← Chapters

အခန်း (၁၅၉)

Vol. 11 Ch. 159

အခန်း (၁၅၉)

Vol. 11 Ch. 159

ချွေးချန်းက ရေတွင်းပေါ်မှ ဆင်းကာ နယ်ခြားစံအိမ်ဆီသို့ ပြန်လျှောက်လာခဲ့သည်။ သူက တဲအပြင်ဘက်တွင် ရပ်လိုက်ပြီး တစ်ကိုယ်လုံး မလှုပ်မယှက်ဖြစ်သွား၏။ ဆောင်းဦးကျူပင်တည်းခိုဆောင်က ခွင့်ပြုချက်မရှိဘဲ ရေတွင်းကို စူးစမ်းစစ်ဆေးခြင်း မပြုရန် တားမြစ်ထားသည့်အတွက် နယ်ခြားစံအိမ်တွင် အနောက်ဘက်ခြမ်း တစ်ခုတည်းသာ အဝင်အထွက်ရှိသည်။

ယခု ချွေးချန်းက အရှေ့ဘက်ခြမ်းတွင် အနည်းငယ် ဝေဝါးသော မျက်နှာအမူအရာဖြင့် ရပ်နေသည်။ နောက်ဆုံးတွင် သူက အံကြိတ်လိုက်ပြီး တဲ၏လက်ရန်းပေါ်သို့ လက်နှစ်ဖက်တင်ကာ အားအပြည့်သုံး၍ ခုန်ကူးပြီး တဲအတွင်းထဲရှိ ရှေးဟောင်းထိုင်ခုံရှည်ပေါ်သို့ လှန်ချလိုက်သည်။ သူက ထိုင်ခုံရှည်ပေါ်တွင် လဲလျောင်းလျက် ပင်ပန်းစွာ အသက်ရှုနေရ၏။

ထိုမြင်ကွင်းကိုမြင်သည့်အခါ ယုလုနှင့် ရှဲ့ရှဲ့တို့က အနည်းငယ် သတိထားလာပြီး တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာဖြစ်သူ ချွေးချန်းက သူတို့ကို လှည့်စားနေသည်ဟုသာ သတ်မှတ်လိုက်ကြသည်။ သူတို့က သူ၏ထောင်ချောက်များထဲသို့ ကျရောက်မည်ကို အလွန်သတိထားနေကြ၏။

တိုတိုတုတ်တုတ်ပြောရလျှင် ချွေးချန်းက ရပ်နေပြီး သူတို့ဆီသို့ ဓားတစ်လက် လှမ်းပေးနေလျှင်ပင် ယုလုနှင့် ရှဲ့ရှဲ့တို့သည် ဘာမျှမလုပ်ရဲကြဘဲ ဓားကိုပင် လက်ခံရဲမည်မဟုတ်ချေ။

ရှဲ့ရှဲ့၏မျက်လုံးထဲတွင်တော့ ချန်းပင်အန်းက ချွေးချန်းကို ထိုကဲ့သို့ အေးတိအေးစက် ဆက်ဆံနိုင်သည်မှာ သူ၏အသိပညာနည်းပါးမှုနှင့် ချွေးချန်း၏ အဆင့်အတန်းကို နားမလည်မှုကြောင့်သာ ဖြစ်သည်။ ချန်းပင်အန်းက ကျင့်ကြံသူများ၏ အစစ်အမှန်ကမ္ဘာကြီးကို တစ်ခါမျှ မမြင်ဖူးခဲ့ဖူးပေ။ သူက ကျင့်ကြံသူများ၏ တိုက်ပွဲများ၊ ကျောင်းဆောင်များ၏ ဖွင့်ပိတ်ခြင်းနှင့် တာအိုကို ရရှိခြင်း၊ အင်မော်တယ် ဖြစ်လာခြင်းတို့၏ နက်နဲလှသည့် အရေးပါမှုကို မသိခဲ့ခြင်းပင် ဖြစ်သည်။

တစ်ချိန်ကကွန်ဖြူးရှပ်သူတော်စင်၏ ပထမဆုံးတပည့်ဖြစ်ခဲ့ဖူးသူ ချွေးချန်းက တာ့လီအင်ပါယာ၏ တော်ဝင်နန်းဆရာဖြစ်ပြီး အဆင့်(၁၂) အထွဋ်အထိပ်တွင် ရှိသော ချီကျင့်ကြံသူတစ်ဦးလည်း ဖြစ်သည်။ ထိုအဆင့်အတန်းတစ်ခုချင်းဆီက တောင်တန်းတစ်ခုကဲ့သို့ ခန့်ညားထည်ဝါလှ၏။ ထိုအဆင့်အတန်းများက လူတစ်ဦးကို အလုံးစုံဖိနှိပ်နိုင်သည်အထိ ကြီးကျယ်လှသည်။

သို့ရာတွင် ယခု အားနည်းနေသော ချွေးချန်းက တဲအတွင်းရှိ ထိုင်ခုံရှည်ပေါ်တွင် လဲနေပြီး ခွေးတစ်ကောင်ကဲ့သို့ အသက်ရှုနေရ၏။ သူက နဖူးပေါ်မှ ချွေးများကို သုတ်ပြီး ပြောလိုက်သည်။

“မင်းတို့ မြင်တဲ့အတိုင်းပဲ၊ မကြာသေးခင်အချိန်မှာ ငါက မထင်မှတ်ထားတဲ့ ကံကြမ္မာဆိုးတစ်ခုနဲ့ ကြုံခဲ့ရတယ်။ ငါ့ရဲ့ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားပြီး အတော်လေး အားနည်းလာတဲ့အပြင် ငါ့ရဲ့အိတ်ဆောင်ရတနာကိုလည်း မသုံးနိုင်တော့ဘူး။ ငါက အရမ်းအားနည်းပြီး အကာအကွယ်စွမ်းရည်မရှိတဲ့ ပိုးကောင်တစ်ကောင်လို ဖြစ်လာတယ်။ ဒါကြောင့် မင်းတို့နှစ်ယောက်ဆီမှာ ငါ့အပေါ် မကျေနပ်မှုတွေ ဒါမှမဟုတ် နာကျည်းမှုရှိရင် အခုအချိန်က မင်းတို့အတွက် အကောင်းဆုံးအချိန်ပဲ။ ဒီလိုအခွင့်အလမ်းမျိုးက တစ်သက်မှာ တစ်ကြိမ်ပဲရမဲ့ အခွင့်အလမ်းဖြစ်ပြီး နောက်တစ်ကြိမ် ထပ်ပြီး မရနိုင်တော့ဘူး…”

ချွေးချန်းက တည်းခိုဆောင်နှင့် ဤတိုင်းပြည်အပြင်ဘက်ရှိ တာ့လီအင်ပါယာ၏ နယ်မြေဆီကို လှမ်းမျှော်ကြည့်လိုက်သည်။ သူက အားနည်းစွာ ဆဲဆိုလိုက်မိ၏။

“မင်းကတော့ အကျိုးအမြတ်တွေကို ရယူထားတယ်၊ ငါကတော့ အကျိုးဆက်တွေကို ခံစားနေရတယ်။ တာ့လီအင်ပါယာ တော်ဝင်နန်းဆရာရဲ့အဘိုးကို ကျိန်ဆဲတယ်ကွာ။ .. ခဏနေဦး အဲဒါက ငါ့အဘိုးလည်း ဖြစ်နေတာပဲ…”

ချွေးချန်းက တိုးတိုးတိတ်တိတ် ဆဲဆိုနေသေးသည်။ သူက ချန်းပင်အန်း၏ တပည့်ဖြစ်ရန် မအောင်မြင်ခဲ့သော်လည်း လီဟွိုင်နှင့် ခရီးသွားဖော်အဖြစ် အချိန်ကြာမြင့်စွာ အတူရှိခဲ့သည့်အတွက် သူတစ်ပါးကို ဆဲဆိုရာတွင် ပိုမိုကျွမ်းကျင်ပြီး လာခဲ့သည်။ ယခု သူက ကိုယ်ကိုယ်ကိုယ်ပင် ဆဲဆိုနေခြင်းဖြစ်၏။

ရှဲ့ရှဲ့က တော်ဝင်နန်းဆရာ၏ ထူးဆန်းသော အပြုအမူများကို ရင်းနှီးနေပြီ ဖြစ်သည့်အတွက် ချွေးချန်း အားနည်းသွားသည်ဟု မထင်မိဘဲ သူ့အပေါ် ပိုမိုသတိထားပြီး စိုးရိမ်လာခဲ့သည်။

ချွေးချန်းက ထိုင်ခုံရှည်ပေါ်တွင် မတ်မတ်ထိုင်လိုက်ပြီး လက်ရန်းပေါ်တွင် လက်နှစ်ဖက်ကို တင်ထားလိုက်သည်။ သူက ယုလုနှင့် ရှဲ့ရှဲ့တို့ကြားတွင် တိတ်ဆိတ်စွာထိုင်နေမိ၏။

သူက သက်ပြင်းချပြီး ပြောလိုက်သည်။

“ချန်းပင်အန်း ငါ့ကို မကြောက်တာက အခြေအနေကို သေချာနားမလည်လို့ ဖြစ်မယ်လို့ မင်းတို့နှစ်ယောက်က ထင်နေကြတယ်။ ဒါက…”

ချွေးချန်းသည် ခဏရပ်ပြီး ရယ်မောကာ ဆက်ပြောလိုက်သည်။

“မှန်တော့ မှန်တယ်..”

ထိုသို့ပြောပြီးနောက် ချွေးချန်းက သူတို့ကို ကြည့်လိုက်ပြီး ဆက်ပြောသည်။

“ဒါပေမယ့် ဒါက အကြောင်းပြချက်ရဲ့တစ်ဝက်ပဲရှိသေးတယ်။ မသိတဲ့သူတွေက မကြောက်တတ်ကြဘူး မဟုတ်လား။ ဒါပေမယ့် မင်းတို့နှစ်ယောက်က ချန်းပင်အန်းထက် ပိုပြီးနိမ့်ကျတဲ့ အရာတစ်ခုရှိတယ်။ သူ့ဆီမှာ ရှင်းလင်းတဲ့ သိစိတ်တစ်ခု ရှိတယ်၊ ဒါကြောင့် သူက ဘာကိုမှ ကြောက်စရာ မလိုအပ်ဘူး။ မင်းတို့ကရော…။ တစ်ယောက်က စာဖတ်ပြီး အဆင့်(၆) သိုင်းပညာရှင် လျှို့ဝှက်ဆန်းကြယ်စွာ ဖြစ်လာတယ်။ အခု မင်းရဲ့တိုင်းပြည် ပျက်စီးသွားတဲ့နောက် အရှက်တရားကို သည်းခံပြီး လေးနက်တဲ့ တာဝန်ကို ထမ်းဆောင်နေရတယ်..”

“နောက်တစ်ယောက်ကတော့ ထူးချွန်တဲ့ ချီကျင့်ကြံသူတစ်ဦးဖြစ်ပြီး ရန်သူတွေအပေါ် ပြင်းထန်တဲ့ နာကျည်းမှုနဲ့ မုန်းတီးမှုကို မွေးမြူထားတယ်။ ဒါပေမယ့် မင်းက အနာဂတ်မှာ အချိန်နဲ့ အခွင့်အလမ်းတွေ အများကြီးရှိမယ်လို့ ခံစားနေရတယ်..”

“ချန်းပင်အန်းက လိုအပ်တယ်လို့ ခံစားလာရရင် ငါ့ကို တိုက်ခိုက်ရဲတယ်၊ ဒါပေမယ့် မင်းတို့ကရော။ မင်းတို့က စဉ်းစားပြီး ဝေခွဲမရ ဖြစ်နေကြတယ်၊ စိုးရိမ်နေကြတယ်။ ငါက ဒီလိုလွယ်လွယ်ပြောနေတာလို့ မင်းတို့ ထင်နေတာလည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ငါက ချွေးချန်းပဲ၊ မင်းတို့နှစ်ယောက်က ငါ့ရဲ့ကျေးဇူးကြောင့်သာ အသက်ရှင်နေရတာလို့ ကျေးဇူးတင်ရမယ်…”

ချွေးချန်းက သူ၏ကျောကို နှိပ်လိုက်ပြီး စိတ်ညစ်နေသော အမူအရာဖြင့် ပြောလိုက်သည်။

“တကယ်တော့ ငါ့နောက်ကျောက တော်တော်နာနေတယ်…”

သူက ယုလုကို ကြည့်လိုက်ပြီး မေးလိုက်၏။

“နောက်ပိုင်း မင်းတို့နှစ်ယောက် ငါ့နောက်ကို စိတ်ရင်းနဲ့ လိုက်မလား။ ဘယ်လိုလဲ..”

ယုလုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“အကျဉ်းသားအုပ်စုကို စွန့်ခွာပြီးကတည်းက ကျွန်တော်က တော်ဝင်နန်းဆရာရဲ့ အမိန့်ကို တစ်ချိန်လုံး လိုက်နာခဲ့ပါတယ်။ ပြီးတော့ အခုထိလည်း ကောင်းကောင်း လုပ်ဆောင်နေတယ်လို့ ခံစားရတယ်။ ဒီလိုရှည်လျားတဲ့ ပညာရှာဖွေရေး ခရီးစဉ်မျိုးက တော်တော်လေး ကြည်နူးဖို့ကောင်းတယ်။ အရှေ့နန်းဆောင်မှာ စာကြမ်းပိုးပုံစံ ဟန်ဆောင်ပြီး ပျင်းစရာကောင်းတဲ့ ဆရာတွေရဲ့စကားကို နားထောင်နေရတာထက် ပိုပြီး စိတ်ဝင်စားဖို့ကောင်းပါတယ်…”

“တကယ်လို့ တော်ဝင်နန်းဆရာ အားတဲ့အချိန် ကျွန်တော့်ကို ခက်ခဲနက်နဲတဲ့ သဘောတရားတွေနဲ့ နိယာမတွေကို ရှင်းပြမယ်ဆိုရင် ကျွန်တော်ရဲ့ဘဝဟာ ပိုပြီးပြည့်စုံလာမယ်လို့ ခံစားရပါတယ်…”

ချွေးချန်းက အရပ်ရှည်ရှည် လူငယ်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။ “ချန်းပင်အန်းက အရမ်းသတိထားပြီး လေ့လာစူးစမ်းတတ်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူက ရေတွင်းထဲက ဖားတစ်ကောင်လို ရုတ်တရက် ခုန်ထွက်လာခဲ့ရတဲ့အတွက် သူမြင်တဲ့ အရာအားလုံးကို ကြောက်လန့်ပြီး သတိထားနေတာ။ ဒါပေမယ့် မင်းကတော့ တကယ့်ကို စဉ်းစားတတ်ပြီး အတွေးအခေါ်ရှိတဲ့ လူတစ်ယောက်ပဲ။ မင်းက အကြံအစည်များတဲ့ လူတစ်ယောက်လို မြင်ရတဲ့အတွက် တစ်ခါတစ်လေ ပြုံးနေတဲ့ မင်းရဲ့မျက်နှာကို လက်သီးနဲ့ ထိုးချင်တယ်…”

“ကျွန်တော်ရဲ့အနေအထားက ချန်းပင်အန်းနဲ့ နှိုင်းရင် ပိုမကောင်းဘူးလား။ ကျွန်တော်လည်း ရေတွင်းထဲက ဖားတစ်ကောင် မဟုတ်ဘူးလား…”

ယုလုက စိတ်ပျက်လက်ပျက်မေးလိုက်သည်။

“စည်းစိမ်ဥစ္စာနဲ့ ကံကြမ္မာက ဘေးဒုက္ခတွေကို ဖိတ်ခေါ်နိုင်တယ်၊ စိန်ခေါ်မှုတွေနဲ့ အခက်အခဲတွေကပဲ အောင်မြင်မှုကို ရနိုင်တယ်။ ငါက ဒီလိုသူတော်စင်ရဲ့ အကြံဉာဏ်ကို အလကားပေးလိုက်မယ်။ ယူသွားပြီး သေသေချာချာ စဉ်းစားကြည့်ပါ…”

ချွေးချန်းသည် ပျော့ပျောင်းစွာ ပြန်ပြောလိုက်သည်။

စာအုပ်ပေါင်းများစွာကို ဖတ်ထားခဲ့သော ယုလုက စိတ်ဝင်တစားမေးလိုက်၏။ “ကွန်ဖြူးရှပ်ကျောင်းဆောင်ထဲက ဘယ်သူတော်စင်က ဒီသင်ကြားမှုမျိုးကို ပေးခဲ့တာလဲ…”

ချွေးချန်းသည် သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြန်ဖြေသည်။

“ငါပဲလေ…”

ယုလုက စကားမပြောတော့ဘဲ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။

ချွေးချန်းက သူ၏အင်္ကျီလက်ထဲမှ ကျောက်ခဲတစ်လုံးကို ထုတ်ယူလိုက်ပြီး တံစက်မြိတ်မှ ဆွဲထားသော ခေါင်းလောင်းလေးများကို ပေါ့ပေါ့ပါးပါး လှမ်းပစ်လိုက်သည်။ ပထမအကြိမ် လွဲသွား၏။ ဒုတိယအကြိမ် လွဲသွားသည်၊ ထို့နောက် တတိယအကြိမ်လည်း လွဲသွားခဲ့၏။

သူက ရှဲ့ရှဲ့ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

“ငါက မင်းကိုပဲ လှမ်းပစ်လိုက်ချင်တော့တယ်။ အဲဒီလိုဆိုရင် ခေါင်းလောင်းက သေချာပေါက် မြည်မှာပဲ…”

ထိုမိန်းမပျိုက ထိုင်နေသည့်အချိန်တွင် ရုပ်တုတစ်ခုကဲ့သို့ မလှုပ်မယှက် ဖြစ်နေပြီး မျက်နှာပေါ်တွင် ခံစားချက်မရှိချေ။

ချွေးချန်းက အပြုံးနှင့် ပြောလိုက်သည်။

“ရှဲ့ရှဲ့ …

မင်းက ငါ့ကို တကယ်ပဲ သတ်ပစ်ချင်နေတယ်၊ ဒါပေမယ့် မင်းဆီမှာ အခွင့်အရေး တစ်ခုတည်းပဲ ရှိတယ်လို့ ခံစားနေရတယ်။ ဒါကြောင့် မင်းက အရင်ဆုံး ပြည့်စုံတဲ့ အစီအစဉ်တစ်ခုကို စဉ်းစားရမယ်လို့ ပြောနေတယ်။ မင်းက အလကားသေရတာကို မလိုချင်ဘူး။ ယုလုက မင်းထက် ပိုပြီးဉာဏ်ကောင်းတယ်၊ ငါ့ကို သတ်ခြင်း မသတ်ခြင်းက သိပ်ပြီး မထူးခြားဘူးလို့ သူက ခံစားနေရတယ်…”

လူငယ်လေး ချွေးချန်းက သက်ပြင်းချပြီး ဆက်ပြောလိုက်သည်။ “တခြားကလေး(၄)ယောက်ဖြစ်တဲ့ ချန်းပင်အန်း၊ လီပေါင်ဖျင်၊ လင်းရှို့ယီနဲ့ လီဟွိုင်တို့ကို စဉ်းစားကြည့်ကြရအောင်။ သူတို့အပေါ်ထားတဲ့ မင်းတို့ရဲ့ထင်မြင်ချက်ကို အကောင်းဆုံးကနေ အဆိုးဆုံးအထိ စီစဉ်ကြည့်ရရင် ယုလုရဲ့ အစီအစဉ်က လင်းရှို့ယီ၊ လီပေါင်ဖျင်၊ ချန်းပင်အန်းနဲ့ လီဟွိုင်ဖြစ်မယ်…”

“ရှဲ့ရှဲ့အတွက်ကတော့ လီပေါင်ဖျင်၊ လီဟွိုင်၊ ချန်းပင်အန်းနဲ့ လင်းရှို့ယီဖြစ်မယ်…”

ချွေးချန်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ငါ့အတွက် အစီအစဉ်ကတော့ လီဟွိုင်၊ လီပေါင်ဖျင်၊ လင်းရှို့ယီနဲ့ ချန်းပင်အန်းပဲ။ ငါ အကြိုက်ဆုံးက လီဟွိုင်ပဲ၊ သူက ကံအရမ်းကောင်းတဲ့ ရူးကြောင်ကြောင် ကောင်လေးတစ်ယောက်လေ။ ဘာဖြစ်လို့လဲဆိုတော့ သူက ငါ့အတွက် အန္တရာယ်အနည်းဆုံးဖြစ်နေတယ်။ လီပေါင်ဖျင်ကို ပြောရရင်တော့ သူက သွက်လက်တက်ကြွပြီး စိတ်ဓာတ်ပြင်းထန်တဲ့ ကလေးမလေး တစ်ယောက်ပဲ။ အထူးသဖြင့် ငါ့လို ဆိုးသွမ်းပြီး အကြံအစည်များတဲ့ လူမျိုးတွေက သူ့လို လူကို မကြိုက်ဘူး။ သူမကို ကြည့်လိုက်ရုံနဲ့ ငါ့စိတ်ထဲမှာ နွေးထွေးပြီး ကြည်နူးမှုကို ခံစားရတယ်။ လင်းရှို့ယီကလည်း မကြိုက်စရာတော့ မဟုတ်ဘူး၊ ဒါပေမယ့် သူ့လို ထူးချွန်တဲ့သူတွေကို အများကြီး မြင်ဖူးပြီးသားမလို့ သူ့ကို သိပ်ပြီး စိတ်မဝင်စားဘူး..”

ချွေးချန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး ရယ်သံဖြင့် ပြောလိုက်သည်။

“ယုလုက လီဟွိုင်ကို အကြိုက်ဆုံးမဟုတ်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပျော့ညံ့ပြီး သေဖို့စောင့်နေတဲ့ သူရဲ့ပုံစံကို မင်းက မုန်းတယ်။ သူ့လိုမျိုး တာဝန်မဲ့ပြီး ရည်မှန်းချက် မရှိတဲ့သူတွေက ဒီကမ္ဘာကြီးထဲမှာ ဘယ်လိုရှိနေတယ်လို့ မင်း နားမလည်ဘူး။ နောက်ပြီး မသန့်ရှင်းတဲ့ သူရဲ့ပုံစံကိုလည်း မကြိုက်ဘူး…”

“ဒါပေမယ့် မင်းက လင်းရှို့ယီကိုတော့ အကြိုက်ဆုံးပဲ။ ဘာဖြစ်လို့လဲဆိုတော့ မင်းက မင်းကိုယ်မင်း လုတိုင်းပြည်ရဲ့ မင်းသားတစ်ပါးအဖြစ် မသိစိတ်ထဲမှာ သတ်မှတ်ထားတဲ့အတွက် တိုင်းပြည်တစ်ခုရဲ့ သာယာဝပြောမှုက လင်းရှို့ယီလို ရည်မှန်းချက်ရှိတဲ့ ပါရမီရှင်တွေရဲ့ အကူအညီအပေါ်မှာ မူတည်တယ်…”

“ရှဲ့ရှဲ့က လင်းရှို့ယီနဲ့ ရင်းနှီးတယ်လို့ ထင်ရပေမယ့် နှစ်ယောက်သား ကျားကွက်ခုံပေါ်မှာ လေ့ကျင့်ရင်း အတူတူရန်ဖြစ်တတ်ကြတယ်။ တကယ်တော့ သူက လင်းရှို့ယီအပေါ် မနာလိုဖြစ်လုနီးပါးပဲ။ နှစ်ယောက်စလုံးဟာ ကျင့်ကြံမှုမှာ ပါရမီရှင်တွေ ဖြစ်ကြပေမယ့် လင်းရှို့ယီကတော့ အရာရာအဆင်ပြေနေတယ်၊ သူကတော့ ဒုက္ခတွေတစ်ခုပြီးတစ်ခု ကြုံတွေ့နေရပြီး သူ့ရဲ့မဟာတာအိုနဲ့ အင်မော်တယ်တံတားက ပြတ်တောက်သွားဖို့ အလားအလာမျိုး ရှိနေတယ်…”

ယုလုသည် တိတ်ဆိတ်စွာ ရှိနေခဲ့သည်။

ရှဲ့ရှဲ့၏ မျက်နှာအမူအရာကတော့ အလွန်မည်းမှောင်နေခဲ့၏။

ချွေးချန်းက ရယ်မောရင်း မေးလိုက်သည်။

“ဒါဆို ဘာဖြစ်လို့ ငါတို့တွေတစ်ယောက်မှ ချန်းပင်အန်းကို မကြိုက်ကြရတာလဲ။ ဒါပေမယ့် ဘာဖြစ်လို့ လီပေါင်ဖျင်၊ လင်းရှို့ယီ၊ လီဟွိုင်တို့လို အတွေးအခေါ် မရင့်ကျက်သေးတဲ့ ကလေး(၃)ယောက်က ချန်းပင်အန်းကို သဘောအကျဆုံး ဖြစ်နေရတာလဲ။ ဘာဖြစ်လို့ ချန်းပင်အန်းအပေါ် သူတို့ရဲ့ခံစားချက်ဟာ ငါတို့နဲ့ လုံးဝဆန့်ကျင်ဘက် ဖြစ်နေတာလဲ။ ဒါက စိတ်ဝင်စားစရာကောင်းပြီး စဉ်းစားစရာ မဟုတ်လား။ ယုလု၊ ရှဲ့ရှဲ့…

မင်းတို့ထဲက တစ်ယောက်က ငါ ထင်တဲ့ အဖြေမှန်ကို ပေးနိုင်ရင် မင်းတို့အတွက် အရမ်းအသုံးဝင်မယ့်အရာတစ်ခုကို ငါ ပေးမယ်…”

“ဘာဖြစ်လို့လဲဆိုတော့ သူတို့(၃)ယောက်ဟာ အတားအဆီးတစ်ခု ဒါမှမဟုတ် လမ်းခွဲတစ်ခုနဲ့ ကြုံလာတဲ့အခါတိုင်း မသိစိတ်က ချန်းပင်အန်းကို အားကိုးတတ်တဲ့ အကျင့်တစ်ခုရှိနေကြလို့ ဖြစ်နိုင်တယ်…”

ရှဲ့ရှဲ့က ဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။

“ဒီလိုအရေးကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အချိန် ချန်းပင်အန်းက တရားမျှတမှုအရှိဆုံးလို့ သူတို့က ခံစားရတယ်။ ပြီးတော့ သူက ကြိုးစားအားထုတ်ဖို့ ဆန္ဒရှိပြီး လိုအပ်တဲ့ အနစ်နာခံမှုတွေလုပ်ဖို့ ဆန္ဒရှိတယ်။ ဒါပေမယ့် ကျွန်မတို့(၃)ယောက်အတွက်တော့ တော်ဝင်နန်းဆရာရဲ့ ကိုယ်ပိုင်အစီအစဉ်တွေနဲ့ ရည်မှန်းချက်တွေကို ဘေးဖယ်ထားလိုက်ရင်တောင် ဒီလိုမျိုး ပျော့ပျောင်းပြီး စေတနာကောင်းတဲ့ လူတစ်ယောက်က သာမန်လိုပဲ ဘာမှထူးခြားမှုမရှိဘူး…”

ယုလုသည် ခေါင်းခါပြီး ဝင်ပြောလိုက်သည်။

“ချန်းပင်အန်းက မြင်နေရသလို လွယ်ကူတဲ့ လူတစ်ယောက်မဟုတ်ဘူး…”

ချွေးချန်းက လျှာကို ကိုက်ပြီး ဆုံးဖြတ်လိုက်သည်။

“မင်းတို့နှစ်ယောက်လုံးက မှားနေပေမဲ့ မင်းတို့ရဲ့မိုက်မဲမှုဟာ တကယ့်ကို ချစ်စရာကောင်းတယ်။ ငါက မင်းတို့နှစ်ယောက်ကို လက်ထပ်ပေးလိုက်ရင် မကောင်းဘူးလား။ ထူးချွန်တဲ့ယောကျ်ားတစ်ယောက်နဲ့ လှပတဲ့ မိန်းမတစ်ယောက်..။ နေဦး…ခန့်ညားတဲ့ ယောကျ်ားတစ်ယောက်နဲ့ ထူးချွန်တဲ့ မိန်းမတစ်ယောက်လို့ ပြောရမယ် ..။ ဘယ်လိုလဲ…”

ယုလုနှင့် ရှဲ့ရှဲ့တို့က ပြန်မဖြေခဲ့ချေ။ ချွေးချန်းက သူတို့ကို လှောင်ပြောင်နေခြင်း ဖြစ်ကြောင်း သိထားကြ၏။

ချွေးချန်းက သူ့ခါးတွင် ဆွဲထားသော ကျောက်စိမ်းဆွဲသီးကို လက်မ၊ လက်ညှိုးဖြင့် ပွတ်သပ်နေရင်း ရှင်းပြလိုက်သည်။

“ချန်းပင်အန်းဟာ မှန်တစ်ချပ်လို ဖြစ်နေတာကို မင်းတို့နှစ်ယောက်က လုံးဝမသိဘူး။ သူက သူ့အနားမှာရှိတဲ့လူတွေရဲ့ အားနည်းချက်တွေကို သာမန်ထက် ပိုပြီး ရှင်းလင်းစွာ မြင်အောင် လုပ်ပေးတယ်။ ဒါကြောင့် သူနဲ့ ရေရှည်ဆက်ဆံရင် စိတ်ထဲက ပြဿနာတွေ ဒါမှမဟုတ် အပြစ်ရှိတဲ့သူဆိုရင် တကယ့်ကို ပြဿနာတွေကို ကြုံရလိမ့်မယ်…”

“တစ်ခါတုန်းက ကျူးလု ဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ အန္တရာယ်များတဲ့ လမ်းကြောင်းပေါ်ကို ရက်စက်စွာ တွန်းပို့ခံခဲ့ရတယ်။ ငါက သူ့ကို မိုက်မဲတယ်လို့ ခေါ်တာက သူ့ရဲ့မိုက်မဲမှုကို သူကိုယ်တိုင် မသိခဲ့လို့ပဲ။ ဆိုးရွားတဲ့အရာတစ်ခုကို လုပ်ပြီးသွားတဲ့အချိန်မှာလည်း သူက ဝေဝါးနေပြီး အခြေအနေကို မသိခဲ့ဘူး။ ဒါကို မိုက်မဲပြီး ဆိုးသွမ်းတယ်လို့ ခေါ်တယ်…”

“နှစ်ယောက်လုံးဟာ မိန်းမသားတွေဖြစ်ကြပေမယ့် ကျူးလုက တာ့လီအင်ပါယာရဲ့ မိဖုရားကြီးနဲ့ နှိုင်းယှဉ်ရင် အလှမ်းဝေးတယ်။ မိဖုရားကြီးရဲ့ အတော်ဆုံးအချက်က သူ လုပ်နေတဲ့အရာတွေကို သူကိုယ်တိုင် သိထားတယ်ဆိုတာပဲ။ အဲဒီအချိန်တုန်းက သူ ငါ့ကိုပြောခဲ့တယ်။ ‘ငါလုပ်နေတဲ့ လုပ်ရပ်ဆိုးတွေကို ငါ မသိဘူးလို့ မင်း ထင်နေလား’တဲ့။ ဒီလိုမျိုး ပျော့ပျောင်းတဲ့ စကားတစ်ခွန်းကြောင့်ပဲ ငါ သူနဲ့ မဟာမိတ်ဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တာ…”

ချွေးချန်းက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ဆက်ပြောလိုက်သည်။

“တာအိုဂိုဏ်းက ဉာဏ်အလင်းရထားတဲ့ သူတော်စင်တစ်ဦးရဲ့ ရှင်းပြချက်အရ လူတိုင်းရဲ့ နှလုံးသားပေါ်မှာ ပျံဝဲနေတဲ့ နှလုံးသားကွင်း(၂)ခုရှိတယ်၊ တစ်ခုက ကောင်းမှု၊ တစ်ခုက ဆိုးသွမ်းမှုပဲ ။ ချန်းပင်အန်းရဲ့ ယုံကြည်ချက်အရ တချို့အရာတွေဟာ မှန်တယ်ဆိုရင် မှန်တယ်၊ တချို့အရာတွေက မမှန်ဘူးဆိုရင် မမှန်ဘူး။ ဒါက ဘယ်သူဘာလုပ်လုပ်၊ ဘယ်သူကရှင်းပြဖို့ ကြိုးစားစား၊ ပြောင်းလဲမသွားဘူး…”

“ဒီအရာနဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ ကောင်းတဲ့အချက်ကတော့ လောကရေးရာကိစ္စတွေရဲ့ ရှုပ်ထွေးမှုနဲ့ ခက်ခဲမှုပဲ။ တစ်ခါတလေ ကောင်းမှုကုသိုလ်တစ်ခု လုပ်ဖို့အတွက် နည်းနည်းဆိုးသွမ်းတဲ့ အပြုအမူတွေကို ရှောင်လွှဲလို့မရဘူး…။ ဥပမာအနေနဲ့ ကွန်ဖြူးရှပ်ရဲ့ တပည့်တစ်ချို့ကို ကြည့်ပါ။ သူတို့ရဲ့ သိစိတ်ကို ဆန့်ကျင်လိုစိတ်မရှိကြဘူး။ ဒါကြောင့် နန်းတော်ထဲမှာ သူတို့ရဲ့ နေရာကို ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ဘူး။ ကွန်ဖြူးရှပ်ရဲ့ ကျောင်းတော်တွေထဲမှာ အဆင့်တက်ဖို့လည်း မဖြစ်နိုင်ဘူး။ နောက်ဆုံးမှာ သူတို့က ကွန်ဖြူးရှပ်စာကြည့်တိုက်တွေထဲမှာ ပုန်းအောင်းပြီး လက်တွေ့ဘဝကို စွန့်လွှတ်ရတတ်တယ်။ ဒီလိုနဲ့ အပြင်လောကမှာ ဆက်လက်တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုဖို့ မစွမ်းဆောင်နိုင်တော့ဘူး…”

“ကွန်ဖြူးရှပ်စာကြည့်တိုက်တွေထဲမှာ အချိန်အကြာကြီး နေထိုင်ပြီးတဲ့နောက် အဲဒီစာသင်သားတစ်ချို့က အရမ်းခေါင်းမာပြီး ရှေးရိုးဆန်လာတတ်တယ်။ လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တပျက်စီးမှု ဒါမှမဟုတ် ချို့ယွင်းချက်တစ်ခုကိုမှ လက်မခံနိုင်ကြတော့ဘူး။ သူတို့အမြင်မှာ မပြည့်စုံသူတိုင်းကို လွယ်လွယ်ကူကူ ဝေဖန်ပြစ်တင်တတ်တယ်။ ဒါပေမယ့် ရယ်စရာကောင်းတာကတော့ သူတို့ဟာ လုံးဝကို ယုတ်မာပြီး အကျင့်ပျက်နေတဲ့ အစွမ်းထက်ပညာရှင်တွေကိုတော့ ဘာမှမတတ်နိုင်ဘူး။ နောက်ဆုံးမှာတော့ သူတို့က မှေးမှိန်ပြီး ပျောက်ကွယ်သွားရတယ်။ ဒါက ယဉ်ကျေးမှုနဲ့ အကျင့်စာရိတ္တတွေကို လုံးဝပျက်စီးသွားစေတယ်…”

ချွေးချန်းက စဉ်းစားနေသော လူငယ်နှစ်ဦးထံမှ အကြည့် ပြန်လည်ရုပ်သိမ်းလိုက်သည်။ သူက လက်တစ်ဖက်ကို မြှောက်ကာမျဉ်းတစ်ကြောင်းဆွဲလိုက်ပြီး နောက်တစ်ဖက်ကို အောက်ကို နိမ့်၍ မျဉ်းတစ်ကြောင်း ဆွဲလိုက်သည်။ သူက ဆက်ပြောလိုက်၏။ “အပေါ်မှာဆွဲထားတဲ့ မျဉ်းက ကောင်းတာ၊ အောက်မှာ ဆွဲထားတဲ့ မျဉ်းက မကောင်းတာ။ လူတိုင်းမှာ နှလုံးသားကြိုး (၂)ခု ရှိတယ်။ ကောင်းတာကို ကိုယ်စားပြုတဲ့ ငါ့ရဲ့ နှလုံးသားကြိုးက အရမ်းမြင့်တယ်။ အဲဒီအမြင့်ဟာ ကောင်းကင်ကို ရောက်လုမတတ်ပဲ။ ဒါကြောင့် ငါ့မျက်လုံးထဲမှာ ကောင်းတဲ့သူ သိပ်မရှိဘူး…”

“ဒါပေမယ့် မကောင်းတာကို ကိုယ်စားပြုတဲ့ ငါ့ရဲ့နှလုံးသားကြိုးကတော့ အရမ်းနိမ့်တယ်။ အဓိပ္ပာယ်ကတော့ ငါက ငါ့ရဲ့ရည်မှန်းချက်တွေကို ရဖို့အတွက် ဘယ်သူနဲ့မဆို ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်ဆိုတာပဲ။ ဒီအတွက် အပြစ်ရှိစိတ်နဲ့ နောင်တစိတ်ကို မခံစားရဘူး။ မင်းတို့နှစ်ယောက်ရဲ့ နှလုံးသားကြိုး အကွာအဝေးက ငါ့လို ဒီလောက်မဟုတ်ဘူး။ ဒါပေမယ့် အကွာအဝေးက သိပ်နည်းတယ်လည်း မဟုတ်ဘူး…”

ချွေးချန်းက သူ့ဘယ်ဘက်လက်ကို အောက်ချလိုက်ပြီး ညာလက်၏လက်မနှင့်လက်ညှိုးကို အနည်းငယ်သာ ကွာအောင် ကိုင်ထားသည်။ သူက မျက်လုံးမှိတ်ပြီး လက်နှစ်ချောင်းကို ကြည့်နေရင်း ပြောလိုက်၏။

“ကောင်းတာကို ကိုယ်စားပြုတဲ့ ချန်းပင်အန်းရဲ့ နှလုံးသားကြိုးက အရမ်းနိမ့်တယ်။ သူ့အတွက် ကောင်းတာလုပ်တယ်ဆိုတာ သဘာဝကျပြီး မှန်ကန်တဲ့အရာပဲ။ ဒါကြောင့် တခြားသူတွေက သူ့ကို ရိုးသားတဲ့သူတစ်ယောက်လို့ မြင်တယ်။ သူ့ဆီမှာ ကောင်းတာအတွက် နိမ့်ကျတဲ့ အဆင့်ရှိတယ်ဆိုပေမဲ့ ချန်းပင်အန်းက အပေါ်ယံမြင်ရသလို ပျော့ပျောင်းပြီး သည်းခံတတ်တဲ့သူလို့ မဆိုဘူး…”

“ဘာဖြစ်လို့လဲဆိုတော့ မကောင်းတာကို ကိုယ်စားပြုတဲ့ သူ့ရဲ့ နှလုံးသားကြိုးဟာ ကောင်းတာကိုယ်စားပြုတဲ့ နှလုံးသားကြိုးထက် နည်းနည်းပဲ နိမ့်ကျလို့ပဲ။ ဒါကြောင့် သူက တစ်ခုခုကို ဆုံးဖြတ်ပြီး လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်လိုက်ရင် အရမ်းပြတ်သားပြီး နောက်မဆုတ်ဘူး။ ဥပမာ... ငါ့ကို သတ်ဖို့လုပ်တာမျိုး..”

“တကယ်တော့ မင်းတို့နှစ်ယောက်က ချန်းပင်အန်းကို ဘယ်လောက်ပဲ အထင်သေးသေး မင်းတို့နှစ်ယောက်နဲ့ ငါက သူ့ရဲ့မိတ်ဆွေဖြစ်လာဖို့ ဘယ်တော့မှ မဖြစ်နိုင်ဘူးဆိုတာ သိထားသင့်တယ်..”

“ကျွန်တော် ကြိုးစားကြည့်မယ်…”

ယုလုက ရုတ်တရက် ပြောလိုက်သည်။

ထိုအရာကို ကြားသည့်အခါ ရှဲ့ရှဲ့က ရယ်လိုက်သည်။

သို့သော် ယုလုက ခေါင်းကို မော့ပြီး တော်ဝင်နန်းဆရာဖြစ်သူ ချွေးချန်းကို တည့်တည့်ရင်ဆိုင်လိုက်ကြောင်း သူမ မြင်လိုက်ရသည်။ ထိုအခါ ချွေးချန်းက သူမကို ခြိမ်းခြောက်ပြီး သစ်ကိုင်းပေါ်တွင် ရပ်နေသော ချန်းပင်အန်းဆီသို့ သိုင်းပညာအကြောင်း ရိုးရှင်းစွာ ရှင်းပြဖို့ အတင်းအကြပ်ခိုင်းခဲ့သည့် အချိန်ကို ပြန်အမှတ်ရသွားသည်။

ထိုအကြောင်းကို ပြန်စဉ်းစားမိသည့်အခါ မိန်းမပျိုက အလွန်အမင်း ရှက်ရွံ့ပြီး အဆင်မပြေ ဖြစ်သွားသည်။ ချက်ချင်းဆိုသလို သစ်ကိုင်းပေါ်မှာ ရပ်နေပြီး တောင်ကုန်းပေါ်က လေညင်းကို ခံစားနေသည့် ပိန်ပိန်ပါးပါးလူရိပ်တစ်ခုကို သူမက ပြန်သတိရသွား၏။

ရှဲ့ရှဲ့က ရုတ်တရက် ထူးဆန်းသော ဝမ်းနည်းမှုတစ်ခုကို ခံစားလိုက်ရ၏။ တစ်ချိန်တုန်းက သူမဆီတွင်လည်း ထိုကဲ့သို့ မစင်ကြယ်သော စိတ်တစ်ခု ရှိခဲ့ဖူးသည်။ သူမ၏အကြည့်က တစ်ချိန်လုံး ရှေ့ဘက်ကိုသာ ငေးကြည့်နေမိခဲ့သည်။

“ဒီလောက် စကားတွေအများကြီး ပြောလိုက်ပြီးတော့ ငါက မင်းတို့နှစ်ယောက်ကို ဘာပြောချင်နေတာလဲ…”

ချွေးချန်းက အကြောင်းအရာကို အနှစ်ချုပ်လိုက်ပြီး နောက်ဆုံးသုံးသပ်ချက် ပေးလိုက်သည်။ သူက မတ်တပ်ရပ်ပြီး ရယ်လိုက်၏။

“ငါ ပြောချင်တာကတော့ မင်းတို့အရူးနှစ်ယောက်က နောက်ပိုင်း ငါ့ဆရာကို စိတ်ရင်းနဲ့ လေးလေးစားစား ဆက်ဆံဖို့ လိုတယ်ဆိုတာပဲ၊ နားလည်ပြီလား…”

ယုလုနဲ့ ရှဲ့ရှဲ့တို့က ဒုတိယအကြိမ် အချင်းချင်း ကြည့်လိုက်မိကြသည်။

“ကောင်းတာ ဆိုးတာကို မသိသလို လောကကြီးရဲ့နက်နဲမှုကို မသိတဲ့ သနားစရာ လူယုတ်မာနှစ်ယောက်…”

ချွေးချန်းက ဘာကြောင့်မှန်းမသိ ရုတ်တရက် ဒေါသထွက်လာသည်။ သူ၏ မျက်နှာအမူအရာက မည်းမှောင်လာပြီး ရှေ့သို့ လျှောက်လာ၍ ယုလုရဲ့ မျက်နှာကို လက်သီးနှင့်ထိုးလိုက်သည်။

“မင်းက အကျဉ်းသားဖြစ်လာပြီး မျက်နှာပေါ်မှာ စာလုံးတွေ အရေးခံရလုနီးပါးဖြစ်ခဲ့တဲ့ တန်ဖိုးမရှိတဲ့ မင်းသားတစ်ပါးပဲ။ တာ့လီအင်ပါယာက ဘုရင်တွေ၊ မင်းသားတွေ ဘယ်လောက်များများ သတ်ခဲ့ပြီးပြီလဲဆိုတာ မင်းသိလား။ မင်းလည်း ကြိုးစားကြည့်ချင်လား။ မင်းဟာ မင်းရဲ့မျိုးရိုးနာမည်ကို ပြောင်းလဲပြီး ဘိုးဘွားတွေကို သစ္စာဖောက်ခဲ့တဲ့ လူယုတ်မာတစ်ယောက်ပဲ။ ဒီလို မင်းဆီမှာ ကြိုးစားဖို့ အခွင့်အရေးတောင် ရှိရဲ့လား…”

ယုလုက အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ အထိုးခံလိုက်ရပြီးနောက် သူက ပြန်လည်တိုက်ခိုက်ရန် မဝံ့မရဲဖြစ်နေသလို မကျေမနပ်လည်း မဖြစ်ရဲချေ။ တော်ဝင်နန်းဆရာ၏လုပ်ရပ်ကြောင့် သူလည်း မှင်တက်သွားမိသည်။

ချွေးချန်းက လှည့်ပြန်လိုက်ပြီး ရှဲ့ရှဲ့ဆီသို့ လျှောက်သွားကာ သူမ၏မျက်နှာကို လက်ဝါးနှင့်ရိုက်လိုက်သည်။

“မင်းကလည်း ကလန်တစ်ခုလုံး ဖျက်ဆီးခံလိုက်ရတဲ့ ခွေးမတစ်ယောက်ပဲ။ ငါ့လက်ထဲမှာ မြေပြင်နတ်ဘုရားတွေ ဘယ်လောက်များများ သေဆုံးခဲ့လဲဆိုတာ မင်းသိလား…”

မွေးရာပါ မာနကြီးပြီး မောက်မာသည့် ရှဲ့ရှဲ့က မသိစိတ်အတိုင်း သူမ၏လက်ကို မြှောက်ပြီး ချွေးချန်းရဲ့ လက်ကို ဖမ်းဆုပ်လိုက်သည်။ သို့သော် သူမက သူမရဲ့လုပ်ရပ်ကို ချက်ချင်း နောင်တရသွား၏။ အမှန်တကယ်လည်း ချွေးချန်း၏ ခန္ဓာကိုယ်ထဲမှနေ၍ ကြောက်စရာကောင်းပြီး ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။

သူက သူမကို စူးရှစွာ စိုက်ကြည့်လိုက်သည့်အတွက် ထိုမိန်းမပျိုက ကြောက်လန့်သွားပြီး သူ့လက်ကို ချက်ချင်း လွှတ်လိုက်သည်။ ချွေးချန်းက နီရဲပြီး ဖူးယောင်နေသော လက်ကောက်ဝတ်ကို ကြည့်လိုက်ပြီး ထိုမိန်းမပျို၏မျက်နှာကို ရက်စက်စွာ ရိုက်လိုက်သည်။

“မင်းတို့နှစ်ယောက်က ချန်းပင်အန်းကို မထီမဲ့မြင်ပြုရဲတယ်လား။ သူက ငါ့ဆရာပဲ..”

သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ ချွေးချန်းက ရှဲ့ရှဲ့ကို တစ်ချက်ပြီး တစ်ချက် (၄)ကြိမ် (၅)ကြိမ်ခန့် ရိုက်လိုက်သည်။

ထိုမိန်းကလေးက အလွန်အမင်း ကြောက်လန့်သွားပြီး သူမ၏ကျင့်ကြံမှုကို သုံး၍ ရိုက်ခံရတဲ့ အင်အားကို လျှော့ချရန်ပင် မဝံ့မရဲဖြစ်နေခဲ့သည်။ သိပ်မကြာခင် သူမ၏မျက်နှာက နီရဲ ယောင်ကိုင်းလာပြီး ပါးစပ်ထဲက သွေးများ စီးကျလာသည်။

သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသော ချွေးချန်းက ဒေါသထွက်နေဆဲဖြစ်ပြီး ထပ်မံအပြစ်ပေးရန် ကြံရွယ်ထားသည်။ သူက လက်နက်တစ်ခုကို ရှာဖွေရန် ပြင်ဆင်လိုက်၏။ သို့သော် ထိုအချိန်တွင် သူ ရင်းနှီးနေသော လူရိပ်တစ်ခုက အပြေးအလွှား ရောက်လာတာကို မြင်လိုက်ရသည်။ သူလည်း ထိတ်လန့်ပြီး နေရာတွင် ရပ်တန့်သွားခဲ့၏။

ဖိတ်ခေါ်မထားသော ဧည့်သည်က “မနက်စာ...” ဟု အော်ဟစ်ရန်သာ အချိန်ရခဲ့သည်။

သို့သော် သူက ယုလုနှင့်ရှဲ့ရှဲ့အပေါ် ချွေးချန်း၏ အကြမ်းဖက်မှုကို မြင်လိုက်ရသည်။ သူက “အချိန်”ဟူသော စကားလုံးကို အလျင်အမြန် မျိုသိပ်လိုက်ပြီး ချွေးချန်းဆီ ဒေါသတကြီး ပြေးလာခဲ့၏။

မြက်ဖိနပ်စီးထားသော ကောင်လေးဆီမှ ထွက်ပေါ်လာသော အငွေ့အသက်က ချွေးချန်းထက် ပို၍ပင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်နေသည်။

ချွေးချန်းက ကြောက်လန့်သွားပြီး စံအိမ်၏လက်ရန်းကို အလျင်အမြန် ခုန်ကျော်ကာ ရေတွင်းအိုကြီးဆီသို့ ပြေးသွားခဲ့သည်။ သူက ပြေးနေရင်း နောက်လှည့်ကြည့်ပြီး အော်ဟစ်ပြောလိုက်၏။

“ချန်းပင်အန်း …

မင်း ဘာလုပ်တာလဲ။ ငါက ငါ့ရဲ့ကျွန်နဲ့ အစေခံကို ဆုံးမရုံပဲလေ။ အဲဒါက မင်းနဲ့ ဘာဆိုင်လို့လဲ။ ငါတို့က စကားနဲ့ပဲ ကောင်းကောင်းဆွေးနွေးရင် မကောင်ဘူးလား။ ငါ မင်းကို တောင်းပန်မယ်၊ ရလား။ ရပ်ပြီး အကြောင်းပြချက်တွေနဲ့ စကားပြောရင် ဘယ့်နှယ်လဲ…”

ချန်းပင်အန်းက စံအိမ်ထဲသို့ တရှိန်ထိုး ပြေးဝင်လာပြီး ဒူးကို အနည်းငယ်ကွေးကာ လေထဲသို့ ခုန်လိုက်သည်။ သူက ပျံလွှားတစ်ကောင်ကဲ့သို့ လက်ရန်းကို လျင်မြန်စွာ ဖြတ်ကျော်သွား၏။ မြေပြင်ပေါ်တွင် ဆင်းသက်ပြီးနောက် ချွေးချန်းဆီသို့ ဆက်ပြေးလာခဲ့သည်။

ယခုတစ်ကြိမ်တွင် ချန်းပင်အန်းဆီမှ လွတ်မြောက်ရန် အလွန်ခက်ခဲမည်ဖြစ်ကြောင်း သိထားသည့်အတွက် ချွေးချန်းက ထွက်ပြေးရန် စိတ်ကူးကို စွန့်လွှတ်လိုက်ပြီး နောက်ဆုံး ရပ်နေရန် ဆုံးဖြတ်လိုက်သည်။ သူက ရေတွင်းအိုကြီးပေါ်တွင် ရပ်လိုက်ပြီး ဝမ်းနည်းတုန်ယင်နေသည့် အသံဖြင့် ပြောလိုက်၏။

“ချန်းပင်အန်း….

မင်းက ဒီနေ့ ငါ့ကို တကယ်ရိုက်သတ်ချင်တယ်ဆိုရင် ငါက ဒီရေတွင်းထဲ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေပေးမယ်။ ယုံတာ မယုံတာက မင်းသဘောပဲ…”

ချန်းပင်အန်းက ဆက်ပြေးလာသည်။

ချွေးချန်းက ရေတွင်းထဲသို့ ခုန်ဆင်းရန် ပြင်လိုက်၏။

ထိုအရာကို မြင်သည့်အခါ ချန်းပင်အန်းက မျက်မှောင်ကြုတ်ပြီး ရုတ်တရက် ရပ်တန့်လိုက်သည်။

ချွေးချန်းက ခြေထောက်တစ်ဖက်ကို ရှေ့သို့ လှမ်းထားပြီးဖြစ်၏။ သေခြင်းရှင်ခြင်းအခိုက်အတန့်တွင် သူလည်း ခြေထောက်ကို ပြန်ရုတ်သိမ်းရန် အတော်လေး ကြိုးစားအားထုတ်ခဲ့ရသည်။ သူ၏ ခန္ဓာကိုယ်က ဒယိမ်းဒယိုင်ဖြစ်နေပြီး သူ၏အသက်က အပ်ချည်ကြိုးလေးပေါ်တွင် ရောက်နေသကဲ့သို့ ဖြစ်နေခဲ့၏။

သူ၏လက်ရှိခန္ဓာကိုယ်ဖြင့် ချန်းပင်အန်း၏ ဓားချီစွမ်းအင်များ ကျန်ရှိနေသည့် ရေတွင်းထဲသို့ ခုန်ဆင်းလိုက်လျှင် သေချာပေါက် ဆိုးဆိုးဝါးဝါး ဖြစ်သွားမည်ဖြစ်သည်။ အကယ်၍ သူက ရေနစ်ပြီး သေဆုံးခြင်း သို့မဟုတ် အအေးဓာတ်ကြောင့် သေဆုံးဖြင်း မရှိခဲ့လျှင် ၊ ချန်းပင်အန်းက သူ့ကို ကယ်တင်ပြီး ပြန်ဆွဲတင်လိုက်လျှင်ပင် သူ၏ ပင်မနေရာများတွင် ဆိုးဆိုးဝါးဝါး ဒဏ်ရာရလာနိုင်သည်။ သူက အသက်ရှင်နေခြင်းထက် သေဆုံးသွားရမည် ဖြစ်၏။

ထို့ကြောင့်လည်း လူငယ်လေးချွေးချန်းက ချန်းပင်အန်းကို အမှန်တကယ် ကြောက်လန့်နေခဲ့သည်။

ချန်းပင်အန်းက ချွေးချန်းကို သေချာစိုက်ကြည့်လိုက်၏။ ခဏကြာမြင့်ပြီးနောက် သူက ပြောလိုက်သည်။

“မနက်စာစားချိန်ရောက်ပြီ…”

ချွေးချန်းက ရေတွင်းပေါ်မှ ဂရုတစိုက် ဆင်းလာသည်။ သို့သော် သူက ရှေ့သို့ လျှောက်လာရန် မဝံ့မရဲဖြစ်နေပြီး ဝမ်းနည်းဒေါသထွက်နေသည့် အမူအရာဖြင့် ရှင်းပြလိုက်သည်။

“ငါက မင်းအတွက် သူတို့ကို ဆုံးမလိုက်တာပဲ။ ယုလုနဲ့ ရှဲ့ရှဲ့က မင်းကို ရင်ထဲကနေ အထင်သေးနေကြတယ်။ ငါက ဒီမတရားမှုကို ဆန့်ကျင်ပြီး နောက်ပိုင်း သူတို့က မင်းကို ပိုပြီးလေးစားဖို့ ပြောနေတာပဲ။ ငါ ဘာမှားနေလဲ။ မင်းက ငါ့ရဲ့ရည်ရွယ်ချက်ကောင်းတွေကို မကောင်းတဲ့အရာလို သဘောထားနေတယ်…”

ချန်းပင်အန်းက အေးစက်စွာ ရယ်ပြီး ပြန်ပြောလိုက်သည်။

“ငါ့ကို ဒီလိုအကြောင်းပြချက်တွေ ဆင်ခြေမပေးနဲ့။ မင်းက အကျင့်မပြောင်းတဲ့ ကျားသစ်တစ်ကောင်ပဲ…”

ထိုသို့ ပြောလိုက်ပြီးနောက် ချန်းပင်အန်းက လှည့်ထွက်သွားခဲ့သည်။ စံအိမ်ကို ဖြတ်လျှောက်သွားစဉ် သူ၏အသံက ပို၍ပျော့ပျောင်းလာပြီး ယုလုနှင့်ရှဲ့ရှဲ့ကို ပြောလိုက်သည်။

“လင်းရှို့ယီနဲ့ တခြားသူတွေဟာ ကျားကစားပြီးသွားပြီ။ အခု မနက်စာစားဖို့ အချိန်ရောက်ပြီ…”

ချွေးချန်းသည် ဒေါသမထွက်ဘဲ ရယ်လိုက်ပြီး ချန်းပင်အန်းနောက်ကို အဝေးကနေ လိုက်လာခဲ့သည်။ သူသည် ပြေးနေစဉ် ယိမ်းထိုးနေပြီး သူ၏ အင်္ကျီလက်နှစ်ဖက်သည် ရှေ့နောက် လှုပ်ရှားနေသည်။

“ငါ့ဆရာဆိုတဲ့အတိုင်းပဲ။ သူက အဲဒီနှစ်ယောက်ထက် အများကြီး ပိုပြီး ဉာဏ်ရည်မြင့်တယ်…”

စံအိမ်ကို ဖြတ်သန်းသွားစဉ် သူ၏မျက်နှာထားသည် ချက်ချင်း ပြောင်းလဲသွားပြီး သူက ဆူပူလိုက်သည်။

“မင်းတို့နှစ်ယောက်က ဘာလို့ အရူးတွေလို ရပ်နေတာလဲ။ စားဖို့ အချိန်ရောက်ပြီ..”

ယုလုသည် ပုံမှန်အတိုင်း ပြုံးနေပြီး စံအိမ်ထဲက ထွက်၍ လှေကားမှ ဆင်းလာသည်။ သူက လှည့်ကြည့်ပြီး မေးလိုက်၏။

“မင်း အဆင်ပြေရဲ့လား…”

ရှဲ့ရှဲ့က မျက်ရည်ဝဲလျက် ခေါင်းညိတ်ပြလိုက်သည်။

အရပ်ရှည်ရှည်လူငယ်က သူ၏ပါးစပ်ကို လက်ညှိုးထိုးပြလိုက်၏။ ရှဲ့ရှဲ့က ချက်ချင်း သတိရသွားပြီး တစ်ဖက်သို့လှည့်၍ နှုတ်ခမ်းထောင့်မှ သွေးများကို သုတ်လိုက်သည်။

---

သူတို့က ဆောင်းဦးကျူပင်တည်းခိုဆောင်မှ ပြင်ဆင်ပေးထားသည့် မနက်စာကို စားသောက်လိုက်ကြသည်။ လီဟွိုင်၏ဗိုက်က ဖောင်းကားနေပြီး ထိုကောင်လေးက မနက်စာစားပွဲရှိ ထူးဆန်းသည့် အငွေ့အသက်များကို လုံးဝမသိခဲ့ချေ။

စာသင်သားအိုကြီးက ချန်းပင်အန်းကို ကြည့်ပြီး ရယ်လိုက်သည်။

“သွားကြစို့၊ ဒီမြို့ရဲ့စာအုပ်ဆိုင်တွေကို လျှောက်ကြည့်ဖို့ ငါ မင်းကို လိုက်ပို့မယ်။ ငါတို့က စကားပြောရင်း လမ်းလျှောက်သွားရင်း၊ ဖြစ်နိုင်မယ်ဆိုရင် မင်းက ငါ့ကို အရက်နဲ့ဧည့်ခံလို့လည်း ရတယ်…”

သူက စိတ်အားထက်သန်နေသည့် လီပေါင်ဖျင်ကို လှည့်ကြည့်ပြီး အပြုံးနှင့် မေးလိုက်သည်။

“ငါတို့နဲ့ လိုက်ချင်လား…”

ထိုကလေးမလေးက စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြီး ပြန်ပြောလိုက်၏။ “ကျွန်မရဲ့ စာအုပ်သေတ္တာလေးကို အရင်ယူလိုက်ဦးမယ်…”

လင်းရှို့ယီက တည်းခိုဆောင်တွင် ဆက်နေခဲ့ပြီး တိမ်တိုက်ပေါ်တွင် ရွတ်ဖတ်ခြင်းကျင့်စဉ်ထဲတွင် မှတ်တမ်းတင်ထားသည့် လျှို့ဝှက်နည်းလမ်းများအတိုင်း အသက်ရှုနည်းစနစ်ကို ဆက်လက်လေ့ကျင့်နေသည်။

လီဟွိုင်ကတော့ အလွန်ပျင်းရိလွန်းပြီး ဆိုင်များကို လျှောက်ကြည့်ရန် စိတ်မပါချေ။ သူက ချန်းပင်အန်းကို အရသာရှိသည့်မုန့်များ ဝယ်လာပေးရန်သာ သတိပေးလိုက်၏။

တစ်ဖက်တွင် ချွေးချန်းက အလုပ်ကိစ္စရှိသည်ဟု ပြောပြီး တည်းခိုဆောင်ပိုင်ရှင်ထံ သွား၍ ဈေးလျှော့ခိုင်းကြည့်မယ်ဟု ပြောခဲ့သည်။ ယုလုနဲ့ ရှဲ့ရှဲ့တို့ကလည်း သူတို့၏ အခန်းတွေထဲ ပြန်သွားကြ၏။

အဆုံးတွင်တော့ ဆောင်းဦးကျူပင်တည်းခိုဆောင်ကနေ ထွက်လာသည်မှာ စာသင်သာအိုကြီး၊ ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ (၃)ယောက်သာဖြစ်သည်။ စီးဆင်းခြင်းတိမ်တိုက်လမ်းကြားကို ဖြတ်လျှောက်လာပြီးနောက် စာသင်သားအိုကြီးက စာအုပ်ဆိုင်များကို ရှာဖွေရန် လမ်းပြပေးသည်။

လီပေါင်ဖျင်က သူမ၏စာအုပ်သေတ္တာလေးကို စာသင်သားအိုကြီးထံ ဆက်လက်ပြသနေရင်း သူ့အနားမှာ လှည့်ပတ်ပြေးလွှား၍ သူမ၏စာအုပ်သေတ္တာလေးက လှမလှ မေးနေသည်။ စာသင်သားအိုကြီးကတော့ သဘာဝကျစွာ ခေါင်းညိတ်ပြီး အလွန်လှသည်လို့ ပြောပေးနေ၏။

အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက် နောက်ဆုံး ချန်းပင်အန်းက မနေနိုင်တော့ဘဲ မေးလိုက်မိသည်။

“စာသင်သားသူတော်စင်…

ကျွန်တော့်ကို ဒေါသထွက်နေတာလား…”

စာသင်သားအိုကြီးက လီပေါင်ဖျင်၏ ဝါး စာအုပ်သေတ္တာလေးကို ချီးကျူးနေရင်း ထိုစကားကိုကြားသည့်အခါ အပြုံးနှင့် ပြန်ပြောလိုက်သည်။

“မင်းက ငါ့ရဲ့နောက်ဆုံးတပည့်ဖြစ်လာဖို့ ကမ်းလှမ်းချက်ကို ငြင်းဆန်လိုက်တဲ့အကြောင်း ပြောနေတာလား။ ငါ ဒေါသမထွက်ပါဘူး။ နည်းနည်းတော့ စိတ်ပျက်မိတယ်။ ဒါပေမယ့် စဉ်းစားကြည့်လိုက်တော့ ဒီလိုဖြစ်တာ ပိုကောင်းတယ်လို့ ခံစားရတယ်။ ချီကျင့်ချွန်ရဲ့ မူလရည်ရွယ်ချက်နဲ့ အိုက်လျန်က မင်းတို့နဲ့အတူ ခရီးသွားခဲ့တဲ့ ရည်ရွယ်ချက်က မင်းကို ဘာမှပေးဖို့ မဟုတ်ဘူး။ ပြီးတော့ အဲဒီအချိန်မှာ ငါက မင်းရဲ့ကျောက်စိမ်းဆံထိုးကို တိတ်တဆိတ်ယူသွားခဲ့တယ်။ နောက်ဆုံးမှာတော့...”

စာသင်သားအိုကြီးက လက်နှစ်ဖက်ကို ဖြန့်ပြီး ဆက်ပြောလိုက်သည်။

“ဒါကတော့ မင်း ချန်းပင်အန်းက ချန်းပင်အန်းဆိုတဲ့အတိုင်း ဆက်ပြီးရှိနေဖို့ပဲ။ မင်းဆီမှာ ရှုပ်ထွေးတဲ့ ဆက်ဆံရေးတွေ အများကြီးမရှိဘူး။ မင်းက လီကျူးသုခဘုံ ရွှံ့ပုလင်းလမ်းကြားထဲက ရိုးရိုးရှင်းရှင်း ကောင်လေးတစ်ယောက်ပဲ။ မင်းနာမည်က ချန်းပင်အန်း။ ပြီးတော့ မင်းက လီပေါင်ဖျင်တို့နဲ့အတူ ပညာသင်ယူဖို့ ခရီးရှည်ကြီးကို လျှောက်လှမ်းလာတဲ့သူပဲ။ ဒါက ရိုးရှင်းပါတယ်..”

စာသင်သားအိုကြီးက အပြုံးနှင့် ရှင်းပြလိုက်သည်။

“အမြဲတမ်း အရူးလုပ်နေတတ်တဲ့ အိုက်လျန်ဆိုတဲ့ ကောင်ဆိုးလေးဟာ တစ်ကြိမ်တစ်ခါတော့ လေးလေးနက်နက် ဆက်ဆံခဲ့တယ်။ သူက မင်းတို့ကို တာ့လီအင်ပါယာနဲ့ တခြားအဖွဲ့အစည်းတွေဆီက အခက်အခဲတွေ မယူဖို့ အားပေးခဲ့တယ်။ အဲဒါမတိုင်ခင်မှာ ချီကျင့်ချွန်ကလည်း အပေါ်က လူတွေကို ဒီအခြေအနေထဲ ဝင်မပါဖို့ အောင်မြင်စွာ စည်းရုံးခဲ့ပြီးပြီ…”

“ဒါပေမယ့် ငါရောက်လာတဲ့အတွက် စိတ်ထားကောင်းတဲ့ မင်းရဲ့ အင်မော်တယ်အစ်မကြီးကို ထွက်လာဖို့ အတင်းအကြပ်လုပ်သလို ဖြစ်ခဲ့တယ်။ ဒါက အခက်အခဲနည်းနည်းတော့ ဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒါကို မင်းက ကြောက်စရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလူကြီးမှာ လက်ထဲမှာ အစွမ်းအစတစ်ချို့ ရှိနေသေးတယ်။ ငါက မင်းတို့ကို နောက်ထပ်ဒုက္ခမရောက်အောင် သေချာပေါက် ဖန်တီးပေးမယ်။ ဒါက စာသင်သားတွေနဲ့ အကြောင်းပြချက်ချင်း ဆွေးနွေးရုံပဲလေ။ ဒါဟာ ငါ ကျွမ်းကျင်တဲ့အရာပဲ..”

စာသင်သားအိုကြီးက ချန်းပင်အန်း၏ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

“နောင်တစ်ချိန်မှာ မင်းလည်း အေးအေးချမ်းချမ်းနဲ့ ပညာသင်ယူနိုင်တယ်..”

သူက အပြုံးနှင့် မှတ်ချက်ပေးလိုက်သည်။

“ဒါဟာ လူငယ်တစ်ယောက်ရဲ့ ပုခုံးပေါ်မှာ ရှိသင့်တဲ့အရာပဲ။ မိမိရဲ့တိုင်းပြည် ဒါမှမဟုတ် ကလန်ဖျက်ဆီးခံရတဲ့အတွက် ကလဲ့စားချေဖို့ ဒါမှမဟုတ် တရားမျှတမှုကို ရှာဖွေဖို့လား။ ဒီအရာတွေက စောင့်ဆိုင်းလို့ရတယ်။ လူငယ်တစ်ယောက်က အရင်ဆုံး လေပြေလေညင်းနဲ့ လမင်းကြီးရဲ့အလှတရား၊ မြက်ခင်းရှည်တွေနဲ့ ပျံသန်းနေတဲ့ ငှက်ကလေးတွေရဲ့ အလှတရားတွေကို ရှာဖွေသင့်တယ်။ လူငယ်တစ်ယောက်ရဲ့ ပုခုံးပေါ်မှာ ဒီလိုလှပတဲ့အရာတွေပဲ ရှိသင့်တယ်…”

လီပေါင်ဖျင်၏ မျက်လုံးများက လင်းလက်လာပြီး စာသင်သားအိုကြီးကို လက်မထောင်၍ ချီးကျူးလိုက်သည်။

“စာသင်သားသူတော်စင်…

ဒါက တော်တော်လှပတဲ့ စကားလုံးပဲ…”

စာသင်သားအိုကြီးသည် အားရပါးရ ရယ်မောလိုက်၏။ သူက ဗိုက်ကို ဖွဖွလေး ပုတ်ပြီး ပြန်ပြောလိုက်သည်။

“ဟုတ်ပါ့။ ငါ့ဗိုက်ထဲမှာ ဗဟုသုတတွေ ပြည့်နှက်နေတာပဲ…”

ချန်းပင်အန်းက ပျော်ရွှင်စွာ စကားပြောနေကြသည့် စာသင်သားအိုကြီးနှင့်ကလေးမလေးကို ကြည့်ရင်း သက်ပြင်းရှည်ကြီး ချလိုက်မိသည်။ သူ၏ ပုခုံးပေါ်တွင် မည်သည့်အရာ ရှိနေကြောင်း မခံစားမိသော်လည်း နှလုံးသားထဲတွင်တော့ နွေးထွေးမှုကို ခံစားနေရလေ၏။

All Chapters