နှစ် ၃၅၀
Vol. 016 Ch. 1587
ကောင်းကင်ပြက္ခဒိန် ၁၀၀၃၄ ခုနှစ်အဆုံးတွင် နှင်းများက ဆက်လက်ကျဆင်းနေခဲ့သေးသည်။ လွင့်ဝဲပျံသန်းနေသည့် နှင်းစက်မှုန်များသည် ထျန်းဟယ်မြို့တစ်ခုလုံးကို ငွေရောင်မြို့တော်တစ်ခု ဖြစ်စေခဲ့သည်။
နှစ်တစ်နှစ်၏ နောက်ဆုံးရက်တွင် တစ်မြို့လုံး အလုပ်ရှုပ်နေခဲ့ကြသည်။ ညကောင်းကင်တွင် မီးပုံးအလင်းတို့ဖြင့် လင်းလက်နေပြီး နေ့ကဲ့သို့ တောက်ပနေသည်။
အိမ်တိုင်းက သူတို့၏ မီးပုံးများကို လွှတ်တင်ကြပြီး လူတိုင်းသည် လမ်းများကို ဖြတ်ကာ ပြေးလွှား လျှောက်သွားနေကြသည်။
ထျန်းဟယ်ဘုံ၏ ဘုံနန်းတော်အတွင်း ခန်းမများတွင် တောက်ပသည့် နတ်အလင်းတို့ဖြင့် တောက်ပနေခဲ့သည်။ အလင်းများသည် ကောင်းကင်သို့ ထိုးဖောက်ကာ ညအမှောင်ကို ခွင်း၍ အလင်းများ တောက်ပလာစေသည်။
ဤသည်မှာ အလွန် ထူးကဲလှသည့် ညတစ်ညဖြစ်ပေသည်။
ထျန်းဟယ်မြို့တွင် ကလေးမလေးတစ်ဦးက အဘိုးအို၏ လက်ကို ဆွဲထားရင်း မေးသည်။ “ဘိုးဘိုး ဒီညက ဘာလို့ ဒီလောက် အသက်ဝင်နေတာလဲ။”
သူမက အလွန် သိချင်နေခဲ့သည်။ သူမသည် ဆယ်နှစ်ကျော်အရွယ်ခန့်ရှိကာ ကိစ္စအတော်များများကို သိရှိပေသည်။ သူမသည် ယခင်က နှစ်သစ်ကူးပွဲတော်များကို မြင်ဖူးခဲ့သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကို မမြင်ဖူးခဲ့ပေ။
ကြည့်ရသည်မှာ ထျန်းဟယ်မြို့သည် လာမည့်နှစ်အတွက် အထူးတလည် မျှော်လင့်ထားပုံရလေသည်။ ဘုံနန်းတော်ပင်လျှင် ကွဲပြားနေသည်ဟု ထင်မှတ်ရသည်။ ထိုသည်ကို အလွန် အလေးတနက် မှတ်ယူနေကြပေသည်။ တစ်မြို့လုံးသည် အတူတကွ ပျော်ရွှင်မြူးတူးနေကြသည်။
“အဲဒါ ဒီနှစ်က ထူးခြားတဲ့နှစ်တစ်နှစ် ဖြစ်လာမှာမို့လို့ပေါ့” အဘိုးအိုက ပြန်ဖြေသည်။
“ထူးခြားတဲ့ နှစ်တစ်နှစ်လား။” ကလေးမလေးက နားမလည်ခဲ့ပေ။
“ဘာလို့ ထူးခြားရတာလဲ။” သူမက ထပ်မေးသည်။
“သမီးလေး အသက်ကြီးလာတဲ့အခါ နားလည်လာမှာပါ။”
အဘိုးအိုက သူမခေါင်းလေးကို ပုတ်ကာ ပြောသည်။ သူ၏ မျက်လုံးများထဲတွင် ကြင်နာမှုတို့ အပြည့်ဖြစ်နေခဲ့သည်။ သူက ကောင်းကင်သို့ မော့ကြည့်လိုက်၏။ လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ထျန်းဟယ်ဘုံသည် ကြီးမားသည့် မုန်တိုင်းတစ်ခုကို တွေ့ကြုံခံစားခဲ့ရသည်။ လောက၏ ပဋိပက္ခများက မည်သည့်အခါမှ ရပ်တန့်မည့်ပုံမပေါ်သော်လည်း သူတို့သည် မှောင်မိုက်သည့် အရှုပ်အထွေးများကြားမှ ရုန်းထွက်နိုင်ခဲ့သည်က သူတို့အတွက် အဖိုးမဖြတ်နိုင်သော အကျိုးအမြတ်ပင် ဖြစ်သည်။
နှင်းလွှမ်းနေသည့် တောင်ပေါ်တွင် ရီဖူရှင်းက ထိုင်ကာ ကျင့်ကြံနေသည်။ သူသည် ထျန်းဟယ်မြို့အတွင်း ပျော်ရွှင်မြူးတူးနေသော သက်ဝင်လှုပ်ရှားမှုများကို သူ၏ အတွေးစများမှ တဆင့် ခံစားသိရှိနိုင်ပြီး သူကအနည်းငယ် ဇဝေဇဝါ ဖြစ်နေခဲ့သည်။ ထျန်းဟယ်မြို့သည် အမှန်တကယ်ပင် နှစ်သစ်ကို ဤမျှ ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့သည်လား။
နှစ်ပေါင်းများစွာအတွင်း သူက တွေ့ရှိရသည်မှာ သူ၏ ဘဝ စတင်ခဲ့ရာ ချင်းကျူမြို့သည် နှစ်သစ်၏ အနှစ်သာရ အပြည့်ဝဆုံးနေရာ ဖြစ်ကြောင်းပင် ဖြစ်သည်။ သူက ပို၍ ခမ်းနားသည့် မြို့များ ပို၍ အစွမ်းထက်သော ဘုံများသို့ ရောက်ရှိလာသော်လည်း ထိုနေရာများတွင် နှစ်သစ်ကူး၏ အနှစ်သာရများ အားနည်းသည်ကို တွေ့ရှိခဲ့ရသည်။ စွမ်းအားနှင့် ကျင့်ကြံခြင်းကိုသာ အာရုံစိုက်သည့် လူများဖြစ်သောကြောင့် သူတို့သည် ချင်းကျူမြို့မှ လူများကဲ့သို့ အချို့သော စွဲလမ်းမှုများ ပျောက်ဆုံးနေခဲ့သည်။
ယခု သူသည် ထျန်းဟယ်မြို့တွင် ဤကဲ့သို့ အံ့သြဖွယ်ကောင်းသော မြင်ကွင်းမျိုး ထပ်၍ မြင်တွေ့ရပေသည်။ ထိုသည်က ဤနေရာမှ ရိုးရာဓလေ့တချို့ ဖြစ်နေသည်လား။
ထိုအချိန်တွင် သူ၏ ဘေးသို့ ပုံရိပ်တစ်ခုက လျှောက်လာခဲ့သည်။ သူမသည် အဝေးသို့ ကြည့်လိုက်ပြီး သူမ၏ အတွေးစတို့ကလည်း ထိုနေရာသို့ ဖြန့်ကျက်နေခဲ့ပုံပေါ်သည်။ သူမကို ကြည့်ရသည်မှာ တစ်ခုခုကို အမှတ်ရနေပုံပေါ်ကာ မျက်ရည်စများက သူမ၏ မျက်လုံးထောင့်တွင် ဝေ့သီနေခဲ့သည်။
“ဖျင်အန်း” ရီဖူရှင်းက သူ့ဘေးမှ အမျိုးသမီးကို ကြည့်ကာ နူးညံ့စွာ ပြောသည်။ “မင်း မိဘတွေကို စဥ်းစားနေတာလား။”
“ဟုတ်တယ်။” ဖျင်အန်းက အနည်းငယ် ပြုံး၍ ခေါင်းညိတ်သည်။ သူမသည် ရီဖူရှင်းကို ကြည့်ကာ ပြောသည်။ “စီနီယာ့အတွက် ကျွန်မက အရူးနဲ့ တူနေမယ် ထင်တယ်။”
“သူတို့ရဲ့ မသေခင် ရှိခဲ့တဲ့ ဆန္ဒက မင်း အေးအေးချမ်းချမ်း ပျော်ပျော်ရွှင်ရွှင် နေဖို့ပါပဲ။ ဖျင်အန်း ဝမ်းမနည်းပါနဲ့။” ရီဖူရှင်းက နှစ်သိမ့်ပေးသည်။
“ကျွန်မ ဝမ်းမနည်းပါဘူး။ ဒီအတိုင်း သူတို့နဲ့အတူ နေခဲ့တုန်းက အချိန်ကို ပြန်တွေးမိလို့ပါ။ အဲဒါက ဝမ်းနည်းမှုသက်သက်ပဲ မဟုတ်ပါဘူး။” ဖျင်အန်းက အပြုံးနှင့် ပြောသည်။ “မြို့ထဲကို သွားကပြီး လူတိုင်းနဲ့ နှစ်သစ်ကို ဆင်နွှဲကြရအောင်လေ။”
“ကောင်းပြီ” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ပြုံးကာ ကြည့်လိုက်ပြီးနောက် လေထဲသို့ ခြေချကာ တောင်အောက် ဆင်းသွားခဲ့ကြသည်။
မကြာခင်၌ သူတို့သည် ထျန်းဟယ်မြို့သို့ ရောက်ရှိလာခဲ့သည်။ လူအများသည် လမ်းများပေါ်တွင် လျှောက်လှမ်းနေကြသည်။ ဤနေ့တွင် လူများအကြား ပဋိပက္ခများ မရှိသလို မည်သူမှ စိန်ခေါ်တိုက်ခိုက်ခြင်းလည်း မရှိကြပေ။ လူတိုင်းသည် အလွန် အေးဆေးတည်ငြိမ်စွာဖြင့် လိုက်လျောညီထွေ ရှိနေကြပေသည်။ သူတို့အကြား၌ ပဋိပက္ခများ ဖြစ်ခဲ့လျှင်ပင် သူတို့သည် ပြုံးရုံသာ ပြုံး၍ သင်ပုန်းချေလိုက်ကြသည်။
လူအများသည် သူတို့၏ ကလေးများကို သူတို့နှင့်အတူ ခေါ်ကာ လမ်းပေါ်တွင် ချစ်ကြည်ရင်းနှီးသည့် လေထုအခြေအနေကို တွေ့ကြုံခံစားစေသည်။
“ဒီဘုံက အမြဲ ဒီလိုသာ ဖြစ်နေမယ်ဆိုရင် သိပ်ကို ပျော်စရာကောင်းမှာပဲ။” ဖျင်အန်းက လှပသည့် မြင်ကွင်းကို ကြည့်နေရင်း အပြုံးနှင့် ပြောသည်။
ရီဖူရှင်းက ပြုံးကာ ခေါင်းကို ယမ်းသည်။ ထိုသည်မှာ သေချာပေါက် တဒင်္ဂပျော်ရွှင်မှုသာ ဖြစ်သည်။
သူတို့နှစ်ယောက်သည် ရည်ရွယ်ချက်မရှိဘဲ ဟိုဟိုဒီဒီ လျှောက်သွားနေခဲ့ကြသည်။ သူတို့က မည်သည့်နေရာဟူ၍ ဦးတည်ချက် မရှိဘဲ မြင်မြင်ရာ လျှောက်သွားနေခြင်းသာ ဖြစ်သည်။ ဖျင်အန်းသည် ရင်းနှီးနေသည့် လမ်းများပေါ်တွင် လျှောက်လှမ်းကာ သူမက နှစ်သစ်ကူးကို ကျော်ဖြတ်ချင်နေသည်။
“ရှင် ဘယ်သူ့ကိုမှ မလွမ်းဘူးလား။” ဖျင်အန်းသည် သူမ ဘေးမှ ရီဖူရှင်းကို ကြည့်ကာ မေးသည်။ သူ၏ ဆံပင်ဖြူဖြူက နှင်းများနှင့် ပျော်ဝင်နေပြီး ခွဲခြားပြောနိုင်ရန်ပင် မလွယ်ကူပေ။ သူ၏ ချောမောသော မျက်နှာနှင့် စူးရှသည့် မျက်လုံးများထဲမှနေ၍ ဇာတ်လမ်းအချို့ရှိခဲ့သည်ကို ရှင်းလင်းစွာ ပြောနိုင်ပေသည်။
သူသည် ပါရမီအရည်အချင်းရှိကာ ကြင်နာတတ်သည့်အပြင် ချောမောသည့် တန်ခိုးရှင်တစ်ဦးဖြစ်သည်။ သူ့ကို သဘောကျသည့် အမျိုးသမီးများစွာ ရှိရပေမည်။ သို့ဆိုလျှင် သူသည် ငယ်ငယ်ရွယ်ရွယ်နှင့် မည်သို့ဖြစ်၍ ဆံပင်တို့ ဆွတ်ဆွတ်ဖြူနေရသနည်း။
သူသည် အသက်ငါးဆယ်ရှိပြီ ဖြစ်သော်လည်း ရှန့်ထိုအဆင့် အထွတ်အထိပ် တန်ခိုးရှင်တစ်ဦးအနေနှင့်ဆိုလျှင် အတော်လေး ငယ်ရွယ်သေးပေသည်။ သူ၏ ကျင့်ကြံခြင်းက မတိုးတက်တော့လျှင်ပင် သူမျက်နှာက ဤကဲ့သို့ မပြောင်းလဲဘဲ နှစ်ရာချီကာ ရှိနေမည် ဖြစ်သည်။
“ရှိတာပေါ့” ရီဖူရှင်းက အပြုံးနှင့် ပြောသည်။ “ငါ လွမ်းတဲ့လူတွေ အများကြီး ရှိတယ်။”
“ဘယ်သူလဲ” ဖျင်အန်းက စပ်စုသည်။
“ငါ့ရဲ့ ချစ်ရတဲ့သူ၊ ဆရာတွေ ၊ သူငယ်ချင်းတွေနဲ့ ညီအစ်ကိုတွေ။ အားလုံးကို လွမ်းတယ်။” ရီဖူရှင်းက ပြောသည်။
“ရှင် သူတို့ကို လွမ်းရင် ဘာလို့ သွားမရှာရတာလဲ။” ဖျင်အန်းက မေးသည်။ သူမ၏ အဆင့်က အလွန်နိမ့်နေသောကြောင့် သူမသည် မိဘများကို ကာကွယ်ပေးနိုင်ခြင်း မရှိခဲ့ပေ။ သို့သော် ရီဖူရှင်းက အလွန် အစွမ်းထက်လှသည်။ သူသည် ရှန့်ထိုအဆင့် အထွတ်အထိပ်တွင် ရှိနေပြီး ရန်ဟောင်အဆင့်အောက်၌ သူ့ကို ယှဥ်နိုင်သူ မည်သူမှ မရှိပေ။
“ဘဝမှာ အရာအားလုံး စိတ်တိုင်းကျနေဖို့ဆိုတာ မဖြစ်နိုင်ဘူး။ လူတိုင်းက ကြိုးစားနေကြတယ်။ ငါလည်း သူတို့နဲ့အတူ ရှိနေချင်တာပေါ့။ အဲဒါကပဲ ငါ ဘာလို့ ကျင့်ကြံနေရလဲဆိုတဲ့ အကြောင်းရင်းလေ။” ရီဖူရှင်းက ပြောသည်။
ဖျင်အန်းက ခေါင်းညိတ်လိုက်၏။ “နားလည်ပါပြီ။” သူမ၏ ကျင့်ကြံနေမှုသည်လည်း မိဘများကို ကာကွယ်ရန်ပင် မဟုတ်ပါလား။
ရီဖူရှင်းတွင်လည်း သူ၏ ကိုယ်ပိုင် အကြောင်းရင်းများ ရှိနေပေလိမ့်မည်။
“ထျန်းဟယ်မြို့မှာ ရေကန်ရှိလား။” ရီဖူရှင်းက မေးသည်။
ဖျင်အန်းက ခေါင်းညိတ်လိုက်၏။ “ရှိတယ်။ သွားကြည့်ချင်လို့လား။”
ရီဖူရှင်းက ခေါင်းညိတ်သည်။ “အင်း”
“ဒါဆို လိုက်ပို့ပေးမယ်။” ဖျင်အန်းက လမ်းပြသည်။ မကြာခင်၌ သူတို့က ရေကန်အစွန်းသို့ ရောက်ရှိလာကြပေသည်။ ဤနေရာတွင်လည်း လူထူထပ်နေခဲ့သည်။ လူများသည် လှေငယ်လေးများဖြင့် ရေကန်ကို ဖြတ်သန်းနေကြသည်။ သူတို့ထဲမှ အချို့က မီးအလင်းများ ထွန်းညှိကာ တောင်းဆုပြုနေကြ၏။
ထိုသည်မှာ အလွန် ရင်းနှီးနေသည့် မြင်ကွင်းမျိုးပင် ဖြစ်သည်။
ရီဖူရှင်း၏ မျက်နှာထက်တွင် တောက်ပသည့် အပြုံးတို့ ပေါ်ပေါက်လာသည်။ သူက ရေကန်တို့ကို သဘောကျသည်။ ဖြစ်နိုင်သည်မှာ သူ၏ အကောင်းဆုံးသော အမှတ်တရများက ရေကန်ဘေးတွင် ဖြစ်ပျက်ခဲ့သောကြောင့် ဖြစ်ပေသည်။ ၎င်းတို့သည် သူ၏ ငယ်ဘဝမှ မှတ်ဉာဏ်များဖြစ်သည်။
ထိုအချိန်တွင် တောက်ပ၍ လှပသည့် အလင်းတို့က သူတို့၏ မျက်လုံးများထဲတွင် လင်းလက်လာသည်။ ရီဖူရှင်းသည် မော့ကြည့်လိုက်လျှင် ကောင်းကင်တစ်ခွင်၌ ပြည့်နေသော မီးရှူးမီးပန်းများကို မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် သူ၏ မှတ်ဉာဏ်များက ထင်ဟပ်လာကု အချိန်များက နောက်ပြန်စီးဆင်းသွားသကဲ့သို့ပင် ဖြစ်သည်။
ကောင်းကင်၌ မီးရှူးမီးပန်းများ ပေါက်ကွဲလာသည့်အခါ သြဘာသံတို့က ခြိမ့်ညံလာပေသည်။
ကောင်းကင်ပြက္ခဒိန် ၁၀၀၃၅ ခုနှစ်က နောက်ဆုံး၌ ရောက်ရှိလာပြီ ဖြစ်သည်။
“အရမ်းလှတာပဲ။” ဖျင်အန်းက တီးတိုးရေရွတ်သည်။ သူမက ရီဖူရှင်းကို ကြည့်သည်။ မီးရှူးမီးပန်း၏ အလင်းများကြားတွင် သူ၏ ချောမောသော မျက်နှာက ပို၍ ထူးခြားဆန်းကြယ်နေသည်။
လှပသည့် အမျိုးသမီးတစ်ဦးနှင့် မြင့်မြတ်သည့် အမျိုးသားတစ်ဦးက အချင်းချင်း လိုက်ဖက်ညီလှပေသည်။
ရီဖူရှင်းသည် ထိုသို့သော လူမျိုး ဖြစ်နိုင်ပေသည်။
သူက ထိုကဲ့သို့ ပြုံးနေသောအခါ သူ၏ ချစ်ရသောသူကို တွေးနေခြင်း ဖြစ်နိုင်သည်လား။
ဤညသည် ထူးခြားသည့် ညတစ်ညဖြစ်ခဲ့ပေသည်။
…
ကောင်းကင်အာဏာစက်ဘုံနှင့် အထက်ကောင်းကင်ဘုံတို့သည် အထက်ဘုံကိုးခုတွင် အပါအဝင်ဖြစ်သည်။ ထို့ကြောင့် သူတို့က မဟာလမ်းစဥ်ဘုံသုံးထောင်၏ အထက်တွင် ရပ်တည်နိုင်ကြသည်။
သို့သော် မဟာလမ်းစဥ်ဘုံသုံးထောင်၏ အသန်မာဆုံးများက ပဋိပက္ခမရှိကြပေ။ အထက်ဘုံကိုးခု၏ အလယ်တွင် ရပ်နေသည့် ဘုံသည် တော်ဝင်ဘုံဖြစ်သည်။ အထက်ဘုံကိုးခုအားလုံးသည် ထိုသည်ကို တွေဝေခြင်းမရှိ အသိအမှတ်ပြုကြပေသည်။
ချန်းကလန်သည် တော်ဝင်ဘုံ၏ အင်အားစုတစ်ခု ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ထိန်းချုပ်မှုအောက်၌ ရှိသော ထျန်းဟယ်ဘုံသည်ပင် အလွန် အားကောင်းပေသည်။ ထျန်းဟယ်မဟာအကြီးအကဲအပါအဝင် အလွန် အားကောင်းသော ရန်ဟောင်များက ထိုနေရာမှ လာပေသည်။
တော်ဝင်ဘုံ၏ အလယ်တွင် ခမ်းနားထည်ဝါသော နန်းတော်တစ်ခု ရှိကာ အလွန်မြင့်မားပြီး ကောင်းကင်သို့တိုင် ရောက်ကာ တိမ်များကို ထိုးဖောက်နေခဲ့သည်။ ၎င်းသည် မြင့်မြတ်၍ စွမ်းအားကြီးသည်။
နန်းတော်ကို အဆုံးမဲ့ နတ်အလင်းတို့ဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းကို ဖြတ်လျှောက်လာသည့် လူတိုင်းပင် အလွန် ရိုသေလေးစား ကြောက်ရွံ့မှုကို ခံစားရကာ အရိုအသေပြုချင်ကြပေသည်။
ထိုသည်မှာ တော်ဝင်ဘုံ၏ အမှတ်သင်္ကေတဖြစ်သော လေဟာနယ်အင်ပါယာနန်းတော် ဖြစ်သည်။
ပြောကြသည်မှာ ဤနေရာသည် တစ်ချိန်က အရှင်ဒွန်ဟောင်၏ ကိုယ်ပိုင်နန်းတော်တစ်ခု ဖြစ်ခဲ့ဖူးသည်ဟူ၍ပင် ဖြစ်သည်။
ယခု နန်းတော်အတွင်းတွင် မဟာအင်ပါယာ၏ ရုပ်တုတစ်ခု ရှိနေပေသည်။ ပြောကြသည်မှာ သူသည် ထိုရုပ်တုအတွင်း သူ၏ နတ်ဝိညာဥ်အချို့ ချန်ရစ်ခဲ့သည်ဟူ၍ ဖြစ်သည်။
ထိုအချိန်တွင် တိမ်စိုင်ကိုးခုသည် လေဟာနယ်အင်ပါယာနန်းတော်၏ အထက်တွင် မျောလွင့်နေခဲ့သည်။
ဖော်ပြ၍မရအောင် သန့်စင်သည့် နတ်အလင်းတို့က ကောင်းကင်မှ ကျဆင်းလာကာ အလင်းတန်းခုနစ်ခုအဖြစ် ပေါ်ပေါက်လာသည်။ ကျယ်ပြောသော အဆုံးမဲ့ ကောင်းကင်အတွင်း တိမ်တိုက်များအားလုံးက လှုပ်ရှားလာသည်ဟု ထင်မှတ်ရသည်။
ထိုအခိုက်တွင် မြင့်မားသည့် နန်းတော်ပေါ် ကောင်းကင်အမြင့်မှ နတ်အလင်းတန်းတစ်ခုက တောက်ပစွာ ထိုးဆင်းလာခဲ့သည်။
မကြာမီတွင် မမြင်ရသည့် လှိုင်းက ကောင်းကင်မှ ထိုးဆင်းလာခဲ့ပေသည်။
ဒုန်...
ခေါင်းလောင်းတစ်ခု၏ အသံက ကောင်းကင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာသည်။
အသံသည် လောကကြီးအတွင်း ပျော်ဝင်ကာ သဏ္ဌာန်မဲ့ တေးသွားတစ်ခု ဖြစ်လာသည်။ ထိုအသံသည် မိုးခြိမ်းသံကဲ့သို့ ကောင်းကင်ကို ထိုးဖောက် ထွက်ပေါ်လာသည်။
တော်ဝင်ဘုံအတွင်းတွင် များပြားလှသည့် ထိပ်သီးအင်အားများ မြင့်မားသည့် နန်းတော်များနှင့် ခမ်းနားသည့် ခန်းမများစွာ ရှိပေသည်။ လူအများသည် ကောင်းကင်သို့ အရိုအသေပြုကာ သူတို့နောက်မှ ထောင်ချီသည့် လူများက ဒူးထောက်လိုက်ကြသည်။
ဒုန်...
ခေါင်းလောင်းက တစ်ဖန် မြည်ဟီးလာပြီး လူအများသည်လည်း ထိုအသံ ထပ်ကာ ထွက်ပေါ်လာမည်အား သိနေသကဲ့သို့ ကောင်းကင်ကို အရိုအသေ ပေးလိုက်ပြန်သည်။
“ဟောကိန်း ထွက်ပေါ်လာတာကို ကျုပ်တို့အားလုံး ဒီမှာ စောင့်ဆိုင်းနေကြတယ်။” စင်မြင့်ထက်မှ ဂုဏ်သရေရှိ အကြီးအကဲတစ်ဦးက ပြောသည်။ သူတို့သည် လေဟာနယ်အင်ပါယာနန်းတော်မှ လာမည့် ပုရောဟိတ်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။
ချန်းကလန်သည် တော်ဝင်ဘုံ၏ ထိပ်သီးအင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
သို့သော် ထိုအခိုက်တွင် ချန်းကလန်မှ ကလန်သားအတော်များများက ဤနေရာတွင် စုရုံးရောက်ရှိနေကြကာ အဝေးသို့ ကြည့်နေကြသည်။
ဒုန်...
ခေါင်းလောင်းသံက နောက်တစ်ကြိမ် ပျံ့လွင့်လာကာ ၎င်းအသံသည် လူတိုင်း၏ စိတ်ထဲတွင် ပြည့်နှက်သွားခဲ့သည်။
ထိုသည်မှာ သူတို့သာ မဟုတ်ဘဲ တော်ဝင်ဘုံ၏ အဆုံးမဲ့ နယ်မြေအတွင်း မဟာလမ်းစဥ် ဘုံသုံးထောင်မှပင် ထိုအခိုက်တွင် မရေတွက်နိုင်သော စိတ်ဝိညာဥ်များအတွင်း ခေါင်းလောင်းသံကို ကြားလိုက်ကြရသည်။
မဟာလမ်းစဥ် ဘုံသုံးထောင်ကို ဖြတ်သန်းကာ ထွက်ပေါ်လာသည့် ခေါင်းလောင်းသံသည် ကောင်းကင်အာဏာစက်ဘုံ၊ အထက်ကောင်းကင်ဘုံနှင့် အထက်ဘုံကိုးခု အားလုံးတို့ထံ ပျံနှံ့သွားခဲ့သည်။
၎င်းသည် အထက်ကောင်းကင်ဘုံ၏ နတ်နန်းတော်မှ ထွက်ပေါ်လာကာ ရွှေရောင်နတ်ပြည်ထောင်နှင့် ထိုက်ရွှမ်တောင်ပေါ်မှလည်း ကြားလိုက်ကြရသည်။
၎င်းသည် ကောင်းကင်အာဏာစက် ပြည်ထောင်၊ ဗြဟ္မာ့သန့်စင်ကောင်းကင်နှင့် ခရမ်းရင့်ကောင်းကင်နန်းတော်တို့မှလည်း ကြားလိုက်ရပေသည်။
ထိုအသံကို မည်သို့ ဖော်ပြရမည်အား မည်သူမှ မသိကြပေ။ ထိုသည်မှာ ထူးခြားဆန်းကြယ်လှပြီး အမှန်ပင် နတ်ဘုရားတို့ လုပ်ဆောင်ချက် ဖြစ်ပေလိမ့်မည်။
ခေါင်းလောင်းသံ ထွက်ပေါ်လာပြီးနောက် သတ်မှတ်ဝတ်စုံ တူညီဝတ်ဆင်ထားသည့် လူတစ်စုက လေဟာနယ်အင်ပါယာနန်းတော်မှ လျှောက်ထွက်လာသည်။ သူတို့သည် မတူညီသည့် နေရာများကို လျင်မြန်စွာ ထွက်ခွာသွားကြသည်။ သူတို့သည် အထက်ဘုံကိုးခုကို ဦးတည်သွားသည်ဟု ထင်မှတ်ရပေသည်။
အဝေးရှိ ထျန်းဟယ်ဘုံအတွင်းတွင် ရီဖူရှင်းနှင့် ဖျင်အန်းသည် နှင်းလွှမ်းနေသည့် တောင်ထိပ်သို့ ပြန်ရောက်လာခဲ့သည်။ အလင်းများက ကောင်းကင်တွင် ပေါက်ကွဲထွက်လာကာ တိမ်တိုက်များက ရွေ့လျာစလာပြီး နေအလင်းက ကျဆင်းလာသည်။
ကောင်းကင်ပြက္ခဒိန် ၁၀၀၃၅ ခုနှစ် စတင်ခြင်းဝည် အရာအားလုံး အသစ်မှ စတင်လိုက်ခြင်းနှင့် တူပေသည်။
ဒုန်...
ထိုအခိုက်တွင် တောင်ပေါ်မှ ခေါင်းလောင်းသံ လွင့်ပျံလာသည်။ ရီဖူရှင်းသည် တင်ပျဥ်ခွေထိုင်နေရာမှ မျက်လုံးများကို ဖွင့်သည်။ သူက ကောင်းကင်သို့ မော့ကြည့်ပြီး အတွေးစတို့ကို ထုတ်လွှတ်သည်။ သူ့မျက်နှာထက်တွင် အံ့အားသင့်သည့် အကြည့်တို့ ပေါ်ပေါက်လာသည်။ သူသည် ထိုအသံက ကောင်းကင်မှ ကျဆင်းလာသည်ဟု ခံစားမိပေသည်။ ၎င်းကို တစ်ချိန်တည်းမှာပင် နေရာအနှံ့မှ ကြားနေရပြီး ထျန်းဟယ်မြို့တစ်ခုလုံးကို ပြည့်နေခဲ့သည်။
“ဒီအသံက ဘယ်နေရာကနေ လာတာလဲ။” သူ့နှလုံးသားထဲတွင် သိချင်စိတ်တို့ ဖြစ်ပေါ်လာသည်။ သူသည် လေထဲသို့ တက်ကာ ထိုအသံ၏ ရင်းမြစ်ကို ရှာဖွေရန် ကြိုးစားသည်။
မဟာအကြီးအကဲသည် နှင်းလွှမ်းမြေပြင်ပေါ်မှ ထရပ်ကာ ကောင်းကင်သို့ မော့ကြည့်သည်။
“ဆရာ” ရီဖူရှင်းသည် မဟာအကြီးအကဲ၏ ဘေးသို့ ချက်ချင်း ရောက်ရှိသွားကာ သူ၏ မျက်နှာထက်တွင် မေးမြန်းလိုသည့် အကြည့်များ ရှိနေခဲ့သည်။
လူအိုကြီးက ကောင်းကင်သို့ ကြည့်နေဆဲကပင် ပြောသည်။ “အခုက ကောင်းကင်ပြက္ခဒိန် ၁၀၀၃၅ ခုနှစ်ရဲ့ နှစ်သစ်အစလို့ ပြောနိုင်တယ်။ ကောင်းကင်ပြက္ခဒိန်ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာ့ငါးဆယ်လောက်တုန်းက အရှင်ဒွန်ဟောင် သတ်မှတ်ပေးခဲ့တာပဲ။ အဲဒါကြောင့် ဒါကို ရေတွက်မယ်ဆိုရင် ဒွန်ဟောင်ပြက္ခဒိန် ၃၅၀ နှစ်မြောက်လို့လည်း ပြောနိုင်တယ်။”
***