းပင်အန်းက လီပေါင်ဖျင်ကို စိတ်အေးသွားစေရန် အရင်ဆုံးပြောလိုက်သည်။
ထို့နောက် သူက မော့ကြည့်လိုက်ပြီး တိတ်တဆိတ်အမူအရာနှင့် မေးလိုက်၏။
“အင်မော်တယ်အစ်မကြီးက မြို့ငယ်လေးထဲကနေ ထွက်မသွားနိုင်ဘူးလို့ ပြောခဲ့တာ မဟုတ်လား။ တကယ်လို့ သူတော်စင်တွေ သတိထားမိသွားရင် ဘယ်လိုလုပ်မလဲ..”
အရပ်ရှည်ရှည်မိန်းမပျိုက သူမ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ လက်ထဲတွင် ကြာရွက်ကလေးက ညင်သာစွာ လှုပ်ရှားနေခဲ့သည်။ သူမက သိမ်မွေ့နူးညံ့သောအသံနှင့် ပြောလိုက်၏။
“မင်းက ကြာပန်းကမ္ဘာကြီးလို့ခေါ်တဲ့ နေရာတစ်ခုကို သိလား…”
သူမ၏အမူအရာက အလွန်တည်ငြိမ်နေခဲ့သည်။
ချန်းပင်အန်းက နင်ယောင် ပြောခဲ့သောစကားများကို ရုတ်တရက် အမှတ်ရပြီး ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီကမ္ဘာကြီးအကြောင်း ကျွန်တော့်ကို လူတစ်ယောက် ပြောခဲ့ဖူးတယ်။ အဲဒါက တာအိုဘိုးဘေး စိတ်အပန်းဖြေဖို့ သွားတတ်တဲ့နေရာတစ်ခုပဲ။ ပြီးတော့ အဲဒါက ကမ္ဘာငယ်လေး(၃၆)ခုထဲက တစ်ခုပဲ။ အဲဒီကမ္ဘာငယ်လေးထဲမှာရှိတဲ့ အသေးဆုံး ကြာရွက်လေးကတောင် တာ့လီအင်ပါယာရဲ့မြို့တော်ထက် ပိုပြီးတော့ကြီးတယ်လို့ ပြောတယ်…”
အရပ်ရှည်ရှည်မိန်းမပျိုက အပြုံးနှင့် ရှင်းပြလိုက်သည်။
“အဲဒါက ချဲ့ကားပြီး ပြောနေတာမဟုတ်ဘူး။ ဥပမာအနေနဲ့ပြောရရင်တော့ ငါ့လက်ထဲမှာ ကိုင်ထားတဲ့ ကြာရွက်လေးတစ်ရွက်က (၅)ကီလိုမီတာ ပတ်ပတ်လည်ကို ဖြန့်ကျက်နိုင်တယ်။ ဒါပေမယ့် အဲဒီကမ္ဘာငယ်လေးထဲမှာရှိတဲ့ အကြီးဆုံး ကြာရွက်ကတော့ တာ့လီအင်ပါယာရဲ့ မြို့တော်ထက်တောင် ပိုပြီးတော့ကြီးတယ်။ အဲဒီကြာရွက်တွေက လူတစ်ယောက်ရဲ့တည်ရှိမှုကို ဖုံးကွယ်ပေးနိုင်တယ်။ ပြောရမယ်ဆိုရင်တော့ လမ်းစဉ်(၃)သွယ်က သူတော်စင်တွေနဲ့ အတွေးအခေါ်(၁၀၀)ကျောင်းက သိုင်းသခင်တွေကတောင် ငါ့ရဲ့လှုပ်ရှားမှုတွေကို သတိမထားမိကြဘူး…”
ချန်းပင်အန်း၏မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည်ကိုမြင်သည့်အခါ သူမက အပြုံးနှင့်သေချာရှင်းပြလိုက်သည်။
“ငါတို့ ပထမဆုံး တွေ့ခဲ့တဲ့အချိန်တုန်းက ငါ့ဆီမှာ ဒီရတနာ မရှိသေးဘူး။ ဒါပေမယ့် ချီကျင့်ချွန်က ကောင်းကင်ကြီးကို ကျော်လွန်ပြီး လူသားကမ္ဘာကြီးထဲကနေ ထွက်သွားခဲ့တယ်။ သူက အဲဒီမှာ တာအိုဘိုးဘေးနဲ့ တွေ့ခဲ့ပြီး အဲဒီအဘိုးကြီးနဲ့ အပေးအယူလုပ်ခဲ့တယ်။ သူ့ရဲ့ကျေးဇူးကြောင့် ဒီကြာရွက်ထီးကလေးကို ရခဲ့တာပေါ့။ ချီကျင့်ချွန် ပေးခဲ့ရတဲ့ တန်ဖိုးကိုတော့ ငါလည်းသေချာမသိဘူး…”
“ဘယ်လိုပဲဖြစ်ဖြစ် တည်ငြိမ်ခြင်းဆိုတဲ့ သူ့ရဲ့စကားလုံးက အပြစ်ကြီးတစ်ခုကို ချိုးဖောက်ထားတယ်။ ဒါကြောင့် တာအိုဂိုဏ်းထဲမှာရှိတဲ့ လူတွေတော်တော်များများက သူ့ကို မကျေမနပ် ဖြစ်ခဲ့တယ်။ ဒါကြောင့် ချီကျင့်ချွန်က ဆန်းကြယ်ကမ္ဘာကြီးထဲမှာရှိတဲ့ ကြာပန်းကမ္ဘာငယ်လေးကို သွားခဲ့တဲ့ ခရီးစဉ်အတွင်း သေချာပေါက် ကြီးကြီးမားမား ပေးဆပ်ရနိုင်တယ်…"
အရပ်ရှည်ရှည်မိန်းမပျိုက ထိုစကားကို ပြောနေရင်း အဝေးကို ငေးကြည့်နေမိခဲ့သည်။ သူမတော့ ထိုကွန်ဖြူရှပ်စာသင်သားကို နှလုံးသားထဲမှပင် လေးစားနေမိခဲ့၏။
ချီကျင့်ချွန်က သာမန်လူသားကမ္ဘာကြီးသို့ ပြန်ရောက်လာခဲ့ပြီးနောက် သူတို့နှစ်ယောက်က နောက်ဆုံးစကားတစ်ခွန်း ပြောခဲ့ကြသည်။
"ဒီကြာရွက်လား...ငါက ကြာပန်းကမ္ဘာကြီးထဲကနေ ဒါကိုခူးလာဖို့အတွက် ကောင်းကင်ကြီးကိုကျော်ပြီး သွားခဲ့ရတယ်။ ဒါက မဟာတာအိုကို သတိမပေးဘဲ ဒီနေရာကနေ မင်းကို ထွက်သွားနိုင်အောင် ကူညီပေးတယ်။ မင်းက မင်းရဲ့လှုပ်ရှားမှုတွေကို သူတော်စင်တွေ သတိထားမိမှာ စိုးရိမ်စရာမလိုဘူး။ ဒါက တော်တော်လေးကောင်းတယ်..”
“ဒါပေမယ့် ငါက သူ့အနားမှာရှိနေရင် ချန်းပင်အန်းက မဆင်မခြင် လုပ်တတ်တဲ့ လူတစ်ယောက်ဖြစ်လာမှာကို မကြောက်ဘူးလား။ သူက ချီကျင့်ချွန် အမုန်းဆုံး လူစားမျိုးအဖြစ် ပြောင်းလဲသွားမှာကို မကြောက်ဘူးလား…”
“ငါက ချန်းပင်အန်းရဲ့စိတ်နေစိတ်ထားနဲ့ အကျင့်စရိုက်ကို ကောင်းကောင်းကြီးသိတယ်။ ဒီတော့ သူက စွမ်းအားကို အခွင့်ကောင်းယူပြီး တခြားသူတွေကို အနိုင်ကျင့်မှာ မဟုတ်ဘူး။ တကယ်လို့ မင်းက သူ့အနားမှာ တစ်ချိန်လုံး စောင့်ရှောက်ပေးနေမယ် ဆိုရင်တောင် ငါက စိုးရိမ်နေမှာ မဟုတ်ဘူး…"
"နင်က ချန်းပင်အန်းအပေါ် ဒီလောက်တောင် အကောင်းမြင်စိတ်ရှိနေတာလား…"
"မင်းက ဘယ်လိုထင်လို့လဲ.."
"ဘယ်လိုပဲဖြစ်ဖြစ် သူက ငါ့ရဲ့ဆရာတူညီလေးလေ။ နင်နဲ့ ချန်းပင်အန်းတို့က မျိုးဆက်တစ်ခုတည်း ဖြစ်သွားပြီ။ ဒါပေမယ့် ငါကတော့ ချန်းပင်အန်းကို ငါ့ရဲ့သခင်အဖြစ်လက်ခံခဲ့တယ်။ ဒီတော့ ငါက နင့်ကို ဘယ်လိုခေါ်ရမှာလဲ ချီကျင့်ချွန်......"
"ဟား ဟား ဟား ဟား... ငါက လက်မခံရဲပါဘူး…"
အရပ်ရှည်ရှည်မိန်းမပျိုက ထိုစကားများကို ပြန်လည်စဉ်းစားမိသွားပြီး တိုးတိုးလေးသက်ပြင်းချလိုက်မိသည်။
ဤကမ္ဘာကြီးက ချီကျင့်ချွန်ကို ဆုံးရှုံးလိုက်ရသည်မှာ နှမြောစရာကောင်းလွန်း၏။
ရှားရှားပါးပါးအနေဖြင့် အကြောက်အလန့်မရှိသော လီပေါင်ဖျင်က ထိတ်လန့်နေသော အသံနှင့် ပြောလိုက်သည်။
"အစ်မကြီး...အစ်မကြီးက တော်တော်လှတယ်…"
မိန်းမပျိုက ခေါင်းညိတ်ပြီး အပြုံးနှင့်ပြောလိုက်၏။
"ဟုတ်တယ်... မင်းထက် အဆပေါင်းများစွာပိုပြီးတော့လှတယ်လေ…"
သူမက ရဲတင်းနေသည့်အပြင် ရှက်ရွံ့နေခြင်းလည်းမရှိချေ။ လီပေါင်ဖျင်ကတော့ အနည်းငယ် ကြောင်သွားခဲ့ပြီး ပြောစရာစကားလုံး ပျောက်ကွယ်သွားခဲ့ရ၏။ ချန်းပင်အန်း၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ ကျလာခဲ့သည်။
ချန်းပင်အန်း၏ နောက်တွင်တော့ တခြားပျော်ရွှင်သည့် တွေ့ဆုံမှုတစ်ခု ဖြစ်နေခဲ့သည်။ စာသင်သားအိုကြီးက သတိပြန်ဝင်လာသော အဖြူဝတ်လူငယ်လေးကို စိုက်ကြည့်လိုက်သည်။
လူငယ်လေး ချွေးချန်းက အဘိုးအို၏နောက်ကျောကို စိုက်ကြည့်ပြီး စဉ်းစားနေခဲ့၏။
"ကျုပ်က ကျရှုံးသွားခဲ့ပြီ။ ကျုပ်က နောက်ထပ်ကျရှုံးမှာကို ကြောက်နေဖို့ လိုသေးလို့လား။ ကျုပ်က ခင်ဗျားကို ကြောက်ဖို့လိုသေးလို့လား…"
စာသင်သားအိုကြီးက အရပ်ရှည်ရှည်မိန်းမပျိုကို လှည့်ကြည့်လိုက်ပြီး သူ့ကို ဆက်ပြောခိုင်းရန် အချက်ပြလိုက်သည်။ ထိုအချိန်ကျမှသာ စာသင်သားအိုကြီးက လူငယ်လေးချွေးချန်းဆီကိုပြန်လှည့်လာပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။
"မင်းက အရမ်းဉာဏ်ကောင်းတယ် မဟုတ်ဘူးလား ချွေးချန်း..။ ဒါကြောင့်လည်း ငါတို့နှစ်ယောက်က ဒီအဖြစ်အပျက်တွေနှစ်ခုကို သုံးသပ်ကြည့်ရင် မကောင်းဘူးလား။ ငါက အဲဒီစကားလုံးတွေကို ရုတ်တရက် မထိန်းချုပ်နိုင်တဲ့အတွက် မင်းရဲ့စိတ်ဝိညာဉ်ထဲကနေ ဖယ်ရှားပေးလိုက်တယ်လို့ မင်းက ထင်နေသေးတာလား။ အဲဒီစကားလုံးတွေက ဓားချီစွမ်းအင် အမျှင်လေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် မျှခြေဖြစ်နေတာရော ဘာကြောင့်လဲဆိုတာ စဉ်းစားမိလား…”
“မင်းတို့နှစ်ယောက်လုံးက အချင်းချင်း တိုက်ခိုက်နေချိန် မင်းက ရေတွင်းအောက်ခြေကနေ အပေါ်ကို ပျံသန်းသွားနိုင်အောင် ငါ ခွင့်ပြုခဲ့တယ်။ ပြီးတော့ ချန်းပင်အန်းကို သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုမျိုး တိုက်ခိုက်ဖို့ အခွင့်အရေးပေးခဲ့တာ မဟုတ်လား။ နောက်ဆုံးတော့ မင်းကြောင့် ချန်းပင်အန်းက ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွားမယ်လို့ စဉ်းစားခဲ့တာ မဟုတ်ဘူးလား…"
လူငယ်လေးချွေးချန်းက မျက်နှာပျက်နေခဲ့သည်။ အဆုံးတွင်တော့ သူက နှုတ်ခမ်းကိုကိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
"ဒါက ကွန်ဖြူးရှပ်သူတော်စင် တစ်ယောက်ရဲ့ ယူဆချက်သက်သက်ပဲလေ။ ဘာတွေ အံ့ဩစရာကောင်းလို့လဲ။ ချီကျင့်ချွန်က သေမင်းထောင်ချောက်ထဲကို လျှောက်သွားချင်နေပြီး ဒီလိုကံတရားကနေ ဖယ်ရှားချင်တဲ့အချိန်မျိုးမှာ ကျုပ်က သူ့ကို တစ်ကြိမ်လှည့်စားလိုက်တော့ ဘာများမှားလို့လဲ…"
သူက ဒေါသတကြီး ပြောလိုက်သည်။
ထို့နောက် စာသင်သားအိုကြီးကို လက်ညှိုးထိုးပြီး အော်ဟစ်လိုက်၏။
"အဘိုးကြီး ..
ခင်ဗျားက ဒါတွေအားလုံးကိုပြောဖို့ မျက်နှာပြရဲသေးတာလား။ ခင်ဗျား မျှော်လင့်ချက် အထားဆုံး ချီကျင့်ချွန်က သေသွားပြီ။ စိတ်ပိုင်းဆိုင်ရာ အားအနည်းဆုံး အရူး မာကျန်းကလည်း သေသွားပြီ။ ဇိုမျိုးရိုးပညာရှင်ကလည်း ရိုးရှင်းစွာ ပျောက်ကွယ်သွားပြီ။ အဲဒီအချိန်မှာ ကျုပ်ကတော့ ဒီလိုဆိုးဆိုးဝါးဝါးအခြေအနေမျိုးကို ရောက်သွားတယ်။ အဆုံးသတ်မှာ ခင်ဗျားက တရားခံမဟုတ်လား။ ဒါက ခင်ဗျားရဲ့အမှားပဲ မဟုတ်လား…”
“ခင်ဗျားက ဒီကမ္ဘာကြီးထဲမှာ အကောင်းဆုံးမှတ်တမ်းတွေကို ရေးခဲ့တယ်။ ဒီကမ္ဘာကြီးထဲမှာ အထူးခြားဆုံး သဘောတရားတွေ ရှိတယ်။ ဒီကမ္ဘာကြီးထဲမှာ အချိန်အကြာဆုံး ကမ္ဘာကြီးကိုလည်း အကူအညီပေးနိုင်ခဲ့တယ်။ အခု ခင်ဗျားက ပျော်ရပြီလား…”
“ဒုတိယသူတော်စင်ကတော့ စကားသံတွေကို သေသေချာချာ နားထောင်ပေးတယ်။ ကွန်ဖြူရှပ်ကျောင်းတော်ထဲမှာ အဆင့်(၃)ဖြစ်တဲ့ ဒုတိယသူတော်စင်ကတော့ တိုင်းပြည်တစ်ခုကို အုပ်ချုပ်နေတဲ့ ဘုရင်တစ်ယောက်အစား သာမန်လူတွေကို မြှင့်တင်ပေးခဲ့တယ်။ ဒါက မြေဆီလွှာကို ထိန်းသိမ်းတာဖြစ်ပြီး သူတို့ရဲ့ကြားထဲမှာ အကျိုးအမြတ်တွေ ရှိလာနိုင်တယ်။ ခင်ဗျားလို အံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ကတော့ ကောင်းကင်၊ မြေကြီး၊ အုပ်ချုပ်သူ ၊ မိဘနဲ့ဆရာသမားတွေကို ရိုသေလေးစားပြီး ကိုးကွယ်ဖို့ပဲ တိုက်တွန်းခဲ့တယ်..”
“လူသားတွေရဲ့သဘာဝက မွေးကင်းစမှာတော့ အခြေခံအားဖြင့် ကောင်းမွန်ကြတယ်လို့ ဒုတိယသူတော်စင်က ပြောခဲ့တယ်။ ဒါပေမယ့် ခင်ဗျားကတော့ သူ့ကို ဆန့်ကျင်ပြီး မွေးလာကတည်းက လူသားသဘာဝက မကောင်းဆိုးဝါးဆန်တယ်လို့ ပြောခဲ့တယ်။ ခင်ဗျားက ဘာကြောင့် ဒုတိယသူတော်စင်ကို ဆန့်ကျင်ခဲ့ရတာလဲ…"
လူငယ်လေးချွေးချန်းက ဒေါသတကြီးပြောဆိုလိုက်သည်။
အမှန်အတိုင်းပြောရလျှင် သူက ထိုစာသင်သားအိုကြီးဆီမှ တုံ့ပြန်မှုများကိုပင် အမွေဆက်ခံလာခဲ့ခြင်းဖြစ်သည်။ သူ၏လက်ညှိုးက စာသင်သားအိုကြီး၏ နှာခေါင်းကို ထိတော့မည့်အချိန်တွင် ဒေါသတကြီး ဆက်ပြောလိုက်၏။
"အဆိုးဆုံးကတော့ ဒုတိယသူတော်စင်က ခင်ဗျားထက်ပိုပြီး အသက်ကြီးနေတာ မဟုတ်ဘူး။ ဒါကြောင့် သူက ဒီကမ္ဘာကြီးထဲမှာ အသက်ရှင်နေပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနေနိုင်တယ်။ ခင်ဗျားကရော ဘာလို့ဒီလောက်တောင် ခေါင်းမာနေရတာလဲ။ အဘိုးကြီး... ခင်ဗျားက အဲဒီအစား အဓိပတိသူတော်စင် ဒါမှမဟုတ် ကျင့်ဝတ်သူတော်စင်တို့ကို ပစ်မှတ်ထားလို့ မရနိုင်ဘူးလား။ ဒုတိယ သူတော်စင်က ခင်ဗျားကို အကူအညီပေးနိုင်တယ်လေ။ ဒါပေမယ့် ခင်ဗျားက ဒုတိယသူတော်စင်ကို ဆန့်ကျင်ဖို့ ခေါင်းမာနေခဲ့တယ်။ ခင်ဗျားရဲ့ ခေါင်းမာမှုကို ကျွန်တော် တော်တော်လေး လေးစားပါတယ်…"
စာသင်သားအိုကြီးက တိတ်ဆိတ်နေပြီး လူငယ်လေး ချွေးချန်းကတော့ သူ၏ မျက်နှာပေါ်မှာ တံတွေးများကို သုတ်လိုက်သည်။ မိသားစုတစ်ခု သို့မဟုတ် အဖွဲ့တစ်ခုထဲတွင် အနည်းငယ်လေး မတင်မကျဖြစ်လျှင် သို့မဟုတ် တိုက်ခိုက်မှုတစ်ခု ဖြစ်လာလျှင် ကြီးကြီးမားမား ပြဿနာကြီးများ ပေါ်မလာနိုင်ပေ။ အထူးသဖြင့် တံခါးနောက်ဖက်တွင်ဖြစ်နေသော အရာမျိုးဖြစ်သည်။
သို့သော် ထိုအရာက ဒုတိယသူတော်စင်နှင့် စာသင်သားသူတော်စင်တို့၏ ပဋိပက္ခတစ်ခုဖြစ်ကြောင်း လူတစ်ယောက်က နားလည်နိုင်သည်။ ထိုအရာက ကွန်ဖြူရှပ်ကျောင်းဆောင်တစ်ခုလုံးကို လှုပ်ရှားသွားစေနိုင်သော အဆင့်(၃)နှင့် အဆင့်(၄)ကြားထဲမှ တိုက်ပွဲတစ်ခုလည်း ဖြစ်၏။ ထိုတိုက်ပွဲက အလွန်အမင်းကို အံ့ဩစရာကောင်းလွန်းလှသည်။ သူတို့က အဆင့်မြင့်သော သူတော်စင်နှစ်ပါးဖြစ်ကြပြီး ကွန်ဖြူးရှပ်ကျောင်းဆောင်တစ်ခုလုံးကို ကိုယ်စားပြုနေသည်ဟု သတ်မှတ်နိုင်သည်။
အဓိပတိသူတော်စင်နှင့် ကျင့်ဝတ်သူတော်စင်တို့က သာမန်လူသားကမ္ဘာကြီးထဲတွင် ပေါ်မလာတော့သည့် အချိန်ကတည်းကစပြီး သူတို့က ဆန်းကြယ်ကမ္ဘာကြီးတွင် စည်းမျဉ်းများ ရေးသားနေသော ဂိုဏ်းတစ်ခုဖြစ်သည်။
အကယ်၍ ထိုပဋိပက္ခက ကွန်ဖြူးရှပ်ဂိုဏ်းကို နှစ်ခြမ်းကွဲသွားအောင် လုပ်ဆောင်နိုင်သော အရာတစ်ခု မဟုတ်လျှင်ပင် ထိုအရာကိုမြင်သည့်အခါ တခြားသောလမ်းစဉ်မှ တည်ထောင်သူများ ၊ အကြီးအကဲများက ကြိတ်၍ဝမ်းသာနေကြမည် မဟုတ်ပေလော။
ထို့နောက် ကွန်ဖြူးရှပ် ဂိုဏ်းထဲတွင် လျှို့ဝှက်လောင်းကစားပွဲတစ်ခုပင် ပေါ်လာခဲ့သည်။ ရှုံးနိမ့်သူက အရှုံးကိုဝန်ခံပြီး ကောင်းမှုသစ်တောထဲတွင် ကိုယ့်ကိုယ်ကိုယ် ချုပ်နှောင်ထားရမည်ဖြစ်သည်။
စာသင်သားအဘိုးအိုကြီးက ရှုံးနိမ့်သွားခဲ့သည့်အတွက် ကောင်းမှုသစ်တောထဲတွင် နေထိုင်ပြီး သေဆုံးမည့်အချိန်ကို စောင့်နေခဲ့ရ၏။ ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲတွင် သူ၏အဆင့်အတန်းက အကြိမ်ကြိမ် အဆင့်နှိမ့်ခံလိုက်ရပြီး အပိုင်းပိုင်းအစစ ပျက်စီးသွားသည်ကိုလည်း ဘာမျှမလုပ်နိုင်ပေ။
သို့သော် သူသဘောအကျဆုံးတပည့်က အဝေးကုန်းမြေကြီးဆီသို့ ခရီးသွားလာခဲ့ပြီး ကောင်းကင်တာအိုနှင့် စိန်ခေါ်နေရင်း သေဆုံးသွားခဲ့သည့်အချိန်တွင်တော့ စာသင်သားအိုကြီးက သူ၏ကတိကို ချိုးဖျက်ရန် တခြားသူတော်စင်များနှင့် အပေးအယူတစ်ခု လုပ်ခဲ့ရသည်။ ထိုအရာက ကွန်ဖြူးရှပ်သူတော်စင်တစ်ယောက်၏ အပေးအယူတစ်ခု သက်သက် မဟုတ်ချေ။
ထိုအစား လမ်းစဉ်မျိုးစုံရှိ သူတော်စင်အားလုံးနှင့် အပေးအယူလုပ်ခဲ့ရခြင်းဖြစ်သည်။ ထိုကဲ့သို့ အပေးအယူတစ်ခုကို မည်သူကမျှမျှော်လင့်မထားခဲ့ကြပေ။ မည်သို့ဖြစ်စေကာမူ သူတော်စင်များ၏ ကတိနှင့်သစ္စာကို အလွယ်တကူ ဖောက်ဖျက်၍ မရနိုင်ပေ။ မဟုတ်လျှင် တင်းကျပ်သော စည်းမျဉ်းများ ပြည့်နှက်နေသည့် ဤကမ္ဘာကြီးထဲတွင် မည်သူကမျှ အသိအမှတ်ပြုတော့မည် မဟုတ်ချေ။
စာသင်သားအိုကြီးက သူ၏ခန္ဓာကိုယ်နှင့် လျှို့ဝှက်ဆန်းကြယ်သော ကွန်ဖြူးရှပ်သူတော်စင်တစ်ပါး၏ စွမ်းရည်များကို စွန့်လွှတ်ခဲ့သည်။ ယခုသူက စိတ်ဝိညာဉ်တစ်ခုတည်းနှင့် ကမ္ဘာကြီးထဲကို ရိုးရှင်းစွာ သွားလာနေခဲ့ခြင်းဖြစ်၏။
လူငယ်လေး ချွေးချန်းက သူ့ကို ပြောပြီးသွားသည့်ချိန်ထိ စောင့်နေပြီးမှ သူ့ကို သက်ပြင်းချပြီး မေးလိုက်သည်။
"အခု မင်းပြောလို့ပြီးသွားပြီလား။ အခုအခြေအနေတွေကို ရှင်းပြဖို့ ငါ့အလှည့်ရောက်ပြီလား…"
ခံစားချက်များအားလုံးကို ဒေါတသကြီးပေါက်ကွဲလိုက်ပြီးနောက် ချွေးချန်းက ထိုစာသင်သား အဘိုးအိုကြီး၏ အတိတ်အောင်မြင်မှုများကို ပြန်လည်စဉ်းစားမိသည့်အခါ အနည်းငယ်စိုးရိမ်ပြီး ထိတ်လန့်သွားခဲ့သည်။ သူက ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။
စာသင်သားအိုကြီးက သက်ပြင်းချပြီးမေးလိုက်သည်။
"ချီကျင့်ချွန်ကို ကျား ကစားတဲ့ပညာ ဘယ်သူ သင်ပေးခဲ့တာလဲ…"
"ကျွန်တော်.... ကျွန်တော် သင်ပေးလိုက်တာ…"
ချွေးချန်းက ရင်ဘတ်ကိုပုတ်ပြီး ပြန်ဖြေလိုက်သည်။
စာသင်သားအိုကြီးက ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။
"မင်းတို့တွေက တခြားလူတွေနဲ့ အကျိုးအကြောင်း ဆွေးနွေးတဲ့အချိန်မျိုးမှာ တည်တည်ငြိမ်ငြိမ် ရှိရမယ်လို့ ငါ မင်းတို့အားလုံးကို ပြောခဲ့ဖူးတယ်။ တကယ်လို့ မင်းတို့က မဟာတာအိုအကြောင်း ဆွေးနွေးနေမယ် အငြင်းအခုံ လုပ်နေမယ်ဆိုရင်တောင် တည်ငြိမ်နေဖို့လိုတယ်…"
ချွေးချန်းက နားလည်သွားပြီး အသံတိုးတိုးနှင့် ပြန်ဖြေလိုက်သည်။
"အဲဒါက ကျွန်တော်ပဲ.။ ချီကျင့်ချွန်က ကျားကစားတဲ့နေရာမှာ ပါရမီမရှိဘူး။ ဒါကြောင့် သူက ခဏခဏရှုံးသွားတဲ့အချိန်မှာ ကျွန်တော်နဲ့ဆက်ပြီး မကစားတော့ဘူး…"
"ဒါဆိုရင် ကျားကစားတဲ့ပညာ မင်းကို ဘယ်သူသင်ပေးခဲ့တာလဲ…"
စာသင်သားအိုကြီးက မေးလိုက်သည်။
ချွေးချန်းက ထိုမေးခွန်းကို ပြန်မဖြေချင်ခဲ့ပေ။
"ငါပဲ...."
စာသင်သားအိုကြီးက အေးစက်စွာ ပြောလိုက်၏။
ချွေးချန်းက အတော်လေးဝမ်းနည်းသွားပြီး နောင်တရနေသလိုခံစားနေရသည်။
"အဘိုးကြီး... ခင်ဗျားက ဥပမာတွေကို ဘယ်လိုပေးရမယ်ဆိုတာ နားလည်သွားပြီလား…"
စာသင်သားအိုကြီးက ခဏရပ်လိုက်ပြီး ပင့်သက်ရှိုက်၍ ဆက်ပြောလိုက်သည်။
"မင်းက ကျားကစားတဲ့ပညာ ချီကျင့်ချွန်ကို သင်ပေးလိုက်တဲ့အချိန်မှာ မင်းက ပိုပြီး အရည်အချင်းရှိတာလား ဒါမှမဟုတ် ငါက ပိုပြီးအရည်အချင်းရှိတာလား.."
"ခင်ဗျားက ကျုပ်ထက်ပိုပြီး အရည်အချင်းရှိပါတယ်…"
ချွေးချန်းက တွေဝေစွာ ပြောလိုက်၏။
"ဒါဆိုရင် မင်းဆီကနေ ကျားထိုးပညာသင်ပြီး သိပ်မကြာခင် ချီကျင့်ချွန်က ငါ့ကိုအနိုင်ရခဲ့တယ်ဆိုတာရော သိလား…"
စာသင်သားအိုကြီးက မေးလိုက်သည်။
လူငယ်လေး ချွေးချန်းက အံ့ဩမှင်သက်သွားခဲ့၏။ သို့သော် သူကတော့ စာသင်သားအိုကြီး၏ စကားကို သံသယမဝင်ခံပေ။
"ချီကျင့်ချွန်က ငါ့ကို ဘာတွေတိတ်တဆိတ်ပြောခဲ့လဲဆိုတာရော မင်းသိလား.."
စာသင်သားအိုကြီးက မေးလိုက်သည်။
"သူ့ရဲ့ဆရာတူအစ်ကိုက ကျားကစားတာကို ဝါသနာပါတယ်။ ဒါပေမယ့် သူက အနိုင်အရှုံးကို အရမ်းအလေးထားလွန်းတယ်လို့ ပြောတယ်။ သူက ကျားကစားနေတဲ့ အချိန်မှာ မင်းကို အကြိမ်ကြိမ် မလှည့်စားချင်တော့ဘူး၊ မင်းက သူ့ကို အကြိမ်ကြိမ် ရှုံးနိမ့်သွားမယ်ဆိုရင် မင်း သဘောကျနေတဲ့ ဝါသနာတစ်ခုကို ဆုံးရှုံးသွားရလိမ့်မယ်.."
"အဲဒီလိုဆိုတော့ရော ဘာဖြစ်လဲ…"
လူငယ်လေး ချွေးချန်းက ခေါင်းမာစွာ တုံ့ပြန်လိုက်သည်။ စာသင်သားအိုကြီးက သူ၏ခေါင်းမာမှုကြောင့် အလွန်ဒေါသထွက်သွားပြီး ပြစ်တင်ကြိမ်းမောင်းလိုက်၏။
"မင်းက တကယ့်ကို ဝက်ခေါင်းပဲ... ဘာမှကို မပြောင်းလဲချင်ဘူး။ မင်းက အမှားတွေကို အကြိမ်ကြိမ်လုပ်ပြီး အဲဒီအမှားတွေကို ဝန်ခံဖို့အတွက် အချိန်အကြာကြီးယူရတယ်။ အဲဒါက ပြောင်းလဲနေတာလား.... ဟမ်..."
"ဒါဆိုရင် ကျွန်တော်က ဒီအမူအရာတွေကို ဘယ်သူ့ဆီကနေ သင်လာခဲ့တာလဲ.." လူငယ်လေးချွေးချန်းက ဒေါသတကြီး အော်ပြောလိုက်သည်။
စာသင်သားအိုကြီးက သူ့ကိုစိုက်ကြည့်လိုက်ပြီး ခဏကြာ တိတ်ဆိတ်သွားခဲ့၏။ အဆုံးတွင်တော့ သူက နောင်တရစွာပြောလိုက်သည်။
"မင်းရဲ့လှည့်ကွက်တွေထက်စာရင် မာကျန်းရဲ့သစ္စာဖောက်မှုကြောင့် တပည့်လေးချီက ပိုပြီးတော့ စိတ်ပျက်သွားခဲ့ရတယ်…"
"မာကျန်းလို လူတွေက စကားပြောဖို့တောင် မထိုက်တန်ဘူး…"
ချွေးချန်းက ခနဲ့သလို ပြောလိုက်သည်။
"သူ့ရဲ့ရည်မှန်းချက်က ကောင်းကင်ဘုံထက်တောင် ပိုပြီးတော့ ကြီးမားသေးတယ် ဒါပေမယ့် သူ့ရဲ့ဘဝကြီးကတော့ စာရွက်တစ်ရွက်လောက်တောင် အဖိုးမတန်ဘူး။ အနည်းဆုံးတော့ ကျွန်တော်က တာအိုအကူတစ်ခုကိုရပြီးရင် ကျွန်တော့ရဲ့ သင်ကြားမှုတွေ မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးဖို့ပဲ။ ဒါပေမယ့် သူလား.... သူကတော့ သူ့အဖော်ကို သစ္စာဖောက်ချင်တဲ့အပြင် ကျောင်းတော်ရဲ့တောင်တန်းသခင်ဆိုတဲ့ ဂုဏ်ပုဒ်ကို မက်ပြီး နောက်ပိုင်းမှာ ကွန်ဖြူးရှပ်ကျောင်းတော်ကို ဦးဆောင်ဖို့ အခွင့်အရေးတစ်ခု လိုချင်ခဲ့တယ်။ အဲဒီအရာက နာမည်ကျော်ကြားမှုလိုချင်ရုံသက်သက်ပဲ။ သူက သေတာနဲ့ပဲ ထိုက်တန်တယ်…”
“အဘိုးကြီး...
ခင်ဗျားက ချီကျင့်ချွန်ကို စကားလုံးတစ်ခု ပြောခဲ့တယ်လေ။ သင်ယူခြင်းက ရပ်တန့်လို့ မရနိုင်ဘူး။ အမည်းရောင်ဆိုတာက နက်ပြာရောင်ကနေ ထုတ်လုပ်နိုင်ပေမယ့် နက်ပြာထက် ပိုပြီးတော့ မည်းနက်တယ်။ ရေခဲဆိုတာ ရေကနေ ဖန်တီးထားတာဆိုပေမယ့် ရေထက်ပိုပြီးတော့ အေးစက်တယ်။ အဲဒီအချိန်တုန်းက သူ့ကို နှုတ်ဆက်ခဲ့တဲ့အချိန်မှာ အဲဒီစကားကို ပြောခဲ့တယ်။ ဒီစကားလုံးက ပျံ့နှံ့သွားခဲ့ပြီး ကျုပ် ကိုယ်တိုင် သတိထားမိတဲ့အရာတစ်ခုပဲ။ ဒါပေမယ့် ခင်ဗျားက မာကျန်းကိုတော့ ဘယ်လိုစကားမျိုးပေးခဲ့လဲ…"
"ကောင်းကင်နဲ့မြေကြီးက လူကြီးလူကောင်းတွေကို မွေးထုတ်ပေးတယ်။ လူကြီးလူကောင်းတွေကတော့ ကောင်းကင်ဘုံရဲ့ကိုယ်စား အစီအစဉ်တကျ လုပ်ဆောင်ပေးရတယ်။ တကယ့်ကို နှမြောစရာပဲ…"
စာသင်သားအိုကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
သူကတော့ မာကျန်းအတွက် ထိုစကားလုံးကို ပြောပြလိုက်သည်မှာ ကောင်းခြင်လားဆိုးခြင်းလား မပြောတတ်တော့ချေ။
ချွေးချန်းက ခနဲ့သလို ပြန်ပြောလိုက်၏။
"မာကျန်းက အဲဒီကလေးငယ်တွေနဲ့အတူ မြို့ငယ်လေးထဲကနေ ထွက်သွားတဲ့အချိန် ကျုပ်ရဲ့ကျားစေ့လေးတစ်စေက သူနဲ့အတူ ပါသွားခဲ့တယ်။ သူက အချက်အလက်တစ်ချို့ကိုတောင် ထုတ်ပြောဖို့ဆန္ဒရှိခဲ့တယ်။ သူက လီကျူးသုခဘုံထဲမှာ ဆက်နေသင့် မနေသင့် ချီကျင့်ချွန်နဲ့ ပြဿနာတက်ခဲ့တယ်လို့ ပြောတယ်။ အဆုံးမှာတော့ ချီကျင့်ချွန်က တော်တော်လေးကို ထူးဆန်းနေတဲ့အတွက် မာကျန်းကတောင် နားမလည်နိုင်ခဲ့ဘူး…”
“ဉာဏ်ကောင်းတဲ့လူတစ်ယောက်က ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာသိသလို ဘယ်အချိန်မှာ ရပ်နေရမယ်ဆိုတာလည်း သိတယ်။ အဲဒီအရူးမာကျန်းကတော့ ချီကျင့်ချွန် သေပြီးသွားတဲ့အချိန်မှာတောင် သူ့ရဲ့တစ်ကိုယ်ရည်ဆန္ဒတွေကို ဆက်ပြီးတော့ လုပ်နေတုန်းပဲ။ သူက ကျောင်းတော်တစ်ခုရဲ့ တောင်ထိပ်သခင်ဖြစ်လာဖို့ အိမ်မက်မက်နေသေးတယ်…”
“သေခြင်းတရားက နီးကပ်လာတဲ့အချိန်ကျမှပဲ သူက နားလည်သွားခဲ့တယ်။ နောက်ဆုံးမှာတော့ ကျောင်းငယ်လေးထဲမှာ သူနဲ့ စကားပြောနေတဲ့ အချိန်ကတည်းက ချီကျင့်ချွန်က သူ့ရဲ့အပြုအမူတွေကို ရိပ်မိနေတယ်ဆိုတာ သေချာသွားခဲ့တယ်။ ဒါပေမယ့် ချီကျင့်ချွန်က သူ့ကို မထုတ်ဖော်ချင်ခဲ့ဘူး။ သူက ကလေးတွေကို သေချာစောင့်ရှောက်ဖို့ပဲ မျှော်လင့်နေခဲ့တာ…”
“မာကျန်းက တော်တော်လေးကို နှေးကွေးတယ်။ သူက နှစ်ကြိမ်တိတိ နှောင့်နှေးခဲ့တဲ့အပြင် လိမ်လည်း လိမ်ခဲ့သေးတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ သူက သူ့ဘဝမှာ ပထမဆုံးအကြိမ် ကောင်းတာတစ်ခုလုပ်ခဲ့တာပဲ။ သူက ပြန်လည်ဝင်စားဖို့ အခွင့်အရေးကို စွန့်လွှတ်လိုက်ပြီး ကျုပ်ရဲ့ကျားစေ့လေးကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ ပြီးတော့ အဲ့ဒီကလေးတွေ မြို့ငယ်လေးဆီ လွတ်သွားအောင် ကူညီပေးခဲ့တယ်။ အဆုံးမှာတော့ အဲဒီပြဿနာတွေအားလုံးက ဒါကြောင့် ဖြစ်လာခဲ့တာပဲ…"
လူငယ်လေး ချွေးချန်းက နောက်ဆုံးစကားလုံးများကို ပြောနေရင်း အတော်လေးကို ဒေါသထွက်လာပုံရသည်။
စာသင်သားအိုကြီးက သက်ပြင်းချပြီးပြောလိုက်၏။
"လီကျူးသုခဘုံထဲမှာရှိတဲ့ လူတွေနဲ့ အကြောင်းအရာတွေ တော်တော်များမျာက ဖုံးကွယ်ထားတယ်။ အထူးသဖြင့် ချီကျင့်ချွန် နှစ်ပေါင်း(၆၀) အုပ်ချုပ်နေတဲ့ အတောအတွင်းပေါ့..။ ချီကျင့်ချွန်၊ အဘိုးကြီးယန်နဲ့ တခြားအစွမ်းထက်ပညာရှင်တွေက နောက်ကွယ်ကနေ ဒီကမ္ဘာငယ်လေးကို တဖြည်းဖြည်း ရှုပ်ထွေးပြီး ခန့်မှန်းလို့မရအောင် လုပ်ဆောင်ခဲ့ကြတယ်…"
အမှန်အတိုင်းပြောရလျှင် စာသင်သားသူတော်စင်ကဲ့သို့သော အဘိုးကြီး တစ်ယောက်ကပင် ထိုကမ္ဘာကြီးပေါ်၌ တွက်ချက်ရန် အလွန်အမင်းခက်ခဲသည်။ သူ၏ တွက်ချက်မှုက မှန်ကန်သည်ဟုလည်း မပြောရဲခဲ့ပေ။
"ရှင်တို့ စကားပြောလို့ပြီးသွားပြီလား..."
အရပ်ရှည်ရှည် မိန်းမပျိုက သိမ်မွေ့ညင်သာစွာ ပြောလိုက်သည်။
ထိုအချိန်တွင် စာသင်သား အဘိုးအိုက မျက်နှာပျက်သွားကြောင်း ချွေးချန်းက သတိထားမိခဲ့၏။ အဘိုးအိုက သက်ပြင်းချလိုက်ပြီး ပြန်လှည့်လာခဲ့ရာ အရပ်ရှည်ရှည် အမျိုးသမီးကလည်း သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။
စာသင်သားအဘိုးအိုက သူ၏အိတ်ကို ချလိုက်၏။ ထို့နောက် စာရွက်လိပ်တစ်ခုကို ထုတ်လိုက်ပြီးနောက် ထိုအရာကို လက်ထဲတွင် ကိုင်ထားလိုက်သည်။
ချန်းပင်အန်းက လုံးဝကို နားမလည်နိုင်ဖြစ်နေခဲ့၏။ သူ့အနားတွင် ရှိနေသော အမျိုးသမီးက သူ့ကိုကြည့်ပြီး အပြုံးနှင့်ပြောလိုက်သည်။
"မင်းက ခဏနေရင် ဓားချက်(၃)ချက် တိုက်ခိုက်နိုင်တယ်…"
သူမက မျက်မှောင်ကြုတ်လိုက်ပြီး ကြာရွက်၏အပြင်ဘက်၌ ရှိနေသော ကောင်းကင်ကြီးကို လှမ်းကြည့်လိုက်သည်။
"အဲဒါပြီးရင်တော့ ငါက မူလပုံစံကို ပြန်ပြောင်းတော့မယ်။ မင်းက အံ့ဩနေဖို့ မလိုတော့ဘူး"
သူမက ဖြည်းညင်းစွာပြောလိုက်၏။
ကိစ္စတစ်ခုကို မှတ်မိသွားပြီးနောက် သူမက တောင်းပန်သော အသံနှင့် ထပ်ဖြည့်ပြောလိုက်သည်။
"ငါက စကားတစ်ခွန်းပြောဖို့ မေ့ကျန်နေတာ…"
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက မော့ကြည့်လိုက်သည်။
အရပ်ရှည်ရှည် အမျိုးသမီး၏ အမူအရာက ပို၍လေးစားလာပြီး ပြောလိုက်သည်။
"သခင်... "