အဆင့်တက်ခြင်း
Vol. 016 Ch. 1586
ဘုံအင်ပါယာနန်းတော်တွင် မည်သည်တို့ ဖြစ်ပျက်ခဲ့သည်ဟူသော သတင်းတို့က ပျံ့နှံ့နေပြီးနောက်ပိုင်း၌ ကိစ္စများက တည်ငြိမ်လာသည်။ ဤကိစ္စရပ်များ ပြီးဆုံးသွားသည့်နောက်တွင်ပင် နန်းတော်သည် မားမားမတ်မတ် ရပ်တည်နေဆဲဖြစ်ကာ ယခင်ကထက် ပို၍ပင် အောင်မြင်တိုးတက်လာပေသည်။ လူအများသည် မည်သည်တို့ ဖြစ်ပျက်သွားသည်ကို ခပ်ရေးရေး ခန့်မှန်းမိကြ၏။
သို့သော် ထိုဖြစ်ရပ်အတွင်း ရှိနေသူများသည် သူတို့၏ ပါးစပ်ကို တင်းတင်းကျပ်ကျပ် စောင့်စည်းထားကြပြီး မည်သူမှ မဖွကြပေ။ ထျန်းဟယ်မဟာအကြီးအကဲသည် ဖြစ်ပျက်ခဲ့သည့် မည်သည့်အရာကိုမှ မပြောဆိုခဲ့ပေ။ သူ့ကို ကြည့်ရသည်မှာ ဆိုးဝါးစွာ ထိတ်လန့်တုန်လှုပ်သွားခဲ့ပုံရပြီး တဖြည်းဖြည်းနှင့် လူအများသည် သူ့တွင် မည်သည်တို့ ဖြစ်ပျက်ခဲ့သည်အား စပ်စုခန့်မှန်းခြင်းကို ရပ်တန့်ရန် ကြိုးစားခဲ့ကြသည်။ ထို့ပြင် သူသည်လည်း ပြင်ပအရေးကိစ္စတို့ကို အာရုံစိုက်ခြင်း မရှိသည့်အတွက် မကြာခင်၌ ဘုံနန်းတော်က ထျန်းဟယ်ဘုံတွင် ပြိုင်ဘက်ကင်း အင်အားစု ဖြစ်လာခဲ့ပေသည်။
သို့သော် ယခုတွင် ဘုံအင်ပါယာနန်းတော်၏ အင်အားက မေးခွန်းထုတ်စရာ ဖြစ်ခဲ့သည်။ ချင်ရွှမ်ကန်း၏ မေးခွန်းထုတ်သံက လူတိုင်း၏ နားထဲတွင် ကြားယောင်နေဆဲ ဖြစ်သည်။ ဘုံအင်ပါယာနန်းတော်က ထျန်းဟယ်မဟာအကြီးအကဲကို ရောင်းစားခဲ့သည်။ အလွန် စက်ဆုပ်ဖွယ်ကောင်းစွာနှင့် သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲနှင့် အပေါ်ယံတွင်သာ မဟာမိတ်ပြုကာ နောက်ကွယ်တွင် တိတ်တဆိတ် ချန်းကလန်နှင့် ပူးပေါင်း၍ မဟာအကြီးအကဲ၏ တပည့်များကို သုတ်သင်သတ်ဖြတ်ခဲ့သည်။
သွမ့်ချင့်က သေရန် ထိုက်တန်ပေသည်။ သူ လုပ်ခဲ့သည့် အရာအားလုံးက သူ့မိသားစုအတွက်ဟု ဆိုသော်လည်း သူ့အပြုအမူ၏ ရလဒ်အဖြစ် သေဆုံးခဲ့ရသူများက မည်သို့ ဖြစ်မည်နည်း။
သို့သော် အနိုင်ရသူများကသာ သမိုင်းစာအုပ်တွင် ရေးထိုးနိုင်သည်။ လူအများသည် ဘုံအင်ပါယာနန်းတော်၏ သစ္စာဖောက်မှုကို သိရှိလျှင်ပင် သူတို့က ထျန်းဟယ်ဘုံ၏ အထွတ်အထိပ်တွင် ရပ်နေဆဲ ဖြစ်တာကြောင့် မည်သူကမှ သူတို့ကို ပြောဆိုရဲလိမ့်မည် မဟုတ်ပေ။
ဖြစ်တန်ရာသည်မှာ သူတို့သည် ထျန်းဟယ်မဟာအကြီးအကဲကို အမြဲတစေ ကြောက်ရွံ့နေခဲ့ခြင်း ဖြစ်ပေမည်။
သူတို့က သွမ့်ချင့်၏ သေဆုံးခြင်းအတွက် မည်သည့်အရာမှ မလုပ်ဆောင်ခဲ့ကြပေ။
အချိန်က ကုန်ဆုံးသွားပြီး ထိုဖြစ်ရပ်များအကြောင်း ပြောဆိုသူတို့ နည်းသထက်နည်းလာကြသည်။ ရီဖူရှင်းသည် သူ၏ အချိန်များအားလုံးကို တောင်ပေါ်တွင် ကျင့်ကြံရင်းဖြင့် ကုန်ဆုံးနေခဲ့သည်။
ပညာရှိကျမ်းတွင် ဒြပ်စင်ငါးမျိုးစွမ်းအားများ ပါဝင်နေပြီး အလွန် လျှို့ဝှက်ဆန်းကြယ်လှသည်။ ၎င်းသည် တစ်စုံတစ်ယောက် ကျင့်ကြံရာ၌ ၎င်း၏ စွမ်းအားများကို အသုံးပြုရန်ပင် ခွင့်ပြုခဲ့သည်။ ဤသည်မှာ နည်းစနစ် အမျိုးမျိုး ကျင့်ကြံသည့် ရီဖူရှင်းကဲ့သို့ လူမျိုးအတွက် အလွန် အသုံးဝင်ပေသည်။
ထို့ပြင် ပညာရှိကျမ်းသည် လောကမဟာလမ်းစဥ်နှင့် ဆက်သွယ်နေသည်။ ထျန်းဟယ်ဘုံမှ လူများသည် ထျန်းဟယ်မဟာအကြီးအကဲ၏ တပည့်ဖြစ်လိုပြီး သူနှင့် နီးကပ်လိုရခြင်းမှာ ပညာရှိကျမ်းက ကျင့်ကြံသူတို့ကို မဟာလမ်းစဥ် စိတ်ဝိညာဥ် လျင်မြန် အောင်မြင်စွာ ဖွဲ့စည်းစေနိုင်ပြီး ရန်ဟောင်အဆင့်သို့ အလျင်အမြန် ရောက်ရှိလာစေနိုင်ခြင်းကြောင့် ဖြစ်ပေသည်။
ရီဖူရှင်းသည် နေ့စဥ်နှင့်အမျှ ကျင့်ကြံနေပြီး သူ၏ သဘောပေါက်နားလည်မှုက နက်ရှိုင်းသည်ထက် နက်ရှိုင်းလာသည်။ သူက နောက်တစ်ဆင့်သို့ ချိုးဖျက်ရန် အချိန်မလိုတော့လောက်ဟုပင် ခံစားလာရပေသည်။ သူ၏ နတ်ဝိညာဥ်သည် လောက၏ မဟာလမ်းစဥ်အတွင်း ပေါင်းစပ်ပျော်ဝင်နေသည်။ သူသည် လမ်းစဥ်နှင့် တသားတည်း ဖြစ်လာသည်။ သူသည် သူကိုယ်တိုင်၏ စရိုက်သဘာဝ၊ ပိုင်ဆိုင်မှုနှင့် ကိုယ်ပိုင်ပုံရိပ်တို့ ရှိမနေတော့ပေ။ သူကိုယ်တိုင်သည် လမ်းစဥ်ပင် ဖြစ်တော့သည်။
သူသည် ပို၍ မြင့်မားသည့်အဆင့်သို့ တက်ရောက်ရန် လုပ်ဆောင်နေခဲ့သည်။ ထိုသည်မှာ ခြေတစ်လှမ်းသာလိုသည့် နောက်တစ်ဆင့်ဟု ဆိုနိုင်သော်လည်း လှမ်းရန် အလွန် ခက်ခဲလှသည့် ခြေလှမ်း ဖြစ်သည်။
ကောင်းကင်ပြက္ခဒိန် ၁၀၀၃၄ ခုနှစ်ကို ကုန်ဆုံးရန် တဖြည်းဖြည်း နီးကပ်လာခဲ့သည်။ ရီဖူရှင်း ဤနေရာသို့ ရောက်နေသည်မှာ တစ်နှစ်နီးပါးပင် ရှိပြီ ဖြစ်သည်။ ထျန်းဟယ်မြို့တွင် နှင်းများ စတင်ကျဆင်းနေပြီ ဖြစ်ကာ ရက်ပေါင်းများစွာကြာပြီးနောက် မြို့တစ်ခုလုံးကို အဖြူရောင်နှင်းလွှာကြီးဖြင့် ဖုံးလွှမ်းနေပြီး ကြည့်ရသည်မှာ ခမ်းနားလှသည်။
ရီဖူရှင်း ရှိနေသည့် တောင်တွင်လည်း နှင်းများ ကျဆင်းနေပေသည်။ သူ့အနီးမှ မြေပြင်နှင့် ကောင်းကင်သည် ပို၍ပင် နက်နဲသိမ်မွေ့လာပုံရသည်။
နှင်းဖုံးနေသော တောင်ပေါ်တွင် အသက်အရွယ် ရနေပြီ ဖြစ်သည့် အမျိုးသားကြီးတစ်ဦးက အမျိုးသမီးငယ်လေးကို ကျင့်ကြံခြင်းပညာရပ်များ သင်ကြားလေ့ကျင့်ပေးနေသည်။ သူတို့နှစ်ယောက်သည် ထိုအပေါ်တွင် အလွန် အာရုံစိုက်နေပေသည်။
ထိုသူတို့မှာ ထျန်းဟယ်မဟာအကြီးအကဲနှင့် ဖျင်အန်းတို့ ဖြစ်၏။ သူ၏ ညွှန်ကြားပြသပေးမှုအောကိ၌ သူမက လျင်မြန်စွာ တိုးတက်လာခဲ့ပေသည်။ သူမက အလွန် ပါရမီရှိပေသည်။ သူမ၏ ခန္ဓာကိုယ်ထဲ၌ ထျန်းဟယ်ဘုံ၏ အကျော်ဇေယျ ဓားအင်ပါယာ သွေးများညစီးဆင်းနေသည် မဟုတ်ပါလား။ ထို့ကြောင့် သူမသည် ဓားစွမ်းရည်၌ အရည်အချင်းရှိသည်မှာ သဘာဝပင် ဖြစ်သည်။
ရွှီဖျင်အန်းသည် နှင်းများကြားတွင် ဓားတစ်လက်နှင့် လေ့ကျင့်နေသည်။ ထျန်းဟယ်မဟာအကြီးအကဲက သူမကို တည်ငြိမ်စွာ ကြည့်နေခဲ့သည်။ သူ၏ အကြည့်များက ကောင်းကင်သို့ တဖြည်းဖြည်း ရောက်ရှိသွားခဲ့သည်။ သူက တီးတိုးပြောလိုက်၏။ “နှစ်ငါးဆယ်လောက်တောင် ရှိပြီ။”
“ဘာက နှစ်ငါးဆယ်ရှိတာလဲ ဆရာ” အသံတစ်ခု ထွက်ပေါ်လာသည်။ အဖြူရောင်ဆံပင်နှင့် ပုံရိပ်သည် နှင်းများကြားမှ ဖြတ်ကာ သူထံသို့ လျှောက်လာနေပြီး အနောက်ဘက်တွင် ခြေရာများ ချန်ရစ်ခဲ့သည်။ သူက စွတ်စွတ်ဖြူနေသည့် အဝတ်အစားများကို ဝတ်ဆင်ထား၏။ သူသည် နှင်းများ၏ တစ်စိတ်တစ်ပိုင်းကဲ့သို့ ထင်မှတ်ရပြီး သူ၏ မျက်လုံးများသာ နက်မှောင်နေသည်။
ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲ၏ ဘေး၌ ရပ်လိုက်ပြီး သူတို့နှစ်ယောက်သည် ရွှီဖျင်အန်း လေ့ကျင့်နေသည်ကို စောင့်ကြည့်နေကြသည်။
“မင်းရဲ့ ကျင့်ကြံရေး ဘယ်လိုရှိလဲ။” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်း၏ မေးခွန်းကို မဖြေဘဲ သူ့ကို မေးခွန်းပြန်ထုတ်သည်။
“ကျွန်တော် အချိန်သိပ်ကြာကြာ မလိုအပ်တော့ပါဘူး။” ရီဖူရှင်းက ပြောသည်။ သူသည် အပြည့််အဝ နားလည်သဘောပေါက်ခြင်းမှ သိပ်မဝေးကွာတော့ဟု ခံစားမိပေသည်။
“ကောင်းတယ်။ မင်းမှာ ထိုးထွင်းသိမြင်မှုရရင် နောက်တစ်ဆင့်တက်ဖို့ အလျင်မလိုနဲ့ဦး။ ရန်ဟောင်ဖြစ်လာဖို့ အချိန်တစ်ခုစောင့်လိုက်ပါဦး။” မဟာအကြီးအကဲက ပြောသည်။
“ဘာလို့လဲ။” ရီဖူရှင်း၏ မျက်နှာထက်တွင် သံသယအကြည့်တို့ ဖြစ်ပေါ်လာသည်။ သူက မည်သည်ကို ဆိုလိုသနည်း။
အကြီးအကဲသည် သူ့ကို ရန်ဟောင်အဆင့်သို့ အမြန်တက်ရောက်ရန် ပြောဖူးခဲ့သော်လည်း သူက တကယ်တမ်း ချိုးဖျက်ဝင်ရောက်နိုင်ခြင်း မရှိသေးပေ။
“နှစ်ငါးဆယ်လောက် ရှိနေပြီဆိုတာ ဘာလဲလို့ မင်း မေးခဲ့တယ်မလား။ နောက်နှစ်မှာ တစ်ခုခု ဖြစ်ဖို့ရှိတယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။
ရီဖူရှင်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်သည်။ သူက နောက်ထပ် ထပ်မမေးတော့ပေ။
“မင်း အသက် ဘယ်လောက်ရှိပြီလဲ ဖူရှင်း” ထျန်းဟယ်မဟာအကြီးအကဲက သိချင်စိတ်ဖြင့် မေးမြန်းသည်။
“ကျွန်တော် ဒီနှစ်ဆို အသက်ငါးဆယ် ရှိပါပြီ။” ရီဖူရှင်းက ပြောသည်။
“အတိအကျ ငါးဆယ်လား။” ထျန်းဟယ်မဟာအကြီးအကဲက ထပ်မေးလိုက်၏။
ရီဖူရှင်းက ခေါင်းညိတ်သည်။ “ဟုတ်ပါတယ်။”
သတိမပြုမိဘဲနှင့် သူ့အသက်ပင် ငါးဆယ်သို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။ သူသည်သာ သာမန်လူသား ဖြစ်ပါက အိုမင်းနေလောက်ပြီ ဖြစ်သည်။
“ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။” ထျန်းဟယ်မဟာအကြီးအကဲက အပြုံးနှင့် ပြောသည်။ သူသည် နောက်ထပ် ထပ်မပြောတော့ပေ
“တိုက်ဆိုင်တာလား။”
ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲ မည်သည့်အကြောင်း ပြောနေသည်ကို မသိရှိပေ။ သူက တခြားစကား ထပ်မပြောခဲ့သလို ရီဖူရှင်းကလည်း မေးမြန်းခြင်းမပြုခဲ့ချေ။
ရီဖူရှင်းသည် ထျန်းဟယ်မဟာအကြီးအကဲ၏ ဘေးရှိ နှင်းလွှမ်းမြေပေါ်တွင် ထိုင်ချသည်။ သူသည် သူတို့ရှေ့မှ ဖျင်အန်း လေ့ကျင့်နေသည်ကို စောင့်ကြည့်နေ၏။
သူမသည် နိုဘယ်အဆင့်၌ ဖြစ်သေည်လည်း သူ၏ မျက်လုံးထဲတွင် သူမက မိန်းမငယ်လေးပင် ဖြစ်နေဆဲ ဖြစ်သည်။ ထိုသည်မှာ သူ၏ စိတ်အခြေအနေက ပြောင်းလဲသွားသည်ကို ပြသနေသည်။ အတိတ်တွင် သူသည် နိုဘယ်အဆင့်များကို ကြည့်ကာ သူ့ထက် အလွန် မြင့်မားသော နေရာ၌ ရှိနေသည်ဟု ထင်မှတ်ခဲ့သည်။ သူသည် သူတို့က တိုင်းပြည်ငယ်လေးများကို ကိုယ်ပိုင် အုပ်ချုပ်နိုင်သည်ဟု တွေးထင်ခဲ့သည်။
ယခု သူက သူတို့ကို ကြည့်သည့်အခါ သူတို့က သူ့၏ ဂျူနီယာများနှင့် တူပေသည်။ သူသည် ထိုအချင်းအရာမှ သူ့ကို ပေးသည့် ခံစားမှုကို မဖော်ပြနိုင်သော်လည်း ထိုသည်မှာ ဖြစ်သင့်သည့် သဘာဝပင် ဖြစ်သည်။
အမှန်တွင် သူက အသက်ငါးဆယ်သာ ရှိသေးသည်။ အတိတ်ကာလတွင် သူ တွေ့ဖူးခဲ့သည့် နိုဘယ်များမှာ ထို့ထက်ပို၍ အသက်အရွယ် ကြီးရင့်နေပြီ ဖြစ်သည်။
ထိုသည်မှာ သူ၏ စိတ်အခြေအနေက တဖြည်းဖြည်း ပြောင်းလဲလာသည်ကို ပြသနေပေသည်။ သူက အသက်ငါးဆယ်သာ ရှိသေးသော်လည်း သူ၏ အသက်အရွယ်မှ လူအများစုထက် အတွေ့အကြုံများ ပိုမို များပြားခဲ့ပေသည်။ သူသည် အသက်ရာချီနေသည့် အချို့လူများထက်ပင် သူ၏ ဘဝက ပို၍ အရောင်စုံစွာ ရှင်သန်ခဲ့ရသည်။
ကျင့်ကြံခြင်း နှစ်ငါးဆယ်။ သူသည် အသေးငယ်ဆုံး သာမန်လောကမှ အထက်ဘုံ၏ မဟာလမ်းစဥ် ဘုံသုံးထောင် အထွတ်အထိပ်သို့ ရောက်လာခဲ့သည်။ ခြေလှမ်းတိုင်းသည် ခက်ခဲကြမ်းတမ်းနေခဲ့သော်လည်း သူသည် များပြားလှသည့် အတွေ့အကြုံတို့ကို ရရှိခဲ့သည်။ သူ၏ စိတ်အခြေအနေသည် နှစ်ရာချီနေသည့် အချို့ လူအိုများထက် သာလွန်ကောင်းမွန်သည်မှာ အသေအချာပင် ဖြစ်သည်။
“မင်း ဖျင်အန်း လေ့ကျင့်တာကို ကြည့်နေတုန်းလား။” သူ့နောက်ရှိ ထျန်းဟယ်မဟာအကြီးအကဲထံမှ ထွက်ပေါ်လာသည့် စကားသံက သူ့ကို လက်ရှိသို့ ပြန်ခေါ်လာခဲ့သည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ သူ၏ အကြည့်တို့က ဖျင်အန်းပေါ်သို့ ကျရောက်နေခဲ့ပြီး သူမက ဓားရေးလေ့ကျင့်နေသည်ကို စောင့်ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများက နူးညံ့နေသည်။ သူသည် သူ၏ ဂျူနီယာလေးကို စောင့်ကြည့်နေသကဲ့သို့ ဖြစ်သည်။ ဖျင်အန်းသည် အမှန်ပင် သူ၏ ဂျူနီယာလေး ဖြစ်သည်။ သူသည် သူ့ဆရာက ဖျင်အန်းအပေါ်တွင် မည်မျှ အပြစ်ရှိစိတ် ဖြစ်နေခဲ့မည်ကို သိရှိပေသည်။ သူမသည် ထျန်းဟယ်ဘုံ ဓားအင်ပါယာ၏ နောက်ဆုံး မျိုးဆက်သွေးသား ဖြစ်သည်။
လေထဲတွင် နှင်းပွင့်လေးများဖြင့် ပြည့်နေခဲ့သည်။ သူမ၏ ဓားစွမ်းအားများထဲတွင် သတ်ဖြတ်လိုသည့် အငွေ့အသက်တို့ ပြည့်နေခဲ့သော်လည်း သူသည် သူမ၏ ဓားစွမ်းရည်မှ လှပခြင်းကို ခံစားမိပေသည်။ သူမသည် နှင်းထဲတွင် လေ့ကျင့်နေပြီး သူမ၏ ဓားက ပျံဝဲနေသည့် နှင်းပွင့်များကို ဖြတ်တောက်နေသည်။ ရီဖူရှင်းသည် သူမကို ကြည့်နေရင်း အမှတ်တရ မှတ်ဉာဏ်များအတွင်း တစ်ဖန်ကျရောက်သွားပြန်ပေသည်။
သူသည် သူ ငယ်စဥ်ကာလများကို တွေးမိခဲ့သည်။ လေထဲတွင် ပြည့်နေသည့် နှင်းပွင့်စက်လေးများက သူ့ကို လွန်လေပြီးသော အချိန်ကာလများဆီ ခေါ်ဆောင်သွားသည်ဟု ထင်မှတ်ရပေသည်။ သူ ငယ်ရွယ်စဥ်ကာလ ချင်းကျူကျောင်းတော်တွင် ကျင့်ကြံနေစဥ် ယူချင်းသည်လည်း ထိုနေရာ၌ ရှိနေကာ ဂျီယူ၊ ချင်းယွီ နှင့် ဆရာ ဟွာဖန်းလူတို့လည်း ရှိနေပေသည်။
သူသည် ထိုအချိန်ကာလများကို မည်သည့်အခါမှ မေ့လိမ့်မည် မဟုတ်ပေ။ သူသည် ထိုအရာများကို ယခု အမှတ်ရမိမှ ထိုအချိန်ကာလများက အလွန် ပျော်ရွှင်ဖွယ်ကောင်းသည်ဟု ထင်မှတ်မိပေသည်။
သူသည် ကန်ယီတိုင်းပြည်မှ ဒွန်ဟိုင်မြို့၊ အရှေ့မြေရိုင်းဒေသမှ စာအုပ်တောင်နှင့် ကော့တေးတို့အား တွေးဖြစ်ခဲ့သည်။
သူ၏ စိတ်ထဲတွင် လူများစွာလည်း ပေါ်ပေါက်လာသည်။ ယိချင်နှင့် ဆရာဒူတို့၏ မှတ်ဉာဏ်များမှ ပုံရိပ်တို့ ပေါ်ပေါက်လာသည်။ ဤမှတ်ဉာဏ်များသည် သူ၏ စိတ်ထဲတွင် ရေးထိုးထားသကဲ့သို့ ဖြစ်ပြီး သူက သူတို့အား မည်သည့်အခါမှ မေ့ပျောက်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့ကို ပြန်တွေးမိသည့်အခါ ယခုပင် သူ၏ မျက်စိရှေ့၌ ဖြစ်ပျက်နေသကဲ့သို့ ထင်မှတ်ရသည်။ ထိုသည်မှာ ထိုအမှတ်တရများက မည်မျှ လှပသည်ကို ပြသနေပေသည်။
ထိုအချိန်တွင် ရီဖူရှင်းသည် အလွန် သက်သောင့်သက်သာ ဖြစ်နေကာ သူသည် ယခင်ကထက် ပို၍ စိတ်ပေါ့ပါးလာပေသည်။ သူသည် အထက်ဘုံသို့ ရောက်ရှိလာကတည်းက သူ့ခရီးစဥ်တွင် များပြားလှသော အတွေ့အကြုံတို့ကို ရရှိခဲ့သည်။ ဤနှစ်များတွင် သူသည် သူ့ဆရာကို အဝေးသို့ ခေါ်ဆောင်ခံသွားရသည်ကို မြင်တွေ့ခဲ့ရပြီး ထိုသည်က သူ့အပေါ်တွင် မည်သို့ သက်ရောက်မှုရှိမည်ကို မည်သူသိမည်နည်း။
သူသည် အချိန်တစ်ခုထိ တိတ်ဆိတ်နေခဲ့ပြီး သူက မည်သည်ကို ခံစားနေသည်အား သူ ကိုယ်တိုင်သာ သိရှိပေမည်။
လေက တိုက်ခတ်လာပြီး ရီဖူရှင်းပေါ်သို့ နှင်းစက်များ ကျဆင်းလာခဲ့သည်။ သူသည် ဖျင်အန်း၏ လေ့ကျင့်မှုကို ကြည့်နေဆဲပင် ဖြစ်သော်လည်း သူ့ မျက်လုံးများက ဗလာဖြစ်နေသည်ဟု သူမ ထင်မှတ်မိသည်။
တဖြည်းဖြည်းနှင့် သူမ၏ ပုံရိပ်သည် ဝေးကွာလာခဲ့သည်။ သူမသည် သူ၏ အရှေ့တွင် ရှိမနေတော့ပေ။ သူ၏ အသိစိတ်က အဝေးတစ်နေရာဆီ လွင့်ပျံ့သွားသည်ဟု ထင်မှတ်ရသည်။ သူသည် မြေပြင်တွင် ရပ်နေခြင်း မဟုတ်တော့ဘဲ ကောင်းကင်ထက်တွင် ရပ်နေခဲ့သည်။
သူ၏ အသိစိတ်က လေထဲမှ နှင်းပွင့်တစ်ပွင့် ဖြစ်လာခဲ့သည်။ သူသည် လေထဲတွင် ကခုန်နေသည်။ သူသည် ဖျင်အန်းကိုသာမက နှင်းလွှမ်းတောင်ထိပ်တစ်ခုလုံး တောင်တန်းတစ်ကြောလုံးကိုလည်း မြင်တွေ့ရပေသည်။ အရာအားလုံးက သူ့မျက်စိရှေ့၌ပင် ရှိနေသကဲ့သို့ ဖြစ်သည်။
နှင်းထုသည် သိပ်သည်းသထက် သိပ်သည်းလာပြီး သူက လေထဲတွင် ငှက်မွေးလေးတစ်ခုကဲ့သို့ ကခုန်နေသည်။ သူသည် မည်မျှကြာသည်ထိ ထိုသို့လုပ်နေမိသည်ကို မသိတော့ပေ။ နောက်ဆုံး၌ ဓားက ရပ်တန့်သွားပြီး ဓားစွမ်းအားများလည်း ပျက်ပြယ်သွားသည်။ ဖျင်အန်းသည် လေ့ကျင့်နေခြင်းကို ရပ်တန့်သည်။ ယခင်က ဓားချီကြောင့် နှင်းစက်များက သူမပေါ်သို့ မကျရောက်နိုင်ခဲ့သော်လည်း ယခုတွင် သူမ လေ့ကျင့်နေခြင်း ရပ်တန့်သည့်အခါ နှင်းစက်များက သူမပေါ်သို့ စတင် သက်ဆင်းလာသည်။
သူမက လက်ကို ဆန့်ထုတ်ကာ နှင်းများကို လက်တစ်ဆုပ် ကောက်ယူသည်။ သန့်စင်၍ အပြစ်ကင်းသော သူမ မျက်နှာထက်တွင် တောက်ပ၍ လှပသည့် အပြုံးတစ်ခု ပေါ်ပေါက်လာသည်။
“သူ ဘာဖြစ်နေတာလဲ။” ရီဖူရှင်းသည် နှင်းများဖြင့် ဖုံးလွှမ်းနေပြီး နှင်းလူသားကဲ့သို့ ငြိမ်းချမ်းစွာ မလှုပ်မယှက် ထိုင်နေသည်ကို မြင်သည့်အခါ သူမ၏ မျက်နှာထက်တွင် သိချင်စိတ်တို့ ပေါ်ပေါက်လာသည်။ သူ၏ အသက်ရှုသံသည်လည်း ငြိမ်းချမ်းနေသည်။ အခြားထက် နှင်းများက သူ၏ ကိုယ်ငွေ့နွေးထွေးမှုကြောင့် ပျော်ဆင်းနေသော်လည်း သူ့တစ်ကိုယ်လုံးကို နှင်းများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်သည်။
ဖျင်အန်း လေ့ကျင့်နေခြင်းကို ရပ်တန့်သည့် အချိန်၌ပင် သူက မည်သည့် တုန့်ပြန်မှုမှ မရှိခဲ့ပေ။ သူမ၏ မျက်နှာထက်တွင် ထူးဆန်းသည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ သူက ကျင့်ကြံနေခြင်း ဖြစ်နိုင်သလား။
ထိုသို့တွေးလိုက်မိပြီး သူမသည် သူ့ကို မနှောက်ယှက်ရန် ဆုံးဖြတ်သည်။ သူမသည် သူ၏ စျာန်ဝင်စားခြင်းကို ဖျက်ဆီးမိမည်အား စိုးရွံ့မိပေသည်။
ထိုအချိန်တွင် တောင်ပေါ်၌ လေတိုက်ခတ်လာပြီး နှင်းမှုန်များကို လွင့်ပါးသွားစေသည်။ ကခုန်နေသည့် နှင်းများသည် ရီဖူရှင်းထံမှ ပျံသန်းထွက်သွားခဲ့သည်။
လေတိုက်ခတ်မှုက ဖျင်အန်းကို ချမ်းစိမ့် တုန်ယင်လာစေသည်။ သူမသည် တစ်စုံတစ်ခုကို ခံစားမိသော်လည်း နားလည်သဘောပေါက်ခြင်း မရှိပေ။ ထိုသည်မှာ လျှို့ဝှက်ဆန်းကြယ်သည့် ခံစားချက်ဖြစ်သည်။
“ဒါက ဘာလဲ” သူမက ရေရွတ်သည်။ လေတိုက်ခတ်လာသည်နှင့် ရီဖူရှင်းသည် မျက်လုံးများကို ဖွင့်ကာ ပြုံး၍ ထရပ်သည်။
“နိုးလာပြီလား” ဖျင်အန်းက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောလိုက်၏။ “ဟုတ်တယ်။ ဖျင်အန်း ငါလည်း ဓားစွမ်းရည် ကျင့်ကြံတာကြောင့် တချို့အရာတွေကို နားလည်သဘောပေါက်ထားတယ်။ ငါ မင်းကို တစ်ခုခု ပြစရာရှိတယ်။ အဲဒါက မင်းအတွက် အထောက်အကူ ဖြစ်နိုင်တယ်။”
“ဟုတ်ကဲ့” ဖျင်အန်းက ခေါင်းညိတ်ကာ ပြောသည်။ ရီဖူရှင်းက သူမအား သူ၏ ဓားစွမ်းရည်မှ တချို့ကို သင်ကြားပေးမည်လား။
သူက သူမကို အနည်းငယ် သင်ကြားပေးပြီး ဖြစ်သော်လည်း ဤကဲ့သို့ မဟုတ်ပေ။
ထိုအချိန်တွင် ရီဖူရှင်း၏ မျက်လုံးများက တောက်ပလာပြီး ဓားစွမ်းရည်က သူတို့အနီးတွင် အော်မြည်လှည့်ပတ်လာသည်။
“မခုခံနဲ့” သူက ပြောသည်။ သူက ဖျင်အန်းကို ကြည့်လိုက်ပြီး သူမသည် သူမ၏ စိတ်အတွင်းသို့ စိတ်ဝိညာဥ် စွမ်းအားတို့ ဝင်ရောက်သွားသည်အား ခံစားမိသည်။ သူမသည် အရင်ဆုံး ဓားတစ်လက်ကို မြင်တွေ့လိုက်ရပြီး ထို့နောက်တွင် မရေတွက်နိုင်သော မဟာလမ်းစဥ် ဓားများပေါ်ပေါက်လာသည်။ ဓားတိုင်းတွင် မဟာလမ်းစဥ် အနှစ်သာရများ ပါဝင်နေသည်။
တခဏအတွင်း၌ သူမ၏ စိတ်ထဲတွင် ဓားများဖြင့် ပြည့်နှက်သွားသည်။ သူမသည် တစ်လောကလုံး၌ ဓားများဖြင့်သာ ပြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူမသည် ဓားလောကအတွင်းသို့ ဝင်ရောက်သွားခဲ့၏။
ချက်ချင်းပင် ရီဖူရှင်းသည် အဝေးသို့ ကြည့်လိုက်ပြီး သူ့မျက်လုံးများက တစ်ဖန်တည်ငြိမ်သွားခဲ့၏။ ဤနှစ်များအတွင်း သူ နားလည်သဘောပေါက်ခဲ့သည့် ဓားပညာများကို ပြိုင်ဘက်ကင်း နည်းလမ်းဖြင့် ဖျင်အန်း၏ စိတ်အတွင်းတွင် တိုက်ရိုက် စွဲထင်စေခဲ့သည်။ ထို့နောက်တွင် သူမ၏ ဓားစွမ်းရည်က မည်မျှ တိုးတက်လာမည်မှာ သူမအပေါ်တွင်သာ မူတည်တော့သည်။
ရီဖူရှင်းသည် ပြန်လှည့်၍ နှင်းများကို ဖြတ်ကာ လျှောက်လာသည်။ နှင်းစက်မှုန်များက သူ့အပေါ်သို့ ကျဆင်းနေဆဲ ဖြစ်၏။
ဖျင်အန်းသည် ထိုနေရာ၌ ရပ်နေဆဲဖြစ်ကာ သူမက အေးခဲနေခဲ့သည်။ သူမအနီးတွင် အဆုံးမဲ့ ဓားစွမ်းအားများက စီးဆင်းနေခဲ့သည်။ ခဏကြာပြီးနောက်တွင် သူမ၏ ခန္ဓာကိုယ်အတွင်းမှ ဓားချီများက မြင့်တက်လာခဲ့၏။ ရွှီဖျင်အန်းသည် နောက်တစ်ဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
***