ကျည်တစ်ချက်
Vol. 121 Ch. 1810
အနှီဟိန်းဟောက်သံက တောအုပ်တစ်ခုလုံးအား တုန်လှုပ်သွားစေသည့်နှယ်ပင်။ လင်းရီ၏ ကိုယ်မှ ထွက်ပေါ်နေသည့် လူသတ်လိုသည့် ရောင်ဝါတို့က သူ့အနားရှိ လူတိုင်းကို ရှော့ခ်ရသွားစေခဲ့သည်။
သူတို့၏ ပထမဆုံးအကြိမ် အဖြစ် သောင်းချီသည့် စစ်သားများ၏ ဝန်းရံထားခြင်းကို ခံထားရသည်ဟု ထင်ထောင်ထင်မှားဖြစ်စွာ ခံစားလိုက်ရလေသည်။
“ သူပြောတဲ့ အတိုင်းလုပ်ပေးလိုက် …” ဂရီလိုမှာ မျက်နှာကြီး နီရဲရင်း အော်ပြောလိုက်သည်။
“ သတ္တုရိုင်းက သူနဲ့ ရှိနေသေးတုန်းပဲ … မင်းတို့ ဘာမှ မလုပ်ကြနဲ့ …”
ဤ စစ်ဆင်ရေး၏ အဆင့်မြင့်ဆုံး အရာရှိတစ်ယောက် ဖြစ်သည့်အားလျော်စွာ အနက်ရောင်မြွေ အဖွဲ့သားများကလည်း သူ၏ အမိန့်ကို နာခံပြီး မဆင်မခြင် မလှုပ်ရှားခဲ့ကြချေ။
အခြားတစ်ဖက်ခြမ်းတွင်ရှိ ဒါဇင်ချီသည့် အမေရိကန် စစ်သားတို့ကလည်း တူညီစွာ ပြုမူခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် သူတို့၏ လာရင်းခေါင်းစဉ်က ငြိမ်းချမ်းရေး ထိန်းသိမ်းရန်အတွက်ဖြစ်ပြီး သူတို့ တတ်နိုင်သည့် အရာကား များများ စားစား မရှိပါချေ။
အကယ်၍ ပြုလုပ်လိုသည်ဆိုပါကလည်း အနက်ရောင်မြွေမှ တဆင့် ပြုလုပ်နိုင်မှာ ဖြစ်ပြီး ထို့ကြောင့် ယခု အခိုက်အတန့်၌ ဂရီလို၏ အမိန့်စကားတို့မှာ အတော်လေး အရေးပါ အရာရောက်နေလျက် ရှိသည်။
စက္ကန့်အနည်းငယ်ကြာအောင် တွေးတောပြီးနောက် အမေရိကန် ဘက်ခြမ်းရှိ တာဝန်ရှိသူ တစ်ယောက်ကလည်း တူညီသည့် ညွှန်ကြားချက်များ ပေးလိုက်ကာ သူ့စစ်သားများအား နောက်သို့ ဆုတ်ခိုင်းလိုက်သည်။
“ ငါ့လူကို ကားထဲ သယ်သွားဖို့ ပြောလိုက် …”
ဂရီလို အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားပြီး… ထို့နောက် ပြောလိုက်၏။
“ သူပြောတဲ့အတိုင်းလုပ် …. သူ့လူကို ကားထဲ ခေါ်သွားလိုက် …”
လူအုပ်ထဲမှ လူနှစ်ယောက် ထွက်လာပြီး တစ်ယောက်က ကြိုးအား ဖြတ်တောက်လိုက်သည်။ ထို့နောက် နှစ်ယောက်အတူ မ,၍ ကျိုးလျန်အား ကားထဲ ခေါ်သွားလိုက်လေသည်။
“ ဟွာရှန့် … ငါတို့ရဲ့ ပစ်မှတ်က သတ္တုရိုင်းပဲ … မင်း ငါတို့ကို ကမ်းပေးဖို့ မျှော်လင့်တယ်… ဒါက မင်းအတွက်လည်း အကျိုးရှိစေရမယ်…”
“ စောက်ရေးမပါတာတွေ မပြောနဲ့ …”
လင်းရီသည် သေနတ်အား ဂရီလို၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်ပြီး အမေရိကန် စစ်ဗိုလ်ချုပ်အား ကြည့်လိုက်သည်။
“ မင်းတို့ကောင်တွေ ဒီကိစ္စထဲ ဝင်စွက်ဖက်လာတယ်ဆိုတာကလည်း သတ္တုရိုင်းကြောင့် ဟုတ်တယ်မလား ….”
“ အဲ့ပစ္စည်းက ကမ္ဘာမှာ တားမြစ်ထားတဲ့ အရာပဲ … ငါတို့က အဲ့လို အလုပ်မျိုးတွေ မလုပ်ဘူး … ငါတို့ဒီလာတာ ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ပဲ …”
ပြောလိုက်သူက ရွိုင်းဟု ခေါ်သည့် အမျိုးသား တစ်ယောက်ပင်။ သူက ဒုဗိုလ်ချုပ် တစ်ယောက်ဖြစ်၏။
“ မင်းတို့က မလိုချင်ဘူးဆိုတော့လည်း မင်းတို့နဲ့ အရေးမပါတာတွေ ပြောဖို့ မလိုတော့ဘူးပေါ့ …” လင်းရီ နှာမှုတ်လိုက်ပြီး “ ငါ ဒီကနေ လွတ်အောင်ပြေးပြီးရင် သတ္တုရိုင်းကို သူ့လက်ထဲပဲ ထည့်ပေးလိုက်တော့မယ်…”
“ အဲ့လိုမရဘူး …” ရွိုင်း အော်ဟစ်လိုက်သည်။
လက်တွေ့တွင်တော့ နောက်ဆုံးရလဒ်က မည်သို့ပဲ ဖြစ်လာပါစေ ဘက်စ်သတ္တုရိုင်းသည် သူတို့ လက်ထဲသို့သာ ရောက်လာရမည်။ သို့သော် ၎င်းအား ရယူသည်နှင့် အနက်ရောင်မြွေ အဖွဲ့ထံမှ ပြန်လည်ဝယ်ယူသည်က မတူညီသည့် သဘောတရား နှစ်ခု ဖြစ်၏။
အကယ်၍ သူသာ စစ်ဆင်ရေးတွင် ဘက်စ်သတ္တုရိုင်းအား ရရှိနိုင်မည်ဆိုပါက စစ်အကျိုးပြု ရမှတ်များအား ရရှိနိုင်ပေမည်။
ဤသည်က သိပ်ကို အရေးကြီးသည့် အရာတစ်ခု ဖြစ်၏။
“ ဘာလို့ မရမှာ ….”
“ မင်းပြောတဲ့ သတ္တုရိုင်းက တားမြစ်ပစ္စည်းပဲ … သူတို့လက်ထဲ ရောက်သွားလို့လည်း မရဘူး …”
“ ကိန်းကြီးခန်းကြီး နိုင်တဲ့ ပုံစံတွေ လုပ်မနေစမ်းပါနဲ့ … မင်းတို့ လိုချင်တယ်ဆို အခု လာခဲ့လိုက် … ဒီကောင်တွေကို ပေးလိုက်တာထက်စာရင် မင်းတို့ လက်ထဲ ရောက်သွားတာက သာပါသေးတယ်….”
“ မင်း ငါ့ကို ကစားဖို့ စိတ်ကူးနေရင်တော့ တော်လိုက်တော့လို့ ပြောချင်တယ်… ငါမင်းကို အဲ့လိုလုပ်ဖို့ အခွင့်အရေး ပေးမှာ မဟုတ်လို့ပဲ ….”
“ မင်းနဲ့ ပေါက်ကရတွေ ပြောပြီး ဖြုန်းဖို့ အချိန်မရှိဘူး … လိုချင်လား … လာခဲ့လိုက် … မလိုချင် လစ်လိုက် …”
လင်းရီ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“ ဒါပေမယ့် သတိပေးထားမယ်… မဆင်မခြင် မလုပ်နဲ့ … ငါ့ဘက်က သတ္တုရိုင်းနှစ်ခုကို ဖွက်ထားတာ .. ပြီးတော့ ငါ့မှာ အဲ့တာတွေကို ဖောက်ခွဲပစ်နိုင်တဲ့ စွမ်းရည်လည်း ရှိတယ်… ငါ တခြား ဘာမှ မပြောဝံ့ပေမယ့် အနည်းဆုံး အဆောက်အအုံ လေးငါးခုလောက် ဖောက်ခွဲပစ်ဖို့က အသာလေးပဲ … မင်းတို့ တစ်ယောက်မှ ဒီကနေ ပြန် ထွက်သွားနိုင်မယ် မထင်နဲ့ …”
ဤအချိန်တွင်တော့ … မည်သူကမျှ လက်လွတ်စပယ် လှုပ်ရှားလိုစိတ် မရှိကြတော့ချေ။
သူတို့က ဤနေရာသို့ သတ္တုရိုင်းအတွက် ရောက်လာခဲ့ခြင်း ဖြစ်၏။ အကယ်၍ သတ္တုရိုင်းကို မရဘဲ ဤနေရာ၌ အသက်ပါ ပေးဆပ်လိုက်ရမည်ဆိုပါက မတန်ပေ။
“ ငါမင်းနဲ့ အတူ လိုက်ခဲ့ပေးမယ်… ဒါပေမယ့် သတ္တုရိုင်း ဘယ်မှာရှိလဲဆိုတာတော့ ပြောပြရမယ်…”
“ ဒါပေါ့ …”
အကျိုးပြုရမှတ်အတွက် … ရွိုင်းသည် လင်းရီထံသို့ ဖြည်းဖြည်းချင်း လှမ်းလာသည်။
သူနှင့် ဂရီလိုတို့ အတူရှိနေသရွေ့ ၊ အခွင့်အရေးသာ ရှိလာခဲ့မည်ဆိုပါက ဤလူအား အနိုင်ယူနိုင်ဖို့ကို သူ့တွင် ယုံကြည်ချက် ရှိသည်။
ထိုသို့ ဖြစ်ပျက်လာပြီ ဆိုတာနှင့် ဤ ပြဇာတ်သည်လည်း အဆုံးသတ်ပြီ ဖြစ်၏။
လင်းရီ၏ လက်မောင်းတစ်ဖက်က ဂရီလို၏ လည်ပင်းကို ညှစ်ထားပြီး ကျန်တစ်ဖက်က သေနတ်ကိုင်ထားလျက် ရွှိုင်း၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။
လင်းရီ ဤသို့ ပြုလုပ်လိုက်သည်က သူ လွတ်မြောက်နိုင်မည့် အခွင့်အရေးအား မြင့်မားစေရန်အတွက်ပင်။
အနက်ရောင်မြွေနှင့် နှိုင်းယှဉ်ပါက အမေရိကန်တို့မှာ သေရမှာကို ပိုကြောက်ကြသည်။ ရွိုင်းကိုသာ ဓားစာခံ အဖြစ် ခေါ်ထားလိုက်မည်ဆိုပါက သူ၏ လက်အောက်ငယ်သားများလည်း ခြုံခိုတိုက်ခိုက်နိုင်တော့မှာ မဟုတ်ချေ။ ဤသို့ဖြင့် လင်းရီမှာ ပိုပြီး လုံခြုံသွားနိုင်သည်။
“ ကားထဲဝင် …”
လင်းရီသည် ရွိုင်း၏ ဦးခေါင်းအား သေနတ်ဖြင့် ချိန်ထားရင်း ပြောလိုက်သည်။
တစ်ဖက်သူမှာ မည်သည့် ခုခံမှုကိုမျှ မပြဘဲ လင်းရီ၏ ကားထဲသို့ ဝင်သွားခဲ့၏။
ယခင် ရိုက်ခတ်မှုအတွင်း လင်းရီ၏ ဒရိုင်ဘာခုံက လန်ခရူဇာ၏ ထိပ်ပိုင်း၌ တည်ရှိနေသဖြင့် ရွိုင်းသည် ခရီးသည်ထိုင်ခုံမှတဆင့် အထဲသို့ ဝင်လိုက်ရသည်။
ထို့နောက် ကားကို နောက်သို့ ပြန်ဆုတ်လာခဲ့၏။ လင်းရီသည် ဂရီလိုအား လက်ထဲတွင် ထိန်းချုပ်ထားရင်း ကားထဲသို့ ဝင်လိုက်လေသည်။
ထိုင်ခုံ အနောက်ထဲတွင် ကျိုးလျန်သည် ဒဏ်ရာဒဏ်ချက်များဖြင့် ဖုံးလွှမ်းနေပြီး ခြေထောက်နှင့် လက်နေရာများ၌ နေရာလွတ်ဟူ၍ပင် မရှိပေ။ ထို့ပြင် သူ၏ နှုတ်ခမ်းမှာလည်း သွေးတို့ စွန်းထင်းနေသည်။
လင်းရီ၏ ခန္ဓာကိုယ်မှာ တုန်ယင်လာခဲ့ကာ ရေခဲတမျှ အေးစက်သည့် သတ်ဖြတ်လိုစိတ်တို့က အနားရှိ လူနှစ်ယောက်သို့ ချက်ချင်း သက်ရောက်လာခဲ့၏။
ယင်းက ပေါက်ကွဲခါနီး နျူးကလိယ ဗုံးတစ်ခုကဲ့သို့ပင်။
ခေါင်းသို့ သေနတ်ဖြင့် ရွယ်ခံထားခဲ့ရစဉ်က မကြောက်ရွံ့ခဲ့သည့် ဂရီလိုမှာ ယခုအခါ၌ ကြောက်ရွံ့တုန်လှုပ်နေမိခဲ့၏။
သူ့ရှေ့ရှိ ဤလူက သူ့စိတ်ထဲတွင် ကြောက်ရွံ့စေသည့် မျိုးစေ့တစ်ခုအား စိုက်ပျိုးသွားခဲ့လေသည်။
ရှေ့ခုံတွင် ထိုင်နေသည့် ရွိုင်ပင် တူညီသည့် ထိတ်လန့်မှုကို ကြုံတွေ့လိုက်ရ၏။
“ ကားမောင်း …”
လင်းရီ၏ အသံမှာ ပကတိ အေးစက်နေသည်။ သူ ရှူသွင်းရှူထုတ်ပြုလုပ်လိုက်သည့် လေပင် အေးခဲနေသယောင် ရှိ၏။
ရွိုင်း အပိုစကား ဘာမျှ မပြောချေ။ တုန်တုန်ယင်ယင်နှင့် ကားကို စက်နိုးလိုက်၏။
ယခု အတူလိုက်ပါရန် ဆုံးဖြတ်ခဲ့မိသည်ကိုပင် သူ့ကိုယ်သူ နောင်တရလို့ မဆုံး ဖြစ်နေမိလေသည်။
ဘယ်ကိုမောင်းရမလဲလို့ ရွိုင်း မမေးခဲ့ချေ။ ဤလူ စိတ်လွတ်သွားမှာကို သူ ကြောက်နေသည်။
စိတ်လွတ်နေသည့် လူတစ်ယောက်က ယုတ္တိတန်သည့် သဘောတရားများ၊ စည်းမျဉ်းများဖြင့် တရားသွားချ၍ နားပေါက်လိမ့်မှာ မဟုတ်ပေ။
“ ငါမင်းကို မြို့ထဲက လုံလုံခြုံခြုံနဲ့ ထွက်ခွာသွားနိုင်ဖို့ အာမခံတယ်… ဒါပေမယ့် မင်း ငါ့ကို သတ္တုရိုင်းက ဘယ်တော့လဲ ပေးမှာ ….”
“ မြို့ထဲက ထွက်ပြီးရင် ပေးမယ်…”
“ မင်းငါ့ကို မလှည့်စားဖို့ မျှော်လင့်တယ်.. မင်းမြို့ထဲက ထွက်သွားရင်တောင် ငါတို့လူတွေရဲ့ စောင့်ကြည့်မှုအောက်မှာပဲ ရှိနေဦးမှာ … ဒီလိုပုံစံနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး …”
“ သတ္တုရိုင်းတွေ လိုချင်သေးတယ်ဆို စောက်အပိုစကားတွေ ပြောတာရပ်ပြီး ကားကိုပဲ သေချာမောင်း …”
ရွိုင်း ဘာမျှ မဆိုချေ။ သူသည်လည်း စိတ်ထဲတွင် ဘက်စ်သတ္တုအား ရရှိပြီး လင်းရီလက်ထဲမှ လုံလုံခြုံခြုံနှင့် ထွက်သွားနိုင်မည့် နည်းလမ်းကို စဉ်းစားနေလျက် ရှိသည်။ သို့သော် သူ့ဘက်က အခွင့်အရေးအား ဆုံးရှုံးထားပြီး ဖြစ်၏။ သူ တတ်နိုင်သည့်အရာကား အခြေအနေကို စောင့်ကြည့်ဖို့ပင်။
သုံးထပ် အဆောက်အဦး တစ်ခုဘေး၌ ယခုလေးတင် ဝမ်ထင်ရှန်းထံ သတင်းတင်ပြပြီးသည့် ချိန်ကွမ်းကျဲ့သည် လင်းရီ ထွက်ခွာသွားခဲ့သည်ကို မြင်တော့ မျက်မှောင်ကြုတ်မိလိုက်၏။
“ သူတို့တွေ တကယ်ကြီး လွှတ်ပေးလိုက်ကြတယ်ပေါ့ ….”
ရှေ့ရှိ မြင်ကွင်းက ချိန်ကွမ်းကျဲ့၏ မျက်နှာအမူအရာကို အေးစက်သွားခဲ့စေခဲ့သည်။
ဝမ်ထင်ရှန်းထံ ညွှန်ကြားချက် တောင်းမနေတော့ဘဲ သူ့ဘာသူ ကိုင်တွယ်ရန် ပြင်ဆင်လိုက်သည်။ မဟုတ်ပါက အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရတော့မည် ဖြစ်၏။
ဝမ်ထင်ရှန်း၏ စီစဉ်ထားမှုများက အပြစ်ဆိုဖွယ်ရာပင် မရှိဟု ပြော၍ရ၏။ ယခင် ဤအစီအစဉ်ကို ရေးဆွဲစဉ်က သူထင်ထားခဲ့သည်မှာ ဤသည်က အတော်လေး ပြီးပြည့်စုံနေပြီ ဟူ၍ပင်။ သို့သော် ပိုပြီး စိတ်ချသေချာစေရန်အတွက် ချိန်ကွမ်းကျဲ့ကို ဆက်လက် အသုံးပြုလိုက်သေးသည်။
၎င်းအား အုပ်စုထဲသို့ ရောနှောပြီး အခြေအနေ ကိစ္စရပ်တို့အား လျှို့ဝှက်စွာ စောင့်ကြည့်နေဖို့ ညွှန်ကြားထားခဲ့သည်။ အကယ်၍ တစ်စုံတစ်ရာ ဖြစ်ပျက်လာခဲ့မည်ဆိုပါက လျှို့ဝှက်စွာ လုပ်ဆောင်နိုင်ပေမည်။
ယခု ကိစ္စရပ်တို့က ဤအခြေအနေသို့တိုင် ရောက်ရှိလာပြီး ဝမ်ထင်ရှန်း ကြောက်ရွံ့နေသည့် ကိစ္စတို့က အမှန်တကယ် ဖြစ်လာနေချေပြီ။
ထို့ကြောင့် သူ့ဘက်က လှုပ်ရှားဖို့ လိုအပ်၏။
ဘေးဘီကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ရင်း …
ချိန်ကွမ်းကျဲ့သည် ပြီးပြည့်စုံသည့် အကာအကွယ်နေရာတစ်ခုကို ရှာတွေ့သွားခဲ့ပြီး သူ၏ သေနတ်အား တပ်ဆင်လိုက်၏။ စနိုက်ပါရိုင်ဖယ် ကိုင်မထားခဲ့ရသည်က နှမြောစရာပင်။ မဟုတ်ပါက လင်းရီအား တစ်ချက်တည်းနှင့် လက်စဖျောက်လိုက်၍ ရ၏။
ချိန်ကွမ်းကျဲ့သည် အသက်အောင့်ထားပြီး ပစ်ခတ်ဖို့ အကောင်းဆုံးအချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ကျုံးဝေ့တပ်ဖွဲ့ အသင်း ၄ ၏ ခေါင်းဆောင် တစ်ယောက် အနေဖြင့် ၎င်း၏ အရည်အချင်းတို့က မေးခွန်းထုတ်စရာ မလိုချေ။
စက္ကန့်အနည်းငယ်ကြာပြီးနောက် ချိန်ကွမ်းကျဲ့ မျက်လုံးအား မှေးကျဉ်း၍ ပစ်ခတ်ဖို့ အကောင်းဆုံး အချိန်ကို မြင်တွေ့သွားခဲ့ပြီး …
ထို့နောက် …
လက်ညှိုးဖြင့် ခလုတ်အား ဆွဲလိုက်သည်။