အခန်း (၁၆၀)
Vol. 11 Ch. 160
အပူအပင်ကင်းမဲ့သော လီပေါင်ဖျင်၏ မျက်လုံးထဲတွင်တော့ ခုံရုံးဝါတိုင်းပြည်၏ မြောက်ဘက်တွင် ရှိနေသော နာမည်ကျော်စီရင်စုမြို့က အလွန်အမင်းကို သက်ဝင်လှုပ်ရှားနေခဲ့သည်။ အမှန်အတိုင်း ပြောရလျှင် ထိုအရာက သူမ နေထိုင်ခဲ့သော မွေးရပ်မြေထက်ပင် အဆပေါင်းများစွာ ပို၍စည်ကားနေခဲ့၏။
တောင်တန်းနှင့်မြစ်ပေါင်း မြောက်များစွာကို မြင်ခဲ့ဖူးသော စာသင်သားအိုကြီး၏ မျက်လုံးထဲတွင်တော့ သူက ပို၍ဝေးဝေးမြင်နိုင်ပြီး ပို၍နက်နက်ရှိုင်းရှိုင်း မြင်တွေ့နိုင်သည်။ သူက တောင်ပိုင်းသို့ ချီတက်နေသော ရန်သူတိုင်းပြည်မှ သံမြင်းခွာသံများနှင့်အတူ လေထဲသို့ မြောက်တက်လာသော မီးခိုးငွေ့များကိုပင် မြင်တွေ့နိုင်ပုံရသည်။
သူတို့၏အပြုံးများ ဝမ်းသာအားရ စကားလုံးများက သိပ်မကြာခင် ဒေါသထွက်နေသော အော်သံများ၊ နာနာကျင်ကျင် အော်ဟစ်သံများ၏ အရင်းအမြစ်များ ဖြစ်လာကြ၏။
အမှန်အတိုင်းပြောရလျှင် လမ်းဘေးနှစ်ဖက်တွင် ထိုင်နေသော သူတောင်းစားများကတော့ နောက်ပိုင်းတွင် နာကျင်မှုနှင့် ဒုက္ခအနည်းဆုံး အတွေ့အကြုံ ရှိလာကြပါလိမ့်မည်။ တေလေဂျပိုးများ၊ ဓားပြများအတွက်ကတော့ ကမ္ဘာကြီးက ပို၍ရှုပ်ထွေးလာလေလေ ပို၍ကြီးမားသော အခွင့်အလမ်းများကို တွေ့ရလေလေ ဖြစ်သည်။ သူတို့ကတော့ ခုံရုံးဝါတိုင်းပြည်၏ အရာရှိအသစ်များ၊ စစ်သူကြီးအသစ်များပင် ဖြစ်လာနိုင်သေး၏။
သို့သော် စာသင်သားအိုကြီးကတော့ အတွေ့အကြုံများစွာကို ကြုံတွေ့ခဲ့ရပြီးသား ဖြစ်သည်။ ထို့ကြောင့် သူ၏မျက်နှာပေါ်တွင် ထိုကဲ့သို့သော ခံစားချက်မျိုး ပေါ်လာခွင့်မပြုခဲ့ပေ။ သူက ကလေးမလေးနှင့် လူငယ်လေးတို့၏ ကောင်းမွန်သော ခံစားချက်ကို ပျက်စီးစေလိုခြင်း မရှိချေ။
လမ်းမများ ကြားထဲတွင် ဘေးဘယ်ညာ သွားလာနေရင်း စာသင်သားအိုကြီးက သူတို့ကို စာရွက်အနည်းငယ်ဆီဝယ်ပေးရန် စာအုပ်ဆိုင်အဟောင်းတစ်ခုဆီသို့ ခေါ်လာခဲ့သည်။
ထိုစာအုပ်ဆိုင်၏ပိုင်ရှင်က နန်းတွင်းစာမေးပွဲတွင် မအောင်မြင်ခဲ့သော အဘိုးအို တစ်ယောက်ဖြစ်သည်။ သူက လူတစ်ယောက်ကို အဆင့်မြင့်သည်ဟု ခံစားရလျှင် တခြားသူများကို အလေးမထားတတ်ပေ။ သို့သော် သူက စာသင်သားအိုကြီးကိုတော့ ရင်းရင်းနှီးနှီးနှင့် တလေးတစား ခံစားနေပုံရသည်။ သူက စာသင်သားအိုကြီးဆီမှ ဗဟုသုတများ၊ ကျင့်ဝတ်စည်းမျဉ်းများကို ရခဲ့သည့်အတွက် အတော်လေးကို ဝမ်းသာနေခဲ့၏။
စာအုပ်များက ငွေစ(၂၀)နီးပါးခန့် ကျသင့်သည်။ အဘိုးအိုကတော့ ငွေစ(၁၀)စကိုသာ လက်ခံခဲ့သည်။ စာအုပ်ဆိုင်မှ ထွက်လာပြီးနောက် စာသင်သားအိုကြီးက လီပေါင်ဖျင်နှင့် ချန်းပင်အန်းတို့၏ မျက်နှာပေါ်ရှိ လေးစားသည့် အမူအရာကိုကြည့်ပြီး ပြောလိုက်သည်။
"ဘယ်လိုလဲ... စာပေလေ့လာတာနဲ့ စာအုပ်တွေကို ဖတ်တာက တော်တော်လေး အသုံးဝင်တယ် မဟုတ်လား။ ဒီနေ့ငါတို့က ငွေစ(၈)စလောက် သက်သာသွားပြီ။ ဒါကြောင့်လည်း စာအုပ်တွေထဲမှာ ရွှေတုံးတွေ ရှိနေတယ်လို့ ပြောခဲ့ကြတာပဲ…"
ထိုစကားကို ပြောလိုက်ပြီးနောက် စာသင်သားအိုကြီးက အသံတိုးတိုးနှင့် လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
"အမှန်အတိုင်းပြောရရင် အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တောင်ပိုင်းနယ်မြေတစ်ခုမှာ သန့်စင်တဲ့ကွန်ဖြူးရှပ် ချန်းကလန်တစ်ခု ရှိတယ်။ အဲဒီကလန်မှာ ငါနဲ့မတည့်ဘဲ အမြဲတမ်းခေါင်းမာနေတဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်။ သူ ငယ်ငယ်တုန်းကတော့ နေ့စဉ်နေ့တိုင်း စာအုပ်တွေကိုဖတ်ပြီး လေ့လာခဲ့တယ်။ ဆယ်စုနှစ်နည်းနည်းလောက်ကြာတော့ သူ့ရဲ့လှိုက်လှဲမှုနဲ့ သစ္စာရှိမှုက ကောင်းကင်ကြီးကိုတောင် လှုပ်ရှားသွားစေနိုင်ခဲ့တယ်။ တစ်နေ့မှာတော့ သူက ရွှေအိမ်တစ်ခုနှင့် မိန်းမလှလေးတစ်ယောက်က အမှန်တကယ် ရှိနေတယ်လို့ ဖတ်မိခဲ့တယ်…"
ချန်းပင်အန်းက မျက်လုံးပြူးသွားပြီး အံ့အားသင့်စွာ မေးလိုက်သည်။
“အဲဒီရွှေအိမ်က ဘယ်လောက်ကြီးတာလဲ…”
လီပေါင်ဖျင်ကလည်း စိတ်ဝင်စားနေသော အမူအရာနှင့် မေးလိုက်သည်။
“အဲဒီမိန်းကလေးကရော ဘယ်လောက်လှတာလဲ…”
စာသင်သားအိုကြီးက ကလေးနှစ်ယောက်ကို လက်ညှိုးထိုးပြီး အားရပါးရ ရယ်လိုက်သည်။
“တကယ်လို့ အခွင့်အရေးရမယ်ဆိုရင် နောက်ပိုင်း မင်းတို့ကိုယ်တိုင်သွားပြီး စစ်ဆေးကြည့်နိုင်တယ်။ ငါက ဒီနေရာမှာ မင်းတို့ကို မဖြေချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တိုင်မြင်တွေ့ရမှပဲ ယုံကြည်ရနိုင်တယ်။ လူတစ်ယောက်က ကြီးကျယ်ခမ်းနားတဲ့ တောင်တန်းကြီးတွေ ၊ လှပတဲ့မြစ်ကြီးတွေနဲ့ ရင်သပ်ရှုမောဖွယ်ရာရှုခင်းတွေကို ပြောပြနိုင်တယ်။ ဒါပေမယ့် ကိုယ်တိုင်မြင်တွေ့ရတာနဲ့တော့ ဘာမှမယှဉ်နိုင်ဘူး…”
“စာသင်သားသူတော်စင်…
ဘာလို့ဦးလေးငယ်အတွက် အဲဒီစာအုပ်တွေကို ဝယ်ပေးခဲ့ရတာလဲ..။ အဲဒါတွေက အရမ်းကို ရိုးရှင်းလွန်းတယ်။ လင်းရှို့ယီနဲ့ ကျွန်မကတောင် အဲဒီစာအုပ်ထဲမှာ ရှိတဲ့အရာတွေကို သင်ပေးနိုင်တယ်။ ဒီစာအုပ်တွေကို ဝယ်လိုက်တာက ငွေဖြုန်းသလို ဖြစ်မနေဘူးလား…”
လီပေါင်ဖျင်က ရုတ်တရက်မေးလိုက်သည်။
စာသင်သားအိုကြီး၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခု ပေါ်လာပြီး ပြန်ဖြေလိုက်၏။
“အဲဒါက အခြေအနေချင်းမတူဘူး…။ လုံးဝကိုမတူတာ။ ဒီကမ္ဘာကြီးထဲမှာ အထူးခြားဆုံးစာအုပ်တွေက အရိုးရှင်းဆုံး အသုံးပြုနိုင်ပြီး အလွယ်တကူ နားလည်နိုင်တဲ့ ရှင်းလင်းမှုတွေပဲ ရှိတယ်။ အဲဒီလိုစာအုပ်မျိုးတွေက လူထုကို ပညာသင်ကြားဖို့အတွက် အသင့်တော်ဆုံးပဲ။ ဘာလို့ အဲဒီစာအုပ်တွေက ဈေးအပေါဆုံးဖြစ်နေရတာလဲသိလား။ ဥပမာပြောရမယ်ဆိုရင် တာအိုဘိုးဘေးရဲ့ တာအိုနဲ့ကောင်းမှုစာအုပ်က ဘာလို့ဈေးပေါနေရတာလဲ…။ တကယ်လို့ လူတစ်ယောက်က အဲဒါကို ဖတ်ချင်နေတယ်ဆိုရင် အလွယ်တကူ ဝယ်လို့ရတယ်။ တကယ်လို့ လူတစ်ယောက်က အဲဒီအရာဆီကနေ သင်ယူချင်တယ်ဆိုရင်လည်း သူ့ဆီကနေ ဗဟုသုတတွေကို အလွယ်တကူရနိုင်တယ်…”
“ဘာလို့လဲဆိုတော့ အဲဒါက မိတ္တူတွေ အများကြီး ကူးထားတဲ့အတွက် လူတွေအများကြီးက ဝယ်လို့ရနိုင်လို့လား။ ဒါကြောင့်လည်း ဈေးပေါနေတာဖြစ်ရမယ်..”
လီပေါင်ဖျင်က အနည်းငယ်ရှုပ်ထွေးနေသော အမူအရာနှင့် ထပ်ဖြည့်ပြောလိုက်သည်။
စာသင်သားအိုကြီးက ခေါင်းညိတ်ပြီး အပြုံးနှင့်ရှင်းပြလိုက်၏။
“ဒါက တစ်ဝက်ပဲမှန်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာအုပ်တစ်အုပ်ကသာ အရမ်းဈေးကြီးနေမယ်ဆိုရင် လူဘယ်နှစ်ယောက်က ဝယ်ချင်မှာလဲ။ အဲဒီအစား သူတို့ဗိုက်ဝအောင် စားစရာတွေပဲ ဝယ်ကြမှာမလား။ ဒါပေမယ့် ငါတို့က အဓိပတိသူတော်စင်တွေရဲ့အမြင်ကိုလည်း စဉ်းစားပေးဖို့ လိုအပ်တယ်။ တကယ်လို့ သူတို့ကသာ သူတို့ရဲ့သင်ကြားမှုတွေကို ဖြန့်ဝေချင်တယ်ဆိုရင် ၊ တိုင်းပြည်တစ်ခုရဲ့ တရားဝင်သင်ကြားမှုဖြစ်လာချင်တယ်ဆိုရင် ၊ တိုင်းပြည်တစ်ခု ကုန်းမြေကြီးတစ်ခုနဲ့ လောကကြီးတစ်ခုလုံးရဲ့ သင်ကြားမှု ဖြစ်လာချင်တယ်ဆိုရင် လက်ရင်းတပည့် ဘယ်လောက်များများက အဲဒီအရာကို ယူနိုင်မှာလဲ….”
“ဒါကြောင့် ပိုကောင်းတဲ့ထင်မြင်ချက်ဆိုတာက လူများများဆီ ဖြန့်ဝေနိုင်ဖို့ သူတို့ရဲ့သင်ကြားမှုတွေ ၊ စည်းမျဉ်းတွေကို စာအုပ်ထဲမှာ ရိုက်နှိပ်လိုက်တာပဲ။ ဝင်ပေါက်အတွက် အတားအဆီးကို နှိမ့်လိုက်မယ်ဆိုရင် လူပေါင်းများစွာက သူတို့ရဲ့သင်ကြားမှုတွေ စည်းမျဉ်းတွေကို ဖတ်ခွင့်ရလာလိမ့်မယ်။ တကယ်လို့ ဝင်ပေါက်အတားအဆီးက အရမ်းမြင့်မားနေမယ်ဆိုရင်တော့ အဲဒီလူတွေက မသိနိုင်တော့တဲ့အတွက် ထူးချွန်ထက်မြက်တဲ့ တပည့်တွေ ၊ ကျောင်းသားတွေ ဘယ်နှစ်ယောက် မွေးထုတ်ပေးနိုင်မှာလဲ…”
ချန်းပင်အန်းက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။
“ဘာဖြစ်လို့လဲ… ဒါက ပျင်းစရာကောင်းတယ်လို့ ထင်လို့လား…”
စာသင်သားအိုကြီးက စိုးရိမ်တကြီး မေးလိုက်သည်။
“အဲဒါက သိပ်တော့မကောင်းဘူး။ စာအုပ်တွေဖတ်တယ် ၊ လေ့လာတယ်ဆိုတာက အရမ်းအရေးကြီးတယ်…”
ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။
“မဟုတ်ပါဘူး..။ ဒါက ကုန်စုံဆိုင်တွေဖွင့်ပြီး စီးပွားရေးလုပ်ဖို့ တိုက်ခိုက်နေကြတဲ့ သာမန်လူတွေနဲ့ တော်တော်လေးတူတယ်လို့ ခံစားမိလို့ပါ။ ကျွန်တော့်မွေးရပ်မြေမှာရှိတဲ့ နဂါးစီးလမ်းကြားထဲမှာ ကျွန်တော့်ရဲ့မိတ်ဆွေက ကျွန်တော့်ရဲ့ကိုယ်စား ကူညီစောင့်ရှောက်ပေးနေတဲ့ ဆိုင်နှစ်ဆိုင်ရှိတယ်။ သူတို့တွေက အခုချိန် အကျိုးအမြတ်ရှိမလား ဆုံးရှုံးမလားဆိုတာ ကျွန်တော် စဉ်းစားနေတာ…”
စာသင်သားအိုကြီးက အတိတ်တွင် ဖြစ်ခဲ့သည့်အရာများကို ပြန်လည်စဉ်းစားမိသွားသည့်အလား ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိသည်။
သူက လက်တစ်ဖက် ဝှေ့ယမ်းပြီး ပြောလိုက်၏။
“သွားကြစို့…။ ငါက အရက်သောက်ဖို့အတွက် မင်းတို့ကို စားသောက်ဆိုင်တစ်ခုဆီ ခေါ်သွားမယ်။ ချန်းပင်အန်း … တကယ်လို့ မင်းက ဆန္ဒရှိတယ်ဆိုရင်တော့ နည်းနည်းလောက် သောက်လို့ရတယ်။ ဒါပေမယ့် ပေါင်ဖျင်ကတော့ အရမ်းငယ်သေးတယ်။ ဒါကြောင့် မင်းက သူ့ကို သောက်ခွင့်မပြုသင့်ဘူး…”
မနက်ခင်းအစောပိုင်းသာ ရှိနေသေးသည့်အတွက် စားသောက်ဆိုင်များနှင့် ကုန်စုံဆိုင်များက ယခုအချိန်ထိ မဖွင့်ကြသေးပေ။ စာသင်သားအိုကြီးကတော့ လမ်းထောင့်တစ်နေရာတွင် ရှိနေသော စားသောက်ဆိုင်ငယ်လေး တစ်ခုကို တွေ့သွားခဲ့သည်မှာ ကံကောင်းသွားခဲ့၏။
ထိုနေရာက ချောင်ကျပြီး စားပွဲများတွင် ဆီများစွန်းထင်းနေသည်။ သို့သော် သူတို့(၃)ယောက်ကတော့ ထိုအရာများကို အလွန်အမင်း ဂရုမစိုက်ခဲ့ပေ။ အကယ်၍ ချွေးချန်း၊ ယုလုနှင့် ရှဲ့ရှဲ့တို့သာ ရှိနေလျှင် သူတို့က အဝေးမှနေ၍ မျက်မှောင်ကြုတ်နေကြပါလိမ့်မည်။
တစ်ယောက်က အလွန်အဆင့်အတန်းမြင့်ပြီး တစ်ယောက်က အသန့်ကြိုက်သည်။ တစ်ယောက်ကတော့ ငယ်ငယ်ကတည်းက ဂရုစိုက်မှုကို ခံခဲ့ရ၏။ သူတို့က ဤကဲ့သို့ နေရာမျိုးတွင် ထိုင်ပြီး လုံးဝအရက်သောက်လိမ့်မည် မဟုတ်ချေ။
စာသင်သားအိုကြီးက အရက်တစ်အိုးနှင့် မြေပဲဆားလှော်တစ်ပွဲမှာလိုက်သည်။
ချန်းပင်အန်းကတော့ သိုင်းပညာရှင်များ၏ စည်းမျဉ်းကို ဆက်လက်လိုက်နာသည့်အတွက် အရက်မသောက်ခဲ့ပေ။
သူ့ဘေးတွင် ရှိနေသော လီပေါင်ဖျင်ကတော့ အရက်တစ်ချို့ကို စမ်းသောက်ကြည့်ချင်နေခဲ့၏။ သို့သော် သူမ၏ဘေးတွင် ဦးလေးငယ် ရှိနေသည့် အတွက်ကြောင့် သူမက ထိုကဲ့သို့တောင်းဆိုမှုမျိုးကို မည်သို့လုပ်ရဲမည်နည်း။ ထို့ကြောင့် စာသင်သားအိုကြီးက အရက်သောက်နေသည်ကိုသာ သူမက အနည်းငယ် အားကျစွာ ကြည့်နေခဲ့ရသည်။
ချန်းပင်အန်းနှင့် အချိန်ကြာမြင့်စွာ ခရီးသွားလာခဲ့ပြီး တစ်ချိန်လုံး သူ၏လွှမ်းမိုးမှုကို ခံခဲ့ရပြီးနောက် ကလေး(၃)ယောက်လုံးက မည်သည့်အရာကို လုပ်သင့်သည် မည်သည့်အရာကို မလုပ်သင့်ကြောင်း အကြမ်းဖျင်း သိနေကြသည်။
တစ်ခါတစ်ရံ သူမ၏ဦးလေးငယ်က ကိစ္စရပ်များစွာတွင် အလွန်အမင်းတင်းကျပ်သည်ဟု လီပေါင်ဖျင်က ခံစားမိခဲ့သည်။ သို့သော် သူမ၏ဝါးစာအုပ်သေတ္တာလေးနှင့် ပျော့ပြောင်းသော မြက်ဖိနပ်လေးကို ကြည့်လိုက်ပြီးနောက် သူမက ထိုအတွေးများကို ခေါင်းထဲမှ ချက်ချင်း ဖယ်ထုတ်လိုက်သည်။
လင်းရှို့ယီက ချီကျင့်ကြံသူတစ်ယောက်၊ အင်မော်တယ်တစ်ယောက် ဖြစ်လာသည့်အတွက် သူ့ဆီတွင် အလွန်မြင့်မားသော ရည်မှန်းချက်များ ပိုင်ဆိုင်ထားသည်။ သူ့ဆီတွင် ချန်းပင်အန်းနှင့် ပတ်သက်ပြီး ကိုယ်ပိုင်ထင်မြင်ချက်များ ရှိနေသော်လည်း အသေးအဖွဲ့ကိစ္စများက အချိန်ပေးရန် မထိုက်တန်သလို ခံစားမိခဲ့သည်။ ထို့ကြောင့် သူက မည်သည့်စကားမျှမပြောခဲ့ပေ။
လီဟွိုင်ကတော့ ခေါင်းထဲတွင် ရှိနေသော အရာအများစုကို ရှင်းထုတ်ပစ်သော ကလေးငယ်လေး တစ်ယောက်ဖြစ်သည်။ သို့သော် သူ၏မှတ်ချက်များ၊ လုပ်ရပ်များက လုံးဝ အဆင်မပြေသည်မှာ ရှက်စရာကောင်း၏။ ထို့ကြောင့် ချန်းပင်အန်း ဘာမှမပြောခင် လီပေါင်ဖျင်က သူ့ကို ဖိနှိပ်ပြီး အပြစ်ပေးတတ်သည်။ ထိုအချက်များကြောင့် သူတို့က ဗဟုသုတရှာဖွေရန် သွားလာနေသော ခရီးစဉ် အတောအတွင်း ယခုချိန်ထိ မပြေလည်နိုင်သော ပြဿနာများကို မကြုံရသေးပေ။ သူတို့က အချင်းချင်း မျှခြေတစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့၏။
ကျူးဟယ်နှင့် ကျူးလုတို့ ထွက်ခွာသွားပြီးနောက် ဖိတ်ခေါ်မထားသော ချွေးချန်း၊ ယုလုနှင့် ရှဲ့ရှဲ့တို့က ယဲ့ဖူတောင်ကြားအပြင်ဘက်တွင် ရောက်လာကြသည့်အတွက် ကလေး(၄)ယောက်က ဘုံရန်သူကို ရှာတွေ့ခဲ့ကြသည်။ ရလဒ်အနေနှင့် ကလေး(၄)ယောက်က အချင်းချင်း ပို၍ စည်းလုံးလာကြ၏။
စာသင်သားအိုကြီးက အရက်ကိုဆက်၍သောက်နေပြီး သူ၏မျက်နှာက အနည်းငယ် နီရဲနေခဲ့သည်။ သူက အရက်၏အာနိသင်များကို ပျောက်ကွယ်သွားစေရန် သူ၏အစွမ်းကို မသုံးခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူက ဝမ်းနည်းစရာကောင်းသော အဖြစ်အပျက်တစ်ခုကို အမှတ်ရသွားခြင်းကြောင့် ဖြစ်နိုင်သည်။ ထိုအရာက သူ့အတွက် အပန်းဖြေရန် ရှားရှားပါးပါး အခွင့်အရေးတစ်ခုလည်းဖြစ်၏။
ထို့ကြောင့် စာသင်သားအိုကြီးက စိတ်ထဲမှ ဝမ်းနည်းမှုများကို ဖယ်ရှားပြီး အရက်ကိုသာဆက်၍ သောက်နေခဲ့၏။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက် ပြီးနောက် အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ငါ့ဆီမှာ ဆင်းဆင်းရဲရဲ မိသားစုတစ်ခုကနေ ကြီးပြင်းလာတဲ့ ငယ်သူငယ်ချင်း တစ်ယောက်ရှိတယ်။ သူက ပညာမတတ်ခင် ကျောင်းကနေ ထွက်သွားခဲ့တာ။ အဲဒီနောက်မှာတော့ သူက ငါတို့အခုထိုင်နေတဲ့ စားသောက်ဆိုင် အရွယ်အစားလောက် ဆိုင်လေးတစ်ဆိုင်ကို ဖွင့်ခဲ့တယ်။ သူက အသက်(၁၈)နှစ်အရွယ်မှာ လက်ထပ်ပြီး ကလေးတွေ ရလာတယ်။ တဖြည်းဖြည်းနဲ့ အသက်(၆၅)နှစ်အရွယ်မှာ သေသွားခဲ့တယ်။ သူက သူ့ရဲ့စားသောက်ဆိုင်လေးမှာ နှစ်ပေါင်း(၄၀)နီးပါးလောက် အရက်တွေရောင်းတယ်…”
စာသင်သားအိုကြီးက သူ၏အရက်ခွက်ကို လက်ထဲတွင် လှုပ်ရှားနေပြီး ဆက်ပြောလိုက်သည်။
“ငါက စိတ်ထဲမှာ ပြောင်းလဲမှုတစ်ချို့ ရှိလာတဲ့ အချိန်တိုင်း အရက်သောက်ချင်တယ်ဆိုရင် သူ့ရဲ့စားသောက်ဆိုင်ကို သွားလည်ရတာ သဘောကျတယ်။ အဲဒီနေရာက ဘယ်လောက်ပဲဝေးဝေး ငါက သူ့ရဲ့စားသောက်ဆိုင်ကိုပဲ သွားခဲ့တယ်…”
စာသင်သားအိုကြီး၏ မျက်နှာပေါ်တွင် ဝမ်းနည်းမှုအနည်းငယ် ရှိနေခဲ့သည်။ သူက အပြုံးနှင့် ဆက်ပြောလိုက်၏။
“ဒါပေမယ့် နောက်ဆုံးတစ်ခေါက်သွားတဲ့ အချိန်မှာတော့ စားသောက်ဆိုင်က ပိတ်နေတာကို တွေ့လိုက်တယ်။ ငါက လှည့်ပတ်ပြီး မေးလိုက်တဲ့အချိန်ကျမှ ငါ့မိတ်ဆွေ သေသွားတာကို သိခဲ့ရတယ်။ သူ့ရဲ့စားသောက်ဆိုင်က ပိတ်သွားတဲ့အတွက် ငါလည်း တစ်ခြားနေရာကနေ အရက်ဝယ်ခဲ့ရတယ်။ အဲဒီအချိန်ကျမှပဲ သူ့ဆီကနေ ငါဝယ်ခဲ့တဲ့ အရက်အမျိုးအစားက တစ်ခြားဆိုင်တွေထက် ပိုပြီးတော့ ဈေးများတယ်ဆိုတာ နားလည်သွားခဲ့တယ်.."
“စာသင်သားသူတော်စင်..
ရှင်က သူ့ကို မိတ်ဆွေအဖြစ် သတ်မှတ်ခဲ့ပေမယ့် သူကတော့ ရှင့်ကိုမိတ်ဆွေအဖြစ် မသတ်မှတ်သလိုပဲ…”
လီပေါင်ဖျင်က ဒေါသတကြီး ပြောလိုက်သည်။
ချန်းပင်အန်းကတော့ မည်သည့်အရာမျှ ဝင်မပြောခဲ့ပေ။
စာသင်သားအိုကြီးက အရက်တစ်ငုံသောက်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။
“ဒါပေမယ့် နှစ်ပေါင်းများစွာ ကြာခဲ့တော့ သူ ငါ့ကို ရောင်းလိုက်တဲ့အရက်က တောင်တန်းတွေပေါ်ကနေ သူကိုယ်တိုင် ခူးထားတဲ့ ပစ္စည်းတွေနဲ့ အချဉ်ဖောက်ထားခဲ့တာပဲ။ သူက တန်ဖိုးများမှာကို မစိုးရိမ်ဘူး။ သူက ရှာတွေ့နိုင်သမျှ အကောင်းဆုံးပစ္စည်းတွေကိုပဲ အသုံးပြုခဲ့တယ်။ သူက ငါ့ကို အဲဒီအရက်ရောင်းတဲ့အတွက် ရှုံးတောင် ဆုံးရှုံးသေးတယ်…”
လီပေါင်ဖျင်က ပါးစပ်အဟောင်းသားဖြစ်သွားခဲ့သည်။ ထိုကလေးမလေးက အရှက်တရားနှင့် နောင်တ တရားများကို ခံစားမိလာခဲ့၏။
စာသင်သားအိုကြီးက မြေပဲစေ့တစ်ခုကိုကိုင်ပြီး ပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ သူက ဖြည်းညင်းစွာ ဝါးနေရင်း တိုးတိုးလေး ပြောလိုက်၏။
“နှစ်ပေါင်း(၄၀)အတောအတွင်း ငါက ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးနောက် ဆင်းရဲနွမ်းပါးတဲ့ စာသင်သားတစ်ယောက်အဖြစ်ကနေ နန်းတွင်းစာမေးပွဲကို အောင်မြင်တဲ့ လူတစ်ယောက်ဖြစ်လာတယ်။ အဲဒီနောက်မှာတော့ ငါ့ဆီမှာ စွမ်းရည်တစ်ချို့ရှိလာပြီး နည်းနည်းလေး နာမည်ကျော်ကြားလာတယ်။ သူက ငါ့ကို တွေ့တဲ့အချိန်တိုင်း အရက်သောက်ဖို့ပဲ တိုက်တွန်းပြီး တစ်ခြားဘာစကားမှ မပြောခဲ့ဘူး။ သူက သူ့ကလေးတွေရဲ့ ပညာရေးအကြောင်းကို မပြောခဲ့သလို သူ့မိန်းမကလန်ရဲ့ ပြဿနာတွေကိုလည်း မပြောခဲ့ဘူး။ သူက ငါ့ကို အရက်သောက်ဖို့ပဲ ရိုးရိုးလေး ပြောခဲ့တယ်။ အဲဒီအချိန်မှာတော့ သူက ငါနဲ့အမြဲတမ်း မျက်နှာချင်းဆိုင်မှာ ထိုင်ခဲ့တယ်။ အခုလီပေါင်ဖျင် ထိုင်နေသလိုမျိုးပေါ့။ အဲဒါက ငါနဲ့အဝေးဆုံး ထိုင်ခုံဖြစ်ပေမယ့် ကြည့်လိုက်တဲ့အချိန်တိုင်း သူက ငါ့ကိုတွေ့နေရတယ်။ သူက ငါ့ကိုကြည့်နေတဲ့အချိန်တိုင်း အမြဲတမ်း ပြုံးပြတတ်တယ်…”
လီပေါင်ဖျင်က ခဏကြာစဉ်းစားပြီးနောက် တိတ်တဆိတ် မတ်တပ်ရပ်လိုက်ပြီး ချန်းပင်အန်း၏ မျက်နှာချင်းဆိုင်တွင် ရှိသော ထိုင်ခုံဆီသို့ ရွှေ့သွားခဲ့သည်။ သူမက သူ့ကို အပြုံးနှင့် စိုက်ကြည့်နေခဲ့၏။
ချန်းပင်အန်းကလည်း သူမကိုလှည့်ကြည့်လိုက်သည်။
“အဲဒီနောက်ပိုင်းကျမှပဲ သူ့ရဲ့ကလေးတွေက အရမ်းကိုကြောက်စရာကောင်းတဲ့ အစွမ်းထက်အရာရှိတွေ ဖြစ်လာပြီး တိုင်းပြည်နဲ့ မြို့သူမြို့သားတွေအပေါ် ပြဿနာတွေ သယ်ဆောင်လာတယ်ဆိုတာ နားလည်သွားတယ်။ သူတို့တွေက အရာရှိတွေရဲ့ မိန်းမငယ်လေးတွေ ဖြစ်လာပြီး အသေးအဖွဲ့ကိစ္စလေးတွေအတွက်နဲ့ အစေခံတွေကို ရက်စက်ကြမ်းကြုတ်စွာ သတ်ပစ်ခဲ့တယ်….”
“သူ့မိန်းမရဲ့ကလန်ကတော့ ရုတ်တရက် အဆင့်အတန်းမြင့်မားလာပြီး ကြွယ်ဝချမ်းသာမှုတွေကို ရခဲ့တဲ့အတွက် သူတို့ရဲ့စီရင်စုတွေထဲမှာ အကြီးမားဆုံးကလန်တစ်ခု ဖြစ်လာတယ်။ ဒါက အပေါ်ပိုင်းကနေ အောက်ခြေထိအောင် ကြောက်စရာကောင်းတဲ့ကလန်တစ်ခုပဲ။ သူတို့က ချမ်းသာကြွယ်ဝမှုနဲ့ နာမည်ကျော်ကြားမှုအတွက် အရာအားလုံးကို လုပ်ရဲကြတယ်။ သူတို့က သာမန်လူပေါင်း မြောက်များစွာကို နာကျင်မှုတွေခံစားရအောင် လုပ်ဆောင်ခဲ့တယ်…”
စာသင်သားအိုကြီးက သူနှင့်မျက်နှာချင်းဆိုင် ထိုင်ခုံ၌ လွတ်နေသည့်နေရာကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
“ဒါပေမယ့် သူကတော့ ပျက်စီးနေတဲ့ အဲဒီစားသောက်ဆိုင်လေးကို ဆက်စောင့်နေပြီး အရက်တွေ ရောင်းပေးခဲ့တယ်။ တစ်နှစ်ပြီးတစ်နှစ် သူက မသေမချင်း အရက်တွေကို အချဉ်ဖောက်ပြီး လုပ်ပေးခဲ့တယ်….”
လီပေါင်ဖျင်က နောက်တစ်ကြိမ် ပါးစပ်အဟောင်းသားဖြစ်သွားခဲ့၏။ သူမ၏မျက်နှာပေါ်တွင် အံ့ဩနေသည့် အမူအရာတစ်ခု ရှိနေခဲ့သည်။ စာသင်သားအိုကြီးက သူ၏မျက်လုံးအကြည့်ကို ရုတ်သိမ်းလိုက်၏။
သူက အရည်အသွေးနိမ့်ကျသောအရက်နှင့် မြေပဲဆားလှော်ကို စားနေရင်း ချန်းပင်အန်းကို ပြောလိုက်သည်။
“မင်းက ကိုယ့်ကိုယ်ကိုယ် အလေးထားဖို့ လိုအပ်တယ်။ နောက်ပိုင်းမှာ သိုင်းပညာနဲ့ ဓားသိုင်းပညာကိုလည်း စိတ်လိုလက်ရ လေ့ကျင့်ဖို့ လိုအပ်တယ်။ မင်းက တစ်ချိန်လုံး အကြောင်းပြချက်တွေ ပြောမနေသင့်ဘူး။ အထူးသဖြင့် မင်းက ခေါင်းမာမနေသင့်ဘူး။ စာအုပ်တွေထဲမှာ ပြောထားတဲ့အတိုင်းပဲ အခြေအနေတွေကို လိုက်လျောညီထွေ ဘယ်လိုလုပ်ရမလဲဆိုတာ နားလည်ဖို့ လိုအပ်တယ်။ မဟုတ်ရင် မင်းက မြန်မြန်ဆန်ဆန် အရမ်းပင်ပန်းသွားလိမ့်မယ်။ အဆုံးမှာတော့ မင်းက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်တဲ့အချိန်မှာ မင်းအနားမှာ မိတ်ဆွေတစ်ယောက်မှ မရှိဘဲ မင်းတစ်ယောက်တည်း ရှိနေတာကိုပဲ တွေ့ရလိမ့်မယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေက ဥပမာတွေပြောပြဖို့ လိုအပ်လို့ပဲ။ သူတော်စင်တွေရဲ့ အတိတ်နဲ့ပစ္စုပ္ပန် အခြေအနေတွေက အကြောင်းပြချက်တစ်ခုတည်း မဟုတ်ဘူးဆိုတာလေးပဲ…”
စာသင်သားအိုကြီးက လက်ညှိုးတစ်ချောင်း ဆန့်ထုတ်လိုက်ပြီး စားပွဲပေါ်တွင် မျဉ်းကြောင်းတစ်ခု ရေးဆွဲလိုက်သည်။ သူ့လက်က တဖြည်းဖြည်း ဖြောင့်တန်းလာပြီး သူက စားပွဲပေါ်တွင် ရှိနေသော မျဉ်းကြောင်းကို အပြင်ဘက်သို့ ဆက်ဆွဲချင်နေပုံရ၏။
“မင်းပဲ စဉ်းစားကြည့်လိုက်။ မင်းက လမ်းကြောင်းတစ်ချို့ကို တစ်နှစ်လောက် တစ်ယောက်တည်း လျှောက်နိုင်တယ်။ ဒါပေမယ့် (၁၀)နှစ်ဆိုရင်ရော ၊ နှစ်(၁၀၀)ဆိုရင်ရော ၊ နှစ်(၁၀၀၀)ဆိုရင်ရော… တစ်ချို့လူတွေကတော့ အရမ်းကို ခေါင်းမာပြီး ကိုယ့်လမ်းကိုယ်ပဲ ဆက်ပြီး လျှောက်ကြတယ်။ ဒီတော့ ဘာတွေဖြစ်လာလဲ။ အဲဒီလိုဆိုရင် လူတစ်ယောက်က သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့အရာမျိုးကို လုပ်ဖို့ လိုအပ်တယ်…”
“လူတစ်ယောက်က အရမ်းခေါင်းမာနေဖို့ မလိုသလို သူ့ရဲ့အတွေ့အကြုံတွေ အသက်ကြီးရင့်မှုတွေကြောင့် ခေါင်းမာနေလို့ မရဘူး။ အရာအားလုံးကို ကြုံတွေ့ပြီးသွားရင်တော့ နောက်ပိုင်း လူတစ်ယောက်က မဟာတာအိုလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်း လျှောက်သွားမယ်ဆိုရင်တောင် နောင်တရမှာ မဟုတ်ဘူး။ အဲဒီအစား သူတို့က အရမ်းအံ့ဩစရာကောင်းတယ်လို့ပဲ ခံစားမိလိမ့်မယ်…”
ထိုအချိန်တွင် စာသင်သားအိုကြီး အရက်တစ်ခွက်သောက်လိုက်ပြန်သည်။ သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ငါက အရမ်းအံ့ဩဖို့ကောင်းတယ်…”
ထိုစကားကို ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်ပြီးနောက် စာသင်သားအိုကြီးက ရှေ့ကို ခေါင်းငိုက်သွားခဲ့ပြီး စားပွဲခုံပေါ်သို့ မှောက်ကျသွားခဲ့သည်။
ကျသင့်ငွေပေးချေလိုက်ပြီးနောက် ချန်းပင်အန်းက စာသင်သားအိုကြီးကို နောက်ကျောပေါ်သို့တင်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။
ထိုအရာကိုမြင်သည့်အခါ လီပေါင်ဖျင်ကတော့ တိုးတိုးလေး ရယ်နေခဲ့၏။ ကြည့်ရသည်မှာ စာသင်သားသူတော်စင်ကပင် အရက်မူးသွားနိုင်ပုံရသည်။ ထို့ပြင် သူက အရက်သောက်ပြီးနောက် ထိုပစ္စည်းများအပေါ်တွင် လဲကျသွားသေး၏။
“ချန်းပင်အန်း…
အရာအားလုံးကို မထိန်းချုပ်ထားတာကပဲ မင်းရဲ့ငယ်ရွယ်နုပျိုမှုအများစုကို ထိန်းသိမ်းထားနိုင်လိမ့်မယ်။ မင်းက အရက်သောက်ဖို့လိုတယ်။ ငါပြောတာကို ကြားလား။ အရက်သောက်တယ်ဆိုတာက အရမ်း အံ့ဩဖို့ကောင်းတယ်…”
“လီပေါင်ဖျင် …
မင်းကလည်း ဒီစကားကိုသေချာမှတ်ထားရမယ်။ ချန်းပင်အန်းက ဒီလိုရူးမိုက်ပြီး သနားကြင်နာတတ်တဲ့ လူတစ်ယောက် ဖြစ်နေတာ မင်းရဲ့ကုသိုလ်ကံကောင်းလို့ပဲ။ သူက အရမ်းကို သနားကြင်နာတတ်ပြီး အရမ်းကို မှန်ကန်နေတဲ့အတွက် ကျိုးကြောင်းမဆင်ခြင်နိုင်သလို ဖြစ်နေတယ်လို့ ခံစားမိလိမ့်မယ်။ ဒါပေမယ့် မင်းက အဲဒီအရာကြောင့် သူနဲ့ဝေးကွာမသွားစေနဲ့။ မဟုတ်ရင် မင်းက တဖြည်းဖြည်းနဲ့ နောင်တတရားတွေ ရလာမယ့်နေ့တစ်နေ့ ရောက်လာနိုင်တယ်…”
“ချန်းပင်အန်းက ဒုတိယ တပည့်လေးချီဖြစ်လာပြီး သူ့ဆီမှာ ကိစ္စပေါ်လာတဲ့ အချိန်ကျရင် တခြားလူတွေ သိမယ်ဆိုရင်တောင် ကူညီကြမှာ မဟုတ်ဘူး။ အဲဒါက ဘယ်လောက်တောင် ဝမ်းနည်းဖို့ကောင်းလိုက်သလဲ…”
“ပင်အန်းလေး..
ငါတို့က အကြောင်းပြချက်တွေ ၊ စည်းမျဉ်းတွေကို ဆုပ်ကိုင်ထားတယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် ထိခိုက်စေချင်လို့ မဟုတ်ဘူး။ ငါတို့က ဗဟုသုတတွေ၊ အမှန်တရားတွေကို ဖြည်းဖြည်းချင်း စုဆောင်းချင်နေလို့ပဲ။ တကယ်လို့ တစ်နေ့နေ့ လောကကြီးတစ်ခုလုံးက ကျိုးကြောင်းဆီလျော်မှုမရှိဘူးလို့ မင်းက ရုတ်တရက် ခံစားလာရတယ်ဆိုရင် လူတိုင်းက မှားနေတယ်ဆိုတာကို ကျယ်လောင်စွာ ပြောနိုင်တဲ့ ယုံကြည်ချက်မျိုး မင်းမှာ ရှိရလိမ့်မယ်…”
အရက်မူးနေသော စာသင်သားအိုကြီးက လူငယ်လေး၏ခေါင်းကို အားနှင့်ရိုက်ပြီး ပြောလိုက်သည်။
စာသင်သားအိုကြီးကို နောက်ကျောတွင် သယ်ဆောင်ထားရင်း ချန်းပင်အန်းကတော့ ခေါင်းညိတ်ပြလိုက်သည်။
စာသင်သားအိုကြီးက လည်ပင်းကို မတ်မတ်ထားလိုက်ပြီး စာအုပ်သေတ္တာငယ်လေးနှင့် ကလေးမလေးကိုကြည့်လိုက်၏။
လီပေါင်ဖျင်က အလျင်အမြန်ပြောလိုက်သည်။
“ကျွန်မ ဒီမှာရှိတယ်…”
စာသင်သားအိုကြီးက ချန်းပင်အန်း၏ခေါင်းကို နောက်တစ်ကြိမ် အားနှင့်ရိုက်ပြီး ပြောလိုက်၏။
“ဟုတ်တယ်..ပင်အန်းလေး….။ ငါက မင်းကို ကိစ္စတစ်ခုမေးချင်တယ်။ မင်းက နောက်ပိုင်း ပိုများတဲ့စာအုပ်တွေ ဖတ်တဲ့ အချိန်ကျရင် အဲဒီစာအုပ်တွေထဲက စည်းမျဉ်းတွေ ၊ အကြောင်းပြချက်တွေကို လက်ခံတယ်ဆိုရင် မင်းက ဘာလုပ်မှာလဲ။ တကယ်လို့ ဆန်းကြယ်ကမ္ဘာကြီးထဲမှာရှိတဲ့ စာသင်သားတစ်ဝက်လောက်က လီပေါင်ဖျင်ကို အပြစ်တင်ပြီး သူ့ကို အရှက်မရှိဘူးလို့ စွပ်စွဲလာတဲ့အချိန်မျိုးမှာ မင်းက ဘာလုပ်မှာလဲ။ သူက သူ့ရဲ့ဦးလေးငယ်ကို သဘောကျနေတဲ့အတွက် အပြစ်တင်ခံရမယ်ဆိုရင် မင်းက ဘာလုပ်မှာလဲ…”
သူမ၏လုပ်ရပ်များက မှားနေခြင်းရှိမရှိ လီပေါင်ဖျင်က နားမလည်ခဲ့ပေ။ သူမက ဝင်ပြောလိုက်၏။
“ကျွန်မက ဦးလေးငယ်ကို သဘောကျတာ ဘာများမှားလို့လဲ။ အဲဒီလူတွေက ဘယ်လိုအရာမျိုးတွေကို လေ့လာနေတာလဲ…”
ချန်းပင်အန်းက ငယ်စဉ်ကတည်းက အခက်အခဲများစွာကို ခံနိုင်ရည်ရှိခဲ့ပြီး လူ့အသိုင်းအဝိုင်း၏ အောက်ခြေတွင် နေထိုင်ခဲ့ရသည်။ ထိုအတွက်ကြောင့် သူကတော့ ပို၍စဉ်းစားနိုင်ပြီး ပို၍တွေးတောနိုင်ခဲ့၏။ လူ့သဘာဝက မည်မျှ ရက်စက်ကြောင်းကိုလည်း သိနေခဲ့သည်။
“တကယ်လို့ အဲဒီလိုနေ့တစ်နေ့ အမှန်တကယ် ရောက်လာမယ်ဆိုရင် ၊ တကယ်လို့ အဲဒီလူတွေကသာ ပေါင်ဖျင်ကို အပြစ်တင်ကြမယ်ဆိုရင် ကျွန်တော်က သူတို့ကို လက်သီးနဲ့ပဲ အရင်ဆုံး စကားပြောရလိမ့်မယ်…”
ချန်းပင်အန်းက စဉ်းစားနေခြင်းမရှိဘဲပြန်ဖြေလိုက်သည်။
ထို့နောက် သူက ကလေးမလေးကို ပြန်လည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ငါ့ရဲ့လက်သီးအပြင် နောက်ပိုင်းမှာ ငါက ဓားတစ်ချောင်းကိုလည်း သုံးနိုင်လိမ့်မယ်။ ဒါကြောင့် တကယ်လို့ အဲဒီလို နေ့တစ်နေ့ရောက်လာမယ်ဆိုရင် မင်းက မင်းရဲ့ဦးလေးငယ်ကို ပြောပြဖို့ပဲ လိုအပ်တယ်။ ငါက ဘယ်လောက်ပဲ ဝေးဝေး သေချာပေါက်ရောက်လာပြီး ကာကွယ်ပေးမယ်…”
“တကယ်လို့ ဘယ်လိုပဲဖြစ်ဖြစ် မင်းက အဲဒီလူတွေကို အနိုင်မရဘူးလို့ ပေါင်ဖျင်လေးက တွေးမယ်ဆိုရင်ရော.။ သူက မင်း ထိခိုက်မှာ ကြောက်ပြီး မင်းကို တမင်ရည်ရွယ်ချက်ရှိရှိ မပြောဘဲနေမယ်ဆိုရင်ရော… အဆုံးမှာတော့ မင်း.. ချန်းပင်အန်းက ဆိုးရွားတဲ့ရလဒ်တစ်ခုကိုပဲ သိခွင့်ရလိမ့်မယ်။ အဲဒါဆိုရင် မင်းကဘာလုပ်မှာလဲ…။ အခြေအနေတွေက အဲဒီလိုဖြစ်လာပြီဆိုမှတော့ မင်းက အဲဒီစာသင်သားတွေကို လိုက်သတ်မှာလား…”
ချန်းပင်အန်းက လမ်းလျှောက်နေခြင်းကို ရပ်တန့်လိုက်ပြီး ကလေးမလေးကိုကြည့်၍ မေးလိုက်သည်။
“ပေါင်ဖျင်…
မင်းအတွက် လက်တုံ့ပြန်ဖို့အတွက်နဲ့ ဦးလေးငယ်က တရားခံတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပစ်တာမျိုး လိုချင်လား။ ဒါမှမဟုတ် ကိစ္စတွေက အဲဒီလိုအခြေအနေမျိုးထိ ရောက်မလာခင် ဦးလေးငယ်က ရင်ဆိုင်ဖြေရှင်းပေးတာကို လိုချင်လား။ မင်းက အဲဒီလိုလူဆိုးတွေကို အတူတူရင်ဆိုင်ချင်တာလား။ တကယ်လို့ အဲဒီလိုဆိုရင်တော့ ငါတို့က သေရမယ်ဆိုရင်တောင် ဂုဏ်သိက္ခာရှိရှိ သေဆုံးနိုင်ပြီး ဘာနောင်တမှ မရှိနိုင်ဘူး..”
လီပေါင်ဖျင်က အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး ပြန်ဖြေလိုက်သည်။
“ဦးလေးငယ်…
ဒုတိယထင်မြင်ချက်က နည်းနည်းပိုကောင်းမယ်ထင်တယ်…”
စာသင်သားအိုကြီးက အားရပါးရရယ်ပြီး ထပ်ဖြည့်ပြောလိုက်သည်။
“မင်းတို့နှစ်ယောက်ထင်သလိုလဲ မဆိုးသေးပါဘူး။ စာသင်သားတွေက သူတို့ရဲ့မျက်နှာကို အရမ်းဂရုစိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေတွေက သူသေကိုယ်သေ အဖြစ်မျိုး ရောက်မလာနိုင်ဘူးလေ။ ဒါပေမယ့် ဒါက တော်တော်လေးခက်ခဲတဲ့ လမ်းကြောင်းတစ်ခုဖြစ်လာလိမ့်မယ်…”
အဆုံးတွင်တော့ စာသင်သားအိုကြီးက နှုတ်ခမ်းကိုလျှာနှင့်သပ်ပြီးပြောလိုက်သည်။
“ပင်အန်း…
မင်းက အချိန်တိုလေးအတွင်း ဗဟုသုတတွေ ရှင်းပြတဲ့ဖြစ်စဉ်ကို နားလည်သွားပြီ။ အံ့ဩဖို့ကောင်းတယ်။ တော်တော်အံ့ဩဖို့ကောင်းတယ်…”
ချန်းပင်အန်းက အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ဆရာကြီး…
တကယ်လို့ ကျွန်တော်တို့ကို ခြောက်လှန့်ဖို့ကြိုးစားချင်တယ်ဆိုရင်လည်း ထားလိုက်ပါတော့။ ဒါပေမယ့် ဆရာကြီးက ပိုက်ဆံမရှင်းချင်တာနဲ့ အရက်မူးချင်ယောင်ဆောင်နေတာကတော့ နည်းနည်းလွန်တယ်မဟုတ်လား..”
စာသင်သားအိုကြီးက ဘေးနှစ်ဖက်ကို စိုက်ကြည့်လိုက်ပြီး သူ့ဆီမှ ဟောက်သံကြီးတစ်ခု ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့သည်။
လီပေါင်ဖျင်၏စိတ်ထဲတွင်တော့ ရယ်ချင်သွားခဲ့ပြီး ချန်းပင်အန်း၏ အင်္ကျီလက်ကို ကိုင်လိုက်၏။
“ဘာတွေကြောက်နေတာလဲ…။ နောက်ပိုင်း မင်းက ပြင်းပြင်းထန်ထန် ကြိုးစားပြီး အကြောင်းပြချက်တွေနဲ့ သူတို့ကို အနိုင်ရအောင် ရည်ရွယ်ထားသင့်တယ်။ တကယ်လို့ အဲဒါက မလုံလောက်သေးဘူးဆိုရင်တော့ ဦးလေးငယ်က ဒီနေ့ကစပြီး လက်သီးသိုင်းနဲ့ ဓားသိုင်းပညာကို သေချာစိတ်နှစ်ပြီး လေ့ကျင့်မယ်။ အဲဒီအချိန်ကျရင် ဦးလေးငယ်က ဓားပေါ်မှာရပ်ပြီး တခဏအတွင်း ကီလိုမီတာထောင်ပေါင်းများစွာကို ဖြတ်ကျော်ပြီး မင်းအနားကို ရောက်လာခဲ့မယ်။ စဉ်းစားကြည့်လိုက်စမ်း။ လူတိုင်းက မင်းရဲ့ဦးလေးငယ်ကို ကြည့်ပြီး အံ့ဩထိတ်လန့်နေကြမှာ။ အဲဒီအခြေအနေက ဖုန်းရွှယ်ကျောင်းဆောင်က ဝေ့ကျင်းကို မြင်ခဲ့ရတဲ့ပုံစံမျိုးနဲ့ အတူတူပဲ။ အဲဒီအချိန်ရောက်လာရင် ဒါက ငါ့ရဲ့ဦးလေးငယ်ဆိုပြီး မင်းက လူတိုင်းကို ပြောပြနိုင်တယ်။ ဒါက အံ့ဩစရာကောင်းတယ် မဟုတ်လား။ သူက အစွမ်းထက်တယ် မဟုတ်လား…”
ကလေးမလေးက ခေါင်းညိတ်ပြလိုက်သည်။ သူမက အလွန်ဝမ်းသာနေပြီး ခုန်ပေါက်၍ ပြောလိုက်၏။
“ဟုတ်တယ်။ အဲဒါက တော်တော်လေးကို အံ့ဩဖို့ကောင်းလွန်းတယ်..”