← Chapters

လျှို့ဝှက် အီးမေးလ်

Vol. 121 Ch. 1801

လျှို့ဝှက် အီးမေးလ်

Vol. 121 Ch. 1801

“ ငါ မစ်ရှင်တွေ လုပ်တုန်းက သူနဲ့ သုံးလေးကြိမ်လောက် ဆုံခဲ့ဖူးတယ်… သူ ဘယ်ကလာလဲ ငါမသိဘူး … ဒါပေမယ့် သူ့ရဲ့ စကေးတွေက တော်တော်ကို ကောင်းတာ … ငါတို့ တိုက်ခိုက်တဲ့ အကြိမ်တိုင်းလည်း သူပဲ နိုင်တယ်…” လင်းရီ ပြောလိုက်ပြီး “ ဒါကြောင့်မို့ ဘက်စ်သတ္တုကို ယူသွားတဲ့လူက သူ ဖြစ်နေတာကို ငါ လက်ခံနိုင်တာပဲ … အနည်းဆုံးတော့ ဟို စက်ဆုပ်ဖို့ကောင်းတဲ့ လူတွေ လက်ထဲ မရောက်သွားခဲ့ဖူးလေ…”

“ အမှန်ပဲ … သူတို့ရဲ့ လယ်ဗယ်က စန်တာ ကလယ်မှာ ရှိတဲ့ လူတွေထက်ကို တကယ်လည်း အပုံကြီးသာတယ်…” ကျိုလျန် ပြောလိုက်ပြီး “ သူ ကျုပ်ကို ကန်လိုက်တုန်းကဆို အရိုးတွေတောင် ကျိုးတော့မလိုဘဲ …”

“ ဒါကြောင့်မို့ သူ့ဆီ ရှုံးသွားတာ ဘာမှမှားယွင်းမနေဘူးလို့ ပြောတာပေါ့ … သူက ထိုက်တန်တဲ့ ပြိုင်ဘက်ပဲ …”

“ ဟင်း …. ဒီတိုင်း နှမြောဖို့ ကောင်းတယ်…”

“ ကောင်းပြီ… ခု လောလောဆယ် အသုံးမဝင်တော့တာတွေ ပြောမနေနဲ့တော့ … “ လင်းရီ ပြောလိုက်ပြီး “ ခဏလေး ကောင်းကောင်းနားလိုက် … ငါ ရုံးချုပ်ကို ဆက်သွယ်နိုင်မယ့် နည်းလမ်း ရှာလိုက်မယ်…”

“ ဟုတ်ကဲ့ …”

ထို့နောက် လင်းရီသည် ဒေါက်တာနားမှ လက်တော့ အဟောင်းတစ်လုံး ရရှိလိုက်သည်။

အနည်းငယ် ဒိတ်အောက်နေပြီ ဆိုသော်လည်း လိုင်းတက်၍တော့ ရသေး၏။ ဤသည်ကပင် သူ့အတွက် လုံလောက်နေချေပြီ။

….

ဟွာရှ။ ရန်ကျင်း။ ညသန်းခေါင်အချိန်။

ကျုံးဝေ့တပ်ဖွဲ့ တိုက်ခိုက်ရေးအသင်း၏ အမိန့်ပေးခန်းထဲတွင် လူတို့က နဂိုပုံစံ အတိုင်း ရှိနေကြဆဲပင်။ သို့သော် လူတိုင်းက မျက်နှာသေကြီးများနှင့် ဖြစ်နေကြပြီး တိတ်ဆိတ်စွာ ရှိနေကြ၏။

ဤသို့သော အခြေအနေမျိုး ဖြစ်တည်နေသည်မှာ နာရီ ရာနှင့်ချီ ကြာနေချေပြီ။

“ ခေါင်းဆောင် … ပြန်ပြီး နားလိုက်ပါ … ကျုပ်တို့ ဒီမှာနေပြီး စောင့်ကြည့်လိုက်ပါ့မယ်… သတင်းထူး တစ်စုံတစ်ရာ ရှိလာရင် ကျုပ်တို့ ချက်ချင်း အကြောင်းကြားပေးမယ်…”

ရုံးခန်းထဲတွင် လျိုဟုန်သည် လုပေချိန်အား ကြည့်၍ ပြောလိုက်သည်။

လင်းရီ ပျောက်ဆုံးနေသည့် ဤရက်များအတွင်း၌ လုပေချိန်က ကျုံးဝေ့တပ်ဖွဲ့၏ အခြေစိုက်စခန်းထဲမှ ခြေတစ်လှမ်း မရွေ့ခဲ့ပေ။ အကယ်၍ သူ မည်သို့မျှ ဆက်လက်တောင့်မခံနိုင်တော့သည့် အချိန်၌ ခေတ္တ ပြန်ပြီး အနားယူသော်လည်း အိပ်ရာနိုးသည်နှင့် ချက်ချင်း ပြန်ရောက်လာသည်။

လင်းရီ သေသည်ဖြစ်စေ၊ ရှင်သည် ဖြစ်စေ ၊ သူ့ဘက်က သတင်းကို စောင့်ဆိုင်းရမည် ဖြစ်၏။

“ ငါ့ အသက်ကြီးနေပြီ ဆိုပေမယ့် ဒီလောက်ကတော့ နေနိုင်သေးတယ်… ငါအကြောင်း စိတ်မပူနဲ့ …”

“ ခေါင်းဆောင် လင်းရီကို စိတ်ပူနေတာ ကျုပ်တို့ နားလည်တယ်… ဒါပေမယ့် ခေါင်းဆောင်ရဲ့ ကျန်းမာရေးကလည်း အရေးကြီးတယ်လေ… ခေါင်းဆောင် ဒီနေ့ တစ်နေ့လုံး တစ်ရေးမှ မအိပ်ရသေးဘူးမလား …” ချောင်ကျားတုမှ ပြောလိုက်သည်။

“ အဆင်ပြေတယ်… ငါ လုပ်နေတာကို ငါ သိတယ်…” လုပေချိန် ထူးမခြားနား အမူအရာဖြင့်သာ ခွန်းတုံ့ပြန်လိုက်သည်။

လျိုဟုန်မှာ မကြည့်ရက်တော့ဘဲ သူ့အား ဖြောင်းဖျချင်သည်။ သို့သော် မည်သို့စကားဆိုရမှန်းကို သူ မသိပေ။ လင်းရီနှင့် အဆက်အသွယ် ပျောက်ဆုံးနေသည်မှာ နာရီ တစ်ရာကျော်မျှ ကြာမြင့်နေပြီ ဖြစ်ပြီး ၎င်းတို့ ဝန်မခံချင်သော်လည်း စိတ်ထဲတွင် အနည်းနှင့်အများတော့ အဆိုးဆုံး အခြေအနေအား တွေးတောထားပြီးကြပြီ ဖြစ်၏။

လင်းရီ အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိဟု သူတို့ တွေးထင်ထားခဲ့ကြသည်။

လျိုဟုန်သည်ပင် အလားတူစွာ ခံစားနေခဲ့ရ၏။

သို့သော် ထိုသို့သော အတွေးမျိုး ဝင်လာသည်နှင့် ကိုယ့်ပါးကိုယ် ဖြတ်ရိုက်၍ ပြန်လည်နိုးကြားအောင် ပြုလုပ်လိုက်သည်။

စိတ်ထဲတွင် လင်းရီ သေမှာ မဟုတ်ဘူးဟု အကြိမ်ပေါင်းများစွာ ရေရွတ်ရင်း သူ့ကိုယ်သူ ပြန်သတိပေးသည်။ လင်းရီ သေမှာ မဟုတ်ချေ။ သူ ကျိန်းသေပေါက် အဆင်ပြေသည်။ ကျိန်းသေပေါက် ဘေးကင်းလုံခြုံစွာနှင့် ဤနေရာသို့ ပြန်ကို ပြန်လာနိုင်သည်။

“ ခေါင်းဆောင်လျို … လင်းရီဆီက သတင်းရပြီ…”

ယူနီဖောင်းဝတ်ထားသည့် လူငယ် တစ်ယောက်မှ ရုံးခန်းထဲသို့ အလျင်အမြန် ပြေးလာပြီး သူတို့နှစ်ယောက်ထံသို့ သတင်းပို့၏။

“ တင်ပြပါတယ်… ခေါင်းဆောင်လင်းဆီက သတင်းအချက်ပြမှုကို လက်ခံရရှိပါတယ်… သူ အခု စန်တို့စ်ကို ကောင်းကောင်းမွန်မွန်နဲ့ ရောက်နေပါတယ်တဲ့ဗျ….”

ထိုသတင်းကို ကြားတော့ သုံးယောက်လုံး စိတ်လှုပ်ရှားကြီးစွာဖြင့် မတ်တပ်ထရပ်မိသွားခဲ့ကြ၏။

၎င်းတို့ မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုတို့က ညကောင်းကင်ယံရှိ မီးရှူးမီးပန်းများကဲ့သို့ ၀င်းလက်နေသည်။ ၎င်းတို့ ခန္ဓာကိုယ်ထဲရှိ သွေးများပင် တဝေါဝေါနှင့် စီးဆင်းနေသယောင် ခံစားလိုက်ရသည်။

သူတို့တွေ သတင်းအဆက်အသွယ် ပျက်နေရာ နာရီတစ်ရာကျော်လောက် ရှိနေပြီ။

အဲ့ဒီ အချိန်မှာ သူက တိတ်တိတ်လေး စန်တာ ကလယ်ရာကနေ စန်တို့စ်ကို ရောက်နေတယ်ပေါ့။

လင်းရီ ဘယ်လိုလုပ်သွားခဲ့လဲဆိုတာကို မည်သူမျှ မသိကြ။ သို့သော် ထိုအချင်းအရာက အရေးမကြီးပေ။

လင်းရီ အသက်ရှင်နေသေးသည်ဆိုသည့် အချက်ကပင် ကျုံးဝေ့တပ်ဖွဲ့တစ်ခုလုံးအား စိတ်သက်သာ ရသွားစေခဲ့သည်။

“ ဒီစောက်ကလေး တော်တော်မလွယ်တဲ့ကောင် … ဒီလောက် အုပ်လိုက်ကြီး ပိတ်ဆို့ပြီး အလိုက်ခံနေရတာတောင် စန်တို့စ်ကို ရောက်အောင် ပြေးသွားနိုင်တယ်…”

လျိုဟုန် သူ့ပေါင်သူ စိတ်လှုပ်ရှားတကြီးဖြင့် ဖြန်းခနဲ ရိုက်လိုက်ပြီး မျက်ရည်များပင် စီးကျလာခဲ့မိ၏။

“ သွားပြီး တစ်ချက် ကြည့်ကြစို့ …”

သုံးယောက်လုံး အမိန့်ပေးခန်းအတွင်းသို့ ရောက်လာခဲ့ကြသည်။ လူတိုင်းက ရွှင်ပြသည့် မျက်နှာအမူအရာများဖြင့် ဖြစ်နေခဲ့ကြ၏။

သူတို့အဖို့ ပျော်ရွှင်ဝမ်းမြှောက်မှုက ပြောမပြနိုင်လောက်အောင်ကိုပင်။

ဤသို့သော အချင်းအရာမျိုးက ရှည်လျားသည့် စစ်ပွဲသမိုင်း စာမျက်နှာများအတွင်း၌ပင် မကြားခဲ့ဖူးသည့် အရာတစ်ခု ဖြစ်၏။

“ သူ ဘာပြောသေးလဲ ….”

ရောက်ရောက်ချင်းပဲ ဆက်သွယ်ရေးအရာရှိထံသို့ လျိုဟုန် တက်ကြွနေသည့် လေသံဖြင့် မေးမြန်းလိုက်သည်။

“ ခေါင်းဆောင်လင်းပြောတာ သူတို့ အတော်လေး လုံခြုံတဲ့ နေရာတစ်ခု ရောက်နေပြီး အချိန်တစ်ခုလောက်အထိတော့ ပြဿနာ မရှိဘူး ပြောပါတယ်… ကျုပ်တို့တွေ အကူအင်အား ပို့ပေးဖို့ လိုပါတယ်…”

“ ကောင်းပြီ… အသင်း ၂ နဲ့ ၃ က လူတွေကို အဲ့ဒီ နေရာသွားဖို့ ချက်ချင်း အမိန့်ပေးလိုက် … လင်းရီကို မစိုးရိမ်ဖို့ ပြောလိုက် .. အကူ အင်အားစုတွေ ခဏနေဆို ရောက်ပြီ…”

“ ဟုတ်ကဲ့ …”

လျိုဟုန် အမိန့်ပေးပြီးနောက် ဝမ်ထင်ရှန်းသည်လည်း အလားတူ ထိုသတင်းအား လက်ခံရရှိလိုက်သည်။

သို့သော် သူ၏ သွင်ပြင်အမူအရာတော့ ကြည့်လို့ကောင်းမနေချေ။

အခန်းထဲရှိ အခြားသူများလည်း တူညီသည့် အမူအရာတို့ဖြင့် ဖြစ်နေခဲ့ကြ၏။

“ ဒီကောင် ငါလခွမ်းလို ဖြစ်ပြီး အဲ့ရောက်သွားခဲ့တာလား … နာရီ တစ်ရာကျော်နီးပါး ပျောက်နေပြီးတော့ အခု စန်တို့စ်ကို ရောက်နေတယ်တဲ့လား …”

အဆိုပါ မေးခွန်းအား ဝမ်ထင်ရှန်း တစ်ယောက်တည်းသာ အဖြေသိချင်နေသည် မဟုတ်ဘဲ အခန်းတွင်းရှိ ကျန်သူများလည်း သိချင်နေကြသည်။

“ သူ ကြိုပြီး လွတ်မြောက်သွားတာ ဖြစ်နိုင်လောက်လား … ဒါမှမဟုတ် စန်တာ ကလယ်ရာမှာ လွှတ်ထားတဲ့လူတွေ သူတို့အလုပ်သူတို့ တာဝန်မကျေကြတာများလား …” ချိန်ချူဖုန်း ပြောလိုက်သည်။

“ စန်တို့စ်က ပနားမားရဲ့ မြို့ကြီးတစ်မြို့ပဲ … သူ လွတ်မြောက်သွားတယ်ဆိုရင် ကျုံးဝေ့တပ်ဖွဲ့ဆီ ချက်ချင်း ဆက်သွယ်မှာ သေချာတယ်… ဒီလောက်ထိ ရက်တွေကြာအောင် အချိန်ဆွဲနေမှာ မဟုတ်ဘူး …”

အတန်ငယ်ကြာအောင် အတွေးနက်နေပြီးနောက် ချိန်ချူဖုန်း ပြောလိုက်သည်။

“ ဒီအဘိုးကြီး ထင်တာတော့ သူ အရင်ရက်တွေတုန်းက စန်တာ ကလယ်ရာမှာပဲ ပုန်းနေလောက်တယ်… ဘယ်လို လွတ်မြောက်လာခဲ့တာလဲဆိုတာတော့ ကြည့်ရမှာပဲ …”

အခန်းထဲရှိ လူတိုင်းလည်း ချိန်ချူဖုန်း၏ စကားကို ထောက်ခံလိုက်ကြသည်။

လင်းရီ လွတ်မြောက်သွားခဲ့သည့် ကိစ္စက သူတို့အား အတော်လေး မသက်မသာ ဖြစ်စေသည်။ စန်တာ ကလယ်ရာမြို့တွင် အနည်းဆုံး လူ တစ်ထောင်နီးပါးက ပိုက်စိပ်တိုက် ရှာဖွေနေကြပြီး မြို့၏ လှည်းနေလှေအောက် မြင်းစောင်းပါမကျန် ရှာဖွေနေကြသည်ဟု ပြော၍ရသည်။

သို့တိုင် … လင်းရီ၏ ခြေရာလက်ရာ အစအနကိုပင် မမြင်တွေ့ရပဲ စန်တို့စ် မြို့ကြီးသို့ပင် ထွက်ပြေးလွတ်မြောက်သွားစေလိုက်သေးသည်။

ဤသတင်းက လင်းရီသည် အဘယ်မျှ ကြောက်မက်ဖွယ် ကောင်းသည့် လူတစ်ယောက် ဖြစ်ကြောင်းကို သတိပေးလိုက်သည့်နှယ် သူတို့၏ ဦးခေါင်းများ တုန်လှုပ်သွားခဲ့ကြ၏။

“ လီမီ… ချိန်ကွမ်းကျဲ့ကို ဒီသတင်း ဖြန့်ဖို့ ပြောလိုက် … စန်တာ ကလယ်ရာမှာ ဆက်ရှာနေစရာ အကြောင်းမရှိတော့ဘူး …”

“ နားလည်ပါပြီ… ကျုပ် အခုပဲ အသိပေးလိုက်ပါ့မယ်…”

…………

ရန်ကျင်းသို့ ပြန်ရောက်လာခဲ့ပြီးနောက် လျန်ရူရွှယ်သည် ချက်ချင်း ပြန်မထွက်သွားသေးချေ။

လင်းရီထံက သတင်းအဆက်အသွယ်လည်း မရှိသဖြင့် အလုပ်လုပ်ဖို့ကို စိတ်လည်း ပါမနေချေ။

ထို့ပြင် သူမအဖို့ အိမ်ပြန်လာနိုင်ရန်က လွယ်ကူလှသည် မဟုတ်ပေ။ လျန်ရှန့်ဟော်ကလည်း သူ့မြေးမလေး အမြန်ကြီး ပြန်သွားမှာကို မလိုချင်သဖြင့် အိမ်တွင် ရက်အနည်းငယ်ကြာ ဆက်နေခိုင်းထား၏။

“ တစ်နေကုန် စိတ်သောက ရောက်မနေနဲ့လေ … မြေးရဲ့ လက်ရှိ အနေအထားနဲ့ ဒီပြဿနာကို ဖြေရှင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး …” ခြံဝန်းထဲတွင် လျန်ရှန့်ဟော်က ပြောလိုက်ပြီး “ အဘိုးတို့လည်း အဆက်အသွယ်ပြတ်နေတာ နာရီ တစ်ရာကျော်နီးပါးလောက်ရှိပြီ … သူ ဘယ်သွားခဲ့လဲဆိုတာ သိရအောင် ကြိုးစားနေတာပဲ …” “ အဘိုး ဒီကောင်လေး အကြောင်း သိပ်နားမလည်ဘူးဆိုပေမယ့် ဒီကောင်က စည်းမျဉ်းတွေအတိုင်း ကစားတဲ့ကောင် မဟုတ်တော့ သာမန် စဉ်းစားတွေးခေါ်ပုံနဲ့ တွေးတောလို့ မရတာခက်တယ်…”

“ ဘိုးဘိုး …. ဘာလို့ သူများကို အဲ့လောက်ထိ ဝေဖန်နေရတာ … သမီးကို ကူပြီး သူ ဘယ်သွားနိုင်လဲ စဉ်းစားပေးဦး ….”

“ အဘိုးလည်း သိရင် မြေးကို ပြောပြပြီးတာ ကြာပေါ့ … ဘာလို့ အခုထိ စောင့်နေဦးမှာ …”

လျန်ရူရွှယ်၏ နှုတ်ခမ်းတို့ စူထော်သွားခဲ့ပြီး အနားယူရန် မျက်လုံးအား မှိတ်လိုက်သည်။

သူမ ဘာစကားမှ ထပ်မပြောချင်တော့ပေ။

ကလင် ကလင် ကလင် ..

ထိုအချိန်တွင် လျန်ရှန့်ဟော်၏ ဖုန်းသံ မြည်လာခဲ့၏။ လျိုဟုန်ထံမှပင်။

“ ဘာသတင်းကြားပြီလဲ …”

နားထောင်နေရင်းဖြင့် လျန်ရှန့်ဟော်၏ အမူအရာမှာ ဝမ်းသာအားရ မျက်နှာထားဖြင့် စိတ်လှုပ်ရှားလာတော့သည်။ ဤသတင်းက ရုတ်တရက်ဆန်လွန်းပြီး အတော်လေးလည်း ရှော့ခ်ရဖို့ ကောင်းလွန်းလှ၏။

လျန်ရူရွှယ် သူမ၏ ထိုင်ခုံမှ ခေါင်းထောင်လာသည်။

သူမ၏ အလိုလိုသိစိတ်က ပြောပြနေသည်မှာ အဘိုးတို့တွေ လင်းရီအကြောင်း ဆွေးနွေးနေတာ ဟူ၍ပင်။

“ ဒီစောက်ကလေးက တော်တော် အံ့ဩဖို့ ကောင်းတာပဲ … ငါတို့ကောင်တွေ သူ့ကို အထင်သေးခဲ့မိတယ်…”

“ အေး ကောင်းပြီ… သတင်းအသစ်ရှိရင် ဖုန်းဆက်လိုက် …”

မကြာမီ လျန်ရှန့်ဟော် ဖုန်းချလိုက်ပြီး လျန်ရူရွှယ်အား အပြုံးလေးဖြင့် လှမ်းကြည့်လိုက်၏။

“ စိတ်မပူနဲ့တော့ … အဲ့စောက်ကလေးက အခု စန်တို့စ်မှာ … အချိန်တစ်ခုလာက်အထိတော့ လုံးဝ အန္တရာယ်ကင်းတယ်… ကျုံးဝေ့တပ်ဖွဲ့ကလည်း အကူတပ်ဖွဲ့တွေကို သူ ရှိတဲ့ နေရာဆီ သွားဖို့ ညွှန်ကြားထားပြီးပြီ …”

လျန်ရူရွှယ်သည် သူမ၏ ရင်ဘက်အား လက်ဖဝါးဖြင့် ဖိထားမိ၏။ သူမ၏ နှလုံးမှာ ရင်ဘက်ထဲမှ ခုန်ပေါက်ထွက်လာတော့မည်ဟူ၍ ခံစားနေရပြီး မျက်ဝန်းထဲမှ မျက်ရည်တို့ သူ့အလိုလို စီးကျလာသည်။

ဘာကြောင့် ငိုနေမိမှန်းလည်း သူမကိုယ်သူမ မသိပေ။

ဒူ ဒူ ဒူ ဒူ ….

ထိုခဏ၌ လျန်ရူရွှယ်သည် သူမ၏ ဖုန်းစခရင် လင်းလက်လာသည်ကို မြင်တွေ့လိုက်ရသည်။ ယင်းက မေးလ်တစ်စောင်ဖြစ်၏။

အီးမေးလ်ကို မြင်တော့ သူမ မနေနိုင်ဘဲ မျက်မှောင်ကြုတ်မိသွားခဲ့၏။

ဤသည်က သူမ၏ ကိုယ်ပိုင် မေးလ်လိပ်စာ ဖြစ်ပြီး ဤတစ်ခုအား သိသူ သိပ်မရှိချေ။

လျန်ရူရွှယ်သည် မေးလ်အား ဖွင့်ဖတ်လိုက်ပြီး ပို့လာသူက “ LRXI Love You “ နာမည်နှင့် မေးလ်ပိုင်ရှင် ဖြစ်နေသည်ကို မြင်တွေ့လိုက်ရသည်။

သို့သော် … စာပါ အကြောင်းအရာတို့က သူမအား ကြက်သေသေသွားခဲ့စေသည်။

“ ကျုံးဝေ့တပ်ဖွဲ့ထဲမှာ သစ္စာဖောက် ရှိနေတယ်… အကြီးအကဲလုကို ငါ နာရီ ၂၀ အတွင်း ကလော်နီမြို့ဆီ ဦးတည်မယ့် အကြောင်း ပြောလိုက် . . . . . . . . . . ”

All Chapters