ဆက်ဆံရေး ဖော်ထုတ်ခံလိုက်ရပြီ
Vol. 121 Ch. 1815
ကျိုးဟိုင်တွင် မနက်လေးနာရီ အချိန်အခါဖြစ်၏။
ကျီချင်းရန်သည် သူမ၏ အိပ်မက်ဆိုးမှ လန့်နိုးလာသည့်နှယ် နဖူးတစ်ပြင်လုံး၌ ချွေးအေးတို့ ဖုံးလွှမ်းနေလျက် ရှိသည်။
ရက်အနည်းငယ်ကြာပြီးသည့်နောက် ကျီချင်းရန်မှာ အတော်လေး ဝိတ်ကျသွားခဲ့သည်။ မူလက ပေါင်တစ်ရာကျော် ရှိသော်လည်း သို့သော် ယခု ပေါင် ၈၀ အထိ လျော့ကျသွားခဲ့လေသည်။
ကျီချင်းရန် လန့်နိုးလာခဲ့သည့် အချိန်၌ ကြမ်းပြင်တွင် အိပ်စက်နေသည့် ဟော်ယွမ်ယွမ်သည်လည်း ရုတ်တရက် ထထိုင်လာသည်။
ယခင် ရက်များ၌ ဟော်ယွမ်ယွမ်သည် မည်သည့်နေရာကိုမျှ မသွားခဲ့ချေ။ သူ့ အစ်မကျီကို အဖော်ပြုပေးရန်အတွက် ကျိုကျုံးဗီလာ၌သာ နေထိုင်ခဲ့၏။
“ အစ်မကျီ … နင် ခုမှ အိပ်တာ နာရီဝက်ပဲ ရှိသေးတယ်လေ… ဘာလို့ ပြန်နိုးလာတာလဲ …”
“ ငါ ထပ် အိပ်လို့ မရတော့ဘူး … ခေါင်းတွေ အရမ်းကိုက်တယ်…” ကျီချင်းရန်သည် မျက်မှောင် အတူ တင်းကြပ်စွာ ကြုတ်ထားရင်း နားထင်နှစ်ခုအား နှိပ်နယ်နေလျက် ရှိ၏။
“ သူ့ဆီက သတင်းမကြားရတာ ရက်တွေလည်း အတော်ကြာနေပြီ … ငါ့စိတ်တွေ အရမ်းလေးနေတယ် ယွမ်ယွမ်…”
“ နင်ကိုက အတွေးလွန်နေတာပါ အစ်မကျီရယ်…” ဟော်ယွမ်ယွမ် သူမကို နှစ်သိမ့်ပေးလိုက်၏။
“ သူဌေးက ဒီလောက် အင်အားကြီးတာ သူ့ကို ဘာများ ဖြစ်နိုင်မှာမို့လို့ … တစ်ကမ္ဘာလုံး တစ်ခုခု ဖြစ်တယ်ဆိုရင်တောင် သူ့ကိုတော့ ဘာမှ မဖြစ်နိုင်ဘူး … ပူမနေနဲ့ …”
“ ဒါဆို ဒီလောက် ရက်တွေ ကြာနေပြီကို ဘာလို့ သတင်းမကြားရသေးလဲ …”
“ ဒါက . . …”
ဟော်ယွမ်ယွမ် ပြောစရာ စကား ကင်းမဲ့သွားပြီး မည်သို့ ရှင်းပြရမှန်း မသိတော့ချေ။
“ အကြောင်း တစ်ခုခုကြောင့် ကြန့်ကြာနေတာ ဖြစ်မှာပေါ့ …” ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ပြီးတော့ တွေးကြည့်လိုက် … ဟိုမှာ အဲ့လိုတွေ ဖြစ်နေတယ် ဆိုပေမယ့် သူ့ကို တိုက်ရိုက် ဦးတည်နေတာမှ မဟုတ်တာ … သူက ဘာဖြစ်နိုင်မှာမို့လို့ … အစ်မ နင် ဒီအတိုင်း ဆက်သွားနေလို့ မဖြစ်တော့ဘူးနော်…”
“ ငါ တစ်ယောက်တည်း နေဦးမယ်…”
ကျီချင်းရန် သူမ၏ နဖူးကို ကိုင်ထားရင်း မျက်နှာမှာ ချောင်ကျနေသည်။ မျက်လုံးအောက်တွင် အနက်ရောင် အကွင်းဝိုင်းကြီးများ ရှိနေပြီး ယခင် မြင်တွေ့ခဲ့ရသည့် ထူးချွန်ထက်မြက်သည့် အမျိုးသမီး စီအီးအို ပုံစံနှင့် လားလားမျှ မသက်ဆိုင်တော့ချေ။
ဟော်ယွမ်ယွမ် ကူကယ်ရာမဲ့စွာ ထွက်သွားခဲ့ပြီး ပထမထပ်ရှိ ရုပ်ရှင်ကြည့်ခန်းထဲမှ အရေးပေါ် ဆေးသေတ္တာအား ထုတ်ယူလိုက်သည်။
ထို့နောက် သိုက်လီရှင်း တစ်ထုပ် ဖောက်၍ ကျီချင်းရန်အတွက် ရေနွေးနှင့် ဖျော်ပေးလိုက်၏။
အကယ်၍ ယခု အခြေအနေအတိုင်းသာ ဆက်သွားနေမည်ဆိုပါက လင်းရီ မသေဘဲ သူမ အရင်သေသွားနိုင်သည်။ အရာအားလုံး ဘေးချိတ်ထားလျှင်ပင် ကောင်းကောင်းမွန်မွန်တော့ အိပ်စက်သင့်၏။
ဆေးနှင့်ရေအား ပြင်ဆင်ပြီးနောက် ဟော်ယွမ်ယွမ် အပေါ်ထပ်သို့ ပြန်ရောက်လာသည်။
“ အစ်မကျီ … ဆေးသောက်မယ်…”
ကျီချင်းရန် ခေါင်းခါရမ်းပြီး ဟော်ယွမ်ယွမ်ကို တွန်းထုတ်လိုက်သည်။ အလိုမကျမှုနှင့် စိတ်မရှည်မှုတို့က သူမ၏ မျက်နှာထက်တွင် အထင်းသား မြင်တွေ့နေရ၏။
ဤအရာကို မြင်တော့ ဟော်ယွမ်ယွမ် ခေါင်းကိုက်သွားခဲ့သည်။ ၎င်းတို့က စိတ်ဖိစိးမှု၏ အစောပိုင်း လက္ခဏာရပ်များပင်။
“ ဒါပေမယ့် ဒီအတိုင်း ဆက်နေလို့မှ မဖြစ်တာ …” ဟော်ယွမ်ယွမ် စိုးရိမ်စွာ ပြောလိုက်ပြီး “ သူဌေးက ပြန်တောင်မလာသေးဘူး … ဒါကို အစ်မကျီက ဒေါင်းနေပြီ… ဒါကြီးက မဟုတ်သေးဘူးနော်…”
“ အဆင်ပြေတယ်… ငါ့ကိုယ်ငါ သိတယ်…”
သူမ၏ နားထင်အား နှိပ်နယ်လိုက်ရင်း ခွက်ကို ဘေးဖယ်ထားလိုက်၏။
“ ငါ အောက်ထပ်ဆင်းပြီး ခဏသွားထိုင်လိုက်ဦးမယ်… ဒီထဲမှာနေရင် အသက်ရှူလို့ မကောင်းဘူး …”
“ ကောင်းပြီလေ.. သွားစို့ … ခြံဝန်းထဲ လမ်းခဏလျှောက်ကြမယ်…”
ဟော်ယွမ်ယွမ်သည် ကျီချင်းရန်အား အိပ်ရာပေါ်မ ထရန် ကူညီပေးလိုက်၏။
“ နင်ဒီလိုတွေ လုပ်စရာမလိုပါဘူး … ငါက လူနာလည်း မဟုတ်ပဲနဲ့ …” ကျီချင်းရန် အတင်းလုပ်ယူ ပြုံးလိုက်ပြီး “ ငါ အဆင်ပြေပါတယ်…”
“ ပြီးတာပဲ … ဒါပေမယ့် လမ်းလျှောက်ရင်တော့ ဂရုစိုက်ဦးနော်…”
ဟော်ယွမ်ယွမ် ပြောလိုက်ပြီး “ ခဏနေကျရင် စောင့်ကြည့်ပေးဖို့ လူတစ်ယောက် ခေါ်လိုက်ဦးမယ်… ဒီရက်တွေထဲ ဟုတ်တိပတ်တိလည်း စားထားတာ မဟုတ်ဘူး … ဒီအတိုင်း ဆက်သွားနေရင် အဆင်မပြေတော့ဘူး …”
ကျီချင်းရန် ဘာမျှ မဆိုပေ။ သို့သော် သူမမှာ စားသောက်ချင်စိတ် လုံးဝ ပျောက်ရှနေခဲ့၏။
ဖြည်းညင်းစွာဖြင့် နှစ်ယောက်သား အောက်သို့ ဆင်းလာသည်။
ဟော်ယွမ်ယွမ်သည် လိုက်ကာများနှင့် ပြတင်းပေါက်များအား ဖွင့်လိုက်ပြီး ဗီလာတွင်းသို့ လေဝင်လေထွက် ကောင်းအောင် ပြုလုပ်လိုက်သည်။
ဒေါက် ဒေါက် ဒေါက် ….
ဟော်ယွမ်ယွမ် လိုက်ကာများ ဆွဲနေသည့် အချိန်မှာပဲ ရုတ်ချည်းဆိုသလို တံခါးဝသို့ ခေါက်သံ တစ်သံ ထွက်ပေါ်လာသည်။
နှစ်ယောက်မှာ တစ်ယောက်ကိုယ်တစ်ယောက် အကြည့်ချင်း ဆုံမိသွားခဲ့၏။
ကျီချင်းရန် စိတ်လှုပ်ရှားတကြီးဖြင့် မတ်တပ်ရပ်လိုက်ပြီး “ လင်းရီ ပြန်လာပြီ …”
ထပ်မစောင့်နိုင်တော့ပဲ ဆိုဖာပေါ်မှ ထကာ တံခါးဝသို့ ပြေးသွားလိုက်သည်။
တစ်ခါတစ်ရံ လူတစ်ယောက်အား ခွန်အားတက်ကြွစေရန်အတွက် တံခါး ခေါက်သံ တစ်ချို့သာလျှင် လိုအပ်တတ်၏။
တစ်ချိန်တည်းတွင် ဟော်ယွမ်ယွမ်လည်း တံခါးပေါက်သို့ ရောက်လာသည်။
သူမ တံခါးဖွင့်လိုက်သည့် အချိန်၌ အပြင်ဘက်တွင် မည်သူကမျှ ရှိမနေသည်ကို သတိပြုမိလိုက်၏။
“ ဟင် … ဘယ်သူ တံခါး လာခေါက်တာလဲ ..” ဟော်ယွမ်ယွမ် ရေရွတ်လိုက်မိ၏။
“ ချီးပဲ ဘော့စ် … ရှင်ဘယ်လဲ ရောက်နေတာ … ခုလို အချိန်မျိုးမှာတောင် ဒီလို ကလေးဆန်တဲ့ လှည့်ကွက်တွေ သုံးနေတုန်းလား … အမြန်ထွက်လာခဲ့စမ်း …”
ဟော်ယွမ်ယွမ်မှာ လင်းရီအကြောင်း ကောင်းကောင်းသိသည်။ သူက ထိုသို့ ပြုလုပ်မည့် ကောင်စားမျိုးပင်။
“ အော်မနေနဲ့ … ငါတော့ လင်းရီ ပြန်လာတာလို့ မထင်ဘူး …” ကျီချင်းရန် ချက်ချင်း စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့ပြီး ကြမ်းခင်းနာရှိ ထူထဲသည့် စာဖိုင်တစ်ခုကို ညွှန်ပြလိုက်သည်။
“ တစ်ယောက်ယောက်က ဒါကို တံခါးဝမှာ လာထားသွားသလိုပဲ …”
ဟော်ယွမ်ယွမ် ငုံ့ကြည့်လိုက်တော့ ကြမ်းပြင်ပေါ်၌ အညိုရောင် စာဖိုင်အိတ် တစ်ခုကို မြင်တွေ့လိုက်ရသည်။ စာအိတ်က အတော်လေး ဖောင်းကားနေပြီး အတွင်း၌ စာရွက်စာတမ်း အတော်များများ ပါမည့်ဟန်ပင်။
“ ဘယ်သူကများ လာထားသွားပါလိမ့်…”
ဟော်ယွမ်ယွမ် ရေရွတ်ရင်း ထို အညိုရောင်စာဖိုင်အိတ်အား ကောက်ယူလိုက်သည်။ ထို့နောက် တံခါးကိုပိတ်၍ နှစ်ယောက်သား အထဲပြန်လာခဲ့လိုက်သည်။
ကျီချင်းရန်မှာ စာအိတ်ထဲရှိ အကြောင်းအရာများအား စိတ်ဝင်စားမနေသလို ဟော်ယွမ်ယွမ်သည်လည်း အလားတူပင်။ သူမ ဘေးသို့ လွင့်ပစ်ထားလိုက်ပြီး ကျီချင်းရန်ကိုပဲ အကဲခတ်နေလိုက်၏။
မနက်ခင်း ခြောက်နာရီကျော်တော့ ဟော်ယွမ်ယွမ် မှာထားသည့် မနက်စာက အိမ်သို့ ရောက်လာသည်။ ထို့နောက် ကျီချင်းရန်အား ဆန်ပြုတ်လေး နည်းနည်းလောက်ပဲ ဖြစ်ဖြစ် အတင်းအကြပ် စားခိုင်းသည်။
ကျီချင်းရန်က မလှုပ်မယှက် ဖြစ်နေသည်ကို မြင်တော့ ဟော်ယွမ်ယွမ်လည်း ဘာမျှ မတတ်နိုင်ပေ။
သူမက သာမန် အင်ဂျင်နီယာ သိပ္ပံကျောင်းသူတစ်ယောက်ဖြစ်ပြီး အခြားသူအား မည်သို့ ဂရုစိုက်ပေးရမည်ကို နားလည်သည့် လူတစ်ယောက် မဟုတ်ပေ။ သူမ တတ်နိုင်သည့်အရာကား သူငယ်ချင်း တစ်ယောက် အနေဖြင့် အနားတွင် ရှိနေပေးဖို့ပင်။
ပန်းကန်များအား ဆေးကြောသန့်စင်ပြီးနောက် ဟော်ယွမ်ယွမ်သည် စားပွဲပေါ်ရှိ စာဖိုင်ကို ပြန်သတိထားမိသွားခဲ့သည်။ သူမလည်း အားလပ်နေသဖြင့် ကောက်ယူပြီး ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဓာတ်ပုံတစ်ချို့ ရှိနေသည်ကို အံ့အားသင့်စွာ မြင်တွေ့လိုက်ရလေသည်။
ဓာတ်ပုံထဲတွင် ရှိနေသည့်လူတို့က လင်းရီနှင့် အခြား အမျိုးသမီး တစ်ယောက်တို့ ချစ်ခင် ကြင်နာ ယုယနေကြသည့်ပုံပင်။
အရေးကြီးဆုံးကတော့ ပုံထဲက အမျိုးသမီး ဘယ်သူလဲဆိုတာ သူမ ကောင်းကောင်း သိနေခဲ့၏။
လျန်ရူရွှယ်…
ကျိုးဟိုင်ရဲ့ အတွင်းရေးမှူး …
ဟော်ယွမ်ယွမ် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားခဲ့၏။ ဤအမျိုးသမီးနှင့် လင်းရီသည် ယခုလို ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်လို့ သူမ ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ချေ။
အစ်မကျီရဲ့ လက်ရှိ အခြေအနေအတိုင်းဆိုပါက ဤပုံများ မြင်တွေ့သွားသည်နှင့် စိတ်အခြေအနေမှာ ချက်ချင်း လဲပြိုသွားနိုင်လေသည်။
သူမ မမြင်မီ ဖျက်ဆီးပစ်ရမည် ဖြစ်၏။
သို့သော်လည်း ကိစ္စရပ်တို့က စိတ်ကူးထားသည့်အတိုင်း ဖြစ်မလာဘဲ ဟော်ယွမ်ယွမ် ဓာတ်ပုံများအား စုစည်း၍ အိတ်ထဲ ပြန်ထည့်မလို့ လုပ်နေစဉ်မှာပဲ ကျီချင်းရန်က ၎င်းတို့အား လက်ပူးလက်ကြပ် မိသွားခဲ့၏။
“ မလှုပ်နဲ့ …”
ကျီချင်းရန်သည် ဟော်ယွမ်ယွမ်ကို ရပ်တန့်လိုက်ပြီး အိတ်ထဲရှိ ဓာတ်ပုံများအား ကောက်ယူကြည့်လိုက်သည်။
သူမတို့ချင်း အဆက်အသွယ် သိပ်မရှိသော်လည်း ကျိုးဟိုင်ရှိ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေဖြင့် သူမသည်လည်း လျန်ရူရွှယ်ကို မျက်နှာရင်းနှီးနေသည်။
ကျီချင်းရန်၏ ကိုယ်မှာ တဆတ်ဆတ် တုန်ခါသွားခဲ့၏။
လင်းရီသည် ထိုအမျိုးသမီးနှင့် ယခုလို ဆက်ဆံရေးမျိုး ရှိနေလိမ့်မည်လို့ ထင်မထားခဲ့ချေ။
ထို့ပြင် ၎င်းတို့၏ အမူအရာတို့က အတော်လေး ရင်းနှီးနေပြီး အရူးတစ်ယောက်သည်ပင် ၎င်းတို့နှစ်ဦးကြား မည်သည့်ပတ်သက်မှုမျှ မရှိဟု ပြောလာမည်ဆိုပါက ယုံကြည်ပေးနိုင်မှာ မဟုတ်ချေ။
“ အစ်မကျီ… နင် ဒေါသမထွက်နဲ့ … ဒါ တစ်ခုခု အထင်လွဲနေတာ ဖြစ်ရမယ်.. တစ်ယောက်ယောက်က ဒါမျိုး ဖြစ်အောင် တမင်တကာ ကြံစည်ထားတာ သေချာတယ်…”
ဤတစ်ကြိမ်တွင်တော့ ဟော်ယွမ်ယွမ်သည်ပင် အမှန်တကယ် ထိတ်ထိတ်ပျာပျာ ဖြစ်မိနေပြီ ဖြစ်၏။
ဤကိစ္စက သူမ ကိုင်တွယ်နိုင်သည့် အတိုင်းအတာထက် ကျော်လွန်နေပြီး မည်သို့ ဆက်လက်ကိုင်တွယ်ရမှန်း မသိတော့ချေ။
ကျီချင်းရန်မှာ တိတ်ဆိတ်လျက်သာ ရှိနေပြီး ဓာတ်ပုံအား အချိန်အကြာကြီး စိုက်ကြည့်နေလျက် ရှိ၏။ သူမ ဓာတ်ပုံထဲရှိ လင်းရီကို အတော်ကြာအောင် စိုက်ကြည့်နေမိသည်။ ထို့နောက် ဘေးရှိ အမျိုးသမီးကို ကြည့်လိုက်၏။
သူမ၏ စိတ်ခံစားချက်တို့က တည်ငြိမ်နေသော်လည်း မျက်ရည်တို့က စတင်စီးဆင်းလာသည်။
“ အစ်မကျီ…”
“ နင် ပြန်တော့ … ငါ့ကို စိတ်မပူနဲ့ …”
“ ဘယ်လိုလုပ် ပြန်နိုင်မှာလဲ ..” ဟော်ယွမ်ယွမ်သည် စိုးရိမ်ကြောင့်ကြစွာဖြင့် ကိုယ့်ပေါင်ကို ဖြန်းကနဲ ရိုက်လိုက်ပြီး လင်းရီ၏ ဘိုးဘေးဆယ့်ရှစ်ဆက်အား စိတ်ထဲ၌ အားပါးတရ ကျိန်ဆဲနေမိတော့သည်။
“ ပြန်တော့ … နင်လည်း ဒီမှာ ရှိနေတာ အတော်ကြာနေပြီ… ပြန်ပြီး နားတော့ … ငါ ခဏလောက် တစ်ယောက်တည်းပဲ နေချင်တယ်…”
“ မဟုတ်ဘူး … ငါ မသွားနိုင်ဘူး …”
“ သွားတော့လို့ ….”
ဟော်ယွမ်ယွမ် ရှော့ခ်ရသွားခဲ့၏။ သူမတို့ ရင်းနှီးလာတာ နှစ်ပေါင်းများစွာ ကြာပြီ ဖြစ်သော်လည်း သူမ၏ အစ်မကျီမှ သူ့ကို ယခုလို လေသံမျိုးဖြင့် ပြောဆိုလာခဲ့သည်မှာ ပထမဆုံး အကြိမ်ပင်။
“ အစ်မကျီ … ငါ …..”
“ ပြန်တော့ … ငါ တကယ်ကြီး ခဏလောက် တစ်ယောက်တည်းပဲ နေချင်တယ်…”
ကျီချင်းရန်သည် လှေကား လက်ရန်းကို ကိုင်ထားပြီး ဖြည်းညင်းစွာဖြင့် အပေါ်သို့ တက်သွားခဲ့သည်။
သူမ၏ အထီးကျန်ဆန်သည့် နောက်ကျောအား အထင်းသား မြင်တွေ့နေနိုင်သည်။
ကျီချင်းရန်၏ နောက်ကျောပုံရိပ်အား ငေးမောရင်း ဟော်ယွမ်ယွမ် ရင်ထဲ ဆစ်ကနဲ နာကျင်သွားခဲ့ရသည်။ သို့သော် သူမ ကူကယ်ရာမဲ့သလို ခံစားလိုက်ရ၏။
“ မျိုးမစစ် .. မကောင်းတဲ့ကောင် … ပေါ်လာလို့ကတော့ သေအောင် ခုတ်ထစ်ပစ်ဦးမယ်…”
စာစဉ် (၁၂၁) ပြီး၏။