← Chapters

အခန်း (၁၅၇)

Vol. 11 Ch. 157

အခန်း (၁၅၇)

Vol. 11 Ch. 157

စာသင်သားအိုကြီးက စာရွက်လိပ်ထဲမှ နောက်တစ်ကြိမ် ထွက်လာခဲ့သည့်အချိန်တွင် ချွေးချန်းက မြေပြင်ပေါ်တွင် လဲှချပြီး သေချင်ယောင်ဆောင်နေသည်ကို မြင်လိုက်ရသည်။

"ဒါက ဘယ်လိုဖြစ်နေပြန်တာလဲ…"

သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။

ချွေးချန်းက ကောင်းကင်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။

"ရှေ့ကို ဆက်ကြည့်စရာ ဘာမှမရှိတော့ဘူး။ ဒါကြောင့် ကျွန်တော်က သေသွားပြီး ဒီကမ္ဘာကြီးထဲကနေ ထွက်သွားချင်ပြီ…"

စာသင်သားအိုကြီးက သူ့ဆီကို လျှောက်လာပြီး ခြေထောက်နှင့် ကန်လိုက်သည်။

"သနားစရာကောင်းအောင် လုပ်ပြမနေနဲ့။ တပည့်လေးချီက ဘာလို့ မင်းကို ရှင်းမပစ်ဘဲ မင်းရဲ့ကျင့်စဉ် အဆင့်ကိုပဲ လျော့ပစ်လိုက်တယ်ဆိုတာ မသိချင်ဘူးလား…"

ချွေးချန်း၏မျက်လုံးများက လှုပ်ရှားလာပြီး ရေရွတ်လိုက်သည်။

"အဲဒီအချိန်တုန်းက ဆရာ့ကို ကွန်ဖြူးရှပ်ကျောင်းဆောင်ကနေ ကန်ထုတ်လိုက်တဲ့အချိန် ချီကျင့်ချွန်ကတော့ ဆရာကြောင့် ဘာမှမသက်ရောက်တဲ့အပြင် သူ့ရဲ့ကျင့်စဉ်အဆင့်က တိုးတက်သွားသေးတယ်။ ဒါက ကိစ္စတွေ အများကြီးကို ဖော်ပြခဲ့တယ်။ ဟိုးအရင်ကတည်းက ချီကျင့်ချွန်က သူ့ရဲ့ကိုယ်ပိုင်လမ်းစဉ်တစ်ခုကို တည်ထောင်နိုင်စွမ်း ရှိနေပြီပဲ….”

“ကွန်ဖြူးရှပ်စည်းမျဉ်းတွေအပေါ် သူ့ရဲ့အမြင်တွေက အပြင်ဘက်မှာ တူညီပေမယ့် အတွင်းဘက်မှာတော့ ဆရာ့ရဲ့စာသင်သားမျိုးဆက်နဲ့ လုံးဝကို ကွဲပြားနေတယ်။ ဒါကြောင့် သူက ကျွန်တော့်ကိုသတ်ဖို့ အခွင့်အရေးမရှိဘူးလို့ ခံစားမိခဲ့တာပဲ။ အဲဒီအစား သူက နောက်ပိုင်းမှာ သူ့ရဲ့ကိုယ်ပိုင်ဂိုဏ်းခွဲကိုပဲ ရှင်းလင်းနိုင်ဖို့ မျှော်လင့်နေခဲ့တာ.."

စာသင်သားအိုကြီးကတော့ သူ၏တိုက်ခိုက်စွမ်းရည်နည်းပါးမှုကြောင့် ဒေါသထွက်နေခဲ့သည်။ သူက နောက်တစ်ကြိမ် ခြေထောက်နှင့်ကန်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။

"လူကြီးလူကောင်း တစ်ယောက်ရဲ့စိတ်ကို အင်မော်တယ်တစ်ယောက်ရဲ့စိတ်နဲ့ တိုင်းတာတယ်။ ဒီစကားလုံးက မင်းလိုလူမျိုးကို ပြောပြချင်တာပဲ။ ငါက (၃)အထိ ရေမယ်။ တကယ်လို့ မင်းက မတ်တပ်မရပ်ဘူးဆိုရင်တော့ ဒီနေရာမှာပဲ ထာဝရလှဲနေပြီး သေမှာကို စောင့်နေလိုက်တော့။ မင်းက မဟာတာအိုကိုပြန်ရဖို့ အိပ်မက်မက်စရာ မလိုတော့ဘူး…"

"၁ … ၂ … ၂ ... ၂…"

ချွေးချန်းကတော့ မြေပေါ်တွင် ဆက်၍လှဲနေရန် ဆုံးဖြတ်လိုက်သည်။

စာသင်သားအိုကြီးက အတော်လေးကို အိုးတိုးအမ်းတမ်း အခြေအနေ ကျရောက်သွားခဲ့ပြီး သူက ချန်းပင်အန်းကို မျက်လုံးနှင့် အချက်ပြလိုက်သည်။ ထိုလူငယ်လေးက သူ၏အားနည်းချက်ကို ကူညီပေးရန် တောင်းဆိုလိုက်ခြင်းဖြစ်၏။

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်ပြီး လီပေါင်ဖျင်၏လက်ထဲမှ သစ်သားဓားကို ယူလိုက်သည်။ ထို့နောက် သူက ရှေ့ကို လျှောက်လာပြီး ချွေးချန်း၏အနားသို့ ရောက်လာခဲ့၏။ သူက လုံးဝကို ခံစားချက်ကင်းမဲ့နေသော အမူအရာနှင့် ချွေးချန်း၏လည်ပင်းကို ဓားနှင့် ခုတ်ချလိုက်သည်။ သူ၏ခုတ်ချက်က အလွန်အစွမ်းထက်ပြီး ဦးတည်ချက်ကလည်း တိကျ၏။

ချန်းပင်အန်း ကိုယ်တိုင် နားမလည်ခဲ့သော်လည်း စာရွက်လိပ်ထဲတွင် တည်ငြိမ်သော အခြေအနေကို နားလည်ကြုံတွေ့ခဲ့ရပြီးနောက် ယခု သူ့လက်(၂)ဖက်က သူ၏စိတ်နှင့် တသားတည်း ဖြစ်နေပြီ ဖြစ်၏။ ထိုအတွက်ကြောင့် သူ၏ခုတ်ချက်က အလွန်အမင်းကို ကြောက်စရာကောင်းပြီး အပြင်ဘက်တွင် ထူးခြားမှုမရှိသော်လည်း သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေခဲ့၏။

ချွေးချန်းက ကြောက်လန့်တကြား အလျင်အမြန် မတ်တပ်ရပ်လိုက်မိသည်။

ချန်းပင်အန်းက သစ်သားဓားကို ချက်ချင်း ဖယ်ရှားလိုက်ပြီး စာသင်သားအိုကြီးကို ခေါင်းညိတ်ပြလိုက်၏။ သူက သူ၏ပြဿနာကို ဖယ်ရှားပေးလိုက်ပြီဖြစ်ကြောင်း အချက်ပြလိုက်သည်။

စာသင်သားအိုကြီးက သက်ပြင်းချလိုက်ပြီး ချန်းပင်အန်းနှင့် မလှမ်းမကမ်းတွင် ရပ်နေသော အရပ်ရှည်ရှည်မိန်းမပျိုကို လှမ်းကြည့်လိုက်သည်။

"စကားပြောဖို့ နေရာတစ်ခု သွားရှာကြမယ်…"

ထို့နောက် သူက ချွေးချန်းကိုကြည့်ပြီး အမိန့်ပေးလိုက်၏။

"မင်းက ကောင်းကောင်းနေပါ။ ဒါက မင်းရဲ့တာအိုအကူရရှိဖို့အတွက် ထိန်းသိမ်းနိုင်လိမ့်မယ်။ တကယ်လို့ မင်းကသာ ဒီလိုဆက်ပြီး ပြဿနာရှာနေမယ်ဆိုရင် ချန်းပင်အန်းကို တစ်ချက်တည်းနဲ့ သတ်ခိုင်းလိုက်မယ်…"

ထိုအဖွဲ့က ခြံဝင်းဆီသို့ လျှောက်သွားခဲ့ကြသည်။

စာသင်သားအိုကြီးက ပတ်ပတ်လည်ကို လှည့်ကြည့်နေပြီး ဓားဝိညာဉ်၏ အဖြူရောင်ကြာရွက်လေး ထိန်းသိမ်းထားသော ကောင်းကင်ငယ်လေးကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူ၏လက်ချောင်းလေးများထဲတွင် တံဆိပ်များ ဖန်တီးလိုက်သည်။

ခဏကြာ စဉ်းစားလိုက်ပြီးနောက် သူက ပြောလိုက်၏။

"စကားပြောဖို့ အခန်းတစ်ခုရှာကြမယ်။ ချန်းပင်အန်း ... သင့်တော်တဲ့ နေရာတစ်ခုရှိလား။ ငါတို့က စကားပြောဖို့ပဲ လိုတာပါ။ အခန်းထဲမှာ အသုံးအဆောင်တွေ မရှိရင်လည်း ကိစ္စမရှိဘူး…"

ချန်းပင်အန်းက လင်းရှို့ယီ၏အခန်းကို လှည့်ကြည့်လိုက်သည်။ အခန်းထဲတွင် အလင်းရောင် မရှိတော့ပေ။ လင်းရှို့ယီက စံအိမ်ထဲတွင် အချိန်ကြာမြင့်စွာ လေ့ကျင့်နေခဲ့မှုကြောင့် ပင်ပန်းပြီး အနားယူနေပုံရသည်။ ချန်းပင်အန်းက အကြီးဆုံးအခန်း အသုံးပြုရန် အစီအစဉ်ကို လက်လွှတ်လိုက်သည်။

သူက စာသင်သားအိုကြီးကို ခေါင်းညိတ်ပြီး ပြောလိုက်၏။

"ဒါဆိုလည်း ကျွန်တော့်အခန်းကိုပဲ သွားကြစို့။ အဲဒီမှာ လီဟွိုင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ပဲ အိပ်နေတယ်။ တကယ်လို့ ကျွန်တော်တို့က သူ့ကို မတော်တဆ နှိုးလိုက်မိမယ်ဆိုရင်တောင် ပြဿနာမရှိဘူး။ ဒါပေမဲ့ လင်းရှို့ယီကတော့ တော်တော်လေးကို ထူးခြားတဲ့ ကျင့်ကြံသူတစ်ယောက်ပဲ။ ဒါကြောင့် သူ အနားယူနေတာကို မနှောင့်ယှက်မိတာ အကောင်းဆုံးပဲ…"

ဓားဝိညာဉ်က ခြံဝင်းထဲတွင် ရှိနေသော ကျောက်တုံးထိုင်ခုံတစ်ခုတွင် ထိုင်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ရှင်တို့ပဲ စကားပြောကြတော့။ ကျွန်မက အဲဒီလိုအရာတွေကို စိတ်မဝင်စားဘူး.."

အဆုံးတွင်တော့ စာသင်သားအိုကြီး၊ ချန်းပင်အန်း၊ လူငယ်လေးချွေးချန်းနှင့် လီပေါင်ဖျင်တို့က ချန်းပင်အန်း၏ အခန်းထဲတွင် ရှိနေသည့် စားပွဲဝိုင်း ပတ်ပတ်လည်တွင် ရှိနေသော ထိုင်ခုံ(၄)ခုံတွင် ထိုင်လိုက်ကြသည်။

ထိုအချိန်တွင် လီဟွိုင်ကတော့ အိပ်ရာပေါ်တွင် အိပ်ပျော်နေခဲ့၏။ ထိုကောင်လေး အိပ်နေသည့်ပုံစံက အတော်လေးကို ဆိုးရွားလှသည်။ ယခု သူက အိပ်ရာပေါ်တွင် ကန့်လန့်ကြီး အိပ်နေခြင်းဖြစ်၏။ ထိုသို့ဆိုရာတွင် သူက အိပ်ပျော်နေသေးသည်။

ချန်းပင်အန်းက ထိုကောင်လေး၏ခန္ဓာကိုယ်ကို အတည့်ဖြစ်အောင် ပြန်ပြင်ပေးလိုက်ပြီး လက်နှင့်ခြေထောက်ကို စောင်ခြုံပေးလိုက်သည်။ ထို့နောက် သူက အနွေးဓာတ်များ ပျောက်မသွားစေရန် စောင်ကို သေချာခြုံပေးလိုက်သည်။ အဆုံးတွင်တော့ လီဟွိုင်က တင်းတင်းကျပ်ကျပ် စည်းနှောင်ထားသော ဖက်ထုပ်တစ်ခုကဲ့သို့ဖြစ်သွားခဲ့၏။

ထိုအရာများအားလုံး ပြီးဆုံးသွားပြီးနောက် ချန်းပင်အန်း ထိုင်ခုံကိုပြန်ရောက်လာသည့်အချိန်တွင် လီပေါင်ဖျင်က တိတ်တဆိတ်မေးလိုက်သည်။

"ဦးလေးငယ် ...

ညတိုင်း ကျွန်မရဲ့စောင်ကိုလည်း ဒီလိုပဲခြုံဖို့ ကူညီပေးခဲ့တာလား…"

ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"အဲဒီလိုတော့ မလိုပါဘူး။ မင်း အိပ်တဲ့ပုံစံက လီဟွိုင်ထက် အများကြီးပိုသာတယ်။ မင်းက ချက်ချင်း အိပ်ပျော်သွားတာ။ ပြီးတော့ မနက်မိုးလင်းတဲ့အထိ တစ်ချိန်လုံး အဲဒီပုံစံအတိုင်းပဲ…"

လီပေါင်ဖျင်က ခေါင်းခါပြီးသက်ပြင်းချလိုက်မိသည်။ သူမက လက်ဝါးကို လက်သီးနှင့် ထိုးလိုက်ပြီး တစ်ယောက်တည်း ကြုံးဝါးလိုက်၏။

"တကယ်လို့ ဒါကိုသာ စောစောသိခဲ့မယ်ဆိုရင် ငယ်ငယ်ကတည်းက ကောင်းကောင်း မအိပ်တတ်အောင် လုပ်ထားပါတယ်။ ဒါတွေအားလုံးက အစ်ကိုကြီးရဲ့အမှားတွေပဲ။ သူက ကျွန်မကို လိမ်ပြောခဲ့တယ်။ အိပ်တဲ့ပုံစံကောင်းတာက အိပ်မက်ကောင်းတွေ မက်နိုင်တယ်လို့ ပြောခဲ့တယ်လေ…"

"ဒါဆိုရင်တော့ နောက်ပိုင်း ငါက မြို့ငယ်လေးကို ပြန်ရောက်တဲ့အချိန်ကျရင် မင်းရဲ့အစ်ကိုကြီးကို ကျေးဇူးတင်ဖို့ လိုအပ်တာပေါ့…"

ချန်းပင်အန်းက ပြုံးလိုက်သည်။

သူတို့၏ခရီးစဉ်အတောအတွင်း လီပေါင်ဖျင် အပြောဆုံး မိသားစုဝင်က သူမ၏အစ်ကိုကြီး ဖြစ်သည်။ ရလဒ်အနေနှင့် စာကြည့်ခန်းထဲတွင် ပုန်းအောင်းပြီး စာအုပ်များသာ ဖတ်နေတတ်သော ထိုစာသင်သားအပေါ် ချန်းပင်အန်းက အလွန်ကောင်းမွန်သော ခံစားချက်တစ်ခုရှိနေခဲ့သည်။

စာသင်သားအိုကြီးက ကလေးမလေးကိုကြည့်ပြီး အပြုံးနှင့်မေးလိုက်၏။

"မင်းရဲ့အစ်ကိုကြီးက ဖုလုလမ်းကြားထဲက လီကျိရှန်လား…"

လီပေါင်ဖျင်က ခေါင်းညိတ်ပြီး ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ…"

"အဲဒီနာမည်က တော်တော်လေးကို ရည်မှန်းချက်ကြီးတယ်…"

စာသင်သားအိုကြီးက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

ချွေးချန်းက မျက်ခုံးပင့်လိုက်မိ၏။

လီပေါင်ဖျင်က အနည်းငယ် စိုးရိမ်သွားခဲ့ပြီး ပြန်မေးလိုက်သည်။

"ဒီလိုရည်မှန်းချက်ကြီးတဲ့ နာမည်တစ်ခုရှိတာက ကောင်းတာလား ဆိုးတာလား…"

စာသင်သားအိုကြီးက သေချာစဉ်းစားနေပြီးနောက် ခေါင်းခါပြီးပြန်ဖြေလိုက်သည်။

"တကယ်လို့ လူတစ်ယောက်က ခံနိုင်ရည်ရှိတယ်ဆိုရင်တော့ ဒီလိုရည်မှန်းချက်ကြီးတဲ့ နာမည်မျိုး ရှိနေတာက ကောင်းတဲ့အရာတစ်ခုပဲ…"

လီပေါင်ဖျင်က ကိစ္စရပ်များကို သေချာဆွေးနွေးတတ်သော ကလေးမလေး တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူမက မေးလိုက်၏။

"ဆရာကြီး ...

ဘယ်လိုမျိုးခံနိုင်ရည်ရှိရတာလဲ…"

ချွေးချန်းက မျက်ခုံးပင့်လိုက်မိသည်။

“နောက်တစ်ကြိမ် လာပြန်ပြီ ..”

ထိုကလေးမလေးက ကစားခွင့်ကို အဘိုးကြီး၏လက်ထဲသို့ ထည့်လိုက်ပြီဖြစ်သည်။ သူက တခြားသူများကို သင်ကြားပေးရသည့်အပေါ် အလွန်ဝါသနာထုံပြီး သူက ကိစ္စရပ်များကို သေချာရှင်းပြတတ်သည်။

စာသင်သားအိုကြီးက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်၏။ သူက အရက်သောက်ရန် အမြည်းမတွေ့သည့် အရက်သမားတစ်ယောက်၏အမူအရာနှင့် စိတ်ပျက်သွားခဲ့ပြီး ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။

"တကယ်လို့ လူတစ်ယောက်ရဲ့ အခြေခံသဘာဝက သနားကြင်နာတတ်မယ်ဆိုရင်၊ တကယ်လို့ လူတစ်ယောက်ရဲ့ ဗဟုသုတက များပြားနေခဲ့မယ်ဆိုရင်၊ တကယ်လို့ လူတစ်ယောက်ရဲ့ အကျင့်စရိုက်က အရမ်းကို ကိုယ်ကျင့်တရား မြင့်မားနေမယ်ဆိုရင်၊ တကယ်လို့ လူတစ်ယောက်ကသာ ကမ္ဘာကြီးထဲကို လှည့်လည်သွားလာပြီး ကိစ္စတွေ အများကြီးကို ကြုံခဲ့ရမယ်ဆိုရင် သူတို့တွေက အဲဒီအရာတွေကို ခံနိုင်ရည်ရှိလိမ့်မယ်.."

လီပေါင်ဖျင်က တံဆိပ်တုံးလေးကို စားပွဲပေါ်သို့ တင်လိုက်ပြီး သူမ၏မြက်ဖိနပ်လေးကို ခြေထောက်နှင့်ကန်၍ ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူမက လက်ပိုက်ပြီး ပြဿနာများသောအမူအရာနှင့် ပြောလိုက်၏။

"ဒါပေမဲ့ ကျွန်မရဲ့အစ်ကိုကြီးက အဲဒီလိုမျိုး မဟုတ်ဘူး။ ကျွန်မက အိမ်ကို စာတစ်စောင်ရေးလိုက်ပြီး အစ်ကိုကြီးကို နာမည်ပြောင်းဖို့ ပြောလိုက်ရမလား ..."

ချွေးချန်းက မနေနိုင်တော့ဘဲ သတိပေးလိုက်သည်။

"အဘိုးကြီး ...

ကျွန်တော်တို့က အရေးကြီးတဲ့ကိစ္စကို အရင်ဆွေးနွေးလို့ မရဘူးလား။ မဟာတာအိုလေ ... မှတ်မိလား။ မဟာတာအို…"

လီပေါင်ဖျင်က တံဆိပ်တုံးကို တိတ်တဆိတ် ကောက်ယူလိုက်ပြီး တံဆိပ်တုံး၏ အောက်ခြေတွင် ရှိနေသော စကားလုံးများကို သေချာကိုင်ကြည့်နေခဲ့သည်။

ချွေးချန်းက ချက်ချင်း ပါးစပ်ပိတ်သွားခဲ့၏။ အကယ်၍ အဘိုးကြီးက အလွန်မြင့်မားသော ကျင့်စဉ်အဆင့်တစ်ခု ပိုင်ဆိုင်ထားလျှင်ပင် သူကတော့ အကြောင်းတရားများကို ပြောပြရန် သဘောကျသော လူတစ်ယောက် ဖြစ်နေသေးသည်။ ထို့ကြောင့် အရှက်မရှိသော လုပ်ရပ်မျိုးက သူ့အပေါ်တွင် အလုပ်ဖြစ်နိုင်သည်။

သို့သော် ချီကျင့်ချွန် ရွေးချယ်ထားသော ကလေး(၂)ယောက်ကတော့ လုံးဝစာပေသင်ကြားဖူးခြင်း မရှိသော ချန်းပင်အန်းနှင့် စည်းမျဉ်းများကို အပေါ်ယံသာ နားလည်ထားသော လီပေါင်ဖျင်ဟူသည့် ကလေးမလေး ဖြစ်ကြသည်။ လက်ရှိအချိန်တွင် ချွေးချန်းကတော့ ရေအိုင်လေးထဲတွင် ပိတ်မိနေသည့်အတွက် ငါးများ၏ စနောက်ကျီစယ်ခြင်းကို ခံနေရသော နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

သူက မည်မျှပင်ဗဟုသုတပြည့်စုံပြီး အစွမ်းထက်စေကာမူ ထိုကလေး(၂)ယောက်နှင့် ပတ်သက်လာလျှင် မသက်မသာ ခံစားနေရ၏။ သူ၏ကံကြမ္မာကတော့ ရိုက်နှက်စော်ကားခံရခြင်းသာ ဖြစ်သည်။ သူက ပို၍ဆန့်ကျင်လေလေ ပို၍ခံစားရလေလေ ဖြစ်၏။

စာသင်သားအိုကြီးက လေထဲမှနေ၍ အရက်တစ်အိုးကို ဆွဲယူလိုက်ပြီး တစ်ငုံသောက်လိုက်သည်။ သူက စားပွဲပေါ်သို့ လီပေါင်ဖျင် ချထားလိုက်သော တံဆိပ်တုံးလေးကိုကြည့်ပြီး အနည်းငယ် ဝမ်းနည်းသွားသလို ခံစားလိုက်ရ၏။

အမှန်အတိုင်းပြောရလျှင် ယနေ့ညတွင် ချွေးချန်းက အတော်လေးကို ဇဝေဇဝါဖြစ်နေခဲ့၏။ အဘိုးကြီးက သူ၏အစစ်အမှန်ခံစားချက်များကို တစ်ခါတစ်ရံမှသာ ထုတ်ပြတတ်သော်လည်း သူက အချိန်အများစုတွင် ခေါင်းမာပြီး ရှေးရိုးစွဲသော လူတစ်ယောက်ဖြစ်သည်။

သူက မည်သည့်နေရာတွင် ထိုင်နေစေကာမူ နတ်ဘုရားစင်မြင့်ပေါ်တွင် ထိုင်နေသော ရုပ်တုတစ်ခုကဲ့သို့သာ ဖြစ်သည်။ အထူးသဖြင့် သူ၏သင်ကြားမှုများက နာမည်အကျော်ကြားဆုံး ဖြစ်ခဲ့သည့်အတောအတွင်းဖြစ်သည်။ သူက သူ၏သင်ကြားမှုများကို ပြန်လည်ပို့ချနေသည့်အချိန်တွင် သူ၏တပည့်(၁)ထောင်က မတ်မတ်ထိုင်ပြီး သေချာနားစိုက်ထောင်နေကြမည်လော။

သူ့စကားကို နားထောင်နေသူများထဲတွင် အုပ်ချုပ်သူများနှင့် အရာရှိများ၊ ကျင့်ကြံသူများနှင့် အင်မော်တယ်များ၊ အဆင့်မြင့်သောလူများနှင့် လူကြီးလူကောင်းများ ဖြစ်ကြသည်။

ထိုအရာများက အလွန်ကြီးကျယ်ခမ်းနားသော အဖြစ်အပျက်များဖြစ်ပြီး ထိုအချိန်တွင် သူ့ဆရာက နေနှင့်လကဲ့သို့ အလွန်ထွန်းတောက်ခဲ့ကြောင်း သစ္စာဖောက် ချွေးချန်းကပင် ဝန်ခံခဲ့ရပါလိမ့်မည်။ ထိုအချိန်တွင် စာသင်သားသူတော်စင်၏ ထွန်းလင်းတောက်ပမှုက နေ့ရောညပါ ရှိနေပြီး ကြယ်စုတန်းကြီးထဲတွင် ရှိနေသော အဆုံးမဲ့ကြယ်များကပင် သူ၏အလင်းရောင်နှင့် ယှဉ်လိုက်လျှင် နိမ့်ကျသွားပါလိမ့်မည်။

သို့သော် ယခုတော့ အဘိုးကြီးက သူ့ကို ခြေထောက်နှင့် (၂)ကြိမ် ကန်ခဲ့ခြင်းပေလော။ သူက မဟာတာအိုအကြောင်း စကားပြောနေရင်း အရက်သောက်နေခြင်းပေလော။ ချွေးချန်းက မည်သည့်အရာကိုမျှဂရုမစိုက်သော်လည်း လက်ရှိအချိန်တွင်တော့ အမူအရာက အတော်လေးကို လေးနက်နေခဲ့သည်။

အဆုံးတွင်တော့ ချွေးချန်းက သူ့ဘေးတွင် ထိုင်နေသော အဘိုးကြီးအပေါ် အလွန်ရှုပ်ထွေးသော ခံစားချက်များ ရှိလာခဲ့သည်။ သူက သူ့အပေါ် လေးစားသလို မကျေမနပ်လည်း ဖြစ်နေခဲ့သည်။ သူက အလွန်ကြောက်သလို အလွန်လည်း သဘောကျသည်။

စာသင်သားသူတော်စင်၏ ပထမဆုံးတပည့် တစ်ယောက်ဖြစ်သည့်အတွက် ချွေးချန်းက တိုက်ခိုက်စွမ်းရည်နည်းပါးသော သူ့ဆရာအပေါ် ဒေါသမထွက်သော်လည်း သူ့ဆရာ၏ ကံဆိုးမှုများအတွက် ဝမ်းနည်းခြင်းမရှိဘဲ နေရမည်လော။

လီဟွိုင်က အိပ်နေရင်း ကယောင်ကတမ်းနှင့် ရေရွတ်လိုက်သည်။

"အိုက်လျန် .. အိုက်လျန် ... ကျွန်တော် အသားစားချင်တယ်။ ကပ်စေးနည်းကြီး အိုက်လျန် .. ခင်ဗျားရဲ့အရက်ဘူးထဲကနေ ကျွန်တော့်ကို အရက်တစ်ငုံလောက် တိုက်ပါ…"

လီပေါင်ဖျင်၏မျက်လုံးများက ဝင်းလက်တောက်ပလာခဲ့သည်။ ရှက်စရာကောင်းသော လီဟွိုင်၏ အပြုအမူက နေ့ရက်ပေါင်းများစွာ အစာစားပြီးသည့်အချိန်တိုင်း ပြောစရာခေါင်းစဉ်တစ်ခု ဖြစ်လာနိုင်သည်။

အိုက်လျန်၏နာမည်ကို ကြားသည့်အချိန်တွင် စာသင်သားအိုကြီးကို ချွေးချန်းက တည်ငြိမ်စွာ စိုက်ကြည့်လိုက်သည်။

စာသင်သားအိုကြီးက စားပွဲဝိုင်းတွင် ထိုင်နေသော လူ(၃)ယောက်ကိုကြည့်ပြီး ချောင်းဟန့်လိုက်၏။

"ကောင်းပြီ ... အခုအဓိကအကြောင်းအရာကိုပဲ ပြောကြမယ်။ ချန်းပင်အန်း၊ လီပေါင်ဖျင် ... ငါက ချီကျင့်ချွန်ရဲ့ဆရာဆိုတာ မင်းတို့(၂)ယောက်လည်း သိကြမှာပေါ့။ ချွေးချန်းကတော့ ငါ့ရဲ့ပထမတပည့်ဖြစ်တဲ့အတွက် ချီကျင့်ချွန်ရဲ့ ဆရာတူအစ်ကိုဖြစ်ခဲ့တယ်။ အဲဒီအချိန်မှာ ငါက စာပေလေ့လာဖို့အတွက် အလုပ်များနေတယ်။ ဒီတော့ ချီကျင့်ချွန်ရဲ့စာပေသင်ကြားမှုနဲ့ ကျားထိုးခြင်းအတတ်ပညာလို တခြားပညာရပ်တွေ သင်ကြားပေးဖို့ကိုတော့ ငါ့ရဲ့ပထမတပည့်ချွေးချန်းက တာဝန်ယူခဲ့ရတယ်…”

“ဒါပေမဲ့ နောက်ပိုင်းမှာတော့ ချွေးချန်းက ငါ့ကို သစ္စာဖောက်သွားပြီး သူ့ဆရာကို လှည့်စားတဲ့ အပြစ်မျိုးကျူးလွန်ခဲ့တဲ့အပြင် သူ့ရဲ့ဘိုးဘေးတွေကိုလည်း ဖျက်ဆီးခဲ့တယ်။ အမှန်အတိုင်း ပြောရရင် ချွေးချန်းက လီကျူးသုခဘုံထဲမှာ ချီကျင့်ချွန်ကို သေဆုံးသွားစေခဲ့တဲ့ ကစားပွဲထဲက အဓိကကစားသမား တစ်ယောက်လို့လည်း သတ်မှတ်နိုင်တယ်။ ဒီတော့ သူ့ရဲ့ဆရာတူညီလေးကို သတ်ပစ်လိုက်တဲ့ တရားခံတစ်ယောက်လို့ သူ့ကို နာမည်တပ်မယ်ဆိုရင်လည်း မလွန်ဘူး…"

"ငါ့ရဲ့တရားမဝင်တပည့်တစ်ယောက် မာကျန်းကလည်း အတူတူလို့ ပြောလို့ရတယ်။ ဒါပေမဲ့ မာကျန်းက ကျားကစားတာ ကျွမ်းကျင်တဲ့ ပညာရှင်တစ်ယောက်မဟုတ်ဘူး။ အဲဒီအစား သူက နောက်ကွယ်မှာရှိတဲ့ တရားခံ ထိန်းချုပ်တာကို ခံခဲ့ရတဲ့ ကျားစေ့လေး တစ်ခုသာသာပဲ…”

“မင်းတို့ရဲ့မြို့ကို ရောက်မလာခင် ဒီလူငယ်လေးခန္ဓာကိုယ်က ချွေးချန်းရဲ့ ယာယီနေအိမ်တစ်ခု ဖြစ်ခဲ့တယ်။ တကယ့်အစစ်အမှန်ချွေးချန်းကတော့ တာ့လီအင်ပါယာမှာ တော်ဝင်နန်းဆရာပဲ။ ပြီးတော့ ငါ့လောက်နီးပါး အသက်ကြီးတဲ့ အဘိုးကြီးတစ်ယောက်ပဲ…"

လီပေါင်ဖျင်၏မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ ချွေးချန်းကိုကြည့်နေသော သူမ၏မျက်လုံးများထဲတွင် ဒေါသများ ပြည့်နှက်နေခဲ့၏။

သို့သော် ချွေးချန်းကတော့ ချန်းပင်အန်း၏ တုံ့ပြန်မှုကို ပို၍ကြောက်လန့်နေခဲ့သည်။ သူက မျက်လွှာချလိုက်ပြီး သူ၏အမူအရာကို မမြင်ရပေ။ ကိုက်တတ်သော ခွေးများက သူတို့၏သွားကို လုံးဝမပြတတ်ပေ။ ချွေးချန်းက ချန်းပင်အန်း၏ အကျင့်စရိုက်နှင့် အလွန်အမင်းကိုရင်းနှီးနေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူက အဘိုးကြီးယန်ထက် ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေး၏ ဘဝအတွေ့အကြုံများစွာကို သေချာအလေးထားမိခဲ့သည်။

ချွေးချန်းက သူ့ကိုယ်သူ အကောင်းဆုံးထိန်းသိမ်းရန် ကြိုးစားခဲ့၏။ သို့သော် သူက မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။

"သေစမ်း ... အခုတော့ ငါက စဉ့်နှီတုံးပေါ်ကိုရောက်နေပြီ။ အဘိုးကြီး ခင်ဗျားက ကျွန်တော့်ကို တံစို့ထိုးနေတာပဲ…"

စာသင်သားအိုကြီးကခေါင်းစဉ်ပြောင်းလိုက်ပြီး ချန်းပင်အန်းကို ကြည့်၍ မေးလိုက်သည်။

"ငါ မင်းကို အရင်ဆုံးမေးချင်တဲ့ မေးခွန်းတစ်ခုရှိတယ်။ ဒါက ဒီနေ့ညစကားဝိုင်းရဲ့ မိတ်ဆက်လို့လည်း မင်းက သတ်မှတ်နိုင်တယ်။ တကယ်လို့ မင်းက သဘောတူမယ်ဆိုရင်တော့ ငါက ငါ့ရဲ့အစီအစဉ်အတိုင်း ဆက်ပြီးတော့ လုပ်မယ်..”

“ငါက မင်းဆီကနေ အချိန်အစိတ်အပိုင်းတစ်ခုကို ထုတ်ယူချင်တယ်။ ဘာမှမစိုးရိမ်ပါနဲ့။ အဲဒါက မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေ အများကြီးမပါပါဘူး။ မင်းက ဒီတောင်းဆိုမှုကို လက်ခံနိုင်ရဲ့လား…"

"လုပ်ပါ…"

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

စာသင်သားအိုကြီးက လက်တစ်ဖက်ထုတ်လိုက်ပြီး ချန်းပင်အန်း၏ လက်ကောက်ဝတ်ကို ကိုင်လိုက်၏။ သိပ်မကြာခင် ချန်းပင်အန်း၏ ပတ်ပတ်လည်တွင် မြူခိုးအလွှာလေးတစ်ခု ထွက်ပေါ်လာပြီး စာသင်သားအိုကြီး၏ လက်ဖဝါးဆီသို့ ဖြည်းညင်းစွာ စီးဆင်းလာခဲ့သည်။

တဖြည်းဖြည်းနှင့် ထိုအရာက အစိမ်းရောင်ရှိနေသော သလင်းကျောက် အလုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့၏။ စာသင်သားအိုကြီးက လက်ဖဝါးကို အောက်သို့ စိုက်လိုက်သည်။ ထို့နောက် သူက ထိုရေလုံးလေးကို ဖြည်းညင်းစွာ လှုပ်ရှားနေပြီး စားပွဲခုံပေါ်တွင ်စီးဆင်းသွားစေခဲ့၏။

စားပွဲပေါ်တွင် အလွန်ထင်ရှားသောပုံရိပ်များ ပေါ်လာခဲ့သည်။

လီပေါင်ဖျင်က အံ့အားသင့်စွာ မျက်လုံးပြူးသွားခဲ့၏။ သူမက စားပွဲပေါ်ကိုငုံ့ကြည့်ပြီး ရေရွတ်လိုက်သည်။

"ဦးလေးငယ် ...

ဒါက မင်္ဂလာဝတ်စုံဝတ်ထားတဲ့ သရဲမနဲ့ တွေ့ခဲ့တဲ့ တောင်တက်လမ်းပဲ။ ဪ .. ပြီးတော့ ကျွန်မလည်း ဒီပုံရိပ်ထဲမှာပါတယ်။ ဟီးဟီးးဟီးး… ကျွန်မရဲ့ စာအုပ်သေတ္တာလေးက အလှဆုံး ဖြစ်နေတုန်းပဲ။ ဒါက လင်းရှို့ယီနဲ့ လီဟွိုင်တို့ထက် ပိုပြီးတော့လှတယ်။ သူတို့တွေက သူတို့ရဲ့စာအုပ်သေတ္တာကို သယ်ထားတဲ့အချိန် တော်တော်လေးကို ရုပ်ဆိုးတာပဲ…"

သရဲမက သူမ၏စက္ကူထီးနှင့်အတူ ရွှံ့ထူနေသော လမ်းမပေါ်၌ ပေါ်လာခဲ့သည့် အချိန်မှစပြီး တောင်တက်လမ်းပေါ်တွင် မီးအိမ်ပေါင်းများစွာ လင်းလက်လာပြီး တောင်တန်းကြီးပေါ်တွင် အလွန်ကြီးကျယ်ခမ်းနားသော နဂါးကြီးတစ်ကောင်ကဲ့သို့ ဖန်တီးနိုင်ခဲ့သည်။

လင်းရှို့ယီက သူ၏အဆောင်စာရွက်လေးကို အသုံးပြုခဲ့သော်လည်း ထောင်ချောက်ထဲမှ မလွတ်မြောက်နိုင်ခဲ့သေးပေ။ သူတို့က "လှပသောရေ၊ အဆင့်မြင့်သောလေလှိုင်း" ဆိုင်းဘုတ်ရှိနေသည့် စံအိမ်ဆီသို့ လမ်းလွှဲခံခဲ့ရသေးသည်။ ဝေ့ကျင်း ရောက်လာပြီး သူ၏ဓားပျံနှင့် ဝင်္ကပါကို ဖျက်ဆီးခဲ့သည့်အချိန်မှစ၍ သူက အခက်အခဲကို ဖြေရှင်းပေးခဲ့ပြီး သူတို့ကို အောင်အောင်မြင်မြင် ခေါ်ဆောင်သွားခဲ့သည့် ပုံရိပ်များ ပါဝင်နေခဲ့သည်။

စာသင်သားအိုကြီးက စားပွဲကို လက်နှင့် ဆုပ်ကိုင်သလို လုပ်ဆောင်လိုက်ပြီး အချိန်အစိတ်အပိုင်းကို ရေလုံးလေးထဲသို့ နောက်တစ်ကြိမ် ပြန်ထည့်လိုက်သည်။ ထို့နောက် သူက ထိုရေလုံးလေးကို ချန်းပင်အန်းဆီသို့ တွန်းပို့လိုက်ရာ ဤကမ္ဘာကြီးထဲမှ ပျောက်ကွယ်သွားခဲ့၏။

ထိုအရာက မဟာတာအို၏အရင်းအမြစ်ကို ထိန်းသိမ်းနိုင်သော အထွဋ်အထိပ်စွမ်းရည်တစ်ခုဖြစ်သည်။ သို့သော် စာသင်သားအိုကြီးကတော့ သူတော်စင်တစ်ပါး၏ ကမ္ဘာငယ်လေးကို အားမကိုးခဲ့သလို မှော်ရတနာတစ်ခု၏ အစွမ်းကိုလည်း မသုံးခဲ့ဘဲ ထိုအစွမ်းကို သုံးနိုင်ခဲ့၏။

ထိုမှော်အစွမ်းက အတော်လေးကို ထူးခြားပြီး စိတ်ဝင်စားစရာကောင်းသည်ဟု လီပေါင်ဖျင်က တွေးမိခဲ့သည်။

သို့သော် ချွေးချန်းကတော့ ထိုအရာကို နားလည်နေခဲ့၏။ သူက တဖြည်းဖြည်းနှင့် အံ့သြလာခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် မည်သည့်အရာများ ဖြစ်နေသနည်း။ သူက သူတော်စင် တစ်ယောက်ဟူသော သူ၏ကျင့်ကြံမှုကို ဆုံးရှုံးသွားခဲ့ရသည်မှာ သိသာနေသည်။ ထိုသို့ဆိုလျှင် ဘာကြောင့် သူက ထိုကဲ့သို့ အံ့သြစရာကောင်းသော အစွမ်းမျိုးကို ပိုင်ဆိုင်ထားရသေးသနည်း။

"အဲဒီသရဲမက တော်တော်လေး မုန်းစရာကောင်းလား…"

စာသင်သားအိုကြီးက တိတ်တဆိတ် မေးလိုက်သည်။

"သူက သေချာပေါက် မုန်းစရာကောင်းတာပေါ့။ သူက အပြစ်မဲ့တဲ့လူပေါင်း မြောက်များစွာကို သတ်ပစ်ခဲ့တယ်။ သူ့ရဲ့ပြစ်မှုတွေက ရက်စက်ကြမ်းကြုတ်ပြီး အများကြီးပဲ။ သူက သနားစရာကောင်းလို့လား…"

"တချို့နေရာမှာတော့ သူက တော်တော်လေးကို သနားစရာကောင်းတယ်။ သရဲတစ်ယောက်ဆိုတော့ သူ့မှာ သနားကြင်နာတတ်တဲ့ နှလုံးသား ရှိခဲ့တယ်။ သူက နန်းတွင်းခုံရုံးရဲ့ ကံကြမ္မာကိုတောင် ထိန်းချုပ်ထားနိုင်ခဲ့တယ်။ တစ်ချိန်တည်းမှာပဲ သူက နယ်မြေခံ‌တွေအတွက် ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ပေးခဲ့ပြီး ဖြတ်သွားနေတဲ့ စာသင်သားတွေနဲ့လည်း အရမ်းကို ရင်းနှီးခဲ့တယ်။ အဲဒါက တော်တော်လေးကို လှပတဲ့ အရာတစ်ခု ဖြစ်သင့်တာပဲ။ ဒါပေမဲ့ အဆုံးမှာတော့ သူက မဟာတာအိုရဲ့တွန်းကန်မှုနဲ့ ရွံရှာမှုကို ခံခဲ့ရတယ်။ သူက ကံကြမ္မာရဲ့ချုပ်နှောင်ခြင်းကို ခံလိုက်ရပြီး ဘဝပေါင်းများစွာ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေကို ကြုံခဲ့ရတယ်…"

စာသင်သားအိုကြီးက သက်ပြင်းချပြီး ပြောလိုက်သည်။

"ဒါကြောင့်လည်း ရွံမုန်းစရာကောင်းတဲ့ လူတိုင်းရဲ့နောက်ကွယ်မှာ သနားစရာ အကြောင်းပြချက်တစ်ခု ရှိတယ်လို့ ပြောတတ်တာပဲ။ အဲဒါက မှန်တယ် မဟုတ်လား.."

ချွေးချန်းက အစွမ်းထက် ရန်သူတစ်ယောက်ကို ရင်ဆိုင်နေရသလို ခံစားနေရသည်။ သူက ခေါင်းမညိတ်ရဲသလို ခေါင်းလည်း မခါရဲပေ။

လီပေါင်ဖျင်ကတော့ လျင်မြန်စွာ စဉ်းစားကြည့်နေခဲ့၏။ ခဏကြာစဉ်းစားနေပြီးနောက် သူမက ပြန်ဖြေလိုက်သည်။

"သူက သနားစရာကောင်းတာထက် ပိုပြီးတော့ ရွံစရာကောင်းတယ်…"

စာသင်သားအိုကြီးက ကလေးမလေး၏စကားကို ခေါင်းညိတ်ပြီး အပြုံးနှင့် မေးလိုက်သည်။

"ဒါဆိုရင် ရွံမုန်းစရာကောင်းတာက သနားစရာကောင်းတာထက် ဘယ်လောက်များများ ပိုတာလဲ။ ပြီးတော့ သူ့ကို ဘယ်လောက်ရာခိုင်နှုန်း သနားသင့်တာလဲ…"

လီပေါင်ဖျင်က ထိုကိစ္စကို အချိန်တော်တော်ကြာစဉ်းစားနေပြီး ပြန်ဖြေလိုက်သည်။

"ကျွန်မတို့က ဒါတွေကို တရားမျှတခြင်းဆိုတဲ့အရာနဲ့ပဲ တိုင်းတာရလိမ့်မယ်။ ကျွန်မတို့က အဲဒါတွေကိုသုံးပြီး သူ့ရဲ့အပြုအမူကို တွက်ချက်နိုင်တယ်။ ဒါဆိုရင် ရလဒ်ကိုသုံးပြီး ဂဏန်းတွေကို ဂရုတစိုက် တွက်ချက်နိုင်တယ် မဟုတ်လား.."

စာသင်သားအိုကြီးက အပြုံးနှင့်ဆက်ပြီး မေးလိုက်သည်။

"လီပေါင်ဖျင် ...

တရားမျှတတယ်ဆိုတဲ့အရာမျိုးက တကယ့်ကို ကောင်းပါတယ်။ ဒါဆိုရင် ပြဿနာအသစ်တစ်ခု ပေါ်လာပြီ။ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ စည်းမျဉ်းတွေက ကောင်းတဲ့စည်းမျဉ်းတွေ၊ ဆိုးတဲ့စည်းမျဉ်းတွေ ဆိုတာကို ငါတို့က ဘယ်လိုဆုံးဖြတ်ကြမလဲ…"

ကလေးမလေးက အနည်းငယ် တွေဝေသွားခဲ့သည်။ သူမက ထိုပြဿနာကို လုံးဝမစဉ်းစားဖူးသလို ထင်မှတ်ရသည်။ သို့သော် သူမက ချက်ချင်းပြန်ဖြေလိုက်၏။

"ဆရာကြီး ...

ကျွန်မကို အချိန်နည်းနည်းပေးပါ။ ဒီမေးခွန်းက တော်တော်လေးကို ကြီးမားပြီး အရင်တစ်ခေါက်က ဦးလေးငယ် စဉ်းစားခိုင်းတဲ့ မေးခွန်းလိုမျိုး ခက်တယ်။ ကျွန်မက အဲဒါကိုစဉ်းစားဖို့ အချိန်တော်တော်လေးပေးရဦးမယ်…"

စာသင်သားအိုကြီး၏ မျက်နှာပေါ်တွင် ကြင်နာသောအပြုံးတစ်ခုပေါ်လာပြီး ခေါင်းညိတ်၍ ချီးကျူးလိုက်သည်။

"ဒါဆိုလည်း ကောင်းပြီလေ…"

ချွေးချန်းက စာသင်သားအိုကြီး၏ မျက်နှာပေါ်တွင် အလွန်ရင်းနှီးသော အမူအရာတစ်ခုကိုကြည့်ပြီး အေးစက်စွာ ပြုံးလိုက်မိသည်။ ထိုအရာက ချီကျင့်ချွန်၏ဆရာနှင့် ချီကျင့်ချွန် တန်ဖိုးအထားရဆုံး တပည့်တို့၏ မြင်ကွင်း ဖြစ်သည်။ သူတို့၏အပြုအမူများက အတူတူသာဖြစ်ပြီး သူတို့၏သင်ခန်းစာ သင်ကြားပေးမှုကလည်း အတူတူသာ ဖြစ်သည်။

လီပေါင်ဖျင်က ခဏကြာစဉ်းစားနေပြီးနောက် စာသင်သားအိုကြီးက ချန်းပင်အန်းကို လှည့်ကြည့်လိုက်၏။

"အရင်တုန်းက ခက်ခဲတဲ့မေးခွန်းတွေကို လေ့လာပြီး စဉ်းစားနေတဲ့အချိန်မှာ ငါက အဆိုးဆုံးအခြေအနေကို အရင်ဆုံး စဉ်းစားတတ်တယ်။ ဒီနေ့လည်း အတူတူပဲ။ ရွံမုန်းစရာကောင်းတဲ့ လူတိုင်းရဲ့နောက်ကွယ်မှာ သနားစရာ အကြောင်းပြချက်တစ်ခု ရှိတယ်။ ဒီစကားလုံးမှာတော့ ပြဿနာမရှိဘူး…”

“ဒါပေမဲ့ ဒီကမ္ဘာကြီးထဲမှာ ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းတယ်လို့ သတ်မှတ်ထားတဲ့ လူတိုင်းက သူတို့ဝမ်းနည်းနေတယ်ဆိုတဲ့ အချိန်မျိုးမှာပဲ လှုပ်ရှားတတ်ကြတယ်။ သူတို့တွေက အဲဒီစကားလုံးနဲ့ ပြောပြထားတဲ့ သနားစရာအချက်တွေကိုပဲ အဓိက အာရုံစိုက်ကြတယ်။ သူတို့က ရွံမုန်းစရာကောင်းတယ်ဆိုတဲ့ အချက်အလက်တွေကိုတော့ တမင်ရည်ရွယ်ချက်ရှိရှိ လျစ်လျူရှုထားတတ်ကြတယ်…”

“တချို့ကတော့ သနားကြင်နာမှုကို အလွဲသုံးစား လုပ်နေကြတာပဲ။ သူတို့က လူအများရဲ့အမြင်မှာ ရွံမုန်းစရာ ကောင်းတယ်ဆိုတဲ့ စကားလုံးရဲ့ တရားခံတွေ မဟုတ်ဘူးဆိုတဲ့ အချက်ကိုပဲ သက်သေပြချင်ကြတာ။ သူတို့ကလည်း တရားခံတွေလို တူညီတဲ့နာကျင်မှုတွေကို မခံစားကြရဘူး။ ဒါပေမဲ့ အဲဒီလူတွေနဲ့ ဘေးချင်းယှဉ်ရပ်နိုင်ပြီး သူတို့ရဲ့ ထင်မြင်ချက်တွေကို ကျယ်ကျယ်လောင်လောင် ပြောနိုင်ကြတယ်။ တခြားလူတွေက သူတို့ကို နှိပ်စက်နေတယ်လို့လည်း အတင်းအကြပ် ပြောတတ်ကြတယ်…"

"ချန်းပင်အန်း ... ပြဿနာရဲ့အဓိကအရင်းအမြစ်က ဘယ်နေရာမှာလဲ…"

"ငါက စာအုပ်တွေ အများကြီးဖတ်တော့ တော်တော်လေး ဗဟုသုတရှိတယ်လို့ တော်တော်များများက သိကြတယ်။ တချို့တွေကတော့ အရမ်းကို ကြီးကျယ်ခမ်းနားပေမယ့် တကယ့်တကယ်မှာ စည်းမျဉ်းစည်းကမ်းတွေ လုံးဝမရှိကြဘူး…"

"ချန်းပင်အန်း ...

မင်းက ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးမျိုးရှိလဲ။ မင်းရဲ့စိတ်ထဲမှာရှိတာကို လွတ်လပ်စွာ ပြောလို့ရတယ်…"

ချန်းပင်အန်းက တစ်ခုခုပြောချင်နေသော်လည်း သူကတွေဝေနေခဲ့၏။ အဆုံးတွင်တော့ သူက ပြန်ဖြေလိုက်သည်။

"ကျွန်တော့်မှာ ပြောစရာဘာမှမရှိဘူး ..."

ချွေးချန်းကတော့ ချန်းပင်အန်း၏အဖြေကို နားထောင်ချင်သည့် ခံစားချက်မျိုးမရှိပေ။ သူက အခြေအနေကို တိတ်တဆိတ် ဆန်းစစ်နေခဲ့ပြီး အဘိုးကြီးက ဘာကြောင့် ထိုအရာများကို ရုတ်တရက် ပြောနေကြောင်း စဉ်းစားကြည့်နေခဲ့၏။

စာသင်သားအိုကြီးက သူ၏ဘယ်ဘက်တွင် ရှိနေသော လီပေါင်ဖျင်နှင့် ညာဘက်တွင် ရှိနေသော ချွေးချန်းတို့ကိုကြည့်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

"မှားတယ်၊ မှန်တယ်ဆိုတာကို လူသားတွေရဲ့စိတ်နဲ့ပဲ တိုင်းတာနိုင်တယ်။ ကောင်းတာ၊ ဆိုးတာကိုတော့ ငရဲပြည်မှာရှိတဲ့နတ်ဘုရားကပဲ တိုင်းတာလိမ့်မယ်။ ဘာလို့ဒီလိုဖြစ်ရတာလဲ…”

“ဘာလို့လဲဆိုတော့ လူတစ်ယောက်ချင်းဆီရဲ့ကိုယ်ကျင့်တရား၊ သွန်သင်ဆုံးမမှုနဲ့ ဘဝအတွေ့အကြုံတွေက မတူကြဘူး။ လူသားတွေရဲ့စိတ်က လှုပ်ရှားလွယ်တယ်။ ဒါကြောင့် သူတို့ရဲ့အသိစိတ်ကသာ တရားမျှတမှုအရှိဆုံးနဲ့ အမှန်ကန်ဆုံးလို့ လူဘယ်နှစ်ယောက်က ပြောရဲကြလို့လဲ…"

"ဒါကြောင့် ဥပဒေပညာရှင်တွေက ကိုယ်ကျင့်တရားနဲ့ ကျင့်ဝတ်တွေအတွက် အောက်ခြေမျဉ်းကြောင်းတစ်ခုကို ရေးဆွဲတဲ့ ဖြတ်လမ်းနည်းတစ်ခုကို အသုံးပြုတတ်ကြတယ်။ အဲဒီမျဉ်းကြောင်းကို ဒီလောက်အမြင့်မှာ ရေးဆွဲထားပြီး အောက်ကို ဆက်နှိမ့်လို့ မရနိုင်တော့ဘူး…"

ထိုစကားကို ပြောလိုက်ပြီးနောက် စာသင်သားအိုကြီးက စားပွဲထက် အနည်းငယ်နိမ့်သော မျဉ်းကြောင်းတစ်ခုကို ရေးဆွဲလိုက်သည်။

"အဲဒီဥပဒေတွေထဲမှာ ဆိုးရွားတဲ့ဥပဒေတွေလည်း ပါကောင်းပါနိုင်တယ်။ ငါက ဒီအချက်ကို အကျယ်ချဲ့ပြီး ပြောမနေတော့ဘူး။ မဟုတ်ရင် ငါတို့က ဒီနေရာမှာ (၃)ရက် (၃)ည ထိုင်နေရလိမ့်မယ်။ အကျဉ်းချုပ်ပြီး ပြောရမယ်ဆိုရင်တော့ ဥပဒေတွေဆိုတာက အသက်မရှိဘူး။ လူသားတွေရဲ့စိတ်ကပဲ အသက်ရှိနေတာ။ တကယ်လို့ ဥပဒေကို လိုက်နာတဲ့လူ တစ်ယောက်မှမရှိတော့ရင် အဲဒီဥပဒေတွေက သေဆုံးသွားရမှာပဲ။ ဒီတော့ ငါတို့က ပိုပြီးအဆင့်မြင့်တဲ့ အဖြေတစ်ခုကို ရှာဖွေဖို့ လိုအပ်တယ်…"

စာသင်သားအိုကြီးက လက်မြှောက်ပြီး အမိုးကို လက်ညှိုးထိုးပြလိုက်သည်။

All Chapters