← Chapters

အခန်း (၁၅၃)

Vol. 11 Ch. 153

အခန်း (၁၅၃)

Vol. 11 Ch. 153

အနီဝတ်ကလေးမလေးက ခဏကြာ စိတ်ပျက်သွားခဲ့သော်လည်း သူမက လီပေါင်ဖျင် ဖြစ်သည်။ သူမက လျင်မြန်စွာ အားအင်ပြည့်ဝလာပြီး စိတ်ရ‌ွှင်လန်းလာခဲ့၏။ ထို့နောက် သူမ၏ခြေထောက်လေးများကို တိတ်တဆိတ် လျှောက်လှမ်းပြီး အရပ်ရှည်ရှည် မိန်းမပျို၏နောက်ဖက်မှနေ၍ ဘယ်ဖက်ခြမ်းကို ရွေ့လာခဲ့သည်။ တဖြည်းဖြည်းနှင့် သူမ၏ခြေထောက်လေးကို ဆက်၍ လှုပ်ရှားနေရင်း အရပ်ရှည်ရှည်မိန်းမပျို၏ ညာဘက်ခြမ်းကို ရောက်လာခဲ့၏။

သူမက ထိုမိန်းမပျို၏အဝတ်အစားကိုကြည့်ပြီး သူမ၏ကြာရွက်ကို စစ်ဆေးကြည့်နေခဲ့သည်။ ထိုအရာများက အလွန်လှပသည်ဟု ခံစားမိခဲ့၏။ အရပ်ရှည်ရှည် မိန်းမပျိုကလည်း အလွန်ဆွဲဆောင်မှုရှိခဲ့သည်။

ချွေးချန်း၏ပေါက်ကွဲသံနှင့် စာသင်သားအိုကြီး၏ ကြိမ်းမောင်းသံကို နားထောင်ခဲ့ပြီးနောက် ချန်းပင်အန်းက အကြောင်းအရာ အနည်းငယ်ကို သတိထားမိလာခဲ့သည်။ သို့သော် သူက မယုံကြည်နိုင်သေးသလို ခံစားနေရသည့်အတွက် အရပ်ရှည်ရှည် မိန်းမပျိုကို တိတ်တဆိတ် မေးလိုက်သည်။

"ဒီစာသင်သားအိုကြီးက ဆရာချီရဲ့ဆရာလား။ သူက စာသင်သား သူတော်စင်လား ဒါမှမဟုတ် တစ်ခုခုလား။ အစွမ်းထက်တဲ့ ကွန်ဖြူးရှပ်သူတော်စင်တစ်ယောက်လား…"

ထို့ကြောင့်လည်း သူတို့၏ခရီးလမ်းတွင် အနိမ့်အမြင့် အတက်အကျမျိုးစုံ ပြည့်နှက်နေခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့က အိုက်လျန်၊ ဖုန်းရွယ်ကျောင်းဆောင်မှ မြေပြင်ဓားအင်မော်တယ်နှင့် ချွေးမျိုးရိုးကောင်လေးတို့ကို တွေ့ခဲ့ရခြင်းဖြစ်၏။

အရပ်ရှည်ရှည်မိန်းမပျိုက ခေါင်းညိတ်ပြီး အပြုံးနှင့်ပြန်ဖြေလိုက်သည်။

"ဟုတ်တယ် အဲဒီအတိုင်းပဲ..."

ထိုအရပ်ရှည်ရှည်မိန်းမပျို၏ အစစ်အမှန်နောက်ကြောင်းကတော့ ကျောက်တုံးတံတား၏ အောက်တွင် ချိတ်ဆွဲထားသော ဓားအိုကြီး၏ ဓားဝိညာဉ် ဖြစ်သည်။ သူမက နှစ်ပေါင်းတစ်သောင်းနီးပါးခန့် စောင့်ဆိုင်းနေခဲ့စဉ် ဤကမ္ဘာကြီးထဲတွင် နောက်ဆုံးသော နဂါး၏သေဆုံးမှုကိုပင် ကိုယ်တိုင်မြင်တွေ့ခဲ့ရသည်။

ထိုအရာက လမ်းစဉ်(၃)သွယ်နှင့် အတွေးအခေါ်(၁၀၀)‌ကျောင်းက အစွမ်းထက် ချီကျင့်ကြံသူများ ပါဝင်တိုက်ခိုက်ခဲ့သော နောက်ဆုံးတိုက်ပွဲကြီးတစ်ခု ဖြစ်သည်။ ထိုသို့ဆိုရာတွင် သူတို့ကလည်း အပျက်အစီးမြောက်များစွာကို ခံစားခဲ့ရ၏။ ကောင်းကင်ပေါ်မှ အလောင်းများစွာ ပြုတ်ကျလာခဲ့ပြီး မြေပြင်ပေါ်တွင် ပျက်စီးသွားသည်။

သူတို့၏ စိတ်ဝိညာဉ်များက အတူတကွ စုဝေးလာပြီး ပျက်စီးသွားခဲ့ခြင်း မရှိချေ။ အစစ်အမှန်နဂါးကို သတ်ပြီးသွားသည့်အချိန်တွင် နဂါး၏ကံကြမ္မာနှင့် သူတို့က တဖြည်းဖြည်း ပေါင်းစပ်လာခဲ့သည်။ အဆုံးတွင်တော့ ထိုအရာက လီကျူးသုခဘုံ ဖြစ်ပေါ်လာခဲ့၏။ အရပ်ရှည်ရှည်မိန်းမပျို၏မျက်လုံးထဲတွင်တော့ ထိုအရာက ကလေးငယ်များ၏ တိုက်ပွဲတစ်ခုထက် မပိုခဲ့ပေ။

ဓားဝိညာဉ်က တစ်ချိန်လုံး အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ သူမ၏မျက်လုံးများက ရံဖန်ရံခါ ဝင်းလက်တောက်ပလာပြီး အလွန်လှပသော ပစ္စည်းအနည်းငယ်ကို တိတ်တဆိတ် ယူဆောင်ထားခဲ့သည်။

မူလတုန်းကတော့ သူမက ဘဝတစ်လျှောက်လုံး အလွန်ကြီးကျယ်ခမ်းနားသော ရှေးဟောင်းအကြွင်းအကျန်နယ်မြေကိုကြည့်ပြီး အိပ်စက်နေရင်း ကုန်ဆုံးသွားရမည်ဟု တွေးမိခဲ့သည်။ သူမက ထိုရှေးဟောင်းအပျက်အစီးများထဲသို့ သွားလာပြီး တစ်ကိုယ်တော်စိတ်ဝိညာဉ်များ၊သရဲတစ္ဆေများထက်ပင် နိမ့်ကျသွားပါလိမ့်မည်။

ထို့နောက် သူမက အချိန်ကာလ၏ တိုက်စားမှုကြောင့် တဖြည်းဖြည်းနှင့် စိတ်ဝိညာဉ်စွမ်းအားများ ကုန်ဆုံးသွားမည့်နေ့ကို ရောက်လာပါလိမ့်မည်။ သို့သော် လီကျူးသုခဘုံ ပျက်စီးမသွားသေးခင် သူမက ချန်းပင်အန်းကို သူမ၏ဒုတိယသခင်အဖြစ် ရွေးချယ်ခဲ့သည်။

သူမက ဓားပါရမီရှင် နင်ယောင်နှင့် အံ့ဩစရာကောင်းသော မာခူရွှမ်တို့ကို ရွေးချယ်ခြင်း မရှိသည့်အပြင် ရှဲ့ရှီ၊ ချောင်ကျိနှင့် မြို့ငယ်လေးထဲမှ ထွက်ပေါ်လာသော တခြားပါရမီရှင်များကိုလည်း ရွေးချယ်ခဲ့ခြင်း မရှိခဲ့ချေ။ အမှန်အတိုင်း ပြောရလျှင် ထိုအရာများအားလုံးက ချီကျင့်ချွန်၏ကျေးဇူးကြောင့်သာ ဖြစ်သည်။

ပထမဆုံး အမိုးတံတားပေါ်တွင် သူတစ်ယောက်တည်း ထိုင်နေသည့် ညအချိန်၌ ဖြစ်သည်။ “မြင့်တက်လာသော လေလှိုင်းများက ရေလှိုင်းများကို ဖျက်ဆီးနိုင်သည်” ဟူသော ဆိုင်းဘုတ်အောက်တွင်ထိုင်နေရင်း သူက ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးကို သေချာအာရုံစိုက်ကြည့်ရန် သူမကို တိုက်တွန်းခဲ့သည်။ တစ်ကြိမ်တစ်ခါဖြစ်ဖြစ် ကြည့်ရှုရန် ပြောဆိုခဲ့၏။

အမှန်အတိုင်းပြောရလျှင် သူမက ချန်းပင်အန်းကို ပထမဆုံး ကြည့်ခဲ့သည့်အချိန်၌ ဓားဝိညာဉ်က မည်သည့်အရာကိုမျှခံစားမိခဲ့ခြင်း မရှိချေ။ သူမက ဘဝတစ်လျှောက်လုံး အံ့ဩစရာကောင်းသော မြင်ကွင်း‌ပေါင်းများစွာကို မြင်တွေ့ခဲ့ပြီးသား ဖြစ်သည်။ ထိုအတွက်ကြောင့် သူမက လုံးဝကို အေးစက်နေခဲ့၏။

သူမအတွက်တော့ လီကျူးသုခဘုံကြီးက ပျက်စီးသွားမည်ဆိုလျှင်ပင် ဘာများဖြစ်နိုင်မည်နည်း။ အကယ်၍ ကောင်းကင်တာအိုက ဆိုးကျိုးတစ်ခု ဖန်တီးလိုက်ပြီး ဤကမ္ဘာငယ်လေးထဲရှိ မြို့သူမြို့သားများကို ကန့်သတ်ချက်တစ်ခု ပေးလိုက်လျှင်ရော ဘာများဖြစ်လာမည်နည်း။ ထိုအရာများအားလုံးက သူမအပေါ် သက်ရောက်စေနိုင်ခြင်း မရှိချေ။

သို့သော် ဘာကြောင့် ချီကျင့်ချွန်ကဲ့သို့ ကိုယ်ပိုင်သင်ကြားမှုတစ်ခုကို တည်ထောင်ရန် လုံလောက်သော စာသင်သားတစ်ယောက်က ကျောင်းမတက်ဖူးသလို စာမဖတ်ဖူးသော လူငယ်လေးတစ်ယောက်ကို ဘာကြောင့် စိတ်ဝင်စားနေကြောင်း ဘာကြောင့် မျက်စိကျနေကြောင်း သူမက အမှန်တကယ် စိတ်ဝင်စားလာခဲ့သည်။

ထို့ကြောင့် သူမက ထိုနေ့မှစပြီး ချန်းပင်အန်းကို နောက်ထပ် အကြိမ်အနည်းငယ် စောင့်ကြည့်နေခဲ့၏။ သို့သော် သူမက မည်သည့်အရာကိုမျှ ခံစားမိခဲ့ခြင်း မရှိသေးချေ။ ထို့နောက်တွင်တော့ သူမက အလွန်ပျင်းရိလာခဲ့ပြီး မြို့ငယ်လေးထဲတွင် သူတော်စင်၏ အစွမ်းကိုသုံး၍ ချီကျင့်ချွန် ချန်ထားခဲ့သော ရေစက်လေးများကို အမှတ်ရသွားခဲ့သည်။

ချီကျင့်ချွန်က အလွန်လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်တစ်ခုကိုသုံးပြီး ထိုရေစက်လေးများကို စုစည်းခဲ့သည်။ ထို့နောက် အမိုးတံတား၏အောက်ဖက်တွင် ထည့်ထားပေးခဲ့၏။ ထို့နောက် ထိုနေရာတွင် တစ်ညလုံးနီးပါး ထိုင်နေခဲ့သည်။

ထိုလက်ခုပ်ထဲရှိ ရေထဲတွင် မှတ်တမ်းတင်ထားသော တချို့အဖြစ်အပျက်များက လွန်ခဲ့သော နှစ်ပေါင်းများစွာ အတောအတွင်း လီကျူးသုခဘုံထဲ၌ ဖြစ်ခဲ့သော အဖြစ်အပျက်တစ်ချို့ပါဝင်နေသည်။

တစ်နေ့တွင်တော့ သူမလည်း လုပ်စရာမရှိသည့်အတွက် တစ်စုံတစ်ခုကို ရှာဖွေသင့်သည်ဟု ခံစားမိခဲ့သည်။ ထို့ကြောင့် သူမက လူသားပုံသဏ္ဍာန် ပြောင်းလဲလိုက်ပြီး အမိုးတံတား၏အောက်ဘက် ရေပေါ်တွင် ပျံသန်းနေခဲ့သည်။ သူမက ရေလှိုင်းလေးများထဲတွင် သူမ၏ဆံနွယ်လေးများကို သပ်နေခဲ့၏။

ထိုနေရာတွင် မှတ်တမ်းတင်ထားသည်မှာ ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေး၏ဘဝ ဖြစ်သည်။ ထိုအထဲတွင် ကီလိုမီတာတစ်ထောင်ခန့်ပင် ဆွဲဆန့်နိုင်သော လှည့်ကွက်၊ ထောင်ချောက်များစွာ ပါဝင်နေသည်။ လမ်းကြားလေးထဲတွင် အသေးအဖွဲ့ ပြဿနာများ ၊ လူသတ်ချင်စိတ်များကို ဖုံးကွယ်ထားသော သနားကြင်နာသည့် လုပ်ရပ်များ ၊ မရည်ရွယ်ထားသော လုပ်ရပ်များမှ ဖြစ်ပေါ်လာသော ဒုက္ခများ၊ ပျော်ရွှင်သော ပြန်လည်ပေါင်းစည်းမှုနှင့် ဝမ်းနည်းစရာကောင်းသော နှုတ်ဆက်ခွဲခွာမှုများ၊ ဝမ်းနည်းပူဆွေးမှုနှင့် လှိုက်လှိုက်လှဲလှဲ စိတ်ခံစားချက်များ၊ သေခြင်းရှင်ခြင်း သဘောတရားများစွာ ပါဝင်နေခဲ့သည်။

ထိုအရာက အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ဓားဝိညာဉ်က ခံစားမိခဲ့သည်။ အနည်းဆုံးတော့ ကလေးများနှင့် တီကောင်တစ်ကောင်၏ တိုက်ပွဲကို ကြည့်နေရခြင်းထက်ပို၍ စိတ်ဝင်စားစရာကောင်းသည်။

ဥပမာအနေနှင့်ပြောရလျှင် ချန်းပင်အန်းလေးက သူ၏ခန္ဓာကိုယ်တစ်ဝက်ခန့် အရွယ်အစားရှိသော ခြင်းတောင်းကြီးတစ်ခုကို သယ်ဆောင်ပြီး ဆေးပင်ခူးရန် တောင်တန်းထဲသို့ သွားတော့မည်ဟု ပြောခဲ့သည်ကို မြင်ခဲ့ရသည်။ သို့သော် သူကတော့ တောင်ခြေကိုပင် မရောက်သေးခင် အော်ဟစ်ငိုကြွေးနေခဲ့၏။

ဥပမာအနေနှင့်ပြောရရင် ထိုကောင်လေးက ထိုင်ခုံငယ်လေးတစ်ခုပေါ်တွင် မတ်တပ်ရပ်ပြီး ယနေ့ညတွင် အလွန်အရသာရှိသော စားစရာတစ်ခုကို သေချာပေါက် ချက်မည်ဟု တီးတိုးပြောဆိုနေခဲ့သည်။ ထိုစားစရာက ငံ၍မရသလို့ ပေါ့၍လည်းမရဘဲ အနေတော်သာ ဖြစ်ရမည်ဖြစ်၏။

ဥပမာအနေနှင့်ပြောရလျှင် ထိုကောင်လေးက ပါးစပ်မှ သားရေများ ကျနေသော်လည်း တုတ်ထိုးသကြားလုံး ရောင်းချသော ဈေးဆိုင်မှ အဝေးကို ထွက်ပြေးသွားခဲ့သည်။ သူက လွန်ခဲ့သောနှစ်တွင် စားသုံးခဲ့သော စားစရာ၏အရသာကို ပြန်လည်ခံစားရန်သာ အကောင်းဆုံး ကြိုးစားနေခဲ့သည်။

ဥပမာအနေနှင့်ပြောရလျှင် ထိုကောင်လေးက အသက်ရှင်ခွင့်ရရန်အတွက် မွန်းတည့်ချိန် စမ်းချောင်းထဲတွင် ငါးဖမ်းသွားသည့်အချိန်မျိုးတွင် ဖြစ်သည်။ မွန်းတည့်ချိန်တွင် နတ်ဘုရားများနှင့် အင်မော်တယ်များကပင် ငါးဖမ်းရန် အတော်လေး ခက်ခဲကြသည်။ နောက်ဆုံးတွင်တော့ သူက တစ်ကိုယ်လုံး မီးသွေးတုံးတစ်ခုကဲ့သို့ အဆုံးသတ်သွားခဲ့ရ၏။

ဓားဝိညာဉ်က ထိုအခက်အခဲများအားလုံးကို သိနေခဲ့သည်။ သို့သော် ထိုအခက်အခဲများက ကျော်လွှားရန် ခက်ခဲသော အခက်အခဲ များဟု လုံးဝသတ်မှတ်ထားခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမ၏မူလသခင်က အလွန်ဝေးကွာသော နယ်မြေများကို သွားလာခဲ့ပြီး တိုက်ပွဲပေါင်းများစွာကို တိုက်ခိုက်ခဲ့သည်။ သူမက အလောင်းတောင်ကြီးနှင့် သွေးပင်လယ်ကိုပင် တွေ့မြင်ခဲ့ဖူး၏။

အမှန်အတိုင်း ပြောရလျှင်တော့ နတ်ဘုရားများနှင့် အင်မော်တယ်များ၏ အလောင်းများက စုပုံထားမည်ဆိုလျှင် တောင်ကြီးတစ်တောင်ကဲ့သို့ပင် ဖြစ်နိုင်သည်။ တုတ်နှင့်ထိုး၍ ရနိုင်သော မဟာနတ်ဆိုးများ၏ နတ်ဆိုးဝင်ရိုးများကလည်း မရေမတွက်နိုင်ခဲ့ပေ။ ထိုအရာက အလွန်တန်ဖိုးရှိသော တုတ်ထိုးသကြားလုံးများပင် ဖြစ်နိုင်၏။

အပြင်ဘက်ကမ္ဘာကြီးမှ နတ်ဆိုးများက လောကအပြင်ဘက်တွင် အလွန်ကြောက်စရာကောင်းလှသော်လည်း သူမနှင့် သူမ၏သခင်တို့က ဓားချက်တစ်ချက်တည်းနှင့် ရှင်းပစ်နိုင်ခဲ့သည်။

ထို့ကြောင့် ချီကျင့်ချွန်က သူမဆီကို နောက်တစ်ကြိမ် လာလည်ခဲ့သည့်အချိန်တွင် သူမက လက်မခံနိုင်သေးပေ။ စကားပြောရာတွင် အလွန်အမင်း ကောင်းမွန်သော စာသင်သားတစ်ယောက် ဖြစ်သည့် ချီကျင့်ချွန်ကပင် အကြံကုန်သွားပြီး ထိုရေစက်များကို ပြန်လည်ရုတ်သိမ်းခဲ့ရသည်။

အမိုးတံတားပေါ်တွင် ရပ်နေရင်း သူက နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းထဲသို့ စီးလာသော ရေထဲသို့ ညင်သာစွာ သွန်ချလိုက်ရာ ထိုပုံရိပ်များက ဖြည်းညင်းစွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုအထဲတွင် စာပို့ရန်အတွက် လမ်းကြားလေးများထဲတွင် အလျင်အမြန် ပြေးနေသော ချန်းပင်အန်း၏ပုံရိပ်များ၊ မိခင်၏ ကျန်းမာရေး ကောင်းမွန်စေရန် အင်မော်တယ်အုတ်ဂူသို့ သွားရောက်ဆုတောင်းနေသော ချန်းပင်အန်း၏ ပုံရိပ်များ ပါဝင်နေခဲ့သည်။

ထိုရေစက်များကို စတင်သွန်ချနေသည့်အချိန်တွင် ချီကျင့်ချွန်ကတော့ ဓားဝိညာဉ်ကို နောက်တစ်ကြိမ် မဖြောင်းဖျတော့ရန် ဆုံးဖြတ်လိုက်သည်။ ထိုရေစက်များကို သွန်ချလိုက်ပြီးနောက် ချီကျင့်ချွန်က အမိုးတံတား၏ တစ်ဖက်အစွန်းကို လျှောက်သွားခဲ့၏။

ထိုအချိန်တွင် သူကိုယ်တိုင် မထင်မှတ်ဘဲ ပြောခဲ့မိသော မှတ်ချက်တစ်ခုက ဓားဝိညာဉ်၏ ကျောက်တုံးနှလုံးသားကို အနည်းငယ်လှုပ်ရှားသွားစေနိုင်ခဲ့သည်။

"ငါတို့အားလုံးက ဒီကမ္ဘာကြီးပေါ် စိတ်ပျက်နေခဲ့ကြတယ်…"

ဓားဝိညာဉ်က တည်ငြိမ်နေခဲ့ပြီး စမ်းချောင်းထဲတွင် လုံးဝပျောက်ကွယ်သွားတော့မည့် ရေစက်လေးကို ကြည့်နေခဲ့သည်။ နောက်ဆုံးမြင်ကွင်းကတော့ လူငယ်လေးက ရွှံ့ပုလင်းလမ်း ကြားထဲတွင် သူ့အဖေကို နှုတ်ဆက်နေသော မြင်ကွင်းဖြစ်သည်။

“အဖေ.. အခုကျွန်တော်က (၅)နှစ်ရှိသွားပြီ ။ ကျွန်တော်က အရွယ်ရောက်ပါပြီ…"

ထိုလူ၏နောက်ကျောကိုကြည့်ပြီး ဓားဝိညာဉ်က ပြောလိုက်၏။

"သူ့ကို အမိုးတံတားပေါ် ဖြတ်ခိုင်းလိုက်ပါ…"

"တကယ်လို့ သူသာ ဇွဲရှိပြီး ရှေ့ကို ဆက်လျှောက်နိုင်မယ်ဆိုရင်တော့ ငါက မင်းရဲ့တောင်းဆိုချက်ကို စဉ်းစားပေးနိုင်တယ်…"

ချီကျင့်ချွန်က အလွန်အံ့ဩနေသည့်အမူအရာနှင့် ပြန်လှည့်လာပြီး အားရပါးရ ရယ်လိုက်သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ငါက ချန်းပင်အန်းကို ယုံကြည်တယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကိုယုံကြည်ပါ။"

စာသင်သားက အမိုးတံတားပေါ်မှ ဆင်းသွားခဲ့သည်။ ထို့နောက် သူ၏ အင်္ကျီလက်ကတော့ လေထဲတွင် ဖောင်းကားနေသလို ဖြစ်နေခဲ့၏။ ထိုအင်္ကျီလက်များထဲတွင် ချီကျင့်ချွန်၏ ငယ်ရွယ်နုပျိုမှုများ ပြည့်နှက်နေသလို ထင်မှတ်ရသည်။

ဓားဝိညာဉ်၏အတွေးများကို လူငယ်လေး၏ မေးခွန်းတစ်ခုက နှောင့်ယှက်လိုက်သည်။

"သူက ဆရာချီရဲ့ဆရာဆိုမှတော့ ကျွန်တော်တို့က အချင်းချင်း မတိုက်ခိုက်လို့ မရဘူးလား…"

ချန်းပင်အန်းက သေချာဂရုစိုက်၍ မေးလိုက်သည်။

ဓားဝိညာဉ်က အဖြူရောင်ကြာရွက်ကလေးကို လွှတ်ပေးလိုက်ရာ ထိုအရာက လေထဲတွင် လွင့်မျောနေခဲ့သည်။ ကြာရွက်လေးက တဖြည်းဖြည်းကြီးမားလာပြီး အလွန်ကြီးမားလွန်းလှသည့်အတွက် (၅)ကီလိုမီတာ ပတ်ပတ်လည်ကို ဖုံးလွှမ်းသွားခဲ့သည်။

ထို့နောက် သူမက ခေါင်းခါပြီး ပြန်ဖြေလိုက်၏။

"ဆရာချီအတွက် မင်းက ဒီတိုက်ပွဲကို တိုက်ခိုက်ရမယ်…"

ချန်းပင်အန်းက ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ကျွန်တော်က အကြောင်းပြချက်ကို မသိပေမယ့် ဒီကိစ္စက ဆရာချီနဲ့ပတ်သက်နေပြီး အင်မော်တယ်အစ်မကြီး ကိုယ်တိုင်ပြောနေမှတော့ ကျွန်တော်က ယုံကြည်ပါတယ်.."

သူက ခဏရပ်လိုက်ပြီးနောက် မျက်လုံးထဲတွင် ဆုံးဖြတ်ချက်ပြတ်သားသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက အရပ်ရှည်ရှည် မိန်းမပျိုကို ကြည့်ပြီး ပြုံးလိုက်၏။

"ကျွန်တော် တိုက်ခိုက်ပါ့မယ်..."

ဓားဝိညာဉ်က အချိန်ဆွဲရန်ကြိုးစားနေသော စာသင်သားအိုကြီးကို အပြုံးနှင့် လှည့်ကြည့်လိုက်သည်။

သူက ထိုစာရွက်လိပ်ပေါ်တွင် ရှိနေသော ကြိုးကို ယခုချိန်ထိ ဖြေမချသေးပေ။ သူကတော့ တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။

"တစ်ချိန်တုန်းကတော့ ငါက ဗဟုသုတအသစ်တွေ ရှာဖွေဖို့အတွက် စာကြည့်တိုက်ထဲမှာ ဘယ်လိုပုန်းနေရမလဲဆိုတာပဲ သိတယ်။ ဒါကြောင့် ငါက အကြောင်းအရာတွေ အများကြီးကို လွတ်သွားခဲ့ရတယ်။ ကောင်းမှုသစ်တောထဲကနေ ထွက်လာပြီးတဲ့ အချိန်မှာတော့ ငါ အရင်တုန်းက မနေဖူးတဲ့ပုံစံမျိုးနဲ့ နေထိုင်ဖို့ ကြိုးစားခဲ့တယ်။ ဥပမာအနေနဲ့ ပြောရရင် စာဖတ်နေရင်း အရက်သောက်တာမျိုး၊ တခြားသူတွေနဲ့ ငြင်းခုံတာမျိုး၊ စပ်တဲ့စားစရာတွေကို စားတာမျိုး၊ အဝတ်ဗလာနဲ့ ရေကူးတာမျိုးပေါ့။ ငါက နေရာပေါင်းစုံကိုလည်း ခရီးသွားခဲ့ပြီး နာမည်ကျော်တောင်တန်းတွေ၊ မြစ်တွေကိုလည်း မြင်တွေ့ခဲ့ရတယ်…"

"စာသင်သားသူတော်စင်...

အခုချိန်ထိ ရှင်မကြုံရသေးတဲ့ အရာတစ်ခု ရှိနေသေးတယ်။ အဲဒါက လည်ပင်းပေါ်ကို ရောက်နေတဲ့ ဓားမောက်တစ်ချောင်းပဲ... ကျွန်မက ဓားတစ်ချောင်းကို ဆိုလိုတာ။ ရှင်က အချိန်ဆွဲနေမယ် ဆိုရင်လည်း ဘာမှကွဲပြားသွားမှာ မဟုတ်ဘူး…"

ဓားဝိညာဉ်က အပြုံးနှင့် ပြောလိုက်သည်။

"ငါက မင်းတို့နှစ်ယောက်ဝင်လာမယ့်အချိန်ကို စောင့်နေတာ မမြင်ဘူးလား…"

စာသင်သားအိုကြီးက ပြောလိုက်သည်။

ဓားဝိညာဉ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

"ရှင့်ရဲ့ကံတရားကို မစမ်းသပ်ချင်နဲ့ အဘိုးကြီး...."

"အဘိုးကြီးလား..."

စာသင်သားအိုကြီးက ပြုံးလိုက်သည်။

"ကျွန်မက ဒါကိုမှတ်ထားပေးမယ်..."

ဓားဝိညာဉ်က အလွန်နူးညံ့သိမ်မွေ့သော အပြုံးနှင့် ပြန်ဖြေလိုက်သည်။

စာသင်သားအိုကြီးက လိုက်လျောညီထွေဆက်ဆံရန်သာ ဆုံးဖြတ်လိုက်သည်။

"ဒါဆိုလည်း ငါတို့က တိုက်ခိုက်ကြတာပေါ့..။ ဘယ်သူက ဘယ်သူ့ကို ကြောက်ရမှာလဲ။ ငါက မတိုက်ခိုက်နိုင်ဘူးလို့ တကယ်ထင်နေတာလား။ ငါ့ရဲ့တိုက်ခိုက်စွမ်းရည်က ငါ့ရဲ့အငြင်းအခုံစွမ်းရည်ကို မမီတာပဲရှိတယ်…"

နောက်ဆုံးတွင်တော့ သူက စာရွက်လိပ်ကို ဖြေချလိုက်ပြီး လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။ ထိုအချိန်တွင် ပန်းချီကားထဲမှနေ၍ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအက်ကွဲကြောင်းက မြေပေါ်တွင် ကန့်လန့်ဖြတ်ပေါ်လာပြီး စာသင်သားအိုကြီးက စာရွက်လိပ်၏ တခြားတစ်ဖက်စွန်းကို သေချာကိုင်ထားခဲ့သည်။

ထို တောင်တန်းနှင့်မြစ် ပန်းချီကားက အလွန်အမင်းကို ရှည်လျားပြီး ရေတွင်းအိုကြီး၏ ပတ်ပတ်လည် နယ်မြေတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။ ပထမတော့ ချန်းပင်အန်းက ရှောင်တိမ်းချင်ခဲ့သော်လည်း အရပ်ရှည်ရှည်မိန်းမပျိုက သူ့ပုခုံးကို ကိုင်ထားသည့်အတွက် သူလည်း လှုပ်ရှား၍ မရနိုင်တော့ပေ။

အကြောက်အလန့်မရှိသော လီပေါင်ဖျင်ကတော့ ဆောင့်ကြောင့်ထိုင်လိုက်ပြီး ပန်ချီကားကို သေချာလေ့လာနေခဲ့၏။ သူမက နယ်မြေများကို တစ်နေရာပြီးတစ်နေရာ လက်နှင့် ထောက်ကြည့်နေခဲ့သည်။ ထိုအချိန်တွင် လူငယ်လေးချွေးချန်းကတော့ စာသင်သားအိုကြီး၏နောက်တွင် ရပ်နေပြီး သူ၏အဝတ်ထုပ်ကို သယ်ဆောင်ပေးထားခဲ့၏။

"ရုတ်သိမ်းလိုက်တော့..."

စာသင်သားအိုကြီးက တီးတိုးရေရွတ်လိုက်သည်။

ရေတွင်းအိုကြီး၏အနားတွင် ထိုင်နေပြီး ပန်းချီကားကို လေ့လာနေသော ကလေးမလေးက ချက်ချင်းသတိပြန်ဝင်လာခဲ့၏။ ကြမ်းခင်းပေါ်တွင် ရှိနေသော ပန်းချီကားက ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းတွင် သူမ၏ ဦးလေးငယ် ၊ နတ်သမီးတစ်ယောက်ပုံစံ လှပသော်လည်း ဒေါသကြီးသော သရဲမ အစ်မကြီး သူမက ဆရာဘိုးဘိုးဟု ခေါ်သင့်သော သူမဆရာ၏ ဆရာတို့ကလည်း မြင်ကွင်းထဲမှ ပျောက်ကွယ်သွားခဲ့သည်။

သူမက မော့ကြည့်လိုက်ရာ ပန်းချီကားက စာရွက်လိပ်ကလေးအဖြစ် နောက်တစ်ကြိမ် ပြောင်းလဲသွားပြီး လေထဲတွင် ပျံဝဲနေကြောင်း တွေ့လိုက်ရ၏။

လူငယ်လေးချွေးချန်းကတော့ ထိုအရာကြောင့် အံ့ဩသွားခဲ့ခြင်း မရှိချေ။ သူက ထိုနေရာတွင် တိတ်တဆိတ် ရပ်နေပြီး စာသင်သားအိုကြီး၏အထုပ်ကို လွယ်ထားခဲ့သည်။ ထိုအချိန်တွင် သူ့ဆီ၌ ဒေါသနှင့် မကျေနပ်မှုများသာ ရှိနေ၏။ သူ၏လွတ်လပ်ခွင့်က နောက်တစ်ကြိမ် ပျောက်ဆုံးသွားခဲ့ရသည်။

လီပေါင်ဖျင်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး တံဆိပ်ကို လေထဲတွင် ကိုင်ထား၍ ကျယ်လောင်စွာ မေးလိုက်သည်။

"ချွေးမျိုးရိုး....

ကျွန်မရဲ့ဦးလေးငယ်က ဘယ်မှာလဲ။ တကယ်လို့ ရှင်မပြောဘူးဆိုရင် ကျွန်မက ရှင့်ကို ဒီတံဆိပ်နဲ့ တိုက်ခိုက်ရလိမ့်မယ်။ ကျွန်မက တစ်ခြားသူကို တိုက်ခိုက်တဲ့အချိန် စွမ်းအားကို မထိန်းနိုင်တဲ့အတွက် ရှင်သာ မတော်တဆ သေဆုံးသွားရင် ကျွန်မက တာဝန်မယူနိုင်ဘူး…"

ချွေးချန်းက ထိုကလေးမလေးကိုကြည့်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။

"ဒါဆိုလည်း ငါ့ကို သေသွားအောင် တိုက်ခိုက်လိုက်လေ..."

"ရှင်က ကျွန်မကို စိန်ခေါ်နေတာလား..."

"တကယ်လို့ သရဲမက ငါ့ကိုစိန်ခေါ်နေတာဆိုလည်း ထားလိုက်ဦး။ ဒါပေမယ့် နင့်လို ကလေးတစ်ယောက်ကများ စိန်ခေါ်နေတာလား…"

လီပေါင်ဖျင်က ခဏကြာလှုပ်ရှားသွားခဲ့ပြီးနောက် ဒေါသတကြီး ပျံသန်းလာခဲသည်။ သူမက နောက်ထပ်စကားမပြောတော့ဘဲ ခြေထောက်ကို အားယူ၍ လေထဲတွင် ရှိနေသော တံဆိပ်တုံးလေးကို ခုန်ယူလိုက်သည်။ သူမက ချွေးချန်းထက်ပို၍ အရပ်ပု၏။ ထို့ကြောင့် သူမက လေထဲသို့ တစ်ချက်ခုန်လိုက်ပြီး ချွေးချန်း၏နဖူးကို တံဆိပ်တုံးနှင့် ထုချလိုက်သည်။

လူငယ်လေး ချွေးချန်းကတော့ မယုံကြည်နိုင်သလို ခံစားနေခဲ့ရ၏။ သူက မျက်ခုံးပင့်၍ ကြည့်လိုက်ရာ နဖူးက ပို၍နီရဲလာကြောင်း တွေ့လိုက်ရသည်။ သူက စာသင်သားအိုကြီး၏ အထုပ်ကို ဘေးတွင် ပစ်ချလိုက်ပြီး ဆောင့်ကြောင့်ထိုင်လိုက်သည်။

ထို့နောက် ခေါင်းကို လက်နှစ်ဖက်နှင့်ကာပြီး အော်ပြောလိုက်၏။

"ငါက ဒါကို ထပ်ပြီး သည်းမခံနိုင်တော့ဘူး။ အခုချိန်မှာ လူတိုင်းကတောင် ငါ့ကို အနိုင်ကျင့်နိုင်နေပြီ…"

ဘာကြောင့်မှန်းမသိသော်လည်း ထိုစကားကြောင့် လီပေါင်ဖျင်က အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူမက တံဆိပ်ကို နောက်ဖက်တွင် သိမ်းထားပြီး အန္တရာယ်ပေးနိုင်သော လက်နက်ကို တိတ်တဆိတ် ဖွက်ထားခဲ့သည်။ သူမက စာရွက်လိပ်ကို သေချာစစ်ဆေးနေပြီး သူမ၏ဦးလေးငယ်ကို ရှာဖွေရန်ကြိုးစားနေခဲ့၏။

………….

ချန်းပင်အန်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ရာ ဓားဝိညာဉ် သူ့ကို ရေအောက်ထဲသို့ ခေါ်သွားခဲ့သော ထိုပတ်ဝန်းကျင်မျိုးဖြစ်ကြောင်း တွေ့လိုက်ရသည်။ ပတ်ဝန်းကျင်က အလွန်ကျယ်ပြန့်ပြီး ဗလာဖြစ်နေခဲ့၏။ ထို့ကြောင့် တစ်ချို့သော ပစ္စည်းများက အစစ်အမှန်ကဲ့သို့ ထင်မှတ်ရသည်။

ဥပမာအနေနှင့် ပြောရလျှင်သူ့ရှေ့ဘက် အဝေးတွင် အလွန်မြင့်မားသော နံရံကြီးတစ်ခု ရှိနေခဲ့၏။ ထိုနံရံကြီးက အလွန်မြင့်မားလွန်းလှသည့်အတွက် ချန်းပင်အန်းကပင် နံရံ၏ထိပ်ဆုံးကို မမြင်နိုင်ပေ။

သူ့ဘေးတွင် ရပ်နေသော အဖြူဝတ်မိန်းမပျိုက သူမ၏လက်ချောင်းလေးများနှင့် ဆံနွယ်များကို သပ်နေရင်း အပြုံးနှင့် ပြောလိုက်သည်။

"ဒါက ပန်းချီကားထဲကိုရောက်နေတာ.။ ပြီးတော့ စာသင်သားသူတော်စင်ရဲ့ သိစိတ်ထဲမှာ ရှိနေတယ်။ ဒါကို ရှင်းပြဖို့က တော်တော်လေးကိုရှုပ်ထွေးပြီး တော်တော်လေးကို ခက်တယ်။ ငါတို့က ဒီနေရာမှာ ဓားသိုင်းတစ်ခုကို တိုက်ခိုက်လိုက်မယ်ဆိုရင်တောင် ငါတို့နှစ်ယောက်လုံးက အန္တရာယ်ကင်းတယ်ဆိုတာကို သိထားရင်ရပြီ။ ဒါကြောင့် ငါက ဒီအဘိုးကြီးရဲ့ တောင်းဆိုမှုကို သဘောတူလိုက်ရတာပဲ။ မဟုတ်ရင် ငါတို့က တောင်တန်းမျက်နှာပြင်ပေါ်မှာ တိုက်ရိုက် တိုက်ခိုက်ရလိမ့်မယ်…"

သူမ၏ တခြားလက်တစ်ဖက်က ချန်းပင်အန်း၏ ပုခုံးပေါ်သို့ရောက်လာပြီး ဆက်ပြောလိုက်သည်။

"အခု ငါတို့က အရမ်းနီးလွန်းနေတယ်။ ဒါကြောင့် ဒီနေရာကို ရှင်းရှင်းလင်းလင်း မမြင်ရဘူး။ ငါက မင်းကို နောက်ဘက် ကီလိုမီတာ(၄၀၀)လောက် ပြန်ခေါ်သွားပေးမယ်…"

ချန်းပင်အန်းကတော့ လေလှိုင်းတစ်ခု တိုက်ခတ်သွားသည်ကို ခံစားလိုက်ရပြီး ဓားဝိညာဉ်က နောက်သို့ လျင်မြန်စွာ ဆွဲခေါ်သွားခဲ့သည်။ သူက မည်မျှအကွာအဝေးထိ ရောက်သွားကြောင်း မသိလိုက်သော်လည်း လျင်မြန်စွာဆင်းသက်လာပြီး တည်ငြိမ်စွာ ရပ်နိုင်ခဲ့သည်။ သူက ပါးစပ်အဟောင်းသား ဖြစ်နေပြီး သူ၏သွေးကြောမှတ်ထဲတွင် လှုပ်ရှားနေသော မသက်မသာခံစားမှုများကို စိုးရိမ်နေရန် အချိန်မရခဲ့ပေ။

သူက ကီလိုမီတာ(၄၀၀)ခန့်အကွာတွင် ရှိနေသော တောင်တစ်တောင်ကို စိုက်ကြည့်နေမိခဲ့၏။ ထိုအရာက အလွန်ကြီးကျယ်ခမ်းနားပြီး လှပနေသည်။ အလွန်ကြီးမားသော ထိုတောင်ကြီးနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ၏မွေးရပ်မြေ၌ ရှိနေသာ ပိယွင်တောင်ကပင် အလွန်သေးငယ်သော ကုန်းမြေလေးတစ်ခုအဖြစ် ပြောင်းလဲသွားပါလိမ့်မည်။

မိန်းမပျိုက အလွန်တည်ငြိမ်သော အမူအရာနှင့် ပြောလိုက်သည်။

"ဒီမှာ အရေးကြီးတဲ့ အကြောင်းပြချက်တစ်ခု ရှိတယ်။ တကယ်လို့ ငါတို့က ဒီမှာတိုက်ခိုက်မယ်ဆိုရင် စာသင်သားသူတော်စင်က မင်းကိုအခွင့်အရေးတစ်ခုပေးဖို့ သဘောတူထားတယ်…"

ချန်းပင်အန်းက မယုံကြည်နိုင်သလို ခံစားလိုက်ရပြီး ပြန်မေးလိုက်သည်။

"အဲဒါက ဘာပြောတာလဲ..."

အရပ်ရှည်ရှည်မိန်းမပျိုက သူ့ကိုစိုက်ကြည့်ပြီး ပြန်ဖြေလိုက်သည်။

"မင်းက ဒီနေရာမှာ ဓားနဲ့တိုက်ခိုက်လိုက်တဲ့အချိန်ကျရင် အဆင့်(၁၀) ချီကျင့်ကြံသူ တစ်ယောက်နဲ့ညီမျှတဲ့ ကျင့်စဉ်အဆင့်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်။ ဒါပေမယ့် ဒါက ပုံရိပ်ယောင်တစ်ခု သက်သက်ပဲ။ တော်တော်လေးကို စစ်မှန်တဲ့ပုံရိပ်ယောင်တစ်ခုတော့ ဖြစ်လိမ့်မယ်။ မင်းက ဒီအတွေ့အကြုံကို ခံစားပြီး အဲဒီအတွေ့အကြုံကို တန်ဖိုးထားဖို့ မျှော်လင့်မိတယ်။ မင်းရဲ့အနာဂတ် ကျင့်ကြံမှုမှာတော့ ဒီအတွေ့အကြုံတွေက လုံးဝအသုံးဝင်မှာ မဟုတ်ဘူး…"

သူမက သူမ၏စကားလုံးများကို သဘောကျပြီးရယ်လိုက်မိသည်။

"ထားလိုက်ပါတော့... ငါ မင်းကို တစ်ခုတော့ ပြောမယ်။ မင်းက ဒီနေရာမှာ မင်းရဲ့လက်သီးသိုင်း တစ်ခုတည်းကိုပဲ အလေးမထားနဲ့။ အရေးကြီးဆုံးအရာကတော့ ဒီလက်သီးသိုင်းကို လေ့ကျင့်ဖို့က အသက်ရှင်ဖို့ သက်သက်ပဲလို့ မခံစားနဲ့။ ဒီလိုသဘောထားမျိုးက အရမ်းကို နိမ့်ကျလွန်းတယ်။ မင်းရဲ့ရည်မှန်းချက်က ဒီလောက်သေးလို့ရမလား။ စဉ်းစားကြည့်လိုက်လေ... မင်းက ဘယ်သူလဲ.... "

“ချန်းပင်အန်း…”

ချန်းပင်အန်းက မှင်တက်စွာ ပြန်ဖြေလိုက်သည်။ အကယ်၍ သူက မသင့်တော်သော အဖြေတစ်ခု ဖြေမိလျှင်ပင် ကိစ္စမရှိချေ။ အရေးကြီးဆုံးအရာကတော့ သူက ချန်းပင်အန်း မဟုတ်လျှင် မည်သူ ဖြစ်နိုင်မည်နည်း။

အရပ်ရှည်ရှည်မိန်းမပျိုက ခါးကိုင်းပြီး လူငယ်လေး၏ခေါင်းကိုပုတ်လိုက်သည်။

"ချန်းပင်အန်းအပြင် မင်းက ငါ့ရဲ့သခင်လည်း ဖြစ်နေသေးတယ်.."

လူငယ်လေးက အနည်းငယ်အံ့ဩသွားသလို ခံစားလိုက်ရသည်။

အဝေးတွင်ရှိနေသော ဧရာမတောင်ထိပ်ပေါ်မှ စာသင်သားအိုကြီး၏ အသံကို ကြားလိုက်ရသည်။

"စောနတုန်းကတော့ အလျင်စလိုဖြစ်နေပြီး အခုတော့ အလျင်မလိုတော့ဘူးလား.."

ဓားဝိညာဉ်က ပင့်သက်ရှိုက်လိုက်ပြီး တောင်မြင့်ကြီးကို လက်ညှိုးထိုး၍ ရှင်းပြလိုက်သည်။

"ဒါက အလယ်မြေနတ်ဘုရားကုန်းမြေကြီးပေါ်မှာရှိတဲ့ တောင်(၅)တောင်ထဲမှာ အမြင့်ဆုံးပဲ…"

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။ ဓားဝိညာဉ်၏မျက်လုံးထဲတွင် စိတ်လှုပ်ရှားသော အမူအရာများ ပေါ်လာပြီး သူမက ပြန်မေးလိုက်၏။

"တကယ်လို့ မင်းရဲ့တာအိုလမ်းကြောင်းမှာ ဒီလိုတောင်ကြီးတစ်တောင် ပိတ်နေမယ်ဆိုရင် မင်းက ဘာလုပ်သင့်တာလဲ…"

"ကျော်တက်မယ်..."

ချန်းပင်အန်းက တိုးတိုးလေး ပြန်ဖြေလိုက်သည်။

သူမ၏နှုတ်ခမ်းလေးက ပြုံးသွားခဲ့၏။ သူမကတော့ ထိုအဖြေကြောင့် စိတ်ပျက်သွားခြင်းမရှိဘဲ အပြုံးနှင့်မေးလိုက်သည်။

"တကယ်လို့ မင်းရဲ့လက်ထဲမှာ ဓားတစ်လက်ရှိနေမယ်ဆိုရင် ဘာလုပ်မှာလဲ...."

ချန်းပင်အန်းက တောင်တက်လမ်းကြားတွင် ရှင်းလင်းခဲ့သော မြင်ကွင်းများကို အမှတ်ရသွားပြီး မေးလိုက်သည်။

"တောင်တန်းကို ရှင်းပစ်ပြီး ရှေ့ဆက်လျှောက်မယ့် လမ်းကြောင်းဖန်တီးရမှာလား.."

"မှန်တယ်..."

ဓားဝိညာဉ်က အားရပါးရ ရယ်လိုက်၏။

အရပ်ရှည်ရှည် မိန်းမပျိုက ရှေ့ကိုလျှောက်သွားပြီး ချန်းပင်အန်း၏ရှေ့တွင် ရပ်လိုက်သည်။ သူမက လက်ညှိုးနှင့်လက်ခလယ်ကိုသုံး၍ ဓားတစ်ချောင်းသဏ္ဍာန် ဖန်တီးလိုက်ပြီး သူမ၏ဘယ်ဘက်မှညာဘက်သို့ လက်ညှိုးဓားကို ဖြည်းညင်းစွာ ဆွဲလိုက်သည်။

ထိုအချိန်တွင် အလွန်အမင်းကို သေးငယ်သော အလင်းတန်းလေးတစ်ခု ထွက်ပေါ် လာခဲ့၏။ ထိုနေရာတွင် နေလုံးငယ်လေးတစ်ခု တောက်ပနေသလို ထင်ရသည်။ ထိုအလင်းတန်းက ညာဘက်ထိအောင် ရောက်ရှိသွားခဲ့၏။ ထိုအလင်းရောင်က ညာဘက်ထိ ရောက်သွားသည့်အချိန်တွင် မိန်းမပျို၏ပုံရိပ်က မှေးမှိန်သွားခဲ့သည်။

အဆုံးတွင်တော့ ချန်းပင်အန်းက သူ့ရှေ့တွင် လွင့်မျောနေသော ဓားတစ်ချောင်းကို မြင်လိုက်ရ၏။ ထိုဓားက လူတစ်ယောက် ဆုပ်ကိုင်မည့်အချိန်ကို နှစ်ပေါင်း(၁၀)သန်းကျော် စောင့်ဆိုင်းနေသလို ထင်မှတ်ရသည်။ အလင်းရောင်များ အားလုံးက ပျောက်ကွယ်သွားခဲ့၏။

ချန်းပင်အန်းက ရှေ့ကို ဖြည်းညင်းစွာ လျှောက်သွားပြီး ဓားလက်ကိုင်ကို ဆုပ်ကိုင်လိုက်သည်။ ထိုဓားကို ဆုပ်ကိုင်လိုက်ပြီးနောက် ကမ္ဘာမြေကြီးကပင် ဇောက်ထိုးမိုးမျှော် ဖြစ်သွားသလို ခံစားလိုက်ရ၏။ သူ၏ သွေးကြောမှတ်များအားလုံးက လှုပ်ရှားသွားခဲ့ပြီး သူ၏ ချီစွမ်းအင်စီးဆင်းမှုများအားလုံးက အစီအစဉ်မကျ ဖြစ်လာခဲ့သည်။

ထို့ကြောင့် ချန်းပင်အန်းက မျက်လုံးပင် မဖွင့်နိုင်ခဲ့ပေ။ သူက မျက်လုံးမှိတ်ထားပြီး ဓားနှင့် နားလည်မှုရသွားသလို ပြောလိုက်သည်။

"အတူတူ လှုပ်ရှားကြမယ်.."

ဓားက ကြောက်စရာကောင်းစွာ လှုပ်ရှားလာခဲ့၏။ ထိုဓားက ကောင်းကင်ဘုံ၏ အမြင့်ဆုံးတွင် ရှိနေသော ပုစဉ်းတောင်ပံလေးတစ်ခုကဲ့သို့ ထင်မှတ်ရပေသည်။

All Chapters