အခန်း (၂၈)
Vol. 3 Ch. 28
[ ရွှီယန်ယု ဖန်တီးထားတဲ့နည်းက အရမ်းအသုံးဝင်တာပဲ။ လစဥ် ဖက်ရှင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေလည်း ထုတ်ထားတယ်။ အဲ့ဒါတွေက ဝယ်သင့်တယ်နော်။ ငါကဖက်ရှင်အမြင်ရှိတဲ့သူ မဟုတ်တာတောင် သူမက တစ်ကယ် ပြောင်းလဲပေးနိုင်တယ်။ တစ်ကယ်နတ်ဘုရားမပဲ။]
[အခုတော့သူက ဖက်ရှင်လောကရဲ့ သြဇာအရှိဆုံးဆုကို ရခဲ့တဲ့သူဆိုတာကို ငါခံစားလိုက်မိပြီ။ အကယ်၍ အလှအပရဲ့ ဘုရင်တစ်ယောက်လို ဒီဇိုင်နာမျိုးက မအောင်မြင်ခဲ့ရင် အဲဲ့ဒါက ရှက်စရာဖြစ်နေတော့မှာပဲ။]
[အခုတော့ လူတွေအများကြီးက ရွှီရဲ့ ဝတ်စုံတွေကိုပဲ ဝတ်နေကြပြီ။ blogger ဆယ်ယောက်မှာ ရှစ်ယောက်လောက်က အဲ့လိုဝတ်စုံတွေကို ဝတ်တာပဲ တွေ့နေရတယ်။ ညီမရွှီက တစ်ကယ်ကို အောင်မြင်နေတာပဲ။]
[အဓိကကတော့ တစ်ကယ်ကြည့်ကောင်းလို့ပဲလေ။ ရွှီယန်ယုက အတိုချုပ်ပဲပြောသွားပေမယ့် သူမပြောတဲ့အတိုင်း တစ်ကယ်လိုက်ဝတ်ရင် မိနစ်ပိုင်းအတွင်းပဲ မင်းက ဖက်ရှင်အမြင်ရှိတဲ့သူ ဖြစ်လာလိမ့်မယ်။ ပြီးတော့ လူအုပ်ကြားထဲမှာ ဖက်ရှင်အကျဆုံး ကောင်လေး ဖြစ်နေလိမ့်မယ်။]
[သူ့ရဲ့ဝတ်စုံတွေအရဆိုရင်တော့ မင်းက တကယ်လှပတဲ့ မိန်းကလေးတစ်ယောက်၊ ခန့်ညားတဲ့ ယောက်ျားတစ်ယောက် မဟုတ်လည်း ဆွဲဆောင်မှုရှိတဲ့သူ ဖြစ်လာလိမ့်မယ်။]
[အာ… အရင်သွားပြီး စမ်းကြည့်။ မင်တို့ပြန်လာတဲ့အချိန်မှ ငါ့ကို ကျေးဇူးတင်နေလိမ့်မယ်။ မဟုတ်ဘူး မင်းတို့ကျေးဇူးတင်ရမှာ ညီမရွှီကိုပဲ။]
[အာ. တစ်ကယ်ကို ဒီ ဟိုက်လိုက် လုပ်ထားတဲ့အသေးစိတ်တွေက လူကို ဆယ်ပေါင်လောက် ကျသွားသလိုပဲ။ အရမ်းစတိုင်ကျပြီး အရမ်းလှတာပဲ။]
ရွှီယန်ယုရဲ့ ဖက်ရှင်နဲ့ပတ်သတ်တဲ့ စာအုပ်တွေကို တစ်ရက်ထဲမှာပဲ မိတ္တူတွေ သုံးသောင်းကျော် ရောင်းခဲ့ရပေသည်။ ထိုရောင်းလိုက်ရသည်မှာ ချက်ချင်း စံချိန်ချိုးသွားပေသည်။ စာအုပ်ရေ သုံးသောင်းလောက်ပဲ တစ်ကမ္ဘာလုံးတွင်ရောင်းချနိုင်သည်မှာ ပုံနှိပ်တိုက်များကလည်း အဲ့လောက် အများကြီး မလုပ်နိုင်သောကြောင့် ဖြစ်သည်။
သို့ရာတွင် တစ်ကမ္ဘာလုံးကလည်း ကြိုတင်မှာယူထားကြသည် ဖြစ်သည်။ ထို့ကြောင့် ချက်ချင်းရောင်းထွက်ခဲ့ပြီး ရောင်းအားအကောင်းဆုံး ပစ္စည်းလည်း ဖြစ်လာသည်။
သို့ရာတွင် ရွှီယန်ယု၏ လစဥ်ထုတ် ဖက်ရှင်စာအုပ်ကို မဝယ်ရသေးသူများမှာ များစွာရှိနေသေးသည်။ နောက်ပိုင်းတွင် God’s Prophecy တရားဝင်ဝက်ဘ်ဆိုက်တွင် လစဥ်ထုတ် ဖက်ရှင်စာအုပ်များကို အီလက်ထရောနစ် ဗားရှင်းဖြင့် ထုတ်ပြန်ခဲ့သည်။ ထိုအရာကို ချက်ချင်း အွန်လိုင်းကနေ ပိုက်ဆံပေးကာ ကြည့်နိုင်သည်။
အွန်လိုင်းတွေ ဒေါင်းလုပ်လုပ်သူဦးရေမှာ ပိုမို အံ့အားသင့်ဖွယ်ပင်။ ရက်ပိုင်းအတွင်းမှာပင် ဒေတာများမှာ ထောင်နဲ့ ရာနဲ့ ချီရှိနေပြီဖြစ်သည်။
ထို့အပြင် ရွှီယန်ယုကိုယ်တိုင် ထုတ်ဝေခဲ့သော လစဥ်ထုတ်ပြန်ခဲ့သည့် ဖက်ရှင်များမှာ သူမ၏ အောင်မြင်မှုကို လူအများကြား ပိုမို ကျယ်ပြန့်ခဲ့သည်သာမက ဖက်ရှင်လောကအတွင်းမှာလည်း လွှမ်းမိုးမှုရှိလာခဲ့သည်။ လူအများကြီးသူမ၏ ဒီဇိုင်းများကို အတုယူလေးစားကြလေလေ သူမ၏အခြေနေမှာ ပိုမိုမြဲလေလေဖြစ်သည်။
ဖက်ရှင်လောက၏ ဦးဆောင်သူဖြစ်လာသည်မှာ ကြားရသလောက် မရိုးရှင်းပေ။ ရွှီယန်ယုမှ စလိုက်သော ဖက်ရှင်ရေစီးကြောင်းမှာ တဖြည်းဖြည်း ကျယ်ပြန့်လာကာ မရပ်တန့်နိုင်ခဲ့ပေ။
ရွှီယန်ယုသည် ထိုနေရာနှင့် လွှမ်းမိုးမှုကို အလွယ်တကူ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုနေရာကို ဖက်ရှင်လောကရှိ ဝါရင့်ဒီဇိုင်နာကြီးများပင် မရောက်ရှိနိုင်သေးကြပေ။
ထို့ပြင် မုချောင်ယွင်သည် တရုတ်ပြည်သို့ပြန်လာကာ ပရဟိတပွဲကို ပါဝင်ရန်ဖြစ်သည်။ ထိုပွဲ၏ ဧည့်သည်အဖြစ် ရွှီယန်ယုလည်း ဖိတ်ကြားခံခဲ့ရသည်။
လွန်ခဲ့သည့်သုံးလတုန်းက ထိုပရဟိတပွဲသည် ပုံမှန်ဆိုလျှင် နာမည်ကြီးများကိုသာ ဖိတ်ကြားခြင်းဖြစ်သည်။ ရွှီယန်ယုနာမည်ဖြင့် ဖိတ်ကြားမည်မဟုတ်ပေ။ မစ္စမုချောင်ယွင်အမည်ဖြင့်သာ ဖိတ်ကြားခံရမည်ဖြစ်သည်။
သုံးလကြာပြီး ယနေ့မှာတော့ မစ္စမုချောင်ယွင် အမည်ဖြင့် မဟုတ်ပဲ သူမ၏ ကိုယ်ပိုင်အမည်ဖြင့်သာ ဖိတ်ကြားခံရခြင်း ဖြစ်သည်။ ထိုအရာမှာ မစ္စရွှီယန်ယုဆိုသည့် နိုင်ငံတကာမှာ ကျော်ကြားနေသော ဒီဇိုင်နာအမည်ဖြစ်ပေသည်။
ထို့ကြောင့် သူဌေးကတော်ဟူသော ဂုဏ်ပုဒ်မှာ သူမ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်ပေသည်။ များစွာသော သူတို့မှာ သူမကို နိုင်ငံတကာက ဒီဇိုင်နာအဖြစ်သာ မြင်ကြသည်။
သို့ရာတွင် မုချောင်ယွင်နှင့် ရွှီယန်ယုတို့မှာ ခင်ပွန်းနှင့်ဇနီး ဖြစ်သော်လည်း ပွဲတက်ဖို့ရန် ခွဲ၍သာ ဖိတ်ကြားခံခဲ့ရသည်။
လေယျာဥ်ပထမတန်းတွင် ထိုင်လျက် လင်အန်းဖမ်းယူမိထားသည့် ဗီဒီရိုကို မုချောင်ယွင်တစ်ယောက် ကွန်ပြူတာပေါ်တွင် ကြည့်နေသည်။ ထို ဗီဒီရိုထဲတွင် ရွှီယန်ယုသည် မြွေးခေါင်းပုံစံ ခရမ်းရောင်မီးခြစ်ကို သူမလက်ထဲတွင် ကိုင်ထားသည်။ သူသည် ထိုဗီဒီရိုကို ငါးခေါက်ထက်မနည်း ကြည့်နေပေသည်။
လင်အန်းက ကြည့်နေရင်း သူ့သူဌေး ဘာတွေးနေလဲကို ရှုပ်ထွေးလာခဲ့သည်။ ထိုအင်တာဗျူးကပဲ ကြည့်ဖို့ အရမ်းကောင်းနေလို့လား။
အချိန်အတန်ကြာပြီးနောက်တွင် မုချောင်ယွင်လည်း ရပ်သည့်ခလုပ်ကို နှိပ်လိုက်ကာ စခရင်ကိုညွှန်ပြ၍ မေးလိုက်သည်။
“ လင်အန်း၊ အဲ့မီးခြစ်ကိုပေးမှာ ငါ့ကိုလို့ မင်းထင်လား မင်းပြောကြည့်”
“…..”
လင်အန်းကခနတာ တိတ်ဆိတ်သွားပြီးနောက် “ မဟုတ်လောက်ဘူး။ တကယ်လို့ သူဌေးကိုသာ ပေးချင်တယ်ဆို မဒမ်က အဲ့နေ့ထဲက ပေးလိုက်မှာပေါ့။ ဘာလို့အဲ့တုန်းကမပေးပဲ အဲ့ပစ္စည်းကို အခြား မြို့ Y ထိယူသွားပြီးတော့မှ အခုပြန်ပြီး တရုတ်ပြည်ကို ပြန်ယူလာတာလေ။”
“ အဲ့လိုဆိုရင်တောင် အရမ်းထူးဆန်းတယ် ထင်တာပဲ။”
မုချောင်ယွင်၏ အသံမှာ တဖြည်းဖြည်း ကြောက်စရာကောင်းလာကာ သူ၏မျက်လုံးများသည်လည်း အခြေနေမဟန်တော့ပေ။
လင်အန်းလည်း တုန်တုန်ယင်ယင်ဖြစ်လာကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူတို့က ဆရာအဆင့် ယှဥ်ပြိုင်နေကြတဲ့သူတွေပဲ။ ဘယ်သူကပိုစိတ်ရှည်ပြီး ဘယ်သူက လက်ဦးမှုရမလဲပဲ ကြည့်ကြတာပေါ့။
ထိုအရာကိုတော့ သူ မပြောခဲ့ချေ။ အကြောင်းမှာ သူတို့လင်မယားကြားက ဆက်ဆံရေးသည် အမြဲလိုပင် လွဲမှားမှုများ ရှိနေခဲ့သည်။ ထိုနေ့က သူတို့လင်မယားနှစ်ယောက် လေလံပွဲကို တူတူတက်ခဲ့သော်လည်း ထိုပွဲတစ်ခုလုံးမှာပင် သူတို့နှစ်ယောက်ကြား ဘာစကားမှမပြောခဲ့ကြပေ။
သူ မပြောမည်မှာ “ မဒမ်ကို အနီးကပ်ကြည့်ထား ပြီးတော့ သူဌေး ပြတ်ပြတ်သားသားနဲ့ ဒေါ်လာတွေ ထောင်နဲ့ ရာနဲ့ ချီတန်တဲ့ အရာတွေကို ဝယ်လာလိမ့်မယ်။”
သူဘာမှ ပြောမှာမဟုတ်ပေ။ အကြောင်းမှာလည်း သူ့မိန်းမမှာ သူ့ကိုစွဲလမ်းလာကာ သူ၏စိတ်ရှည်မှုများ ကုန်ဆုံးလာခဲ့ပြီဖြစ်သည်။
မဒမ်က တစ်ကယ့်ကို ဆရာကြီးပဲ။
.....
ထိုနေ့၌ ရွှီယန်ယုသည် မုချောင်ယွင်နှင့်အတူ လေလံပွဲတက်ဖို့ အကြောင်းဖန်လာခဲ့သည်။ အကယ်၍ ထိုလက်ဆောင်က သူ့အတွက်ဆိုရင် အဲ့နေ့ထဲက ထိုပစ္စည်းကို ထုတ်ရင်ထုတ် မဟုတ်ရင် သူ၏ လက်ထောက်ကို ပေးခိုင်းမည် ဖြစ်သည်။ သို့သော် ထိုလက်ဆောင်ကို မပေးလိုက်သည်မှာ ထူးဆန်းလှသည်။
ယခုဆိုလျှင် ရွှီယန်ယု ဘယ်သူ့ကိုမှ မပေးရသည့် လက်ဆောင်မှာ အခုထိရှိနေသေးသည့် သတင်းများ ထွက်လာကာ အားလုံးလည်း သိသွားကြသည်။ သို့သော် သူလက်ဆောင်ပေးမည့်သူမှာ ဘယ်သူဟုပင် ထုတ်မပြောရသေးပင်။ မစ္စတာမုလည်း အဲ့ဒါကို သတိပြုမိလောက်ပေသည်။ ထို့ပြင် ထိုအရာသည် ပို၍ လူသိများလာကြသည်။
သိချင်စိတ်များ ပြင်းပြလာသဖြင့် ထိုအရာကို မတွေးပဲနေကြဖို့ရန် မဖြစ်နိုင်ပေ။ မစ္စတာမုသည် ထိုကိစ္စအပေါ်ကို အလွန်ပင် အာရုံစိုက်နေသည်ကို လင်အန်းလည်း သတိပြုမိခဲ့သည်။
မုချောင်ယွင်၏ စိတ်မှာ ဧဝရတ်တောင်ထက်ပင် ပို၍တည်ငြိမ်နေကြောင်းကို သိသင့်ပေသည်။ သူသည် ဆယ်ဘီလီယံလောက်တန်သည့် ပရောဂျက်များကိုပင် မျက်စိမကျတော့ပေ။
ထို့ကြောင့် သူ့အာရုံစိုက်မှုကို မစ္စရွှီရခဲ့သည်မှာ မယုံနိုင်စရာပင်ဖြစ်သည်။ ဒီနည်းမှာ အရမ်းတော်လွန်းသည် ဟုသာ ပြောနိုင်တော့သည်။
သူမသည် ဘာတစ်ခုမှ ထုတ်မပြပဲနှင့်တောင် သူမကိုယ်တိုင် သေချာ ပြင်ဆင်လာသည့် အရာတစ်ခုကို ပရိတ်သတ်များက မြင်လိုက်ရရုံဖြင့် သူတို့အတွက် လုံလောက်စေခဲ့သည်။
......
ထိုနေ့ည ပရဟိတ အလှူပွဲကြီးကို အင်တာနက်ပေါ်တွင် တိုက်ရိုက်ထုတ်လွှင့် ပြသထားသည်။ လူတွေရဲ့အာရုံစိုက်မှုကို အများဆုံးရရှိသော ဧည့်သည်များမှာ အောင်မြင်နေသည့် ရွှီယန်ယုနှင့် မုချောင်ယွင်တို့ ဇနီးမောင်နှံ ဖြစ်နေသည်မှာ အသေအချာပင်။
ထိုနေ့တွင် သူတို့နှစ်ယောက် အတူရှိမည် မရှိမည်ကို တိုက်ရိုက်ထုတ်လွှင့်ခန်းရှိ သူများက လောင်းကြေးစားကြေး ပြုလုပ်ရန် အစပျိုးထားကြသည်။
[ ဥက္ကဌမုနဲ့ ညီမရွှီတို့ တူတူလာကြမယ်လို့ မင်းတို့ထင်ကြလား။ အဲ့လိုသာ ပေါ်လာရင်တော့ ဒါက သူတို့တူတူ ပွဲထွက်တာ ပထမဆုံးအကြိမ်ပဲ ဖြစ်လိမ့်မယ်။]
[လက်ထပ်ပြီးနောက်ပိုင်း လူအများရှေ့မှာ ဒီလိုပွဲတွေ သူတို့အတူတက်တာ ဒါပထမဆုံးပဲ။ ဒီအချိန်ရောက်ဖို့ သူတို့အကြာကြီး စောင့်ခဲ့ရမှာပဲ။]
[သူတို့အတူတူပေါ်လာဖို့က ဖြစ်နိုင်မယ်လို့ ငါ မထင်ဘူး။ မြို့ Y က လေယာဥ်တွေ နောက်ကျနေတယ်။ အဲ့တော့ ဆိုလိုတာက မစ္စတာမုတို့ရဲ့လေယာဥ်က ခုထိ မထွက်လာရသေးဘူး ဆိုတာပဲ။]
[ အဲ့ဒါက ရွှီယန်ယု ဥက္ကဌမုလာတာကို စောင့်မလားဆိုတဲ့အပေါ်ပဲ မူတည်တာ။ အဲ့မြွေခေါင်းပုံစံ မီးခြစ်က ဥက္ကဌမုအတွက်လားလို့ ငါသွားမေးချင်လိုက်တာ။ အဲ့အဖြေကို ငါ့ဘဝတစ်လျှောက်မှာ မြင်ရပါ့မလားတောင် မသိဘူး။]
[မြန်မြန်။ ငါတို့လောင်းကြမယ်။ ငါ ၁၀ ဒေါ်လာ လောင်းကြေးထပ်မယ်။ ဒီနေ့သူတို့သာ အတူတူပွဲတက်လာရင် အဲ့လက်ဆောင်က မုချောင်ယွင်အတွက် အဖြစ်နိုင်ဆုံးပဲ။]
[ဟဟဟဟ ငါရယ်ရတာ သေတော့မယ်။ ဥက္ကဌမုက အဲ့လက်ဆောင်ကို မြင်သင့်သွားပြီ။ ဒီည သူရွှီယန်ယုကို အဲ့လက်ဆောင်အကြောင်း မေးပါ့မလား။]
[မစ္စတာမုရေ ဒီကိစ္စကိုမင်း ဘေးရှောင်နေသင့်တယ်နော်။ အဲ့ဒါကို ခေါင်းထဲ ထည့်မနေနဲ့။ အဲ့ဒါ မင်းကို မပေးရင် မင်းအရှက်ရလိမ့်မယ်။]
[ဒါက ဒီညအတွက် ဥက္ကဌမုနဲ့ ရွှီယန်ယုတို့ရဲ့ စိတ်ထဲမှာတွေးဖို့ သူတို့ရဲ့ အကွက်ပဲ ဖြစ်ဦးမယ် ထင်တယ်။ အခုချိန် ဒီနှစ်ယောက်ရဲ့ ဆက်ဆံရေးက ပဟေဠိလိုပဲ။]
ရွှီယန်ယုက တစ်ယောက်ထဲ လာတာ မဟုတ်ပေ။ သူမပွဲထဲကို ပထမဆုံးပေါ်လာလိုက်တာနဲ့ အားလုံးရဲ့ အာရုံစိုက်တာကို ခံလာရတာဖြစ်သည်။ ဒီနေ့မှာတော့ သူမက ဝါဝန်အဖြူ အရှည်လေးကိုဝတ်ကာ သူမကိုယ်ပေါ်တွင်လည်း ရိုးရှင်းလှသည့် ခြုံလွှာလေးကို ခြုံထားခဲ့သည်။
ခြုံလွှာပေါ်တွင် ထူးခြားလှသည့် နတ်သမီးတောင်ပံ ပုံစံလေး ရှိနေခဲ့သည်။ သူမ၏ ဝတ်စုံမှာ ရိုးရိုးရှင်းရှင်းနှင့် ကွန့်ညွန့်ထားသည်များ များများစားစား မရှိသော်လည်း ထိုအရာကပဲ သူမကို အလွန်တင့်တယ်နေစေတော့သည်။
ထို့ပြင် ရွှီယန်ယုလည်ပင်းမှာရှိသည့် ခိုဥအရွယ်လောက်ရှိတဲ့ စိန်လည်ဆွဲကြီးက အလွန်ပင် တင့်တယ်လွန်းလှသည်။ ထိုအရာကို တစ်နေရာရာတွင် မြင်ဖူးသဖွယ် ရှိနေခဲ့သည်။
[သူ့ဆွဲကြိုးက စိန်ကြီးက တစ်ကယ်ကို ခိုဥလောက်ကို ကြီးတာပဲ။ အရောင်ကလည်း ကြည်နေတာ။ အဲ့စိန်ဖြတ်ထားတာကလည်း တကယ်အံ့သြစရာပဲ။ သူမရဲ့ လည်တိုင်လှလှလေးကနေ ငါ့အကြည့်တွေကို မခွာနိုင်တော့ဘူး။]
[ နိုင်ငံ T က တော်ဝင်မင်းသမီးကလည်း အဲ့လိုခိုဥလောက်ရှိတဲ့ ဆွဲကြိုးမျိုး ဆွဲဖူးတာကို သတင်းထဲမှာ ငါဖတ်ဖူးတာ အခုမှသတိရတယ်။ အဲ့ဒါကအနည်းဆုံး ယွမ် သုံး လေးရာ မီလီယံလောက်တော့ တန်ကြေးရှိတယ်။]
[ အာ့၊ မြင်လား။ အဲ့ဟာကို ရွှီယန်ယု ဝတ်ထားတာက စိန်တလုံးထပ် ပိုတယ်။ အခုလေးတင်ပဲ သူ့ဆံပင်ကို လက်နဲ့သပ်တင်လိုက်တယ်။ သူမ လက်ထဲမှာလည်း နောက်ထပ်တစ်ခုရှိနေသေးတယ်]
အင်တာနက် အသုံးပြုသူတွေက တစ်ကယ့် ကိစ္စကြီးကို ရှာဖွေတွေ့ခဲ့ကြသည်။ ရွှီယန်ယု၏ ဆွဲကြိုးနှင့် လက်စွပ်ရှိ စိန်များမှာ ခိုဥအရွယ်များပင် ဖြစ်သည်။ နားကပ်များမှာ ချိန်းကြိုးပါပါးလေးသဖွယ် ပြုလုပ်ထားကာ စိန်ပွင့်များမှာလည်း နဂါးငွေ့တန်းများ ပြန့်ကျဲ့နေသည့်အလားပင် ဖြစ်နေသည်။ ထိုအရာသည် သူ၏ နားရွက်များပေါ်တွင် အထူးပင် လှကာနေတော့သည်။
သူမသည် လူအများရှေ့တွင် ပေါ်ထွက်လာတိုင်း သူမ၏ ပုံစံမှာ အလွန်ကျက်သရေရှိကာ မှင်သက်စေခဲ့သည်။ ထို့အပြင် သူမဝတ်ဆင်လာသော လက်ဝတ်ရတနာကြောင့် လူအများလည်း တအံ့တသြ ဖြစ်ခဲ့ရသည်။
အင်တာနက်သုံးစွဲသူများသည် သူမ၏ အလှအောက်တွင် ညှို့ယူခံပြီးသည့်နောက်တွင် အရပ်ရှည်ရှည် ခန့်ခန့်ညားညားနှင့် ရင့်ကျက်သော အမျိုးသားတစ်ယောက်အား ရွှီယန်ယု၏ အနီးတစ်နေရာကပင် တွေ့မြင်လိုက်ရသည်။ သူတို့နှစ်ယောက်မှာ တစ်ယောက်ပြီးတစ်ယောက် ပွဲထဲသို့ လျှောက်လှမ်းလာကြသည်။
[ အားလုံး တချက်ရပ်ကြည့်လိုက်ကြဦး။ အဲ့ဒါ ဥက္ကဌမုပဲ။ သူတို့နှစ်ယောက် ပွဲကိုတစ်ကယ် တူတူလာကြတယ်။]
[မစ္စတာမုက တကယ်ခန့်လိုက်တာ။ သူတို့လင်မယားနှစ်ယောက် တူတူရှိနေတာ ကောင်းလိုက်တာ။]
မုချောင်ယွင်၏ ဝတ်စုံတစ်ခုလုံးမှာ အမဲချည်းပင် ဖြစ်သည်။ သူ့ရဲ့ အသုံးအဆောင်တွေနဲ့လည်း လိုက်ဖက်လှသည်။ သူ၏ပုံစံမှာ အရပ်ရှည်ရှည် ပိန်ပိန်နှင့် အရပ်မှာ ၁၈၉ စင်တီမီတာလောက်ရှိကာ သူ၏ ခန္ဓာကိုယ် အချိုးအစားမှာ အတော်လေးပြည့်စုံလွန်းလှသည်။
သူတို့သည် အလွန်ပင် သြဇာညောင်းလွန်းလှသည်။ သူတို့မှာ လေပေါ်တွင်ဝဲနေသော လင်းယုန်၏ မျက်လုံးများကဲ့သို့ အနည်းငယ် ကြောက်ဖို့ကောင်းဟန် ရှိသည်။ ထိုပွဲတွင် ရှိနေသောသူများသည် သူတို့၏ မျက်လုံးများကို တိုက်ရိုက် မကြည့်ဝံ့ကြပေ။ ကင်မရာမှာ မုချောင်ယွင်၏ ဘေးကပင် ရိုက်ယူနေသည်။ ကင်မရာမှ သူ၏ စွဲမက်ဖွယ်ရာ အသားအရည်ကို ဖမ်းယူရိုက်ကူးမိခဲ့သည်။ ထိုပုံများမှာ လူတွေကို တခနအတွင်း အသက်ရှူ မြန်လာစေခဲ့သည်။
[ အာ၊ အသားအရည်က ကောင်းလိုက်တာ။ မစ္စတာမုက တကယ်ကို ခန့်ညားလွန်းတဲ့သူပဲ။ ဒါပေမယ့် သူက အရမ်းသြဇာညောင်းလွန်းတယ်။ အဲ့လိုဖြစ်နေတာက သူ့ကို လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ ခံစားရတယ်။]
[မစ္စတာမုရဲ့မျက်နှာက ဒဏ္ဍာရီတွေက ခန့်ညားတဲ့ ဗီလန်တစ်ယောက်လိုမျိုး အရမ်းမိုက်တယ်။ စီးပွားရေးနဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားတွေထဲက ဗီလိန်တွေရဲ့ မျက်နှာမျိုးရှိတာပဲ။ သူ့ရဲ့စိတ်ထားလေးကတော့ ကောင်းရှာပါတယ်။ သန်းကြွယ်သူဌေးဆိုတဲ့ ဂုဏ်မျိုးနဲ့လည်း ထိုက်တန်ပါတယ်လေ။ သူ့ရဲ့သြဇာက ဒီဖျော်ဖြေရေး လောကထဲမှာရှိတဲ့ အောင်မြင်တဲ့သူတွေထက်ကို ပိုပြီးပြင်းထန်လွန်းနေတာ။]
[ သူတို့က အထက်တန်းဆန်ပြီး၊ ဂုဏ်ရှိတဲ့အပြင် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုတွေက ဘယ်လိုမှ အတုယူလို့ မရနိုင်တဲ့ တစ်ကယ့်ချမ်းသာတဲ့ အတွဲပဲ။]
မုချောင်ယွင်နှင့်ရွှီယန်ယုတို့သည် စီးပွာရေး လုပ်ငန်းရှင်အချို့နှင့် ခနတာစကားပြောနေခဲ့ကြသည်။ ထို့နောက် ညစာစားပွဲ၏ အရှေ့ဆုံးတန်းတွင် ဝင်ထိုင်လိုက်သည်။ သူတို့သည် ဖန်သားဖြင့် ပြုလုပ်ထားသော စားပွဲခုံကြီး၏ ညာဘက်တွင် တစ်ယောက်ဘေး တစ်ယောက် ထိုင်နေခဲ့ကြသည်။ သို့သော် တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကင်မရာသည် သူတို့နှစ်ယောက်ကိုသာ ပြနေသည်။ သူတို့နှစ်ယောက်၏ မျက်ဝန်းများမှာ တစ်ချိန်လုံး တစ်ခြားအရာတွေအကုန် ကြည့်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက်တော့ မကြည့်ကြပေ။
[ ဟေ့၊ အဲ့ဒါကအမှန်ပဲနော်။ သူတို့က ပွဲကို တူတူလာတက်ကြတာတောင် တစ်ယောက်ကို တစ်ယောက်တောင် မခေါ်မပြောကြဘူး။ သူတို့က တစ်ကယ်ကို သူမတူကြတဲ့ စုံတွဲတွေပဲ။]
[သူတို့နှစ်ယောက် အတွဲတွေလို ပြုမူတာကို ငါ့ဘဝတစ်လျှောက် မြင်တောင်မြင်နိုင်ပါ့မလား။]
[မဖြစ်နိုင်ဘူးလို့တော့ ငါထင်တာပဲ။ သူတို့က အဲ့လို နေကြမှာ မဟုတ်လို့ နောက်ဘဝထိတောင် ငါတို့ မြင်နိုင်မှာ မဟုတ်ဘူး။]
[ ဘုရား၊ ကျွန်တော်တို့ ဆုတောင်းတာလေး နားထောင်ပေးတော်မူပါ။ သူတို့နှစ်ယောက်ကို ကျေးဇူးပြုပြီး တစ်ခါလောက် ပြောဆို ဆက်ဆံခွင့် ပြုလိုက်ပါ။]
အင်တာနက်အသုံးပြုသူတွေက စခရင်ကိုစိုက်ကြည့်ကာ ဝမ်းနည်းနေကြဟန် တူသည်။ ဒါပေမယ့် သူတို့အတွဲကတော့ တစ်မိုးအောက်ထဲတွင် အတူထိုင်နေကြတဲ့ သူစိမ်းတွေလိုပင် ဖြစ်သည်။
ဘာပြောဆို ဆက်ဆံမှုကိုမှ မတွေ့ရပေ။
စင်ပေါ်တွင် ပွဲစီစဥ်သည့်သူသည် ပရဟိတ အလှူပွဲကြီး၏ ပါဝင်သည့် အခမ်းအနားများကို မိတ်ဆက်ပေးရန် စတင်ခဲ့ပြီဖြစ်သည်။ ထိုပွဲမှာ အားနည်းသော အဖွဲ့လေးများအတွက် လှူဒါန်းရန် အထူးရည်ရွယ်ကာ ပြုလုပ်ထားခြင်း ဖြစ်သည်။
“ အလွှာပေါင်းစုံက လူများအားလုံး ဒီလောကထဲက ချို့တဲ့တဲ့ ဒီလိုအဖွဲ့လေးတွေကို မေတ္တာထားပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့လုပ်မယ့် ပထမဆုံး လှူဒါန်းမှုလေးက တောင်ပေါ်မှာရှိတဲ့ ချို့တဲ့ကလေးများအတွက် ကျောင်းဆောက်လုပ်ပေးဖို့ ဖြစ်ပါတယ်။ လေလံစတင်မယ့် အဖွင့်စျေးလေးကတော့ တစ်မီလီယံဖြစ်ပါတယ်။ တိုးလာမယ့် လေလံစျေးကလည်း အဲ့တစ်ဝက်ထက်တော့ မနည်းပါဘူး။ အခုကစလို့ လေလံပဲကြီး စတင်ပြီပဲ ဖြစ်ပါတယ်။”
“နှစ် သန်း”
“သုံး သန်း”
“ခုနစ် သန်း”
ပရတ်သတ်များက ထိုလေလံဆွဲလိုက်တဲ့သူကို ရုတ်ရုတ်သဲသဲ ကြည့်လိုက်ကြကာ ထိုလေလံဆွဲလိုက်သူမှာ အလွန်စွဲ မက်ဖွယ်ကောင်းလှပြီး အင်မတန်ချမ်းသာလှတဲ့ မုစီးပွားရေး လုပ်ငန်းစု၏ အကြီးအကဲဖြစ်သူ မုချောင်ယွင်ပဲ ဖြစ်ပါတယ်။
“ ခုနစ်သန်းတစ်ခါ၊ ခုနစ်သန်းနှစ်ခါ၊ ခုနစ်သန်းအတွက် သဘောတူလိုက်ပြီဖြစ်ပါတယ်။ ယခုလို လှူဒါန်းမှုကြီးအတွက် မစ္စတာမုကို ကျေးဇူးတင်လိုက်ရအောင်။”
စီစဥ်တင်ဆက်သူမှာ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။ ထို့နောက် ပရိတ်သတ်တို့ကလည်း သောင်းသောင်းပြပြ လက်ခုပ်သြဘာများ ပေးကြတော့သည်။