သရုပ်ပြခြင်း စွမ်းအင် ပြတ်လပ်မှု၊ စုရှင်း၏ အစီအစဉ်_၂
Vol. 14 Ch. 192
ထို့နောက်တွင် စုရှင်း၏ ကိုယ်ခန္ဓာမှ နက်နဲသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာခဲ့သည်။
ဓားစွမ်းရည်ပင် ဖြစ်သည်!
အားနည်းသော ဓားစွမ်းရည် အစပျိုးရာမှနေ၍ လျင်မြန်စွာ ကြီးထွားလာကာ အသက်ရှုချိန် အနည်းငယ် အတွင်းမှာပင် စုရှင်းသည် ဓားစွမ်းရည်ကို လုံးဝ ကျွမ်းကျင်သွားခဲ့သည်။
ထို့ကြောင့် စုရှင်းသည် မျက်လုံးများကို အတန်ကြာ မှိတ်ထားလိုက်သည်။ ထို့နောက် ဖြည်းညှင်းစွာ ပြန်ဖွင့်လိုက်သည်။
“ဒီလိုပါပဲ... လူသားဓားဆိုတာက ရန်သူကို ခုခံတိုက်ခိုက်တဲ့ ဓား၊ ငါ့လက်ထဲက ဓားရဲ့ အရှိန်အဝါပဲ။ အာ့တာနဲ့ နောက်မဆုတ်တမ်း ရှေ့တိုး တိုက်ခိုက်ရတာ!”
“မြေဓားဆိုတာကျ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို အသုံးချပြီး လက်ထဲကဓားကို ပို့လွှတ်တာ။ လှုပ်ရှားမှုတိုင်း၊ ပုံစံတိုင်းမှာ အတိုင်းအဆ မရှိတဲ့ ခွန်အားတွေ ပါဝင်တယ်!”
စုရှင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။
ယခုတစ်ကြိမ် ရရှိခဲ့သည့် အကျိုးအမြတ်များသည် သူ စိတ်ကူး ထားသည်ထက် ကျော်လွန်နေခဲ့သည်။ လူသားဓားကို အပြည့်အဝ ကျွမ်းကျင်ရုံ သာမက မြေဓားကိုပါ နက်နဲစွာ နားလည်ခဲ့သည်။
ထို့နောက် စုရှင်းသည် ခါးတွင်ချိတ်ထားသော မင်ရေခဲဓားကို တစ်ချက် ကြည့်ပြီး ယူလိုက်သည်။ လက်ထဲတွင် ကိုင်လိုက်သည်နှင့် သူ့နှလုံးသားထဲတွင် ရင်းနှီးသော ခံစားမှုတစ်ခု ချက်ချင်း ပေါ်လာခဲ့သည်။
ဝိညာဉ်ဓားကို ဓားအိမ်မှထုတ်လိုက်သည်နှင့် စုရှင်း၏ အရှိန်အဝါသည် ရုတ်တရက် ပြောင်းလဲသွားသည်။ လေမတိုက်ပါဘဲ သူ့ပတ်ပတ်လည်တွင် လေပြေများ တိုက်ခတ်လာသည်။
ဤသို့ဖြင့် အချိန်ခေတ္တမျှ ကြာသည့်တိုင် စုရှင်းသည် သူ့လက်ထဲရှိ ဓားကို မလွှဲသေးပါ။
“တော်သေးတာပေါ့။ ငါ တိုက်ကွက် ထုတ်မိတော့မလို့! ငါသာ ဓားကို လွှဲလိုက်ရင် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေရဲ့ တောင်တစ်ခုလုံး နှစ်ခြမ်း ကွဲသွားလောက်တယ်နော်။ ဟုတ်တယ်ဟုတ်?”
စုရှင်းသည် ကြောက်ရွံ့စွာဖြင့် သူ့ ရင်ဘတ်ကို ပုတ်လိုက်သည်။
ယခုအခါ စုရှင်းသည် ကျင့်ကြံခြင်း လောကသို့ အခုမှ စတင် ရောက်ရှိလာသော အတွေ့အကြုံ မရှိသူတစ်ဦး မဟုတ်တော့ပေ။ သူသည် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ၏ နောက်ခံအကြောင်းကို အနည်းငယ် သိရှိလာခဲ့ပြိီ ဖြစ်သည်။
ဤဝိညာဉ်စိုက်ခင်း ကောင်းချီးမြေသည် အမှန်တကယ်တွင် ကမောက်ကမ ဖြစ်နေသော စကြာဝဠာကြီး အတွင်း၌ တည်ငြိမ်သော ကမ္ဘာငယ်တစ်ခုသာ ဖြစ်သည်။
ဤကမ္ဘာငယ်လေးသည် နက်နဲသော ဟန်ချက်ညီမှုကို ထိန်းသိမ်းထားသည်။ ကမောက်ကမ ဖြစ်မှုများကြောင့် မပျက်စီးဘဲ အတော်လေး တည်ငြိမ်နေခဲ့သည်။
စုရှင်း၏ ခွန်အားဖြင့်ဆိုလျှင် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ၏ နေရာလွတ်ကို ဖျက်ဆီးပစ်ရန်မှာ ပုံမှန်အားဖြင့် မဖြစ်နိုင်ပေ။
သို့သော် ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေ အတွင်းရှိ တောင်များသည် ရိုးရိုးတောင်များသာ ဖြစ်သည်။ ထို့ကြောင့် စုရှင်းသာ ဓားဖြင့် ခုတ်ချလိုက်ပါက ကြီးမားသော ပြဿနာများ ဖြစ်ပေါ်လာလိမ့်မည်။
ဝိညာဉ်စိုက်ခင်း တစ်ခုလုံး ချက်ချင်း ပျက်စီးသွားရုံသာမက တောင်များ အတွင်းရှိ ဝိညာဉ်စုဆောင်းခြင်း အစီအရင်ပါ ပျက်စီးသွားဖွယ် ရှိသည်။
“ဒါနဲ့... ငါ့ရဲ့ အချောင်ဆရာ၊ ချင်းယွင်ကျီရဲ့ ခွန်အားက တကယ်ကို တိုင်းတာလို့ မရနိုင်ဘူးပဲ!”
စုရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် တီးတိုးရေရွတ်လိုက်သည်–
“ဝိညာဉ်စိုက်ခင်း ကောင်းချီးမြေရဲ့ ကမ္ဘာငယ်လေးက ရှိနှင့်ပြီးသား ဖြစ်ပေမယ့်... ဒါကို တည်ငြိမ်အောင် ပြုလုပ်ဖို့နဲ့ သူ့ရဲ့ နေရာသတ်မှတ်ချက်တွေကို ဖမ်းယူဖို့၊ ကိုယ်နဲ့မကွာ ဆောင်ထားနိုင်တဲ့ ကောင်းချီးမြေတစ်ခု ဖန်တီးဖို့... ဒီအရာတွေ အတွက် လိုအပ်တဲ့ မဟာလမ်းစဥ်ကို နားလည်ဖို့ဆိုရင် စွမ်းအားက အတော့်အတော်ကို နက်ရှိုင်းရမှာပဲ။”
“ဒီလို စွမ်းအားမျိုးကို ပိုင်ဆိုင်ဖို့က…ဒဏ္ဍာရီလာ နတ်ဘုရားတွေပဲ စွမ်းဆောင်နိုင်မှာ”
စုရှင်းသည် ချင်းယွင်ကျီ တစ်ချိန်က ပြောခဲ့သည့် 'ကမ္ဘာသုံးထောင်' ဆိုသည့် စကားလုံးများကို သတိရလိုက်သည်။
ဖြစ်နိုင်သည်မှာ ချင်းယွင်ကျီသည် ကမ္ဘာအသီးသီးကြားသို့ သွားလာနိုင်သည့် ထိပ်တန်းသတ္တဝါများထဲမှ တစ်ဦး ဖြစ်နိုင်သည်။
“ငါ့မှာ ငါ့ဆရာရဲ့ စွမ်းရည်တွေသာ ရှိမယ်တိုရင် နတ်ဆိုး နှိမ်နှင်းရေး စခန်းက နတ်ဆိုး မျိုးနွယ်စုတွေကို ဘာလို့ ကြောက်ရတော့မှာလဲ?”
စုရှင်းသည် ခဏတာ မနာလိုစိတ် ဝင်လာခဲ့သော်လည်း ချက်ချင်းပင် ခေါင်းကို ခါယမ်းလိုက်သည်။
သရုပ်ပြစက်သည် ကံကြမ္မာကို ဆန့်ကျင်သည့် အခွင့်အရေး တစ်ခုပင် ဖြစ်သည်။
ဤရွှေလက်ချောင်း နှင့်ဆိုလျှင် စုရှင်းသာ ပုန်းအောင်း၍ ဖွံ့ဖြိုးတိုးတက်မည့် ဆန္ဒရှိပါက နတ်ဆိုး မျိုးနွယ်စုများကို မောင်းထုတ်ခြင်းနှင့် ချင်းယွင်ကျီကို ကျော်ဖြတ်ခြင်းသည် အချိန်တိုအတွင်း ဖြစ်ပေါ်လာမည့် ကိစ္စပင် ဖြစ်သည်။
“အင်း၊ သရုပ်ပြစက်က ခွန်အားကို အလျင်အမြန် တိုးတက်စေပေမယ့် စွမ်းအင်ကို ရေလိုသုံးဝာာ!”
“အခုဆို သရုပ်ပြစက်ထဲမှာ စွမ်းအင်မှတ် ဆယ်သန်းတောင် မကျန်တော့ဘူး... နောက်ထပ် နတ်ဘုရား အသွင်ပြောင်းခြင်းကို တိုးတက်ဖို့ လိုအပ်တဲ့ စွမ်းအင်ကိုတောင် မတတ်နိုင်တော့တာပဲ!”
အနည်းငယ် တွက်ချက်ကြည့်ပြီးနောက် စုရှင်းသည် နတ်ဘုရား အင်အားနယ်ပယ် ပြီးစီးရ န်အတွက် စွမ်းအင်မှတ် သန်းသုံးဆယ် လိုအပ်ကြောင်း တွေ့ရှိခဲ့သည်။
ရှေးဖြစ်ဟော ကုန်သည်များ အသင်းသည် တစ်ပတ်လျှင် စွမ်းအင်မှတ် တစ်ဆယ့်ငါးသန်းခန့် တန်ဖိုးရှိသည့် ပစ္စည်းများကိုသာ ထောက်ပံ့နိုင်သည်။ လက်ကျန် စွမ်းအင်မှတ် အနည်းငယ်နှင့်ပေါင်းလျှင်ပင် သန်းသုံးဆယ်နှင့် အတော်လေး ကွာဟနေဆဲ ဖြစ်သည်။
ဤအချက်ကို တွေးမိသောအခါ စုရှင်း၏ မျက်နှာသည် ထပ်မံညှိုးကျသွားကာ သက်ပြင်းချလိုက်သည်။
“အင်း၊ ရတနာတွေကို သတ်ဖြတ်လုယက်တာက ငွေရှာဖို့ အမြန်ဆုံး နည်းလမ်းပဲ!”
“နဂါးနက်ဂိုဏ်းကို လုယက်ပြီးတော့ ငါ စွမ်းအင်မှတ် သန်းတစ်ရာကျော်ကို တစ်ပြိုင်နက် ရရှိခဲ့တယ်။ အာ့ပမာဏကို ငါ့ဘာသာ စုဆောင်းမယ်ဆို ဘယ်လောက်တောင် ကြာလိုက်မလဲ?”
စုရှင်းသည် အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။ နဂါးနက်ဂိုဏ်းသို့ နောက်တစ်ကြိမ် သွားရောက်ကာ ၎င်းတို့၏ ရင်းမြစ်များကို အသုံးချသင့်မသင့် စဉ်းစားမိခဲ့သည်။
သို့သော် ထိုကဲ့သို့သော အလုပ်များကို မကြာခဏ လုပ်ဆောင်ခြင်းသည် ဖော်ထုတ်ခံရနိုင်သည်။ မည်သူသည် မြစ်နံဘေး၌ ခြေထောက်မစိုဘဲ လျှောက်နိုင်မည်နည်း?
ထိုအချိန်တွင် စုရှင်းသည် တစ်ခုခုကို ရုတ်တရက် သတိရမိပြီး သိုလှောင်လက်စွပ်မှ ကျောက်စိမ်းဘူးနှစ်ခုကို အလျင်အမြန် ထုတ်ယူလိုက်သည်။
ကျောက်စိမ်းဘူးများကို ဖွင့်လိုက်သောအခါ လန်းဆန်းသော ဆေးဘက်ဝင်ရနံ့တစ်ခု လွင့်ပျံ့လာခဲ့သည်။
နှစ်တစ်ထောင် ဂျင်ဆင်း၊ နှစ်တစ်ထောင် လင်ဇီးမှို ဖြစ်သည်!
“ဟုတ်တယ်၊ ဒါကို ငါ မေ့နေတာပဲ! ဘိုင်လီစီးပွားရေး အသင်းမှာ စွမ်းအင်မှတ် ရာနှင့်ချီတန်ဖိုးရှိတဲ့ အကျဉ်းထောင် မြေအောက်ခန်း ပစ္စည်းတွေ ရှိတယ်လေ!”
စုရှင်း၏ မျက်လုံးများ တောက်ပလာသည်။
ယခင် သရုပ်ပြခြင်း တစ်ခုတွင် သူသည် အဆင့်မြင့်ဆုံး သက်တမ်းရှည် ဆေးလုံးကို ဘိုင်လီချီနှင့် လဲလှယ်ခဲ့ပြီး အကျဉ်းခန်းပစ္စည်း အမြောက်အများကို ရရှိခဲ့သည်။ ၎င်းတို့သည် စွမ်းအင်မှတ် ရာနှင့်ချီ တန်ဖိုးရှိသည်!
တစ်ခုတည်းသော ကံဆိုးသည့် အချက်မှာ သက်တမ်းရှည် ဆေးလုံးကို ရောင်းချပြီးနောက် စုရှင်းသည် သူ့ကိုယ်သူ ဖော်ထုတ်မိသွားကာ ပြဿနာများစွာကို ဆွဲဆောင်မိခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် နောက်ဆက်တွဲ သရုပ်ပြခြင်းတွင် စုရှင်းသည် အသွင်ယူ၍ ကုန်သွယ်ရန် ကြိုးစားခဲ့သည်။ ထိုအခါ ဘိုင်လီစီးပွားရေး အသင်းသည် ကုန်ပစ္စည်းများထဲတွင် ခြေရာခံကိရိယာကို ထည့်သွင်းခဲ့ပြီး သူ၏ ပရိယာယ်ကို ဖော်ထုတ်နိုင်ခဲ့သည်။
“ဒါပေမယ့်! သရုပ်ပြခြင်းမှာ ငါက သရုပ်ပြစက်ရဲ့ စွမ်းအားတွေကို အသုံးမပြုခဲ့ဘူးလေ... လက်တွေ့ဘဝမှာတော့ အဲဒီပစ္စည်းတွေကို စွမ်းအင်အဖြစ် ပြောင်းလဲလိုက်တာနဲ့…”
“ဟဲဟဲ၊ အဲဒီအခါ မင်းတို့ ဘယ်လို ရင်ဆိုင်မလဲ။ ပစ္စည်းတွေ အားလုံး ကုန်သွားရင် ငါ့တည်နေရာကို မင်းတို့ ရှာနိုင်တော့မယ်လို့ ငါ မထင်ဘူး!”
စုရှင်းသည် ခဏမျှ စဉ်းစားပြီးနောက် ဘိုင်လီချီနှင့် ကုန်သွယ်ရန် ဖြစ်နိုင်ခြေကို စတင် စဉ်းစားခဲ့ပါသည်။
သူသည် မကြာမီ အဆုံးသတ် တစ်ခုသို့ ရောက်ရှိခဲ့သည်။
ဖြစ်နိုင်သည်!
သို့သော် သေချာစွာ စီစဉ်ရန် လိုအပ်သည်!
စုရှင်းသည် ခဏမျှ စဉ်းစားပြီးနောက် မဟာ ရှားနိုင်ငံ၏ မြေပုံကို ထုတ်ယူခဲ့သည်။
ကျိုတိုမြို့သည် မဟာရှား နိုင်ငံတော်၏ မြောက်ဘက်တွင် တည်ရှိပြီး မြောက်ပိုင်း၏ ဘဏ္ဍာရေး ဗဟိုချက် ဖြစ်သည်။
ကွမ်ပြည်နယ်သည် မဟာ ရှားနိုင်ငံတော်၏ တောင်ဘက် အစွန်ဆုံးတွင် တည်ရှိပြီး ကီလိုမီတာ တစ်သောင်းကျော် ကွာဝေးသည်!
စုရှင်းသည် မြေပုံကို သေချာစွာ စစ်ဆေးပြီး ကွမ်ပြည်နယ်သို့ အကောင်းဆုံး လမ်းကြောင်းကို စတင် စီစဉ်ခဲ့သည်။
“ဟင်း၊ ငါ့ရဲ့ ကျင့်ကြံရေး အဆင့်ကို အားပြုပြီး ခရီးနှင်ရင် လမ်းတစ်လျှောက် နားနေဖို့က လိုအပ်မှာပဲ။ ရောက်ဖို့က နှစ်ရက် ဒါမှမဟုတ် သုံးရက်ခန့် ကြာနိုင်တယ်... ဒါပေမယ့် အာ့လို လုပ်မယ်ဆိုရင် ကောင်းကင်ပေါ် လူတစ်ယောက် ပျံနေတယ် ဆိုတာကြီးက မျက်စိကျစရာ ဖြစ်နေမှာ!”
…