အခန်း (၅၄)
Vol. 5 Ch. 54
ထိုအဖြစ်အပျက်နှင့် ပတ်သက်တဲ့ သတင်းများကို တွေ့လိုက်ရသောအခါ ရွှီယန်ယုသာမက အင်တာနက် အသုံးပြုသူများကပါ တုန်လှုပ်သွားခဲ့ကြသည်။
ထိုကိစ္စ၏ အကျိုးအကြောင်း အကုန်လုံးကို မဖြေရှင်းရသေးသော်လည်း ဥက္ကဌမုက စိတ်ကူးပေါက်သလို အထက်စီးဆန်ဆန်ပဲ ပြုမူခဲ့သည်။ ထို့အပြင် လူအများ ထင်မြင်နေကြသည့် ကိစ္စများကိုသာ ဖြေရှင်းခဲ့သည်။
တကယ်တော့ သူတို့ရဲ့ အနေအထားနှင့် ဒီလို အကုန်အကျ မခံဘဲနှင့်တောင် ဒီလိုမျိုး ကိစ္စများကို အလွယ်တကူ ဖြေရှင်းလို့ ရသော်လည်း သူက တုန်လှုပ်သွားစေမည့် နည်းလမ်းများကိုသာ အသုံးပြုခဲ့သည်။ ထို့နောက် ဒီကမ္ဘာပေါ်တွင် ထိုလူ လုပ်ဆောင်နိုင်သည့် အရာများကိုသာ တသသ ဖြစ်နေတော့မည်။
ထို့အပြင် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသူမှာ မုချောင်ယွင် မဟုတ်ဘဲ သူ့မိန်းမသာ ဖြစ်သည်။ သို့သော် ထိုအရာတွေကို သူ့တုံ့ပြန်လိုက်သည့် အမြန်နှုန်းမှာ ရွှီယန်ယု ကိုယ်တိုင်ထက်ကို ပိုပြီး ဆတ်ဆတ်ထိမခံ ဖြစ်နေခဲ့သည်။ ထို့အပြင် ဒီကိစ္စကို သူက ရွှီယန်ယုထက်ပိုပြီး ဂရုစိုက်နေဟန် ရှိသည်။ ထိုပုံစံကပဲ သူ့ကို လူအများက ထူးခြားသော ယောက်ျားကောင်း တစ်ယောက်အဖြစ် လေးစားစေခဲ့သည်။
[ ဥက္ကဌမုက ရွှီယန်ယုကို တကယ်ကြီး အဲ့လောက်တောင် ချစ်တာလား။ အင်တာနက်ပေါ်က လူတွေအကုန်လုံးကို ရေငုံနှုတ်ပိတ်ထားတာက ဒီကိစ္စကို အပြန့်မခံနိုင်လို့မလား။]
[ ငွေကုန်ကြေးကျ များလိုက်တာ။ ဒီအရာလေးအတွက်နဲ့ အဲ့လောက်သုံးတာကျ တန်လို့လား။]
[ မစ္စတာမုရဲ့ ရင်ထဲမှာတော့ ဒီပိုက်ဆံနည်းနည်းလေးက ရွှီနဲ့ယှဥ်ရင် ဘာမှ မဟုတ်တော့ဘူးလေ။ သူ့အတွက်က ဒီလို ပစ္စည်း ပိုင်ဆိုင်မှုတွေထက် သူမကပဲ ပိုပြီးအရေးကြီးတယ်။]
[ ဒါပေမယ့်လည်း ရွှီယန်ယုသာ တကယ်ကြီး ကူးချခဲ့တာဆိုရင် သူမက တော်တော်လေး အရှက်ကွဲရတော့မှာမလား။ အင်တာနက် တစ်ခုလုံးပေါ်မှာ သူမပြောတဲ့ စကားတွေကို တားလိုက်တဲ့ လုပ်ရပ်က ပိုပြီး ဝေဖန်ခံရအောင် လုပ်နေသလိုပဲ။]
[ ညီမရွှီကို ကောင်းကောင်းသိတဲ့သူဆိုတာ ဥက္ကဌမုပဲရှိတယ်။ စီးပွားရေး လုပ်ငန်းရှင် တစ်ယောက်အနေနဲ့ကတော့ သူက သူ့ရဲ့ ဂုဏ်သိက္ခာကို တန်ဖိုးထားမှာပဲ။ တကယ့် ပြဿနာအရင်းမြစ်ကို သူ မသိဘူးဆိုရင် ဒီလိုအရာတွေကို အစောတလျင် ဘယ်လုပ်နိုင်ပါ့မလဲ။ ပြီးတော့ မီဒီယာ website တွေက ရှာတွေ့တဲ့ စာရင်းတွေကြောင့်နဲ့တော့ လွယ်လွယ်လေး ဆုံးဖြတ်လို့မရဘူး။ ဒီလို ချက်ချင်း တုံ့ပြန်ဖို့က သူ ရွှီယန်ယုအပေါ်မှာ ရာနှုန်းပြည့် ယုံကြည်ထားမှ ဖြစ်မှာ။]
[ အဲ့စကားကို ကြားလိုက်ရတာ ရင်ထဲကို ထိသွားတာပဲ။ ဒါက သူကိုယ်တိုင် လုပ်နိုင်တာထက် သူမ လုပ်နိုင်တာကို ပိုပြီး ယုံကြည်ထားတဲ့ တကယ့်ယောက်ျားတစ်ယောက်ပဲ။ ဒီလို ခံစားချက်တွေက တကယ်ရော ရှိလို့လား။ ဒါက ပုံပြင်တစ်ပုဒ်ပဲ မဟုတ်ဘူးလား။]
[ မစ္စတာမု ဦးနှောက်ရဲ့ အလုပ်လုပ်တဲ့ပုံက တကယ်ကို မတူတာပဲ။ အခြားသူတွေက ပြဿနာတက်နေရင် သူတို့ရဲ့ ပထမဆုံး လုပ်တဲ့အရာက အဲ့မကောင်းသတင်းတွေကို ဖျက်ဖို့ ဘလော့ကာတွေကို ပိုက်ဆံပေးလိုက်တာပဲ။ ဒီ ဖျော်ဖြေရေးလောကထဲမှာ အချို့ နာမည်ကြီးက လူတွေရဲ့ အမြင်တွေ ခြိမ်းခြောက်မှုတွေကို တိတ်တဆိတ်ပဲ ဖြေရှင်းတာမျိုးကို ငါ တစ်ခါတစ်လေ မြင်ဖူးတယ်။ ဒါပေမယ့် သူကတော့ အခြားသူတွေနဲ့ လုံးဝမတူဘူး။ ကုမ္ပဏီရဲ့ အဓိကဖြစ်တဲ့ ထွက်လာသမျှ သတင်းတွေအကုန်လုံးကို ထိန်းချုပ်ဖို့အတွက်နဲ့ ပိုက်ဆံတွေကို ချက်ချင်းပေးလိုက်တာပဲ။ ဒီနည်းက စိတ်ကူးကြည့်လို့တောင် မရဘူး။ တကယ့်ကို အမြင်ကျယ်တာပဲ။ ပိုက်ဆံက အရာရာကို လုပ်နိုင်တာပဲ။]
[ ဒီလူမှုကွန်ယက်ကြီး တစ်ခုလုံးကိုရလိုက်တာက တော်တော်ကြီး အကျိုးအမြတ်ရှိတယ်။ လူတွေရဲ့ အမြင်တွေကြောင့် နောက်ပိုင်းကျရင် သူတို့ ဘာပြဿနာမှ ကြုံရမှာ မဟုတ်တော့ဘူး။ ဒါက အရမ်းကို ဘယ်လိုလူအတွက်မဆို အကျိုးရှိတာ။ ဒါက သာမန်လူတွေ အတွက်ဆိုရင်တော့ တော်တော်လေးများတဲ့ ပိုက်ဆံတွေကို သုံးလိုက်တယ်ဆိုပေမယ့် သူ့တန်ဖိုးကတော့ ကုန်ကျတာထက်ကို အများကြီးပိုတယ်။ သူတို့က ခြိမ်းခြောက်မှုတွေကို ရင်းနှီးမှုအဖြစ် အသုံးချလိုက်တာပဲ။ သူတို့က ချမ်းသာထိုက်ပါတယ်ကွာ။]
အင်တာနက် အသုံးပြုသူများသည် ယုံကြည်နိုင်ဖွယ် မရှိသည့် ထိုကိစ္စ၏ ဦးတည်ချက်ကို ရှာတွေ့ခဲ့ကြသည်။ သူတို့သည် အခြားသူများ အပါအဝင် လူတွေရဲ့ ဆက်သွယ်မှုတွေ၊ သူတို့ရဲ့ အမြင်တွေနဲ့ ခြိမ်းခြောက်မှုတွေကို တွေ့ရှိခဲ့ရသော်လည်း ဒီလို ကြီးကျယ်လှသည့် နည်းလမ်းမျိုးကိုတော့ မတွေ့ခဲ့ဖူးပါ။ ထိုနည်းလမ်းသည် တကယ့်ကို အမြင်ကျယ်ပြီး တကယ့်ကို အမှန်ကန်ဆုံးသော ချဥ်းကပ်မှုတစ်ခု ဖြစ်သည်။
မည်သို့ပင် ဖြစ်စေကာမူ ထိုကိစ္စနှင့်ပတ်သက်ပြီး လူတော်တော်များများက မကျေမနပ် ဖြစ်နေကြဆဲ ဖြစ်သည်။ ပိုက်ဆံက အရာအားလုံးကို ဖုံးကွယ်မပေးနိုင်ဘဲ ကူးချတာက ကူးချတာပဲဟု တွေးနေခဲ့ကြသည်။ ထို့ပြင် ပိုက်ဆံကိုသုံးပြီး ပြဿနာကို ဖုံးကွယ်တာက ပြဿနာကို ဖြေရှင်းတဲ့နည်း မဟုတ်ပါ။ ထိုအမဲစက်ကြီးကို ဖန်တီးခဲ့ပြီး ဖြစ်ကာ ထိုအရာကို ဖျောက်ဖျက်လို့ မရနိုင်တော့ပါ။ ဒီကိစ္စမှာဆိုလျှင် သူတို့အတွဲသည် ထိုပြဿနာထဲတွင် သူတို့ကိုယ်တိုင် ပါဝင်ခဲ့ကြပြီး ဖြစ်သည်။
[ မင်းပါးစပ်ကို ပိတ်ထားတာကပဲ မင်းဘဝအတွက် အမဲစက်တွေ ဖြစ်အောင် လုပ်နိုင်လိမ့်မယ်။ သူတို့တွေ ဘယ်လိုမှ နှောက်ယှက်လို့မရတဲ့ ပလက်ဖောင်းတစ်ခုဆိုတာက ရှိနေမယ်လို့တော့ ငါထင်တယ်။]
[ ဒါက တော်တော်လေး ရယ်ရတာပဲ။ သူတို့က ဒီကိစ္စကို ဖုံးထားရတာကိုက အပြစ်ရှိတယ် ခံစားနေရတယ်လို့ ငါထင်တယ်။ တကယ်လို့ သူတို့ကသာ အပြစ်ရှိတယ် မခံစားရဘူးဆိုရင်လည်း သူတို့က ပိုစ့်တွေအကုန်လုံးကို ဘာလို့ ဖျက်ပစ်ရတာလဲ။ အစတုန်းကတော့ ငါလည်း အဲ့ဒါကို မယုံဘူး။ ဒါပေမယ့် အခုတော့ ငါအဲ့ဒါကို ယုံတယ်လို့ ခံစားမိတယ်။ ငါ့အထင် သူတို့ ဖုံးကွယ်စရာတွေ ရှိနေသေးတယ် ထင်တယ်။]
[ အရင်ကတော့ ရွှီယန်ယုကို ငါအရမ်း ယုံခဲ့တာ။ ဒါပေမယ့် ဒီတစ်ကြိမ်တော့ တကယ်ကို စိတ်ပျက်သွားပြီ။ သူမက လုံးဝကို အပြစ်ရှိသလို ခံစားနေရပြီး သူမက အခြားသူရဲ့လက်ရာကို ကူးချထားဆိုတာ လက်ခံဖို့ကို ငြင်းသွားတာ။ သူအရင်က ရခဲ့တဲ့ ဆုတွေက လုံးဝကို မတန်ဘူး။ လိပိုင်ကို ဆုပြန်ပေးသင့်တယ်။]
[ ဒီဇိုင်နာအဖွဲ့အစည်းက ဒီဆုကို ပြန်သိမ်းသင့်တယ်လို့ပဲ အကြံပြုတော့မယ်။ သူမက ဒီဆုနဲ့ လုံးဝကို မတန်ဘူး။]
[ ဒီတစ်ခါတော့ ရွှီယန်ယုကို လုံးဝ စိတ်ပျက်သွားပြီ။]
မကြာခင် အွန်လိုင်းပေါ်က ကောမန့်များမှာ ပျောက်သွားတော့မည် ဖြစ်သော်လည်း ဒီကိစ္စနှင့်ပတ်သက်ပြီး ဆဲဆိုနေသည့် မူလကောမန့်များစွာ ရှိနေခဲ့သည်။
ရွှီယန်ယုက ထိုမှတ်ချက်များကို ကြာကြာမထားဘဲ သက်သေကို ချက်ချင်း ချပြခဲ့သည်။ ထိုသက်သေမှာ ဆုပေးပွဲ အခမ်းအနားတွင် သူမနှင့် မုချောင်ယွင်တို့ ဝတ်ဆင်ထားသော DID လနတ်သမီး စီးရီး၏ ဝတ်စုံဖြစ်သည်။ သူဝတ်ဆင်ထားသော ဝတ်စုံမှ ကြယ်သီးနှင့် သူမ၏ ဝတ်စုံမှ အနားသတ်တွင် အလှဆင်ထားသော အရာများမှာ Yuncha Moonlight ပုံစံများ ဖြစ်သည်။
ထို့အပြင် Yuncha Moonlight ရှိ အရိပ်များကို DID လနတ်သမီး စီးရီး၏ အသေးစိတ်ပုံစံတွင် တွေ့မြင်နိုင်သည်။ ထို့ကြောင့် ထိုဒီဇိုင်းသည် DID လနတ်သမီးမှ အစပျိုးခဲ့ခြင်း ဖြစ်ပြီး ရွှီယန်ယုမှ ဒီဇိုင်းဆွဲထားခဲ့ခြင်း ဖြစ်သည်။ DID လနတ်သမီးသည် ထိုအချိန်အတွင်း အစောဆုံးလက်ရာဖြစ်ပြီး ထိုအရာမှာ အငြင်းပွားဖွယ်ရာ အချက်တစ်ခုဖြစ်သည်။
Yuncha Moonlight သည် တကယ်တမ်းတွင် DID မှ စတင် ရေးဆွဲထားသော ပုံစံတစ်ခုဖြစ်ကြောင်းကို ဘာကြောင့် လူတွေ အရင်က သတိမထားမိခဲ့ကြောင်းကို ရွှီယန်ယုက လူမှုကွန်ယက်ပေါ်တွင် ရှင်းပြခဲ့သည်။
တကယ်တမ်းတွင် သူမ၏ ရည်ရွယ်ချက်မှာ အလွန် ရိုးရှင်းသည်။ Yuncha Moonlight သည် DID လနတ်သမီး လက်ရာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။
သူမသည် ကွန်ပြူတာပေါ်တွင် လက်ရာတစ်ခုလုံးနှင့် ပတ်သက်သည့် ဗီဒီယိုတစ်ခုကို ပြုလုပ်ခဲ့ပြီး လက်ရာအများစုကို ဖြတ်ညှပ်ကပ် ပြုလုပ်ခဲ့သည်။ ဘယ်ပုံစံတွေက ကျန်ခဲ့လဲဆိုတာကို သူမ မြင်ချင်နေခဲ့သည်။
များစွာသော အင်တာနက် အသုံးပြုသူများသည် ထိုကိစ္စကို ဝေဖန်ဖို့အတွက် ပြုံနေခဲ့သော်လည်း ထိုဗီဒီယိုကို ကြည့်လိုက်သောအခါ သူတို့က ရုတ်တရက်ဆိုသလို မှင်သက်သွားခဲ့ကြသည်။ ထို့နောက် ဗီဒီယိုထဲရှိ ခေါင်းစဥ်နှင့် ပတ်သက်သည့် ပုံစံမှာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ DID ပေါ်ရှိ လက်ရာများထဲမှ လေးပုံ သုံးပုံကို ဖယ်လိုက်ပြီးနောက် သူတို့သည် အံ့အားသင့်စွာဖြင့် Yuncha Moonlight ကို တွေ့ရှိခဲ့ရပြီး တိတိကျကျ ပြောပြရမည်ဆိုပါက ထိုလက်ရာ အစိတ်အပိုင်းသည် နောက်ထပ် လက်ရာတစ်ခု ဖြစ်နေသည်။
ထိုကဲ့သို့သော လုပ်ဆောင်နိုင်မှုမျိုးသည် အတော်လေး မယုံနိုင်စရာ ကောင်းနေခဲ့သည်။ နောက်ထပ် လက်ရာရဲ့ လေးပုံ သုံးပုံကရော နောက်ထပ် သီးသန့် လက်ရာတွေပဲ ထပ်ဖြစ်လာနိုင်ဦးမလား။ အဲ့လိုသာဆိုရင် အဲ့လက်ရာတွေက မာစတာ အဆင့်ရှိတဲ့ ရေးဆွဲမှုတွေဖြစ်ပြီး ဉာဏ်ကွန့်မြူးမှာအား ကောင်းတဲ့ လက်ရာတစ်ခု ဖြစ်လာလိမ့်မည်။
အကြောင်းမှာ စီးရီး တစ်ခုချင်းစီတိုင်းသည် ပဟေဠိဆန်သည်။ တကယ်လို့ ထိုအရာများကို အတူ ပေါင်းစပ်ကြည့်လိုက်ပါက သင့်လျော်သည့် ပုံစံမျိုး မရှိဘဲနှင့် စီးရီးတစ်ခုစီကို ပြီးပြည့်စုံစွာ ပေါင်းစပ်ဖို့အတွက် ခွင့်ပြုလိုက်ခြင်းက မတူညီဘဲ ပြီးပြည့်စုံသော အလှတရားနှင့် မမျှော်လင့်ထားသည့် အရာများကို ရရှိနိုင်မည် မဟုတ်ပါ။ ထိုဒီဇိုင်း တစ်ခုလုံးက ဖုံးကွယ်ထားသော လျှို့ဝှက်ချက်များဖြင့် ပြည့်နှက်နေပြီး ထိုကဲ့သို့သော ကွန့်မြူးနိုင်သည့် အကြံမျိုးကို ရွှီယန်ယုကသာ ထုတ်နိုင်သည်။
ထိုအကြောင်းအရာကို ရွှီယန်ယုက ထုတ်လွှင့်ပြီးနောက် သူမရဲ့ DID လနတ်သမီးလက်ရာကို ကူးချသည့်အတွက် လိပိုင်ကို တရားဆွဲမည်ဖြစ်ကြောင်းကို ပြောခဲ့သည်။ ထို့အပြင် Yuncha Moonlight သည် DID လနတ်သမီး၏ အစိတ်အပိုင်း တစ်ခုဖြစ်ကာ မြန်နိုင်သမျှ အမြန်ဆုံး နောက်ထပ် စီးရီး သုံးခုကိုလည်း ယခုလို ပုံစံအတိုင်း ထုတ်ပြတော့မည်ကိုလည်း ပြောပြခဲ့သည်။
ထိုအချိန်မှာပဲ အမှန်တရားက ပေါ်ထွက်လာကာ အရင်က ရွှီယန်ယုအပေါ် အပြစ်တင် ဆဲဆိုခဲ့ကြသည့် အချို့သော အင်တာနက် အသုံးပြုသူများသည် လုံးဝ ပြောစရာ စကား မရှိကြတော့ပါ။ တကယ် ကူးယူခဲ့သည်မှာ Beauty ဘရန်းမှ လိပိုင် ဖြစ်သည်ဟု ပေါ်ထွက်လာခဲ့သည်။ သူကပဲ ရွှီယန်ယုကို အရင်ကူးချပြီး သူမကို ဆဲဆိုခံရအောင် ပြုလုပ်ခဲ့သည်။
ထိုအဖြစ်အပျက်မှာ ပြောင်းပြန် ဖြစ်သွားခဲ့ပြီးနောက် အင်တာနက်ပေါ်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်သာမက ကျန်းချင်ယွင်အတွက်လည်း မထင်ထားတာတွေ ဖြစ်သွားခဲ့သည်။ ထိုကိစ္စကို သူမ ကြားသိပြီးနောက်တွင် တုန်လှုပ်သွားခဲ့သည်။ ကူးယူခဲ့သည့်သူက လိပိုင် ဖြစ်လိမ့်မည်ကို သူမ ဘယ်တုန်းကမှ မတွေးထားခဲ့ဖူးပါ။
မင်းတို့သိကြလား။ သူကအခု သူမပိုင်တဲ့ ဘရန်းက ခေါင်းဆောင် ဒီဇိုင်နာလေ။ ဒီလောက်ရှက်ဖို့ကောင်းတဲ့ ကူးချတဲ့ဟာမျိုးကို ဘယ်လိုတောင် လုပ်နိုင်ခဲ့တာလဲ။
ရုတ်တရက် ပြည်တွင်းက တရားဝင် မီဒီယာတွေကလည်း အင်တာနက်ပေါ်မှာ သတင်းတွေ တင်ဆက်နေကြသည်။ အဲ့သတင်းတွေက သူတို့ရဲ့ အဝတ်တွေက ပိတ်စအများစုကိုလည်း နမူနာယူထားကြတယ်တဲ့။ အဲ့ထဲက သုံးမျိုးမှာ ဓာတုဗေဒပစ္စည်းတွေ အများကြီး ပါဝင်နေတယ်တဲ့။ အဲ့ဒါက ကင်ဆာရောဂါနဲ့ ပုံမှန်မဟုတ်တာတွေ ဖြစ်တတ်တယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးပိုင်းတွေကတော့ အကြာကြီး အသုံးပြုခဲ့တဲ့ အကျိုးဆက်အနေနဲ့ တော်တော်ကြီး ပြင်းပြင်းထန်ထန် ခံစားနေကြရပြီ။
ထို့ကြောင့် အင်တာနက်ပေါ်ရှိ လူများသည် သူတို့ရဲ့ အဝတ်အထည်များက လူတွေရဲ့ ပိုက်ဆံတွေကို ခိုးယူပြီး လူသတ်နေကြတယ်လို့ ပြောဆိုနေခဲ့ကြသည်။
ကျန်းချင်ယွင်သည် ထိုသတင်းကို ကြားပြီးနောက်တွင် မူးလဲသွားခဲ့သည်။ ဒီလောက်ကြီးမားသည့် ပြဿနာမျိုး ဖြစ်လာမည်ဟု သူမ မမျှော်လင့်ထားခဲ့ဘဲ ထိုကိစ္စရှိ ဖုံးကွယ်ထားသော အန္တရာယ်များကိုလည်း သူမ မတွေးထားခဲ့ပါ။ ထိုအရာများက သတ်မှတ်ချက်များကို ကျော်လွန်လား မကျော်လွန်ဘူးလား ဆိုတာကိုလည်း သူမ နားမလည်ခဲ့ပါ။ သူမသည် အခြေခံအားဖြင့် စာချုပ် ချုပ်ဆိုရဖို့အတွက် စျေးကွက်ထဲတွင်သာ ငွေများကို ရင်းနှီးခဲ့သည်။ အရည်အသွေးပိုင်းမှာ လက်ခံနိုင်ပြီး အကုန်အကျ သက်သာမည့် ပစ္စည်းများကိုသာ သုံးခဲ့ပြီး သူမသည် သိပ်ပြီး အလေးမထားခဲ့ပါ။
အထည်များကို တောင့်တောင့်တင်းတင်း ရှိဖို့အတွက် ဓာတ်ပြုစေသည့် ကော်များစွာကို အထည်များ အရောင်ဆိုးချိန် ပုံဖော်ချိန်တွင် ထည့်သွင်း အသုံးပြုခဲ့ကြသည်။ သို့သော် ထိုကိစ္စက ပေါက်ကြားသွားမည်ကိုတော့ သူတို့ မတွေးခဲ့ကြပါ။ ထိုကိစ္စသည် ကူးချသည့်ကိစ္စထက် ပိုပြီး အပြစ်ကြီးမားသည်။
အဲ့အချိန်မှာလေ ကမ္ဘာကြီး တစ်ခုလုံးက လည်နေပြီးတော့ သူမ ရင်ထဲမှာ အဆုံးမရှိတဲ့ စိတ်ပျက်မှုတွေကို ခံစားခဲ့ရသည်။ နှစ်ဝက်လောက်ပဲရှိသေးတဲ့ သူမ အစပျိုးထားတဲ့ ဘရန်းက ပျက်စီးတော့မယ်ဆိုတာ ဖြစ်နိုင်ပါ့မလား။
အွန်လိုင်းပေါ်တွင် ကျန်းချင်ယွင်၏ Beauty ဘရန်းသည် ဝေဖန်ခံနေခဲ့ရသည်။ အကြောင်းမှာ ကင်ဆာနှင့် မူမမှန်သည့် ဖြစ်ရပ်များသည် သာမန်လူတို့၏ လုံခြံမှုနှင့် အတော်လေး ဆက်စပ်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ ငွေရဖို့အတွက်နှင့် အသုံးပြုသူများ၏ လုံခြုံရေးကို လျစ်လျူရှုထားခြင်းမှာ တကယ့်ကို အပြစ်ရှိသော အပြုအမူဖြစ်ကာ လုံးဝ ခွင့်လွှတ်လို့ မရနိုင်ပါ။
နောက်တစ်နေ့တွင် သက်ဆိုင်ရာ ဌာနများသည် Beauty ဘရန်းကို သံသယဖြစ်ဖွယ် ရောင်းချမှုများအတွက် သတိပေးစာ ထုတ်ပြန်ခဲ့ပြီး ရောင်းချထားသည့် ပစ္စည်းများကိုလည်း တတ်နိုင်သမျှ အမြန်ဆုံး လိုက်လံ သိမ်းကြဖို့အတွက် သတိပေးခဲ့သည်။ ထိုကိစ္စနှင့် ပတ်သက်ပြီး ထိခိုက်သူ အများကြီး မရှိသေးသော်လည်း တကယ်လို့ Beauty ဘရန်းကို ဝတ်ပါက အမြန်ဆုံး ဆေးစစ်မှုများ ခံယူဖို့အတွက် အင်တာနက်ပေါ်တွက် ကြေညာနေခဲ့သည်။ အဲ့လိုမှ မစစ်ပါက အနာဂတ်တွင် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက နောင်တရဖို့အတွက် အရမ်း နောက်ကျသွားလိမ့်မည် ဖြစ်သည်။
[ ဘုရားရေ၊ ငါက ကျန်းချင်ယွင်ရဲ့ အဝတ်တွေကို ဝတ်ထားတာ။ ဒါက ရိုးရိုးလေးနဲ့ ဖြည်းဖြည်းချင်း ညှင်းသတ်နေတာပဲ။]
[ သူတို့ရဲ့ အဝတ်တွေက အနံ့ပြင်းပြင်းတစ်ခု ရှိနေတယ်။ သူတို့ဘာလို့ အနံ့တွေအများကြီး ထည့်ထားလဲလို့ သိချင်နေတာ။ အဲ့ဒါက တကယ်တော့ ဓာတုပစ္စည်းအနံ့တွေကို ဖုံးသွားအောင်လို့ပဲ။ ဒါက တကယ့်ကို မကောင်းဆိုးဝါးဆန်တာပဲ။]
[ ငါ့မိန်းမက ကိုယ်ဝန်ကြီးနဲ့။ ငါ့ကလေးသာ တစ်ခုခု ဖြစ်သွားလို့ကတော့ သေချာပေါက် ကျန်းချင်ယွင်နဲ့ ရှန်ဖန့်တို့ကို တာဝန်ယူခိုင်းရမယ်။]
ကိုယ်ဝန်အကြောင်း ပြောရရင် သူတို့ ကိုယ်ဝန်သည် စုန့်ရှီကိုလည်း ပြောရမယ်။ သူမကလည်း လက်ထပ်တာက အရင် အချစ်က နောက်မှရဲ့ ဧည့်သည်တစ်ယောက်ပဲ။ ကျန်းချင်ယွင်က သူ့ဘရန်းကို ထုတ်ပြီး သိပ်မကြာခင်မှာပဲ အမျိုးသမီးဝတ်တွေကို အမျိုးသမီးဧည့်သည်အချို့ကို ပေးခဲ့တာ။ အဓိကအကြောင်းက သူ့ရဲ့ကိုယ်ပိုင်ပုံရိပ်ကို ထိန်းသိမ်းဖို့နဲ့ ကြေညာဖို့အတွက်လေ။
ရွှီယန်ယုမှလွဲလို့ အခြားသော အမျိုးသမီး ဧည့်သည်များကို လက်ဆောင်များ ပေးခဲ့ကြသည်။ ထို့ကြောင့် အခုဆိုရင် အားလုံးရဲ့ အာရုံစိုက်မှုများမှာ စုန့်ရှီဆီသို့ ရောက်သွားခဲ့သည်။
စုန့်ရှီ၏ စပ်စုတတ်သော ယောက္ခမသည် Weibo ပေါ်တွင် ကျန်းချင်ယွင်အား ဆဲရေး ပြောဆိုခဲ့သည်။ စုန့်ရှီသည် သုံးနှစ်လောက် ကိုယ်ဝန်မဆောင်နိုင်ခဲ့သည်ကို အားလုံးက သိရှိခဲ့ကြပြီး သူမ၏ ယောက္ခမ ဖြစ်သူမှာ သူမကို ကလေးမွေးဖို့အတွက် အတိုင်းအတာတစ်ခုအထိ ပြောဆိုခဲ့သည်။ ထိုကဲ့သို့ ပြောဆိုမှုများမှာ ဘေးလူများကိုတောင် စိတ်ကျဥ်းကျပ်စေသည်။
နောက်ဆုံး သူမ ကိုယ်ဝန်ဆောင်ချိန်တွင် ကျန်းချင်ယွင်က သူမကို ပေးလိုက်သည့် အဝတ်များတွင် ဓာတုပစ္စည်းများ အလွန်အကျွံ သုံးထားခဲ့သည်။ စုန့်ရှီက ထိုအထည်များကို ရသည့်အခါ တစ်ခါတည်းသာ ဝတ်ဖူးသော်လည်း ပြင်းထန်သော အန္တရာယ်များစွာ ရှိနေခဲ့သည်။ ယခုအခါတွင် သူမသည် စုန့်ရှီ၏ ဗိုက်ထဲရှိ မမွေးသေးသော ကလေးနှင့် ပတ်သက်ပြီး ပြဿနာ တစ်စုံတစ်ခု ဖြစ်လာမည်ကို စိုးရိမ်နေခဲ့ကာ ကျန်းချင်ယွင်သာမက ရှန်မိသားစုကပါ တာဝန်ယူပေးရမည် ဖြစ်သည်။
အခြားသော မိသားစုများကလည်း ရှန်မိသားစုအတွက် စိတ်ပူနေကြသည်။ သို့သော် ကျိမိသားစုက ထိုကိစ္စနှင့် ပတ်သက်ပြီး လုံးဝ စိတ်မဝင်စားခဲ့ပါ။ တကယ်လို့ တစ်ခုခု မှားသွားခဲ့ပါက ဒီတိုင်း လွယ်လင့်တကူ ပြီးသွားလိမ့်မည် မဟုတ်ပါ။
ထိုကဲ့သို့ အဆိပ်သင့်သော အထည်ကို ရရှိခဲ့သော နောက်ထပ် အမျိုးသမီး ဧည့်သည်မှာ ကုရှီဝမ် ဖြစ်သည်။ သူမသည် ထိုကိစ္စနှင့် ပတ်သက်ပြီး အလွန် ဒေါသထွက်နေခဲ့သည်။ ထိုအထည်များကို သူမသည် စုန့်ရှီထက် အခေါက်များစွာ ဝတ်ခဲ့သည်။ ထိုကိစ္စကို သိရှိပြီးနောက် သူမသည် ဆေးစစ်ချက်များကို မြန်မြန် ပြုလုပ်ခဲ့သည်။ ဒီအချိန်မှာတော့ ဘာပြဿနာမှ မရှိသော်လည်း ပိုပြီး စိတ်ချချင်ပါက သူမသည် နောက်ထပ် တစ်နှစ်လောက်အထိ ကိုယ်ဝန်ဆောင်ဖို့ မကြိုးစားသင့်သေးပါ။ အကြောင်းမှာ သူမ၏ မွေးလာမည့်ကလေးသည် မသန်မစွမ်း ဖြစ်လာနိုင်ခြင်းကြောင့် ဖြစ်သည်။
ကျန်းချင်ယွင်သည် လုံးဝကို လမ်းပျောက်နေခဲ့သည်။ ရှန်မိသားစုကတောင် သူမကို မကြိုဆိုတော့ပါ။ ထို့အပြင် ရှန်ဖန်ကိုပါ သူမနှင့် ကွာရှင်းဖို့အတွက် ပြောဆိုလာခဲ့သည်။
အကြောင်းမှာ ကျိမိသားစုနှင့် ရှန့်မိသားစုတို့ကို တစ်ခါတည်း စော်ကားလိုက်ခြင်းကြောင့် ရှန်မိသားစုသည် အတော် ကျပ်တည်းသော အခြေနေသို့ ရောက်ရှိခဲ့သည်။ ထိုအရာက အဝတ်အစား ဘရန်း အသေးစားလေး တစ်ခု၏ ပြဿနာ ဖြစ်သော်လည်း ရှန်မိသားစု၏ စီးပွားရေးသည် မြောင်းထဲသို့ ရောက်ရှိသွားခဲ့ရပြီ ဖြစ်သည်။ ရှန်ဖန့်၏ ဖခင်ဖြစ်သူမှာ အလွန် ဒေါသထွက်သွားပြီး ကျန်းချင်ယွင်နှင့် ကွာရှင်းဖို့ပါ ပြောခဲ့သည်။ တကယ်လို့ သူကသာ မကွာရှင်းဘူးဆိုရင် သူ့အဖေက စီးပွားရေးအတွက် သားအဖ ဆက်ဆံရေးကို ဖြတ်ပစ်လိမ့်မည်။
တစ်ညတည်းနှင့် ကျန်းချင်ယွင်၏ နှင်ချခံလိုက်ရသည့် သတင်းသည် အင်တာနက် တစ်ခုလုံးပေါ်တွင် ပျံ့နှံ့နေခဲ့သည်။ တစ်ချိန်တစ်ခါက အလွန် အောင်မြင်ခဲ့သည့် သူမက ယခုလို အဆုံးသတ်တော့မည်ကို ယုံကြည်ဖို့က ခက်ခဲလှသည်။