အသက်လေးခု
Vol. 121 Ch. 1811
ကျည်ဆံက သေနတ်ပြောင်းဝနေ အရှိန်အဟုန်နှင့် ပြေးထွက်လာပြီး လေထဲတွင် မီးညွှန့်တစ်ခုအား ချန်ရစ်ထားခဲ့သည်။
မျက်တောင်တစ်ခတ်စာ အတွင်းမှာပဲ ၎င်းက ကားတာယာကို ထိမှန်သွားခဲ့လေသည်။
ဘန်း ….
ကျည်ဆံက တာယာသို့ ထိမှန်သွားခဲ့ပြီး ချက်ချင်းဆိုသလို ကျွမ်းထိုးမှောက်ခုံ ဖြစ်သွားခဲ့တော့၏။
ကားမောင်းနေသည့် အရှိန်ကြောင့် ယာဉ်မှာ အရှေ့ သုံးမီတာကျော် အကွာသို့ ရောက်သည်အထိ ခုန်ပေါက်သွားခဲ့ပြီး မှောက်လျက် အနေအထား ဖြစ်သွားခဲ့တော့သည်။
ပြင်းထန်သည့် ယာဉ်ဆောင့်မှုကြောင့် မှန်တို့ အက်ကွဲသွားခဲ့ပြီး ကားထဲရှိနေသည့် လူသုံးယောက်ထံ ပျံသန်းရောက်ရှိလာသည်။
ယခုလို ဖြစ်ပျက်လိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားခဲ့ကြချေ။
အရေးကြီးသည့် အခိုက်အတန့်၌ လင်းရီသည် အခြားလူများအကြောင်း တွေးပူနေရန် အချိန်မရှိဘဲ ကျိုးလျန်ကို သူ့ခန္ဓာကိုယ်ဖြင့် ကာထားပေးလိုက်ပြီး မှန်ကွဲစများထံမှ ကာကွယ်ပေးလိုက်၏။
ပြတ်ရှရာတို့က လင်းရီ၏ လက်မောင်းနှင့် မျက်နှာထက်တွင် အများအပြား ဖြစ်ပေါ်လာခ့သည်။ အထူးသဖြင့် ခေါင်းနောက်ဘက်ခြမ်းနှင့် နဖူးဘက်ခြမ်းတွင် ဟက်တက်ကွဲရဦ အများအပြား ဖြစ်ပေါ်လာပြီး သွေးတို့က မျက်နှာပေါ်သို့ စီးကျလာခဲ့သည်။
အဆိုးဆုံးအပိုင်းကတော့ လင်းရီသည် ကျိုးလျန်ကို တင်းကြပ်စွာ ကာကွယ်ထားပေးသဖြင့် တစ်လက်မလေးပင် လှုပ်၍ မရခဲ့ချေ။ ဤသည်က သူ၏ လက်ချောင်းများအား သေနတ်ဖြင့် ကြိတ်ချေလိုက်သလို ဖြစ်သွားစေခဲ့သည်။ လင်းရီသည် နာကျင်မှုကို အံတင်းတင်းကြိတ်၍ တောင့်ခံလိုက်ပြီး အနည်းဆုံးတော့ သူ့ လက်ချောင်းများ ကျိုးသွားပြီ ဖြစ်ကြောင်း စိတ်ထဲမှ သိရှိလိုက်သည်။
သို့သော် ယခုအချိန်၌ ထိုကိစ္စအား တွေးပူနေရန် အချိန်မရှိပေ။
ကားထဲတွင် လက်နက်များနှင့် ဗုံးများပါနေပြီး အကယ်၍ တစ်ခုခု မှားယွင်းသွားခဲ့မည်ဆိုပါက လုံးဝကို ပျက်ကိန်းဖြစ်သွားလိမ့်မည်။
နောက် တစ်ချက် ပစ်ခတ်ပြီးသည့်နောက် ချိန်ကွမ်းကျဲ့၏ ပုံရိပ်သည် နေရာမှ ခြေရာလက်ရာ မကျန်ရစ်ခဲ့ဘဲ ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။
အောက်ရှိ လမ်းမ အထက်တွင်တော့ ပရမ်းပတာ အခြေအနေတစ်ခု ဖြစ်ပေါ်နေသည်။
လင်းရီသည် ကျိုးလျန်အား ဆွဲ၍ ကားထဲမှ တွားသွားထွက်လာခဲ့ပြီး အကာအကွယ် နေရာ တစ်ခု ရှာဖွေရန် ဟန်ပြင်သည်။
သို့သော် သူတို့ ခပ်ဝေးဝေး မသွားနိုင်သေးခင်မှာပဲ ကားမှာ ပေါက်ကွဲထွက်လာခဲ့၏။
BOOM!!!
ပေါက်ကွဲသံနှင့်အတူ ၎င်းတို့ စီးနင်းလာသည့် ကားသည်လည်း အပိုင်းအပိုင်း အစစ ဖြာထွက်သွားခဲ့လေသည်။ ပေါက်ကွဲသံက ချူပိုပါ တစ်မြို့လုံး တုန်ဟီးသွားစေသည်အထိ ပြင်းထန်လှ၏။
ဆူနာမီကဲ့သို့ အပူလှိုင်းလုံးကြီးက ကောင်းကင်းထက်မှ ကမ္ဘာမြေသို့ ဆင်းသက်လာနေသည့် ကြမ်းကြုတ် သားရိုင်းကောင်ကြီးကဲ့သို့ပင်။ ၎င်းက အနီးနားဝန်းကျင်ရှိ အိမ်မှန်ပြတင်းပေါက်များအား အစိပ်စိပ်အမြွှာမြွှာ ကွဲအက်သွားစေခဲ့ပြီး အိမ်အဟောင်းများကိုတော့ ချက်ချင်း လဲပြို ပျက်စီးသွားစေခဲ့လေသည်။
လင်းရီ သူ၏ ခန္ဓာကိုယ်ကို အသုံးပြု၍ ကျိုးလျန်အား ကာကွယ်ထားပေးလိုက်သည်။ သို့သော် ပေါက်ကွဲမှုဇုန်အတွင်းမှ လွတ်အောင် မရှောင်တိမ်းနိုင်ခဲ့ချေ။
နှစ်ယောက်မှာ အတူ လွင့်ပျံသွားခဲ့ပြီး မြေပြင်သို့ ပြင်းထန်စွာ ပြုတ်ကျလာခဲ့တော့၏။
ဟန့်ခ်လမ်းတစ်ခုလုံးသို့ အမည်းရောင် မီးခိုးလုံးကြီးများဖြင့် ပြည့်နှက်နေသည်။ လင်းရီအနား ရှိနေသည့် ဒါဇင်ချီသည့် လူများလည်း အတိုင်းအတာ တစ်ခုအထိ ပြင်းထန် ထိခိုက် ဒဏ်ရာများ ရရှိသွားခဲ့ကြသည်။ နောက်ထပ် တစ်ဒါဇင်ကျော်မှာတော့ သေဆုံးသွားခဲ့၏။
သို့သော် ထိုအချိန်၌ ကျန်သည့် လူများလည်း မဆင်မခြင် မလာဝံ့ကြပါချေ။
မီးခိုးနှင့် မီးလုံးတို့က လေထုထဲတွင် ပြည့်နှက်နေပြီး ပေါက်ကွဲမှု အလယ်၌ အရှိန်အဟုန် ကောင်းကောင်းဖြင့် လောင်ကျွမ်းနေလျက် ရှိ၏။
၎င်းတို့က သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားသည့်သဖွယ် ဖြစ်ပျက်နေသောကြောင့် အန္တရာယ်များပြီး လူတိုင်းက သတိထားနေကြကာ မည်သူကမျှ လင်းရီတို့ အနားသို့ ချဉ်းကပ်မလာဝံ့ကြချေ။
ဆယ်မိနစ်ကြာပြီးသည့်နောက် အခြေအနေမှာ တည်ငြိမ်သွားခဲ့လေသည်။ အုပ်စု နှစ်ခုက ရှေ့သို့ တက်လာကြပြီး အသက်ရှင်ကျန်ရစ်သေးသည့် လက္ခဏာ တစ်စုံတစ်ရာ ရှိမရှိ စူးစမ်းချင်နေကြသည်။
ထိုအချိန်၌ SUV ကားမှာ ရစရာ မရှိအောင် ဖြစ်နေပြီး သံကိုယ်ထည် အစိတ်အပိုင်း တစ်ခုသာလျှင် ကျန်ရစ်ခဲ့လေသည်။
ကားထဲ ရှိနေခဲ့ကြသည့် ရွိုင်းနှင့် ဂရီလိုတို့ အဖို့တော့ နှစ်ယောက်လုံး အစအနပင် ရှာမရကြတော့ချေ။
ထိုစဉ် တစ်စုံတစ်ယောက်က ဆယ်မီတာ အကွာ၌ လက်မောင်းတစ်ဖက် ရှာတွေ့သွားခဲ့ပြီး ယင်းက ဂရီလို၏ လက်ဖြစ်၏။
ထိုမြင်ကွင်းကို မြင်တော့ မည်သူကမျှ အထူးအဆန်းလုပ် အံ့အားသင့်မနေကြချေ။
ပေါက်ကွဲမှု အလယ်တွင် ရှိနေသည့် ရွိုင်းနှင့် ဂရီလိုက မရှင်သန်နိုင်သည်မှာ သဘာဝပင်။ ၎င်းကြောင့်ပဲ လူတိုင်း၏ အာရုံက ရှေ့ဘက်ခြမ်းသို့ ရွေ့လျားသွားခဲ့ကြ၏။
အဘယ်ကြောင့်ဆိုသော် ဒါဇင်မီတာ အဝေး၌ ဟွာရှလူမျိုး အလောင်းနှစ်လောင်း ရှိနေသောကြောင့် ဖြစ်လေသည်။
လူတစ်ချို့က ပတ်လည်အနားတစ်ဝိုက်တွင် လုံခြုံရေး ယူလိုက်ကြပြီး တစ်ချို့က လင်းရီတို့နှစ်ယောက်အား စူးစမ်းရန် ရှေ့သို့ တက်လာခဲ့ကြသည်။
မိနစ် အနည်းငယ်ကြာပြီးနောက် သူတို့တွေ လင်းရီတို့ ရှိသည့် နေရာအနားသို့ ရောက်ရှိလာသည်။
ကျိုးလျန်အား တင်းကြပ်စွာ ဖက်ထားသည့် လင်းရီကို သူတို့တွေ မြင်တွေ့လိုက်ရသည်။
သူ၏ နောက်ကျောတစ်ပြင်လုံးက လောင်ကျွမ်းမှုကြောင့် တူးခြစ်နေပြီး အရေပြားတစ်ခုလုံးက စုတ်ပြတ်သတ်နေခဲ့၏။
ထို့ပြင် သတ္တုအပိုင်းအစ နှစ်ခုက နောက်ကျောအတွင်း၌ စိုက်ဝင်နေပြီး တစ်ခုက နှလုံး အနီးနားတွင် ဖြစ်ကာ ကျန်တစ်ခုက ခါးနေရာတွင် ဖြစ်၏။
သို့သော် သူတို့အား အမှန်တကယ် သေဆုံးသွားပြီဟု ယုံကြည်သွားစေခဲ့သည့် အရာကား ဦးခေါင်းထက်ရှိ ဧရာမ ကြီးမားသည့် ဟက်တက်ကွဲ ဒဏ်ရာကြီးပင်။ ၎င်းက ဆယ်စင်မီတာမျှ ရှည်လျား၏။
ထိုမျှ ပြင်းထန်သည့် ထိခိုက်ဒဏ်ရာတို့ဖြင့် အသက်ရှင်သန် ကျန်ရစ်ဖို့ ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
ထိုအချိန်တွင် ဂရီလို၏ လက်ထောက် ၊ ဘိုဝန် နှင့် ရွိုင်း၏ လက်ထောက် ဂျေဆင်တို့ ရှေ့တက်လာခဲ့ကြသည်။
“ ကိုယ့်လူ … ငါတို့ ဒီကိစ္စ ဘယ်လို ကိုင်တွယ်သင့်လဲ ..” ဘိုဝန် မေးလိုက်သည်။
“ ငါတို့ ဒီရဲ့ ဟွာရှန့်နှစ်ယောက်ကို ခေါ်သွားဖို့ ဆုံးဖြတ်ထားတယ်… သူတို့ကို နောက်ပိုင်းကျရင် ထုတ်ပြန်ချက် ထုတ်ဖို့ အသုံးပြုလို့ရတယ်.. နောက်ပြီး အသုံးတစ်ချို့လည်း ဝင်ရင် ဝင်နိုင်သေးတယ်…” ဂျေဆင် တုံ့ပြန်လိုက်၏။
“ ဒါပေမယ့် သတ္တုရိုင်းက မြို့ထဲ တစ်နေရာရာမှာ ဝှက်ထားလောက်တယ်… လူစုခွဲပြီး ရှာကြတာပေါ့ … တွေ့တဲ့လူ ယူကြေး …”
“ ငါ ဒီကိစ္စ ဌာနချုပ်ဆီ ညွှန်ကြားချက် တောင်းဖို့ လိုတယ်… ဒါပေမယ့် ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး … ဘာပဲဆိုဆို ငါတို့ချင်းက တစ်ဖက်တည်းသားတွေပဲလေ… နောက်ဆုံး ငါတို့ရလာလည်း မင်းတို့ဆီ ပြန်ရောင်းရမှာကိုပဲ …”
ဂျေဆင် ခေါင်းညိမ့်လိုက်ပြီး နောက်ရှိ သူ့လက်အောက်ငယ်သားကို ပြောလိုက်သည်။
“ ဒီနှစ်ယောက်ကို သယ်သွား …”
“ ဟုတ်ကဲ့ …”
အမေရိကန် စစ်သား အနည်းငယ်မှ ရှေ့သို့ တက်လာပြီး လင်းရီတို့နှစ်ယောက်အား သယ်သွားဖို့ ဟန်ပြင်သည်။
ထိုစဉ် ကောင်းကင်ထက်မှ ကျယ်လောင်သည့် အသံတို့ ထွက်ပေါ်လာပြီး လူတိုင်း ခေါင်းမော့ကြည့်လိုက်ရာ အနက်ရောင် ရဟတ်ယာဉ် သုံးစင်းက အလှမ်းမဝေးသည့် နေရာမှ ပျံသန်းလာနေသည်ကို မြင်တွေ့လိုက်ရ၏။
ရုတ်ချည်း ပြောင်းလဲသွားသည့် အခြေအနေက အုပ်စု နှစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်သွားစေလေသည်။ သူတို့တွေ ရဟတ်ယာဉ်ထံသို့ သေနတ်များအား ချိန်ရွယ်ထားလိုက်ကြရင်း မည်သည့် မတော်တဆ ဖြစ်ရပ်ကိုမဆို ကာကွယ်ရန် အဆင်သင့် ဖြစ်နေခဲ့ကြ၏။
ဘန်း ဘန်း ဘန်း ဘန်း …
ထိုအချိန်တွင် သေနတ်ပစ်ခတ်သံ အတွဲလိုက် ထွက်ပေါ်လာခဲ့၏။
ကားဆယ်စင်းက အနီးဝန်းကျင် လမ်းကြားအသီးသီးထဲကနေ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့ အနက် လက်နက်ကြီးများ တပ်ဆင်ထားသည့် ကားများက အုပ်စု နှစ်ခု၏ လူများကို အရူးအမူး ပစ်ခတ်လိုက်သည်။ ချက်ချင်းဆိုသလို အုပ်စု နှစ်ခုလုံးမှာ ပြင်းထန်သည့် တိုက်ခိုက် ချေမှုန်းမှုအောက်၌ ဖိနှိပ်ခံလိုက်ရ၏။
ကျန်သည့် လူ အယောက် သုံးဆယ်ကျော်မှာလည်း သူတို့၏ လက်နက်များကို ချက်ချင်း အောက်ချလိုက်ကာ လက်များ မြင့်မြင့် မြှောက်ထားလိုက်ကြသည်။ ပြန်လည် ခုခံဖို့ကို သူတို့ လက်လျှော့လိုက်ပြီ ဖြစ်သည်။
ကောင်းကင်ရှိ ရဟတ်ယာဉ်များက တစ်စင်းပြီး တစ်စင်း ဆင်းသက်လာခဲ့ကာ ကားများကလည်း လင်းရီတို့ ရှေ့မှောက် ရပ်တန့်လာခဲ့ကြ၏။
စုန့်ကျင်းမင်သည် ရဟတ်ယာဉ်ပေါ်မှ ခုန်ဆင်းလာခဲ့ပြီး သူ၏ အဖွဲ့ဝင် ၁၂ ယောက်လည်း ထို့အတူပင်။
စပိတ် ၂ မှ စပိတ်ကင်းအထိ လူတိုင်း ရောက်ရှိနေခဲ့ကြ၏။
အဆိုပါလူများ၏ လက်မောင်းထက်ရှိ တက်တူးများကို မြင်တော့ အနက်ရောင်မြွေ အဖွဲ့သားများမှာ မျက်နှာဖြူလျော်သွားခဲ့ကြ၏။
အမည်မည်းစာရင်းထဲ၌ နံပါတ် ၁၇ ချိတ်သည့် အဖွဲ့အစည်း တစ်ခုအနေဖြင့် အဆိုပါ တက်တူးတို့က မည်သည့် အမှတ်သင်္ကေတကို ကိုယ်စားပြုကြောင်း ကောင်းစွာ နားလည်နေခဲ့ကြသည်။
တစ်ချိန်တည်းလိုလိုတွင် ဦးဆောင်လာသည့် လန်ခရူဇာ ကားတံခါး ပွင့်ဟလာပြီး နင်ချဲ့ အပြင်သို့ ထွက်လာသည်။
အုပ်စုနှစ်ခုလုံးက ချီပိုပါသို့ တစ်ပြိုင်တည်း နီးပါး ရောက်လာခဲ့ကြသည်။
လမ်းတွင် အမှတ်မထင် အချင်းများခဲ့ရသည့် ကိစ္စရပ်တို့ ရှိခဲ့ကြပြီး ရလဒ်ကတော့ ရှင်းပါသည်။ နင်ချဲ့တို့ ဘက်ခြမ်းမှ အပြတ်သတ် အနိုင်ယူခံလိုက်ရ၏။
သို့သော် ၎င်းတို့၏ ရည်ရွယ်ချက်အား ရှင်းပြပြီးသည့်နောက် နှစ်ဖက်ခြမ်းမှာ လျင်လျင်မြန်မြန်ပဲ ပြန်လည် သင့်မြတ်သွားခဲ့ကြပြီး ချီပိုပါတို့ အတူတကွ ခရီးနှင်လာခဲ့ကြသည်။
စုန့်ကျင်းမင်သည် ရှေ့တွင် ရပ်နေရင်း အသက်ကင်းမဲ့သည့် လင်းရီ၏ ခန္ဓာအား မလှုပ်မယှက် ကြည့်နေသည်။
သူ မျက်လုံးအား တင်းတင်းကြပ်ကြပ် မှိတ်ထားမိ၏။ သူ ရောက်လာခဲ့သည်မှာ အနည်းငယ် အချိန် နှောင်းသွားခဲ့သည်။ တိတ်ဆိတ်စွာ ခံစားနေရသည့် ကိုယ့်ကိုယ်ကို မချိတင်ကဲ အပြစ်တင်မှုက ရှေ့ရှိ မြင်ကွင်းအား ရင်မဆိုင်နိုင်လောက်အောင် ဖြစ်နေစေတော့သည်။
“ လင်း …. လင်းရီ ….”
ဘုတ် …
နင်ချဲ့ မြေပြင်သို့ လဲကျသွားခဲ့၏။
သူမ၏ ခြေထောက်များက သူမ၏ အမိန့်ကို မနာခံတော့ချေ။ မည်မျှပင် ကြိုးစားစေကာမူ ပြန်မထနိုင်ချေ။
ပုတီးလုံးခန့်ရှိသည့် မျက်ရည်တို့က မျက်လုံးထောင့်စွန်းနေမှနေပြီး အဆီးအတားမရှိ ကျဆင်းလာနေလျက်ရှိပြီး...
တုန်ယင်စွာဖြင့် .. နင်ချဲ့ တွားသွားလျက် လင်းရီအနားသို့ ရောက်လာသည်။ ချက်ချင်းဆိုသလို သူမ ခန္ဓာကိုယ်ထဲရှိ သွေးများအားလုံး အေးခဲသွားသည့်နှယ် ခံစားလိုက်ရသည်။
သူမ လက်ဆန့်တန်း၍ လင်းရီကို ထိတွေ့ချင်သည်။ သို့သော် သူမကိုယ်သူမ လက်လှမ်းမမှီနိုင်ခဲ့ချေ။
“ လင်း … လင်းရီ …”
အိပ်မက်တစ်ခု ဖြစ်ပါစေဟု သူမ ဆုတောင်းနေမိ၏။ လျင်မြန်စွာ နိုးထလာချင်မိသည့် အိပ်မက်မျိုးပင်။ သို့သော် ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည့် ပုံရိပ်က လက်ရှိပစ္စုပ္ပန် ဖြစ်ကြောင်းကို အခိုင်အမာ သက်သေပြနေလျက်ရှိ၏။
ဤသည်ကား စစ်မှန်သည့် အခိုက်အတန့်ပင်။
နင်ချဲ့ လင်းရီ၏ လက်ကို ဆုပ်ကိုင်လိုက်ပြီး နွေးနေဆဲ ဖြစ်သည်ကို သတိထားမိလိုက်သည်။
“ လင်းရီ …”
သူမ တိုးညှင်းစွာ လှမ်းခေါ်လိုက်၏။ သို့သော် ပြန်ဖြေသံကား မရှိချေ။
“ လင်းရီ ….”
“ လင်းရီ ….”
“ လင်းရီ ….”
“ လင်းရီ ….”
နင်ချဲ့သည် လင်းရီ၏ အလောင်းကို ပွေ့ပိုက်ထားပြီး သူမ၏ မျက်ရည်တို့အား ဆက်လက်မထိန်းချုပ်နိုင်တော့ချေ။
“ ငါတောင်းပန်ပါတယ်… နင် မျက်လုံးဖွင့်ပြီး ကြည့်ပါဦး … နင်ပြောတော့ နင်ဘယ်တော့မှ မသေနိုင်ဘူးဆို … နောက်ထပ် မိနစ် နည်းနည်းလေးပဲကို ဘာလို့ ဆက် မတောင့်ခံနိုင်ရတာလဲ …”
“ ငါတောင်းပန်တယ်… မသေပါနဲ့ …”
နင်ချဲ့သည် လင်းရီ၏ ခန္ဓာကိုယ်အား ပွေ့ပိုက်ထားရင်း အသံပြာသည်အထိ အော်ဟစ် ငိုကြေးနေမိတော့သည်။