← Chapters

မှောင်မိုက်သည့် ညတစ်ည

Vol. 121 Ch. 1806

မှောင်မိုက်သည့် ညတစ်ည

Vol. 121 Ch. 1806

လူတစ်ယောက်မှ နာခံသည့် အနေဖြင့် ခေါင်းညိမ့်ပြလိုက်ပြီး လျှပ်ကာ လက်အိတ်တစ်စုံကို ဝတ်ဆင်လိုက်သည်။ ထို့နောက် စပေါ့လိုက် မီးထံမှ ဝိုင်ယာတစ်ချောင်း ဆွဲလိုက်၏။

ထို့နောက် ကျိုးလျန်နှင့် တို့လိုက်သည်။

“ အား ….”

ကျိုးလျန်၏ အော်ဟစ်သံမှာ ယခင်ကကဲ့သို့ ကျယ်လောင်ခြင်း မရှိတော့ချေ။ သို့သော် သူ၏ ခန္ဓာကိုယ်မှာတော့ လျှပ်စစ်စီးကြောင်းများအောက်၌ တသိမ့်သိမ့်တုန်ကာ အကြောဆွဲနေလေသည်။

မတူညီသည့် လျှပ်စစ်စံနှုန်းများကြောင့် ပနားမား၏ ဗို့အားမှာ ပြင်းထန်ခြင်း မရှိခဲ့ပေ။ အကယ်၍ ဟွာရှ၏ ၂၂၀ ဗို့သာ ဖြစ်ခဲ့မည်ဆိုပါက ငါးစက္ကန့် ဓာတ်လိုက်သည်ကပင် နှလုံးရပ်တန့်သွားစေဖို့ လုံလောက်နေပြီ ဖြစ်၏။

“ ဆက်လုပ် …”

စက္ကန့်အနည်းငယ်ကြာမျှ ရပ်နားပြီးနောက် ဂရီလို၏ လူမှ ဝိုင်ယာများအား ကျိုးလျန်၏ ခန္ဓာကိုယ်သို့ တစ်ဖန်ပြန်ပြီး တို့လိုက်သည်။

“ အား ….”

အော်ဟစ်သံတို့ တစ်ဖန် ထွက်ပေါ်လာပြီး ဤတစ်ကြိမ်တွင် ပိုမို ရှည်ကြာကာ ခုနစ်စက္ကန့်မျှ ကြာသွားခဲ့သည်။

သူ ရပ်တန့်လိုက်သည့် အချိန်၌ ကျိုးလျန်မှာ သေလုမြောပါး အခြေအနေသို့ ကျရောက်နေပြီး သူ၏ လက်မောင်းများမှာ လျှပ်စစ်လောင်ကျွမ်းမှုကြောင့် မည်းတူးခြစ်နေပြီ ဖြစ်၏။

ဂရီလိုသည် ကျိုးလျန်အနားသို့ လျှောက်လာပြီး သူ့အား ငုံ့ကြည့်လိုက်သည်။

“ မင်း မပြောသေးဘူးလား …”

ကျိုးလျန်၏ မျက်လုံးမှာ ဗလာကျင်းနေပြီး အသက်ဝိဉာဏ် ကင်းမဲ့နေလျက်ပင်။ မလှုပ်မယှက်သာ ထိုင်နေရင်း သေနေသကဲ့သို့ ရှိ၏။

ဂရီလို မျက်မှောင်ကြုတ်လိုက်မိသည်။

“ ခွဲရခက်တဲ့ မြေပဲ ပဲ …”

“ ခေါင်းဆောင် .. ကျုပ်တို့ ဆက်လုပ်သင့်လား….” သူ၏ လက်အောက်ငယ်သားက မေးမြန်းလိုက်၏။

“ ဆက်လုပ်နေရင် ဒီကောင်သေသွားလိမ့်မယ်…” ဂရီလို ပြောလိုက်ပြီး “ သူ့ခြေထောက်က ဒုက္ခိတ ဖြစ်နေပြီးသားဆိုတော့ နောက်တစ်ဖက်ကိုရော ဘာလို့ ထားနေတော့မှာ … လုပ်ပေးလိုက် …”

“ ဟုတ်ကဲ့ …”

လက်အောက်ငယ်သား နှစ်ယောက်မှာ တစ်စက္ကန့်လေးမျှပင် တုံ့ဆိုင်းနေခြင်း မရှိချေ။ သူတို့အဖို့ ဤသည်က သာမန် ဖြစ်ရိုးဖြစ်စဉ်လိုပင်။

တစ်ယောက်က လက်ထဲရှိ သေနတ်အား ကိုင်၍ ကျိုးလျန်၏ ဘယ်ဘက် ခြေထောက်သို့ ပစ်ခတ်လိုက်သည်။

ညွှန်ကြားချက် ပေးပြီးနောက် ဂရီလိုသည် ဂိုဒေါင်ထဲက ထွက်လာ၍ ကားထံသို့ ပြန်လာခဲ့၏။

စီဂါ တစ်လိပ်ကို မီးညှိလိုက်ပြီး သီချင်း အေးအေးလေး တစ်ပုဒ်အား ဇိမ်ပြေနပြေ နားဆင်နေလျက် ရှိ၏။

စုံစမ်း စစ်ဆေးသည့် နေရာ၌ သူဆက်ပြီး ပါဝင်လိုစိတ် မရှိတော့ပေ။ ထို့ကြောင့် သူ၏ လက်အောက်ငယ်သားများနှင့်သာ လွှဲထားခဲ့လိုက်တော့သည်။

နောက် နာရီဝက်ကြာသည်အထိ ကျိုးလျန်၏ အော်ဟစ်ညည်းညူသံတို့က ဂိုဒေါင်ထဲတွင် အဆက်မပြတ် ပျံ့လွင့်နေသည်။

အဆိုပါ အော်ဟစ်သံတို့က ဖြည်းဖြည်းချင်း တိတ်ဆိတ်သထက် တိတ်ဆိတ်လာခဲ့ပြီး နောက်ဆုံး၌ ရိုက်နှက် နှိပ်စက်နေသည့် အသံများကိုသာ ကြားနေရတော့သည်။

ယင်းအသံတို့မှတပါး အခြား မည်သည့်အသံတို့ကမျှ ထွက်ပေါ်မလာတော့ချေ။

မကြာမီ နောက်တစ်နာရီ ကုန်ဆုံးသွားခဲ့သည်။

ဤအတောအတွင်း အော်ဟစ်သံများက ကွက်ကြားထွက်ပေါ်နေပြီး အကြိမ်တိုင်းလည်း ဖြည်းဖြည်းချင်း တိုးညှင်းသွားခဲ့ကာ နောက်ဆုံး၌ အသံ လုံးဝ မကြားရတော့သည်အထိ ဖြစ်သွားခဲ့၏။

နီရဲနေသည့် သွေးတို့က ဂိုဒေါင် တံခါးဝဘက်သို့ ရောက်သည်အထိပင် စီးဆင်းလာနေခဲ့သည်။

ကလန် …

ဂိုဒေါင် တံခါး တွန်းပွင့်လာပြီး အရင်ဆုံး နှိပ်စက်ခဲ့သည့် တစ်ယောက်က အပြင်သို့ ထွက်လာသည်။

“ သူပြောပြီလား…” ဂရီလိုသည် သီချင်းအား ပိတ်၍ သူ၏ လက်အောက်ငယ်သားအား မေးမြန်းလိုက်သည်။

“ မပြောသေးဘူး … ကျုပ်တို့ သူ့ ခြေတွေလက်တွေ ရိုက်ချိုး၊ လက်သည်းခွံတွေ ဆွဲချွတ်၊ သွားတွေ အတောင့်လိုက် ဆွဲနှုတ်တာတောင် ဘာမှ ပြောမလာဘူး … ကျုပ်တို့ ဆက်လုပ်နေရင် သူ ဒီလိုနဲ့ သေသွားမှာကို စိုးမိတယ်.. ဒါကြောင့် အခု သူ့ကို လွှတ်ထားပေးလိုက်တာ …”

“ အဲ့လောက် လုပ်ပြီးတာတောင် ဘာမှ ပြောမလာဘူးပေါ့ …”

“ ဟုတ်ကဲ့ … တစ်ခွန်းတောင် ဟမလာပါဘူး …”

“ အတော်ခေါင်းမာတဲ့ ဟွာရှန့်ပဲ … စိတ်ဝင်စားဖို့ကောင်းတယ်…”

“ သူ့ကြည့်ရတာ ကျုံးဝေ့ တပ်ဖွဲ့က ဖြစ်ပုံပဲ … မဟုတ်ရင် အဲ့လောက်အားကောင်းတဲ့ ခံနိုင်ရည် ရှိနေမှာ မဟုတ်ဘူး …”

“ ငါခန့်မှန်းပြီးသားပါ …” ဂရီလို ခြောက်ကပ်စွာ ပြောလိုက်၏။

“ ကျုပ်တို့ ဘာဆက်လုပ်သင့်လဲ ခေါင်းဆောင် … ဘက်စ်သတ္တုက သူ့ အဖော်လက်ထဲ ကျိန်းသေပေါက် ရှိကို ရှိမှာ သေချာတယ် … အဲ့ကောင်ကလည်း ခုထိ မျက်နှာကို မမြင်ရသေးတော့ ကျုပ် စိုးရိမ်မိတာ ဒီမြို့ထဲက ထွက်ပြေးသွားပြီး ဖြစ်နေမှာကိုပဲ …”

“ အဲ့လိုက မဖြစ်နိုင်ဘူး … ဒီမြို့ကို ငါတို့လူတွေ ဝိုင်းရံထားပြီးပြီ … ပြီးတော့ မြို့ပြင်ဘက် လုံခြုံရေးက ပိုပြီးတောင် တင်းကြပ်သေးတယ်… အဲ့လို အခြေအနေကြားထဲက လူတစ်ယောက် လွတ်သွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … သူ မြို့ထဲမှာပဲ ရှိနေသေးဦးမယ်လို့ ယုံတယ်… သူ ဘယ်မှာ ပုန်းနေလဲ ငါတို့ မသိသေးရုံတင်ပဲ …”

ဂရီလို ပြောလိုက်ပြီး “ ဒါပေမယ့် ငါတို့ ဒီကိစ္စ အချိန်အကြာကြီး ဆွဲလို့ မဖြစ်ဘူး … နည်းလမ်းရှာမှ ဖြစ်မှာ … ပျောက်နေတဲ့ တစ်ယောက်ကို ရှာတာပဲ ဖြစ်ဖြစ် ၊ အခု ဖမ်းထားတဲ့ကောင်ကို စကားပြောအောင် လုပ်တာပဲ ဖြစ်ဖြစ် …. “

နာရီ အနည်းငယ် ကျော်လွန်းပြီးနောက် ကောင်းကင်မှာ လင်းထိန်လာခဲ့လေသည်။

ကလော်နီက ပနားမား၏ ဗဟိုဒေသတွင် တည်ရှိပြီး ကျယ်ပြောသည့် ပင်လယ်နှင့် မျက်နှာချင်းဆိုင်လျက် အတော်လေး ကျော်ကြားသည့် ပင်လယ်ဆိပ်ကမ်း မြို့တစ်မြို့ပင်။

ဟိုင်းဝေးလမ်းထက်၌ အဖြူရောင် လန်ခရူဇာ တစ်စင်းသည် မြို့ထံသို့ ဦးတည်နေပြီး အထဲတွင် လူ ၆ ယောက် ထိုင်နေသည်။

၎င်းတို့ တစ်ယောက်ချင်းစီက မတူညီသည့် တည်နေရာဘက်ခြမ်းသို့ ငေးမောနေလျက်ရှိကြပြီး တစ်စုံတစ်ခုအား ဖွေရှာနေဟန်ရှိ၏။

ခရီးသည်ထိုင်ခုံတွင်တော့ နင်ချဲ့က ထိုင်နေလျက်သား ရှိသည်။

ကျုံးဝေ့တပ်ဖွဲ့ထဲတွင် သစ္စာဖောက် ရှိနေသည့် သတင်းရသည်နှင့် နင်ချဲ့နှင့် ချိုးယွီလော့တို့မှာ လူခွဲလိုက်ကြပြီး ချိုးယွီလော့က လမ်းကြောင်းလွဲ၍ တစ်ဖက်လူအား လှည့်စားရန် တာဝန်ယူထားသည်။ လင်းရီက စန်တို့စ်၌ ရှိနေသည်ဟု ထင်ယောင်ထင်မှား ဖြစ်စေဖို့ပင်။

အခြားတစ်ဖက်ရှိ နင်ချဲ့ကတော့ လင်းရီအား ကြိုဆိုရန် ကလော်နီမြို့သို့ ဦးတည်နေလျက် ရှိလေသည်။

“ ရုံးချုပ်က ဘာသတင်းမှ ပို့မလာဘူးလား …”

နင်ချဲ့ မျက်မှောင်ကြုတ်ပြီး မေးလိုက်၏။

“ ဟင့်အင်း … ဘော့စ်လျို ပြောတာ ကျွန်တော်တို့ ခေါင်းဆောင်လင်းနဲ့ ထပ်ပြီး အဆက်အသွယ် ပြတ်သွားပြန်ပြီတဲ့ …”

“ တခြားလမ်းမှာ စောင့်ကြည့်နေတဲ့ လူတွေကို လှမ်းပြီး လင်းရီရဲ့ အရိပ်အယောင် တွေ့မတွေ့ မေးကြည့်လိုက်…”

“ အခုလေးတင် မေးကြည့်ပြီးတာပဲ … ဘာသတင်းမှ မရှိဘူး …မြို့က တည်တည်ငြိမ်ငြိမ်ပဲ .. ပုံမှန် မဟုတ်တဲ့ ဘာလက္ခဏာမှ မမြင်ရဘူး … တကယ်လို့ ခေါင်းဆောင်လင်းသာ မြို့ထဲ ရောက်နှင့်နေပြီးသားဆိုရင် ကျွန်တော်တို့ကို အချက်ပြနိုင်မယ့် နည်းလမ်းတစ်ခု ရှာတွေ့မှာ သေချာတယ်… ဒီခုလိုမျိုး ဘာသတင်းမှ မရှိဘူးဆိုတာ မဖြစ်နိုင်ဘူး …”

နင်ချဲ့သည် လေဒီစီးကရက် တစ်လိပ်အား မီးညှိလိုက်ပြီး သူမ၏ အမူအရာမှာ အလွန်အမင်း အုံ့မှိုင်းနေခဲ့၏။

အစောပိုင်းတုန်းက ကျိုးလျန် သူမထံ မက်ဆေ့ချ် ပို့လာခဲ့သည်မှာ သူတို့တွေ စောထွက်လာခဲ့မည် ဟူ၍ပင်။

ထိုစာ ပို့လာပြီးကတည်းက အချိန်မှာ ဆယ်နာရီကျော်နေပြီး ဖြစ်ပြီး အကယ်၍ ၎င်းတို့ အေးအေးဆေးဆေးလေး ခရီးနှင်နေခဲ့သည် ဆိုခဲ့လျှင်ပင် ယခု အချိန်လောက်ဆို ကလော်နီသို့ ရောက်နေသင့်ပြီး ဖြစ်၏။

လင်းရီက အင်မတန် သတိကြီးသည့် လူတစ်ယောက်ဖြစ်ပြီး ဤသို့သော ကိစ္စများ၌ အမှားပြုလုပ်မှာ မဟုတ်ချေ။ ရုံးချုပ်နှင့် အဆက်အသွယ်ပြတ်နေပြီး ဘာသတင်းမှ မရှိသည်ကလည်း ကောင်းသည့် လက္ခဏာရပ်တော့ ဟုတ်မနေချေ။

လင်းရီ သတင်း မပို့နိုင်သည့် အချက်က တနည်းအားဖြင့် တစ်ဖန် အန္တရာယ်ကျရောက်နေသောကြောင့် ဟူ၍လည်း မှတ်ယူနိုင်လေသည်။

ထို့ပြင် ကလော်နီသို့ ဦးတည်နေသည့် လမ်းတိုင်းတွင် သူတို့လူများက စောင့်ကြည့်နေကြပြီး အကယ်၍ လင်းရီသာ အမှန်တကယ် လာခဲ့မည်ဆိုပါက လမ်းကြောင်း အသီးသီးမှ သူမထံ သတင်းပို့လာခဲ့မှာ မလွဲမသွေပင်။

“ လင်းရီ အရင်က ပြောခဲ့တာ သူ ချီပိုပါမှာ ရှိနေတယ်လို့ ဟုတ်တယ်မလား …”

“ အင်း … အမှန်ပဲ …”

စက္ကန့်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် နင်ချဲ့ ပြတ်သားသည့် ဆုံးဖြတ်ချက် တစ်ခုအား ချမှတ်လိုက်သည်။

“ ဒီနေရာကို ဆက်စောင့်ကြည့်နေဖို့ အသင်း ၆ ကို အသိပေးလိုက် … ကျန်တဲ့ နင်တို့တွေ ငါနဲ့ ချီပိုပါကို လိုက်ခဲ့ …”

“ လိုက်ခဲ့ရမယ် ဟုတ်လား… ဘော့စ်လျိုပြောခဲ့တာက ကျွန်တော်တို့ကို ဒီမှာစောင့်နေပြီး ခေါင်းဆောင်လင်းကို ကြိုဖို့ မဟုတ်ဘူးလား … သူ့ အမိန့်မပါဘဲ ကျွန်တော်တို့ လျှောက်လုပ်လို့ မရဘူးလေ…”

“ ငါတို့ ထပ်စောင့်နေရင် တစ်ခုခု ဖြစ်တော့မယ်လို့ ငါ့စိတ်တွေ လေးနေတယ်… ငါပြောတာ နားထောင်စမ်းပါ … မြန်မြန် ချီပိုပါဆီကိုမောင်းတော့ …”

“ ဟုတ်ကဲ့ …”

နင်ချဲ့နှင့် ကျန်သူများ ထွက်ခွာသွားခဲ့ပြီးနောက် မကြာမီ မြို့ထံသို့ ဦးတည်နေသည့် ဟိုင်းဝေးလမ်းဘေး၌ အနက်ရောက် Raptor တစ်စင်းက ထိုးရပ်လာခဲ့၏။

ထို့နောက် အမိုးမဲ့ ကုန်ကား နှစ်စင်းက ရှေ့ဆင့်နောက်ဆင့် ထိုးရပ်လာသည်။ စုန့်ကျင်းမင်သည် ကားထဲမှ ထွက်၍ စီးကရက် တစ်လိပ်အား ပါးစပ်တွင် ခဲလိုက်သည်။ တစ်ချိန်တည်းတွင် ကားပေါ်ရှိ လူများလည်း အောက်သို့ ဆင်းလာခဲ့ကြ၏။

သူတို့အနက် တစ်ယောက်က လူကောင်ကြီးကြီးနှင် လူတစ်ယောက်ဖြစ်ပြီး အနက်ရောင် စွပ်ကျယ်နှင့် စစ်စိမ်းရောင် ဘောင်းဘီအား ဝတ်ဆင်ထားသည်။ သူ၏ ကြွက်သားကြီးများက အချိုးကျ တောင့်တင်းပြေပြစ်နေပြီး ခွန်အားအပြည့်နှင့် ပေါက်ကွဲရန် အသင့်ဖြစ်နေသည့် စတီးချောင်းကဲ့သို့ပင်။

၎င်း၏ ညာဘက်လက်မောင်းတွင် အာရပ် ဘာသာစကားဖြင့် နံပါတ် ၆ ရေးထိုးထားပြီး ၎င်းဘေးတွင် spade သင်္ကေတ တစ်ခု ရှိ၏။

နာမည်က ဖရန့်ခ် ဖြစ်ပြီး ကုတ်နာမည်ကတော့ six of spade ပင်။

မူလတုန်းက စုန့်ကျင်းမင်နှင့် လင်းကျင်ကျန့်တို့ နှစ်ယောက်က တိလိရာ့ကျွန်းတွင် ရောက်နေခဲ့ကြသည်။ သို့သော် လင်းရီ တစ်ခုခု ဖြစ်နေပြီဟု ချင်ရင်ယွဲ့ ပြောလာခဲ့တော့ စုန့်ကျင်းမင်အား ဤနေရာသို့ စေလွှတ်လိုက်လေသည်။

တစ်ချိန်တည်းတွင် သူ၏ လက်အောက်ငယ်သား ၁၂ ယောက်ပါ အတူ လိုက်ပါလာခဲ့သည်။

“ အခြေအနေဘယ်လိုလဲ … မြို့ထဲမှာ ဘာသတင်းထူးလဲ …” စုန့်ကျင်းမင် မေးမြန်းလိုက်သည်။

“ ဘာသတင်းမှတော့ မကြားမိဘူး … ငါ့အထင်တော့ သူ ဒီမှာ မရှိလောက်ဘူး …”

စုန့်ကျင်းမင် သူ့နာရီအား တစ်ချက်ကြည့်၍ မှင်သေနေသည့် မျက်နှာထားဖြင့် ရေရွတ်လိုက်သည်။

“ ဒီလောက်ကြာနေပြီကို ဘာလို့ အခုထိ ရောက်မလာသေးတာ …”

ရုတ်ချည်းဆိုသလို စုန့်ကျင်းမင်၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ သူ ချက်ချင်းပဲ နောက်သို့လှည့်ပြီး ကားထဲသို့ ပြန်ဝင်လိုက်သည်။

“ အောက်က လူတိုင်းကို ချီပိုပါ လာခဲ့ဖို့ အသိပေးလိုက် …”

All Chapters