အခန်း (၁၄)
Vol. 2 Ch. 14
ကုန်းယွမ်မှာ မူလ၀တ္ထုထဲတွင် စီမံကိန်းများလုပ်ငန်းများကိုကျွမ်းကျင်စွာ လုပ်ဆောင်နိုင်ခဲ့သည်။ အထင်ကြီးစရာကောင်းသည်က မူလပိုင်ရှင်သည် မုချောင်ယွင် ပြန်လာသည်ကို အမြဲတမ်း လိုချင်ခဲ့ပြီး သူနဲ့ပတ်သက်သည်များအား အဆက်မပြတ် စုံစမ်းခဲ့သည်။သူက ဘီလီယမ်ရာချီတန်စီမံကိန်းတစ်ခုအား အကျိုးတူပူးပေါင်းခဲ့ပြီး နောက်ပိုင်းတွင် မုချောင်ယွင်မှ ထိုစီမံကိန်းအား ရယူခဲ့သည်။
ပူးပေါင်းဆောင်ရွက်မှုက သိမ်းယူခြင်းကို ပြောင်းလဲသွားခဲ့၏။
ထိုကဲ့သို့ စီးပွားရေးလောက အားပြိုင်မှုများက ပြင်းထန်သထက် ပြင်းထန်လာခဲ့သဖြင့် တော်တော်လေး ကြောက်စရာကောင်းလေသည်။ မုချောင်ယွင် သုံးသည့် စီးပွားရေးဗျူဟာများက ပါးနပ်လွန်း၍လည်းဖြစ်သည်။
ကုန်းယွမ်မှာ စီးပွားရေးဗျူဟာထောက်လှမ်းသည့်နေရာ၌ ခေါင်းဆောင်ဖြစ်ပြီး အောင်မြင်ခဲ့သည့်ပူးပေါင်းဆောင်ရွက်မှုတွေကလည်း သူ၏ အရည်အချင်းကြောင့် ဖြစ်သည်။
ဒါကြောင့် ကုန်းယွမ်၏ အလုပ်လျှောက်စာကို မြင်ရသည့်အခါ ရင်းနီးနေသလို ခံစားရတာဖြစ်သည်။ သူ့ဆီရောက်လာတဲ့ဒီလူက မုချောင်ယွင်ဆီမှ ဖြစ်သည်။
မုချောင်ယွင်၏လူ အလုပ်လာလျှောက်သည်ဆိုကတည်းက သူလျိုလုပ်ခိုင်းဖို့ဖြစ်သည်။ တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို သိရန်မခက်ပေ။ သူမကုမ္ပဏီဖွင့်တာ မကြာသေးသည့်အတွက် မြို့တိုင်းလိုလို စာရင်းသွင်းနိုင်လေသည်။ သူမ မသိသည်က တစ်ဖက်လူက ဘာအတွက်ထိုလူကို ပို့လိုက်သလဲဆိုတာပင်။
မုချောင်ယွမ်ဘာလို့ ကုန်းယွမ်ကို အလုပ်လျှောက်ဖို့ ရွေးလိုက်လဲ မသိပေ။ ဒီလိုအရည်အချင်းမျိုးနဲ့က သွားသည့်ကုမ္ပဏီမှန်သမျှ အောင်မြင်မှာဖြစ်ပြီး ကျရှုံးနိုင်ချေမရှိပေ။
ကျွမ်းကျင်တဲ့ စီးပွားရေးသမားက ဘာလို့ဒီလိုနေရာမှာ အချိန်ဖြုန်းနေဦးမှာလဲ။ သူ့အတွက် ဒီလိုလုပ်ငန်းသေးသေးလေးတစ်ခုကို တိုက်ခိုက်ရန်မလိုပေ။ ၀တ္ထုထဲကလို သူများကုမ္ပဏီများအား လုယူရန် သူ့အတွက်တကယ်မလိုအပ်တာဖြစ်သည်။
မုချောင်ယွင် ဘာလို့ဒီလိုလုပ်မှန်း သူစဉ်းစား၍မရပေ။
သူပဲ မစဉ်းစားနိုင်သည်လား နားလည်မှုလွဲသည်လား မသိပေ။
လျိုယွီ၏ စိတ်လှုပ်ရှားမှုအပြည့်နှင့် အသံ ထွက်ပေါ်လာခဲ့သည်။
" မစ္စရွှီ ဒီတစ်ယောက်ကို ဘယ်လိုသဘောရလဲ။ သူက အကုန်လုံးမှာ ကျွမ်းကျင်တယ် "
ရွှီယန်ယု ခဏစဉ်းစားပြီး ပြောလိုက်သည်။
" တွေ့ဖို့မလိုတော့ဘူး။ ချက်ချင်းအလုပ်ခန့်လိုက်ပြီး သူ့လစာက သုညယွမ်လို့ ပြောလိုက် "
" ??? "
လျိုယွီမှာ အနည်းငယ် စိတ်ပျက်သွားရ၏။ ဒီလိုအဖြေမျိုး သူမျှော်လင့်မထားပေ။ သုညယွမ်တဲ့။ သူကြားလိုက်တာ မှန်တယ်မလား။ မစ္စရွှီ နောက်နေတာတော့ မဟုတ်ဘူးမလား။ ဒါက သူလစာမပေးဘူးလို့ ဆိုလိုတာလား။ နားမလည်တော့ပေ။
လျိုယွီ၏ စိုးရိမ်နေတဲ့ အနေအထားကိုကြည့်ပြီး ရွှီယန်ယု သေချာ ပြောပြလိုက်လေသည်။
" မင်းစိတ်ပူစရာမလိုဘူး။ မင်း လစာမပေးဘူးပြောရင်တောင် သူအလုပ်လာလိမ့်မယ်။ ဘာလို့လဲဆိုတော့ တစ်ယောက်ယောက်က သူ့ကိုလစာပေးထားပြီးပြီမို့လို့။"
ရွှီယန်ယု ဆိုလိုသည်ကို နားလည်သွားသည့်အခါ သူစိတ်အေးသွားရသည်။ ဒါက မစ္စတာမု လွှတ်လိုက်တာဖြစ်နိုင်သည်။
ထိုသတင်းသည် လျိုယွီမှ ကုန်းယွမ်၊ ကုန်းယွမ်မှ လင်အန်းနှင့် မုချောင်ယွမ်ဆီ ရောက်လာပြီးနောက် သူတို့ကြားလိုက်ရသည်နှင့် ဆွံ့အသွားကြသည်။
လင်အန်းကတော့ အတော်လေး မယုံနိုင်ဖြစ်ပြီး ဆွံ့အနေခဲ့သည်။ အကောင်းဆုံး လူတစ်ယောက်ကို ဘာလို့လွှတ်လိုက်တာလဲ။ အဲ့တာကိုရော သူ့ဇနီးက ဘယ်လိုလုပ်သိသွားတာလဲ။
ကြိုသိနေတာမျိုးလားတော့ လင်အန်း မတွေးတတ်ပေ။ကုန်းယွမ်မှာလည်း အလုပ်မရဖူးသည်မှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်၍ အံ့ဩနေရသည်။ဒါက အလုပ်လျှောက်စာ ပေးသည့်အဆင့်တွင်ပင် အငြင်းခံရသည်ဖြစ်၍ တော်တော်လေးတော့ ရှက်စရာကောင်းပေသည်။
အဆုံးမှာတော့ ကုန်းယွမ်ဟာ သုညယွမ်ဆိုတဲ့ပမာဏနှင့်ပင် အလုပ်၀င်ခဲ့ရသည်။
သတင်းပြန်ကြားပြီးနောက် ရွှီယန်ယုက လက်ဖျားခါလောက်အောင်တော်မှန်း လျိုယွီ သိလိုက်ရလေသည်။သူက ဒီလိုအရည်အချင်းရှိတဲ့ လူတစ်ယောက်ကို လစာမပေးဘဲ အလုပ်ခန့်နိုင်သည်။ လစာမရသည့်လူကလည်း သူ့အသိတရားနှင့်သူ အလုပ်လုပ်ပေလိမ့်မည်။
ကုန်းယွမ် အလုပ်စဆင်းသည်နှင့် လျိုယွီ၏ တာ၀န်များ သူ့ပေါ်ရောက်လာခဲ့သည်။ သုံးရက်မြောက်နေ့မှာပင် god's prophercy အတွက် အစီအစဉ်များ ရှင်းရှင်းလင်းလင်းချနိုင်ပြီး တစ်ခြားသူများ တစ်လအတွင်း မရှင်းနိုင်သည့် အလုပ်များအား အပြီးသတ်နိုင်ခဲ့သည်။
ကုန်းယွမ်၏ အံ့မခန်း အလုပ်စွမ်းရည်ကို မြင်ရသည့်အခါ ရွှီယန်ယု မျက်စောင်းထိုးလိုက်မိသည်။ ဒီလိုလူမျိုးက တကယ်ကြောက်စရာကောင်းတာပဲ။ အလုပ်သရဲလို့ပြောရင်တောင် လွန်မည်မဟုတ်ပေ။
ကံကောင်းသည်က မကောင်းသည့် ရည်ရွယ်ချက်မရှိတာ ဖြစ်သည်။ ဒါပေမဲ့ ဒီလိုတော်လွန်းထက်လွန်းသည့်လူရှိသည်က အန္တရာယ်များလေသည်။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံပေးစရာမလိုတဲ့ ဒီလိုစွမ်းရည်မျိုးက တော်တော်လေး အသုံးပြုရအဆင်ပြေပြီး လစာမြင့်မြင့်ပေးထားသည့် လူများထက်ပင် ပို၍ပျော်ရွှင်စရာကောင်းပေသည်။
ရွှီယန်ယုမှ ကြောက်မက်ဖွယ် မျက်လုံးများနှင့်ကြည့်နေသည်ကို တွေ့သောအခါ ကုန်းယွင်တစ်ယောက် နှလုံးသားထဲမှ ရှုံ့မဲ့သွားခဲ့သည်။ သူ၏စိတ်အခြေနေအား ထုတ်ပြချင်ပေမယ့် အခုက အချိန်ကောင်းမဟုတ်သေးပေ။
Sevannah လိုမျိုး ဇိမ်ခံအပျော်စီးလှေပေါ်မှ အလုပ်အင်တာဗျူးမျိုးကို တစ်ခါမှမမြင်ဖူးပေ။ ဒီနိုင်ငံမှာ ပထမဆုံးဖြစ်ပြီး အင်တာနက်တစ်ခွင် အထူးအဆန်းဖြစ်ပြီး လူစိတ်၀င်စားမှုများနေလေသည်။
အလုပ်ခန့်သည့်ကိစ္စမှာလည်း အလျှင်အမြန်ပင် ပြီးသွားခဲ့သည်။ ဘာလို့လဲဆိုတော့ ကုန်းယွမ်ရှိနေ၍ ဖြစ်သည်။ ကုန်းယွမ်မှာ လက်ရှိ god's prophercy ၏ CEOဖြစ်ပြီးအလုပ်ခန့်သည့် ကိစ္စအပါအ၀င် ကိစ္စတော်တော်များများ၌ ကျွမ်းကျင်လှပေသည်။ ဒါက စနစ်ကျသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး စီစစ်သည့်နည်းလမ်းကလည်း အကောင်းတကာ့ အကောင်းဆုံးဖြစ်ပြီး အကျိုးရှိလေသည်။
ရွှီယန်ယုသည် ဒီကိစ္စတွေကို ကိုယ်တိုင်လုပ်ရန် မလိုအပ်ပေ။
သူက ရွေးချယ်ထားသည့်၀န်ထမ်းများကိုသာ ကြည့်လိုက်ပြီး နောက်ပိုင်းကိစ္စများအား ဂရုမစိုက်တော့ပေ။
ဘာလို့လဲဆိုတော့ ရွှီယန်ယု၏ ကျွမ်းကျင်မှုက ဒီဇိုင်းရေးဆွဲခြင်းသာ ဖြစ်၍ဖြစ်သည်။ သူ၏ဘယ်ဘက်လက်တွင် လှပသည့်ပုံဆွဲစာအုပ်တစ်အုပ် ကိုင်ထားပြီး အ၀တ်အစားဒီဇိုင်း ဆယ့်ခြောက်ခု ဆွဲထားလေသည်။ပြောရမယ်ဆိုရင် ဒါကအသင့်ချုပ်ပြီးသား ၀တ်စုံဆယ့်ခြောက်စုံဖြစ်ပြီး ထုတ်လုပ်ရေးပိုင်းသို့ ရောက်သွားပြီဖြစ်သည်။
အလုပ်ခန့်အပ်ခြင်း ပြီးသွားသည့်နောက် ရွှီယန်ယုသည် ဖက်ရှင်ရှိုးပွဲတစ်ခု ကျင်းပချင်တာဖြစ်ပြီး ထိုပွဲ၌၀တ်စုံသစ်ပေါင်းများစွာ ပြသမည်ဖြစ်သည်။ အ၀တ်ထည် brand များမှ ထိုသို့ပွဲများကျင်းပသည်မှာ ပုံမှန်ဖြစ်ပြီး နှစ်စဉ် နွေဦး နွေ ဆောင်းဦး ဆောင်း စသဖြင့် အနည်းဆုံးသုံးပွဲတော့ ကျင်းပလေ့ရှိသည်။
သူမ၏ brand ထွက်လာပြီဖြစ်သဖြင့် လုပ်ရမည့်ကိစ္စတော်တော်များများရှိလေသည်။ ဒါက ၀န်ထမ်းသစ်တွေအတွက် စစ်ဆေးမှုတစ်ခုဖြစ်သည်။ အရင်ပုံစံဆိုရင်တော့ စိုးရိမ်စရာရှိပေမယ့် မုချောင်ယွင် ထည့်ပေးထားတဲ့လူက အရည်အချင်းရှိသည့်အတွက် ဒါက ပြသနာမဟုတ်တော့ချေ။
အင်တာဗျူးပြီးသည့်နောက် အယောက်တစ်ရာ အလုပ်ခန့်အပ်ခဲ့ပြီး လူတော်တော်များများ မအောင်မြင်ခဲ့ပေ။
ဒါပေမဲ့ ဒီကိစ္စက ပျော်စရာကောင်းလေသည်။
ဒီလို ခမ်းနားတဲ့ နေရာတစ်ခုမှာလုပ်တဲ့ အင်တာဗျူးမျိုးက မြင်ရခဲ၍ဖြစ်သည်။
[ အင်တာဗျူးအောင်တဲ့သူတွေကို တကယ်ကြီးအားကျနေပါပြီ။ ဒါက စိတ်လှုပ်ရှားစရာကောင်းမှာပဲ။ god's prophercy မှာ အလုပ်လုပ်ချင်လိုက်တာ။ ]
အင်တာဗျုးပြီး၍ မကြာမီ ရွှီယန်ယု ဒီဇိုင်းအသစ်များ တင်ထားမှန်း အင်တာနက်သုံးသူများ တွေ့သွားကြလေသည်။ ဒါက ဆူးနှင်းဆီ မဟုတ်တဲ့ တခြားဒီဇိုင်းဖြစ်သည်။
ဒီ series ရဲ့နာမည်က အတောင်ကျိုးနေတဲ့ နတ်သမီးဟူ၍ ဖြစ်သည်။ ဒီဇိုင်းမှာ နတ်သမီး၏ နောက်ကျောပုံဖြစ်၏။
ဖြုလွလွအတောင်ပံတစ်စုံမှာ ငွေဓားတစ်ချို့၏ ဖြတ်တောက်ခြင်း ခံလိုက်ရလေသည်။ အတောင်ပံမွေးများက ကောင်ကင်ထပ်၌ ပျံ့လွင့်နေပြီး နတ်သမီးလေး၏ မျက်ရည်များမှာလည်း အဆုံးမရှိ လေထဲတွင် လွင့်ပါးနေသည်။
ဒီဇိုင်းပုံစံတစ်ခုလုံးက ဂရုဏာသက်ဖွယ်ဖြစ်ပြီး သနားစရာလည်း ကောင်းလှသည်။ ပေးဆပ်ခြင်းကို ပွေ့ဖက်ထားပေမယ့် နာကျင်နေရဆဲပင်။ ထိုပုံမှာ တုန်လှုပ်စရာကောင်းလှသည်။
ဒီလိုဒီဇိုင်းရဲ့ အယူအဆက တော်တော်လေး ပြည့်၀ပြီး လက်ရာကောင်းတစ်ခုဖြစ်လေသည်။
[ ဘုရားရေ ဒါကနောက်ဒီဇိုင်းတစ်ခုဖြစ်ရမယ်။ ရွှီယန်ယုက အရေးသွက်တာပဲ။ ကိစ္စတော်တော်များများလုပ်ထားတာ သိပ်မကြာသေးတော့ ဒီလိုလက်ရာမျိုးထပ်ထွက်လာမယ်လို့ မတွေးထားဘူး။ သူမက ဒီလိုဉာဏ်ကြီးရှင်အဖြစ် မွေးဖွားလာတာဖြစ်ရမယ်။ သူ့အရည်အချင်းက ဆူးနှင်းဆီတုန်းကထက် တိုးတက်လာတာပဲ။ ]
[ ဒီလိုဒီဇိုင်းနဲ့၀တ်စုံတွေကတော့ တော်တော်လေးလှလောက်မယ်။ ရွှီယန်ယုက ဉာဏ်ကြီးရှင်ပဲ။ ဒီလိုပန်းချီတစ်ချပ်ကို ဘယ်လိုဆွဲရလဲ သူကောင်းကောင်းသိတယ်။ဒါက အချောမသတ်ရသေးတဲ့ လက်ရာတစ်ခုပဲ။ တစ်ခြားတစ်ဖက်ကို မဆွဲရသေးမှန်း သိသာတယ်။ ပန်းချီတစ်ချပ်လုံးဆို ပိုကောင်းမယ်လို့ ခံစားရတယ်။ ]
အင်တာနက်ပေါ်တွင် အကြိတ်အနယ် ဆွေးနွေးနေကြသည်။
ရွှီယန်ယုရဲ့အခု နတ်သမီးတောင်ပံကျိုးပြတ်နေခြင်း လက်ရာမူကြမ်းက အရင်ဆူးနှင်းဆီဒီဇိုင်းလောက် မပြည့်စုံချေ။
အနုပညာစွမ်းကတော့ စူးရှနေဆဲဖြစ်သည်။သူမ၏ အနုပညာဉာဏ်စွမ်းကိုတော့ အင်တာနက်တစ်ခွင်လုံး အသိမှတ်ပြုကြလေသည်။
ရွှီယန်ယုကတော့ ဆရာတစ်ဆူပဲ။ ပြောင်မြောက်တဲ့လက်ရာတစ်ခုကို မထင်မှတ်ဘဲ ဆွဲနိုင်ခဲ့တယ်ဆိုရင်တောင် ဒီလိုဆက်ထိန်းထားနိုင်ဖို့ ခက်လေသည်။ပထမလက်ရာထပ် သာလွန်ဖို့ ပို၍ပင်ခက်လေသည်။ လက်ရာတိုင်း အောင်မြင်သည့် ပညာရှင်မျိုးက ရှား၏။တစ်ချို့ ဖန်တီးမှုလက်ရာများသည် ကြိုးစားပမ်းစားဆိုရင်တောင် တစ်ခါတလေကျ အောင်မြင်မှု မရောက်လိုက်သည်များ ရှိလေသည်။
ရွှီယန်ယုကတော့ သံသရာရှိစရာမလိုအောင် ချွင်းချက်ဖြစ်သည်။ သူမကတော့ အမြဲ လက်ရာမြင့် ဖန်တီးမှု လုပ်နိုင်လေသည်။
အချိန်တွေ ကုန်လွန်လာပြီးနောက် ရှန်ယိနဲ့ စုယင်းတို့၏ မင်္ဂလာပွဲ ရောက်ရင် သုံးရက်သာလိုတော့သည်။ ကျန်းချင်ယွင်၏ သမိုင်းမှာတော့ ဒီသုံးရက်က အလုပ်အရှုပ်ဆုံးဖြစ်မည်။ အမျိုးမျိုးသော မင်္ဂလာပွဲအစီစဉ်တွေက တော်တော်အလုပ်ရှုပ်လေသည်။
ရှန်မိသားစုရဲ့မင်္ဂလာပွဲက ထိပ်တန်းစားဖိုမှူးများတည်ခင်းပေးတဲ့ စားပွဲဖြစ်ရမည်ဖြစ်ပြီး မီချယ်လင်းကြယ်ငါးပွင့်ရစားဖိုမှူးအား အလိုရှိကြောင်း ကျန်းချင်ယွင်မှ ပြောလာသည်။
ပြီးတော့ ထိုမင်္ဂလာစားသောက်ပွဲမှ ဟင်းလျာစာရင်းမှာ အင်တာနက်ပေါ်တွင် ဟိုးလေးတကျော်ကျော်ဖြစ်လာ၏။ အကြောင်းမှာ စားဖိုးမှူး Aduca တည်ခင်းတဲ့ အစားအသောက်မီးနူးများ ဈေးကြီးသောကြောင့် ဖြစ်သည်။
ထိုဟင်းပွဲများအတွက် US ဒေါ်လာ တစ်သိန်း ပေးချေရလေသည်။ သာမန်ချမ်းသာတဲ့သည့်လူဆို ဒီလိုမီးနူးမျိုး မမှာနိုင်ပေ။
ရှန်မိသားစုရဲ့ မင်္ဂလာပွဲက တော်တော်လေးကြွားဝါသည်ဟု ပြော၍ရလေသည်။ ကျော်ကြားဖို့အတွက် အပိုတွေသုံးပြီး မီဒီယာများအား ထိုအရာတွေကို မှတ်တမ်းတင်ခိုင်းဖို့ရန် ဖိတ်ကြားလေသည်။ ခမ်းနားသည်ဆိုသည့်အရာများလည်း ၀ယ်ယူခဲ့သည်။
ကျန်းချင်ယွင်သည် ရွှီယန်ယုအား မကြိုက်သော်လည်း သူ့ကိစ္စတွေကို အချိန်အတော်ကြာစိတ်၀င်စားဖို့ မလိုဘူးဟု ခံစားရလေသည်။ ဒါပေမဲ့ သူမ တစ်ဖက်လူအကြောင်းပြောသည့်အခါ သူမ၏ကျော်ကြားမှု တိုးလာသည်။ ထိုအချက်ကိုတော့ သူ မရှက်ပေ။
ရှန်မိသားစုသတင်းက ဒီရက်ပိုင်း ရေပန်းစားနေပြီး ရွှီယန်ယုနဲ့ပြိုင်ဆိုင်ဖို့ မလိုသေးပေ။ ရွှီယန်ယု၏ လင်ပါသားက မွေးနေ့ပွဲလုပ်မယ်လို့ သိရပြီး သူက ကလေးပဲရှိသေးပေမယ့် အပြင်မှာ ဆက်ဆံရေးကောင်းချင်ယောင်ဆောင်ပြီး တကယ် မကောင်းလောက်ပေ။ ချမ်းသာတဲ့မိသားစုရဲ့အကြီးဆုံးချွေးမဖြစ်လို့ ဒီလိုအခြေနေမျိုးကို သူကောင်းကောင်းကြီးသိလေသည်။ ရွှီယန်ယုသာ သူ့လင်ပါသားကို ကောင်းကောင်းဆက်ဆံရင် သူလည်း ကျန်းဆိုတဲ့စကားလုံးကို ပြောင်းပြန်ရေးလိုက်မည်။
အင်တာနက်အသုံးပြုသူတွေရဲ့ ရှန်မိသားစုရဲ့မင်္ဂလာပွဲနဲ့ ရွှီယန်ယု လင်ပါသားရဲ့မွေးနေ့ပွဲအား ယှဉ်မည့်အချိန်ကို ကျန်းချင်ယွင်စောင့်ကြည့်ဦးမည်။
တစ်ဖက်က ဘာအသံမှ မကြားရသေးပေမယ့်လို့ ပုံမှန်ပွဲလောက်ပဲလုပ်မယ်ဆိုရင်တော့ ဟာသဖြစ်ပေလိမ့်မည်။
[ ငါသိရသလောက်ကတော့ ရှန်မိသားစုရဲ့မင်္ဂလာပွဲကအချက်အပြုတ်ဆရာတစ်ဆူရဲ့ စားပွဲကြီးပဲ။ နိုင်ငံတကာ အချက်အပြုတ် တည်ခင်းတဲ့နယ်ပယ်မှာ ကျော်ကြားတဲ့စားဖိုမှုးက တည်ခင်းတာတဲ့။ ]
[ ငါ့ဘ၀မှာ ဒီလိုတည်ခင်းဧည့်ခံပွဲမျိုး မမြင်ဖူးဘူး ]
[ ရွှီယန်ယုရဲ့လင်ပါသား မုရှောင်လည်း မွေးနေ့ပွဲရှိတယ်တဲ့။ ဒီမွေးနေ့ပွဲကရော ဘယ်လိုဖြစ်မလဲမသိပေမယ့် ရှန်မိသားစုပွဲလိုတော့ မဟုတ်လောက်ဘူး။ ဒါက သာမန်မွေးနေ့ပွဲပဲ ဆိုတော့လေ။ ]
[ သူ့ကိုယ်သူအတွက်တောင် 2.2 ဘီလီယမ်တန်အပျော်စီးလှေ ၀ယ်ခဲ့သေးတာ သေးငယ်တဲ့ပွဲမျိုးတော့ မဖြစ်နိုင်ဘူး။ ]
[ ဒါကတော့ မဖြစ်နိုင်ဘူးထင်တယ်။ သူတို့အတွက် သူတို့ပိုက်ဆံသုံးတယ်ဆိုပေမယ့် လင်ပါသားအတွက်တော့ မဖြစ်နိုင်ဘူးလေ။ ]
မုရှောင်၏ မွေးနေ့က တော်တော်နီးကပ်လာပြီဖြစ်ပြီး လာမည့်သုံးရက်နေရင် ရောက်ပြီဖြစ်သည်။ သူ့မွေးနေ့က ဆယ့်ခြောက်နေ့ဖြစ်ပြီး ရှန်မိသားစု၏ မင်္ဂလာပွဲနေ့က ဆယ့်ငါးရက်နေ့ဖြစ်သည်။ မုရှောင်သည် သူငယ်ချင်းများ အတန်းဖော်များထံမှ မွေးနေ့လက်ဆောင်များ ရရှိပြီး နိုင်ငံခြားမှဖခင်ဖြစ်သူကလည်း လက်ဆောင်လှမ်းပို့လေသည်။ တိုက်ရိုက်လွှင့်မှုမှာတင် ထိုမဖွင့်ရသေးသော လက်ဆောက်ပစ္စည်းများအား သူဖောက်ကြည့်လိုက်သည်။
မုရှောင်ပျော်နေသည်က ဒီတစ်ခေါက်ကျင်းပမည့်မွေးနေ့ပွဲတွင် မုချောင်ယွင် ပြန်လာမည်ဖြစ်သောကြောင့်ပင်။
ပစ္စည်းများ ဖွင့်ကြည့်သည့်အခါ အဖြူရောင်ပစ္စည်းဗူးတစ်ခုက သူ့အား ဆွဲဆောင်နေသည်။
ထိုပစ္စည်းဗူးပေါ်တွင် နတ်သမီးပုံလေးရှိပြီး အတောင်ပံများမှာလည်း အသက်၀င်လှသည်။ အတော်လေး လှပပြီး ကမ္ဘာပေါ်က အဖြူစင်ဆုံး အရှင်းသန့်ဆုံး လှပလွန်းသည့်ခံစားချက် ရလေသည်။
မုရှောင်ဖွင့်ကြည့်လိုက်သည့်အခါ အဖြူရောင်တီရှပ်တစ်ထည်ကိုတွေ့ရပြီး အတော်လေးနူးညံ့လေသည်။ တိမ်တွေကို ထိလိုက်ရသည့် ခံစားချက်မျိုးဖြစ်ပြီး သက်တောင့်သက်သာရှိလှသည်။
ဖွင့်ကြည့်လိုက်၍ အသေးစိတ်မြင်ရသဖြင့် အံ့ဩသွားရသည်။
ဒီဇိုင်းက နောက်ကျောတွင်ဖြစ်ပြီး ခါးနားလောက်တွင် တောင်ပံတစ်စုံရှိပြီး ပုလဲနဲ့စိန်များ စီထားသည်။ ခပ်လှမ်းလှမ်းက ကြည့်မယ်ဆိုရင် တောင်ပံအစစ်ဟုပင် ထင်ရလေသည်။
စိတ်၀င်စားစရာကောင်းသည်က ထိုအတောင်ပံက ထိခိုက်ထားသည့်ပုံစံဖြစ်သည်။ ဘာလို့လဲဆိုတော့ အတောင်ပံအား ငွေဖဲကြိုးနဲ့ဖြတ်တောက်ထားသောကြောင့်ဖြစ်သည်။ အံ့ဩရသည်မှတစ်ပါး မရှိတော့ပေ။
မုရှောင်မှာ ဆွံ့အသွားခဲ့သည်။ သူ တီရှပ်အားအသေးစိတ် ကြည့်သည့်အခါ ဒါက ဒဏ်ရာရနေတဲ့နတ်သမီးလေးဖြစ်လေသည်။ တီရှပ်တစ်ထည်လုံးက စကြာ၀ဠာတစ်ခုလိုဖြစ်ပြီး အတွင်းဘက်တွင်လည်း ဒီဇိုင်းတစ်ခုရှိလေသည်။
အပြင်ဘက်ကိုကြည့်မယ်ဆိုရင် ကြေကွဲဖွယ်နတ်သမီးလေးကိုသာ မြင်ရမည်ဖြစ်ပြီး အတွင်းဘက်က ကြည့်ရင် ပျော်ရွှင်တောက်ပနေသည့် နတ်သမီးလေးက ဒဏ်ရာရနေသောသူကို စိတ်သက်သာရာရအောင် အနမ်းပေးနေသည်အား အံ့အားသင့်စွာ တွေ့လိုက်ရလေသည်။
အဲ့အချိန်မှာ ရုတ်တရက်ကြီး ငိုချင်သွားရသည်။
ဒါက တိုက်ဆိုင်တာမျိုးလားတော့ မသိပေ။ မုရှောင် သူ့ဘ၀အား ပြန်တွေးမိသွားခဲ့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်သူများမှာလည်း အံ့ဩသွားခဲ့သည်။ ဒီအတောင်ကျိုးပြတ်နေသည့် နတ်သမီးလေးမှာ တစ်ခြားတစ်ဖက်ရှိနေသည်တဲ့။ နာကျင်ရတာမဟုတ်ဘဲ ပေးဆပ်ရခြင်းသာဖြစ်သည်။ တကယ့်အံ့ဖွယ်တစ်ခုပင်။