← Chapters

ရုန်းကန်မှုနှင့် ကြောက်ရွံ့မှု

Vol. 121 Ch. 1808

ရုန်းကန်မှုနှင့် ကြောက်ရွံ့မှု

Vol. 121 Ch. 1808

“ မင်း ဘာတွေ ပြောနေလဲ ငါမသိဘူး … ဒါပေမယ့် မင်း ဒီကနေ အသက်ရှင်လျက် ပြန် ထွက်မသွားနိုင်မှာတော့ သေချာတယ်…” လီယွန်က လင်းရီကို စေ့စေ့စပ်စပ် ပြန်လည်စိုက်ကြည့်၍ ပြောလိုက်ပြီး “ မြန်မြန် သတ္တုရိုင်း ဘယ်မှာလဲဆိုတာ ငါ့ကို ပြောပြလိုက် …. အဲ့လိုမှပဲ မင်း အသက်ရှင်လျက် ထွက်သွားရဖို့ ဖြစ်နိုင်မယ်…”

လင်းရီ မလှုပ်မယှက်သာ ရှိနေသည်။ “ ငါ့မှာ မင်းနဲ့ ဖြုန်းဖို့ အချိန်မရှိဘူး … ဒီတော့ မင်းကို အချိန်သုံး စက္ကန့်ပေးမယ်… တကယ်လို့ မပြောဘူးဆိုရင်တော့ အားသုံးရမှာပဲ ….”

“ ဒါပေမယ့် ငါမှ မကြောက်တာ …” လီယွန် ပြောလိုက်ပြီး “ တကယ်လို့ မင်းသာ သတ္တုရိုင်းကို ငါ့လက်ထဲ မထည့်ပေးဘူးဆိုရင် နောက်ဆုံးသေမယ့်လူက မင်းပဲ … အနက်ရောင်မြွေနဲ့ ရင်ဆိုင်ရင် မင်းဘက်က ပူးပေါင်းပေးလိုက်တာ အကောင်းဆုံးပဲ … မဟုတ်ရင် အဆုံးသတ်ကောင်းမှာ မဟုတ်ဘူး …”

“ ဒါဆိုလည်း အပိုစကားတွေ ပြောနေစရာ မလိုတော့ဘူးပေါ့ …”

လင်းရီသည် သေနတ်အား ချိန်ရွယ်ထားရင်းဖြင့် လီယွန်အနားသို့‌ လျှောက်လာခဲ့ကာ ၎င်း၏ လည်ပင်းအား ခုတ်၍ သတိလစ်စေလိုက်၏။

သူ ပြန်နိုးလာသည့် အချိန်၌ သူ့ကိုယ်သူ ကုလားထိုင် တစ်လုံး၌ ချုပ်နှောင်ခံထားရသည်ကို သတိပြုမိလိုက်သည်။ သူ၏ ပါးစပ်ကိုလည်း တိပ်ကပ်ထားပြီး အသံတစ်သံပင် မထွက်နိုင်ချေ။

သို့သော် သူ သတိပြုမိလိုက်သည်က လင်းရီသည် စားပွဲပေါ်တွင် ထိုင်နေပြီး ယမ်းမှုန့်များဖြင့် တစ်ခုခု ပြုလုပ်နေသည်ကိုပင်။ ဘာတွေ လုပ်နေလဲဆိုတာတော့ သူလည်း မသိပေ။

လီယွန် နိုးလာသည်ကို မြင်တော့ လင်းရီ သူ့အနားသို့ စကေဘာနှင့်အတူ လျှောက်လှမ်းလာခဲ့သည်။

ထိတ်လန့်ကြောက်ရွံ့မှုတို့က တစ်ဖက်သူ၏ မျက်လုံးထဲတွင် အထင်းသား ထွက်ပေါ်လာခဲ့၏။ သူတို့နယ်ပယ်ရှိ လူအများစုက သေဖို့ ပြင်ဆင်ထားပြီး ဖြစ်သည့် လူများပင်။

အထူးသဖြင့် လီယွန်ကဲ့သို့‌ အသေးစား ခေါင်းဆောင်လေး တစ်ယောက်အတွက်ဆို ပိုမှန်မည်။ သေရမှာကို သူ လုံးဝ မကြောက်ချေ။

သို့သော် ထိုအချင်းအရာက သူ့အား ရဲရဲတောက် စစ်သည်တစ်ဦး ဖြစ်စေဖို့တော့ မလုံလောက်ချေ။

ကမ္ဘာပေါ်တွင် အကြောက်အရွံ့ကင်းသည့် လူတို့ ရိုက်သတ်လို့ မကုန်နိုင်အောင် ရှိသည်။ ဥပမာအနေဖြင့် မိမိကိုယ်ကို အဆုံးစီရင်ကြသူများပင်။ ထိုလူတို့က သေရမှာကို မကြောက်သည့် အဆင့်သို့ ရောက်ရှိပြီးသူများ ဖြစ်ကြ၏။

သို့‌သော် မိမိကိုယ်ကို အဆုံးစီရင်ရာ၌ လျင်မြန်စွာ အသက်ထွက်သွားမည့် နည်းလမ်းနှင့် သန့်ရှင်းသပ်ရပ်သည့် နည်းလမ်းများကိုသာ ရွေးချယ်လေ့ရှိကြသည်။

အဘယ်ကြောင့်ဆိုသော် မသေခင် ခံစားရမည့် နာကျင်မှု ဝေဒနာအား ၎င်းတို့ ကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။

သေရမှာကို မကြောက်ရွံ့သော်လည်းပဲ ညှင်းပန်းနှိပ်စက်ခံရမည်ဆိုလျှင်တော့ အခြေအနေက ကွဲပြားသွားခဲ့ချေပြီ။

လီယွန်၏ ကြောက်ရွံ့မှုက အနက်ရှိုင်းဆုံး နေရာတွင် ရှိနေခဲ့သည်။ လင်းရီ သူ့ကို လွယ်လွယ်နှင့် လွှတ်ပေးလိုက်မှာ မဟုတ်ကြောင်းကို သူ ကောင်းကောင်း နားလည်သည်။

လင်းရီ ဘာတွေ လုပ်မလဲဆိုတာကိုပဲ သူ မသိခြင်း ဖြစ်၏။

သို့သော် ဤလူက ဘာမဆို လုပ်ဝံ့သည်ကိုတော့ သူ နားလည်သည်။

အပိုစာသားရွတ်ရင်း လင်းရီလေကုန်ခံမနေတော့ဘဲ လီယွန်၏ ပေါင်တွင် စကေဘာဖြင့် တစ်စင်တီမီခန့် နက်ရှိုင်းသည့် ပြတ်ရှရာ တစ်ခုကို ပြုလုပ်လိုက်သည်။

သွေးတို့က ယိုစီးကျလာသည်။ နာကျင်မှုကြောင့် လီယွန်မှာ ချွေးအေးတို့ ထွက်လာခဲ့၏။

လင်းရီ ဘာမျှ မဆိုဘဲ ယမ်းမှုန့်တစ်ချို့အား အနာပေါ်သို့ ဖြူးချလိုက်သည်။

ဤသည်ကို မြင်တော့ လီယွန်၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့လေသည်။ လင်းရီ ဘာဆက်လုပ်မလဲဆိုတာကို သူ မှန်းဆနိုင်ပြီး ဖြစ်၏။

သို့သော် ပါးစပ်ကို တိပ်နှင့်ကပ်ထားသောကြောင့် တအီအီ အသံများကိုသာ ပြုနိုင်ပြီး ယင်းက သူ့အား သတင်းအချက်အလက် ထုတ်ဖော်ရန်အတွက် မလုံလောက်ခဲ့ချေ။

မည်သည့်စကားတစ်ခွန်းမျှလည်း လင်းရီ ဆိုမနေသလို တုံ့ဆိုင်းခြင်း ကင်းစွာဖြင့် မီးခြစ်ဆံအား အသုံးပြုကာ ယမ်းမှုန့်များအား မီးညှိလိုက်သည်။

ကျိန်းစပ်တောက်ပသည့် မီးအလင်းတို့က လီယွန်၏ ပေါင်တွင် လောင်ကျွမ်းလာလေသည်။

အသည်းထဲနင့်အောင် နာကျင်သည့် ခံစားချက်က သူ့မျက်နှာကို လိမ်တွန့်သွားစေခဲ့ပြီး …

ထို့နောက် ခန္ဓာကိုယ်က အကြောဆွဲသွားခဲ့ပြီး နာကျင်မှု ဝေဒနာက မျက်ဖြူစိုက်သည်အထိပင်။

သူ မေ့မြော သတိလစ်တော့မည့် အချိန်မှာပဲ လင်းရီသည် သူ့ခြေထောက်ပေါ်၌ ပြတ်ရှရာ တစ်ခုကို ထပ်မံ ပြုလုပ်လိုက်၏။

စူးအောင့်သည့် နာကျင်မှု ဝေဒနာကြောင့် ဦးနှောက်က အသိစိတ်ပြန်ဝင်လာလေသည်။ လင်းရီသည် နဂိုအတိုင်း ယမ်းမှုန့်အနည်းငယ်ကို အနာပေါ်သို့ ဖြူးလိုက်ကာ မီးရှို့ရန် ဟန်ပြင်လိုက်၏။

လီယွန် ဦးခေါင်းအား ရူးသွပ်နေအောင် ခါယမ်းပြလိုက်သည်။ သေရမှာကို သူ မကြောက်ချေ။ သို့သော် ဤသို့ ညှင်းပန်းနှိပ်စက်သည့် ဝေဒနာကိုတော့ သူ ကြောက်ရွံ့မိ၏။

လင်းရီ ခေါင်းတစ်ချက် ငဲ့ကြည့်လိုက်ပြီး “ အခု ပြောမှာလား …”

လီယွန် ဆက်တိုက် ခေါင်းညိမ့်ပြလိုက်သည်။ နာကျင်မှု ဝေဒနာကြောင့် မည်သည့် အကျိုးဆက်ကိုမျှ စဉ်းစားမနေနိုင်တော့ချေ။

ဤလူက နတ်ဆိုးဖြစ်၏။ သူ့အား ဆန့်ကျင်၍ ကောင်းမွန်သည့် အရာတို့ ဖြစ်ပျက်လာမှာ မဟုတ်ချေ။

လင်းရီသည် သေနတ်အား လီယွန်၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်ရင်း တိပ်အား ခွာပေးလိုက်သည်။

“ သူ ဘယ်မှာရှိလဲ ပြော …”

“ မြောက်ပိုင်းက ဂိုဒေါင်တစ်ခုထဲမှာ ရှိတယ်… မင်း သူ့ကို အဲ့မှာ သွားရှာလို့ရတယ်…”

“ ဒါဆို မင်းလည်း ငါနဲ့လိုက်ခဲ့ …” လင်းရီ ပြောလိုက်သည်။ “ ဒါပေမယ့် အဲ့တာ မတိုင်ခင် ဒီက လက်နက်တွေ အကုန်လုံးကို အပြင်ဘက်ကားထဲဆီ ရွေ့ပေးစေချင်တယ်…”

“ ဒါပေမယ့် ငါ့ခြေထောက်က . . . . . .”

“ မသေချင်ဘူးဆို ခိုင်းတဲ့အတိုင်းလုပ် … ဘုရားသခင်နဲ့ ပေးတွေ့လိုက်ဖို့ ဝန်လေးနေမှာ မဟုတ်ဘူးနော်…”

“ မဟုတ်ဘူး မဟုတ်ဘူး … ငါ ရွေ့ပါ့မယ်…”

လီယွန် ကမန်းကတမ်း မတ်တပ်ရပ်လိုက်သည်။ သို့သော် ခြေထောက်ရှိ နာကျင်မှုက သူ့ကို ချက်ချင်း ပြန်လဲကျသွားစေသည်။

သို့ပေမယ့်လည်း လင်းရီက သူ့နောက်တွင် မတ်တပ်ရပ်နေသည် ဖြစ်ရာ ချက်ချင်း ပြန်မတ်တပ်ရပ်လိုက်ရင်း နာကျင်မှုအား အံကြိတ်၍ ကျည်ဆံ သတ္တာသုံးခုကို ကားထံသို့ သယ်လာခဲ့လိုက်သည်။

တစ်ချိန်တည်းတွင် လင်းရီလည်း ဒါဇင်ကျော်သည့် လက်နက်များကို ကားထဲသို့ သယ်လာသည်။

၎င်းအပြင် လင်းရီသည် ချိန်ကိုက်ဗုံး တစ်ခုကိုလည်း ကားထဲ တပ်ဆင်ထားခဲ့လိုက်သေးသည်။ ဤသို့ဖြင့် အသာစီးက သူ့လက်ထဲ၌သာ ရှိနေလိမ့်မည်။

နှစ်ယောက်သား ပြင်ဆင်လို့ ပြီးတော့ ကောင်းကင်ယံမှာ စတင်၍ လင်းစ ပြုနေချေပြီ။

လင်းရီသည် လီယွန်ကို ခရီးသည်ထိုင်ခုံတွင် ထိုင်ဖို့ ပြောလိုက်၏။

ထို့နောက် မြောက်ပိုင်းသို့ ဦးတည်မောင်းနှင်လိုက်သည်။

အသင်း ၄ ၏ ခေါင်းဆောင် လီယွန်က ဤလူများ ကြားထဲတွင် အဆင့်အတန်း တစ်ချို့တော့ ရှိ၏။

လီယွန် ခရီးသည်ထိုင်ခုံတွင် ပါလာသည်ကို မြင်တော့ မည်သူကမျှ သူတို့ကားကို မတားဆီးကြချေ။ ဤသို့ဖြင့် လမ်းခရီးတစ်လျှောက်လုံးမှာ ဖြောင့်ဖြူးနေလျက်ရှိတော့၏။

သို့သော် မြောက်ပိုင်းရှိ ဂိုဒေါင်အိမ်သို့ ရောက်တော့ မည်သူမျှ မရှိတော့ပြီကို မြင်တွေ့လိုက်ရလေသည်။

လင်းရီ၏ မျက်လုံးအိမ်တို့ တင်းကြုတ်သွားခဲ့ပြီး သေနတ်ဖြင့် လီယွန်၏ ဦးခေါင်းအား ချိန်ထားလိုက်ကာ ပတ်ဝန်းကျင်သို့ သတိကြီးကြီးဖြင့် ကျီးကန်းတောင်မှောက် တစ်ချက် လေ့လာလိုက်သည်။

ဤသည်က ထောင်ချောက် တစ်ခု ဖြစ်နေမှာကို သူ စိုးရိမ်နေသည်။

“ မင်းငါ့ကို လှည့်ကွက်တွေ လာကစားဝံ့လို့ကတော့ ယုံချင်ယုံ မယုံချင်နေ … ငါ မင်းကို သေအောင် ပစ်သတ်လိုက်မယ်…”

“ မဟုတ်ဘူး … ငါမလုပ်ဘူး ..”

လီယွန် ကတုန်ကယင် ဖြစ်စွာ တုံ့ပြန်လိုက်ပြီး “ ခေါင်းဆောင် သူ့ကို ဒီနေရာ ခေါ်လာခဲ့တာ သေချာတယ်… ဒါပေမယ့် ဒီမှာ ဘာလို့ တစ်ယောက်မှ မရှိတော့မှန်း ငါလည်း မသိဘူး … ငါ ဖုန်းဆက်ပြီး မေးဖို့လိုတယ်…”

လင်းရီ ပတ်ဝန်းကျင်အား စူးစမ်းနေရင်း မည်သည့် အန္တရာယ် အငွေ့အသက်ကိုမျှ ခံစားရခြင်း မရှိချေ။ ထို့ကြောင့် အနီးတစ်ဝိုက်တွင် ခြုံခို တိုက်ခိုက်သူများ မရှိနိုင်ပေ။

“ အခု ချက်ချင်း ခေါ်လိုက် …”

“ အိုကေ …”

လီယွန် သူ့ဖုန်းအား ကောက်ကိုင်လိုက်ပြီး လင်းရီကတော့ ပတ်ဝန်းကျင်ကို သတိနှင့် စောင့်ကြည့်နေလျက် ရှိသည်။

သို့သော် တံခါးဝတွင် ဧရာမ သွေးအိုင်ကြီး တစ်ခုအား မြင်တွေ့လိုက်ရလေသည်။ တံခါး၀မှ ဆယ်မီတာကျော်သည်အထိ သွေးစီးကြောင်းက ရှိနေပြီး ၎င်းနောက်တွင်မှ တစ်စုံတစ်ရာကြောင့် ရပ်တန့်သွားခဲ့ဟန်တူသည်။

လင်းရီ တုန်လှုပ်သွားခဲ့၏။ သွေးရာ လမ်းကြောင်းမှ တဆင့် အကဲဖြတ်ကြည့်ရသလောက်တော့ တစ်စုံတစ်ယောက်အား ဒရွတ်တိုက် ဆွဲခေါ်သွားသည့်ပုံပင်။

ထိုသို့ ဒရွတ်တိုက် ဆွဲခံသွားရသည့်လူက ကျိုးလျန် ဖြစ်ဖို့များသည်။

လီယွန် မလိမ်ညာခဲ့ချေ။ ကျိုးလျန်ကို ဤနေရာသို့ ခေါ်ဆောင်လာပြီးမှ တခြားနေရာသို့ ပြန်လည်ခေါင်ဆောင်သွားခြင်း ဖြစ်ရမည်။

လင်းရီ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ခါသွားပြီး သေနတ်ကိုပင် သေချာမြဲမြံစွာ မကိုင်ထားနိုင်တော့ချေ။

ဂိုဒေါင်အတွင်းသို့ သွားပြီး ဝင်ကြည့်ချင်သော်လည်း သူ ဝင်မကြည့်ဝံ့ချေ။

ပထမဆုံးအကြိမ်အဖြစ် လင်းရီသည် အရာတစ်ခုအား ရင်ဆိုင်ရမည်ကို ကြောက်ရွံ့မိသွားခဲ့၏။

ထိုနေရာရှိ မြင်ကွင်းများအား မြင်ပြီးနောက် သူ၏ စိတ်ခံစားချက်တို့ လဲပြိုသွားမှာကို သူကြောက်သည်။

သို့သော် သူ လဲပြို၍ မဖြစ်သေးချေ။

ထိုအချိန်၌ လီယွန် ဖုန်းခေါ်လို့ ပြီးသွားခဲ့၏။

“ သူတို့ အခု ဟန့်ခ်လမ်းမှာ … ငါတို့ အဲ့ကိုသွားရင် တွေ့လိမ့်မယ်…”

“ လမ်းပြ …”

“ အိုကေ …”

လင်းရီသည် မျက်နှာအမူအရာ ကင်းမဲ့စွာဖြင့် ဟန့်ခ်လမ်းသို့ ဦးတည်မောင်းနှင်လိုက်သည်။

နာရီ စက္ကန့်တို့က သူ့အလိုလို ကုန်ဆုံးသွားပြီး အချိန်နှင့်အမျှ ဟန့်ခ်လမ်းသို့ နီးကပ်လာနေသည်။

သို့သော် နီးကပ်လာသည်နှင့်အမျှလည်း လင်းရီမှာ ပို၍ ပို၍ စိတ်မသက်သာ ဖြစ်လာခဲ့သည်။

သူ ကျိုးလျန်ကို ကယ်တင်ဖို့ မစောင့်ဆိုင်းနိုင်သော်လည်း ထိုနေရာသို့ အလျင်အမြန်ကြီး ရောက်သွားမှာကို ကြောက်နေမိပြန်သည်။

သူ မမြင်ရက်သည့် မြင်ကွင်းမျိုးနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရမှာကို လင်းရီ ကြောက်နေခဲ့သည်။

ရင်ဘက်ထဲတွင် ဖြစ်ပေါ်နေသည့် ရုန်းကန်မှုနှင့် ညှင်းပန်းမှုတို့က သူ၏ စိတ်ခံစားချက်တို့ကို ဝိရောဓိ ဖြစ်ပေါ်လာစေပြီး စိတ်တစ်ခုလုံးက လဲပြိုလုနီးပါး ဖြစ်လာခဲ့တော့သည်။

အရှေ့အရပ်မှ နေထွက်လာပြီး မျှော်လင့်ချက် အလင်းရောင် အသစ်အား ဆောင်ကြဉ်းပေးလာသည်။

သို့သော် ဤတစ်ကြိမ် လင်းရီ၏ အမြင်တွင်တော့ ဤသည်ကား အမှောင်ထု၏ နောက်ထပ်လယ်ဗယ်တစ်ခုပင်။

ဆယ်မိနစ် ကြာပြီးသည့်နောက် သူတို့ ဟန့်ခ်လမ်းသို့ ရောက်ရှိလာခဲ့၏။

လင်းရီ၏ ကားက လမ်းဝင်ပေါက်ဝတွင် ထိုးရပ်လိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဒါဇင်မီတာ အကွာ၌ လန်ခရူဇာ တစ်စင်းအား မြင်တွေ့လိုက်ရသောကြောင့်ပင်။

ကားက ဖြည်းညင်းစွာ မောင်းနှင်နေပြီး လူတစ်ယောက် ပြေးသည့် အမြန်နှုန်းလောက်ပင် မြန်ဆန်ခြင်း မရှိပေ။

ကားအနောက်ဘက်ခြမ်းတွင် ကြိုးတစ်ချောင်း ချည်နှောင်ထားပြီး အခြား ကြိုးအစွန်းတစ်ဖက်တွင်တော့ ဒရွတ်တိုက် ဆွဲခံနေရသည့် လူတစ်ယောက်ရှိနေကာ ကြိုးကိုတော့ ၎င်း၏ လည်ပင်းတွင် ချည်နှောင်ထားသည်။

ထို့ပြင် အနှီလူပုဂ္ဂိုလ်သည်ကား …

ကျိုးလျန် ဖြစ်လေသည်။

(TL Note - ကြိုးကွင်းကို ခပ်လျော့လျော့ ထုံးပြီး ဒရွတ်တိုက်ဆွဲမယ်ဆိုရင် လူက သေဖို့ မလွယ်ပါဘူး။နောက်ပြီး မောင်းနေတဲ့ ကားအရှိန်ကလည်း လူတစ်ယောက် ပြေးတာလောက်တောင် မမြန်ဘူးဆိုတော့ တလှိမ့်ချင်း အေးဆေးလှိမ့်နေတယ် ပြောလို့ရတယ်။ မြင်ယောင်ကြည့်လို့ လွယ်အောင်ပဲ ပြောပြတာပါ။)

All Chapters