← Chapters

အသင်္ချေနတ်ဆိုးသခင်၊ ဂိုဏ်းသန့်စင်ခြင်း

Vol. 13 Ch. 184

အသင်္ချေနတ်ဆိုးသခင်၊ ဂိုဏ်းသန့်စင်ခြင်း

Vol. 13 Ch. 184

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်ကို ပြန်လာတယ်။ ဒီကိစ္စက အဆုံးသတ်တစ်ခုကို ရောက်သွားပြီလို့ သတ်မှတ်နိုင်တယ်။ အသက်မဲ့မိခင်က ချီမင်ရဲ့လက်ထဲမှာ သေဆုံးသွားပြီး အသင်္ချေနတ်ဆိုးဂူက နတ်ဆိုးသခင်ရဲ့အစီအစဉ်က သူ့ကြောင့် ဖော်ထုတ်ခံလိုက်ရတယ်။

ဒါကြောင့် ချီမင်ရဲ့လုပ်ရပ်တွေက အသင်္ချေနတ်ဆိုးဂူရဲ့ နတ်ဆိုးသခင်ကို လုံးဝကို ရန်စလိုက်တာဖြစ်သွားပြီ။

ဒီကိစ္စက အစတည်းက အသင်္ချေနတ်ဆိုးဂူက ချီမင်ကို အရင်တိုက်ခိုက်တာဖြစ်တယ်။ သူက အတင်း အကျပ် တန်ပြန်တိုက်ခိုက်ရုံပဲရှိတယ်။ ဒါကြောင့် အစကတည်းက နှစ်ဖက်က တစ်ဖက်နဲ့တစ်ဖက် ဆန့်ကျင်ဘက်မှာ ရပ်တည်ပြီးသားဖြစ်တယ်။

ချီမင်က သိပ်ပြီး ဖိအားများသလို မခံစားရဘူး။

မြင်ကွင်းက ပြောင်းလဲသွားတယ်။အသင်္ချေနတ်ဆိုးဂူထဲက အသင်္ချေနတ်ဆိုးဂူရဲ့ နတ်ဆိုးသခင်ရဲ့ တံခါးပိတ်ကျင့်ကြံရာနေရာမှာ။

အသင်္ချေနတ်ဆိုးဂူရဲ့အလယ်ဗဟိုမှာ တစ်နှစ်ပတ်လုံးမည်းနက်သိပ်သည်းတဲ့နတ်ဆိုးတိမ်တိုက်တွေနဲ့ ဝန်းရံထားတဲ့ အသင်္ချေနတ်ဆိုးတောင်တစ်လုံး ရှိတယ်။ ဒီအသင်္ချေနတ်ဆိုးတောင်ရဲ့ထိပ်မှာ ခရမ်းနက်ရောင် အိမ်တော်တစ်ခု ရှိတယ်။

အဲ့တာကို အသင်္ချေနတ်ဆိုးအိမ်တော်လို့ ခေါ်တယ်။

အိမ်တော်ထဲက တံခါးပိိတ်ကျင့်ကြံရာနေရာမှာ။

“ ခွေးမသား!”

ဘုန်း!

ဒေါသတကြီး ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာတယ်။

တစ်ခဏချင်းမှာပဲ အသင်္ချေနတ်ဆိုးဂူတစ်ခုလုံး ကပြင်းထန်စွာ တုန်ခါသွားတယ်။ အဆုံးမဲ့နတ်ဆိုးချီတွေ မြင့်တက်လာပြီး အရပ်မျက်နှာတိုင်းကို တုန်ခါသွားတယ်။ ကြီးမားတဲ့ထူးခြားဖြစ်စဉ်အမျိုးမျိုး ပေါ်လာပြီး အသင်္ချေနတ်ဆိုးဂူတစ်ခုလုံးကို သက်ရောက်မှုရှိလာတယ်။

“အဲ့တာက…”

“နတ်ဆိုးသခင်! ဘာဖြစ်တာလဲ။ နတ်ဆိုးအားလုံးရဲ့အရှင်ကို ဘာက ဒေါသထွက်သွားစေတာလဲ။”

“ငါလည်း မသေချာဘူး။”

“ဒါပေမဲ့ ငါက အသက်မဲ့မိခင်ရဲ့အရှိန်အဝါ ခုနက ပေါ်လာတာကို ခံစားမိတယ်၊ ဒါပေမဲ့ အဲ့တာက မြန်မြန်ပဲ ပျောက်သွားတယ်။ အသက်မဲ့မိခင်က နှစ်တစ်ထောင်ကျော် ပျောက်ဆုံးနေတာ။ ဒီတစ်ခါ သူ့အရှိန်အဝါက ရုတ်တရက်ပေါ်လာတယ်။ ဘာဖြစ်သွားလဲ ငါ သိချင်လိုက်တာ။”

“ငါ ခန့်မှန်းရရင် နတ်ဆိုးအားလုံးရဲ့အရှင် ဒီတစ်ခါ ဒေါသထွက်ရတဲ့အကြောင်းရင်းက ဒီကိစ္စနဲ့ ဆက်စပ်နေလောက်တယ်။”

ချက်ချင်းပဲ အသင်္ချေနတ်ဆိုးဂူရဲ့ နတ်ဆိုးတာအိုအရှင်အမျိုးမျိုး ပေါ်လာကြသလို ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတာအိုဆရာအပါအဝင်အသင်္ချေနတ်ဆိုးဂူရဲ့ မဟာအကြီးအကဲတွေပေါ်လာကြတယ်။ သူတို့က အသင်္ချေနတ်ဆိုးတောင် ဘက်ကိုမနေနိုင်ဘဲကြည့်နေကြရင်းဆွေးနွေးနေကြပြီးစဉ်းစားနေကြတယ်။

အသင်္ချေနတ်ဆိုးဂူရဲ့ နတ်ဆိုးသခင်ကို နတ်ဆိုးအားလုံးရဲ့အရှင်လို့လည်း ခေါ်တယ်။

သူက တကယ့်ကို စီနီယာအိုကြီးတစ်ယောက်လို့ ပြောလို့ရတယ်။ သူက နတ်ဆိုးအားလုံးရဲ့အရှင်နေရာမှာ နှစ် (၂၀,၀၀၀) ကနေ (၃၀,၀၀၀) အထိ ထိုင်နေခဲ့ပြီးပြီ။ အတိတ်မှာ သူ့ရဲ့ကြမ်းတမ်းရက်စက်ပြီး နတ်ဆိုးဆန်တဲ့အရှိန်အဝါက အရမ်းကို ကြောက်စရာကောင်းတယ်။ နောက်ပိုင်းမှာ သူက တဖြည်းဖြည်း သူ့ကိုယ်သူ ထိန်းချုပ်လာတယ်။

တကယ်တော့ လွန်ခဲ့တဲ့ နှစ် (၁,၂၀၀) မှာ ဒီနတ်ဆိုးအားလုံးရဲ့အရှင်က အသင်္ချေနတ်ဆိုးတောင်ကနေ ရှားရှားပါးပါးနောက်တစ်ခါ ထွက်ပေါ်လာတယ်။

သူ ဘာကြံစည်နေလဲဆိုတာ ဘယ်သူမှမသိဘူး။

“ချီမင်!!!”

အိမ်တော်ထဲက တံခါးပိတ်ကျင့်ကြံရာအခန်းမှာ။

ဒီနတ်ဆိုးအားလုံးရဲ့အရှင်ရဲ့ခန္ဓာကိုယ်က အနက်ရောင်မြူခိုးလိုမျိုးသက်ရှိတစ်ခုအဖြစ် လုံးဝပြောင်းလဲသွားတယ်။ သူက သူ့ရဲ့ခန္ဓာကိုယ်ကို လုံးဝစွန့်လွှတ်ပြီး တခြားပုံစံတစ်ခုအဖြစ် ပြောင်းလဲသွားတာနဲ့တူတယ်။

သူက နတ်ဆိုးမြူခိုးအဖြစ် ပြောင်းလဲသွားတယ်။

နတ်ဆိုးမြူခိုး တွေလှုပ်ရှားလာတယ်။

မျက်နှာတွေက တစ်ခါတစ်လေ ပေါ်လာတယ်။

“မင်းက ငါ့ရဲ့အစီအစဉ်ကို ကျရှုံး‌အောင်လုပ်ပြီးမင်းက အသက်မဲ့မိခင်ကိုတောင် သတ်ပစ်တယ်၊ ငါ့ရဲ့လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးက ရှင်သန်ခြင်းဆန္ဒကို ဆုံးရှုံးသွားပြီ။ မင်းက ငါ့ရဲ့နှစ်တစ်သောင်းစီမံကိန်းကို ဖျက်ဆီးပစ်တယ်။ ဒီအမုန်းတရားက ဖြေဖျောက်လို့မရဘူး!” နတ်ဆိုးအားလုံးရဲ့အရှင်ရဲ့လေသံက ဒေါသထွက်ပြီး သတ်ဖြတ်လိုစိတ်နဲ့ ပြည့်နှက်နေတယ်။

လွန်ခဲ့တဲ့နှစ်တစ်သောင်းက အသင်္ချေနတ်ဆိုးဂူက လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးရဲ့ နတ်ဆိုးတာအို ဆယ့်သုံးပါးဆိုးပြီး မခွဲခြားရသေးဘူး၊ နတ်ဆိုးတာအိုအရှင်ဆယ့်သုံးပါးဆိုပိုဝေးသွားပြီ။ အဲ့ဒီအစား နတ်ဆိုးတောင်တစ်သောင်းကိုသုံးပြီး ကြီးမြတ်တဲ့နတ်ဆိုးမျိုးနွယ်ဆယ်ခုအဖြစ် ခွဲခြားထားတယ်။

နတ်ဆိုးမျိုးနွယ်ဆယ်ခုရဲ့အထက်မှာ အသင်္ချေနတ်ဆိုးတောင်လိုမျိုး အသင်္ချေနတ်ဆိုးဂူရဲ့ မဟာအကြီးအကဲတွေ ရှိတယ်။

လွန်ခဲ့တဲ့နှစ်တစ်သောင်းက နတ်ဆိုးအားလုံးရဲ့အရှင်က ရှေးဟောင်းကောင်းကင်ဂူတစ်ခုမှာ အပျက်အစီးတစ်ခုကို တွေ့ရှိတယ်။ သူက အပျက်အစီးထဲမှာ နတ်ဆိုးတာအိုကျောက်စိမ်းပြားတစ်ခြမ်းကို တွေ့ပြီး နောက်တစ်ခြမ်းကို အသင်္ချေနတ်ဆိုးဂူရဲ့ရတနာတိုက်ထဲမှာ တွေ့တယ်။

သူတို့ကို ပေါင်းစပ်ပြီးတဲ့နောက်မှာ သူက ပြီးပြည့်စုံတဲ့ နတ်ဆိုးတာအိုကျောက်စိမ်းပြားကို ရသွားတယ်။

နတ်ဆိုးတာအိုကျောက်စိမ်းပြားထဲမှာ အထွတ်အထိပ် နတ်ဆိုးတာအိုကျမ်းတစ်စောင် မှတ်တမ်းတင်ထားတယ်။ အဲ့တာကို အထွတ်အထိပ်တာအို ကောင်းကင်နတ်ဆိုးနည်းစနစ်လို့ ခေါ်တယ်။ အဲ့တာက အံ့ဖွယ်စွမ်းအားတွေနဲ့ နည်းစနစ်တွေကို ပေါင်းစပ်ထားတဲ့ ကျင့်ကြံခြင်းနည်းလမ်းတစ်ခု ဖြစ်တယ်။

အဲ့တာက အရမ်းကို နက်နဲတယ်။

ကျွမ်းကျင်ဖို့ ခက်ခဲတယ်။

နတ်ဆိုးအားလုံးရဲ့အရှင်က ဒီအထွတ်အထိပ်တာအို ကောင်းကင်နတ်ဆိုးပညာရပ်နဲ့ အရမ်းကို ကိုက်ညီတယ်။ သူက သူ့ရဲ့မူလအသင်္ချေနတ်ဆိုးကျမ်းကနေ ဒီကျင့်ကြံခြင်းနည်းလမ်းအသစ်ကို ပြောင်းလဲဖို့ နှစ်တစ်ထောင် သုံးခဲ့တယ်။

ဒါက အစပဲရှိသေးတယ်။

သူက အထွတ်အထိပ်တာအို ကောင်းကင်နတ်ဆိုးပညာရပ်ကို တကယ်ပဲ ကျွမ်းကျင်ချင်ရင် နတ်ဆိုးအားလုံးရဲ့အရှင်က သူ့ရဲ့လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးကို မတူညီတဲ့ ကောင်းကင်နတ်ဆိုးစစ်မှန်ခန္ဓာ(၁၃) ခုအဖြစ် ကျင့်ကြံရမယ်။

ကောင်းကင်နတ်ဆိုးစစ်မှန်ခန္ဓာဆယ့်သုံးခုကို ပြီးပြည့်စုံခြင်းအဆင့်အထိ ကျင့်ကြံပြီးရင် တာအိုနတ်ဆိုးစစ်မှန်ခန္ဓာဆယ့်သုံးခုက နတ်ဆိုးအားလုံးရဲ့အရှင်ရဲ့ ပင်မခန္ဓာကိုယ်နဲ့ ပေါင်းစပ်ပြီး တောင်ပိုင်းဒေသနတ်ဘုရားတောင်ရဲ့ရင်းမြစ်နဲ့ ပေါင်းစပ်သွားမယ်။ သူက အပြီးပြည့်စုံဆုံးအဆင့်ကို တကယ်ပဲ ခြေလှမ်းနိုင်လိမ့်မယ်။

အဲ့ဒီအချိန်ကျရင် သူက ကောင်းကင်အတိဒုက္ခကို ကျော်လွှားနိုင်ပြီး သူ့ခန္ဓာကိုယ်ကို စစ်မှန်တဲ့ အင်မော်တယ်နတ်ဆိုးအဖြစ် ပြောင်းလဲနိုင်မယ်။ နောက်ဆုံးမှာ သူက အထက်ကမ္ဘာကို တက်လှမ်းနိုင်လိမ့်မယ်။

စိတ်ခံစားချက်ခုနစ်မျိုးက ပျော်ရွှင်ခြင်း၊ ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်း၊ ကြောက်ရွံ့ခြင်း၊ ချစ်ခြင်း၊ ဆိုးယုတ်ခြင်းနဲ့ တပ်မက်ခြင်းတို့ဖြစ်တယ်။

လိုအင်ဆန္ဒခြောက်မျိုးက ရှင်သန်ခြင်း၊ သေဆုံးခြင်း၊ အကြား၊ အမြင်၊ အရသာနဲ့ အနံ့တို့ဖြစ်တယ်။

လွန်ခဲ့တဲ့နှစ်တစ်သောင်းက နတ်ဆိုးအားလုံးရဲ့အရှင်က သူ့ရဲ့လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးကို ခွဲခြားပြီး အထွတ်အထိပ်တာအို ကောင်းကင်နတ်ဆိုးပညာရပ်ကို အကြမ်းဖျင်းအနေနဲ့သုံးပြီး အသင်္ချေနတ်ဆိုးဂူရဲ့တပည့်တွေ ကျင့်ကြံဖို့အတွက် လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးရဲ့ နတ်ဆိုးတာအိုဆယ့်သုံးပါးကို ဖန်တီးခဲ့တယ်။

နှစ်တစ်သောင်း ကြာသွားပြီ။

အခုတော့ နတ်ဆိုးတာအိုဆယ့်သုံးပါးရဲ့ အရှင်အမျိုးမျိုးရဲ့ကျင့်ကြံခြင်းအဆင့်က ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်နေခဲ့ပြီးပြီ။ နတ်ဆိုးအားလုံးရဲ့အရှင်ဖန်တီးတဲ့ လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုး နတ်ဆိုးတာအိုက ပြီးပြည့်စုံလုနီးပါးအဆင့်ထိ ကျင့်ကြံပြီးသွားပြီ။

ဒီလိုနဲ့ အသင်္ချေနတ်ဆိုးသခင်က သူ့ဆီကနေ ခွဲခြားထုတ်တဲ့ လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးက နတ်ဆိုးတာအိုအရှင်၁၃ ယောက်ရဲ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ဝင်ရောက်သွားတယ်။ သူတို့က ပေါင်းစပ်ပြီး အသင်္ချေနတ်ဆိုးသခင်ရဲ့ ကောင်းကင်နတ်ဆိုးစစ်မှန်ခန္ဓာတွေအဖြစ် ပြောင်းလဲသွားတယ်။

ဘယ်အချိန်မဆို နတ်ဆိုးအားလုံးရဲ့အရှင်က သူတို့အားလုံးဝါးမျိုပြီး သူ့ကိုယ်သူ အားဖြည့်နိုင်တယ်။

တောင်ပိုင်းဒေသ နတ်ဘုရားတောင်ရဲ့ရင်းမြစ်ကို ရှာဖွေပြီး စုံစမ်းဖို့အတွက် ရှင်သန်ခြင်းနတ်ဆိုးတာအိုအရှင်၊ အသက်မဲ့မိခင်က အသင်္ချေနတ်ဆိုးသခင်ရဲ့အမိန့်ကိုနာခံပြီး ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းကို နှစ်တစ်ထောင်ကျော်ကြာ စိမ့်ဝင်ခဲ့တယ်။

နောက်ဆုံးမှာတော့ သူမက ချီမင်ကြောင့် ရှာတွေ့ခံရပြီး သူ့လက်ထဲမှာ လုံးဝသေဆုံးသွားတယ်။

အသက်မဲ့မိခင်ရဲ့သေဆုံးမှုနဲ့အတူ နတ်ဆိုးအားလုံးရဲ့အရှင်က သူ့ရဲ့ရှင်သန်ခြင်းဆန္ဒကို ဆုံးရှုံးသွားတယ်။ သူ့ရဲ့လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးက မပြည့်စုံတော့တာကြောင့် သူက အထွတ်အထိပ်တာအို ကောင်းကင်နတ်ဆိုးနည်းစနစ်ကို ကျွမ်းကျင်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ နတ်ဆိုးအားလုံးရဲ့အရှင်ကိုယ်တိုင်တောင် ပြဿနာတွေ ဖြစ်ပေါ်လာလိမ့်မယ်။

ကံကောင်းစွာနဲ့ အသင်္ချေနတ်ဆိုးသခင်က သက်ဆိုင်ရာပြင်ဆင်မှုတွေကို ကြိုတင်လုပ်ထားတယ်။ လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးက နတ်ဆိုးအရှင်ဆယ့်သုံးယောက်ရဲ့ခန္ဓာကိုယ်ထဲကို လုံးဝမပေါင်းစပ်သေးဘူး။ အဲ့ဒီအစား အစအနတစ်ခုက သူ့လက်ထဲမှာ ကျန်နေသေးတယ်။

ဒါကြောင့် အသင်္ချေနတ်ဆိုးသခင် ပြင်ဆင်ထားတာ ကောင်းတဲ့အရာတစ်ခုဖြစ်တယ်။ မဟုတ်ရင် သူက သူ့ရဲ့ရှင်သန်ခြင်းဆန္ဒကို အပြီးတိုင် ဆုံးရှုံးသွားပြီး သူ့ရဲ့လိုအင်ဆန္ဒခြောက်မျိုးနဲ့ စိတ်ခံစားချက်ခုနစ်မျိုးက မပြည့်စုံဖြစ်သွားလိမ့်မယ်။

ဒီလိုနဲ့ နတ်ဆိုးအားလုံးရဲ့အရှင်က အသက်မဲ့မိခင်ရဲ့နေရာကို အစားထိုးဖို့ ရှင်သန်ခြင်းနတ်ဆိုးတာအိုကို ကျင့်ကြံဖို့ တခြားနတ်ဆိုးတာအိုအရှင်တစ်ယောက်ကို မွေးမြူရုံပဲ လိုတော့တယ်။

နတ်ဆိုးတာအိုအရှင်တစ်ယောက်ကို မွေးမြူဖို့က မလွယ်ဘူး။ အဲ့တာက အချိန်အများကြီး လိုအပ်တယ်။

ညဉ့်နက်ချိန်မှာ။

နတ်ဆိုးမြူခိုးတွေ လှုပ်ခါနေတယ်။

အဲ့တာက နတ်ဆိုးအားလုံးရဲ့အရှင်ဖြစ်တယ်။ သူက နတ်ဆိုးမြူခိုးအဖြစ် ပြောင်းလဲသွားပြီး ရှင်သန်ခြင်းနတ်ဆိုးတောင်ကို ဝင်ရောက်သွားတယ်။ တစ်ညကြာပြီးတဲ့နောက်မှာ သူက အသက်မဲ့မိခင်ကို အစားထိုးဖို့ သင့်တော်တဲ့လူတစ်ယောက်ကို တွေ့သွားတယ်။

အဲ့တာက ရှင်သန်ခြင်းနတ်ဆိုးတာအိုရဲ့ သာမန်အမွေခံတပည့်တစ်ယောက်ဖြစ်တယ်။

သူ့ကို ဝေ့ဝူရှန်လို့ ခေါ်တယ်။

သူ့ရဲ့လက်ရှိကျင့်ကြံခြင်းအဆင့်က မမြင့်မားဘူး။

သူက အခြေတည်ဝိညာဉ် နှောင်းပိုင်းအဆင့်မှာပဲ ရှိသေးတယ်။

ဒါပေမဲ့ သူက အသက်မဲ့နတ်ဆိုးကျမ်းနဲ့ အရမ်းကို ကိုက်ညီတယ်။

နတ်ဆိုးအားလုံးရဲ့အရှင်က ဝေ့ဝူရှန်ကို ကူညီဖို့ ဝိညာဉ်အဘိုးကြီးအနေနဲ့ ဆောင်ရွက်လိုက်တယ်။

မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက်ကြာသွားတယ်။

ချီမင်က ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ ထိုင်နေတယ်။ လုချင်းယန်ရဲ့အခြေအနေက သိပ်ပြီး အကောင်းဘက်ကို မရောက်ဘူး။ သူမက သူမရဲ့အတိတ်ကမှတ်ဉာဏ်တွေကို ပြန်သတိမရနိုင်ဘူး။ ကံကောင်းစွာနဲ့ လုချင်းယန်က စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်ပြီး သူ့ရဲ့ဆုံးရှုံးသွားတဲ့မှတ်ဉာဏ်တွေကို ယာယီအားဖြင့် ပြန်မရနိုင်ရုံပဲရှိတယ်။ သူမက ဖြည်းဖြည်းချင်း သင်ယူပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ရုံပဲ ရှိတယ်။

ဒါ့အပြင် ချီမင်က လုချင်းယန်က ရှင်သန်ခြင်းနဲ့သေဆုံးခြင်းကို ကြုံတွေ့ပြီးတဲ့နောက်မှာ သူ့ရဲ့ဝိညာဉ်၊ အနှစ်သာရဝိညာဉ်နဲ့ ခန္ဓာကိုယ်က သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းဆိုတဲ့ မဟာအံ့ဖွယ်စွမ်းအားအောက်မှာ ပြန်လည်တည်ဆောက်ခံရတယ်ဆိုတာကိုလည်း တွေ့ရှိတယ်။ သူ့ရဲ့အရည်အချင်းက အများကြီး တိုးတက်လာတယ်။ လုချင်းယန်က အထူးခန္ဓာကိုယ်တစ်ခုလည်း ရရှိသွားတယ်။ အဲ့တာကို ရှင်သန်ခြင်းနဲ့သေဆုံးခြင်း အင်မော်တယ်ခန္ဓာလို့ ခေါ်တယ်။

ချီမင်က အချိန်ရတဲ့အခါ လုချင်းယန်ကို ကျင့်ကြံခြင်း သင်ပေးတယ်။ ဒါ့အပြင် ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ တာအိုပေါင်းစည်းခြင်း နှောင်းပိုင်းအဆင့် လက်အောက်ငယ်သား (၈၀)၊ ရှန်ကွမ်းဝမ် ကောနဲ့ စုချီမန်တို့ ရှိတယ်။ သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က နက်နဲပြီး လုချင်းယန်ကို ကျင့်ကြံခြင်း သင်ပေးဖို့ လုံလောက်တာထက် ပိုတယ်။

ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ သူတို့က ကြီးမားတဲ့ရှင်းလင်းရေးတစ်ခုကို လုပ်ဆောင်နေပြီ။

ချီမင်ရဲ့နာမည်စာရင်းကို ယန်လီဆီကို ပေးပြီးတဲ့နောက်မှာ သူက ဂိုဏ်းရဲ့တပည့်တွေနဲ့ လူတွေရဲ့တစ်ဝက်ကျော်ကို စုစည်းလိုက်တယ်။ စုစုပေါင်း သုံးရက်အတွင်းမှာ သူက နာမည်စာရင်းပေါ်ကလူတိုင်းကို အလျင်အမြန် စုံစမ်းစစ်ဆေးတယ်။

ဒီစာရင်းပေါ်ကနာမည်အများစုက သံသယဖြစ်ဖွယ်ရှိတယ်။

ယန်လီက ပြတ်ပြတ်သားသား တိုက်ခိုက်ပြီး အဖွဲ့အစည်းကြီးအသီးသီးက သူလျှိုတွေကို စတင်ရှင်းလင်းတယ်။ သူက အပေါ်ကနေအောက်၊ အတွင်းကနေအပြင်ထိကို ရှင်းလင်းတယ်။

ဒီအချိန်ကာလအတွင်းမှာ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်ပျက်တယ်။

အဲ့တာက လူတချို့ကို လဝက်လောက်အထိ စိုးရိမ်ပူပန်စေတယ်။

အဲ့ဒီနောက်မှာပဲ အဲ့တာက လုံးဝငြိမ်သက်သွားတယ်။

ဒါက စာရင်းပေါ်ကလူတိုင်း ရှင်းလင်းခံလိုက်ရလို့ဖြစ်တယ်။ပြီးတော့ ဒီကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ရှင်းလင်းရေးက နွေဦးဆောင်းဦးဂိုဏ်း၊ ဗုဒ္ဓတစ်သောင်းဂိုဏ်း၊ နတ်ဆိုးနန်းတော်နဲ့ အသင်္ချေနတ်ဆိုးဂူတို့ကိုလည်း တုန်လှုပ်သွားစေတယ်။

နွေဦးဆောင်းဦးဂိုဏ်းမှာ။

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ တကယ်ပဲ ဘာဖြစ်သွားတာလဲ။ ငါတို့ နွေဦးဆောင်းဦးဂိုဏ်းက အပင်ပန်းခံပြီး စိမ့်ဝင်ထားတဲ့ သူလျှိုတွေအားလုံး တကယ်ပဲ သုတ်သင်ခံလိုက်ရတယ်၊ တစ်ယောက်တောင် အသက်ရှင်မကျန်ခဲ့ဘူး။”

“ဘာဖြစ်သွားတာလဲ”

“ငါကြားတာကတော့ ချီမင်နဲ့ ဆက်စပ်နေတယ်တဲ့။”

“ချီမင်! အဲ့ဒီချီမင်ပဲ!”

“ဒါက…”

ဗုဒ္ဓတစ်သောင်းဂိုဏ်းမှာ။

“အော်မိသောဖော။ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ကြောက်ဖို့ကောင်းတဲ့ပါရမီရှင်တစ်ယောက်ဖြစ်တဲ့ ချီမင်ကို မွေးထုတ်လိုက်ပြီ။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ချိုးဖြတ်မှုကနေ ဖြစ်ပေါ်လာတဲ့ထူးခြားဖြစ်စဉ်က အထက်ကမ္ဘာကို တက်လှမ်းတာထက်တောင် ပိုပြီးတုန်လှုပ်စရာကောင်းတယ်။ မကြာသေးခင်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဂိုဏ်းထဲက သူလျှိုတွေကို ရှင်းလင်းနေတယ်။ ငါတို့ ဗုဒ္ဓတစ်သောင်းဂိုဏ်းကလူတွေ အခြေခံအားဖြင့် ဖယ်ရှားခံလိုက်ရပြီ။”

“ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ကြီးမားတဲ့လှုပ်ရှားမှုတစ်ခု လုပ်နေပြီ။”

“ဒါ့အပြင် ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက ဒီနှစ်တွေအတွင်းမှာ ဗဟို ဒေသကို တပည့်တွေအများကြီး စေလွှတ်ထားတယ်။ သူတို့က အင်မော်တယ်မျိုးနွယ်နဲ့ အရမ်းနီးကပ်နေတယ်။အင်မော်တယ်မျိုးနွယ်ကလည်း မကြာသေးခင်က ဒေသလေးခုကို ဝင်စွက်ဖက်မယ့်အရိပ်အယောင်တွေ ပြသလာတယ်။”

“ဒီလိုဆို ဒုက္ခများ တော့မှာပဲ။”

“ကပ်ဘေးဒုက္ခက စတင်တော့မယ်၊ ပြီးတော့ ဆူညံမှုတွေက စတင်နေပြီ…”

“ကမ္ဘာကြီးက သက်ရှိအားလုံးအတွက် ခက်ခဲတော့မယ်။”

“အောမိသောဖော၊ ကရုဏာထားပါ။”

နတ်ဆိုးနန်းတော်မှာ။

“နောက်ဆုံးအဖြစ်အပျက်ကြောင့် ငါတို့ နတ်ဆိုးနန်းတော်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းမှာ မွေးထားတဲ့ နတ်ဆိုးကျင့်ကြံသူအားလုံး အခြေခံအားဖြင့် ရှင်းလင်းခံလိုက်ရတယ်၊ ဒါပေမဲ့ ရာထူးအဆင့်အတန်းမြင့်တဲ့ အသက်ရှင်ကျန်ရစ်သူတချို့လည်း ရှိနေသေးတယ်။ ဒီတစ်ခါ ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းက တိုက်ခိုက်တဲ့အခါမှာ နတ်ဆိုးကျင့်ကြံသူအားလုံး ဖယ်ရှားခံလိုက်ရတယ်။”

“ဒါ့အပြင် လွန်ခဲ့တဲ့အချိန်တုန်းက ချီမင်ရဲ့အဆင့်ချိုးဖြတ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ လှုပ်ခတ်မှုနဲ့ ဖြစ်စဉ်က ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းတစ်ခုလုံးကို သက်ရောက်မှုရှိတယ်။ ထပ်နေတဲ့ထူခြားဖြစ်စဉ်မြင်ကွင်းတောင် ရှိတယ်။”

“ချီမင်က ယန်လီထက်တောင် ဖြေရှင်းဖို့ ပိုခက်လောက်တယ်။”

တောင်ပိုင်းဒေသရဲ့ ကြီးမားတဲ့အဖွဲ့အစည်းအမျိုးမျိုးက ကောင်းကင်ဘုံဉာဏ်အလင်းဂိုဏ်းရဲ့ ရှင်းလင်းမှုကြောင့် သက်ရောက်မှုရှိသွားတယ်။ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်လိုစိတ်က လျှို့ဝှက်နက်နဲကမ္ဘာတစ်ခုလုံးကို ဖုံးလွှမ်းထားတယ်။ တစ်ယောက် ယောက်က သတိမထားရင် သူတို့ရဲ့ဝိညာဉ်က အမှောင်ဖုံးသွားပြီး သူတို့က မှားယွင်းတဲ့ဆုံးဖြတ်ချက်ချမိပြီး မြင့်တက်လာတဲ့ ကောင်းကင်နဲ့မြေကြီး သတ်ဖြတ်ခြင်းကပ်ဘေးဒုက္ခထဲကို ကျရောက်သွားနိုင်တယ်။ သူတို့က တိုက်ရိုက်သေဆုံးပြီး ကမ္ဘာကြီးရဲ့ရင်ခွင်ထဲကို ပြန်သွားရလိမ့်မယ်။

ဒါက ချီမင်နဲ့ ဘာမှမဆိုင်ဘူး။

သူက ကောင်းကင်လျှို့ဝှက်ချက်အိမ်တော်မှာ ကျင့်ကြံနေတယ်။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နေ့တိုင်း တိုးတက်နေတယ်။ သူက ကမ္ဘာပျက်နေ့ဂိမ်း မြေအောက်စခန်းကို ရှင်းလင်းတဲ့အခါတိုင်း သူက ဝိညာဉ်ကျောက်တုံးတွေနဲ့ သက်ဆိုင်ရာပစ္စည်းတွေ အများကြီး ရရှိလိမ့်မယ်။

ချီမင်က အချိန်ရတဲ့အခါ သူက သန့်စင်ခြင်းသုံးပါးတာအိုကျမ်းကို ရှာဖွေဖို့ အမွေအနှစ်ခန်းမကိုလည်း သွားပေမဲ့ သူ ဘာမှမတွေ့ဘူး။ ချီမင်က သန့်စင်ခြင်းသုံးပါး အခြေတည်ဝိညာဉ်ကို တာအိုပေါင်းစည်းခြင်းအဆင့်ကို ရောက်ပေးနိုင်တဲ့ မဟာတာအိုနည်းလမ်းတစ်ခုကို ရှာချင်နေတယ်။

All Chapters