← Chapters

သူရဲကောင်း … ဘေးမသီ ရန်မခတဲ့ ခရီးလေး ဖြစ်ပါစေ

Vol. 121 Ch. 1814

သူရဲကောင်း … ဘေးမသီ ရန်မခတဲ့ ခရီးလေး ဖြစ်ပါစေ

Vol. 121 Ch. 1814

ချိုးယွီလော့၏ အသင်း ၂ အပြင် ၊ အသင်း ၁ အဖွဲ့ဝင်များလည်း ရောက်ရှိနေခဲ့ကြ၏။

လေဆိပ်ရှိ လေထု အခြေအနေမှာ သိပ်သည်းမွန်းကြပ်ဖွယ်ကောင်းနေပြီး တောက်ပသည့် နေရောင်ခြည်က ဝမ်းနည်းဆွေးမြေ့ဖွယ် အငွေ့အသက်အား ယူဆောင်လာနေသလိုပင်။

မကြာမီ အနက်ရောင် ရဟတ်ယာဉ်က ကောင်းကင်ယံထက်မှ ဆင်းသက်လာခဲ့သည်။ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် ကြိုးစားရုန်းကန်နေရသည့် ချိုးယွီလော့နှင့် ကျန်သူများမှာ ထိုအခိုက်အတန့်၌ ၎င်းတို့၏ စိတ်ခံစားချက်တို့အား ဆက်လက် ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။

ဒလက်မှ လေပြင်းများကိုပင် လျစ်လျူရှုထားပြီး ရဟတ်ယာဉ်ထံသို့ ပြေးလွှားရောက်ရှိလာခဲ့၏။

တခါး ပွင့်လာသည့် အချိန်၌ ကျုံးဝေ့တပ်ဖွဲ့၏ အဖွဲ့ဝင်များအားလုံး အေးခဲတောင့်တင်းသွားခဲ့ကြလေသည်။

အနီးနားဝန်းကျင်ရှိ အချိန်သည် ရပ်တန့်သွားဟန်ရပြီး … ကျယ်လောင်သည့် မိမိတို့၏ နှလုံးခုန်သံကိုသာ နားက ပြန်လည် ကြားယောင်နေမိတော့၏။

ရဟတ်ယာဉ်ပေါ်ရှိ ခေါက်ကုတင်ပေါ်၌ လူနှစ်ယောက် လဲလျောင်းနေသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။ ၎င်းတို့အနက် တစ်ယောက်ကို အဝတ်စ အဖြူဖြင့် ဖုံးအုပ်ထားပြီး လင်းရီ၏ ခန္ဓာကိုယ်မှာတော့ ကနေဦး ကုသမှုတို့ ပြုလုပ်ထားသော်လည်း ကြောက်မက်ဖွယ်ရာ ဒဏ်ရာတို့နှင့် ပြည့်နှက်နေလေသည်။

“ ခေါင်းဆောင် …”

ရှောင်ပင်း မျက်ရည်တို့ စီးကျလာပြီး နေရာ၌ လဲပြိုသွားခဲ့တော့၏။ လော့ချီနှင့် ယွီစီယင်တို့၏ အခြေအနေသည်လည်း ထူးမခြားနားပင်။ သူမတို့၏ မျက်နှာမှာ သေမတတ် ဖြူလျော်နေပြီး သေခါနီး လူနာတစ်ယောက်ကဲ့သို့ ဖြစ်နေတော့၏။

ချိုးယွီလော့နှင့် ထောက်ချိန်တို့ လင်းရီထံ လျှောက်လှမ်းလာသည်။

ခေါက်ကုတင်ပေါ်တွင် လှုပ်ယှက်မှု မရှိ၊ လဲလျောင်းနေသည့် လူကို ကြည့်ရင်း သူတို့၏ ရင်ဘက်များမှာ ဓားနှင့် အမွှန်းခံလိုက်ရသကဲ့သို့ နာကျင်သွားခဲ့၏။

ကမ္ဘာပေါ်ရှိ ဖြစ်ပျက်သမျှ အရာအားလုံးကို သူတို့ စိတ်ကူးပြီး မြင်ယောင်ကြည့်နိုင်သည်။ သို့သော် လင်းရီသည် ယခုလို ပုံစံမျိုးဖြင့် သေဆုံးသွားခဲ့လိမ့်မည်လို့တော့ ဘယ်တုန်းကမှ မယုံကြည်နိုင်ခဲ့ချေ။

“ သူ ဘယ်လိုသေသွားခဲ့တာလဲ …”

ချိုးယွီလော့သည် ခေါက်ကုတင်၏ လက်ကိုင်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး “ နင် … လင်းရီ … နင် ငါ့ကို ချက်ချင်း ထကြည့်စမ်း … ငါနင့်စကားတွေကို မဆန့်ကျင်တော့ဘူးလေ… နင်သာ ကျုံးဝေ့တပ်ဖွဲ့ထဲက အခုလို ထွက်သွားရင် တပ်ဖွဲ့က အရင်လို ပုံစံ ပြန်ဖြစ်နိုင်ဦးမှာလား …”

“ ခေါင်းဆောင် …”

ထောက်ချိန်သည် ရှေ့သို့ တက်လာပြီး ချိုးယွီလော့အား ထိန်းထားပေးလိုက်၏။

သို့သော် သူသည်လည်း မသက်မသာ ခံစားနေရကာ သူ့ကိုယ်သူပင် အနိုင်နိုင်ဖြစ်နေခဲ့သည်။

သူကိုယ်တိုင်က လင်းရီကို ဤ တပ်ဖွဲ့ထဲသို့ ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည့်အတွက် ထို မှတ်ဉာဏ်တို့က ခေါင်းထဲ ပြန်ပေါ်လာကာ လူအား ပိုပြီး မွန်းကြပ်လာစေသည်။

ထိုခံစားချက်တို့အား အတင်းဖိနှိပ်ထားရင်း ထောက်ချိန်သည် ဘေးရှိ ပိတ်စအဖြူကို ဖြည်းညင်းစွာ လှန်ကြည့်လိုက်ရာ ကျိုးလျန်၏ ရုပ်အလောင်းအား မြင်တွေ့လိုက်ရ၏။ ယခု အချိန်တွင်တော့ သူ၏ ခံစားချက်များအား ဆက်လက် မထိန်းချုပ်နိုင်တော့ချေ။

ဆည်ကျိုးပေါက်သည့်နှယ် ခံစားချက် မျက်ရည်တို့က လျှံထွက်လာခဲ့တော့၏။

“ အသင်းခေါင်းဆောင် ..”

အသင်းဝင် သုံးယောက်မှာ ခန္ဓာကိုယ် နှစ်ခုအား ဝိုင်းရံရင်း အပြင်းအထန် ငိုကြွေးနေခဲ့ကြ၏။

မည်သူကမျှ သူတို့၏ ခံစားချက်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြချေ။ သူတို့၏ မျက်ရည်များက အမျှင်မပြတ် ဖြစ်ပေါ်နေပြီး နောင်တနှင့် မိမိကိုယ်ကို အပြစ်တင်မှုတို့က ၎င်းတို့၏ မျက်နှာများထက်တွင် ရေးထိုးလားလေသည်။

အကယ်၍ သူတို့သာ ထိုစဉ်အချိန်က အသက်ကိုရင်းခဲ့ကြမည် ဆိုပါက အခြေအနေတို့ကလည်း ကွာခြားသွားခဲ့နိုင်သည်။

ဖတ် .. ဖတ် .. ဖတ် .. ဖတ် ..

စွေ့ချန်သည် သူ့ကိုယ်သူ အကြိမ်ရေ အနည်းငယ်ခန့် ဆက်တိုက် ပါးရိုက်နေပြီး လူကြမ်းကြီး၏ မျက်နှာထက် မျက်ရည်တို့က စိုးမိုးနေလျက် ရှိတော့သည်။

ဤအတွက် သူ့ကိုယ်သူ လုံးဝ အပြစ်တင်နေမိခဲ့၏။

ကျန်းရှုဖျင်နှင့် ချန်ချင်ဖုန်းတို့က လူအုပ်၏ နောက်တွင် ရပ်နေရင်း ထိုအချင်းအရာကို မြင်တော့ ၎င်းတို့လည်း ရင်ဘက်ထဲ နာကျင်နေခဲ့ကြ၏။

သို့သော် သူတို့တတ်နိုင်သည့်အရာကား မရှိပေ။

“ ငိုမနေကြနဲ့တော့ … ECG က နှလုံးခုန်သေးတယ်ဆိုတာ ပြနေသေးတယ်… ခေါင်းဆောင်က မသေသေးဘူး … သူ ဟွာရှကို ပြန်ရောက်တာနဲ့ ကယ်တင်နိုင်ပြီ…” နင်ချဲ့ ကျယ်လောင်စွာ အော်ပြောလိုက်၏။

အကယ်၍ တစ်စုံတစ်ယောက်ကသာ လင်းရီ သေပြီဟု စကားဆိုလာမည်ဆိုပါက ထိုလူအား သေခြင်းတရားနှင့် ပြေးတွေ့ခိုင်းဖို့ ဝန်လေးနေမည် မဟုတ်ချေ။

“ ခုက ငိုနေရမယ့် အချိန် မဟုတ်ဘူး … သူ့ကို လေယာဉ်ပေါ်တင်ပြီး ဟွာရှ ပြန်ခေါ်သွားလိုက် … ဒီမှာ မနေနဲ့ …” စုန့်ကျင်းမင် ပြောလိုက်သည်။

အသင်း ၂ နှင့် အသင်း ၃ အဖွဲ့ဝင်များက အမျိုးသမီးနှစ်ယောက်ကို နောက်သို့ ဆွဲခေါ်သွားကြလေသည်။

စုန့်ကျင်းမင် ပြောခဲ့သည့်အတိုင်း ယခုက ငိုကြွေးနေရမည့် အချိန် မဟုတ်သေးချေ။ ကုသမှုတို့ ဆက်လက် လုပ်ဆောင်နိုင်ရန်အတွက် ဟွာရှသို့ ပြန်ရောက်ရန် လိုအပ်သည်။

ကြိုတင် အကြောင်းကြားထားပြီး ဖြစ်သဖြင့် သီးသန့်လေယာဉ်သည်လည်း ပျံသန်းဖို့ အဆင်သင့်ပင်။ နာရီဝက်အတွင်းမှာပဲ လင်းရီနှင့် ကျိုးလျန်တို့ နှစ်ယောက်လုံး လေယာဉ်ပေါ်သို့ တင်ဆောင်ခြင်း ခံလိုက်ရ၏။

ထို့ပြင် ကျန်းရှုဖျင်နှင့် ချန်ချူဖုန်းတို့ကလည်း အပြန်လမ်းတွင် လိုအပ်မည့် ဆေးကိရိယာတို့အား ပြင်ဆင်ပေးလိုက်သည်။

ထို့နောက် အလေးပြုလျက် ပျံသန်းသွားသည့် လေယာဉ်ကို ငေးကြည့်နေလေသည်။

“ သူရဲကောင်း … ဘေးမသီ ရန်မခတဲ့ ခရီးတစ်ခု ဖြစ်ပါစေ …”

….

ရန်ကျင်း ၊ မနက်ခင်း ဝီနာရီအချိန်တွင် ဝမ်မိသားစု ဗီလာမှာ မီးရောင်တို့ဖြင့် လင်းထိန်နေလျက် ရှိသည်။

ဝမ်ထင်ရှန်း၊ ချိန်ချူဖုန်း၊ ဝမ်မြန်နှင့် လီမီတို့အားလုံး ဧည့်ခန်းထဲတွင် စုဝေးနေသည်။

ယခင်က အုံ့မှိုင်းသည့်‌ လေထုနှင့် မတူညီစွာ ဗီလာထဲရှိ လေထုက ဤတစ်ကြိမ်တွင် အတော်လေး သက်တောင့်သက်သာ ဖြစ်နေခဲ့၏။ စားပွဲပေါ်တွင် ဝိုင်နီ နှစ်လုံး ချထားပြီး သုံးယောက်သားက အချိန်တိုင်းလည်း ခွက်ချင်းတိုက်နေကြကာ ၎င်းတို့ မျက်နှာထက်ရှိ အပြုံးပန်းတို့က ဘယ်တော့မှ ပျောက်ကွယ်မသွားတော့မည့်ဟန် ရှိနေသည်။

“ ဒီလောက်ရက်တွေအများကြီး ကြာပြီးတဲ့နောက် … ဒီကိစ္စက နောက်ဆုံးတော့ ဖြေရှင်းပြီးသွားခဲ့ပြီ…” ဝမ်ထင်ရှန်းသည် ပခုံးထက်မှ ဝန်ထုပ်ဝန်ပိုးကြီး ပြုတ်ကျသွားသည့်သယောင် ခံစားလိုက်ရသည်။

“ ငါတော့ လင်းရီ ဒီကောင် သူ့ကိုယ်သူ ဘယ်တုန်းကမှ ဖောက်ခွဲခံလိုက်ရမယ်လို့ ထင်ထားမှာ မဟုတ်ဘူးဆိုတာ လောင်းရဲတယ်…”

ဝမ်မြန်မှာမူ နှစ်ထောင်းအားရ ဖြစ်စွာ ရယ်မောနေလျက်ရှိ၏။

“ နောက်ဆုံးတော့ ကျွန်တော်တို့တွေ လက်စားချေနိုင်ခဲ့ပြီ … စွမ်းလှပါပြီ ဆိုတဲ့ ကောင်လည်း ဝမ်မိသားစုလက်ထဲမှာ အသက်ပေးသွားခဲ့ရသေးတာပဲ မလား …”

“ ဒီလိုကိစ္စတွေ ဖြစ်ပျက်ပြီးတော့ လုပေချိန် သူ့ကို မျက်နှာသာ ပေးတာကလည်း ကံတရားကြောင့် မဟုတ်ဘူးဆိုတာ သတိထားမိလာတယ်… ဒီလို သေလုမြောပါး အခြေအနေမှာတောင် အသုံးမကျတော့တဲ့ လူတစ်ယောက်ကို ခေါ်ပြီး ထွက်ပြေးနိုင်သေးတာက … သူက ငါမြင်တွေ့ဖူးသမျှ လူငယ်တွေထဲ အပြောင်မြောက်ဆုံး လူငယ်တစ်ယောက်ပဲ …”

“ အင်း … တကယ့်ကိုပဲ …”

ဝမ်ထင်ရှန်း သက်ပြင်းချလိုက်သည်။

“ တကယ်လို့သာ ချိန်ကွမ်းကျဲ့၍ အပိုနှစ်ချက်ကြောင့်သာ မဟုတ်ရင် တကယ်ကြီး ထွက်ပြေးလွတ်မြောက်သွားခဲ့လောက်တယ်…”

“ အမှန်ပဲ .. ဒါပေမယ့် ဘယ်လိုပဲ ပြောပြော ဒီကိစ္စက စိတ်ကျေနပ်ဖို့ ကောင်းတဲ့ ရလဒ်နဲ့ ဖြေရှင်းပြီးသွားပြီ … အခုကစပြီး ငါတို့ရဲ့ လမ်းမှာ ဘယ်ကောင်မှ ပိတ်မရပ်ရဲတော့ဘူး …” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ လုပေချိန်ဆိုတဲ့ အဘိုးကြီးလည်း အသက်ကြီးနေပြီ … သူ သေဖို့ဆိုတာ ဘယ်နှနှစ်မှ ကြာတော့မှာ မဟုတ်ဘူး … သူ သေသွားတဲ့ အချိန်က ငါတို့ ဝမ်မိသားစု မြင့်တက်လာမယ့် အချိန်ပဲ …”

“ အဖေ … အခု လင်းရီလည်း သေပြီဆိုတော့ ကျွန်တော်တို့တွေ သူ့ရဲ့ အတင်းအဖျင်းတွေကို ဖော်ထုတ်ဖို့ အချိန်ကျပြီ မထင်ဘူးလား …” ဝမ်မြန် အဆိုပြုလိုက်၏။

“ မင်းသာ မပြောဘူးဆို အဖေတောင် မေ့တော့မလို့…” ဝမ်ထင်ရှန်း ပြောလိုက်ပြီး “ ဒီဖြစ်ရပ်နဲ့ သူသာ နိုင်ငံကို ပြန်ရောက်လာရင် အာဇာနည် တစ်ယောက်လို ဂုဏ်ပြုခံရမှာ သေချာတယ်… ဒါပေမယ့် သူ့ရဲ့ လှေနံ နှစ်ဖက်နင်းတဲ့ ကိစ္စတွေ ပေါ်လာတာနဲ့ သူ့ရဲ့ ဂုဏ်သတင်းကလည်း ရစရာ မရှိအောင် ပျက်စီးသွားမှာပဲ … သူ့ရဲ့ ဘဝကြီးက အရှိန်အဝါကြီးလေလေ ၊ သူ့ရဲ့ သေခြင်းတရားက ပိုပြီး ဆိုးရွားလေလေပဲ …”

ထိုသို့ပြောပြီးနောက် ဝမ်ထင်ရှန်းသည် လီမီကို တစ်ချက်ကြည့်လိုက်သည်။

“ သွားပြီး ဒီအတွက် စီစဉ်ထားလိုက်တော့ … ကျီချင်းရန်ကို သူနဲ့ လျန်ရူရွှယ်အကြောင်း ပြောပြလိုက် .. ပြီးရင် အွန်လိုင်းပေါ်တင်ပြီး အချိန်တို အတွင်း လူတိုင်းနီးပါး သိလာအောင် ဖန်တီး … အင်တာနက် စောင့်ကြည့် လေ့လာရေး ဗျူရိုက လှုပ်ရှားလာခဲ့မယ်ဆိုရင်တောင် အဲ့ဒီအချိန်ကျရင် အသုံးဝင်တော့မှာ မဟုတ်ဘူး …”

“ နားလည်ပြီ… ကျုပ် အခုပဲ စီစဉ်လိုက်ပါမယ်…”

မစ်ရှင်အား လက်ခံပြီးနောက် လီမီသည် နေရာမှ မတ်တပ်ရပ်ကာ ထွက်ခွာသွားခဲ့၏။

ဝမ်ထင်ရှန်းသည် ဝိုင်ခွက်အား လက်ထဲတွင် ကိုင်လျက် ပြတင်းပေါက်ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး သူ့ကိုယ်သူ ရေရွတ်လိုက်လေသည်။

“ လင်းရီ လင်းရီ … ငါ့ကို နှလုံးသား မရှိဘူးလို့ အပြစ်မမြင်ပါနဲ့ကွာ … ဘယ်သူကရော မင်းကို ငါတို့ ဝမ်မိသားစုကို ဆန့်ကျင်ဖို့ ပြောလို့လဲ … အာဏာဆိုတာ ရန်လာစလို့ ကောင်းလို့ အရာမဟုတ်ဘူးကွ …”

ဝမ်မိသားစုရှိ ပျော်ရွှင်ဖွယ်ကောင်းသည့် လေထု အငွေ့အသက်နှင့် နှိုင်းစာလျှင် ကျုံးဝေ့တပ်ဖွဲ့ အခြေစိုက် စခန်းတွင်တော့ …

သေနိုင်လောက်သည့် တိတ်ဆိတ်မှုကြီး တစ်ခုက ကြီးစိုးနေသည်။

လုပေချိန်နှင့် လျိုဟုန်တို့ အပါအဝင် လူတော်တော်များများမှာ မျက်ဝန်းတို့ နီရဲနေခဲ့ကြ၏။

သူတို့ မငိုကြပေ။ သို့သော် မျက်လုံးအိမ်ထဲ၌ မျက်ရည်တို့က ပြည့်နှက်နေသည်။

အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သည့် တစ်နာရီခန့်က ရှေ့တန်းမှနေပြီး ကျိုးလျန်သည် တာဝန်ထမ်းဆောင်ရင်း သေဆုံးသွားခဲ့ပြီဟု သတင်းပို့လာသောကြောင့်ပင်။

သို့သော် လင်းရီမှာတော့ အသက်ရှူစက်အပေါ်တွင်သာ မှီခိုရင်း ဆက်လက် အသက်ရှင်နေရလေသည်။

သို့ပေမယ့် အသင်း ၃ ထံမှ သူ သိရသလောက်တော့ လင်းရီသည်လည်း တာဝန်ထမ်းဆောင်ရင်းဖြင့် အသက်စွန့်လိုက်ရပြီ ဖြစ်၏။

အသက်ရှူစက်ကြောင့်သာ ယခုလို ထင်ယောင်ထင်မှားတွေ ဖြစ်ပေါ်နေခြင်းပင်။

လည်ပင်းရှိ သွေးလွတ်ကြောများမှ သွေးခုန်နှုန်းလည်း မရှိတော့သလို မျက်လုံးအိမ်များသည်ပင် တိမ်တို့ စတင်ဖုံးလွှမ်းနေချေပြီ။

လင်းရီ အဖို့ အသက်ရှင်သန်နိုင်ဖို့ဆိုသည်ကား မည်သို့မျှ မဖြစ်နိုင်ပေ။

အမျိုးသမီး ရဲဘော်တစ်ချို့မှာ မနေနိုင်ဘဲ တရွှတ်ရွှတ် ငိုကြွေးနေခဲ့ကြ၏။

ယခုမတိုင်မီက သူတို့‌တွေ လင်းရီနှင့် နာရီ တစ်ရာကျော်နီးပါး အဆက်အသွယ် ပြတ်သွားခဲ့ပြီး နောက်ဆုံး၌ အဆက်အသွယ် ပြန်ရရှိခဲ့သည်။ ထိုအချိန်မှစ၍ လင်းရီ ပြန်လည်တင်ပို့လာမည့် သတင်းကို ယုံကြည်ချက် ရှိရှိနှင့် စောင့်မျှော်နေခဲ့ကြလေသည်။

သို့သော်လည်းပဲ နာရေးသတင်းကသာ ရောက်လာလိမ့်မည်လို့ သူမတို့တွေ မျှော်လင့်မထားခဲ့ကြပါချေ။

ယင်းက အင်မတန် ရုတ်တရက်ဆန်လွန်းလှပြီး သူမတို့တွေ ပြင်ဆင်ချိန်လေးပင် မရရှိခဲ့ချေ။

သို့တိုင်အောင် လျိုဟုန်သည် လင်းရီ၏ အသက်ရှင်ကျန်ရစ်သေးသည့် လက္ခဏာကို ထိန်းသိမ်းရန်အတွက် အသက်ရှူဆက်ကို ဆက်လက် အသုံးပြုထားဖို့ အမိန့်ပေးထားခဲ့၏။

မည်သို့ပင်ဖြစ်စေ သူသည် လင်းရီကို နောက်ဆုံးအကြိမ် သွားတွေ့ရမည် ဖြစ်သည်။

All Chapters