← Chapters

စစ်ဆေးမေးမြန်းခြင်း

Vol. 121 Ch. 1805

စစ်ဆေးမေးမြန်းခြင်း

Vol. 121 Ch. 1805

ကားအင်ဂျင်သံ တစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် မြွေ အဖွဲ့သားများက လင်းရီအား မြို့တွင်းသို့ လှည့်ပတ်ရှာဖွေနေကြသည်။

အခြားတစ်ဖက်တွင်တော့ လင်းရီမှာ မြို့တစ်လျှောက်သို့ အသက်ဘေးအတွက် ခြေကုန်သုတ်နေရလေသည်။ သူ၏ အတွေးတို့ကတော့ ရိုးရှင်းသည်။ မြို့အတွင်း၌ မလုံခြုံတော့ချေ။ ဤ မြို့လေးအတွင်းမှ ထွက်သွားနိုင်မည့် နည်းလမ်းကို စဉ်းစားရမည် ဖြစ်သည်။ သို့မှသာ မည်သူကမျှ သူ့အား ဖမ်းမမိနိုင်မှာ ဖြစ်၏။

နာရီဝက်ကြာအောင် အားကုန်ထုတ် ပြေးပြီးနောက် လင်းရီ၏ သက်လုံမှာ စတင်ကျဆင်းလာခဲ့သည်။ သူ သည်းခံရန် ကြိုးပမ်းလိုက်၏။ သို့သော် ထိုစဉ် မည်သည့်နေရာကမှန်းမသိ ထွက်ပေါ်လာသည့် အော်ဟစ်သံများနှင့် ကားအင်ဂျင်သံများကို ရုတ်တရက်ဆိုသလို ကြားလိုက်ရလေသည်။

အခြေအနေ မဟန်သည်ကို မြင်တော့ လင်းရီသည် အခြား တစ်ဖက်သို့ လှည့်ပြီး လမ်းကြားလေးထဲ ပြေးပုန်းလိုက်သည်။

အပြင်ဘက် လသာဆောင်မှ တဆင့် ဒုတိယထပ်သို့ တက်လိုက်၏။

အော်ဟစ်သံများ ကြားသည်တွင် အိမ်ပိုင်ရှင်မှာ အိပ်ရာက နိုးနေပြီး ဖြစ်သည်။ ယခု သူစိမ်းတစ်ယောက်က အိမ်ထဲဝင်ရန် ကြိုးပမ်းနေသည်ကိုမြင်တော့ မနေနိုင်ဘဲ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

သို့သော် လင်းရီက သူ့တည်နေရာ ပေါက်ကြားရန် အခွင့်အရေး မပေးပေ။ ချက်ချင်းဆိုသလို ပါးစပ်အား ပြေးအုပ်၍ လက်ဝါးဇောင်းဖြင့် လည်ပင်းအားခုတ်ကာ နေရာ၌ အသံတိတ်လိုက်သည်။

ဤမှတဆင့် သူ အသက်ရှူချိန် အနည်းငယ် ရရှိလိုက်လေသည်။

အိမ်ပိုင်ရှင်အား အမှောက်သိပ်ပေးလိုက်ပြီးနောက် လင်းရီ ဧည့်ခန်းထဲသို့ လျှောက်သွားလိုက်သည်။

ဧည့်ခန်းက လမ်းမဘက်သို့ ဦးတည်ထားပြီး လိုက်ကာစအား ညင်သာစွာ မ၍ အပြင်ဘက်သို့ တစ်ချက် ချောင်းကြည့်လိုက်၏။

သူ့ ခြေရာလက်ရာများအား လိုက်လံ ရှာဖွေနေသည့် လမ်းကြမ်းမောင်း ကားသုံးစင်းကို လင်းရီ မြင်တွေ့လိုက်ရသည်။

သို့သော် သူ့ရှေ့ရှိ လူများ၏ သွင်ပန်းသဏ္ဌာန်က ပြောင်းလဲသွားခဲ့လေသည်။ သူနှင့် ဆေးရုံတွင် တိုက်ခိုက်ခဲ့သည့် လူအုပ်စု မဟုတ်တော့ဘဲ အမေရိကန် စစ်သားများ ဖြစ်နေခဲ့၏။

လင်းရီ အသက်အား အမောတကော ရှူရှိုက်နေခဲ့ရင်း ထမင်းစား စားပွဲတွင် စီးကရက် တစ်ဘူးကို မြင်တော့ တစ်လိပ်အား လက်ကတုန်ကယင်ဖြင့် ညှိလိုက်ကာ သူ့ကိုယ်သူ စိတ်တည်ငြိမ်စေရန် ကြိုးပမ်းလိုက်သည်။

သံသယ ရှိနေရန် မလိုပေ။ ကျိုးလျန်မှာ အဖမ်းခံလိုက်ရပြီ ဖြစ်၏။

တစ်ဖက်လူ သေသည် ရှင်သည်ကိုလည်း လင်းရီ မသေချာပေ။ သို့သော် အဘယ်ကြောင့် သူတို့ တည်နေရာ ပေါက်ကြားသွားခဲ့လဲ ဆိုတာကို လင်းရီ အတော်‌လေး စဉ်းစားရ ကြပ်နေခဲ့သည်။

သူ လျန်ရူရွှယ်ထံသို့ စာပို့လိုက်သည့် အချိန်၌ သူမဘက်က လုပေချိန်သို့ တိုက်ရိုက်ပြောပြမည်မှာ သေချာပြီး သစ္စာဖောက် သတင်းပေးအား ဘာတစ်ခုမျှ သိခွင့်ပေးမှာ မဟုတ်ချေ။

ထိုသို့ဆိုလျှင် အဘယ်ကြောင့် ဖော်ထုတ်ခံလိုက်ရသနည်း။

ပြဿနာက သူတို့ကိုယ်တိုင်နဲ့များ သက်ဆိုင်နေမလား…

စီးကရက်ကို ခပ်ပြင်းပြင်းရှိုက်လိုက်ရင်း လင်းရီသည် သူ့ရှေ့ရှိ အခြေအနေအား တည်တည်ငြိမ်ငြိမ်နှင့် ဝေဖန်သုံးသပ်ကြည့်လိုက်၏။

မြို့ထဲတွင် အုပ်စုနှစ်ခု ရှိနေပြီး တစ်အုပ်စုက အနက်ရောင် မြွေအဖွဲ့သားများ ဖြစ်ပြီး ကျန်သူများက အမေရိကန် စစ်သားများပင်။

ဤ ပေါင်းစပ်မှုက လင်းရီကို သဲလွန်စတစ်ချို့ ရရှိစေရန် ခွင့်ပြုပေးသလို ဖြစ်သွားခဲ့လေသည်။

သူ ယခင် လုပေချိန်နှင့် စကားပြောခဲ့စဉ်က အမေရိကန်အစိုးရမှာ အဆိုပါ နိုင်ငံခြား အဖွဲ့အစည်းများနှင့် လျှို့ဝှက်စွာ ပူးပေါင်းနေသည်ကို ကြားသိခဲ့ရသည်။

၎င်းတို့၏ ရည်မှန်းချက်က ဘက်စ်သတ္တုအား ရယူ၍ ပိုမို အသုံးဝင်မည့် သိပ္ပံသုတေသနများအား ပြုလုပ်ရန်ပင်။

သို့ပေမယ့် သူတို့က သတင်းအချက်အလက်ကို မည်သို့ ရသွားခဲ့သနည်း။

တွေးကြည့်ပြီးနောက် သစ္စာဖောက်က သူ၏ သတင်းအား ဖော်ထုတ်လိုက်သည်လို့ မယုံကြည်ပေ။

လျန်ရူရွှယ်က စစ်တပ် အသိုင်းအဝိုင်းထဲ ပေါက်ဖွားလာခဲ့ပြီး ယခုလို အဖြစ်အပျက်မျိုးနှင့် ယခင်က ရင်ဆိုင်ခဲ့ဖူးခြင်း မရှိသော်လည်း ငယ်စဉ်ကတည်းက ဤသို့သော ကိစ္စရပ်များဖြင့် တစ်နည်းတစ်ဖုံ လွှမ်းမိုးခြင်း ခံခဲ့ရကာ မည်သို့ ကိုင်တွယ်ရမည်ကို နားလည်မှာ ကျိန်းသေသည်။

မြေခွေးအိုကြီး လုပေချိန်သည်လည်း ဤကဲ့သို့သော ကိစ္စများနှင့် စပ်လျဉ်း၍ ပြဿနာ ရှိမှာ မဟုတ်ချေ။

ထို့ကြောင့် ပြဿနာက တခြား နေရာတစ်ခုမှ ထွက်ပေါ်လာခြင်း ဖြစ်နိုင်သည်။ သို့သော် မည်သည့်နေရာကလဲဆိုတာကို သူ့ဘက်က ယခုထိ မသိသေးရုံမျှသာ ရှိလိမ့်မည်။

လင်းရီသည် သူ၏ တည်နေရာအား ပေါက်ကြားသလို ဖြစ်သွားစေခဲ့သူမှာ အနှီ ဘာအန္တရာယ်မှ မပေးနိုင်ပုံရသည့် ဒေါက်တာ စုံတွဲ ဖြစ်နေလိမ့်မည်လို့ ဘယ်တုန်းကမှ အတွေးမဝင်မိခဲ့ချေ။

အဘယ်ကြောင့်ဆိုသော် သူတို့က ရဲကို အကြောင်းကြားခဲ့ပြီး အာဏာပိုင်များကလည်း အန္တရာယ်ရှိသည့် ပါဝင်ပတ်သက်နေသူ နှစ်ဦးကို သံသယရှိကာ အမျိုးသား လုံခြုံရေး ဌာနသို့ တင်ပြလိုက်၏။

ဤသို့ဖြင့် လင်းရီတို့ ပုန်းနေသည့် တည်နေရာမှာ ပေါက်ကြားသွားခဲ့ရလေသည်။

မိုင်တစ်ထောင် ရှည်သည့် တာတမံမှာ ခြတောင်ပို့ကြောင့် ဖျက်စီးခြင်း ခံလိုက်ရ၏။ လင်းရီ တွေးနေခဲ့သည်မှာ သူ့ အစီအစဉ်က ချို့ယွင်းချက် ကင်းနေသည်ဟူ၍ပင်။ သို့သော် ဤသို့သော နေရာမျိုး၌ ကျရှုံးသွားလိမ့်မည်လို့ ဘယ်တုန်းက ထင်ထားမိခဲ့လိမ့်မည်နည်း။

အော်ဟစ်သံတို့က အချိန်တိုင်းလိုလိုတွင် အပြင်ဘက်မှ ကြားနေရသည်။

သူတို့ ဘာတွေ ပြောနေလဲဆိုတာကို လင်းရီ နားမရှင်းသော်လည်း လူအင်အား ဖြည့်တင်းပြီး ရှာဖွေရန် ကြိုးစားနေကြမှာကိုတော့ ကျိန်းသေသည်။

အပြင်ဘက်၌ ထိုသို့ ဖြစ်နေသော်ငြားလည်း လင်းရီ စိုးရိမ်တုန်လှုပ်ခြင်း မရှိပေ။ ဤလူများက အချိန်တိုအတွင်း သူ့အား ရှာတွေ့သွားလိမ့်မည်လို့ မယုံကြည်ပေ။

သို့သော် ဤသို့သော ယုံကြည်ချက်မျိုးနှင့်ပင် သူ၏ စိတ်အား တည်ငြိမ်အောင် မထိန်းသိမ်းနိုင်ခဲ့ချေ။

ကျိုးလျန်က ဖမ်းဆီးခံသွားခဲ့ရပြီး ဘာတွေ ဖြစ်ပျက်နေလဲဆိုတာကို သူ အမှန်ပင် တွေးတောဝံ့ခြင်း မရှိပေ။ တွေးတောမိသည့် အချိန်တိုင်းလည်း ဆက်ပြီးတွေးတောရမှာကို ကြောက်ရွံ့နေမိခဲ့သည်။ သူ့ကိုယ်သူ ရေခဲဂူအတွင်း ပိတ်လှောင်ထားခံရသကဲ့သို့ တစ်ကိုယ်လုံး အေးစက်နေပြီး ထိန်းချုပ်မရနိုင်စွာ တုန်ယင်နေသည်ဟု ခံစားနေရ၏။

ချူပိုပါ မြို့၏ ဂိုဒေါင် တစ်ခု၌ ကျိုးလျန်သည် ထိုင်ခုံတစ်ခုပေါ်၌ ကြိုးဖြင့် ချည်တုပ်ခြင်း ခံထားရသည်။

နီစွေးသည့် သွေးတို့က ပတ်တီးမှတဆင့် ဖောက်ထွက်နေပြီး အောက်ရှိ ခြေသလုံးကြွက်သားသို့တိုင် စီးကျနေလျက် ရှိ၏။

စပေါ့လိုက် မီးလုံးနှစ်ခုကို ကျိုးလျန်၏ မျက်လုံးတည့်တည့်သို့ ချိန်ရွယ်ထားလေသည်။

ဂိုဒေါင်ထဲတွင် လူဆယ်ယောက် မတ်တပ်ရပ်နေပြီး အကုန်လုံးက လက်နက်များ ကိုင်ဆောင်ထားကြကာ သူ့နှစ်ဘက်ခြမ်းတွင် ရပ်တန့်နေခဲ့ကြ၏။

ကျိုးလျန်နှင့် ဆန့်ကျင်ဘက်တွင် အညိုရောင် စစ်ဝတ်စုံနှင့် အမျိုးသားတစ်ယောက် ရပ်နေပြီး ဒေါင်ကောင်းကောင်းနှင့် တောင့်တင်းသည့် ကိုယ်လုံးကိုယ်ပေါက် ရှိသည်။ သူ၏ ဆံပင်တို့က အနည်းငယ် ရှုပ်ယှက်ခတ်နေသည်။ သို့သော် ၎င်း မျက်ဝန်းထဲတွင်တော့ အရိုင်းဆန်မှုနှင့် ရက်စက်မှု အရိပ်အယောင်တို့အား မြင်တွေ့နေရသည်။

အဆိုပါ အမျိုးသား၏ နာမည်က ဂရီလို ဖြစ်ပြီး အနက်ရောင်မြွေ စစ်ဆင်ရေး အသင်း၏ တာဝန်ခံ တစ်ယောက်ပင်။

ဤအတောအတွင်း ပနားမား တစ်လျှောက် ဖြစ်ပျက်သွားသည့် တိုက်ပွဲများအားလုံးကို သူကပဲ အမိန့်ပေး ညွှန်ကြားခဲ့တာ ဖြစ်၏။

“ ဟွာရှန့် … မင်းခေါင်းမော့စမ်း …” ဂရီလိုက ပြောလိုက်သည်။

ကျိုးလျန် သူ့ခေါင်းကို အောက်သို့သာ ငိုက်စိုက်ချထားပြီး မည်သို့မျှ လှုပ်ရှားမလာချေ။

ထိုအချိန်တွင် ဂရီလို နောက်၌ ရပ်နေသည့် လူက ကျိုးလျန်အနားသို့ ရောက်လာပြီး သူ၏ ရင်ဘက်အား လက်သီးဖြင့် ထိုးကာ ဆံပင်ကိုဆွဲ၍ ခေါင်းအား စပေါ့လိုက်မီးထံသို့ အတင်းမော့ခိုင်းလိုက်၏။

“ အဟွတ် အဟွတ် အဟွတ် ….”

ကျိုးလျန် သုံးလေးကြိမ်ခန့် ချောင်းဆိုးသွားပြီး အမြင်ကန်းမတတ် စူးရှသည့် မီးအလင်းရောင်က သူ့အား မျက်ရည်ကျလာစေသည်။

“ ဟွာရှန့် … မင်း ဘက်စ်သတ္တုကို ဘယ်နေရာမှာ ဝှက်ထားလဲ…” ဂရီလို မေးလိုက်သည်။

“ ငါမသိဘူး … မင်း ငါ့ကို မေးလို့လည်း အသုံးမဝင်ဘူး …” ကျိုးလျန် ပြတ်တောင်း ပြတ်တောင်း ဖြစ်စွာ ပြောလိုက်၏။

“ မင်းကိုယ်မင်း စောက်ရမ်း မိုက်တယ်ထင်နေရင် ငါ့ကိုသတ်လိုက် … “

“ ငါသိတယ်… သတ္တုရိုင်းက မင်းရဲ့ ပါတနာဆီမှာ ကျိန်းသေပေါက် ရှိရမယ်… ဒါကြောင့်မို့ သူ ဘယ်မှာလဲ ဆိုတာ ငါသိချင်တယ်… မင်း ငါတို့ကို ကူရှာပေးဖို့ မျှော်လင့်တယ်.. အဲ့လိုဆိုရင် မင်းအိမ်ကို အသက်ရှင်လျက် ပြန်နိုင်ဖို့ ငါ … ဂရီလို … အာမခံပေးနိုင်တယ်…”

“ ဖြစ်နိုင်မယ်ထင်လား …” ကျိုးလျန် နှာခေါင်းရှုံ့လိုက်၏။

“ ငါ သေရမှာ မကြောက်ဘူးလို့ ပြောပြီးပြီပဲ … ဘာကိစ္စ အဲ့လိုလုပ်ရမှာ …”

ဂရီလိုသည် နားအား စိတ်မရှည်စွာ ကလော်လိုက်ရင်း သူ့ လက်အောက်ငယ်သားထံ အကြည့်တစ်ချက် ပေးလိုက်သည်။

တစ်ဖက်သူမှာ ဆိုလိုရင်းကို သဘောပေါက်သွားခဲ့ပြီး လက်ထဲရှိ သေနတ်ဒင်ဖြင့် ကျိုးလျန်၏ ပေါင်အား ကြမ်းတမ်းစွာ ရိုက်နှက်လိုက်၏။

“ အားးးး…”

စိတ်မချမ်းမြေ့စရာ အော်ဟစ်သံကြီးတစ်ခုက ဂိုဒေါင်ထဲမှ ထွက်ပေါ်လာသည်။

ကျိုးလျန်၏ မျက်လုံးများက မျက်လုံးအိမ်ထဲမှ ပြုတ်ကျလုနီးပါး ပြူးကျယ်နေသည်။ အံကို တင်းတင်းကြိတ်ထားသည်မှာ သွားများ ကျိုးကြေလုနီးပါးပင်။ မျက်နှာသည်လည်း သွေးဆုတ်ဖြူလျော်လာခဲ့ပြီး သတိလစ် မေ့မြောလုနီးပါး ဖြစ်လာခဲ့၏။

ပတ်တီးပေါ်ရှိ သွေးစက်များက ကြမ်းပြင်သို့ စက်လက်စက်လက် ကျဆင်းလာခဲ့သည်။

“ ငါတို့က ပစ္စည်းပဲ လိုချင်တယ်… ဘယ်သူ့ကိုမှ မသတ်ချင်ဘူး … ဒါပေမယ့် အဲ့လိုဖြစ်ဖို့ကို မင်းဘက်က ပူးပေါင်းပေးဖို့လေးတော့ လိုတာပေါ့ … မဟုတ်ရင် မင်းကို သတ်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူး …” ဂရီလို ပြောလိုက်သည်။

“ ငါ .. ငါ .. ငါ ….”

ကျိုးလျန်၏ သိစိတ်က ဝေဝါးနေပြီးဖြစ်သော်လည်း အံအား တင်းတင်းကြိတ်၍ တောင့်ခံထားသေး၏။

“ ငါ ပြောခဲ့ပြီးပြီ … ငါ ဘာမှ မသိဘူး … မင်းတို့ ငါ့ဆီကနေ ဘာမှ သိရမှာ မဟုတ်ဘူး …”

ဂရီလိုသည် သူ့လက်အား‌ ဝှေ့ယမ်း၍ ဆက်လုပ်ရန် အချက်ပြလိုက်သည်။

ထိုအချိန်တွင် နောက်ထပ် လူတစ်ယောက် ရောက်လာခဲ့ပြီး ယခင်တစ်ယောက်ကဲ့သို့ လက်ထဲရှိ လက်နက်ဖြင့် ကျိုးလျန်၏ ညာဘက်ခြေထောက်အား ညှာတာခြင်း ကင်းမဲ့စွာဖြင့် ဆက်တိုက်ရိုက်နှက်လိုက်သည်။

ဤသို့ဖြင့် မိနစ် အနည်းငယ်ကြာပြီးနောက် ကျိုးလျန် သတိလစ်သွားခဲ့၏။

“ သူ့ကို နိုးပြီး ဆက်လုပ် …” ဂရီလို ထပ် အမိန့်ပေးလိုက်သည်။

မကြာမီ ရေအပြည့်တစ်ပုံး ရောက်လာပြီး ကျိုးလျန်၏ ခေါင်းသို့ လောင်းချလိုက်၏။

“ အဟွတ် အဟွတ် အဟွတ် … “

ကျိုးလျန် သူ့ကိုယ်သူ ရေနစ်ထားသည့် လူတစ်ယောက်ကဲ့သို့ ရေမွှန်းခြင်းကို ခံစားနေရပြီး အကြိမ်ရေ အနည်းငယ်မျှ ပြင်းထန်စွာ ချောင်းဆိုးမိသွားခဲ့သည်။ သို့သော် သူ့ခြေထောက်ရှိ နာကျင်မှုကတော့ ထုံကြဉ်နေသည်အထိပင်။ ဤတစ်ကြိမ်တွင်တော့ သူ မည်သည့်နာကျင်မှုကိုမျှ မခံစားရတော့ချေ။

အသက်အား အမောတကော ရှူရှိုက်ရင်း မျက်လုံးအိမ်တို့က ဗလာကျင်းနေကာ အသက်ကင်းမဲ့နေသည်။

“ ဟွာရှန့် … မင်း မပြောသေးဘူးပေါ့ … မင်း ဒီလောက်ထိ တင်းခံနေစရာ မလိုပါဘူး … ကိုယ့်အသက်ထက် အရေးကြီးတဲ့ အရာဆိုတာ မရှိဘူး …”

ကျိုးလျန် တုံ့ပြန်စကား မဆိုပေ။ သူ၏ လက်ရှိသွင်ပြင်က အသက်ရှင်နေသည့် အလောင်းကောင် တစ်ကောင်သာ ဖြစ်သည်။

ဂရီလိုသည် သူ၏ ခေါင်းအား ခါရမ်းလိုက်ရင်း ဘေးရှိ လက်အောက်ငယ်သားအား ပြောလိုက်သည်။

“ တခြား တစ်ခုနဲ့ စမ်းကြည့်ကွာ … ဒီကောင်က နာကျင်မှုကို မကြောက်တော့တာ ဖြစ်မယ်…”

All Chapters