နတ်ဘုရားအကြွင်းအကျန်
Vol. 016 Ch. 1588
ဒွန်ဟောင်ပြက္ခဒိန် ၃၅၀ ခုနှစ် ဖြစ်သည်။
ထိုသည်မှာ အရှင်ဒွန်ဟောင်နှင့် အင်ပါယာရီချင်တို့ လောကတစ်ခုလုံးကို စည်းလုံးစေခဲ့သည်မှာ နှစ်ပေါင်း ၃၅၀ ကြာပြီ ဟု အဓိပ္ပါယ်ရပေသည်။
ရီဖူရှင်းသည် မဟာအကြီးအကဲ ပြောသည်ကို ကြားသည့်အခါ စိတ်လှုပ်ရှားသွားခဲ့သည်။ ထိုအရာအားလုံးမှာ သူ့ထံမှ ဝေးကွာနေသည်ဟု ထင်မှတ်ရသော်လည်း သူနှင့် ဆက်သွယ်နေသည်။
သူသည် ဤနှစ်တွင် အသက်ငါးဆယ်ရှိပြီ ဖြစ်သည်။
သူသည် အင်ပါယာရီချင်နှင့် အရှင်ဒွန်ဟောင်တို့ လောကကို ပေါင်းစည်းပြီး နှစ်သုံးရာအကြာတွင် မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ထိုသည်ကို ကြည့်လျှင် သူ၏ မွေးဖွားခြင်းက သာမန်အတိုင်း ဖြစ်ပုံမရပေ။
ထို့ကြောင့် ထျန်းဟယ်ဘုံ၏ နှစ်သစ်ကူးက ပုံမှန်တွင် ထိုမျှ အသက်မဝင်ခဲ့သော်လည်း ဤနှစ်က ထူးခြားသည့် အဓိပ္ပါယ်ရှိပေသည်။ ကောင်းကင်ပြက္ခဒိန်အတွက် ကောင်းမွန်သည့် နှစ်ဂဏန်းဖြစ်သလို သူ၏ အသက်သည်လည်း ပတ်လည်နှစ်ဂဏန်းကောင်း ဖြစ်သည်။ ထိုသည်မှာ တစ်ခုခုကို ရှင်းလင်းစွာ ညွှန်းဆိုနေပေသည်။
နှစ်တစ်ရာကို ကောင်းကင်ပြက္ခဒိန်၏ ခေတ်တစ်ခေတ်ဟု သတ်မှတ်လျှင် နှစ်ငါးဆယ်သည် ထိုခေတ်၏ တစ်ဝက် ဖြစ်ပေလိမ့်မည်။
“ဒွန်ဟောင်ပြက္ခဒိန်လို့ သုံးတဲ့လူ ရှိလား။” ရီဖူရှင်းက မေးသည်။
“တချို့တလေပေါ့” ထျန်းဟယ်မဟာအကြီးအကဲက ခေါင်းညိတ်ကာ ပြောလိုက်၏။ “အရှင်ဒွန်ဟောင် လောကကို ပေါင်းစည်းပြီးတဲ့အခါမှာ ဘုံအများစုက ကောင်းကင်ပြက္ခဒိန် တစ်ခုတည်း ဖြစ်လာတယ်။ သူနဲ့ အင်ပါယာရီချင်က ပြက္ခဒိန်အသစ်တစ်ခု ပြုလုပ်ခဲ့ပေမယ့် သူတို့က မသုံးခဲ့ကြဘူး။ အဲဒါကြောင့် လူအများက ဒွန်ဟောင်ပြက္ခဒိန်ဆိုပြီး ရေတွက်ကြတယ်။ ဒါပေမယ့်လည်း လူအများက ကောင်းကင်ပြက္ခဒိန်ကို အဓိက အသုံးပြုကြပါတယ်။”
“ခေါင်းလောင်းသံကရော ဘယ်နေရာကနေ လာတာလဲ။” ရီဖူရှင်းက မေးသည်။ ကောင်းကင်မှ ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး ထိုအသံသည် ထျန်းဟယ်တစ်မြို့လုံးကို ပဲ့တင်ထပ်သွားခဲ့သည်။
မဟာအကြီးအကဲက ကောင်းကင်သို့ မော့ကြည့်ကာ ညင်သာစွာ ပြောသည်။ “နှစ်ငါးဆယ်ပြည့်တိုင်း တော်ဝင်ဘုံရဲ့ လေဟာနယ်အင်ပါယာနန်းတော်ကနေ ခေါင်းလောင်းသံ ထွက်ပေါ်လာတတ်တယ်။ အဓိပ္ပါယ်ကတော့ ဟောကိန်းဟာ လောကအတွင်း ဆင်းလာမယ်တဲ့။ ငါ ပြောတာ မမှားရင် အခုဆို နတ်သံတမန်တွေ လေဟာနယ်အင်ပါယာနန်းတော်အပြင်ကို ရောက်နေလောက်ပြီ။”
“တော်ဝင်ဘုံ” ရီဖူရှင်း၏ နှလုံးသားက တုန်ယင်သွားသည်။ ဤခေါင်းလောင်းသံသည် ကွာဝေးလှသည့် တော်ဝင်ဘုံမှ လာခြင်း ဖြစ်နိုင်သည်လား။
သူသည် မဟာလမ်းစဥ်ဘုံသုံးထောင်၏ အထက်ဘုံကိုးခုတွင် တော်ဝင်ဘုံက အကြီးကျယ်အမြင့်မြတ်ဆုံး ဖြစ်သည်ကို သူသိသည်။
တော်ဝင်ဘုံကို ဗဟိုအင်ပါယာဘုံဟုလည်း ခေါပြီး ၎င်းသည် မဟာလမ်းစဥ် ဘုံသုံးထောင်ကို ဦးဆောင်သည်။ အခြား အထက်ဘုံရှစ်ခုက ၎င်းကို ဝန်းရံထားပြီး မဟာလမ်းစဥ်ဘုံထောင်၏ အခြားဘုံများကလည်း ၎င်းတို့ကို ဝန်းရံထားသည်။
သို့ဆိုလျှင် ဤခေါင်းလောင်းသံက ဘုံမည်မျှများများကို ဖြတ်သန်းသွားနိုင်မည်နည်း။
“အဲဒါက ဘာမှ ထူးဆန်းတာ မရှိဘူး။ လေဟာနယ်အင်ပါယာနန်းတော် ခေါင်းလောင်းသံက ဟောကိန်း ကြေညာချက်ဖြစ်ပြီး မဟာအင်ပါယာရဲ့ အမိန့် ဖြစ်တယ်။ အဲဒီ ခေါင်းလောင်းသံက အထက်ဘုံကိုးခုကို ပျံ့နှံ့သွားသလို တခြားဘုံတွေအားလုံးကိုလည်း ရောက်သွားတယ်။ ထျန်းဟယ်ဘုံက ဤနေရာတစ်ဝိုက်မှာ ရှိနေတော့ ကြားရတာ မဆန်းပါဘူး။” အကြီးအကဲက ရှင်းပြသည်။
“လေဟာနယ်အင်ပါယာနန်းတော်နဲ့ ဟောကိန်း ဆိုတာ ဘာလဲ။” ရီဖူရှင်းက ပြောသည်။ သူနားမလည်နိုင်သည့် ကိစ္စများက အလွန် များပြားလှသည်။
ခေါင်းလောင်းသံတစ်ချက်သည် မရေတွက်နိုင်သည့် ဘုံများကို ဖြတ်သန်းကာ ကြားနိုင်ပေသည်။ အထက်ဘုံကိုးခုကို ဖြတ်ကာ ကြားနိုင်သည်မှာ မည်သည့် စွမ်းအားမျိုး ဖြစ်သနည်း။
“လေဟာနယ်အင်ပါယာနန်းတော်က တော်ဝင်ဘုံရဲ့ အမှတ်သင်္ကေတပဲ။ မဟာလမ်းစဥ် ဘုံသုံးထောင်အကြားမှာ အဲဒါက မဟာအင်ပါယာရဲ့ အိမ်လို့ ပြောနိုင်တယ်။ ဟောကိန်း ကတော့ ထူးထူးထွေထွေ ပြောစရာမရှိဘဲ အမြဲ အတူတူပဲ။ နတ်ဘုရားရဲ့ အမွေအနှစ်လို့ ပြောလို့ရတယ်။” ထျန်းဟယ်မဟာအကြီးအကဲက ရှင်းပြသည်။ “အဲဒါက ဘာလို့ ငါ မင်းကို ရန်ဟောင်အဆင့် မတက်သေးဖို့ ပြောရလဲဆိုတဲ့ အကြောင်းရင်းပဲ။ ငါ မင်းကို အဲဒီ သွားစေချင်တယ်။”
“နတ်ဘုရားရဲ့ အမွေအနှစ်” ရီဖူရှင်းက ရေရွတ်သည်။ သူက နားလည်ပေသည်။ 'နတ်ဘုရား' အမွေအနှစ်ဆိုသည်မှာ ယခင်က ကြုံတွေ့ခဲ့ဖူးသည်များနှင့် ကွာခြားလိမ့်မည် ဖြစ်သည်။ ပြောရလျှင် နတ်ဘုရား ဟု အမည်တပ်ထားသည်အား ကြည့်ခြင်းဖြင့် မည်မျှ ထူးခြားသာလွန်သည်ကို ပြသနေသည်။
'နတ်ဘုရား' အမွေအနှစ်ဟု ခေါ်ခြင်းမှာ အလွန် အစစ်အမှန်နှင့် တူနေပေမည်။
“ဘာလို့ လေဟာနယ်အင်ပါယာနန်းတော်ဖြစ်ပြီး လေဟာနယ်နန်းတော် မဟုတ်ရတာလဲ။” ရီဖူရှင်းက ထပ် မေးသည်။ “မဟာအင်ပါယာက တော်ဝင်ဘုံမှာ မဟုတ်ရင် ဘယ်နေရာမှာလဲ။”
“သူက အဲဒီမှာပဲ။ ဒါပေမယ့် အဲဒီမှာလည်း မဟုတ်ဘူး။” ထျန်းဟယ်မဟာအကြီးအကဲက ပြန်ဖြေသည်။ “ဒီလောကက အစစ်အမှန် ကမ္ဘာမဟုတ်ဘူး။”
“ဒါဆို အစစ်အမှန် လောကကရော။ ဒီနေရာနဲ့ တူလား။” ရီဖူရှင်းက မေးသည်။
ထျန်းဟယ်မဟာအကြီးအကဲက သူ့ကို ကြည့်ကာ ပြောသည်။ “မင်းသာ နတ်ဘုရားစမ်းသပ်ချက်ကို အောင်မြင်ခဲ့ရင် ကိုယ်တိုင် ရှာဖွေဖို့ အခွင့်အရေး ရလာလိမ့်မယ်။”
“ကျွန်တော် ဘယ်တော့ သွားရမှာလဲ။” ရီဖူရှင်းက မေးသည်။
“ဟောကိန်း ရောက်လာပြီး မကြာခင်မှာ အထက်ဘုံကိုးခုလုံးက အဲဒါကို လက်ခံရလိမ့်မယ်။ အဲဒီအချိန်မှာ သူတို့က သူတို့ရဲ့ တပည့်တွေအားလုံးကို လွှတ်လိမ့်မယ်။ ပြီးတော့ နတ်ဘုရားအမွေအနှစ်က အချိန်တစ်ခုထိပဲ ဖွင့်ပေးထားမှာ။ ဒါပေမယ့် ငါတို့ စောစောသွားနိုင်တယ်။ ဟောကိန်း က ထျန်းဟယ်ဘုံကို လာမှာမဟုတ်ဘူး။ အဲဒါကြောင့် ငါတို့က အဲဒီဖိတ်ကြားချက် လက်ခံရတဲ့ အင်အားစုကို ရှာပြီး သူတို့နဲ့အတူ သွားဖို့လိုတယ်။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။
“အထက်ဘုံကိုးခုလုံး ပါဝင်နိုင်တာလား။” ရီဖူရှင်းက မေးသည်။ “ဘယ်သူက ဟောကိန်း ကို လက်ခံဖို့ သွားရမှာလဲ။”
“ပြောရရင် မဟာလမ်းစဥ် ဘုံသုံးထောင်က ဘယ်သူမဆို ပါဝင်လို့ရတယ်။ ဒါပေမယ့် ဟောကိန်း လက်ခံရတဲ့ အင်အားစုတွေကပဲ သူတို့ကို ခေါ်သွားပေးခွင့်ရှိတယ်။ အဲဒါကြောင့် တစ်ယောက်ယောက်က နတ်ဘုရားအမွေအနှစ် နယ်မြေ ကို သွားချင်တယ်ဆိုရင် ဟောကိန်း လက်ခံရတဲ့ အင်အားစုရဲ့ ခွင့်ပြုချက်ကို အရင်ယူရမယ်။ ဟောကိန်း ရတဲ့ လူတွေအတွက်ကတော့ လေဟာနယ်အင်ပါယာနန်းတော်မှာ အစီအစဥ် ရှိပြီးသားပဲ။ လွဲချော်မှုမရှိဘူးဆိုရင်တော့ အထက်ဘုံကိုးခုက အင်အားစုကြီးတွေ ရကြလိမ့်မယ်။” ထျန်းဟယ်မဟာအကြီးအကဲက ဖြေသည်။
“ဒီလိုဆိုရင် ထိုက်ရွှမ်တောင်လည်း ရကြလိမ့်မယ်။” ရီဖူရှင်းက ခပ်တိုးတိုးပြောသည်။ ထိုသို့ဖြစ်လျှင် သူက သူတို့နှင့် သွားနိုင်ပေသည်။ အကယ်၍ မဟုတ်လျှင်လည်း သူသည် ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆင်များနှင့် သွား၍လည်း ရပေသည်။
သူက လိုက်သွားချင်ပါက သူတို့က သူ့ကို ကျိန်းသေ ခွင့်ပြုပေးပေလိမ့်မည်။
“ထိုက်ရွှမ်တောင်မှာ ရန်ဟောင်အဆင့်အောက် လူတွေက ဘယ်လောက် အားကောင်းကြလဲ။” ထျန်းဟယ်မဟာအကြီးအကဲက မေးသည်။
“သူတို့က အဲဒီလောက်ကြီး အားမကောင်းကြဘူး” ရီဖူရှင်းက ပြောသည်။ ထိုက်ရွှမ်တောင်နှင့် ရှီလင်နတ်မြို့တော်မှ တပည့်များ ကြားတွင် ကြီးမားသော ကွာဟချက်တို့ ရှိနေသည်။ ထိုက်ရွှမ်အရှင်၏ တပည့်လေးယောက်သာလျှင် အမှန်တကယ် အားကောင်းသည်ဟု မှတ်ယူနိုင်ပေသည်။ လူငယ်မျိုးဆက်များကတော့ အားမကောင်းကြပေ။ ကျယ်ပြောသည့် အထက်ဘုံကိုးခုမှ လူများနှင့် နှိုင်းယှဥ်သည့်အခါ သူတို့အတွက် အရေးသာခြင်းမရှိနိုင်ဘဲ ယှဥ်တိုက်နိုင်စွမ်းပင် ရှိလိမ့်မည် မဟုတ်ပေ။
နတ်ဘုရားနန်းတော်သို့ သွားသည့် ခရီးစဥ်အတွင်း ထိုက်ရွှမ်တောင်မှ တပည့်များအားလုံး၏ စွမ်းရည်က နိမ့်ကျပေသည်။
ဤတစ်ကြိမ်တွင် အထက်ကောင်းကင်ဘုံမှ ထိပ်သီးအင်အားစုများသာ မဟုတ်ဘဲ အထက်ဘုံကိုးခုလုံးမှ ထိပ်သီးအင်အားစုများ ပါဝင်လာပေမည်။
အမှန်တွင် မဟာလမ်းစဥ် ဘုံသုံးထောင်မှ ထိပ်သီးအင်အားစုများအားလုံး ပါဝင်လာခြင်း ဖြစ်သည်။ သူတို့အားလုံး ထိုနေရာသို့ သွားရောက်ခြင်း ဖြစ်နိုင်ပေသည်။
နတ်ဘုရားအမွေအနှစ်နယ်မြေသည် နှစ်ငါးဆယ် တစ်ကြိမ်ဖွင့်လှစ်သည်။ ထိုသည်မှာ အရှင်ဒွန်ဟောင်က သူတို့အတွက် ပြင်ဆင်ထားခဲ့သည့် လေ့ကျင့်ခြင်း ဖြစ်၏။ ထို့ကြောင့် သိသာစွာပင် ဤပွဲက မည်မျှ ခမ်းနားထင်ရှားသည်ကို သိနိုင်သည်။ ၎င်းသည် အထက်ဘုံကိုးခုကိုသာမက တစ်လောကလုံးကိုပင် လှုပ်ခါစေနိုင်ပေသည်။
ထိုခေါင်းလောင်းသံက အထက်ဘုံကိုးခုလုံးကို ဖြတ်သန်းသွားခြင်းမှ စတင်ခဲ့ပြီ ဖြစ်သည်။
“ဒီလိုဆိုမှတော့ မင်းက မဟာမိတ်တချို့ လိုအပ်တယ်။ ငါ ခဏလောက် စဥ်းစားပြီးရင် မင်းကို တော်ဝင်ဘုံ ခေါ်သွားပေးနိုင်မယ့် အင်အားစုတစ်ခုဆီ ပို့ပေးမယ်။ မင်းက နတ်ဘုရားအမွေအနှစ်ကို အောင်မြင်အောင် ယူခဲ့ပေါ့။” ထျန်းဟယ်မဟာအကြီးအကဲက ပြောသည်။ ရီဖူရှင်းသည် မဟာအကြီးအကဲက နက်နက်နဲနဲ တွေးတောနေသည်ကို မြင်သည့်အခါ မနှောက်ယှက်တော့ပေ။
အမှန်တွင် သူ၏ လက်ရှိအခြေအနေက အထက်ဘုံကိုးခုရှိ တန်ခိုးရှင်များသည်ပင် ယှဥ်နိုင်ရန် ခက်ခဲပြီး သူနှင့် ယှဥ်နိုင်သူက အနည်းအကျဥ်းသာ ရှိပေလိမ့်မည်။
ယခု လီတောက်စီနှင့် ရိထျန်းယွီကဲ့သို့ လူများမှာ သူနှင့် ယှဥ်နိုင်တော့မည် မဟုတ်တော့ပေ။ နတ်ဘုရားနန်းတော်၏ ဟွမ်ကျုံးကဲ့သို့သော လူမျိုးနှင့် သူ့ထက် အားကောင်းသည့် သူများသာလျှင် သူ့ကို စိန်ခေါ်နိုင်စွမ်း ရှိပေလိမ့်မည်။
ဟွမ်ကျုံးသည် အထက်ကောင်းကင်ဘုံ၌ ရန်ဟောင်အဆင့်အောက်တွင် အားအကောင်းဆုံးဟု ပြောနိုင်သော်လည်း အထက်ဘုံကိုးခုတွင် ပို၍ အားကောင်းသော လူများလည်း သေချာပေါက်ရှိပေလိမ့်မည်။
အထက်ဘုံကိုးခုသည် အလွန် ကျယ်ပြန့်ပြီး တော်ဝင်ဘုံက သူတို့၏ ပင်မဖြစ်သည်။ ထိုနေရာ၌ လူစွမ်းကောင်းများစွာ ရှိနေမည်မှာ မလွဲမသွေပင် ဖြစ်သည်။
လေဟာနယ်အင်ပါယာနန်းတော်သည် တော်ဝင်ဘုံ၏ အချက်အချာ ဖြစ်သည်။
ထျန်းဟယ်မဟာအကြီးအကဲသည် သူ့ကို နောက်တဆင့်တက်ဖို့ရာ အချိန်စောင့်ရန် ပြောခဲ့သည်။ သို့ဆိုလျှင် ဗဟိုအင်ပါယာဘုံမှ လူများသည်လည်း ထိုအကြောင်းကို သိရှိနေလိမ့်မလား။ သေချာပေါက်ပင် သူတို့ထဲမှ အချို့သည်လည်း ဤအရေးအတွက် သူတို့၏ အဆင့်ကို ဖိနှိပ်ထားကြပေလိမ့်မည်။
ဤတစ်ကြိမ်တွင် တန်ခိုးရှင်များသည် တိမ်စိုင်တိမ်တိုက်များကဲ့သို့ စုစည်းနေမှာ အသေအချာပင် ဖြစ်သည်။
သူက မည်သည့်စကားမှ မပြောခဲ့ပေ။ သူ့ဆရာသည် သူ့အတွက် ကိစ္စများကို သေချာ တွေးတောနေသည်။ သူက မဟာမိတ်ကို ရှာဖွေနိုင်သည် ဖြစ်ရာ စိတ်ထဲမထားပေ။
“ကျွန်တော်တို့ ဘယ်အချိန်သွားကြမလဲ။” ရီဖူရှင်းက မေးသည်။
“မင်းရဲ့ ကျင့်ကြံမှုက အခြေအနေ ဘယ်လိုရှိလဲ။” ထျန်းဟယ်မဟာအကြီးအကဲက မေးသည်။
“ပြဿနာမရှိပါဘူး။” ရီဖူရှင်းက ပြောလိုက်၏။ ထျန်းဟယ်မဟာအကြီးအကဲက သူ့ကို ကြည့်သည်။ အမှန်တွင် သူသည်လည်း ထိုသို့ ခံစားမိပေသည်။ သူက ခေါင်းညိတ်လိုက်ပြီးနောက် အဝေးတွင် ကျင့်ကြံနေသည့် မိန်းကလေးထံ လှည့်ကြည့်လိုက်၏။
“ဖျင်အန်း” သူက ခေါ်သည်။ “တောင်ပေါ်မှာပဲ ဆက်ပြီး ကျင့်ကြံနေ။ အောက်မဆင်းနဲ့။ ရီဖူရှင်းနဲ့ ငါ ခဏလောက် အပြင် သွားရမယ်။”
ဖျင်အန်းက သူ့ကို ပြန်ကြည့်ကာ ဖြေသည်။ “ဟုတ်ကဲ့”
“သွားကြမယ်။” ထျန်းဟယ်မဟာအကြီးအကဲက ရီဖူရှင်းကို ပြောသည်။ သူက ထျန်းဟယ်ဘုံတွင် ဆက်ကာ နေရန်မလိုတော့သည့်အတွက်ကြောင့် ရီဖူရှင်းကို ဗဟိုအင်ပါယာဘုံသို့ စောစီးစွာ ပို့ဆောင်ပေးလိုက်ပါကလည်း ပြဿနာမရှိပေ။
ရီဖူရှင်းက ခေါင်းညိတ်သည်။ “ကောင်းပါပြီ။”
အစွမ်းထက်သည့် စွမ်းအားများက သူ့ကို လွှမ်းခြုံသွားပြီးနောက် သူတို့နှစ်ယောက်က လေထဲသို့ တက်၍ ထွက်ခွာသွားလေသည်။
ဤကဲ့သို့ ဘုံကို ဖြတ်သန်းသွားလာခြင်းမှာ ရီဖူရှင်းအတွက် ဒုတိယအကြိမ်ပင် ဖြစ်သည်။ ပထမအကြိမ်မှာ အရှင်ထိုက်ရွှမ်က သူ့ကို ထျန်းဟယ်ဘုံသို့ ခေါ်ဆောင်လာခြင်း ဖြစ်သည်။
ဤတစ်ကြိမ်၌ သူက ထျန်းဟယ်ဘုံမှ အထက်ဘုံကိုးခု၏ ဗဟိုအင်ပါယာဘုံသို့ သွားခြင်း ဖြစ်သည်။ အမှန်တကယ်ပင် ထိုသည်မှာ မဟာလမ်းစဥ်ဘုံသုံးထောင်၏ အလယ် တော်ဝင်ဘုံဖြစ်ပေသည်။
…
ဗဟိုအင်ပါယာဘုံသည် မဟာလမ်းစဥ် ဘုံသုံးထောင်၏ အကြီးဆုံးဘုံ ဖြစ်ကာ အစွမ်းထက်အင်အားစု အများအပြားနှင့် အနန္တတန်ခိုးရှင်များ ရှိပေသည်။
ဘုံအတွင်းတွင် တန်ခိုးရှင်များက အပြင်သို့ ထွက်သည့်အခါ အလွန်အကျုး မောက်မာဝံ့ကြွားရဲခြင်း မရှိပေ။ အများစုသည် သာမန်အတိုင်းပင် နေကြသည်။
ထိုအင်အားစုများအကြား ဗဟိုအင်ပါယာဘုံ၌ ထိပ်သီးအဖြစ် ရပ်တည်နိုင်ပါက သူတို့၏ အမည်နာမကပင်လျှင် သာမန်တန်ခိုးရှင်များကို အသက်ရှုရခက်လာစေရန် လုပ်ဆောင်နိုင်စွမ်း ရှိပေသည်။ ထိုနေရာတွင် ရှေးခေတ်အခါပင် သူတို့၏ ကျင့်စဥ် နည်းစနစ်တို့ကို မျိုးဆက်ပေါင်းမျာစွာ လက်ဆင့်ကမ်းလာပြီး အခက်အခဲများကို ဖြတ်ကျော်လာခဲ့သည့် ရှေးဟောင်းကလန်များ ရှိသည်။ သူတို့အားလုံးသည် အစွမ်းထက်ကြပြီး တိုင်းတာ၍ မရအောင်ပင် ဖြစ်၏။
မဟာလမ်းစဥ် ဘုံသုံးထောင်မှ အစွမ်းထက်ဆုံး အင်အားစုများသည် ဤနေရာတွင် စုစည်းလာနေပြီး အားလုံးမှာ အစွမ်းထက်ဆုံး ပုဂ္ဂိုလ်များဖြစ်သည်။
မဟာလမ်းစဥ်ဘုံသုံးထောင်မှ အကြီးမြတ်ဆုံး လူစွမ်းကောင်းများသည် နောက်ဆုံး၌ တစ်နေရာတည်းတွင် စုစည်းရောက်ရှ်လာတော့မည် ဖြစ်၏။
ချန်းကလန်မှ အဖွဲ့သားတစ်ယောက်သည် ခမ်းနားထည်ဝါသည့် နန်းတော်ဆီ လျှောက်သွားခဲ့သည်။ “ဘာကိစ္စလဲ” နန်းတော်အတွင်းမှ အသံတစ်ခု ထွက်ပေါ်လာ၏။
“ထျန်းဟယ်မဟာအကြီးအကဲက ထျန်းဟယ်ဘုံကနေ ထွက်ခွာလာပါတယ်။ သူက တော်ဝင်ဘုံကိုလာတဲ့ လမ်းမှာ ရောက်နေလောက်ပြီ။ ကြည့်ရတာ ခေါင်းလောင်းသံကြောင့် ဖြစ်မယ်ထင်တယ်။” ထိုသူက ဦးညွှတ်၍ ပြောသည်။
“နားလည်ပြီ” နန်းတော်အတွင်းမှ အသံထွက်ပေါ်လာ၏။
“ကျုပ်တို့ ဘာလုပ်သင့်လဲ။” လူတစ်ယောက်က မေးသည်။
“အခု သူက သူ့အမွေကို ဆက်ခံမယ့် လူအပေါ်မှာပဲ အာရုံစိုက်နေတာ။ အချိန်တစ်ခုလောက်ထိ ဘာမှလုပ်စရာမလိုသေးဘူး။” နန်းတော်အတွင်းမှ လူက ပြန်ဖြေသည်။ “ချင်ရွှမ်ကန်းဆီကနေ ဘာမှ ရှာမတွေ့ဘူးလား။”
“မတွေ့သေးဘူး။” ထိုသူက ခေါင်းငုံ့ကာ ပြောသည်။
“သူ့ကို ကုပေးလိုက်။ သူ့ရဲ့ နတ်ဝိညာဥ် ပြန်ကောင်းလာပြီး မှတ်ဉာဏ်တွေ ပြန်ရအောင် လုပ်ပေး။” နန်းတော်အတွင်းမှ အသံက ပြောသည်။ သူတို့သည် ချင်ရွှမ်ကန်းကို လက်ဝယ်ရရှိခဲ့တာကြောင့် ထျန်းဟယ်မဟာအကြီးအကဲ၏ သတင်းက သူတို့ကို မဆွဲဆောင်နိုင်တော့ပေ။ ယခု သူတို့အားလုံးသည် ချင်ရွှမ်ကန်းကို ပြန်ကောင်းလာစေရန်သာ အပြင်းအထန် ကြိုးစားနေကြသည်။ သူက သူ၏ မှတ်ဉာဏ်များကို အနည်းငယ် ပြန်ရလာလျှင်ပင် ကောင်းလိမ့်မည် ဖြစ်၏။
“ဟုတ်ကဲ့ပါ။” ထိုသူက ဦးညွှတ်ကာ ပြန်လှည့်ထွက်သွားသည်။
ထိုသို့ ဖြစ်နေစဥ်တွင် ချန်းကလန်က အလွန် အလုပ်များနေခဲ့သည်။ သူတို့ထဲမှ အများစုသည် နတ်ဘုရားအမွေအနှစ် နယ်မြေအတွက် ပြင်ဆင်နေကြသည်။
ထိုသည်မှာ ချန်းကလန်သာလျှင် မဟုတ်ဘဲ အထက်ဘုံကိုးခုသည်လည်း ဟောကိန်း သတင်းကို ကြားသောကြောင့် သူတို့သည် ထိုအတွက် ပြင်ဆင်နေကြသည်။ အခြားဘုံများသည်ပင် ထိုအချိန်အခါအတွက် ပြင်ဆင်ရန် အလုပ်ရှုပ်နေခဲ့ကြသည်။
ခေါင်းလောင်းသံ မြည်ဟီးလာသည့်အခါ ဘုံကိုးခုတွင် ရုတ်ရုတ်သဲသဲ ဖြစ်လာကြပေသည်။
တော်ဝင်ဘုံအတွင်း မြူနှင်းထူထပ်နေသော နေရာတွင် တိမ်များသို့တိုင် ရောက်ရှိနေသော ခမ်းနားထည်ဝါသည့် စံအိမ်တစ်ခု ရှိနေသည်။
၎င်း၏ အောက်တွင် မြင့်မားဖြောင့်တန်းသည့် တောင်စွယ်တောင်ထိပ်တို့ ရှိ၏။ ယင်းတို့သည် စံအိမ်ကို ထောက်ကူပင့်မပေးထားသကဲ့သို့ ဖြစ်နေသည်။
ထိုစံအိမ်၏ ရှေ့တွင် ကောင်းကင်မှ ကျဆင်းလာသည့် ကောင်းကင်လှေကားလေး ရှိနေပြီး နန်းတော်နှင့် ဆက်သွယ်ပေးထားသည်။ ထိုနေရာမှ သွားလျှင် အလွန် ခမ်းနားကြီးကျယ်သည့် စံအိမ်သို့ ရောက်ရှိမည် ဖြစ်သည်။
ထိုသည်မှာ ဘုံနန်းတော်အတွင်း အလွန် ခမ်းနားကျော်ကြားသော နေရာဖြစ်သည့် ကောင်းကင်မျှော်စင်တောင်ထွတ်များ ဖြစ်သည်။
ထိုအခိုက်တွင် ကောင်းကင်လှေကားရှေ့၌ ပုံရိပ်နှစ်ခု ပေါ်ပေါက်လာသည်။ တစ်ယောက်မှာ ငယ်ရွယ်၍ တစ်ယောက်က အသက်ကြီးပြီ ဖြစ်သည်။ လူအိုကြီးက အလွန် မြင့်မြတ်ဟန်ရှိပြီး လူငယ်လေးက အဖြူရောင်ဆံပင်နှင့် ဖြစ်သည်။ သူတို့နှစ်ယောက်တွင် အစွမ်းထက်သည့် အရှိန်အဝါတို့ ရှိနေသည်။
ထိုသူတို့မှာ ထျန်းဟယ်မဟာအကြီးအကဲနှင့် ရီဖူရှင်းပင် ဖြစ်တော့၏။
***