အခန်း (၁၅၆)
Vol. 11 Ch. 156
စာသင်သားအိုကြီးက ခြေထောက်ကို အနည်းငယ် လှုပ်ရှားလိုက်ရုံနှင့် တောင်တန်းနှင့် မြစ်များပေါ်တွင် ကီလိုမီတာ(၄၀၀)ခန့် ပျံသန်းသွားခဲ့ပြီး ချန်းပင်အန်း၏ ဓားချက် တိုက်ခိုက်လိုက်သောနေရာတွင် လှပစွာ ဆင်းသက်လိုက်သည်။ သူက ဖြည်းညင်းစွာ လှည့်ပတ်သွားလာနေပြီး လက်မြှောက်၍ လက်ချောင်းလေးများကို လှုပ်ရှားပြီး ပတ်ဝန်းကျင် လေထဲတွင် ခေါက်ကြည့်နေခဲ့သည်။ သူက လေထဲတွင် လက်နှင့်လက်ခေါက်နေသလို ထင်မှတ်ရ၏။
သို့သော် တုံ့ပြန်မှုမရှိသည့်အတွက် စာသင်သားအိုကြီးကလည်း လက်ပြန်ချလိုက်ပြီး စိတ်ရှုပ်ထွေးစွာ ပြောလိုက်သည်။
"ဒါက အဓိပ္ပာယ်မရှိဘူး။ ဒီလိုအပြုအမူမျိုးက တစ်ယောက်ယောက်ရဲ့အိမ်ထဲမှာ တဲတစ်ခု ဆောက်နေသလိုမျိုးပဲ။ ထားလိုက်ပါတော့ ငါက စောင့်ပဲစောင့်နေတော့မယ်.."
စာသင်သားအိုကြီးက ဓားဝိညာဉ် ပေါ်လာသည့်အချိန်ကို စိတ်ရှည်လက်ရှည်နှင့် စောင့်နေခဲ့သည်။ အချိန်တော်တော်ကြာ စောင့်နေပြီးနောက် သူက အလွန်ခက်ခဲသော မေးခွန်းတစ်ခုကို နေရာတွင်ရပ်၍ စဉ်းစားနေခဲ့သည်။ အနည်းဆုံးတော့ သူက စိတ်မရှည်သည့်ပုံစံမျိုး ပေါ်မလာခဲ့ပေ။
လေထဲတွင် ဝဲကတော့လေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထို့နောက် လေဟာနယ်ထဲမှနေ၍ အရပ်ရှည်ရှည် မိန်းမပျိုက ချန်းပင်အန်းကို လက်ဆွဲပြီး ပေါ်လာခဲ့၏။
စာသင်သားအိုကြီးက သတိပြန်ဝင်လာပြီး ချက်ချင်း ပြောလိုက်သည်။
"ငါက အရှုံးကိုဝန်ခံပါတယ်။ ထပ်ပြီးတော့ မတိုက်ခိုက်တော့ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျန်တဲ့ ဓားချက်နှစ်ချက်ကို တိုက်ခိုက်မလား မတိုက်ခိုက်ဘူးလားဆိုတာက အရေးမကြီးဘူး မဟုတ်လား…"
ဓားဝိညာဉ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူမက မေးလိုက်၏။
"ဒါဆိုရင် ရှင်က ကျွန်မကို နှစ်ကြိမ်ရန်စခဲ့တဲ့အပေါ် ဘယ်လိုဖြေရှင်းပေးမှာလဲ.."
"တူညီတဲ့အမှားတစ်ခုကို (၃)ကြိမ်ထက်ကျော်ပြီး မလုပ်သင့်ဘူး မဟုတ်လား.."
စာသင်သားအိုကြီးက ရယ်ပြီး ပြောလိုက်သည်။
အရပ်ရှည်ရှည် မိန်းမပျိုက ပန်းပွားတောင်ကို လှည့်ကြည့်ပြီး မေးလိုက်၏။
"သူက ပန်းပွားတောင်ရဲ့ တောင်တန်းနတ်ဘုရားအသစ်လား။ သူက ဒီနေရာကိုရောက်တာ ဘယ်လောက်ကြာပြီလဲ…"
"နှစ်ပေါင်း(၆၀၀၀) အတိအကျပဲ…"
စာသင်သားအိုကြီးက ပြန်ဖြေလိုက်သည်။
"အဲဒီမတိုင်ခင် နှစ်ပေါင်း(၃၀၀၀)လောက်မှာ အခြေအနေတွေက တော်တော်လေးကို ရှုပ်ထွေးသွားတဲ့အတွက် နတ်ဘုရားတွေကို အစားထိုးလဲလှယ်ခဲ့ရတယ်။ ဂုဏ်သိက္ခာတွေ အားလုံးလည်း ဆုံးရှုံးသွားခဲ့ရတယ်။ အရှေ့ပိုင်းတောင်၊ ပန်းပွားတောင်နဲ့ တောင်(၃)ခုမှာလည်း မတူညီတဲ့ပိုင်ရှင်တွေ အသီးသီး ရှိလာကြတယ်…”
“ပဋိပက္ခဖြစ်နေတဲ့ အချိန်အတောအတွင်း ပန်းပွားတောင်ကတော့ နတ်ဆိုးပညာရှင်တွေ ပိုင်ဆိုင်ခဲ့တဲ့ အင်အားစုတစ်ခုလို့ သတ်မှတ်နိုင်တယ်။ သူတို့ကို ရန်သူတွေက သိမ်းပိုက်ထားခဲ့တာလေ။ အဲဒီအချိန်မှာ လောကကျင့်ဝတ်တွေက ပျက်စီးနေပြီး ဖရိုဖရဲအခြေအနေတွေကပဲ နေရာတိုင်းမှာ ပြည့်နှက်နေခဲ့တယ်..”
“ဒါပေမယ့် လက်ရှိပန်းပွားတောင်ရဲ့ တောင်တန်းနတ်ဘုရားက နှစ်ပေါင်း(၆၀၀၀)လောက် တည်ငြိမ်အောင် ထိန်းသိမ်းထားနိုင်ခဲ့တယ်။ ဒီနေရာမှာ ကံတရားက အတော်လေးကို အရေးကြီးပေမယ့် ပိုပြီးကြီးမားတဲ့ အကြောင်းပြချက်ကတော့ သူ့ရဲ့ကြောက်မက်ဖွယ်ရာ အစွမ်းကြောင့်ပဲ။ သူ့ရဲ့လက်သီးက လုံလောက်အောင် အစွမ်းထက်တဲ့အပြင် သူက တခြားသူတွေကို စိန်ခေါ်ဖို့လည်း မကြောက်ဘူး။ သူ့ကို မကြောက်တဲ့သူ ဘယ်သူရှိဦးမှာလဲ…"
ဓားဝိညာဉ်က ခနဲ့သလို ပြောလိုက်သည်။
"လောကကျင့်ဝတ်တွေ ပျက်စီးသွားပြီး ဖရိုဖရဲအခြေအနေတွေ ဖြစ်နေတာလား။ လမ်းစဉ်(၃)သွယ်က အကျိုးအမြတ်ခွဲဝေတဲ့နေရာမှာ ပြဿနာတက်နေတာများလား။ ဒါမှမဟုတ် ဆန်းကြယ်ကမ္ဘာကြီးက ကောင်းခြင်းနဲ့ဆိုးခြင်းကြားမှာ ကြားနေဖြစ်နေတာလား။ ကျင့်ဝတ်သူတော်စင်ကရော ဘာလဲ။ သူ့ရဲ့စိတ်နေစိတ်ထားအရ သူက ဘာမှမလုပ်ဘဲ ဘာလို့ရပ်ကြည့်နေတာလဲ…"
စာသင်သားအိုကြီးက သက်ပြင်းချပြီး ပြောလိုက်သည်။
"ပြောရမှာတော့ အရှည်ကြီးပဲ။ ထားလိုက်ပါတော့…"
အရပ်ရှည်ရှည်မိန်းမပျိုက လက်နောက်ပစ်လိုက်ပြီး အလွန်စိတ်လှုပ်ရှားနေသော အမူအရာနှင့် မှတ်ချက်ပေးလိုက်သည်။
"အခြေအနေက တည်ငြိမ်သွားပေမဲ့ သူတို့ရဲ့ကြားထဲမှာ အတွင်းရေး ပဋိပက္ခတစ်ခု ရှိလာတယ်။ ခစ်..ခစ်…ခစ်…ခစ်… မဟာတာအိုနဲ့ အတွေးအခေါ်တစ်ရာကျောင်းတွေရဲ့ ကြားထဲမှာ တိုက်ပွဲကြီးတစ်ခု ဖြစ်ခဲ့တာပဲ။ ဒီတော့ တော်တော်လေးကို စိတ်လှုပ်ရှားဖို့ကောင်းတယ်။ ဒါပေမယ့် ရလဒ်က ဘာဖြစ်သွားလဲ။ ဒီကမ္ဘာကြီးက ပိုပြီးတော့ ကောင်းတဲ့နေရာတစ်ခု ဖြစ်လာခဲ့လား…"
စာသင်သားအိုကြီးက ဓားဝိညာဉ်ကို စိုက်ကြည့်လိုက်ပြီး သူ၏လေသံက အလွန်အမင်းကို ပြတ်သားနေခဲ့သည်။ သူက ပြောပြလိုက်၏။
"ကွန်ဖြူးရှပ်ဂိုဏ်းက အောက်ခြေကို မြင်ရလောက်သည်ထိ ရိုးရှင်းတယ်လို့ မသတ်မှတ်နိုင်ဘူး။ လူတိုင်းက လူကောင်းမဟုတ်သလို လူကြီးလူကောင်းလည်း မဟုတ်ကြဘူး။ ဒါပေမယ့် ငါတို့ကွန်ဖြူးရှပ်သူတော်စင်တွေကတော့ ဒီအရာကို အစစ်အမှန်ဖြစ်လာအောင် ရင်ထဲနှလုံးသားထဲကနေ ကြိုးစားနေကြတယ်။ သူတို့တွေက အစွမ်းကုန် ကြိုးစားအားထုတ်ပြီး အခက်အခဲပေါင်းစုံကို ဖြတ်ကျော်ခဲ့တယ်လို့ ပြောမယ်ဆိုရင်တောင် ချဲ့ကားနေတာမျိုးတော့ မဟုတ်ဘူး။ ဒါကြောင့် ကျွန်ဖြူးရှပ်လမ်းစဉ်ရဲ့ အခြေခံအကျဆုံးအရာကတော့ ဖြောင့်မတ်ပြီး သန့်စင်ဖို့ပဲ။ ဒါကို ရိုးရှင်းတဲ့ မှတ်ချက်လေးတစ်ခုတည်းနဲ့ ငြင်းပယ်လို့တော့ မရနိုင်ဘူး..”
“ဒါက တတိယတစ်ကြိမ်လား…"
ဓားဝိညာဉ်က ရယ်ချင်နေသောအသံနှင့် မေးလိုက်သည်။
ယခင်တုန်းကကဲ့သို့ မလေးနက်သော သဘာဝနှင့် ဆန့်ကျင်နေသော စာသင်သားအိုကြီးကတော့ လက်ရှိအချိန်တွင် နောက်သို့တစ်လှမ်းပင် ပြန်ဆုတ်နိုင်ခြင်း မရှိသည်မှာ အံ့ဩစရာကောင်းနေသည်။ သူက တည်ငြိမ်သောအသံနှင့် ပြောလိုက်၏။
"တကယ်လို့ ငါက မမှန်ဘူးလို့ မင်းက ခံစားရတယ်ဆိုရင် ငါက အချက်အလက်တွေ အကြောင်းပြချက်တွေကို ပြောပြနိုင်တယ်။ ပြီးတော့ မင်းကို နှစ်ပေါင်း(၁၀၀)၊ နှစ်ပေါင်း(၁၀၀၀)လောက်တောင် ရှင်းပြနိုင်တယ်။ ဒီအချိန်အတောအတွင်း မင်းကလည်း ဓားတစ်ချောင်းကိုသုံးပြီး မင်းရဲ့ကိုယ်ပိုင်အကြောင်းပြချက်တွေကို ပြောပြနိုင်တယ်…"
အရပ်ရှည်ရှည် မိန်းမပျိုက ပိန်ပိန်ပါးပါးနှင့် စာသင်သားအိုကြီးကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်သည်။
"ရှင်က သူတော်စင်တစ်ယောက်ရဲ့ ကံကြမ္မာတွေကို အမှန်တကယ် ဖယ်ရှားလိုက်ပြီး စိတ်ဝိညာဉ်တစ်ခုတည်းနဲ့ ထွက်လာခဲ့တာလား။ ရှင်က ဒီကမ္ဘာကြီးကို ရှင့်စိတ်ဝိညာဉ်ရဲ့ နေအိမ်တစ်ခုလို အမှန်တကယ် သတ်မှတ်ထားခဲ့တာလား.."
စာသင်သားအိုကြီးက အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီး ပြန်ဖြေလိုက်သည်။
"အဲဒါက အမှန်ပဲ…"
အရပ်ရှည်ရှည် မိန်းမပျိုက သူမ၏သတ်ဖြတ်ချင်စိတ်များကို ဖိနှိပ်လိုက်ပြီး အလွန်ရှုပ်ထွေးနေသော အမူအရာနှင့် ပြောလိုက်သည်။
"နှစ်ပေါင်းများစွာ ကြာသွားတော့ ရှင်တို့နှစ်ယောက်ကပဲ အဲဒီအရာကို လုပ်နိုင်ခဲ့တယ်။ ဒါပေမယ့် ကျွန်မက ရှင့်ရဲ့အကြောင်းပြချက်ကို အရမ်းစိတ်ဝင်စားတယ်။ ရှင်က အဲဒီလူရဲ့ရွေးချယ်မှုကို လေးစားလို့လား ဒါမှမဟုတ် ရှင့်မှာ အကြံဉာဏ်မရှိတော့တဲ့ အတွက်ကြောင့်လား…”
“ပထမတစ်ခုကတော့ တော်တော်လေးကို မဖြစ်နိုင်ဘူး။ ဒီအရာက မဟာတာအိုနဲ့ ပတ်သက်နေတယ်။ ဒါကြောင့် ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲမှာရှိတဲ့ အဘိုးကြီးတွေက ဒီလိုလုပ်ရပ်မျိုးကို ကျေနပ်နေမယ်ဆိုရင်တောင် ခွင့်ပြုမှာတော့ မဟုတ်ဘူး..”
“လူတစ်ယောက်က ပိုပြီးတော့ ကောင်းလာချင်တယ်ဆိုရင် သဘာဝဆန်ပြီး မှန်ကန်ဖို့ လိုအပ်တယ်…"
စာသင်သားအိုကြီးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
အရပ်ရှည်ရှည်မိန်းမပျိုက ခဏကြာစဉ်းစားပြီး ချန်းပင်အန်း၏မျက်နှာကိုကြည့်၍ ပြုံးလိုက်၏။
"ကျွန်မတို့ရဲ့ရည်ရွယ်ချက်က အောင်မြင်သွားခဲ့တဲ့အပြင် ကျွန်မတို့ ထင်ထားခဲ့တဲ့ အရာတွေအားလုံးထက်လည်း ကျော်လွန်နိုင်ခဲ့တယ်။ ရှင်က ဒီလိုဆုံးဖြတ်ချက် ချလိုက်မှတော့ ကျွန်မ သခင်ရဲ့သဘောထားအရ ဒီဓားချက်နှစ်ခုကို နောက်ပိုင်းအတွက် သိမ်းထားပေးမယ်။ တကယ်လို့နောက်ပိုင်း ရှင်ကသာ ကျွန်မကို စိတ်ပျက်အောင် လုပ်လာမယ်ဆိုရင် ကျွန်မက အကြွေးဟောင်းနဲ့ အကြွေးသစ်နှစ်ခုပေါင်းပြီး ဖြေရှင်းရလိမ့်မယ်…"
စာသင်သားအိုကြီး၏ မျက်နှာပေါ်ရှိ လေးနက်သော မျက်နှာအမူအရာက ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ သူက ခြေထောက်ကို လက်နှင့်ရိုက်ပြီး ရယ်လိုက်၏။
“ရတယ်.. ရတယ်… ဒါကို နောက်ပိုင်းအတွက်ပဲ သိမ်းထားလိုက်ပါ။ နောက်ပိုင်းအတွက် သိမ်းထားတာက ပိုပြီးတော့ ကောင်းတယ်။ လူသားကမ္ဘာကြီးထဲမှာရှိတဲ့ သာမန်လူတွေကတောင် နှစ်သစ်ကူးစားသောက်ပွဲအတွက် ပစ္စည်းတွေကို စုဆောင်းကြတာပဲလေ။ သူတို့တွေက နောက်နေ့အတွက် မကုန်သေးတဲ့ ဟင်းတွေကိုတောင်း ချန်ထားတတ်ကြတာပဲ။ ဒီတော့ နောက်နေ့ အေးအေးဆေးဆေး စားလို့ရသေးတာပေါ့။ ဒါက အရမ်းကောင်းတယ်လေ…”
သူ့ကို မည်သို့ကြည့်စေကာမူ စာသင်သားအိုကြီးကတော့ အလွန်ဝမ်းမြောက် ပျော်ရွှင်နေပုံ ရသည်။
သို့သော် ဓားဝိညာဉ်ကတော့ သူ့ကို အလေးမထားဘဲ အေးစက်စွာ ပြောလိုက်၏။
“ကျွန်မတို့ ဒီကနေ ထွက်သွားကြစို့…”
စာသင်သားအိုကြီးက အင်္ကျီလက်ကို လှုပ်ရှားလိုက်ပြီး ရှေ့ကိုတစ်လှမ်း လျှောက်လိုက်သည်။ သူက ကျယ်လောင်စွာ ပြောလိုက်၏။
“နောက်ကို ခေါင်းငဲ့ကြည့်ပြီး အားရပါးရ ရယ်လိုက်မယ်။ ငါက ဒီတံခါးကနေ ထွက်သွားပြီ…”
ချန်းပင်အန်းက ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး တိတ်တဆိတ် မေးလိုက်သည်။
“ကျွန်တော့်ရဲ့ ဓားချက်က အရမ်းစိတ်ပျက်စရာ ကောင်းသွားတာလား။ ဒီတောင်တန်းကြီးက ဘာမှလှုပ်ရှားသွားတဲ့ပုံ မပေါ်ဘူး။ ဓားနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါရမီက ဒီစကားလုံးတွေ ဘယ်လောက်များများ ထိန်းသိမ်းနိုင်လဲဆိုတဲ့ အချက်အပေါ် မူတည်နေတယ်လို့ ဆရာကြီးက ပြောခဲ့တယ်။ ကျွန်တော်က သူတို့ကို လက်မခံချင်ပေမယ့် အဲဒီစကားလုံးတွေကလည်း ကျွန်တော့်ဆီကို ကပ်ချင်တဲ့ပုံမရဘူး။ ဒါဆိုရင် ဓားနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါရမီက ကျွန်တော့်ရဲ့လက်သီးစွမ်းရည်လိုပဲ သာမန်ပဲ ဖြစ်နေတာလား…”
ချန်းပင်အန်းက အတော်လေးကို စိတ်ပျက်လက်ပျက်နှင့် ဆက်ပြောလိုက်သည်။
“တကယ်လို့ ကျွန်တော့်ဆီမှာ ပါရမီမရှိရင် ကျွန်တော်က အဆင့်(၁၀) ရောက်နေရင်တောင် အဆင့်(၇) ဒါမှမဟုတ် အဆင့်(၈) ကျင့်ကြံသူတစ်ယောက်ရဲ့ အစွမ်းမျိုးရှိနေတဲ့ ဓားချက်ကိုပဲ တိုက်ခိုက်နိုင်လိမ့်မယ်လို့ ဆရာကြီးက ပြောခဲ့တယ်..”
လူတိုင်းက ကြီးကျယ်ခမ်းနားသောစကားလုံးများ ကြေညာချက်များကို ပြောနိုင်ကြသည်။ သို့သော် ဤကမ္ဘာကြီးထဲတွင် ရှိနေသော အရာများကတော့ အတော်လေးကို ခက်ခဲ၏။ အဘယ်ကြောင့်ဆိုသော် မည်သည့်အရာကိုမျှ ခြေတစ်လှမ်းတည်းနှင့် လုပ်ဆောင်၍ မရခြင်းကြောင့်ဖြစ်သည်။ ရွှံ့ပုလင်းလမ်းကြားထဲမှ ချန်းပင်အန်းကတော့ ထိုစည်းမျဉ်းကို ကောင်းမွန်စွာ နားလည်နေခဲ့၏။
ဓားဝိညာဉ်က လူငယ်လေး၏မျက်နှာကို လက်နှင့် ဖျစ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“မင်းက နောက်ပိုင်းကျရင် သိလာပါလိမ့်မယ်…”
ချန်းပင်အန်း၏ မျက်နှာလေးက နီရဲသွားခဲ့၏။ သူက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တွေဝေသွားခဲ့သည်။
ဓားဝိညာဉ်က ဟိုးအရင်ကတည်းက ချန်းပင်အန်းနှင့် စိတ်ချင်းဆက်သွယ်ထားပြီးသား ဖြစ်သည်။ သူမက လူငယ်လေး၏လက်ကိုဆွဲပြီး စာရွက်လိပ်ထဲမှ အပြင်ကို ထွက်နိုင်သော တံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။
“ကျွန်မသိတယ်.. သခင်။ ကျွန်မက နောက်ပိုင်း အဲဒီမိန်းကလေးရဲ့ရှေ့မှာ သေချာပေါက် အချုပ်အနှောင်မရှိသလို မလုပ်ပါဘူး။ အနည်းဆုံးတော့ သခင်က သစ္စာမရှိတဲ့ လူတစ်ယောက်လို့ သူက နားလည်မှုလွဲသွားနိုင်တယ်…”
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ဓားဝိညာဉ်နှင့် ရင်းနှီးသော မိတ်ဆွေတစ်ယောက် ဖြစ်လာရသည့်အတွက် ဝမ်းသာမှုနှင့် စိတ်သက်သာရာရသော ခံစားမှုတစ်ခုလည်း ဖြစ်၏။
အရပ်ရှည်ရှည် မိန်းမပျိုက ပြန်လှည့်လာပြီး အနည်းငယ်ညှိုးငယ်နေသော အသံနှင့်မေးလိုက်သည်။
“အင်မော်တယ်အစ်မကြီးက မကျေမနပ်ဖြစ်မှာကိုတော့ မင်းက မကြောက်ဘူးလား..”
ချန်းပင်အန်းက ထိုအကြောင်းကို ခဏကြာစဉ်းစားပြီး လှိုက်လှိုက်လှဲလှဲ ပြန်ဖြေလိုက်သည်။
“တကယ်လို့ အဲဒီလိုဖြစ်သွားရင်တော့ ကျွန်တော်က အစ်မကြီးကို တောင်းပန်ပါတယ်။ ဒါပေမယ့် တစ်ချို့အရာတွေက ဒီလိုမျိုးပဲဖြစ်သင့်တယ်လို့ ကျွန်တော်ခံစားမိတယ်..”
သူမ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုများပြည့်နှက်လာပြီး သူမက ငိုတော့မည့်ပုံစံမျိုး ဖြစ်လာခဲ့သည်။
ချန်းပင်အန်းက အနည်းငယ် လှုပ်ရှားသွားခဲ့သော်လည်း သူက နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး သူ၏အမူအရာက ပြတ်သားနေခဲ့၏။ သူက ထိုအတွက်ကြောင့် သူ၏သိစိတ်ကို သစ္စာဖောက်လိုခြင်း မရှိချေ။
ဓားဝိညာဉ်က ရုတ်တရက် ကျေနပ်စွာ ရယ်လိုက်၏။ သူမက ချန်းပင်အန်းကို လက်မထောင်ပြီး ချီးကျူးလိုက်သည်။
“လုပ်ရပ်က တကယ့်ကို ကောင်းတယ်…”
“အစ်မကြီးက တကယ်ဒေါသမထွက်ဘူးလား…”
ချန်းပင်အန်းက စိုးရိမ်နေသောအသံနှင့် မေးလိုက်သည်။
လူငယ်လေး၏လက်ကို ကိုင်ထားရင်း တံခါး၏ရှေ့ကို ရောက်သည့်အချိန်တွင် ဓားဝိညာဉ်က ရပ်လိုက်၏။ သူမက ငုံ့ပြီး လူငယ်လေးကို ဖက်လိုက်၏။ သူမ၏မျက်နှာပေါ်တွင် နွေးထွေးသော အပြုံးလေးတစ်ခု ရှိနေခဲ့သည်။
သူမ၏ အပြုံးလေးက အလွန်လှပနေပြီး သူမက ဆောင်းရာသီတွင် နွေးထွေးသော စောင်ခြုံထဲ၌ အိပ်စက်နေရသည့်အတွက် ပျော်ရွှင်မှုကို ခံစားရနေသလိုပုံစံမျိုးဖြစ်သည်။ ထိုအရာက ပြောပြ၍မရနိုင်သော ပျော်ရွှင်မှုလည်းဖြစ်၏။ လက်ရှိအချိန်တွင် သူမက ချန်းပင်အန်း၏ ခံစားချက်ကို ဂရုမစိုက်ပေ။
သူမက ဝမ်းမြောက်ဝမ်းသာ ပြောလိုက်၏။
“ငါ့ရဲ့ပင်အန်းလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ…”
လူငယ်လေးကတော့ ချက်ချင်း မိုးကြိုးပစ်ခံရသလို ခံစားလိုက်ရသည်။ သူက နေရာတွင် ငြိမ်သက်သွားခဲ့ပြီး သူ့စိတ်ကလည်း လုံးဝကို လစ်ဟာသွားခဲ့၏။
“အင်မော်တယ်အစ်မကြီး…”
အင်မော်တယ်ဟူသည်မှာ သူ၏ပထမဆုံးခံစားချက်ဖြစ်ပြီး အစ်မကြီးဟူသည်မှာတော့ အရပ်ရှည်ရှည် မိန်းမပျိုအပေါ် ချန်းပင်အန်း၏ အစစ်အမှန်အမြင်လည်း ဖြစ်သည်။
သူမက ချန်းပင်အန်းကို လွှတ်ပေးလိုက်သည်။ သူမက မတ်တပ်ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် စာသင်သား အဘိုးအိုက စာရွက်လိပ်ထဲသို့ ပြန်လာကြောင်း မြင်လိုက်ရသည်။
စာသင်သားအဘိုးအိုက သူတို့ကို နောက်ကျောပေး၍ရပ်နေရင်း ချောင်းဟန့်၍ ပြောလိုက်သည်။
“ဒီလိုအရာမျိုးကို ပြန်လှည့်ပြီး မကြည့်သင့်ဘူး။ မစိုးရိမ်ပါနဲ့.. ငါက ဘာမှမမြင်သလို ဘာမှလည်း မကြားဘူး။ ငါက တစ်ချို့အရာတွေကို ရိုးရိုးရှင်းရှင်းနဲ့ မေ့ပစ်တတ်ပါတယ်။ ဒါကြောင့် ငါက အဲဒီအရာကိုပြန်လာယူတာ..”
အရပ်ရှည်ရှည် မိန်းမပျိုကတော့ အလွန်အမင်းကို ခံစားချက် ကောင်းမွန်နေပုံရသည်။ ထို့ကြောင့် သူမက ထိုအရာကို ဂရုမစိုက်ခဲ့ပေ။
ထုံးတမ်းစဉ်လာ၊ ကျင့်ဝတ်နှင့် ကံကြမ္မာဟူသောအရာပေလော။ ထိုအရာများက အလွန်အမင်းကို ကျယ်ပြန့်ပြီး အလွန်အမင်းကို မြင့်မားသည်။ အလွန်အမင်းကို ဝေးကွာသော စကားလုံးများက သူမကို လုံးဝချုပ်နှောင်ထားနိုင်ခြင်း မရှိချေ။
မဟာတာအိုလမ်းစဉ်တွင် လက်ထဲ၌ ဓားကိုင်ထားသော လူတစ်ယောက်သာ ရှိပြီး သူက ရှေ့ကိုသာ ဆက်၍ လျှောက်နေခဲ့သည်။ သူ့လမ်းတွင် ရပ်နေသော အရာအားလုံးကို သူ့ဓားနှင့် ခုတ်ပစ်မည်သာ ဖြစ်၏။ အကယ်၍ တစ်ခုခုက မတရားလျှင် သူ့ဓားနှင့် တရားမျှတမှုကို ယူဆောင်ပါလိမ့်မည်။
နှစ်ပေါင်းတစ်သောင်းခန့် အိပ်စက်နေခဲ့ပြီး နောက်ဆုံးတွင်တော့ ဓားဝိညာဉ်က သူမ၏သခင်အသစ် တစ်ယောက်ကို တွေ့ခဲ့ရသည်။ သူမ၏သခင်နှစ်ယောက်က နေ့နှင့်ညကဲ့သို့ အလွန်ကွာခြားလှ၏။ သို့သော် သူမကတော့ စိတ်ပျက်မှုကို ခံစားမိနေခြင်း မရှိချေ။
ပထမတွင်တော့ သူမက ချန်းပင်အန်းကို ရွေးချယ်ခဲ့သည်မှာ ချီကျင့်ချွန်ကြောင့် မျှော်လင့်ချက်ရေးရေးလေး ရှိနေခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ယခု သူမက ထိုလူငယ်လေးကို မှားယွင်းပြီး ရွေးချယ်မိခဲ့သည်ဟု ချီကျင့်ချွန် ကိုယ်တိုင် အသက်ရှင်လာပြီး ပြန်လာပြောမည်ဆိုလျှင်ပင် သူမက နားထောင်တော့မည် မဟုတ်ချေ။ အကယ်၍ သူ၏သင်ကြားမှုများ၊ စည်းမျဉ်းများက ကောင်းကင်ဘုံထက်ပို၍ ကြီးမားနေသည်ဆိုလျှင်ပင် သူမက နားထောင်လိမ့်မည်မဟုတ်ချေ။
သူမက ချန်းပင်အန်းကို လွှတ်ပေးလိုက်ပြီး သူ့ကို အရင်သွားရန် အချက်ပြလိုက်သည်။ လူငယ်လေးက တံခါးထဲမှ ထွက်သွားခဲ့၏။ အားနည်းနေသော ပုခုံးနှစ်ဖက်ကိုကြည့်ပြီး ဓားဝိညာဉ်က သူ့နောက်မှကပ်၍ လိုက်လာခဲ့သည်။
လူတိုင်း၏ခေါင်းထဲတွင် နယ်မြေတစ်ခု ရှိသည်။ ချီကျင့်ကြံသူများကတော့ ထိုအရာကို ဆေးလုံးခန်းမဟု သတ်မှတ်ကြပြီး သာမန်လူများကတော့ ထိုအရာကို နှလုံးသားဟု ခေါ်ဆိုကြသည်။ စိတ်ရေကန်ကလည်း ထိုအရာ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်၏။
ချန်းပင်အန်း၏ စိတ်ထဲတွင် ရှိသော ရေကန်ပေါ်၌ ရပ်နေခဲ့သည့်အချိန်တွင် ဓားဝိညာဉ်က အလွန်ကျယ်ပြန့်သော အဖြူရောင်မြင်ကွင်းတစ်ခုကို မြင်ခဲ့ရသည်။ ထိုအရာက အလွန်ကြည်လင်ရှင်းသန့်နေခဲ့၏။ ခဏကြာပြီး နောက်ဆုံးတွင်တော့ သူမက ပတ်ဝန်းကျင်တွင် ကွဲပြားသောအရာတစ်ခုကိုတွေ့ခဲ့ရသည်။
သူမက လူငယ်လေး ကိုယ်တိုင်ပင် သတိမထားမိခဲ့သော စိတ်နယ်မြေ၏ အစစ်အမှန်ပုံသဏ္ဍာန်ကို တွေ့ခဲ့ရသည်။ ထိုအရာကတော့ အသက်(၄)နှစ် (၅)နှစ်အရွယ်ခန့်ရှိသော အထီးကျန်ကလေးငယ်လေး တစ်ယောက်ဖြစ်သည်။
သူက ဒူးနှစ်ဖက်ကို လက်နှင့်ဖက်ပြီး မြေပေါ်တွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူ့အနားတွင် လူတစ်ယောက်မှ မရှိချေ။ သူ့အနားတွင်တော့ မြက်ဖိနပ်လေး တစ်စုံရှိနေသည်။ ထိုကလေးငယ်လေးက ထိုနေရာတွင် မကြာခဏ ထိုင်နေတတ်၏။ ထိုကလေးငယ်၏အနားတွင်တော့ သေးငယ်ပြီး မထင်မရှားဖြစ်နေသော မြေပုံလေးတစ်ခု ရှိနေခဲ့သည်။
ထိုမြေပုံ၏အနားတွင်တော့ ပို၍အရွယ်အစားသေးငယ်သော မြေသားပုံလေးနှစ်ခု ရှိသည်။ ထိုမြေသားလေးများက တောင်ကုန်းလေးတစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ လူငယ်လေးက အနားယူနေသည့်အချိန်တိုင်း မြက်ဖိနပ်လေးကိုစီးပြီး အဝေးသို့ ပြေးသွားတတ်သည်။
သူက တောင်ကုန်းငယ်လေးတစ်ခုကို စုစည်းပြီး ထိုမြေပုံလေးဆီသို့ ပြန်သယ် လာတ်သည်။ ထိုအရာက အလွန်ပင်ပန်းသော တာဝန်တစ်ခုဖြစ်သော်လည်း သူကတော့ အချိန်တိုလေးအတွင်း တောင်ကုန်းငယ်လေးတစ်ခုကို သယ်ဆောင်နိုင်ခဲ့သည်။
ထိုတောင်ကုန်းငယ်လေးများကို သယ်ဆောင်နေရင်း ကလေးငယ်က ခါးတွင် တံဆိပ်လေးတစ်ခုနှင့် သူ၏ခေါင်းပေါ်တွင် ဝါးဦးထုပ်လေးတစ်ခုကို အမြဲလိုလို ဆောင်ထားတတ်သည်။ ထိုတံဆိပ်ငယ်လေးက ထိုကောင်လေး၏ ခြေလှမ်းများနှင့်အတူ လှုပ်ရှားနေခဲ့သည်။
သို့သော် ထူးဆန်းစွာပင် ထိုအရာက ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေး၏ ဘိုးဘေးနေအိမ်ပုံရိပ် မဟုတ်ချေ။ လူငယ်လေး၏ စိတ်ထဲတွင်တော့ သူ့မိဘများ သေဆုံးသွားပြီးနောက် ပြန်စရာအိမ် မရှိတော့ပေ။ ထို့ကြောင့် သူက ထိုမြေပုံလေးကိုသာ ကာကွယ်ရန် ကြိုးစားအားထုတ်နေခဲ့သည်။
သူ့ပုံစံက အလွန်ခေါင်းမာပြီး မျက်မှောင်ကြုတ်၍ နှုတ်ခမ်းကို တင်းတင်းစေ့ထားတတ်သည်။ သို့သော် ထိုလူငယ်လေးက ရံဖန်ရံခါပြုံးတတ်၏။ ထိုအရာကလည်း သူ အလွန်ပျော်ရွှင်ရသောအရာများကို ခံစားရသည့် အရာမျိုးတွင် ဖြစ်သည်။ ထိုအချိန်များ အတောအတွင်း သူက မြေပုံလေးကို တိတ်တဆိတ် စကားပြောတ်၏။ သူ့နှုတ်ခမ်းလေးက အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ၏စိတ်နယ်မြေထဲတွင်တော့ အသံတစ်ခုမျှပေါ်မလာခဲ့ပေ။
သို့သော် ဓားဝိညာဉ်က သူနှင့် စိတ်ချင်းဆက်သွယ်နေသည့်အတွက် တိတ်ဆိတ်သော သူ၏စကားသံများကို ကြားနေရသည်။
“အမေ..
ကျွန်တော်က အင်မော်တယ်အစ်မကြီးတစ်ယောက်နဲ့ အသိအကျွမ်းဖြစ်ခဲ့တယ်။ သူက ပြုံးလိုက်တဲ့အချိန်မျိုးမှာ အမေနဲ့ တော်တော်လေးတူတယ်…”
သူက တောင်ကုန်းငယ်လေးများကို အိမ်သို့သယ်ဆောင်လာသည့်အချိန်မှလွဲလျှင် ထိုကလေးငယ်က မြေပုံငယ်လေး၏အနားမှ လုံးဝထွက်ခွာသွားခြင်း မရှိချေ။ မကြာခဏဆိုသလို သူက လူတစ်ယောက်၏လက်ကို ကိုင်ပြီး တောင်ဘက်သို့ လမ်းလျှောက်သွားနေသလို ပုံစံမျိုး ပေါ်လာခဲ့သည်။
သူက ကလေးမလေး တစ်ယောက်၏ လက်ကို ကိုင်ထားခဲ့၏။ သို့သော် ထိုကောင်လေးက ခြေလှမ်းအနည်းငယ်သွားပြီးတိုင်း မြေပုံလေးကို တိတ်တဆိတ် ပြန်လှည့်ကြည့်လိုက်ပြီး အဝေးကို တွေဝေစွာ ထွက်ခွာသွားခဲ့ရသည်။ ထိုသို့ဆိုရာတွင် လူငယ်လေးက အဝေးကို ပြေးသွားခဲ့သည့်အချိန်တိုင်း ခေါင်းမော့ပြီး ကောင်းကင်ကြီးကို စူးစူးနစ်နစ်စိုက်ကြည့်နေတတ်သည်။ သူက ကောင်းကင်ကြီးပေါ်တွင် ပျောက်ကွယ်သွားသည့် လူတစ်ယောက်၏နောက်သို့ လိုက်နေသည့်အလား အဝေးကို ဦးတည်သွားနေခဲ့၏။
စာသင်သားအိုကြီးက စာရွက်လိပ်ထဲတွင် ရပ်နေရင်း အလွန်တည်ငြိမ်နေခဲ့သည်။
“မဲနယ်ရောင်ဆိုတာ နက်ပြာရောင်ကနေ ထုတ်တာ… ဒါပေမယ့် နက်ပြာထက်ပိုပြီး နက်မှောင်တယ်.. ဒါက တကယ့်ကို ဖြစ်နိုင်တယ်..”
အဘိုးအိုက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။
“တကယ့်ကို အမှန်ပဲ…”
သူက အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့၏။ ကမ္ဘာကြီးတစ်ခုလုံး အနည်းငယ် တုန်ခါလာသည့်အချိန်တွင် သူက စိတ်ဓာတ်ကျစွာ ပြောလိုက်သည်။
“မင်းက အဲဒီကောင်လေးပေါ် တော်တော်လေးကို စိတ်ရှည်တာပဲ။ ဒါဆိုရင် မင်းက ဘာလို့ငါ့အပေါ်ကိုကျ စိတ်မရှည်ခဲ့ရတာလဲ…”
“အော်… ဟုတ်တာပဲ..။ အခု မင်းက ဘယ်လိုစကားပြောရမလဲဆိုတာတောင် သိနေပြီ။ တကယ်လို့ ရှေးဟောင်း ဓားအင်မော်တယ်တွေအကြောင်း ကြားဖူးတဲ့ပုံပြင်တွေကသာ အမှန်ဆိုရင် မင်းကြောင့် သေလုမြောပါး ခံစားခဲ့ရတဲ့ အစွမ်းထက် အင်မော်တယ်တွေကသာ မင်းရဲ့လက်ရှိပုံစံကိုမြင်ရင် ဘယ်လိုဖြစ်သွားကြမလဲ..”
စာသင်သားအိုကြီးက ကမ္ဘာငယ်လေး၏ ကောင်းကင်ပေါ်ကို မော့ကြည့်နေပြီး သူ၏အကြည့်က ကောင်းကင်အလွှာပေါင်းများစွာကို ထိုးဖောက်မြင်ရသလို ထင်ရသည်။
သူက ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သော အမူအရာနှင့် ပြောလိုက်၏။
“ကောင်းကင်ကြီးက စွမ်းအားတွေ လုံးဝကုန်ဆုံးမသွားဘူး။ ဒါကြောင့် ငါတို့က ကိုယ့်ကိုယ်ကိုယ် ပိုပြီးကောင်းဖို့ ကြိုးစားသင့်တယ်။ ဒါက တကယ့်ကို အဓိပ္ပာယ်ရှိတဲ့ စကားလုံးတစ်ခုပဲ။ နှစ်ပေါင်းတစ်သောင်းကျော် ကြာခဲ့တာတောင် မှန်နေတုန်းပဲ။ ဒါကြောင့်လည်း ငါတို့ကွန်ဖြူးရှပ်ဘိုးဘေးတွေက မင်းရဲ့ဗဟုသုတတွေကို အသိအမှတ် ပြုခဲ့တာ…”
“ကြည့်ရတာတော့ စာသင်သားတွေက စကားပြောတဲ့ အလေ့အထကို ဖြည်းဖြည်းချင်း မွေးမြူရမယ့်အပြင် ငါတို့က အဲဒီအရာကို ထုတ်ဖော်ပြောပြနိုင်တဲ့ အခြေအနေမျိုးရောက်ဖို့တော့ တော်တော်လေး လိုနေသေးတာပဲ…”