← Chapters

ကူကယ်ရာမဲ့မှု

Vol. 121 Ch. 1813

ကူကယ်ရာမဲ့မှု

Vol. 121 Ch. 1813

လင်းရီ၏ ကိုယ်က တောင့်တင်းနေပြီး ဖြစ်သောကြောင့် ဒေါက်တာလည်း ရွေးချယ်စရာ မရှိပါဘဲ အသင်း ၃ ရှိ လူများကို ကူညီပေးရန် လှမ်းခေါ်ရတော့သည်။

သို့သော် လင်းရီက ကျိုးလျန်၏ ကိုယ်ကို တင်းကြပ်စွာ ဖက်ထားပြီး ခွန်အားလည်း အများအပြား အသုံးပြုထားသောကြောင့် လက်မောင်းရိုးများကို ကျိုးအက်သွားခဲ့စေသည်။

သို့သော်လည်း သူတို့ ကျိုးလျန်၏ ဒဏ်ရာများကို မြင်တော့ လူတိုင်း၏ အမူအရာမှာ ပို၍ပင် ဝမ်းနည်းကြေကွဲလာခဲ့ကြ၏။

သူ၏ ဒဏ်ရာတို့က လင်းရီထက်ပင် ပိုပြီး ကြောက်ဖို့ ကောင်းနေလေသည်။

စုန့်ကျင်းမင်၏ မျက်လုံးတို့ မှေးကျဉ်းသွားခဲ့၏။ သူ ဘာ‌တွေ စဉ်းစားနေလဲဆိုတာကို မည်သူကမျှ မသိနိုင်ချေ။

နှစ်ယောက်ကို ခေါက်ကုတင်ပေါ်သို့ တင်ပြီးနောက် လင်းရီအား နှလုံး စစ်ဆေးမှု ပြုလုပ်လိုက်သည်။ သို့သော် မည်သည့် တုံ့ပြန်မှုကိုမျှ မကြားရပေ။

ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါရမ်းလိုက်ရင်း “ လူနာက သေသွားပြီ … ငါတို့ တတ်နိုင်တာ ဘာမှ မရှိတော့ဘူး …”

ထိုစကား ပြောစဉ်အခါ၌ ဒေါက်တာ၏ လေသံမှာ အင်မတန် တည်ငြိမ်နေပြီး သူ၏ အမူအရာမှာ အနည်းငယ် ဝမ်းနည်းနေခဲ့၏။

ကျန်သူများလည်း တူညီစွာ တုံ့ပြန်လာကြသည်။ ဤသို့သော ရလဒ်ကို သူတို့ မျှော်မှန်းထားပြီး ဖြစ်၏။ ဤအတိုင်း ကျွမ်းကျင်သူများ၏ တရားဝင် ကြေညာပေးမှုကို မျှော်လင့်နေရုံသာဖြစ်ပြီး နင်ချဲ့ကို ဖြောင်းဖျပေးရန်အတွက်ပင်။

“ မဖြစ်နိုင်ဘူး … လင်းရီ မသေနိုင်ဘူး …”

နင်ချဲ့ ပြေးလာပြီး ဒေါက်တာ၏ ကော်လံကို ဆွဲ၍ အော်ဟစ်လိုက်၏။ “ အသက်ရှူစက် .... နင့်မှာ ရှိတဲ့ စက်ပစ္စည်းတွေ အကုန်သုံးပြီး သူ့ကိုကယ်ပေး … လင်းရီ မသေဘူး … မြန်မြန်လုပ် …”

“ မဒမ် … မင်း စိတ်ကို ငြိမ်ငြိမ်ထားပါ … သူက သေပြီ … ကျုပ်စကားကို ယုံကြည်ပေးပါ ..”

ဖြောင်း …

နင်ချဲ့သည် ဒေါက်တာအား မျက်နှာဖြတ်ရိုက်လိုက်၏။ တစ်ဖက်သူမှာ မြေပြင်သို့ လဲကျသွားခဲ့လေသည်။

နီရဲနေသည့် လက်ဝါးရာကြီး တစ်ခုက ဒေါက်တာ၏ မျက်နှာထက်၌ ထွက်ပေါ်လာခဲ့၏။

မည်သည့် ရှင်းပြချက်တို့မျှ မရှိပါဘဲ နင်ချဲ့သည် သူမ၏ နောက်ကျောမှ သေနတ်ကို ထုတ်၍ ဒေါက်တာ၏ ဦးခေါင်းသို့ ချိန်ရွယ်ထားလိုက်သည်။

“ ငါ ပြောတဲ့အတိုင်းလုပ်.. မဟုတ်ရင် အသေပဲ …”

“ အိုကေ အိုကေ … သူ့ကို အခု အသက်ရှူစက် ပေးလိုက်ကြတာပေါ့ …”

ဒေါက်တာသည် မြေပြင်ပေါ်မှ ဒယီးဒယိုင် ပြန်ထ၍ နာ့စ်များအား ညွှန်ကြားလိုက်သည်။

ဘိ … ဘိ … ဘိ ..

စက္ကန့် လက်တံက ဖြည်းဖြည်းချင်း ရွေ့လျားသွာ့းပြီး ECG စက်တွင် မည်သည့်အရာကမျှ ပြောင်းလဲမသွားခဲ့ချေ။

သို့သော် ဤအကြောင်း မည်သူကမျှ ဂရုစိုက်မနေကြတော့ချေ။ ရလဒ်ကို သူတို့‌ မျှော်မှန်းထားပြီး ဖြစ်၏။ အကယ်၍ သူတို့က အသက်ရှူစက်ကို အသုံးပြုလျှင်ပင် အချည်းနှီးပင်။

ဘိ ဘိ ဘိ ဘိ ဘိ …

ထိုအခိုက်အတန့်တွင် နှလုံးခုန်နှုန်း ပြသည့်စက်အတွင်း၌ ပြောင်းလဲမှု တစ်ခု ဖြစ်ပေါ်လာပြီး အဖြောင့်အတိုင်း ပြေးနေသည့်မျဉ်းမှာ ရုတ်ချည်း ရပ်တန့်သွားခဲ့၏။

ကြည့်ရသည်မှာ တုံ့ပြန်မှု ရှိသည့်ဟန်ပင်။

ဤသည်က လူတိုင်းအား စိတ်လှုပ်ရှားသွားစေခဲ့ပြိး အထူးသဖြင့် နင်ချဲ့ကို ဖြစ်၏။ သူမ၏ ကိုယ်မှာ စတင် တုန်ယင်လာတော့သည်။

“ သူ … သူ မသေဘူး …”

ပျော်ရွှင်မှုက လူတိုင်း၏ မျက်နှာထက်၌ ထွက်ပေါ်လာလေသည်။ ECG စက်က တုံ့ပြန်မှုရှိသေးသဖြင့် ဆိုလိုသည်က လင်းရီ အသက်ရှင်နိုင်သေးသည် ဟူ၍ပင်။

သို့သော် စပိတ်သရီးနှင့် ဒေါက်တာသည်သာလျှင် တိတ်ဆိတ်နေလျက်ရှိလေသည်။

၎င်းတို့ ကြည့်ရသည်မှာ မည်သို့မျှ အကျိုးသက်ရောက်ခြင်း မခံရသည့်ပုံ ပေါ်သည်။

“ ဘာတွေ ဖြစ်နေတာလဲ …” စုန့်ကျင်းမင် တိုးညင်းစွာ မေးမြန်းလိုက်၏။

“ ဆေးဝါးနယ်ပယ်မှာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပါပဲ .. အသက်ရှူစက်က အဆုတ်ကို အတင်းအကြပ် အလုပ်လုပ်ခိုင်းထားလို့လေ…” စပိတ်သရီးက ပြောလိုက်ပြီး “ ရှင်းအောင် ပြောရရင် လူက သေပြီးနေပြီ .. ဒါက ဒီတိုင်း ထင်ယောင်ထင်မှား တစ်ခုပဲ…”

“ ငါသိပြီ …”

စုန့်ကျင်းမင်၏ မျက်လုံးများမှာ တစ်ဖန် မှေးမှိန်သွားခဲ့၏။ သူ မေးစေ့အား ထိရင်း စီးကရက် တစ်လိပ်ကို မီးညှိလိုက်ကာ တိတ်ဆိတ်စွာဖြင့် ထိုင်ဖွာနေလျက် ရှိသည်။

ထိုအချိန်တွင် စပိတ်ကွင်း ရောက်လို့လာပြီး “ သေရတဲ့ အကြောင်းအရင်းကို သိခဲ့ရပြီလား …”

စုန့်ကျင်းမင်သည် ဆေးလိပ်ပြာအား ခါချရင်း ပြောလိုက်၏။

“ သူ့ပါတနာက ပစ်ခတ်ခံလိုက်ရလို့ နှစ်ယောက်က ဒီမှာရှိတဲ့ ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ပုန်းနေခဲ့ကြတယ်… အဆုံးမှာ ဒေါက်တာ စုံတွဲရဲ့ သစ္စာဖောက်တာ ခံလိုက်ရပြီး သူ့ပါတနာလည်း ဖမ်းပြီး နှိပ်စက်ခံလိုက်ရတယ်… အဲ့နောက်မှာ လင်းရီက ဂရီလိုနဲ့ ရွိုင်းကို ဓားစာခံ အနေနဲ့ ခေါ်ပြီး မြို့ထဲက ထွက်တော့မယ့် အချိန် ကားက မတော်တဆ ဖြစ်သွားတယ်… ကားက မှောက်လှန်သွားပြီး ကားထဲမှာ ရှိတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေ ပေါက်ကွဲကုန်တယ်… ဖြစ်ခဲ့တာတွေ အကုန်ကတော့ အဲ့လိုပဲ …”

“ ကားက ဘယ်လိုမှောက်လှန်သွားတာ …”

“ ငါကြားမိတာတော့ တစ်စုံတစ်ယောက်က အမှောင်ထဲကနေ ကားတာယာကို ပစ်ခတ်လိုက်လို့ဆိုပဲ .. “ စပိတ်ကွင်းက ပြောလိုက်ပြီး “ ပြီးတော့ ပေါက်ကွဲသွားစေတဲ့ အဓိက အချက်က ကား မှောက်လှန်သွားတာကြောင့်တော့ မဟုတ်ဘူး .. တစ်ယောက်ယောက်က နောက်တစ်ချက် ပစ်လိုက်တာကြောင့်ပဲ … “

“ တစ်ယောက်ယောက်က သေနတ်နဲ့ ပစ်လိုက်တယ်…”

“ အင်း … အဲ့တာကြောင့်မို့ ဒီလိုဖြစ်လာတာပဲ ..” စပိတ်ကွင်း ပြောလိုက်ပြီး “ အဲ့ဒီ နှစ်ချက်သာ မရှိရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး …”

စုန့်ကျင်းမင် အတန်ငယ်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြီး “ ဘယ်သူ ပစ်ခတ်လိုက်လဲ သိရပြီလား …”

စပိတ်ကွင်းမှ သူမ၏ ခေါင်းကို ခါယမ်းလိုက်၏။ “ အကုန်လုံး ပြောတာတော့ သူတို့ မပစ်ဘူးလို့ ပြောတာပဲ … ဝန်ခံလာအောင် လူနှစ်ယောက် သတ်ပြလိုက်တာတောင် ဘယ်သူ လုပ်လဲ မသိရဘူး … ကြည့်ရတာတော့ သူတို့ထဲက ဖြစ်မယ့်ပုံ မပေါ်ဘူး …”

“ တခြား တစ်ယောက်ဆိုရင်တော့ ဒီကိစ္စ နည်းနည်းထူးဆန်းသွားပြီ..”

“ အမှန်ပဲ …” စပိတ်ကွင်း ပြောလိုက်ပြီး “ ဒါပေမယ့် ဘယ်သူ လုပ်သွားလဲဆိုတာ ငါတို့ရှာဖွေဖို့လိုတယ်…”

“ ဒီလူတွေဆီကနေတော့ ဘာအသုံးဝင်တာမှ ရမယ်မထင်ဘူး ..” စုန့်ကျင်းမင် ရပ်တန့်လိုက်ပြီး “ ဒီမှာ ... အနက်ရောင်မြွေနဲ့ အမေရိကန် စစ်သားတွေပဲ ဒီမှာရှိတာမလား …”

“ သူတို့ နှစ်အုပ်စုလုံးကို စစ်ဆေးပြီးပြီ .. ဘာ သတ္တုရိုင်းမှ မတွေ့မိဘူး …” စပိတ်ကွင်း ပြောလိုက်ပြီး “ ဒီ စစ်ဆင်ရေးရဲ့ အဓိက အင်အားစုတွေက စန်တို့စ်မှာပဲ ရှိသေးတယ်… အခုထိ မရောက်လာသေးဘူး …..”

စက္ကန့်အနည်းငယ်ကြာအောင် ငြိမ်သက်နေပြီးနောက် စုန့်ကျင်းမင် ပြောလိုက်၏။

“ ခဏနေကျရင် ပနားမားကို သွားပြီး ဒီကိစ္စ ဖြေရှင်းလိုက် …”

“ အနက်ရောင်မြွေကိုကော ဘယ်လိုလုပ်မှာ…” စပိတ်ကွင်း ပြောလိုက်ပြီး “ ဒီလူတွေကိုကော ဖြေရှင်းရမှာပဲလေ…”

“ ဒီက ကိစ္စတွေ ပြီးရင် အနက်ရောင်မြွေဆီ ငါကိုယ်တိုင် သွားလည်လိုက်မယ်…”

“ နားလည်ပြီ…” စပိတ်ကွင်း ပြောလိုက်၏။

ကျန်သည့် မစ်ရှင်များကို စီစဉ်ပြီးနောက် စပိတ်သရီးနှင့် စပိတ်ကွင်းတို့က အဓိက ယူနစ်ကို ဦးဆောင်ပြီး ချီပိုပါကနေ ဆုတ်ခွာလာခဲ့သည်။

အခြားတစ်ဖက်ခြမ်းတွင်တော့ နင်ချဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်၏။

“ အမြန် … သူ့ကို အခုချက်ချင်း ဟွာရှ ပို့ရမယ်…”

အသင်း ၃ ၏ အဖွဲ့ဝင်များအားလုံး တိတ်ဆိတ်နေခဲ့ကြသည်။ သူတို့၏ အမူအရာ၌ မည်သည့် ပြောင်းလဲမှု တစ်စုံတစ်ရာမျှ ဖြစ်ပေါ်မလာချေ။

ECG စက်တွင် ပြောင်းလဲမှုအား မြင်တွေ့ရပြီးနောက် သူတို့ အမှန်တကယ် ပျော်ရွှင်မိခဲ့ကြသည်။ သို့သော် ဆရာဝန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် ဘာတွေ ဖြစ်နေလဲဆိုတာကို နားလည်သွားခဲ့ကြလေသည်။

တစ်ချို့ဆို ဤသို့သော ဖြစ်ရပ်မျိုးကို ယခင်က မျက်မြင်ကြုံတွေ့ခဲ့ဖူးကြ၏။

မိသားစုဝင်များကို အရေးပေါ် ကုသရန်အတွက် ICU သို့ ပို့ဆောင်လိုက်ရပြီး ကေ့စ် တော်တော်များ၌ ဒေါက်တာများက လူနာသည် မည်သည့် အသက်ရှင်သည့် အင်္ဂါရပ်ကိုမျှ မပြတော့ဘဲ အသက်ရှူစက် တစ်ခုတည်းကိုသာ မှီခိုအားထားနေရသည်ဟု ပြောလိမ့်မည်။ အကယ်၍ ၎င်းကိုသာ ဖြုတ်ပစ်လိုက်မည်ဆိုပါက လူနာသည် ချက်ချင်း သေဆုံးသွားနိုင်သည်။

ထို့ကြောင့် ထိုကဲ့သို့သော အခြေအနေအောက်၌ အသင်းခေါင်းဆောင်လင်းက သေဆုံးသွားပြီဆိုတာကို အတည်ပြု၍ ရသည်။

သို့သော် သူတို့ထဲ မည်သူကမျှ ဘာမှ မပြောခဲ့ကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့ ပြန်သွားရမည် ဖြစ်၏။

ခေါင်းဆောင်ကို အမှန်အတိုင်း ပြောပြသည်ထက် လက်ရှိအတိုင်း‌လေး ထားသည်က ပိုကောင်းသည်ဟု သူတို့ မြင်သည်။

လက်ထဲရှိ စီးကရက်တိုကို ခြေထောက်ဖြင့် နင်းချေပြီးနောက် စုန့်ကျင်းမင် မတ်တပ်ရပ်လိုက်သည်။ သို့သော် သူ၏ ခြေထောက်များ၌ ပေါင်တစ်ထောင် ဝိတ်တုံးကြီးများ ချိတ်ဆွဲထားသကဲ့သို့ ခန္ဓာကိုယ်မှာ အလွန်အမင်း‌ လေးလံသည်ဟု ခံစားနေရ၏။

“ လူနဲ့ စက်ကို ရဟတ်ယာဉ်ပေါ်တင်လိုက် .. မင်းတို့ကို လေဆိပ်ခေါ်သွားပေးမယ်…”

အနှီ အင်အားကြီးသည့် လူပုဂ္ဂိုလ်နှင့် မျက်နှာချင်းဆိုင်ရာတွင် အင်း ၃ အဖွဲ့ဝင်များက ဘာမျှ မဆိုကြ‌ချေ။

တစ်ဖက်လူ၏ နောက်ခံကို သူတို့ မသိသော်လည်း လူဆိုး မဟုတ်သည်မှာတော့ သေချာသည်။ အနည်းဆုံးတော့ တူညီသည့် တစ်ဖက်တည်းမှ လူများဖြစ်ပြီး သူတို့ကို အန္တရာယ်ဖြစ်စေမှာတော့ မဟုတ်ချေ။

“ ကျေးဇူးတင်ပါတယ်…”

စုန့်ကျင်းမင် ခေါင်းညိမ့်လိုက်သည်။ “ အဲ့ကိစ္စ မပြောကြစို့ .. ယာဉ်ပေါ် အရင်တက်ကြမယ်…”

“ အိုကေ …”

နာရီဝက်ကြာပြီးသည့်နောက် လင်းရီနှင့် ကျိုးလျန်ကို ရဟတ်ယာဉ်ပေါ် တင်လိုက်၏။

နင်ချဲ့နှင့် အမျိုးသမီး အဖွဲ့ဝင်တစ်ချို့မှာ သူနှင့် အတူ နေပြီး ကျန်သည့် အမျိုးသား အဖွဲ့ဝင်တို့ကတော့ ယခင် အစီအစဉ်များအတိုင်း နောက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။

တစ်နာရီကျော်ကြာပြီးနောက် စုန့်ကျင်းမင်၏ ရဟတ်ယာဉ်သည် လေဆိပ်သို့ ဆင်းသက်လာသည်။

ထိုအချိန်တွင် ချိုးယွီလော့၏ အသင်း ၂ မှာ နောက်သို့ ဆုတ်ခွာလာခဲ့ပြီး ဖြစ်ပြီး လင်းရီတို့အား စောင့်ဆိုင်းနေသည်မှာ အတော်ကြာနေပြီး ဖြစ်သည်။

သို့သော် လေထုအခြေအနေမှာတော့ သိပ်သည်းနေပြီး … လေးပင်နေသည့် စိတ်နှလုံးက မည်သို့မျှ မတည်ငြိမ်နိုင်ချေ။

သူတို့အားလုံး လင်းရီ မကြာခင် ပြန်ရောက်လာဖို့ မျှော်လင့်ထားကြ၏။

သို့သော် သူတို့ ကြောက်လည်း ကြောက်နေခဲ့ကြသည်။

ထွက်ပေါ်လာသည့် နောက်ဆုံးရလဒ်ကို သူတို့ လက်မခံနိုင်မှာ ကြောက်သည်။

All Chapters