သေသည့်တိုင် လက်မလွှတ်
Vol. 121 Ch. 1812
“ အသင်း ခေါင်းဆောင် …”
အသင်း ၃ အဖွဲ့ဝင်များ နင်ချဲ့ထံသို့ မျက်ရည်လည်ရွဲလေးများဖြင့် ရောက်လာခဲ့ကြ၏။
ယခင် စစ်ဆင်ရေးက ထိခိုက် ကျဆုံးမှုများကြောင့် အသင်း ၃ အဖွဲ့ဝင် အများစုမှာ လူသစ်များ ဖြစ်ကြပြီး သူတို့ အားလုံးက လင်းရီနှင့် တွေ့ဆုံခဲ့ဖူးကြပြီး လင်းရီ၏ အရည်အချင်းကိုလည်း သိကြသည်။
ယခု သူတို့ရှေ့တွင် လဲလျောင်းနေသည့် အသက်ဝိဉာဏ် ကင်းမဲ့နေသည့် ခန္ဓာကို မြင်တော့ သူတို့ လက်သင့်မခံနိုင်ချေ။
အမြဲတစေ ပေါ့ပေါ့ပါးပါးနှင့် မျက်နှာထက်တွင် အပြုံးတစ်ခု ရှိနေတတ်ပြီး ယုတ္တိမတန် အင်အားကြီးမားသည့် ခေါင်းဆောင်လင်းက ဤကဲ့သို့ပဲ သေသွားခဲ့လေပြီလော။
ဤသည်က အိပ်မက်ဆိုးတစ်ခုကဲ့သို့ ခံစားနေရ၏။
လူတိုင်းက ပူဆွေးသောက ရောက်နေသော်လည်း မည်သူကမျှ နင်ချဲ့၏ ခံစားချက်များကို နားလည် ပေးနိုင်မှာ မဟုတ်ချေ။
သူတို့နှစ်ယောက်က ဂျပန်တွင် သေခြင်း ရှင်ခြင်းကို အတူကျော်ဖြတ်ခဲ့ကြပြီး ဒူဘိုင်း၌ ရွှေနက်ကော်ပိုရေးရှင်းမှ ဂျက်ဖရီကိုလည်း ဆန့်ကျင်တိုက်ခိုက်ခဲ့ကြသေးသည်။ သူတို့နှစ်ယောက်မှာ အတူပင် အိပ်ခဲ့ဖူး၏။
သူတို့နှစ်ယောက်ကြားရှိ ပတ်သက်ဆက်နွယ်မှုက ကျုံးဝေ့တပ်ဖွဲ့ထဲရှိ မည်သူတို့ထက်မဆို နက်ရှိုင်းလေသည်။
၎င်းကြောင့်ပဲ သူမသည် ပနားမား၌ ပြဿနာတစ်ချို့ ဖြစ်ပေါ်နေသည်ကို သိနားလည်သော်လည်း အထူးတလှယ် စိတ်ပူခြင်း မရှိခဲ့ချေ။
လင်းရီကို သူမ အပြည့်အဝ ယုံကြည်သည်။ လင်းရီ၏ အစွမ်းအစကို သူမ အမြဲတမ်း ယုံကြည်ထားသည်။ မည်မျှပင် အန္တရာယ် ကြီးမားနေပါစေ၊ သူ့တွင် အန္တရာယ်ဇုန်အတွင်းမှ လွတ်မြောက်အောင် ထွက်ပြေးနိုင်မည့် အစွမ်းအစ ရှိသည်။
သို့သော် သူမ ရှေ့ရှိ မြင်ကွင်းက သူမ၏ ယုံကြည်ချက်များအား အစိပ်အစိပ်အမြွှာမြွှာ ဖြစ်သွားစေခဲ့လေသည်။ ဤသည်က သူမ ဘယ်တုန်းကမှ ထင်မှတ်မထားသည့် မြင်ကွင်းဖြစ်သလို လက်သင့်လည်း မခံနိုင်သည့် ဖြစ်ရပ်တစ်ခုပင်။
“ ခေါင်း … ခေါင်းဆောင်လင်း …”
အသင်း ၃ အဖွဲ့ဝင်များမှ ညင်သာစွာ မြည်တမ်းမိလိုက်ကြသည်။ သူတို့ အသံလေးများ မဆိုစလောက် ကျယ်လောင်သွားခဲ့ပါက နင်ချဲ့၏ သောကမီးများကို လောင်စာထည့်ပေးလိုက်သကဲ့သို့ ဖြစ်သွားမှာကို စိုးရိမ်နေလျက် ရှိကြ၏။
သို့သော် နင်ချဲ့မှာမူ သူမအနားရှိ မည်သည့် အသံဗလံကိုမျှ နားထဲ မကြားတော့ချေ။ စကားတစ်ခွန်းကိုသာလျှင် တရစပ် ရေရွတ်နေသည်။
“ မသေပါနဲ့ … မသေပါနဲ့ … မသေပါနဲ့ …..”
“ အစ်ကိုကြီး … ငါတို့ ဒီကိစ္စ ဘယ်လိုလုပ်သင့်လဲ … ခေါင်းဆောင်ဆီ သတင်းပို့ကြမလား …”
စပိတ်ကွင်းက စုန့်ကျင်းမင်အား တိတ်တဆိတ် မေးမြန်းလာသည်။
သေသွားခဲ့သည့် ဤလူငယ်လေးက ခေါင်းဆောင်၏ သားဖြစ်သည်ကို သူတို့အားလုံး သိကြသည်။
သူတို့ကြားတွင် မည်သည့် ဆက်နွယ်မှု ၊ မည်သည့် ကိုယ်ရေးကိုယ်တာ စိတ်ခံစားချက်တို့မျှ မရှိသော်လည်းပဲ နင်ချဲ့၏ ငိုကြွေးသံတို့က သူတို့၏ နှလုံးကို တဆစ်ဆစ် နာကျင်နေစေသည်။
“ ခဏ စောင့်ကြတာပေါ့ …”
စုန့်ကျင်းမင်သည် မြေပြင်ပေါ်တွင် မုဆိုးထိုင် ထိုင်နေခဲ့၏။ သူကား လင်းကျင်ကျန့်ဘေးတွင် အချိန်အကြာဆုံး တည်ရှိခဲ့ပြီး သူတို့၏ ယခင် အချိန်များ၌ ချင်ရင်ယွဲ့အား ကာကွယ်ပေးရန် အတွက် မကြာခဏဆိုသလို စေလွှတ်ခြင်း ခံခဲ့ရသည်။
ထို့ကြောင့် နှစ်ယောက်လုံး၏ အကြောင်းကို ကောင်းစွာ သိပြီး အထူးသဖြင့် ချင်ရင်ယွဲ့သည် လင်းရီကို မည်မျှ တန်ဖိုးထားလဲ ဆိုတာကိုပင်။
ယခု … ထိုကဲ့သို့သော တစ်စုံတစ်ရာက ဖြစ်ပျက်လာခဲ့သည့်အချိန်၌ သူသည်ပင် လက်သင့်မခံနိုင်ရာ ချင်ရင်ယွဲ့အား ဤကိစ္စ မည်သို့ရှင်းပြရမှန်းကို သူ မသိတော့ချေ။
ထို့ပြင် ခေါင်းဆောင်ကလည်း ရှိသေး၏။ သူက လင်းရီကိစ္စကို သိပ်ဂရုမစိုက်သလို ရှိသော်လည်း လင်းရီကား သူ၏ တစ်ဦးတည်းသော သား ၊ သူ၏ အနာဂတ် ဆက်ခံသူပင်။
ထိုနေ့တုန်းက … သူတို့တွေ အရက်သောက်ရင်း .. သူတို့သားအဖ နှစ်ယောက်လုံး ကိုယ်စီအောင်မြင်လာပြီး တစ်ယောက်နှင့် တစ်ယောက် အသိမှတ်ပြုကြမည့် မြင်ကွင်းကိုပင် သူ့အား မြင်ယောင် ပြောပြနေခဲ့သေးသည်။ ယခု အချိန်တွင်တော့ .... ထိုအရာများအားလုံးက ပူပူနွေးနွေး လေထု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
သူတို့နှစ်ယောက်ကို မည်သို့ ရင်ဆိုင်ရမှန်း စုန့်ကျင်းမင် မသိတော့ချေ။
အကယ်၍ သူသာ အနည်းငယ်မျှ စောရောက်လာနိုင်ခဲ့မည်ဆိုပါက ချူပိုပါသို့ ပိုပြီး မြန်မြန်ရောက်လာနိုင်သည်။ သူသာ အချိန်တွေ အများကြီး ဖြုန်းခဲ့ခြင်း မရှိဘူးဆိုပါက ယခုလို ဖြစ်ရပ်မျိုးတွေ ဖြစ်လာခဲ့မှာ မဟုတ်ချေ။
ကံမကောင်းစွာဖြင့် … ကမ္ဘာလောကကြီး၌ အကယ်၍ ဆိုသည့် အရာကား မရှိပေ။ ထို့ပြင် သူ၏ လုပ်ရပ်များအတွက်လည်း နောင်တမရနိုင်ပေ။
“ ဒီလူတွေကိုရော ဘယ်လိုလုပ်ကြမှာ ..”
“ အရင်ဆုံး ခေါ်သွားလိုက် …” စုန့်ကျင်းမင် ပြောလိုက်ပြီး “ သွားပြီး သူတို့ကို စစ်မေးလိုက် … ဒီကိစ္စရဲ့ အတွင်းအပြင် အကုန်လုံးကို စစ်ဆေးရမယ်… လူကို မကယ်တင်လိုက်နိုင်ဘူး ဆိုပေမယ့် ဘယ်လို သေသွားခဲ့တာလဲဆိုတာတော့ သိရမယ်…”
“ နားလည်ပြီ…” စပိတ်ကွင်းက ပြန်ဖြေလိုက်၏။
စုန့်ကျင်းမင်သည် စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း ဆံပင်အား ထိုးဖွလိုက်လေသည်။ သူ အနည်းငယ် ရှုပ်ထွေးနေပြီး လက်ရှိအခြေအနေအား မည်သို့ ဆုံးဖြတ်ရ ကောင်းနိုးနိုး ဖြစ်နေခဲ့၏။
ယခုတွင်တော့ ရင်ထုမနာ ဖြစ်နေသည့် နင်ချဲ့ကိုသာ ငေးကြည့်ရင်း …
တိတ်တဆိတ်နေဖို့သာ တတ်နိုင်တော့သည်။
“ ခေါင်းဆောင် … လင်းရီက ဒီလိုဖြစ်သွားပြီပဲ … ကျွန်တော်တို့တွေ လက်ခံပြီး ရှေ့ကို ဆက်လှမ်းဖို့ လိုတယ်…”
“ ထွက်သွား …”
နင်ချဲ့ ထိန်းချုပ်မရနိုင်စွာ အော်ဟစ်လိုက်ရင်း “ လင်းရီ မသေဘူး … ဒေါက်တာ သွားခေါ်လာခဲ့ … မြန်မြန် သူ့ကို ကယ်ရမယ်…”
“ ခေါင်းဆောင် … လင်းရီက . . . . . .”
အသင်း ၃ ၏ အဖွဲ့ဝင်များက နင်ချဲ့၏ ဝမ်းနည်းမှုများကို နားလည်ပေးနိုင်သည်။ မည်သို့ပင် ဆိုစေ သူမနှင့် လင်းရီဆိုတာ အရင်းနှီးဆုံးတွေပဲမလား။
သို့ပေမယ့် သူ၏ လက်ရှိအခြေအနေအတိုင်းဆိုပါက … ကယ်တင်၍ကော ဖြစ်နိုင်ပါဦးမည်လော။
ဒါဆို လင်းရီက သေသွားခဲ့ပြီလား …
ပြန်ဖြေနေစရာပင် မလိုချေ။ သို့သော် ထိုအချက်အား နင်ချဲ့ လက်ခံနိုင်ရန်အတွက် ဖြောင်းဖျပေးဖို့ လိုအပ်၏။
မျက်မှောက် ရှိနေသည့် လူများအနက် စုန့်ကျင်းမင်သည်သာလျှင် ထိုသို့ ပြုနိုင်သည့် အခွင့်အာဏာ ရှိသည်။ သို့သော် ထိုလူကလည်း စီးကရက်ကိုသာ တိတ်တဆိတ် ထိုင်ဖွာနေပြီး ဘာမျှ မဆိုချေ။
“ အမြန်သွား .. ဆရာဝန် သွားခေါ်လာခဲ့ …”
“ နားလည်ပါပြီ…”
“ တတိယညီမ … သွားပြီး သူတို့နဲ့ ပူးပေါင်းပေးလိုက် ..” စုန့်ကျင်းမင် အသံဩဩဖြင့်ပြောလိုက်၏။
“ ဟုတ်ကဲ့ …”
စပိတ် သရီးမှ တုံ့ပြန်လိုက်ပြီး အသင်း ၃ အဖွဲ့ဝင်များထံ တန်းမတ်စွာ လျှောက်လှမ်းသွား၏။
သူမက လူဖြူ တစ်ဦး ဖြစ်ပြီး အသက် သုံးဆယ် အလယ်အလတ်ရှိသည့် အမျိုးသမီး တစ်ဦးပင်။ သူမက ထူးချွန်သည့် ခွဲစိတ်ဆရာဝန် တစ်ဦး ဖြစ်ခဲ့ဖူး၏။ မစ်ရှင် ဆောင်ရွက်ရာ၌ တိုက်ခိုက်ရေး တာဝန်များအား ပြုလုပ်ရသည့် အပြင် အနာများအား ကုသပေးရသည်ကလည်း သူမ၏ အဓိက လုပ်ငန်းဆောင်တာ တစ်ရပ် ဖြစ်လေသည်။
ဒူ ဒူ ဒူ …
စုန့်ကျင်းမင်၏ ဖုန်း တုန်ခါလာခဲ့သည်။ သူ ထုတ်ကြည့်လိုက်တော့ ချင်ရင်ယွဲ့ထံမှ ဖုန်းဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဖုန်းနံပါတ်ကို မြင်တော့ စုန့်ကျင်းမင်၏ လက်မှာ အေးခဲသွားခဲ့၏။
ဖြေဆိုမည့် ခလုတ်ကို နှိပ်တော့မည့် အချိန်မှာပဲ သူ၏ လက်မှာ ရုတ်ချည်း ရပ်တန့်သွားခဲ့သည်။
ထို့နောက် ဘေးသို့ ပစ်ထားလိုက်ပြီး ဆက်လက် မြည်ဟည်းနေလျှင်ပင် ဂရုစိုက်မနေတော့ချေ။
သူကိုယ်၌သည်ပင် ဤကိစ္စအား အပြည့်အဝ လက်သင့်မခံနိုင်သေးရာ ချင်ရင်ယွဲ့ကို မည်သို့သော ပုံစံမျိုးဖြင့် ရှင်းပြရမလဲဆိုတာကို သူတကယ် လမ်းပျောက်နေမိခဲ့၏။
ချူပိုပါမြို့က မကြီးမားပေ။ မိနစ် ၂၀ အတွင်းမှာပဲ အသင်း ၃ နှင့် စပိတ် သရီးတို့က ဒေသခံ ဆရာဝန်နှင့် တစ်စင်းတည်းသော လူနာတင်ကားကိုပါ ခေါ်လာသည်။
သူတို့ရှေ့ရှိ သွေးပျက်ဖွယ် မြင်ကွင်းများကို မြင်တော့ ဒေါက်တာနှင့် နာ့စ်တို့မှာ ထိတ်လန့်တုန်လှုပ်သွားခဲ့ကြသည်။
အချိန်အတော်ကြာသည်ထိတိုင်အောင် ချူပိုပါ မြို့လေးက သေးငယ်ပြီး အေးချမ်းတိတ်ဆိတ်သည့် မြို့လေး တစ်မြို့ပင်။ တိုက်ပွဲ သို့မဟုတ် အထိကရုဏ်း ဖြစ်ရပ်တို့ဆိုသည်မှာ ဘယ်တုန်းကမှ ကြုံတွေ့ခဲ့ဖူးခြင်း မရှိချေ။ သူတို့ မှတ်မိသလောက်တော့ ဤသည်က ပထမဆုံး အကြိမ်ဖြစ်၏။
မြင်တွေ့နေရသည့် မြင်ကွင်းက သူတို့အား ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်သွားစေခဲ့၏။
စပိတ်သရီးက လင်းရီအား ညွှန်ပြလိုက်ပြီး “ အဲ့လူကို သွားကယ် …”
သူမ၏ အသံက အက်ရှနေပြီး မည်သည့် စိတ်ခံစားချက်တို့မျှ ပါဝင်မနေချေ။
လင်းရီတွင် အသက်ရှင်နေသေးသည့် မည်သည့် လက္ခဏာတို့မျှ ရှိမနေတော့ကြောင်းကို သူမ သိထားပြီး ဖြစ်သည်။
ဤသည်က သူမ၏ ရဲဘော်ရဲဘက်များအား နှစ်သိမ့်ပေးရန် သပ်သပ် ပြုလုပ်နေခြင်း ဖြစ်၏။
“ အိုကေ အိုကေ ….”
ဒေါက်တာက လက်ဆွဲအိတ် တစ်လုံးအား ကိုင်ဆောင်လျက် နာ့စ်တစ်ချို့နှင့်အတူ လင်းရီအနားသို့ ပြေးလွှား ရောက်လာသည်။ လင်းရီ၏ ဆိုးရွားလှသည့် အခြေအနေကို မြင်တော့ ဒေါက်တာနှင့် နာ့စ်များအားလုံး မျက်မှောင်ကြုတ်မိလိုက်ကြသည်။
ဤမျှ ဆိုးဆိုးရွားရွား ဒဏ်ရာရထားသည့် လူတစ်ယောက်အဖို့ ဆက်လက် အသက်ရှင်နိုင်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။
သို့သော် သူတို့ နှုတ်က ထုတ်မပြောဝံ့ကြပေ။ ဤလူများ၏ သေနတ်များအောက်၌ အသက်ဆုံးရှုံးသွားရမည်ကို ကြောက်ရွံ့နေလေသည်။
“ မဒမ်… ကျုပ်တို့ သူ့ကို ကယ်ဖို့လိုတယ်… ကျေးဇူးပြုပြီး နေရာဖယ်ပေးပါ …”
“ ခေါင်းဆောင် ….”
သုံးယောက်မှာ ရောက်လာပြီး နင်ချဲ့နှင့် စကားပြောဖို့ ကြိုးစားသည်။
သို့သော် နင်ချဲ့မှာ မကြားချင်ယောင်သာ ဆောင်နေပြီး လင်းရီကို ပွေ့ဖက်ထားကာ မလွှတ်ပေးတော့ချေ။ သူမ၏ အသံပြာဝင်သွားသည်အထိသာ ငိုကြွေးနေလျက် ရှိ၏။
“ လုပ်တော့ … ခေါင်းဆောင်ရဲ့ အခြေအနေက မဖြစ်တော့ဘူး … ငါတို့ သူ့အမိန့်ကို ဆက်နာခံနေလို့ မဖြစ်တော့ဘူး …”
အသင်း ၃ အဖွဲ့ဝင်များက နင်ချဲ့ကို လင်းရီအနားမှ အတင်းအကြပ် ဆွဲခေါ်သွားကြပြီး ကျန်သည့် ကိစ္စကို ဆရာဝန်နှင့် လွှဲထားခဲ့လိုက်သည်။
“ အခု … သူတို့နှစ်ယောက်ကို ခွဲလိုက် …”
ဒေါက်တာမှ ညွှန်ကြားလိုက်သည်။
နာ့စ်များက လက်အိတ်ကိုယ်စီ ဝင်ဆင်၍ လင်းရီနှင့် ကျိုးလျန်ကို လူခွဲဖို့ ကြိုးစားလေသည်။ သို့သော် သူမတို့တွေ မည်မျှပင် ကြိုးစားစေကာမူ နှစ်ယောက်ကို ခွဲလို့ မရခဲ့ချေ။
တောက် … (မီးခြစ်သံ)
မလှမ်းမကမ်းရှိ စုန့်ကျင်းမင်သည် နောက်ထပ် စီးကရက် တစ်လိပ်အား မီးညှိလိုက်သည်။ ဤသည်က သူ၏ ငါးလိပ်မြောက်ပင်။
လင်းရီ အဘယ်ကြောင့် သေသွားခဲ့လဲဆိုတာ သူခန့်မှန်းပြီး ဖြစ်၏။
သူ့အောက်ရှိ လူကို ကာကွယ်ပေးချင်၍သာ ယခုလို အဆုံးသတ်သွားခဲ့ရခြင်း ဖြစ်မည်။ အကယ်၍များ လင်းရီသာ အောက်ကလူကို ပေါက်ကွဲမှုဒဏ်မှ လွတ်မြောက်ရန်အတွက် ကာဗာလုပ်လိုက်မည်ဆိုပါက သူတို့တွေ အချိန်မီကောင်း မီနိုင်သည်။
သူ စိတ်တွင်းမှ သက်ပြင်းချလိုက်မိ၏။
ခန္ဓာကိုယ်က တောင့်နေပြီကို ခုမှတော့ ဘယ်လိုလုပ် လွယ်လွယ်နဲ့ ခွဲလို့ရတော့မှာ ….