ပြောင်းပြန် အစီအစဉ်
Vol. 121 Ch. 1803
တစ်ရက်ကျော်လွန်ပြီး ဖြစ်သော်လည်း ဆေးရုံရှိ သက်လတ်ပိုင်း စုံတွဲမှာ ကြောက်စိတ်မပြေကြသေးချေ။
လင်းရီ၏ ခြိမ်းခြောက်မှုအောက်၌ ဆေးရုံသည် အခြားလူများ ဝင်ရောက်နှောင့်ယှက်ခြင်း မရှိစေရန်အတွက် ပိတ်ထားခဲ့ရ၏။
လင်းရီ၏ ခြိမ်းခြောက်မှုအပြင် သူတို့အား ပိုပြီး ထိတ်လန့်သွားခဲ့စေသည်က ကားထဲတွင် သိုလှောင်ထားသည့် အရာများ ဖြစ်လေသည်။
“ ကျွန်မ ခုနက အပြင်ထွက်တော့ ကားထဲမှာ သွေးတွေ အများကြီး မြင်ခဲ့ရတယ် သိလား … အဲ့မှာ သေနတ်တစ်လက်ရောပဲ …” ဒေါက်တာ၏ ဇနီးမှ ကြောက်ရွံ့နေသည့် လေသံဖြင့် တိုးတိုးလေး ပြောလိုက်၏။
“ ကျွန်မတော့ သူတို့တွေက လူကောင်းဖြစ်မယ်လို့တော့ မထင်ဘူး …”
“ ငါဖြင့် မြင်ပြီးတာ ကြာပေါ့ …”
ဒေါက်တာလည်း ကြောက်လန့်နေသည့် လေသံဖြင့် တီးတိုးပြောလိုက်သည်။ “ မင်းကို မပြောရဲလို့သာ …”
“ သူတို့တွေက လူကောင်းတွေ မဖြစ်နိုင်ဘူး … မဟုတ်ရင် အဲ့လို ဥစ္စာတွေ ရှိနေမှာ မဟုတ်ဘူး … သူတို့ ထွက်သွားတဲ့ အခါကျ ကျွန်မတို့ကို နှုတ်ပိတ်သွားမယ်လို့ ရှင်ထင်လား …”
“ ငါ … ငါ ဘယ်သိမှာ ….”
“ ကျွန်မတို့ ရဲခေါ်ကြရင်ကော …” ဒေါက်တာ၏ ဇနီးမှ ပြောလိုက်ပြီး “ ရဲစခန်းကို အခုပဲ သွားကြစို့ … ရဲတွေ ကျွန်မတို့ကို ကာကွယ်ပေးရင် ကျွန်မတို့တွေ အန္တရာယ်ကင်းပြီ…”
သက်လတ်ပိုင်း ဒေါက်တာမှ အံကို တင်းတင်းကြိတ်လျက် “ သွားမယ်ကွာ … ရဲကို အခုပဲ သွားခေါ်ကြမယ်…”
ညမှောင်ချိန်သို့ ဖြည်းဖြည်းချင်း ချင်းနင်း ဝင်ရောက်လာနေပြီး အလျှံတညီးညီးနှင့် တောက်လောင်နေသည့် နေလုံးကြီးသည်လည်း ဟိုးအဝေးရှိ တောင်တန်းကြီးများ နောက်ကွယ်သို့ နစ်မြုပ်စ ပြုနေပြီ ဖြစ်၏။
နေဝင်ခါနီး ဆည်းဆာအချိန်သည် မြို့ပေါ်ရှိ တိမ်ယံများအား ရွှေရောင် သမ်းနေစေပြီး အေးချမ်းတိတ်ဆိတ်မှုအား ဖြစ်ပေါ်နေစေလျက် ရှိသည်။
“ ခေါင်းဆောင် … ကျုပ်ရဲ့ ခြေထောက် ဒဏ်ရာက ကြီးကြီးမားမား ပြဿနာလို့ မထင်ဘူး … အခုသွားကြစို့ …” ကျိုးလျန် ပြောလိုက်သည်။
“ ခဏလေး ..”
ခွဲစိတ်ထားသည်မှာ ဆယ်နာရီမျှသာ ရှိသေးသဖြင့် လင်းရီသည် ကျိုးလျန်အား သိပ်အများကြီး မလှုပ်ရှားခိုင်းရဲသေးချေ။ မည်သို့ပင်ဆိုစေ ကလော်နီက ဒီနဲ့ အတော်လေး လှမ်းပြီး ကျိုးလျန်၏ အခြေအနေကို အရင်ဆုံး တည်တည်ငြိမ်ငြိမ်နှင့် ဖြစ်စေချင်သည်။
“ ဒီနေရာက ကလော်နီလောက် မလုံခြုံဘူး … ကျုပ်တို့လူတွေ မကြာခင် ကလော်နီကို ရောက်လောက်ပြီ … သူတို့နဲ့ တွေ့တာနဲ့ ကျုပ်တို့တွေ လုံခြုံပြီပဲ …” ကျိုးလျန် ပြောလိုက်ပြီး “ ပြီးတော့ ကျုပ်ခြေထောက်ကို ထိန်းထားနိုင်ဦးမယ် ဆိုရင်တောင် ဒုက္ခိတ ဖြစ်သွားမယ့်အတူတူ ဒီလောက်ထိ စိုးရိမ်နေဖို့ မလိုဘူး … ဒီ တစ်ခေါက် ခေါင်းဆောင်နဲ့ အတူစွန့်စားပြီး အသက်ရှင်နိုင်ခဲ့တာကိုပဲ ကျေနပ်လှပြီ…”
လင်းရီ တိတ်ဆိတ်သွားခဲ့ရ၏။ ကျိုးလျန်ပြောသည်က အဓိပ္ပာယ် ရှိသည်။
သူ၏ ဒဏ်ရာကြောင့် ခရီးဝေး ထွက်လို့ အဆင်မပြေသေးသော်လည်း ကလော်နီတွင် အဆင့်မြင့် ဆေးဝါးများအာ လိုအပ်နေဆဲပင်။
“ ဒီမှာခဏစောင့်နေ … ငါ သွားပြီး လိုတာ တစ်ချို့ ဝယ်လိုက်ဦးမယ်… မှောင်တာနဲ့ ငါတို့ ဒီက ထွက်ကြတာပေါ့ …”
“ ကျုပ် နေ့ခင်းတုန်းက ဒီကလူတွေ အကြောင်း စုံစမ်းကြည့်ပြီးပြီ .. ဒီက လူတွေက ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းနေကြတဲ့လူတွေချည်းပဲ … ဒီမှာ သေနတ်ရဖို့ ဆိုတာ မလွယ်ဘူး …”
ကျိုးလျန် အပြုံးလေးဖြင့် ပြောလိုက်ပြီး လင်းရီ ဘာလုပ်ချင်နေလဲဆိုတာကို သူ့ဘက်က ခန့်မှန်းထားပြီး ဖြစ်နေသည်။
လင်းရီလည်း ပြုံးလိုက်၏။ “ အလုပ်မဖြစ်ဘူးဆိုရင်တောင် ရဲစခန်းကို တန်းသွားလိုက်မယ်… ကလော်နင်က အတော်လေး ဝေးလို့ ငါတို့ ပြင်ဆင်ထားမှ အဆင်ပြေမှာ…”
“ ကျုပ် ပစ္စည်းတွေ သိမ်းထားနှင့်လိုက်မယ်… ခေါင်းဆောင် ပြန်လာတာနဲ့ တစ်ခါတည်း ထွက်ကြတာပေါ့ …”
“ မဟုတ်ဘူး … မင်းက ကုတင်ပေါ်မှာပဲ လှဲနေ … လျှောက် မသွားနဲ့ …”
“ ကောင်းပြီလေ … ကျုပ် ခေါင်းဆောင်လျိုကို ကျုပ်တို့တွေ ထွက်လာနေပြီ … စောပြီး လာကြိုပေးဖို့ ပြောလိုက်မယ်…”
“ အင်း …”
လင်းရီ တုံ့ပြန်လိုက်ပြီး ရှေ့တံခါးပေါက်မှ ထွက်သွားရမည့်အစား ပြတင်းပေါက်မှ ခုန်ထွက်သွားခဲ့သည်။
ယခု တစ်ကြိမ် အပြင်ထွက်ရသည့် အဓိက ရည်ရွယ်ချက်ကတော့ သေနတ်များ ရရှိရန်ပင်။ ၎င်းအပြင် ခဲယမ်းကျည်ဆံတို့ကလည်း သိပ်မကျန်တော့ပေ။ အကယ်၍ လမ်းတွင် တစ်ခုခု ဖြစ်ပျက်လာခဲ့ပြီ ဆိုပါက အရေးပေါ် အခြေအနေအတွက် ကိုင်တွယ်ရန် မလုံလောက်နိုင်ပေ။ သူ့ဘက်က ပိုပြီး ပြင်ဆင်ထားဖို့ လိုအပ်၏။
သို့သော် ချီပိုပါသည် အတော်လေး တိတ်ဆိတ်အေးချမ်းသည့် မြို့အသေးစားလေး တစ်ခု ဖြစ်ပြီး ဤနေရာရှိ လူတို့က ကြွယ်ဝချမ်းသာခြင်း မရှိသော်ငြား ကြွေးမြီကင်းကင်းနှင့် အတော်လေး သက်တောင့်သက်သာရှိသည့် ဘဝများအား ပိုင်ဆိုင်ထားကြသည်။
လုံခြုံရေး ပြဿနာများ ရှိသော်လည်း သာမန် အသေးစား မူးပြီးရမ်းကားတာလောက်ပင်။ အခြား မြို့ကြီးများ ကဲ့သို့ လမ်းပေါ်တွင် သေနတ်ဖြင့် ပစ်ခတ် လုယက်သည်များလည်း မရှိပေ။
ဤကဲ့သို့သော နေရာမျိုး၌ သေနတ် တစ်လက် ရရှိရန်မှာ မဖြစ်နိုင်သလောက် နီးပါးပင်။ ရရှိနိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းက ရဲစခန်းသာလျှင် ဖြစ်၏။
ထွက်ခွာလာခဲ့ပြီးနောက် လင်းရီသည် လမ်းကြားများထဲ၌ ကျင်လည်ရင်း သူ၏ လက်ကျန်ငွေဖြင့် လျှာထုပ် ဦးထုပ်တစ်လုံး ဝယ်ယူလိုက်သည်။ ထို့နောက် မြို့ငယ်လေးစား စတင် လည်ပတ်တော့၏။
လမ်းလျှောက်နေရင်း လင်းရီ မနေနိုင်ဘဲ အဘယ်ကြောင့် ရဲအရာရှိ ဝန်ထမ်းများက ဤအနီးတစ်ဝိုက်တွင် ကင်းမလှည့်နေကြလဲဆိုတာကို အတော်လေး စူးစမ်းချင်မိသွားခဲ့သည်။
“ ရို ဘရားသား …”
လင်းရီ လမ်းကြားလေး တစ်ခုသို့ ဖြတ်သွားနေသည့် အချိန်မှာပဲ ထင်မှတ်မထားစွာဖြင့် သူ့အနောက်မှ တစ်စုံတစ်ယောက် စကားပြောလာသည့် အသံအား ကြားလိုက်ရသည်။
လူငယ်အမျိုးသားက စွပ်ကျယ်၊ ညှပ်ဖိနပ်နှင့် သူ့အနောက်တွင် မတ်တပ်လာရပ်နေသည်။
“ ငါ့ကို ခေါ်တာလား …”
“ ဟုတ်တယ်… ဒီနားတစ်ဝိုက်မှာ အာရှသား မတွေ့ရတာတောင် ကြာပေါ့ … ဘယ်ကလဲ .. ကိုးရီးယားလား .. ဂျပန်လား … ဒါမှမဟုတ် ဟွာရှ(တရုတ်)ကလား …”
“ ဟွာရှကပဲ … ဘာလို့လဲ …”
လင်းရီ မည်သူမည်ဝါ ဖြစ်ကြောင်း သိရှိလိုက်ရပြီးနောက် လူငယ် နှစ်ယောက်မှာ အလိုအလျောက် အကြည့်ချင်း ဖလှယ်မိလိုက်ကြရင်း စိတ်လှုပ်ရှားမှုက ၎င်းတို့၏ မျက်ဝန်းများထဲတွင် အထင်းသား ထပ်ဟပ်လာနေသည်။
“ ထွေထူးတော့ မဟုတ်ပါဘူး … ဟွာရှက လူတွေက တော်တော်လေး ချမ်းသာကြတယ် ကြားမိလို့ ဟုတ်မဟုတ် အတည်ပြုချင်ရုံပါပဲ … “
“ ငါတို့က အဲ့လောက်ကြီးလည်း ချမ်းသာမနေပါဘူး … ဒါပေမယ့် မင်းတို့ထက်တော့ ချမ်းသာတာပေါ့ …”
လင်းရီ တည်ငြိမ်စွာ တုံ့ပြန်လိုက်ပြီး စကားကို ရှည်ရှည်ဝေးဝေး ဆက်မပြောချင်တော့ပေ။ ဤကိစ္စကို သူ အမြန်အပြတ်ချင်ပြီး မှောင်ရိပ်ခိုရင်း ဒီက ထွက်သွားချင်နေချေပြီ။
“ အဲ့လိုဆို မင်းဆီကနေ ပိုက်ဆံ နည်းနည်းလောက် ချေးချင်တယ်…”
အနက်ရောင် စွပ်ကျယ်နှင့် လူငယ်က ပြောလိုက်ပြီး “ မင်း ပိုက်ဆံတွေ အကုန်ထုတ်လိုက် … အဲ့တာဆို ငါတို့က သူငယ်ချင်းတွေပဲ … နောင်ကျ ပြဿနာ တစ်ခုခု ကြုံလာရင် ငါတို့ မင်းကို ကူညီပေးမယ်…”
လင်းရီ မနေနိုင်ဘဲ ခေါင်းကုတ်မိသွားခဲ့၏။ ဤမြို့ငယ်လေးက တော်တော်လေး ရယ်ချင်စရာ ကောင်းသည်ဟု ခံစားနေရလေသည်။
ဒီလိုမျိုး ယဉ်ယဉ်ကျေးကျေး ဓားပြတိုက်တာကို ပထမဆုံး ကြုံဖူးတာပဲ …
ဓမ္မစကူးလ်ကျောင်းဆင်း လူမိုက်လုပ်နေလို့လားတော့ မသိဘူး ….
“ နေပါဦး… မင်းတို့က ငါ့ကို ဓားပြတိုက်နေတာလား …”
“ မဟုတ်ဘူး မဟုတ်ဘူး … ငါတို့ ဓားပြမတိုက်ဘူး …”
လူငယ်နှစ်ယောက်မှ လင်းရီအနားသို့ လျှောက်လှမ်းလာပြီး လင်းရီအား ပခုံးပုတ်လိုက်သည်။
“ ငါတို့က မင်းဆီကနေ ပိုက်ဆံ နည်းနည်းလောက် ချေးချင်ရုံပဲ … နောင်ကျ ပြန်ဆပ်မှာပါ ဘရိုရာ …”
“ ငါက မချေးပေးချင်ဘူးဆိုရင်ရော …”
“ အဲ့လိုမရဘူး … မင်း ငါတို့ကို ချေးပေးရမယ်… ဘာလို့ဆို နောင်ကျ ငါတို့က မင်းကို ကာကွယ်ပေးမှာမို့လို့ပဲ …” စွပ်ကျယ် အနက်နှင့် လူငယ်က လမ်းကြား အနက်ပိုင်းသို့ ညွှန်ပြ၍ “ မင်းက မချေးချင်ဘူးဆိုရင်တော့ ငါတို့ မင်းကို အဲ့နေရာ ခေါ်သွားပြီး စကားကောင်းကောင်း ပြောရလိမ့်မယ်…”
“ အဲ့လောက် အလုပ်ရှုပ်ခံနေစရာ မလိုဘူး … ဒီနေရာမှာတင် ပြောလိုက် …”
နှစ်ယောက်မှာ အချင်းချင်း ကြည့်မိလိုက်ကြ၏။ လင်းရီ၏ သဘောထားကို သူတို့ သတိထားမိတော့ မျက်နှာအမူအရာတို့ အလိုအလျောက် အေးစက်သွားခဲ့ကြသည်။
စွပ်ကျယ်နှင့် လူငယ်မှ သစ်သီးလှီးထားအား အိတ်ထောင်ထဲမှ ထုတ်လိုက်ပြီး လင်းရီထံသို့ ရွယ်လိုက်သည်။
“ မချေးချင်ဘူးဆိုတော့လည်း ထွက်မသွားနဲ့တော့ပေါ့ …”
ဖြောင်း …
လင်းရီ လက်ဝှေ့ရမ်းပြီး စွပ်ကျယ်အနက်နှင့် လူငယ်၏ မျက်နှာကို ဖြတ်ရိုက်ပစ်လိုက်သည်။ တစ်ဖက်သူမှာ အောက်သို့ လဲကျသွားခဲ့ပြီး မျက်နှာတစ်ခြမ်းအား ကိုင်မိလိုက်သားရှိသွားကာ ရှုပ်ထွေးသည့် မျက်ဝန်းတို့ဖြင့် ဖြစ်သွားခဲ့၏။
ဤ ဟွာရှန့်ကောင်က သူ့အား တိုက်ခိုက်ဝံ့လိမ့်မည်လို့ မျှော်လင့်မထားခဲ့ပါချေ။ ဤသည်က သူ၏ ပိုင်နက်ဖြစ်၏။
ထိုအကြောင်း စဉ်းစားမိတော့ စွပ်ကျယ် အနက်နှင့် လူငယ်သည် နေရာမှ ပြန်ထ၍ လင်းရီထံသို့ ပြေးဝင်လာခဲ့သည်။
တစ်ချိန်တည်းတွင် သူနှင့်ပါလာသည့် အဖော်ကလည်း ပြေးလာပြီး လင်းရီအား အတူပေါင်းပြီး တိုက်ခိုက်၏။
လင်းရီ၏ မျက်လုံးတို့ ကျဉ်းမြောင်းသွားခဲ့ပြီး အေးစက်သည့် အရိပ်အယောင်တို့ လှစ်ဟာပြလာခဲ့သည်။
“ ငါ့ အချိန်တွေ လာဖြုန်းနေတယ်…”
စကားပြောဆုံးသည်နှင့် လင်းရီ ကန်ကျောက်လိုက်၏။ စွပ်ကျယ်အနက်နှင့် လူငယ်မှာ လွင့်ထွက်သွားခဲ့ပြီး နောက်ရှိ နံရံနှင့် တိုက်မိသွားခဲ့လေသည်။
ဝှစ် …
သက်ရောက်ခံလိုက်ရသည့် ဧရိယာ တစ်ဝိုက်မှာ မီးခိုးနှင့် ဖုန်မှုန့်များ ထွက်လာခဲ့ပြီး လင်းရီ မည်မျှ သန်မာကြောင်းကို ဖော်ပြနေလျက် ရှိသည်။
ထို့နောက် လင်းရီသည် တစ်ဖက်သူ၏ ဆံပင်အား ဆွဲ၍ နံရံသို့ ပစ်ပေါက်လိုက်သည်။
ကျယ်လောင်သည့် အော်ဟစ်သံ ထွက်ပေါ်လာခဲ့ပြီး စွပ်ကျယ် အနက်နှင့်လူ လှမ်းကြည့်လိုက်တော့ သူ့အဖော်မှာ ခေါင်းကွဲသွားခဲ့ပြီး မြေပြင်တွင် ကျယ်လောင်စွာ အော်ဟစ်၍ လူးလိမ့်နေသည်အား မြင်တွေ့လိုက်ရသည်။
“ ငါတို့ကို ဘယ်လိုတောင် တိုက်ခိုက်ဝံ့နေတယ်… ငါ အခု ရဲခေါ်မယ်… ရဲခေါ်ပြီး မင်းကို သတ်ခိုင်းမယ်…”
“ ရဲခေါ်မယ်ပေါ့ …”
လင်းရီ မျက်လုံး အရောင်လက်လာခဲ့သည်။
သူ စောနက ဘာလို့ မစဉ်းစားခဲ့မိတာပါလိမ့်…
တကယ်လို့ သူ့ဘက်က ရှာမတွေ့ဘူးဆိုရင် သူတို့ကို လာတွေ့ခိုင်းလိုက်ရင် အဆင်ပြေနေပြီပဲမလား …
ဒီရဲ့ ပြောင်းပြန် အစီအစဉ်က တော်တော်ကောင်းမယ့် အကြံဉာဏ်ပဲ …