အခန်း (၁၆၃)
Vol. 11 Ch. 163
ဘုရင်ကြီးက ကလေး(၅)ယောက်၏ ရိုင်းဆိုင်းစွာ လျစ်လျူရှုခြင်းကို ခံခဲ့ရသော်လည်း သူ့နောက်တွင် ရှိနေသော အရေးပါသည့် အမတ်များက အနည်းငယ်လေးပင် ဒေါသထွက်နေကြခြင်း မရှိချေ။ ထိုအစား သူတို့အားလုံးက ကျေနပ်စွာ ပြုံးနေကြပြီး တာ့ဆွေတိုင်းပြည်က စာသင်သားများကို မည်မျှအလေးထားကြောင်း ပြသနေခဲ့သည်။
ကလေးအဖွဲ့က အတူတကွ စုစည်းနေကြပြီး အချင်းချင်း စကားပြောဆိုနေကြ၏။ ထိုအချိန်တွင် အစိမ်းရောင် ဝါးစာအုပ်သေတ္တာလေး(၃)ခုကတော့ ထူးထူးခြားခြားကို စိတ်ဝင်စားစရာ ကောင်းနေသည်။ သူတို့ထဲတွင် အနီရောင်ဝတ်စုံ ဝတ်ထားသော ကလေးမလေးကတော့ လူတိုင်း၏ စိတ်ဝင်စားမှုကို ရရှိခဲ့သော ကလေးတစ်ယောက် ဖြစ်သည်။ သူမက အကြောင်းပြချက်တချို့ကြောင့် အတော်လေးကို စိတ်လှုပ်ရှားနေပုံရ၏။
ရုတ်တရက်ဆိုသလို ကလေး(၅)ယောက်ထဲတွင် အရပ်အပုဆုံး ကလေးက မျက်ရည်များ စီးကျလာခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက လုံးဝမရင်းနှီးသော နေရာတစ်ခုကို ရောက်နေခြင်းကြောင့် ဖြစ်၏။ သို့မဟုတ် ဘုရင်ကြီးကိုယ်တိုင် လာရောက်ကြိုဆိုသော ကြီးကျယ်ခမ်းနားသည့် ကြိုဆိုပွဲကြောင့်လည်း ဖြစ်နိုင်၏။
ထိုအရာကိုမြင်သည့်အခါ တာ့ဆွေတိုင်းပြည်၏ ဘုရင်ကြီးက စိတ်ညစ်နေခြင်း လုံးဝမရှိသည့်အပြင် အထွေထွေရေးရာဌာနမှ အကြီးအကဲ အမတ်ကြီးနှင့် စကားအနည်းငယ် ပြောဆိုနေခဲ့သည်။
အဆုံးတွင်တော့ ကလေး(၃)ယောက်က လမ်းမ၏အဆုံးကို လှည့်ကြည့်လိုက်ကြပြီး ဘုရင်ကြီးနှင့် မျက်လုံးချင်းဆုံ၍ မကြည့်ခဲ့ပေ။
တာ့ဆွေတိုင်းပြည်၏ ဘုရင်ကြီးက အလျင်လိုနေခြင်း မရှိသော်လည်း အနည်းငယ် အိုးတိုးအမ်းတမ်း ခံစားနေရသေး၏။ ထို့ကြောင့် ချောက်ကမ်းပါး ကျောင်းတော်အသစ်၏ လက်ထောက်တောင်ထိပ်သခင် (၃)ယောက်ထဲမှ တစ်ယောက်အဖြစ် တာဝန်ယူထားသော တာ့ဆွေတိုင်းပြည်မှာ နာမည်ကျော် စာသင်သားတစ်ယောက်ကို ထွက်လာခိုင်းပြီး သူတို့ကို ကျောင်းတော်ထဲသို့ ခေါ်ဆောင်သွားရန် သတိပေးခဲ့ရသည်။
ထိုစာသင်သား၏ ကျေးဇူးကြောင့် နောက်ထပ် လွဲချော်မှုများ၊ နှောင့်နှေးမှုများ မရှိတော့ချေ။ ကလေး(၃)ယောက်က နန်းတွင်း၏ ဓလေ့ထုံးစံများကို မသိခဲ့သော်လည်း သူတို့၏အမှားသေးသေးလေးများကို လူတိုင်းက ခွင့်လွှတ်ပေးချင်ကြသည်။
သူတို့က အလွန်အမင်းကို အပြစ်ကင်းစင်ပြီး ချစ်စရာကောင်းနေကြ၏။ သူတို့၏အသက်က ငယ်ရွယ်သော်လည်း သူတို့ကတော့ ကွန်ဖြူးရှပ်စာသင်သားများ၏ အရိုအသေပေးမှုများကို ရင်းနှီးကျွမ်းဝင်နေသည့် အရာတစ်ခုတည်းကပင် ဘုရင်ကြီး၏ မျက်လုံးထဲ၌ အတော်လေး ကျေနပ်စရာ ကောင်းနေခဲ့သည်။
သူက ကလေး(၅)ယောက်ကို ကျောက်စိမ်းပြားတစ်ပြားနှင့် ရွှေနဂါးမင်၊ စုတ်တံသေတ္တာတစ်ခုဆီ လက်ဆောင်ပေးခဲ့၏။ ထို့နောက် သူတို့က အလွန်ရှုပ်ထွေးသော ထုံးတမ်းစဉ်လာဓလေ့များကို လုပ်ဆောင်ရသည်မှာ အနည်းဆုံး နေ့ဝက်ခန့် ကုန်ဆုံးရသည်။
သို့သော် ဘုရင်ကြီးက ထိုကိစ္စတွင် ချွင်းချက်တစ်ခု ထားပေးပြီး ဖြစ်စဉ်ကို တတ်နိုင်သမျှ ရိုးရိုးရှင်းရှင်းသာ လုပ်ဆောင်ပေးခဲ့သည့်အတွက် တင်းမာနေသော ကလေး(၃)ယောက်က စိတ်သက်သာရာ ရသွားကြ၏။
ရှဲ့ရှဲ့နှင့် ယုလုတို့ကတော့ ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရင်းနှီးနေပြီးသား ဖြစ်သည့်အတွက် သူတို့က စိုးရိမ်နေသလို ခံစားခဲ့ရခြင်း မရှိချေ။ နောက်ဆုံးတွင်တော့ လက်ထောက် တောင်ထိပ်သခင်က သူတို့ကို ကျောင်းအဆောက်အဦး အသီးသီးဆီသို့ ခေါ်သွားပြီး သူတို့ သင်ကြားရမည့် အရာများကို ပြောပြနေခဲ့သည်။
ကလေး(၅)ယောက်က ကျောင်းအဆောက်အဦးများထဲတွင် လူချင်းကွဲသွားကြပြီး တစ်ယောက်နှင့်တစ်ယောက် နီးကပ်နေခြင်း မရှိကြပေ။ ကျောင်းတော်ကြီးက အလွန်အမင်းကို ကျယ်ပြန့်ပြီး အဆောက်အအုံများက တောင်တန်းများပေါ်တွင် တည်ဆောက်ထားခဲ့သည်။
အရှေ့ပိုင်း ခမ်းနားခြင်းတောင်ထိပ်ကြီးတစ်ခုလုံးကို ကျောင်းတော်အတွက် နေရာချပေးထားခြင်း ဖြစ်သည့်အတွက် ကျောင်းအဆောက်အအုံများက တစ်ခုနှင့်တစ်ခု အလွန်ဝေးကွာနေသည်မှာ အံ့သြစရာတော့ မကောင်းလှပေ။
တာ့ဆွေတိုင်းပြည်က ကျောင်းသား (၂၀၀) ပင် မရှိတော့သော ထိုကျောင်းတော်ကို အလွန်အမင်း မျှော်လင့်ချက် ထားနေခဲ့သည်။ သို့သော် ထိုအထဲတွင် အလွန်အမင်းကို နာမည်ကျော်ကြားပြီး ဗဟုသုတပြည့်စုံသော ဆရာ (၃၀) ကျော် ပါဝင်နေ၏။
တောင်ထိပ်သခင်ကတော့ တာ့ဆွေတိုင်းပြည် အထွေထွေရေးရာဌာနမှ အမတ်ကြီး ဖြစ်သည်။ သို့သော် အမှန်အတိုင်းပြောရလျှင်တော့ သူက အမည်ခံ တောင်ထိပ်သခင်သာ ဖြစ်၏။ ကျောင်းတော်၏ သင်ကြားရေးကိစ္စအဝဝကို ကြီးကြပ်နေရသော လက်ထောက်တောင်ထိပ်သခင်ကတော့ မူလ ချောက်ကမ်းပါးကျောင်းတော်၏ ဆရာတစ်ယောက် ဖြစ်ခဲ့သည်။
သူက စာသင်သားသူတော်စင်၏ လျှို့ဝှက်တပည့်များထဲမှ တစ်ယောက်လည်း ဖြစ်၏။ သူ့နာမည်က မောက်ရှောင်တုံဖြစ်ပြီး နီရဲနေသော သူ၏နှာခေါင်းက လူတိုင်း မှတ်မိနိုင်၏။ သူက အသက် (၉၀) ကျော် ရှိနေသော်လည်း အလွန်ကျန်းမာရေး ကောင်းနေသေးပြီး အသက် (၅၀) (၆၀) ဝန်းကျင်သာ ထင်မှတ်ရသည်။
သူက ကျောင်းတော်ထဲတွင် သင်ခန်းစာများ သင်ကြားပေးနေရသည့်အတွက် ကလေး(၅)ယောက်ကို သွားရောက်ကြိုဆိုနိုင်ခဲ့ခြင်း မရှိချေ။ သူက တခြားကျောင်းသားများ၏ သင်ကြားမှုကို နှောင့်နှေးစေလိုခြင်း မရှိကြောင်း ပြောခဲ့သည့်အတွက် တာ့ဆွေအင်ပါယာ၏ ဘုရင်ကလည်း ထိုအချက်ကို ကန့်ကွက်နေခြင်း မရှိချေ။
ထိုလက်ထောက်တောင်ထိပ်သခင်က ခါးတွင် သစ်သားနီ ပေတံတစ်ချောင်းကို သယ်ဆောင်ထားသည်။ ထိုပေတံပေါ်တွင် စည်းမျဉ်းနှင့် ဥပဒေဟူသော စကားလုံးများကို ရေးထိုးထားခဲ့၏။ ထိုပေတံကို မြင်သည့်သူတိုင်းကတော့ ထိုစကားလုံးနှစ်ခု၏ အောက်ခြေတွင် အလွန်သေးငယ်သော စကားလုံးများနှင့် ရေးထားသော ‘အောက်တွင်’ဟူသော စကားလုံးကို ရေးထိုးထားကြောင်း တွေ့ရပါလိမ့်မည်။ ထို့ကြောင့် စာသားတစ်ခုလုံးကို ဘာသာပြန်ကြည့်လိုက်မည်ဆိုလျှင် ‘စည်းမျဉ်းများက ဥပဒေအောက်တွင် ရှိသည်’ဟု သတ်မှတ်နိုင်သည်။
တာ့ဆွေတိုင်းပြည်က ကျန်ရှိနေသော ချောက်ကမ်းပါးကျောင်းတော်ကို အောင်အောင်မြင်မြင် တာဝန်ယူနိုင်ခဲ့သည်မှာ လုံးဝမထင်ထားသည့် အရာတစ်ခု ဖြစ်သည်။ ပထမဆုံး တာ့လီအင်ပါယာ၏ ခွင့်ပြုချက်က အရေးပါဆုံး ဖြစ်သည်။ မဟုတ်လျှင် ထိုကဲ့သို့ ဖြစ်လာလိမ့်မည် မဟုတ်ချေ။ တာ့လီအင်ပါယာ၏ ရှင်ဘုရင်က ချီကျင့်ချွန်အပေါ် အပြစ်ရှိသလို ခံစားနေရခြင်း ဖြစ်နိုင်သလို တခြားအစီအစဉ်များ ရှိနေခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။
မည်သို့ဖြစ်စေကာမူ တာ့ဆွေတိုင်းပြည်၏ နန်းတွင်းတစ်ခုလုံးတွင်တော့ ထိုကျောင်းတော်ကို တာဝန်ယူလိုက်ခြင်းက အလွန်ကြီးကျယ်ခမ်းနားသော ကံကောင်းမှုကြီးတစ်ခု ဖြစ်သည်။
ပထမတွင်တော့ မူလချောက်ကမ်းပါးကျောင်းတော်မှ ဆရာနှင့်ကျောင်းသား (၄၀၀)နီးပါးခန့်ရှိပြီး မောက်ရှောင်တုံက တာ့လီအင်ပါယာထဲမှ သူတို့တွေ အောင်အောင်မြင်မြင် ထွက်လာနိုင်ရန် အဓိကအရေးပါသော လူတစ်ယောက် ဖြစ်ခဲ့သည်။ တာ့ဆွေတိုင်းပြည်သို့ ခရီးလမ်းက သူတို့အတွက် ချောမွေ့နေခဲ့ခြင်း မရှိပေ။ ထိုအစား အခက်အခဲများ ပြည့်နှက်နေခဲ့သည်။
တာ့ဆွေတိုင်းပြည်က ချောက်ကမ်းပါးကျောင်းတော်အသစ်တွင် အရင်းအနှီးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော်လည်း ကျောင်းတော်၏ တည်ထောင်သူ ချီကျင့်ချွန် မရှိသည့်အတွက် တစ်စုံတစ်ခု လိုအပ်နေသေးသည်။ သို့သော် ယနေ့မှစ၍ ကလေး(၅)ယောက် ရောက်လာသည့်အတွက် ကျောင်းတော်ကြီးက လုံးဝကို ပြည့်စုံသွားပြီဟု သတ်မှတ်နိုင်သည်။
အရှေ့ပိုင်းခမ်းနားခြင်း တောင်ထိပ်၏ တစ်ဝက်တွင် ဝမ်ကျန်းခန်းမ ရှိနေပြီး ခန်းမ၏အလယ်တွင် ကွန်ဖြူးရှပ်ကျောင်းဆောင်မှ အဓိပတိသူတော်စင်၏ ပန်းချီကားကို ချိတ်ဆွဲထားသည်။ ထိုပန်းချီကား၏ ဘယ်ဘက်တွင်တော့ နာမည်ဖျောက်ထားသော တည်တည်ငြိမ်ငြိမ် အကြီးအကဲတစ်ယောက်၏ ပန်းချီကားတစ်ချပ် ရှိနေသည်။
ညာဘက်တွင်တော့ တတိယပန်းချီကားရှိနေပြီး ထိုပန်းချီကားကတော့ ချောက်ကမ်းပါးကျောင်းတော်၏ ပထမဆုံး တောင်ထိပ်သခင် ချီကျင့်ချွန်၏ ပန်းချီကား ဖြစ်သည်။
ခန်းမထဲ၌ ခါးတွင် သစ်သားနီပေတံ ချိတ်ထားသော အဘိုးအိုတစ်ယောက် ရှိနေသည်။ သူက သူတော်စင်(၃)ယောက်ကို အမွှေးတိုင်(၃)ချောင်းနှင့် တလေးတစား ဦးညွှတ်လိုက်ပြီးနောက် ခေါင်းငုံ့၍ တီးတိုးရွတ်ဆိုလိုက်သည်။
“ဗဟုသုတဆိုတာက တာအိုကို သယ်ဆောင်ပေးနိုင်တဲ့ ခွက်တစ်ခုပဲ။ အဲဒီအရာကို မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းပေးရလိမ့်မယ်…”
ချောက်ကမ်းပါးကျောင်းတော်တွင် စည်းမျဉ်းတစ်ခု ရှိနေသည်။ ထိုအရာကတော့ ကျောင်းသားများကို လိုအပ်ချက်များ ဖြည့်ဆည်းပေးမည် ဖြစ်သော်လည်း စားစရာတော့ မပါခဲ့ပေ။ ထို့ကြောင့် ချောက်ကမ်းပါးကျောင်းတော်က တာ့လီအင်ပါယာထဲ၌ ရှိခဲ့သည့်အချိန်တွင် ဆင်းရဲနွမ်းပါးသော မိသားစုမှ ရောက်လာကြသည့် ကျောင်းသားများက ကျောင်းတော်တွင် ကျမ်းစာများ ကူရေးရန် ကူညီပေးပြီး စားစရာအတွက် ငွေကြေးရရှိနိုင်ကြသည်။
ချောက်ကမ်းပါးကျောင်းတော်အသစ်တွင် ထိုစည်းမျဉ်းကို ဖျက်သိမ်းခဲ့ခြင်းမရှိပေ။ သို့သော် ယခုတော့ ပို၍ အဆင်ပြေသွားခဲ့၏။ လက်ရှိအချိန်တွင် ချောက်ကမ်းပါးကျောင်းတော်၏ စာသင်သားအများစုက တာ့ဆွေတိုင်းပြည်တွင် နယ်မြေခံကလေးငယ်များ ဖြစ်ကြလေသည်။
ထိုအရာက ပထမဆုံးစာသင်သားများ ဖြစ်နေသည့်အတွက် တာ့ဆွေနန်းတွင်းက အနီးအနားမှ စာသင်သားများကို စာရင်းသွင်းရန် ရွေးချယ်ခဲ့သည်။ ထို့ကြောင့် သူတို့တွေအများစုက တာ့ဆွေတိုင်းပြည်ထဲတွင် ချမ်းသာကြွယ်ဝပြီး အစွမ်းထက်သော ကလန်များမှ ရောက်လာခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် သူတို့ဆီတွင် ငွေကြေးနည်းပါးနေခြင်း မရှိချေ။
ထို့ပြင် ကျောင်းတော်က စာသင်သားအသစ်များအတွက် အခွင့်အရေးများစွာ ပေးခဲ့သေးသည်။ စာအုပ်၊ စုတ်တံ၊ မင်၊ ကွန်ဖြူးရှပ်ဝတ်စုံနှင့် အရာအားလုံးကို ကျောင်းတော်က အခမဲ့ ပေးခဲ့သည်။
လီဟွိုင်က ကလေး(၅)ယောက်ထဲတွင် အသက်အငယ်ဆုံးဖြစ်သည်။ အိပ်ခန်းဆောင်သို့ ရောက်လာပြီးနောက် အခန်းထဲတွင် လူတစ်ယောက်မျှ မရှိကြောင်း တွေ့လိုက်ရ၏။ သူနှင့် အိပ်ခန်းဆောင်တူညီသော ကျောင်းသားများအားလုံးကတော့ သင်ခန်းစာ သွားရောက်သင်ယူနေကြသေးသည်။
သူက တောင်ခြေတွင်လည်း မျက်ရည်စက်လက် ငိုခဲ့ဖူး၏။ လီဟွိုင်က ကြမ်းပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး နောက်တစ်ကြိမ် နှာခေါင်းတရှုံ့ရှုံ့နှင့် ငိုလိုက်ပြန်သည်။ သူက အလွန်အမင်းကို ဝမ်းနည်းနေသလို ခံစားနေရ၏။ သူက သူ့မိဘနှင့် မိတ်ဆွေများကို ဆုံးရှုံးလိုက်ရသလို ခံစားလိုက်ရပြီး ယခုသူ၏ အင်္ကျီအသစ်တွင် နှပ်ရည်နှင့် မျက်ရည်များ ပေနေခဲ့၏။
အဆုံးတွင်တော့ လီဟွိုင်က သူ၏စာအုပ်သေတ္တာလေးကို ဖွင့်လိုက်ပြီး ဆက်၍ ငိုကြွေးနေခဲ့၏။ သူက မြက်ဖိနပ်တစ်စုံကို စီးလိုက်သည့်အချိန်မှသာ အနည်းငယ် သက်သာသွားသလို ခံစားခဲ့ရသည်။ သို့သော် တခြားကျောင်းသားများက သူ့ကို အထင်သေးမှာ စိုးရိမ်သွားသည့်အတွက် ဖိနပ်အသစ်ကို နောက်တစ်ကြိမ် ပြန်စီးလိုက်သည်။ သူက ထိုအရာကို အကြိမ်ပေါင်းများစွာ လုပ်ဆောင်နေပြီး တစ်ချိန်လုံး ငိုကြွေးနေခဲ့၏။
သူက ချန်ပင်အန်းကို သူ၏ဦးလေးငယ်အဖြစ် သတ်မှတ်ရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သော်လည်း သူတို့ မခွဲခွာခင် ခေါ်ရန် အခွင့်အရေးတစ်ခု မရခဲ့ပေ။ ချန်ပင်အန်း သူအတွက် လုပ်ဆောင်ပေးခဲ့သော ကိစ္စများအားလုံးကို သူက ပြန်လည်စဉ်းစားမိနေခဲ့သည်။
ထိုအချိန်တွင် စာအုပ်သေတ္တာလေးကို နေရာချထားလိုက်ပြီးနောက် လင်းရှို့ယီက သူ၏ အိပ်ဆောင်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ သူ၏မျက်နှာပေါ်တွင် အေးစက်သော အမူအရာတစ်ခု ရှိနေပြီး သူကတော့ စာကြည့်တိုက်ထဲသို့ ပြတ်သားစွာ လျှောက်လာခဲ့၏။ ထိုအရာက အသစ်တည်ဆောက်ထားခြင်းဖြစ်သည့်အတွက် သစ်သားရနံ့များ ရနေသေးသည်။
ထိုနေရာသို့ သွားသော လမ်းတစ်လျှောက်တွင် သူက အလွန်ရင်းနှီးသော စာအုပ်ရွတ်ဖတ်သံများကို ကြားနေရ၏။ ကြည့်ရသည်မှာ ထိုနေရာက မြို့ငယ်လေးထဲတွင် ရှိနေသော ကျောင်းတော်ထက်ပင် ကျောင်းသား ပိုများပုံရသည်။
လင်းရှို့ယီက သက်ပြင်းချလိုက်ပြီး ကျမ်းစာ စာကြည့်တိုက်ထဲသို့ ဝင်သွားခဲ့၏။ သူက ထိုနေရာတွင် ငွေပြားတစ်ပြားမျှ သုံးစရာမလိုဘဲ စာအုပ်ပေါင်းမြောက်များစွာကို ဖတ်ရှုနိုင်သည်။
ရုတ်တရက်ဆိုသလို လင်းရှို့ယီက ဝမ်းနည်းသွားခဲ့၏။ အကယ်၍ ကပ်စေးနည်းသော ချန်းပင်အန်းသာ သူတို့နှင့်အတူ ရှိနေမည်ဆိုလျှင် သူက သူတို့ကို စာကြည့်တိုက်ထဲမှ စာအုပ်များများ ဖတ်ရန် သေချာပေါက် တိုက်တွန်းမည် ဖြစ်သည်။ သူ၏ အတွေးအရ စာအုပ်များကို အခမဲ့ ဖတ်ရှုနိုင်ခြင်းက ငွေကြေးများ ရရှိခြင်းနှင့် တူညီနေသည်။
လီပေါင်ဖျင်ကတော့ ခြောက်ကပ်နေသော အိပ်ဆောင်ထဲတွင် တစ်ယောက်တည်း ထိုင်နေခဲ့သည်။ သူမ၏စာအုပ်သေတ္တာလေးကို ဖွင့်လိုက်ပြီးနောက် ချန်းပင်အန်း သူမအတွက် ရေးထားပေးသော စာတစ်စောင်ကို ထုတ်လိုက်၏။
ထိုစာက အလွန်ရှည်လျားပြီး သူက အိမ်ပြန်တော့မည်ဖြစ်ကြောင်း သူမကို ပြောခဲ့သည်။ သူမက ဘေးကင်းလုံခြုံနေကြောင်း သူမ၏မိသားစုကို ပြောပေးမည်ဟုလည်း ပြောခဲ့၏။ သူမက လမ်းတစ်လျှောက်တွင် အမိန့်နာခံပြီး ကောင်းမွန်စွာ နေထိုင်ကြောင်း သူမ၏အစ်ကိုကြီးကိုလည်း သေချာပေါက် ပြောပေးပါလိမ့်မည်။
သူက ရွှေအဆီအနှစ်ကြေးပြားတစ်ပြားကို အလယ်တွင် အပေါက်ဖောက်ထားခဲ့ပြီး အနီရောင်ကြိုးလေးတစ်ချောင်းနှင့် ချည်ထားခဲ့သည်။ ထိုသို့ဆိုလျှင် သူမက လည်ပင်းတွင် ထိုကြေးပြားလေးကို ဝတ်ဆင်နိုင်၏။ သူမက ထိုကြေးပြားလေးကို မပျောက်အောင် သတိထားရန် ပြောခဲ့ပြီး အကယ်၍ သူမက အရေးပေါ်ငွေ လိုလာသည့်အချိန်တွင် ထိုအရာကို ငွေစများနှင့် ရောင်းချနိုင်သည်ဟု ပြောခဲ့သည်။
သူက ကလေး(၃)ယောက်အတွက် နှုတ်ဆက်လက်ဆောင်အဖြစ် တစ်ယောက်လျှင် ကျောက်စိမ်းဆံထိုးတစ်ခုဆီ ပြင်ဆင်ပေးထားသည်ဟုလည်း ပြောခဲ့သည်။ ထိုဆံထိုးများပေါ်တွင် ‘ပေါင်ဖျင်၊ ရှို့ယီနှင့် ဟိုင်ရင်’ဟူသော စကားလုံးများကို ရေးထိုးထားသည်။
သူက ခရီးလမ်းဆုံးအထိ သူတို့နှင့်အတူ လိုက်ပါနိုင်ခဲ့ခြင်း မရှိသော်လည်း အနည်းဆုံးတော့ သူတို့က ထိုလက်ဆောင်ကို လက်ခံရန် ဆန္ဒရှိနေခဲ့သည်။ အကယ်၍ ထိုကျောက်စိမ်းဆံထိုးများက ဝတ်ဆင်ရန် မလှလျှင် တစ်နေရာရာတွင် သိမ်းထားနိုင်သည်ဟု ပြောခဲ့၏။
လီဟွိုင်က အလွန်ကြောက်လန့်တတ်သည်ဟုလည်း ပြောခဲ့၏။ ထို့ကြောင့် လီပေါင်ဖျင်က သူနှင့်အတူ မကြာခဏ ကစားပေးပြီး ကျောင်းတော်ထဲတွင် ရှိနေသော လူတိုင်းက သူ့ကို အနိုင်မကျင့်အောင် ကာကွယ်ပေးရမည်ဟု ပြောခဲ့၏။ လင်းရှို့ယီ၏ အကျင့်စရိုက်ကတော့ အတော်လေးကို အေးစက်ပြီး တစ်ယောက်တည်း နေတတ်သော်လည်း လီပေါင်ဖျင်က သူတို့နှင့် အမြဲတမ်းဆက်သွယ်နေရန် ချန်ပင်အန်းက ပြောခဲ့သည်။ ထိုသို့ဆိုလျှင် သူတို့၏ ပတ်သက်မှုက အားနည်းသွားတော့မည် မဟုတ်ချေ။
ယုလုက အစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက်ဖြစ်ပြီး ရှဲ့ရှဲ့ကတော့ ကျင့်ကြံသူတစ်ယောက်ဟု သူက ပြောခဲ့သေး၏။ အကယ်၍ ပြဿနာတစ်ခုခု ဖြစ်လာလျှင် လီပေါင်ဖျင်ကို ရှေ့ဆုံးမှ မသွားရန် သတိပေးထားခဲ့သည်။ ထိုအစား သူမက သူတို့ကို အကူအညီတောင်းနိုင်ပြီး သူတို့က အကြွေးတင်မှာကိုလည်း စိုးရိမ်နေရန် မလိုအပ်ချေ။ နောက်ပိုင်းတွင် သူမ၏ ဦးလေးငယ်က ထိုကျေးဇူးတရားများကို ပြန်လည်ပေးဆပ်ပါလိမ့်မည်။
ထို့ပြင် နဂါးခေါင်းဖြတ်စင်မြင့်ဟုခေါ်သော ကျောက်တုံးကိုလည်း ချန်ပင်အန်းက သူမ၏ စာအုပ်သေတ္တာလေးထဲတွင် ချန်ထားခဲ့သည်။ သူမက လူရှင်းသောနေရာသို့ သွားပြီးမှသာ ဓားကိုသွေးရန် သူက သတိပေးခဲ့၏။ မဟုတ်လျှင် သူမ၏ အတန်းဖော်များက ကြောက်လန့်သွားနိုင်သည်။ ထို့ပြင် သူမက ငွေရောင်ဘူးသီးခြောက်လေးကိုလည်း သေချာထိန်းသိမ်းထားရန် မှာကြားခဲ့၏။
နောက်ဆုံးတွင်တော့ သူတို့နှင့်အတူ ကျောင်းတော်ထဲတွင် အတူမရှိနိုင်ခဲ့သည့်အတွက် ချန်းပင်အန်းက တောင်းပန်ခဲ့သည်။ သူတို့ကို နှုတ်မဆက်ဘဲ ထွက်ခွာသွားခဲ့သည့်အတွက်လည်း တောင်းပန်ခဲ့၏။ သူတို့က ဤခရီးလမ်းတစ်လျှောက်တွင် အတူတူလာခဲ့ရသော်လည်း သူကတော့ နောက်ဆုံးခရီးလမ်းကိုပင် မမြင်နိုင်ခဲ့သည့်အတွက် အလွန်တောင်းပန်ချင်ခဲ့သည်။
သူတို့က ဘေးကင်းလုံခြုံစွာနှင့် သေချာကြိုးစားလေ့လာကြရန် အားပေးခဲ့၏။ သူတို့အားလုံးက နာမည်ဂုဏ်သတင်း ကျော်ကြားလာသည့်အချိန်တွင် လူတိုင်းက လီပေါင်ဖျင်၊ လီဟွိုင်နှင့် လင်းရှို့ယီတို့ကို ချီးကျူးနေကြလိမ့်မည်ဟု သူက အားပေးခဲ့သည်။
စာက အလွန်ရှည်လျားသော်လည်း စကားလုံးတစ်လုံးချင်းဆီတိုင်းက ရိုးရိုးရှင်းရှင်း ရေးသားထားခြင်း ဖြစ်သည်။ သူ၏လက်ရေးထဲတွင် လှပချောမွေ့မှုများ မရှိသော်လည်း အလွန်တိကျပြီး အသေးစိတ် ရေးထားခဲ့၏။ သူ့မျက်လုံးထဲတွင် အမှန်က အမှန်ဖြစ်ပြီး အမှားက အမှားသာ ဖြစ်သည်။ ကောင်းမွန်သောအရာများက အစွမ်းကုန် ကြိုးစားရမည်သာ ဖြစ်၏။
လီပေါင်ဖျင်က ထိုစာကို ဖတ်နေရင်း ပါးပြင်ပေါ်သို့ မျက်ရည်စများ စီးကျလာခဲ့သည်။ ထိုမျက်ရည်များက စာရွက်လေးပေါ်သို့ မိုးရေစက်များပမာ ကျဆင်းလာနေသည့်အတွက် ခွဲခွာခြင်းမျက်ရည်များကို ပြသနေခဲ့သည်။ သူမ၏ မျက်လုံးများက နီရဲနေခြင်း မရှိသော်လည်း ရင်ထဲတွင်တော့ လွမ်းဆွေးမှုများ ပြည့်နှက်နေလေသည်။ သို့သော် သူမက ငိုကြွေးခြင်းမရှိစေရန် ခေါင်းမာမာနှင့် ထိန်းချုပ်ထားခဲ့၏။ အကယ်၍ သူမ၏ဦးလေးငယ်ကသာ သူမကို ထိုပုံစံနှင့် မြင်လိုက်ရမည်ဆိုလျှင် ရင်ကွဲရနိုင်သည်။
…………
တာ့ဆွေတိုင်းပြည် မြို့တော်ရှိ လမ်းမကျယ်ကြီးတစ်ခုပေါ်တွင် ချွေးချန်းက စကားပြောနေရင်း အပြုံးနှင့် မေးလိုက်၏။
“တကယ်လို့ မင်းက သူတို့နဲ့ မခွဲချင်ဘူးဆိုရင်လည်း ဘာလို့ သူတို့ကိုမပြောဘဲ ခိုးပြီး ထွက်လာခဲ့ရတာလဲ…”
သူက ချန်းပင်အန်း၏ ဒဏ်ရာပေါ်သို့ ဆားသိပ်ပေးနေသည်မှာ သိသာနေသည်။
ကျောင်းတော်ကို အချိန်တော်တော်ကြာ ပြန်လှည့်ကြည့်လိုက်ပြီးနောက် ချန်ပင်အန်းက ပြန်လှည့်လာပြီး မျက်နှာပေါ်တွင် တည်ငြိမ်နေသော အမူအရာနှင့် ဆက်လျှောက်သွားခဲ့၏။
“မင်းက သူတို့ရဲ့ဦးလေးငယ် မဟုတ်ဘူးလား။ သူတို့က ကျောင်းတော်ထဲမှာ အနိုင်ကျင့်ခံရမှာကို မကြောက်ဘူးလား။ တကယ်လို့ အဲဒီလိုဖြစ်ခဲ့မယ်ဆိုရင် သူတို့အတွက် ရပ်တည်ပေးမယ့်သူ တစ်ယောက်မှ မရှိတော့ဘူး…”
ချွေးချန်းက ပြောနေသော်လည်း ချန်ပင်အန်းကတော့ တိတ်ဆိတ်နေခဲ့သည်။
တာ့ဆွေတိုင်းပြည်၏ မြို့တော်က အလွန်ကြီးမားသည်။ နောက်ဆုံးတွင်တော့ သူတို့နှစ်ယောက်က ‘ညပိုင်းအပြင်မထွက်ရ အမိန့်’ ရောက်မလာခင် မြို့တံခါးထဲမှ ထွက်လာနိုင်ခဲ့ကြ၏။
ချွေးချန်းက လက်ထဲတွင် အရက်တစ်အိုးကို ကိုင်ထားပြီး လမ်းလျှောက်နေရင်း နည်းနည်းချင်းဆီ သောက်နေခဲ့သည်။ မြို့ထဲမှ ထွက်လာပြီးသွားသည်ကိုပင် အရက်အိုးကတော့ ကုန်သွားပုံ မရသေးပေ။
ရုတ်တရက်ဆိုသလို လက်ရွေးစင်မြင်းတပ်ဖွဲ့တစ်ခုက မြို့တံခါးမှ ထွက်လာပြီး သူတို့နှစ်ယောက်ကို အမီလိုက်လာခဲ့သည်။ သူတို့ကို ဦးဆောင်လာသည်မှာ တာ့ဆွေတိုင်းပြည်မှ မင်းသားကောင်းရွှမ် ဖြစ်သည်။ ယခုတစ်ကြိမ်တော့ သူ့နှင့်အတူ အဘိုးအိုနှစ်ယောက် မပါတော့ပေ။
မြင်းပေါ်မှ ဆင်းလိုက်ပြီးနောက် သူက ချန်းပင်အန်း၏အနားကို ရောက်လာပြီး စိတ်ပျက်နေသည့် အမူအရာနှင့် မေးလိုက်၏။
“ငါ မင်းအပေါ်တင်နေတဲ့ လျော်ကြေးကို မင်းက မေ့နေတာလား။ တကယ်လို့ မင်းသာ ဒီလိုမျိုးထွက်သွားမယ်ဆိုရင် ငါက အပြစ်ရှိသလို ခံစားရလိမ့်မယ်…”
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
“တကယ်လို့ သိပ်ပြီး ပြဿနာမများဘူးဆိုရင်တော့ ကျေးဇူးပြုပြီး အဲဒီကလေးတွေကို ကြည့်ရှုစောင့်ရှောက်ပေးပါ။ အဲဒါက လုံလောက်တဲ့ လျော်ကြေးတစ်ခုထက် ပိုပါတယ်..”
ကောင်းရွှမ်က ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။
“ဒါက လုံးဝမတူညီတဲ့ ကိစ္စတွေပဲ။ ငါက အဲဒီကလေးတွေကို စောင့်ရှောက်ပေးမယ်လို့ ကတိမပေးရဲဘူး။ ငါ ကိုယ်တိုင်တောင် ကျောင်းတော်ရဲ့ကိစ္စတွေကို ဝင်ပါလို့မရဘူး။ ဒါပေမဲ့ စိတ်မပူပါနဲ့။ ငါ့ခမည်းတော်က မကြာခဏ ကျောင်းတော်ကို သွားကြည့်တတ်ပါတယ်။ ဒါကြောင့် ငါ မင်းကို ပေးမယ့် လျော်ကြေးကိုတော့ မင်းဆီကို ပို့ပေးလိုက်မယ်။ တကယ်လို့ မင်းက လက်မခံဘူးဆိုရင်တောင် လွှင့်မပစ်ခင် အရင်ဆုံး ယူသွားရမယ်…”
ကောင်းရွှမ်က တည်ငြိမ်နေသော အမူအရာနှင့် ဆက်ပြောလိုက်သည်။
“ချန်းပင်အန်း…
ငါက တာ့ဆွေတိုင်းပြည်ရဲ့ မင်းသားတစ်ပါးဆိုတာ မမေ့ပါနဲ့။ မင်းက ငါ့ရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ပြီး ငါ့ကို အရှက်မရအောင်လုပ်တာ ပိုကောင်းတယ်..”
“ကောင်းပြီလေ၊ ဒါဆိုလည်း ငါ့ကို ပေးပါ…”
ချန်းပင်အန်းက လက်တစ်ဖက်ဖြန့်ပြီး ပြောလိုက်သည်။
ကောင်းရွှမ်က အားရပါးရရယ်ပြီး ချန်းပင်အန်းကို လက်သီးနှင့် ထိုးလိုက်၏။ ထို့နောက် လက်သီးကို ရုတ်တရက် ဖြေလျှော့လိုက်ပြီး ချန်းပင်အန်း၏ လက်ဖဝါးကို သူ့လက်ဖဝါးနှင့် အရှိန်ပြင်းစွာ ရိုက်လိုက်သည်။
“အခုကစပြီး မင်းက ငါ့မိတ်ဆွေပဲ။ မင်းက တာ့ဆွေတိုင်းပြည် မြို့တော်ကို ရောက်လာတဲ့ အချိန်တိုင်း ငါ့ကို လာရှာပါ…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက စဉ်းစားသွားပြီး ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပြီလေ…”
ကောင်းရွှမ်က သူ့နှင့် အချိန်ဆက်မဖြုန်းတော့ဘဲ မြင်းပေါ်သို့ ပြန်တက်ပြီး ချန်းပင်အန်းကို စိုက်ကြည့်လိုက်၏။
သူ၏ မျက်နှာပေါ်တွင် အလွန်တောက်ပသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“အပြန်လမ်းက အရမ်းဝေးတယ်။ ဒါကြောင့် ငါက မင်းအတွက် မြင်းလှည်းတစ်စီး စီစဉ်ထားတယ်။ သိပ်မကြာခင် မြင်းလှည်းရောက်လာလိမ့်မယ်။ တကယ်လို့ မင်းက လမ်းလျှောက်ဖို့ပဲ ဆန္ဒရှိတယ်ဆိုရင်တော့ ဒီမြင်းလှည်းကို ရောင်းလို့ရတယ်။ ဒါပေမဲ့ ဈေးပေါပေါနဲ့တော့ မရောင်းနဲ့ပေါ့။ အနည်းဆုံးတော့ ငွေစ (၇၀၀)၊ (၈၀၀)လောက် တန်ဖိုးရှိတယ်…”
ထို့နောက် ကောင်းရွှမ်က သူ ရောက်လာခဲ့သည့်အတိုင်း လျင်မြန်စွာ ပြန်ထွက်သွားခဲ့သည်။ သူက လက်ရွေးစင်မြင်းတပ်အဖွဲ့နှင့်အတူ မြို့ထဲသို့ တဟုန်ထိုး ပြန်သွားခဲ့သည့်အတွက် လမ်းမကြီးပေါ်တွင် ရှိနေသော လမ်းသွားလမ်းလာများက စိတ်ဝင်စားနေကြသည်။
ချန်းပင်အန်းနှင့် ချွေးချန်းတို့ကတော့ ဆက်လျှောက်လာကြပြီး ချွေးချန်းက မေးလိုက်၏။
“ဘာလို့ ဒီလိုအဆင့်မြင့်တဲ့ မင်းသားတစ်ပါးက မင်းကို ရင်းရင်းနှီးနှီး ဆက်ဆံနေရတာလဲလို့ ရှုပ်ထွေးနေတယ် မဟုတ်လား…”
“ငါက တကယ်ပဲ ရှုပ်ထွေးနေတယ်။ ဒါပေမဲ့ အဖြေမရှိတာတော့ မဟုတ်ဘူး။ ငါက ဒီကိစ္စကို စဉ်းစားနေလို့ အကျိုးမှ မရှိတာ…”
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
သို့သော် ချွေးချန်းကတော့ ထိုခေါင်းစဉ်ကို ဖယ်ရှားချင်ပုံမရဘဲ ရှင်းပြလိုက်သည်။
“ဒါက အရမ်းလည်း မရှုပ်ထွေးပါဘူး။ ကောင်းရွှမ်က မင်းသားတစ်ပါးလေ။ ခုံရုံးဝါတိုင်းပြည်က တာ့ဆွေတိုင်းပြည်ရဲ့ လက်အောက်ခံတိုင်းပြည်တစ်ခုပဲ။ ပြီးတော့ တာ့ဆွေတိုင်းပြည်က တာ့လီအင်ပါယာထဲမှာလည်း သေချာပေါက် သူလျှိုတွေ ရှိနေနိုင်တယ်။ ဒါကြောင့် တာ့လီကနေ ချောက်ကမ်းပါးကျောင်းတော်ကို သွားတဲ့ လမ်းတစ်လျှောက်မှာ ဖြစ်ခဲ့တဲ့အရာတွေကို သူက သေချာပေါက်သိနေနိုင်တယ်..”
“ပြီးတော့ ပေါင်ဖျင်နဲ့ တခြားသူတွေက သူတို့ထင်ထားတာထက် အဆပေါင်းများစွာ အရေးပါတယ်။ ဒါကြောင့်လည်း သူက မင်းကို ရင်းရင်းနှီးနှီး ဆက်ဆံနေတာ။ အထူးသဖြင့် ဒါက ကာလရှည် ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ။ တကယ်လို့ အကျိုးမရှိရင်တောင် သူက ဘာမှဆုံးရှုံးမသွားဘူး…”
ချွေးချန်းက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး ဆက်ပြောလိုက်သည်။
“တကယ်လို့ တာ့လီအင်ပါယာရဲ့ လက်ရှိဘုရင်ကြီးက တိုင်းပြည်ရဲ့ သမိုင်းကြောင်းထဲမှာရှိတဲ့ တခြားဘုရင်တွေသာ ဖြစ်ခဲ့မယ်ဆိုရင် ၊ တကယ်လို့ ချောက်ကမ်းပါးကျောင်းတော်ရဲ့ တောင်ထိပ်သခင်ကသာ ချီကျင့်ချွန်ကနေ တခြားတောင်ထိပ်သခင် တစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဒီကျောင်းတော်က တည်ထောင်တဲ့အချိန်မှာပဲ ပျက်စီးသွားလောက်ပြီ…”
“ဒါပေမဲ့ တာ့ဆွေတိုင်းပြည်က ချောက်ကမ်းပါးကျောင်းတော်ကို လက်လွှဲယူရဲတဲ့ သတ္တိရှိနေတာတော့ တော်တော်လေးစားဖို့ ကောင်းတယ်။ တာ့လီအင်ပါယာက အဲဒီအရာနဲ့ ပတ်သက်ပြီး ခံစားချက်တွေ ရှုပ်ထွေးနေတယ်။ ငါက ဒီစကားတွေ ပြောတဲ့အချိန်မှာ မင်းက ငါ့ကို ယုံချင်မှလည်း ယုံလိမ့်မယ်။ ဒါပေမဲ့ ပျက်စီးမသွားခင် လုတိုင်းပြည်က အရှေ့ပိုင်းကုန်းမြေကြီးရဲ့ မြောက်ပိုင်းမှာ နံပါတ်(၁)တိုင်းပြည်တစ်ခု ဖြစ်ခဲ့တယ်…”
“ဒါပေမဲ့ တာ့လီအင်ပါယာဘုရင်ကြီးရဲ့ မျက်လုံးထဲမှာတော့ လေးစားထိုက်တဲ့သူ (၃)ယောက်ပဲ ရှိတယ်။ လုတိုင်းပြည်ရဲ့ဘုရင်ကြီးက အဲဒီလူတွေထဲက တစ်ယောက် မဟုတ်ဘူး။ အဲဒီအစား လုတိုင်းပြည်ထက် နည်းနည်းလေးပိုပြီးနိမ့်ကျတဲ့ တာ့ဆွေတိုင်းပြည်ရဲ့ဘုရင်ကြီးက အဲဒီလူ(၃)ယောက်ထဲက တစ်ယောက်ပဲ…”
ချွေးချန်းက ထိုလျှို့ဝှက်ချက်များကို ပြောပြနေသည့်အချိန်တွင် ချန်းပင်အန်းကတော့ သူ၏မြက်ဖိနပ်များကို လဲလှယ်ရန် အလုပ်များနေခဲ့သည်။ ချွေးချန်းကတော့ နံရံကြီးကို စကားပြောနေရသည့်အလား အနည်းငယ်စိတ်ပျက်သွားခဲ့၏။
“ဆရာ …
ကျွန်တော့်အတွက်ရော မြက်ဖိနပ်တစ်စုံ ယက်ပေးလို့ရလား။ စာအုပ်သေတ္တာငယ်လေးတစ်ခု လုပ်ပေးမယ်ဆိုရင်လည်း ကိစ္စမရှိဘူး…”
ချွေးချန်းက တောင်းဆိုလိုက်သည်။
ချန်းပင်အန်းက ဖိနပ်တစ်စုံကို သိမ်းလိုက်ပြီး သူ၏ဝါးခြမ်းတောင်းကို နောက်ကျောတွင် ပြန်လွယ်လိုက်သည်။ သူက ပြောလိုက်၏။
“မြက်ဖိနပ်ယက်တယ်ဆိုတာက အပျော်လုပ်တဲ့အရာမျိုး မဟုတ်ဘူး…”
“ဒါပေမဲ့ အဲဒါက တော်တော်ပျော်စရာကောင်းတယ်လို့ ခံစားရတယ်…”
ချွေးချန်းက အပြုံးနှင့် ပြန်ပြောလိုက်၏။
ချန်းပင်အန်းက လမ်းမကြီးအတိုင်း ဆက်၍လျှောက်သွားပြီး နောက်ပြန်လှည့်၍ မေးလိုက်သည်။
“စာအုပ်ဖတ်တာကရော ပျော်စရာကောင်းလား…”
အချိန်တော်တော်ကြာမှ ပထမဆုံးအကြိမ် ကြုံခဲ့ရသကဲ့သို့ ထိုမေးခွန်းကို ကြားသည့်အခါ ချွေးချန်းက တိတ်ဆိတ်သွားခဲ့သည်။ သူ၏ မျက်နှာပေါ်တွင် တွေဝေနေသော အမူအရာတစ်ခု ပေါ်လာပြီး သူက အရက်အိုးကို ခါးတွင်ချိတ်၍ ပြန်ဖြေလိုက်သည်။
“စာအုပ်ဖတ်တာက ပျော်စရာကောင်းတယ်လို့ ငါ လုံးဝမခံစားရဘူး…”
အချိန်တော်တော်ကြာ လမ်းလျှောက်လာပြီးနောက် ချန်းပင်အန်းက အလွန်ကြီးကျယ်ခမ်းနားသော တာ့ဆွေတိုင်းပြည်မြို့တော်၏ မြို့နံရံကြီးများကို ပြန်လှည့်ကြည့်လိုက်သည်။
ချွေးချန်းက အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့ပြီး ထိုမြင်ကွင်းကို မြင်သည့်အခါ အားရပါးရ ရယ်လိုက်၏။
“မင်းက ခံနိုင်ရည်မရှိတော့ဘူးဆိုတာ ငါသိနေတယ်။ ဟား..ဟား..ဟာ..ဟား…”
ချန်းပင်အန်းက ချွေးချန်း၏ လှောင်ပြောင်မှုကို အလေးမထားဘဲ စိတ်လိုလက်ရ မေးလိုက်၏။
“ငါက ကျောင်းတော်ထဲမှာ ရက်နည်းနည်းလောက် ထပ်နေသင့်လား။ အနည်းဆုံးတော့ ငါ ထွက်မသွားခင် သူတို့တွေအားလုံး အဆင်ပြေနေအောင် ထားခဲ့သင့်တယ်မလား…”
ထိုမေးခွန်းကြောင့် ချွေးချန်းက လုံးဝကို တွေဝေသွားပြီး ခဏကြာစဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။
“မင်းက အခုပဲ သွားသွား နောက်မှသွားသွား ဘာမှကွဲပြားမယ်လို့ မထင်ဘူး…”
ချန်းပင်အန်းက ချွေးချန်းကို အထင်သေးစွာ ကြည့်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။
“ဒါဆိုလည်း ဒါက အသုံးမဝင်တဲ့ အဖြေတစ်ခုပဲပေါ့…”
ချွေးချန်းက အနည်းငယ် စိတ်ပျက်သွားခဲ့ပြီး မျက်နှာက ဆူပုတ်သွားခဲ့သည်။ “ကျွန်တော်က ဆရာ့ရဲ့ဝမ်းနည်းမှုတွေကို ဖြေဖျောက်ဖို့အတွက် အကောင်းဆုံးကြိုးစားပေးနေတာ။ ဆရာကတော့ ကျွန်တော့်ကို ဒီလိုမျိုးကြည့်နေတယ်…”
ချန်းပင်အန်းက ချွေးချန်း၏ခါးတွင် ချိတ်ထားသော အရက်အိုးကို ကြည့်ပြီး မျက်လုံးကို လျင်မြန်စွာ လွှဲလိုက်သည်။ သူက သက်ပြင်းချလိုက်ပြီးနောက် ဆက်လျှောက်သွားခဲ့၏။
ချွေးချန်း၏အမူအရာက ပြောင်းလဲသွားခြင်းမရှိသော်လည်း စိတ်ထဲတွင်တော့ အလွန်အံ့သြသွားခဲ့သည်။
“ချန်းပင်အန်းဆီမှာတောင် အရက်သောက်ချင်တဲ့အချိန် ရှိသေးတာပဲ။ ငါ နားလည်ပြီ။ ဒီကောင်လေးကလည်း ဝမ်းနည်းခြင်းရဲ့အရသာကို သိနေပြီပဲ…”