အခန်း (၁၅၄)
Vol. 11 Ch. 154
စာသင်သားအိုကြီးက ဧရာမတောင်ထိပ်ပေါ်တွင် ရှိနေသော ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ရပ်နေခဲ့သည်။ တောင်ပေါ်တွင် တိုက်ခတ်နေသော လေလှိုင်းများက သူ့ကို ဖြတ်ကျော်သွားပြီး သူ၏အင်္ကျီလက်နှစ်ဖက်က လေထဲတွင် ကျယ်လောင်စွာ အသံထွက်နေခဲ့သည်။
ထိုအချိန်တွင် ဆံဖြူအဘိုးအိုကြီးက လေလှိုင်းကို ဆန့်ကျင်၍ ရပ်နေသော်လည်း အနည်းဆုံးတော့ ဆင်းရဲသည့်ပုံ ပေါ်နေသေးသည် မဟုတ်ပေလော။ စာသင်သားအိုကြီးက ကီလိုမီတာ(၄၀၀)ခန့်အကွာတွင် ရုတ်တရက် ထွက်ပေါ်လာသော အလင်းတန်းလေးတစ်ခုကို စိုက်ကြည့်လိုက်မိသည်။
ထိုအရာက အလွန်အမင်းကို ဝေးကွာသော်လည်း စာသင်သားအိုကြီးကတော့ အနည်းငယ် တောက်ပနေသေးသည်ကို တွေ့လိုက်ရသည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“နှစ်ပေါင်းများစွာ ကြာသွားခဲ့တာကိုတောင် ဒီဓားသွားက ဒဏ္ဍာရီတွေထက်ပိုပြီးတော့ တုံးတယ်။ ဒါပေမယ့် သူရဲ့ထက်မြက်မှုအငွေ့အသက်တွေကတော့ သိပ်ပြီးလျော့ကျသွားတာမျိုး မရှိဘူး။ အံ့ဩဖို့ကောင်းလိုက်တာ။ တော်တော် အံ့ဩဖို့ကောင်းတယ်။ နှစ်ပေါင်းတစ်သောင်းလောက် အတွေ့အကြုံတွေ ကြုံခဲ့ပြီးတာတောင် မင်းက ဒီလိုထက်မြက်တဲ့ ဓားဝိညာဉ်တစ်ခုကို ထိန်းသိမ်းထားနိုင်တုန်းပဲ…”
စာသင်သားအိုကြီးက လျင်မြန်စွာပြုံး၍ဆက်ပြောလိုက်သည်။
“ငါက ဒီတောင်ကို အသုံးချပြီး တကယ့်အစစ်အမှန် အခက်အခဲရဲ့ အဓိပ္ပါယ်ကို မင်းတို့နှစ်ယောက်လုံးသိအောင် သင်ကြားပေးမယ်။ မင်းတို့က အရှုံးကို ရှောင်တိမ်းဖို့အတွက် နောက်ဆုတ်ဖို့ လိုအပ်တယ်ဆိုတာကိုလည်း သင်ကြားပေးမယ်..”
“တိုက်ခိုက်ခြင်းနဲ့ ပတ်သက်ပြီး ငါတို့က အနည်းဆုံးလုပ်တာ အကောင်းဆုံးပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တိုက်ခိုက်ခြင်းဆိုတာက ဆက်ဆံရေးတွေကိုပါ သက်ရောက်သွားစေနိုင်တယ်…”
ပန်းချီကားထဲတွင် စာသင်သားအိုကြီး ပုံဖော်ထားသော တောင်တန်းကြီးက သူ၏နာမည်ကျော်ကြားမှုအတိုင်း ရှိနေခဲ့သည်။ ကုန်းမြေ(၉)ခုထဲတွင် အကြီးဆုံးဖြစ်သော အလယ်မြေ နတ်ဘုရားကုန်းမြေကြီးထဲတွင် ပန်းပွားတောင်ဟုခေါ်သော တောင်မြင့်ကြီး တစ်လုံးရှိသည်။ ထိုအရာက အလွန်ကြီးကျယ်ခမ်းနားသော တောင်ကြီးတစ်တောင်ဖြစ်ပြီး မြေပြင်ပေါ်မှ မြောက်တက်လာပြီး ကောင်းကင်ကြီးထိအောင် ပျံသန်းသွားနိုင်၏။
တောင်ထိပ်ပေါ်တွင်တော့ ..
အဓိပတိသူတော်စင်ကိုယ်တိုင် ရေးသားစိုက်ထူထားသော ‘ကမ္ဘာကြီး၏ အလယ်ဗဟို’ဟူသည့်အထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိသည်။ ကျင့်ဝတ်သူတော်စင် ကိုယ်တိုင် ရေးသားထားသော ‘တောင်(၅)တောင်၏ဘိုးဘေး’ဟူသော စကားလုံးကလည်း ကမ်းပါး၏ မျက်နှာပြင်ပေါ်တွင် ရှိနေသည်။
တာအိုဘိုးဘေး၏ပထမတပည့်ကလည်း ‘ကောင်းကင်လေလှိုင်းများ ညင်သာစွာ ရောက်လာသည်’ဟူသော စကားလုံးတစ်ခုကို ရေးထိုးထားခဲ့သည်။ စစ်ကျောင်း သူတော်စင် တစ်ယောက်ကလည်း ‘အထွဋ်အထိပ် ဝူတန်တောင်’ဟူသော စကားလုံးကို ရေးထိုးထားခဲ့သေး၏။
သမိုင်းကြောင်းများအရ လောကအသီးသီးကို အရိုအသေပေးသည့် ပွဲတော်များ အတောအတွင်း မတူညီသော တိုင်းပြည်များမှ ရှင်ဘုရင်များ ရေးထိုးထားသည့်အရာများကို ပေါင်းလိုက်မည်ဆိုလျှင်တော့ စုစုပေါင်း(၁၈၀)ကျော် ရှိသည်။ ထိုကျောက်ပြားများထဲတွင် ကျိန်စာများ ၊ တံဆိပ်များ ၊ တရားဝင်စာသားများနှင့် သာမန်စာသားများကို အသုံးပြု၍ ရေးထိုးထားကြခြင်း ဖြစ်ကြ၏။
ကမ်းပါး၏မျက်နှာပြင်ပေါ်တွင် ထိုစကားလုံးများနှင့် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ထူးဆန်းသော အငွေ့အသက်များ ပြည့်နှက်နေခဲ့၏။ ထိုအရာများက ကောင်းကင်တက်လှမ်းခြင်းစင်မြင့်မှနေ၍ ပန်းပွားတောင်၏ တောင်ထိပ်ထိအောင် ပြည့်နှက်နေခဲ့သည်။ ကြည့်လိုက်မည်ဆိုလျှင် အထိမ်းအမှတ်ကျောက်ပြားများ၊ သမိုင်းမျက်နှာစာများက နေရာတိုင်း ပြည့်နှက်နေ၏။
စာသင်သားအိုကြီးက အဝေးတွင် တလက်လက်တောက်ပနေသော ဓားအလင်းတန်းကို လှမ်းကြည့်လိုက်သည်။ သူက ရေတွင်းအိုကြီးအနားသို့ ပထမဆုံး ရောက်လာခဲ့သည့် အချိန်တွင် ချန်းပင်အန်း၏ ဓားသိုင်းကွက်ကို မြင်ခဲ့ရသည်။ ထိုလူငယ်လေး ဓားကိုင်ထားသည့်ပုံစံက ကြည့်ပျော်ရှုပျော်ပင် မရှိချေ။ သိုင်းပညာကို စိတ်မဝင်စားသော လူတစ်ယောက်ကပင် ထိုကဲ့သို့သောပုံစံမျိုး ရပ်နိုင်သည်ဟု စာသင်သားအိုကြီးက ခံစားမိသည်။
သို့သော် ယခုတော့ စာသင်သားအိုကြီးက ရှေ့တွင် ဓားကို ရေပြင်ညီအတိုင်း ကိုင်ထားသော လူငယ်လေးကို ကြည့်ပြီး ခံစားမှုတစ်ခုတည်းသာ ရှိနေခဲ့၏။
“တည်ငြိမ်ခြင်း..”
ချန်းပင်အန်း၏လက်က ဓားကို ကိုင်ထားသည့်အချိန်တွင် အလွန်အမင်း တည်ငြိမ်နေခဲ့သည်။ သူ့စိတ်ကလည်း အလွန်အေးချမ်းနေခဲ့၏။ ထို့ကြောင့် သူ၏စိတ်ဝိညာဉ်နှင့် အငွေ့အသက်များက ပို၍ပင် တည်ငြိမ်လာခဲ့သည်။
သူမ၏ ဓားဆန္ဒများအားလုံးကို ဓားအိုကြီးထဲသို့ ပေါင်းထည့်လိုက်ပြီးနောက် အရပ်ရှည်ရှည် မိန်းမပျိုက ထိတွေ့၍ မရနိုင်သော ခန္ဓာကိုယ်တစ်ခုကို သုံးပြီး ချန်းပင်အန်း၏ စိတ်ထဲတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။ ထိုအရာက အလွန် အံ့ဩစရာကောင်းပြီး ဆန်းကြယ်လွန်းလှသော မြင်ကွင်းတစ်ခုလည်းဖြစ်၏။
သူမ၏ မျက်လုံးများက ရွှေရောင်တောက်ပနေပြီး ခြေထောက်ကတော့ ဗလာဖြစ်သည်။ သူမက ချန်းပင်အန်း၏ စိတ်ထဲတွင် ရှိနေသော ရေကန်ပေါ်၌ ဆင်းသက်လိုက်သည့် အချိန်တွင် ရေကန်မျက်နှာပြင်ပေါ်၌ အလင်းတန်းလေးများ လှုပ်ရှားသွားခဲ့သည်။
လူငယ်လေး၏ စိတ်ထဲတွင် အသံတစ်ခု ထွက်ပေါ်လာခဲ့၏။ ထိုအသံက အလွန်သိမ်မွေ့ညင်သာပြီး ခေါင်းထဲတွင် ပဲ့တင်ထပ်လာခဲ့သည်။
“ဘာမှ အလျင်လိုနေဖို့မလိုဘူး.။ မင်းက အဆင့်(၁၀) ချီကျင့်ကြံသူတစ်ယောက်ဆိုတဲ့ ခံစားမှုနဲ့ ရင်းနှီးအောင် အချိန်ယူလို့ရတယ်။ ဓားသိုင်းပညာတွေထဲမှာ မတူညီတဲ့ အမျိုးအစား နည်းနည်းလေးပဲ ရှိတယ်။ သိပ်ပြီးတော့ ပြောင်းလဲမှုမရှိဘူး။ အဲဒါက ဒီကမ္ဘာကြီးထဲမှာရှိတဲ့ သာမန်ကျင့်ကြံသူတွေနဲ့ အဆင့်မြင့်ဂိုဏ်းထဲမှာရှိတဲ့ လူတွေရဲ့ ကြားထဲက ကွာဟမှုပဲ။ ချီကျင့်ကြံသူတွေက ချီစွမ်းအားတွေကို အားဖြည့်တာနဲ့ သန့်စင်တာ နှစ်မျိုးလုံးကို ပေါင်းစပ်ပြီး လုပ်ဆောင်နိုင်ကြတယ်။ သူတို့က မတူညီတဲ့ ဓားချီစွမ်းအင်မျိုးစုံကို အားဖြည့်နိုင်ကြတယ်…”
“တစ်ချို့က ဆန်းကြယ်ပြီး တစ်ချို့က သေးသိမ်တယ်။ တစ်ချို့က အစွမ်းထက်ပြီး တစ်ချို့က နိမ့်ကျတယ်။ တခြားလူတွေက စမ်းချောင်းလေးတွေဆိုရင် မင်းကတော့ ရေကန်တစ်ကန် ဒါမှမဟုတ် မြစ်တစ်မြစ် ဖြစ်လာနိုင်တယ်။ မင်းက သူတို့ထက် အဆပေါင်း(၁၀၀) (၁၀၀၀)လောက် ပိုပြီးတော့ အစွမ်းထက်တယ်…”
“မင်းရဲ့ဓားချီစွမ်းအင် စွမ်းအားက မင်းရဲ့ခန္ဓာကိုယ်ထဲမှာ သွေးကြောအမှတ်တွေ ဘယ်လောက်ထိ ပွင့်သွားပြီလဲဆိုတဲ့ အပေါ်ကို မူတည်နေတယ်။ မင်းက သွေးကြောမှတ်တွေ များများဖွင့်နိုင်လေလေ မင်းရဲ့အနာဂတ် အရည်အသွေးက ပိုပြီးတော့ ပြည့်နှက်လာလေလေပဲ…”
“အဲဒါက အဆင့်နိမ့်သုခဘုံတစ်ခုကို ပိုင်ဆိုင်ထားသလိုပဲ။ မင်းက သုခဘုံတွေ အားလုံးကို ဖွင့်လှစ်နိုင်ပြီဆိုရင် မင်းနဲ့သူတို့နှစ်ယောက်ရဲ့ကြားထဲမှာရှိတဲ့ ကွာဟမှုက ကောင်းကင်နဲ့မြေကြီး ကွာဟမှုလိုပဲ။ သွေးကြောတွေက လမ်းကြောင်းတွေလိုပဲ သူတို့က ပိုပြီးခိုင်မာလေလေ ပိုပြီးတော့ ကျယ်ပြန့်လေလေ ပိုကောင်းလေလေပဲ..”
“တကယ်လို့ တစ်ခြားသူတွေရဲ့လမ်းကြောင်းက သစ်လုံးတစ်လုံးတည်း ရှိနေတဲ့ တံတား တစ်ခုဆိုရင် မင်းရဲ့လမ်းကြောင်းကတော့ ကောင်းကင်ဘုံကို ဦးတည်နေတဲ့ လမ်းမကြီးတစ်ခု ဖြစ်ရမယ်။ သူတို့က မင်းကို ဘယ်လိုရင်ဆိုင်နိုင်ကြမှာလဲ…”
ဓားဝိညာဉ်က ပတ်ပတ်လည်ကို စိုက်ကြည့်နေခဲ့သည်။
ချန်းပင်အန်း၏စိတ်ထဲတွင် ရှိနေသော ပုံရိပ်များကို မြင်လိုက်ရပြီးနောက် သူမက အပြုံးနှင့် မေးလိုက်၏။
“မင်းက နားလည်ပြီလား…”
ချန်းပင်အန်းက အဆင့်(၁၀) ချီကျင့်ကြံသူ တစ်ယောက်ဖြစ်နေရသည့် ခံစားချက်ကို အသားကျအောင် ရုန်းကန်နေရသေးသည်။ သူ၏ပတ်ပတ်လည်တွင် အလွန်လှုပ်ရှားနေသော အငွေ့အသက်များ ရှိနေသည့်အတွက် သူက မျက်လုံးပင် မဖွင့်နိုင်သေးပေ။ စကားပြောရန်ကတော့ ဆိုဖွယ်ရာပင် မရှိချေ။
ဓားဝိညာဉ်က သူ့ကို အတွေးနှင့် ပြန်ဖြေနိုင်သည်ဟု ပြောခဲ့သည်မှာ ကံကောင်းသွား၏။ ချန်းပင်အန်းက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော်နားလည်ပါတယ်… ဒါပေမယ့် ဘယ်လိုလုပ်ရမလဲဆိုတာ မသိဘူး…”
အရပ်ရှည်ရှည်မိန်းမပျိုက အံ့ဩသွားခဲ့ခြင်း မရှိချေ။ လူငယ်လေး၏ တုံ့ပြန်မှုကို ကြားသည့်အခါ သူမက ကျေနပ်စွာ ရယ်လိုက်မိသည်။
ချန်းပင်အန်းက အတော်လေးကို နားမလည်ခဲ့သော်လည်း အဆင့်(၁၀)ချီကျင့်ကြံသူ တစ်ယောက်၏ ခံစားချက်ကို ပြည့်ပြည့်ဝဝ အာရုံစိုက်နေခဲ့၏။ ထိုအရာက စကားလုံးနှင့် ဖော်ပြ၍ မရနိုင်သော ထူးဆန်းသည်ခံစားချက်ဖြစ်သည်။ ဗိုက်ထဲတွင် အစာလုံးဝမရှိသော ဆာလောင်သူတစ်ယောက်ကို ငါးနှင့် အသားများ ရက်ရက်ရောရော ကျွေးလိုက်သကဲ့သို့ ဖြစ်၏။ ဗိုက်ထဲတွင် နေရာလွတ်တစ်ခုပင် မကျန်တော့ပေ။
သူ၏ သွေးကြောမှတ်များအားလုံး ပွင့်သွားသလို ဖြစ်နေခဲ့၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်အမျှင်လေးများက မီးနဂါးတစ်ကောင်ကဲ့သို့ လှည့်ပတ်ကူးခတ်နေကြပြီး ရုတ်တရက်ဆိုသလို အလွန်ကြီးမားသော ငါးသလဲထိုးကြီးတစ်ကောင်၏ အရွယ်အစားကဲ့သို့ ပြောင်းလဲသွားခဲ့သည်။ ထိုအရာက သူ၏သွေးကြောလေးများထဲတွင် လျင်မြန်စွာ သွားလာခဲ့ပြီး နေရာတိုင်းကို အနှောင့်အယှက်မရှိသွားလာနေခဲ့၏။
သူ ကူးခတ်သွားသည့် နေရာတိုင်း တစ်ခြားသွေးကြောမှတ်များဆီမှ ချီစွမ်းအားများကို ထုတ်ယူရန်လည်း မမေ့ခဲ့ပေ။ ထိုအရာက ဆင့်ကဲအကျိုးသက်ရောက်မှုတစ်ခုဖြစ်ပြီး မီးနဂါးကသာ အစစ်အမှန်နဂါးတစ်ကောင် ဖြစ်နေသ၍ ဆန့်ကျင်လိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်း၏ ခန္ဓာကိုယ်ထဲတွင် တဖြည်းဖြည်း ပို၍ကြည်လင်အေးချမ်းလာပြီး သူ၏ကြွက်သားများနှင့် သွေးကြောများကလည်း သက်တောင့်သက်သာ ရှိလာခဲ့သည်။ ထိုအချိန်တွင် သူတို့က ရွှေသစ်ကိုင်းနှင့် ကျောက်စိမ်းသစ်ရွက်များကဲ့သို့ ဖြစ်လာခဲ့၏။
သူ၏အစစ်အမှန်ချီစွမ်းအင်များက အစွန်းအထင်းမရှိဘဲ သူ၏ ပုံသဏ္ဍာန်ကလည်း သဘာဝအတိုင်း ရိုးရှင်းသော ပုံစံတစ်ခု ထွက်ပေါ်လာသည်။ သူက သက်တမ်းရှည်သော အခြေအနေကို လွတ်လပ်စွာ စောင့်ကြည့်နိုင်ခဲ့၏။ လင်းရှို့ယီပြောပြခဲ့သော စွမ်းရည်များနှင့် ဖြစ်စဉ်များက တစ်ခုပြီးတစ်ခု ဆိုသလို သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။
သူ့စိတ်ထဲတွင် လွင့်မျောနေသော ဓားဝိညာဉ်က အသံတိုးတိုးနှင့် ပြောလိုက်၏။
“နည်းနည်းလေးတော့ လိုနေသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဓားအင်မော်တယ်တွေက သာမန်ချီကျင့်ကြံသူတွေနဲ့ ကွဲပြားတယ်…”
ထို့နောက် သူမက အဝေးကို မော့ကြည့်လိုက်ရာ သူမ၏အကြည့်က ချန်းပင်အန်း၏စိတ်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့ပြီး မြင့်မားသောတောင်ထိပ်ပေါ်ရှိ ဧရာမကျောက်တုံးကြီးကို စိုက်ကြည့်လိုက်သည်။
သူမက အပြုံးနှင့် မေးလိုက်၏။
“ရှင်က ဘာပြောချင်သေးလဲ… မဟုတ်ရင် ရှင်က ပြိုင်ဖက်ကို ရင်ဆိုင်ဖို့အတွက် ပန်းပွားတောင်ကို အရှက်မရှိ ဆင့်ခေါ်လိုက်တဲ့ ရည်ရွယ်ချက်က တော်တော်လေးကို မတရားတာပဲ…”
“မင်းတို့နှစ်ယောက်လုံးက စိတ်ထဲကနေ အရှုံးကို လက်ခံစေချင်တာပါ…”
စာသင်သားအိုကြီးက အားရပါးရ ရယ်လိုက်ပြီး ဓားဝိညာဉ်ကို ပြန်ဖြေလိုက်သည်။
ခဏကြာ တွေဝေနေပြီးနောက် သူက အကြည့်ကို ရုတ်သိမ်းလိုက်ပြီး တောင်မြင့်ကြီးတစ်ခုလုံးကို စိုက်ကြည့်လိုက်သည်။ အဆုံးတွင်တော့ သူ့အကြည့်က များပြားလွန်းလှသော ဓားချီစွမ်းအင်များကိုသုံး၍ ရှေးဟောင်း ဓားအင်မော်တယ် တစ်ယောက် ရေးထိုးထားသော ထူးဆန်းသည့် ကျင့်စဉ်တစ်ခု ရှိနေသော ကမ်းပါးပေါ်ကို မျက်စိကျသွားခဲ့၏။
ထိုအရာကတော့ အလယ်မြေ နတ်ဘုရားကုန်းမြေကြီးမှ ဓားအင်မော်တယ်များစွာကို ဆွဲဆောင်နိုင်ခဲ့သော ပျံသန်းခြင်းဓားကျင့်စဉ် စာအုပ်ဖြစ်သည်။ ထိုဓားအင်မော်တယ်တစ်ချို့ကတော့ ထိုစာအုပ်မိတ္တူကို ကြည့်ရှုနိုင်ကြတယ်။ တစ်ချို့ကတော့ ကမ်းပါး၏မျက်နှာပြင်အောက်တွင် အိမ်ငယ်လေးများဆောက်နေပြီး ထိုစာအုပ်ထဲတွင် ရှိနေသော ဓားတာအိုများကို နားလည်အောင် ကြိုးစားနေကြ၏။
“ဒီမှာ…. ဒါကိုယူလိုက်.. မင်းက ဘယ်လောက်ရနိုင်မလဲ ဆိုတာကတော့ မင်းရဲ့အရည်အချင်းပေါ်ပဲ မူတည်တယ်။ အရင်တုန်းက တပည့်လေးဇိုကလည်း မင်းလို အခြေအနေမျိုးပဲ။ သူက ဓားသိုင်းပညာကိုတောင် တရားဝင် စပြီးတော့ မသင်ရသေးဘူး။ ဒါပေမယ့် သူက တောင်ပေါ်ကို တက်လာတဲ့အချိန် အဲ့ဒီစကားလုံးတွေနဲ့ မထင်မှတ်ဘဲ တွေ့ခဲ့ရတယ်။ သူတို့ကို လေ့လာပြီးတဲ့နောက် သူက စကားလုံး(၆)ခုကို ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဒါက ဓားသိုင်းပညာအပေါ် သူ့ရဲ့အရည်အချင်းကို ပြောပြနေတာပဲ….”
“ပါရမီရှင်ဓားသမားတွေ အများကြီးရှိတယ်။ ဒါပေမယ့် ပါရမီဆိုတာကလည်း အမျိုးမျိုး ခွဲထားသေးတယ်လေ။ စကားလုံး(၅)လုံး ထိန်းသိမ်းနိုင်တဲ့သူတွေက မြေပြင်ဓားအင်မော်တယ်တွေ ဖြစ်လာဖို့ အာမခံချက်ရှိတယ်။ ချန်းပင်အန်း … မင်းက ဘယ်လောက်ပါရမီရှိလဲ ကြည့်ကြသေးတာပေါ့…”
စာသင်သားအိုကြီးက အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ အလွန်ကြီးမားပြီး ရှေးကျသော စကားလုံးကြီး(၇)ခုက ကမ်းပါး၏မျက်နှာပြင်ပေါ်မှ ပျံသန်းလာပြီး ကီလိုမီတာ(၄၀၀)ခန့် အကွာတွင် ရပ်နေသော ချန်းပင်အန်းဆီသို့ ရောက်လာခဲ့သည်။ ထိုစကားလုံးများက တခဏအတွင်း သူ့ရှေ့ကို ရောက်လာခဲ့ကြ၏။
ထိုသို့ရောက်လာသည့်အချိန်တွင် သူတို့က သူ၏လက်ဖဝါးပေါ်တွင် ရေးသားထားသော တရားဝင်စကားလုံးများကဲ့သို့ ဖြစ်လာခဲ့၏။ သူတို့က ရွှေရောင်တလက်လက် တောက်ပနေပြီး သူ၏ပတ်ပတ်လည်တွင် လျင်မြန်စွာ လှည့်ပတ်နေခဲ့ကြသည်။
သို့သော် တခဏအတွင်း စကားလုံးတစ်ခုကမျှ ချန်းပင်အန်း၏အနားကို ကပ်လာကြခြင်း မရှိချေ။ သူတို့က သူနှင့် ဝေးဝေးကိုသာ လွင့်မျောသွားကြပြီး အဆုံးတွင်တော့ ချောက်ကမ်းပါး၏ မျက်နှာပြင်ဆီသို့ ပျံသန်းသွားရန် ဆုံးဖြတ်လိုက်ကြသည်။
ထိုမြင်ကွင်းကိုမြင်သည့်အခါ စာသင်သားအိုကြီးက အိုးတိုးအမ်းတမ်း ဖြစ်သွားသလို ခံစားလိုက်ရပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
“ငါက ဉာဏ်ကောင်းချင်ယောင်ဆောင်နေခဲ့တာ။ ဒါပေမယ့် ငါ့ရဲ့အစီအစဉ်က အသုံးမဝင်ဘူးပဲ…”
“ဒါနဲ့ပတ်သက်ပြီး စိတ်မကောင်းပါဘူး ပင်အန်းလေး။ ဒီစကားလုံးတွေက ဒီလောက်တောင် မလေးမစားလုပ်မယ်လို့ ငါလည်း မထင်ထားဘူး…”
ချန်းပင်အန်း၏ စိတ်ထဲတွင်ရှိနေသော အရပ်ရှည်ရှည်မိန်းမပျိုက အေးစက်စွာ တုံ့ပြန်လိုက်သည်။
စာသင်သားအိုကြီးက အားတင်း၍ ပြောလိုက်၏။
“ပြဿနာများတယ်..။ အခုတော့ တော်တော်လေးကို ပြဿနာများသွားပြီ။ ငါက ဒါကိုဘယ်လို ဖြေရှင်းရမလဲ။ ဘာမှမစိုးရိမ်ပါနဲ့ ငါ့ကို ပိုပြီးတော့ လွယ်ကူတဲ့ နည်းလမ်းတစ်ခု စဉ်းစားခွင့်ပေးပါဦး။ ဒီလိုအရာမျိုးက ငါ့ဆီကနေ ခွာထုတ်လို့ မရနိုင်ဘူး။ ငါက ပန်းပွားတောင်ရဲ့ တောင်တန်းနတ်ဘုရားနဲ့ မိတ်ဆွေဟောင်းတွေပဲ။ ဒါကြောင့် သူက ဘယ်လောက်ကြွယ်ဝချမ်းသာလဲဆိုတာ သိတယ်။ တကယ်လို့ သူ့ကိုသာ ယူခိုင်းလိုက်မယ်ဆိုရင် …”
“ကျွန်တော်လည်း အဲဒီစကားလုံး(၇)ခုကို စိတ်မဝင်စားဘူး…”
ထိုအချိန်တွင် ချန်းပင်အန်းကလည်း မျက်လုံးဖွင့်လိုက်ပြီး သူ၏အတွေးနှင့် စကားပြောလိုက်သည်။ သူက စိတ်ကိုသုံး၍ အရပ်ရှည်ရှည်မိန်းမပျိုကိုထပ်ပြီး ဆက်သွယ်ခြင်း မရှိတော့ချေ။
“ဘာပဲဖြစ်ဖြစ် ကျွန်တော်က အဲဒီအရာတွေကို မလိုချင်ဘူး။ ရိုးရိုးသားသားပြောတာပါ.”
အရပ်ရှည်ရှည်မိန်းမပျို၏ ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။
ချန်းပင်အန်းက ဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ပြီး ဖြည်းညင်းစွာ ဆက်ပြောလိုက်၏။
“ကျွန်တော် လက်သီးသိုင်းကို လေ့ကျင့်တဲ့အချိန်မှာ ကျွန်တော်သာ ဒီလိုဆက်ပြီး လေ့ကျင့်မယ်ဆိုရင် ကျွန်တော့်ရဲ့လက်သီးချက်တွေက တဖြည်းဖြည်းမြန်လာမယ်လို့ ခံစားမိတယ်။ အမှန်အတိုင်းပြောရရင် သူတို့က အမြန်ဆုံးတောင် ဖြစ်လာနိုင်တယ်လို့ ခံစားမိတယ်။ အခု ကျွန်တော့ရဲ့ဘေးမှာ အင်မော်တယ်အစ်မကြီး ရှိနေတော့ လုံလောက်ပြီလို့ ခံစားမိတယ်။ ကျွန်တော်က အဲဒီစကားလုံးတွေက မလိုအပ်ဘူး။ ကျွန်တော့ရဲ့ဓားချက်က အရမ်းမြန်မယ်ဆိုတာ ယုံကြည်ချက်ရှိတယ်။ ကျွန်တော်ပြောတာကို ယုံလိုက်ပါ။ ဒါက သေချာပေါက် အရမ်းမြန်ပါလိမ့်မယ်..”
အရပ်ရှည်ရှည်မိန်းမပျိုက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
ထိုအချိန်တွင် စာသင်သားအိုကြီးကလည်း လှုပ်ရှားသွားခဲ့၏။ သူက အံ့ဩနေသည့် အမူအရာနှင့် ပြောလိုက်သည်။
“မင်းရဲ့သဘောထားနဲ့ အပြုအမူကတော့ တပည့်လေးချီ ငယ်ငယ်တုန်းကနဲ့ တစ်ထပ်တည်းပဲ…”
စာသင်သားအိုကြီး၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။ သူက တမင်ရည်ရွယ်ချက်ရှိရှိ နှာခေါင်းရှုံ့လိုက်ပြီး အေးစက်စွာ ပြောလိုက်၏။
“ဒါဆိုရင် မင်းရဲ့ အဆင့်(၁၀)ဓားချက်က ဘယ်လောက်အစွမ်းထက်လဲဆိုတာ ကြည့်ကြသေးတာပေါ့။ ဒါက အဆင့်(၁၁) ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းမျိုး ထုတ်နိုင်မလား ဒါမှမဟုတ် အဆင့်(၁၂) ကျင့်ကြံသူ တစ်ယောက်ရဲ့အစွမ်းမျိုးကို သုံးနိုင်မလား။ ချန်းပင်အန်း… မင်းရဲ့ခြေထောက်က ဆွဲမထားစေနဲ့။ မင်းရဲ့ ခြေထောက်သာ ဆွဲမထားဘူးဆိုရင် မင်းက အဆင့်(၇) ဒါမှမဟုတ် အဆင့်(၈)နဲ့ညီမျှတဲ့ ဓားသိုင်းချက်တစ်ခုကိုပဲ ထုတ်နိုင်လိမ့်မယ်။ လာစမ်းပါ.. မင်းက ဘာကိုစောင့်နေတာလဲ။ တကယ်လို့ မင်းသာ ဓားချက်ကို မခုတ်ခဲ့ဘူးဆိုရင် နောက်တစ်ကြိမ် နေလုံးကြီးက မြင့်လာတော့မယ်…”
လူငယ်လေးကို စနောက်နေပြီးနောက် စာသင်သားအဘိုးကြီးက တင်ပျဉ်ခွေထိုင်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ကဗျာဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်။ ငါ့ရဲ့ဓားကို (၁၀)နှစ်လောက် သွေးထားခဲ့ပေမယ့် ဓားသွားနဲ့ လုံးဝမစမ်းသပ်ခဲ့ရဘူး။ ဒီနေ့တော့ ငါက မင်းရဲ့ကြီးကျယ်ခမ်းနားမှုကို ပြသခိုင်းခဲ့တယ်။ ဒါပေမယ့် ဒီကမ္ဘာကြီးထဲမှာ ရှိတဲ့ ဝမ်းနည်းမှုတွေ ၊ မတရားမှုတွေအားလုံးက ဓားချက်တစ်ချက်တည်းအတွက်ပဲ တည်ရှိခဲ့တယ်…”
စာသင်သားအိုကြီး၏ မျက်နှာပေါ်တွင် လွတ်လပ်ပေါ့ပါးသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက ထိုကဲ့သို့ အတွေးမျိုးနှင့် သူ့ကိုယ်သူ ဒုက္ခမပေးတော့ပေ။
“ဘယ်လိုပဲဖြစ်ဖြစ် တစ်ခြားသူတွေက သူတို့ရဲ့ဓားကို (၁၀)နှစ်လောက် သွေးနေခဲ့တယ်။ ဒါပေမယ့် မင်းလက်ထဲမှာ ကိုင်ထားတဲ့ဓားကတော့ နှစ်ပေါင်း တစ်သောင်းလောက် သွေးထားခဲ့တာ…”
သူက ဝမ်းသာနေသောအသံနှင့် ပြောလိုက်၏။
“သွားတော့..”
ချန်းပင်အန်းနှင့် အရပ်ရှည်ရှည် မိန်းမပျိုတို့က တစ်ပြိုင်နက်တည်း ရေရွတ်လိုက်ကြသည်။ ချန်းပင်အန်းက ရှေ့ကို တရှိန်ထိုး ပြေးထွက်သွားခဲ့၏။ သူက ဓားကို နောက်ကျောဘက်တွင် ကိုင်ထားခဲ့သည်။
ထိုအရာကိုမြင်သည့်အခါ စာသင်သားအိုကြီးက အပြုံးနှင့် ခေါင်းခါလိုက်မိ၏။ လူငယ်လေးက လေလှိုင်းတစ်ခုသဖွယ် ပျံသန်းလာခြင်း ဖြစ်သည်။ ထို့နောက် လေထဲသို့ ခုန်လိုက်ပြီး အောက်သို့ ခုတ်ချလိုက်၏။
ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားထဲတွင် လင်းထိန်နေသော ဓားအလင်းတန်းတစ်ခု ပေါ်မလာခဲ့ပေ။ ကောင်းကင်ပေါ်သို့ တက်လှမ်းလာသော ကြောက်မက်ဖွယ်ရာ ဓားချီစွမ်းအင်များလည်း မရှိခဲ့ပေ။
သို့သော် ထိုခဏတွင် တောင်ထိပ်ပေါ်ရှိ ကျောက်တုံးကြီးပေါ်တွင် တောင်တန်းကို မျက်နှာမူထားသော စာသင်သားအိုကြီးကတော့ သူ့ဘေးနှစ်ဖက်ကို ငဲ့ကြည့်လိုက်မိသည်။
ချန်းပင်အန်း၏ စိတ်ထဲတွင် ရှိနေသော အရပ်ရှည်ရှည် မိန်းမပျိုကလည်း သူ၏စိတ်ရေကန်ထဲသို့ ရုတ်တရက် ကျလာပြီး မျက်လုံးမှိတ်၍ တီးတိုးရေရွတ်လိုက်သည်။
“နှစ်ပေါင်းတစ်သောင်းတောင် ရှိသွားပြီ…”
…………….
တစ်ချိန်တည်းတွင် ဆောင်းဦးကျူပင်တည်းခိုဆောင်၏ ရေတွင်းအိုကြီးဘေးတွင် လွင့်မျောနေသော စာရွက်လိပ်ကို စစ်ဆေးနေသော လီပေါင်ဖျင်က ရုတ်တရက် မျက်လုံးပြူးသွားပြီး အံ့အားသင့်စွာ ရေရွတ်လိုက်မိသည်။
“ဘာလို့ စာရွက်လိပ်က ရုတ်တရက် အက်ကွဲလာခဲ့ရတာလဲ…”