← Chapters

အခန်း (၇၁)

Vol. 6 Ch. 71

အခန်း (၇၁)

Vol. 6 Ch. 71

တိုက်ရိုက် ထုတ်လွှင့်မှု ပြီးသွားသည့်နောက်တွင် အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားကာ နှစ်ကုန်ခါနီး အချိန်သို့ ရောက်ရှိခဲ့သည်။ ရွှီယန်ယုသည် နောက်နှစ်ရဲ့ ဖက်ရှင်ရှိုးပွဲဖြစ်သည့် “ဇန်နဝါရီလရဲ့ နေ့ရက်များ” ဆိုသည့် ပွဲအတွက် ပြင်ဆင်နေခဲ့သည်။ ထိုပွဲဟာ သူမ အလုပ်လုပ်တဲ့ ဒုတိယနှစ်ရဲ့ ပထမဆုံး ဖက်ရှင်ရှိုးပွဲ ဖြစ်သည်။ နှစ်စမှာကတည်းက အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်နေခြင်းသည် နှစ်သစ်မှာ သူမ ဘရန်း၏ ကောင်းမွန်သော တိုးတက်မှုကိုလည်း မီးမောင်း ထိုးပြနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဒီနှစ် နွေးဦး ဖက်ရှင်ရှိုးပွဲမှာ အလွှာပေါင်းစုံက လူတွေရဲ့ ဘဝကို အလေးထားခဲ့သည်။

ရွှီယန်ယုသည် မနှစ်က FDA ဖက်ရှင် ဒီဇိုင်နာဆုကို ရရှိခဲ့ပြီး နိုင်ငံတကာ ဖက်ရှင် ရှေ့ဆောင် လမ်းပြ တစ်ယောက်လည်း ဖြစ်လာခဲ့သည်။ သို့သော် ထိုဂုဏ်ပုဒ်မှာ အချိန် အတန့်အသတ် ရှိသည်။ ဒီနှစ်မှာတော့ အကဲဖြတ်မည့် အရာတစ်ခု ရှိနေကာ ဒီဂုဏ်ပုဒ်ကို ဆက်လက် ထိန်းသိမ်းဖို့အတွက် အင်မတန် ခက်ခဲလိမ့်မည်။

ထိုဆုမှာ ရွှီယန်ယုအတွက် လွန်စွာ အရေးကြီးသည်။ ဘယ်လို ရလဒ်မျိုးပဲ ရလာပါစေ သူမသည် ထိုအရာကို လေးလေးနက်နက်နှင့် လက်ခံရမည် ဖြစ်သည်။ ထိုအရာသည် သူမရဲ့ ဘရန်းက အနာဂတ်မှာ ထိပ်တန်း ဇိမ်ခံ ဘရန်းတစ်ခု အဖြစ် ဆက်လက် အောင်မြင်နိုင်ပါ့မလားဟူသော အရာဖြင့် ဆက်နွယ်နေသည်။ ထိုအောင်မြင်မှုမှာ မလွယ်ကူနေခဲ့ပေ။

ဒီဇိုင်း အနေအထားကို အချောသတ်ပြီးသည်နှင့် ထိုဒီဇိုင်းကို မြန်နိုင်သမျှ အမြန်ဆုံး စာရင်းသွင်းကာ ကြေညာခဲ့သည်။

ရွှီယန်ယုသည် သူမ၏ လက်ရာများကို နဂို မူလအတိုင်း စာရင်း သွင်းလိမ့်မည် ဖြစ်သည်။ သူမသည် အရင်က ကူးယူသည့် အကြောင်းနှင့် ပတ်သက်ပြီး စွပ်စွဲခံခဲ့ရသော်လည်း တစ်ဖက်လူသည် သူ့ထောင်ချောက်ထဲတွင်သာ ပြန်ပြီး ပိတ်မိခဲ့ရသည်။ သို့သော် နောက်ပိုင်းတွင်လည်း ထိုကဲ့သို့သော အရာများက ထပ်ပြီး ဖြစ်ကောင်း ဖြစ်လာနိုင်သည်။

လက်ရာများကို အချောသတ်ပြီးသည်နှင့် အမြန်ဆုံး စာရင်းသွင်းရသည်မှာ အစဥ်အလာတစ်ခု ဖြစ်လာခဲ့သည်။ သို့မှသာ အခြားသူများသည် တစ်ပါးသူကို စွပ်စွဲဖို့အတွက် ထိုနည်းလမ်းမျိုးကို သုံးမရနိုင်တော့ဘဲ ကူးယူရေးဆွဲသည့် ပြဿနာများထံမှ ကာကွယ်နိုင်မည်လည်း ဖြစ်သည်။

ထိုရှိုးပွဲကို ကျင်းပမည့် နေရာမှာ အရင်က ခံ့ညားသော ဗြိတိသျှ မှူးမတ်များ၏ အိမ်ကြီးဖြစ်သော လူသိများသည့် Budani နန်းတော်ကြီးတွင် ဖြစ်သည်။ ထိုနန်းတော်ကြီးသည် စျေးကြီးပြီး ဇိမ်ရှိသည့်အပြင် အင်မတန် ကျယ်ဝန်းသည်။ ထိုနေရာတွင် ပွဲများ ကျင်းပနိုင်သည့် ဘရန်းမှာ ကမ္ဘာ့ကျော် ဘရန်းကြီးများသာ ဖြစ်သည်။

ရွှီယန်ယု၏ God'sဘရန်းမှာတော့ ကွဲပြားသည်။ ဒီနှစ်ထဲတွင် သူမ ကျင်းပခဲ့သည့် ဖက်ရှင် ရှိူးပွဲများကို တော်ဝင် နန်းတော်အဆင့်ရှိသည့် နေရာများ၌သာ ကျင်းပခဲ့သည်။ ရှိုးပွဲများကို မကြာခဏ ကျင်းပြနိုင်ခြင်းသည် ထင်သလောက် မရိုးရှင်းဘဲ သာမန် ငွေကြေး အရင်းအနှီးဖြင့်တော့ ရရှိနိုင်မည် မဟုတ်ပါ။

ထို့အပြင် ထိုပွဲမျိုး ကျင်းပနိုင်သည့် ငွေအရင်းအနှီး ရှိရင်တောင် အခြေနေကတော့ မျက်နှာသာ ပေးလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ထိုအနေအထား ရှိသည့် ပွဲတစ်ပွဲကို ကျင်းပချင်ပါက ငွေကြေးနှင့် အခြေအနေ မျက်နှာသာပေးမှုတို့သည် သတ်မှတ်ထားသည့် စံနှုန်းနှင့် ကိုက်ညီနေရမည် ဖြစ်သည်။

ဒီအချိန်တွင် ရွှီယန်ယု ထုတ်ပြန် ကြေညာခဲ့သော စီးရီးများသည် စျေးကွက်ထဲတွင် ကြေညာလိုက်သည်နှင့် အရမ်းကို လူပြောများသော ခေါင်းစဥ်များအဖြစ် လူအများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ အကြောင်းမှာ ဒီတစ်ခေါက် ဒီဇိုင်းမှာ အလွန်ကို ရင်ထဲထိသွားခြင့်ကြောင့် ဖြစ်သည်။ ရွှီယန်ယုနှင့် မုချောင်ယွင်တို့ကို အတွဲအဖြစ် သိထားသော အင်တာနက် အသုံးပြုသူများသည် သူတို့၏ ရင်ထဲက အမြင်ချင်ဆုံးသော အရာကို သိကို သိသင့်သည်။ ထို့ပြင် ဒီရှိုးပွဲ၏ ဒီဇိုင်း အနေအထားမှာ သူတို့နှစ်ယောက်ကို အတူ ပေါင်းစပ်ထားခြင်းမျိုး ဖြစ်ပြီး အစိတ်အပိုင်းများကိုလည်း အလွန် သေသပ်စွာ ပေါင်းစပ်ထားသည်။

ပန်းချီကား တစ်ချပ်တွင် ပုံစံနှစ်မျိုးကို တစ်ခုထဲအဖြစ် ပေါင်းစပ်ထားသလို ဖြစ်သည်။ ထိုအရာတွင် အစိတ်အပိုင်းများ၏ ပုံစံများသည် ထိုလက်ရာတွင် ပြောပြနေသည့် အကြောင်းအရာများနှင့် အင်မတန် လိုက်ဖက်နေပုံရသည်။ ထိုကဲ့သို့ ထူးခြား ပြည့်စုံပြီး လိုက်ဖက်သည့် အစိတ်အပိုင်းများသည် ပေါင်းစပ်ဖို့အတွက် အတော်လေးကို လွယ်ကူသည်။

ထို့ပြင် ဒီလက်ရာသည် သူတို့စုံတွဲ၏ သဘောအကျဆုံးနှင့် အရိုးသားဆုံးသော အတွေးများနှင့် အနာဂတ်မှာ ပိုကောင်းသည့် ဘဝတစ်ခု ရရှိဖို့အတွက် သူတို့ရဲ့ အတွေးအမြင်များကို ကိုယ်စားပြုသည်။ ထို့ကြောင့် ဒီလက်ရာမှာ တကယ်ကို မေ့မရနိုင်သည့် အရာဖြစ်သည်။

ထိုပုံသည် ပန်းချီကား နှစ်ချပ်၏ ထူးခြားသော ပုံစံများ၊ အရိုင်းဆန်ခြင်း၊ စွမ်းအားနှင့် အလှတရားတို့အား အကောင်းဆုံး ပေါင်းစပ်နိုင်သည်ကို ရှင်းရှင်းလင်းလင်း သရုပ်ဖော်ထားသည်။ ထိုပုံကို တစ်ခါမြင်လိုက်ရုံဖြင့် တစ်သက် မမေ့နိုင်တော့မည် မဟုတ်ပါ။

လွှမ်းမိုးမှုရှိပြီး ထိန်းမရသော လင်းယုန်၏ တောင်ပံများကို အပြာရောင် လိပ်ပြာပုံစံလေးဖြင့် ရောယှက်ထားသည်မှာ ပဟေဠိဆန်ပြီး နှစ်လိုဖွယ်ကောင်းကာ ဆွဲဆောင်မှု ရှိနေသည်။ ထို့ကဲ့သို့သော အစိတ်အပိုင်းများမှာ အတော်လေးကို ဆွဲဆောင်မှု ရှိသည်။

ထိုကဲ့သို့သော ပုံစံမျိုးသည် ပထမဆုံး မြင်လိုက်ရသည်နှင့် ပိုင်ဆိုင်ချင်စိတ် ဖြစ်သွားအောင် ပြုလုပ်နိုင်သည်။ အသည်းညှာကို ကိုင်လှုပ်နိုင်သော အကြောင်းအရာကြောင့် သုံးစွဲသူ အားလုံး၏ နှလုံးသည်းခြေကို လုံးဝ ဆွဲယူ ဖမ်းစားနိုင်ခဲ့သည်။ ထို့ပြင် ထိုဝတ်စုံပုံစံကို သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်တွင် ဝတ်ဆင်လိုက်သည့်အခါ ဘယ်လိုပုံစံ ဖြစ်သွားမလဲ ဆိုတာကို အားလုံးက တွေးနေခဲ့ကြသည်။

ထိုစီးရီးအသစ်၏ နာမည်မှာ “အချစ်စစ်”ဖြစ်ပြီး အတွဲ တစ်တွဲ၏ ထာဝရ ပေါင်းစပ်သွားသည့် ဘဝရဲ့ အစိတ်အပိုင်းများကို ဖော်ပြခြင်းမျိုး ဖြစ်သည်။ ထိုလက်ရာကို ဖန်တီးရခြင်းသည် အတွဲကြားက စိတ်ရင်း၊ သူတို့ရဲ့ စိတ်တူကိုယ်တူ ဖြစ်မှု၊ ဂုဏ်ပကာသန၊ ချမ်းသာမှု၊ စိတ်နှလုံးသားနှင့် ရိုးသားမှုတို့ကို ဆိုလိုချင်သောကြောင့် ဖြစ်သည်။ ထို့အပြင် သူတိုသည် ထာဝရ တစ်ယောက်ကို တစ်ယောက် မှီခိုကာ အတူတူ ရှိနေကြလိမ့်မည် ဖြစ်သည်။

God's ဖက်ရှင်ရှိုးပွဲ ပြီးသွားသည့်နောက် ချက်ချင်းပဲ ထိုစီးရီးရှိ မှာယူမှုများ အားလုံးကို ကြေညာခဲ့သည်။ တစ်ရက်တည်းနှင့် ပစ္စည်းများ ပြတ်သွားခဲ့ရသည်။ ထိုကဲ့သို့သော မိုက်သည့် မြင်ကွင်းမျိုးကို အခြားသော ဇိမ်ခံ ဘရန်းများတွင် မြင်နိုင်လိမ့်မည် မဟုတ်ပါ။ သို့သော် ရွှီယန်ယု၏ ကိုယ်ပိုင် ဒီဇိုင်းမှာ တစ်ကမ္ဘာလုံးရှိ တော်ဝင် သုံးစွဲသူများကို နောက်တစ်ကြိမ် ထပ်မံကာ လွှမ်းမိုးသွားခဲ့သည်။

ရွှီယန်ယုကဲ့သို့ ထိပ်တန်း ဒီဇိုင်နာတစ်ယောက်၏ လက်ရာ အားလုံးတို့မှာ ထူးခြား ပြောင်မြောက်ပြီး တစ်ခုချင်းစီမှာလည်း ဂန္တဝင်ဆန်သည်။ ယခုအခါတွင် ဆူးနှင်းဆီ ဒီဇိုင်း၏ အသင့် ဝတ်ဆင်လို့ရမည့် ဝတ်စုံများကို ဆက်မထုတ်တော့ပါ။ ပထမဆုံး ဝယ်ယူခဲ့ကြသူများသည် ထိုစီးရီးကို စုဆောင်းခဲ့ပြီးနောက် နောက်ထပ် တန်းဖိုးထားရမည့် အရာများစွာ ကျန်ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ထိုအရာမှာ ဇိမ်ခံပစ္စည်းသပ်သပ်သာ မဟုတ်တော့ဘဲ ထူးခြားသည့် အဓိပ္ပါယ်နှင့် တန်ဖိုးရှိသော အနုပညာ လက်ရာတစ်ခုနှင့် ပိုပြီးတောင် တူလာခဲ့သည်။

အခုချိန်တွင် ကြိုတင် သတိထားမိနေကြသော စုဆောင်းသူများသည် ပုံစံသစ်အား ကြေညာတာကို တွေ့လိုက်ရသည်နှင့် ဘာမှ မစဥ်းစားတော့ဘဲနှင့်ကို ပစ္စည်းများ မှာယူခဲ့ကြသည်။ ထိုကဲ့သို့ တန်ဖိုးအားဖြင့် အသိအမှတ် ပြုခြင်းကို ခံရသော ဇိမ်ခံ ပစ္စည်းမျိုးသည် ရှားပါးပြီး လက်လွတ်သွားခဲ့ပါက နောက်တစ်ကြိမ် ပြန်လာဖို့က ခက်ခဲလိမ့်မည် ဖြစ်သည်။

ရက်အနည်းငယ်အတွင်း နိုင်ငံတကာမှ အောင်မြင်သူများ၊ လူချမ်းသာများနှင့် လူ့အသိုင်းဝိုင်းကြား ရေပန်းစားကြသူများ အားလုံးသည် God's မှ ရရှိသော လက်ဆောင်ဗူးများကို အင်တာနက်ပေါ်တွင် တင်ခဲ့ပြီး “ပန်ရိ အချစ်စစ်”၏ နောက်ဆုံးထွက် ဒီဇိုင်းကို ရခဲ့ကြသည့်အတွက် သူတို့ရဲ့ စိတ်လှုပ်ရှားမှုများကို ဖော်ပြခဲ့ကြသည်။

သို့သော် အင်တာနက် အသုံးပြုသူများ အတုန်လှုပ်ဆုံး ဖြစ်ခဲ့ရသည်မှာ မြို့ G ရှိ တော်ဝင် မင်းသမီးလေးသည် နောက်လ ၁၆ ရက်နေ့တွင် လက်ထပ်တော့မည်ဟု ပြောကြားခဲ့သော သတင်း တင်ဆက်မှုကြောင့် ဖြစ်သည်။ တော်ဝင် မင်းသမီးလေး ဝတ်ဆင်ခဲ့သည့် မင်္ဂလာဆောင် ဝတ်စုံမှာ ရွှီယန်ယု ဒီဇိုင်း ရေးဆွဲထားသည့် ပုံစံဖြစ်သော “အချစ်စစ်”၏ ကန့်သတ် ပစ္စည်းတစ်ခုဟု မီဒီယာများက ကြေညာထားသည့် အလွန် လှပသော အပြာနုရောင်ရှိသည့် မင်္ဂလာဆောင် ဝတ်စုံ ဖြစ်ဝည်။

ထိုမင်္ဂလာဆောင် ဝတ်စုံကို ပြုလုပ်ထားသည့် ပိတ်စမှာ လက်ယက်ထည် ဖြစ်ပြီး အင်မတန် စျေးကြီးသည့် ယန်ကျင်းအစ ဖြစ်သည်။ အကြောင်းမှာ ထိုအစ၏ အလေးချိန်မှာ သာမန်အစထက် ပိုပေါ့ပြီး၊ ထိုအစ၏ အဆင်မှာ ကွန်ပြူတာ ပရိုဂရမ် ရေးဆွဲရသည်ထက် ပိုခက်သည်။ ယန်ကျင်းပိတ်စ၏ ကုန်ကြမ်း ပစ္စည်းများမှာ ရွှေချည်၊ ငွေချည်၊ ပိုးချည်နှင့် ဒေါင်းမွှေးတို့ ဖြစ်သည်။ ပိုးချည်မျှင် ရဖို့ရန်အတွက် ပိုးသတ်ခြင်း၊ အရောင်ဆိုးခြင်း၊ ထုရိုက်ခြင်း၊ ဆီစိမ်ခြင်းနှင့် ဆွဲဆန့်ခြင်း စသည့် လုပ်ငန်းများကို ဖြတ်ကျော်ဖို့ရန် လိုအပ်သည်။ ထိုပိတ်စ၏ အဆင်မှာ အရောင်အသွေး စုံလင်ပြီး မီးရောင်အောက်တွင် လှပလျက်ရှိသည်။ ထို့အပြင် ဒေါင်းမွှေးကို သုံးထားသောကြောင့် ထိုအစသည် အရောင်များစွာဖြင့် ရောင်ပြန်ဟပ်နေလိမ့်မည်။

ပြထားသည့် အရာသည်တောင် လှပလွန်းသည့်အတွက် တကယ် အပြင်မှာသာဆိုရင် ဘယ်လောက်တောင် လှပနေမလဲဆိုတာကို ဘယ်သူမှတောင် တွေးကြည့်လို့ မရနိုင်ပါ။ ရွှီယန်ယု၏ ထူးခြားသည့် ထိပ်တန်း ဒီဇိုင်းနှင့် တွဲလျက်ပါရှိသော မင်းသမီးလေး၏ ဝတ်စုံ၏ အနားသတ်များကို လှပပြီး ကြည်နူးစရာကောင်းသည့် လိပ်ပြာတောင်ပံ ပုံစံဖြင့် ကွန့်ထားခဲ့သည်။ ဒါ့ကြောင့် ထိုဝတ်စုံသည် မီဒီယာရှေ့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော လူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့သည်။

မြို့ G ရှိ တော်ဝင် မင်းသမီးလေး၏ ထူးခြားသော မင်္ဂလာပွဲသည် ထိုဝတ်စုံကြောင့် အာရုံ ဖမ်းစားနိုင်ခဲ့သည်။ God's ဘရန်းနှင့် ပတ်သက်သည် မင်းသမီးလေး၏ ဝတ်စုံနှင့် ထိုဝတ်စုံ၏ ကြီးကျယ်သော လွှမ်းမိုးမှုများ အ​ကြောင်းကို ကမ္ဘာတစ်ဝှမ်းရှိ မီဒီယာများက သတင်း တင်ဆက်ခဲ့သည်။

ဒီလောက် လှပပြီး စွဲမက်စရာကောင်းတဲ့ ဝတ်စုံမျိုးကို မက်မောတဲ့ စိတ်မျိုး ထိန်းထားနိုင်တဲ့ မိန်းမမျိုး မရှိမှာကိုတော့ စိုးရိမ်မိတယ်။

ထိုဝတ်စုံ၏ နိုင်ငံတကာကို လွှမ်းမိုးနိုင်မှုမှာ ကြီးထွားလာသည်နှင့် God's ဘရန်းသည် ဇိမ်ခံပစ္စည်း လုပ်ငန်း၏ ထိပ်ဆုံး နေရာကို မြန်မြန်ပဲ ရောက်ရှိခဲ့သည်။ လက်ရှိအချိန်တွင် ဇိမ်ခံပစ္စည်း ဘရန်းများအနက် သူတို့ကို ဘယ်ရှုထောင့်ကပဲ တိုင်းတာနေပါစေ God's ကို ဘယ်ဘရန်းကမှ မယှဥ်နိုင်ပါ။ ဒုတိယနေရာရှိ ဘရန်းကတောင် God's နှင့်ယှဥ်ရင် အတော်လေး နောက်ကောက်ကျန်ခဲ့သည်။

ထို့ကြောင့် ဒီဘရန်းသည် ပထမ​နေရာနှင့် အတော်လေး ထိုက်တန်သည်။

မကြာမီ မျက်စိ တစ်မှိတ်အတွင်းမှာပဲ နှစ်တစ်နှစ်က ကုန်ဆုံးသွားခဲ့ရပြီ ဖြစ်သည်။ ဖက်ရှင်ပွဲ ကြီးကြီး သေးသေး အကုန်လုံးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည်။

“အချစ်စစ်”ဝတ်စုံ၏ ဒီဇိုင်းမှာ အတော်လေး ထူးခြားသည်မှာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ရွှီယန်ယုသည် ဒုတိယအကြိမ် FDA ကမ္ဘာလုံးဆိုင်ရာ ဒိဇိုင်နာ ဆုစာရင်းတွင် အောင်အောင်မြင်မြင်ဖြင့် ဆန်ကာတင်စာရင်း ဝင်ခဲ့သည်။

ပြင်းထန်သော ယှဥ်ပြိုင်မှုများနှင့် ဆွေးနွေးမှုများ ပြီးသွားပြီး နောက်ဆုံးတွင် ဒီနှစ်ရဲ့ ဒီဇိုင်နာဆု ရရှိသူကို ကြေညာခဲ့သည်။

ဒီနှစ်မှာလည်း နှစ်တစ်နှစ်၏ အကောင်းဆုံး ဒီဇိုင်နာဆုကို ရရှိသည့်သူမှာ ရွှီယန်ယုပဲ ဖြစ်နေသည့်အတွက် လူအများမှာ အံ့ဩကာ မှင်သက်ခဲ့ရသည်။ ဒီအရာဟာ သမိုင်းတွင် အထူးခြားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်သည်။ သူမသည် နှစ်နှစ်ဆက်တိုက် အကောင်းဆုံး ဒီဇိုင်းနာဟု အမည်တွင်ခဲ့ကာ စံချိန်ကို ချိုးနိုင်ခဲ့ပြီး တစ်ကမ္ဘာလုံးကို အံ့အားသင့်စေသည့် အောင်မြင်မှုတစ်ခု ဖြစ်သည်။

ဒီလုပ်ငန်းတွင် ရွှီယန်ယုထက် ဘယ်သူကမှ အံ့ဩစရာ အရာများကို မဖန်တီးနိုင်ပါ။ ထို့ပြင် သူမ တည်ထောင်ခဲ့သည့် ဒီစီးပွားရေး၏ အရှိန်မှာလည်း တုန်လှုပ်စရာ ကောင်းလှသည်။

သူတို့ရဲ့ လုပ်ငန်းတွင် ထိပ်ဆုံးသို့ ရောက်နေခဲ့သော မု စုံတွဲသည် သူတို့ရဲ့ ဆက်ဆံရေးတွင်လည်း အတော်လေး အဆင်ပြေနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် သူတို့ရဲ့ နေ့စဥ်ဘဝများကို အသေးစိတ် ရိုက်ကူးပြီး လူမှုကွန်ယက်ပေါ်၌ တင်ခဲ့ကြသည်။ သူတို့ရဲ့ ဗီဒီယိုများကို မြင်ရပြီးနောက် လူအများသည် သူတို့ရဲ့ ကိုယ်ပိုင် ဘဝများကို ပြန်မြင်ယောင်လာကြသည်။ တစ်ခါတစ်လေ ပျော်ရွှင်မှုဆိုသည်မှာ တကယ်ကို ရိုးရှင်းလှသည်။

အသက်တွေ ကြီးလာသည့်တိုင် ကိုယ်ချစ်ရတဲ့သူနှင့် အတူရှိနေရခြင်းသည် ဘဝတွင် ပျော်ရွှင်စရာ အကောင်းဆုံးသော အရာဖြစ်သည်။

ထိုအရာမှာ “အချစ်စစ်”စီးရီး၏ အမြင်သာနိုင်ဆုံးသော အရာဖြစ်သည်။

အိမ်ထောင်သက် ငါးနှစ်ကြာပြီးနောက် သူတို့အတွဲသည် နဂိုက သဘောတူကာ လက်ထပ်ခဲ့စဥ်က ရရှိခဲ့သော ဝမ်းနည်းမှုများကို ဖြည်းဆည်းပေးရန်အတွက် ခမ်းနား ကြီးကျယ်သော မင်္ဂလာပွဲကြီး ထပ်ကျင်းပဖို့အတွက် စီစဥ်ခဲ့သည်။

ရွှီယန်ယုသည် စားပွဲခုံပေါ်ရှိ ပုံနှိပ်ထားသော မင်္ဂလာဆောင် ဖိတ်စာများကို ကြည့်လိုက်ကာ ရုတ်တရက် တစ်ခုခုကို သတိထားမိသွားဟန်တူသည်။ သူမသည် ကွန်ပျူတာကို ဖွင့်ကာ ဒီမတိုင်ခင် ခရီးသွားခဲ့တုန်းက မြင်ခဲ့ရသည့် လက်ထပ်စာချုပ်ကို ထုတ်ယူလိုက်သည်။ ထိုစာချုပ်ကို သူမသည် ဘေးမှာရှိတဲ့ မုချောင်ယွင်အား လက်ညှိုးထိုးပြခဲ့သည်။

“ဒီစာချုပ်အတွက် လစဥ်ပေးနေရတဲ့ ၂၀၀ မီလီယံ ဆိုတာက အရမ်းနည်းပြီး ရှင့်အတွက်လည်း စျေးပေါတယ်လို့ ကျွန်မ ရုတ်တရက် ခံစားလိုက်ရလို့။”

မုချောင်ယွင်က ရုတ်တရက် ပြုံးလိုက်ရင်း ခြောက်ထောင့်ကြယ်ပုံစံ လက်စွပ်ဝတ်ထားသည့် သူမရဲ့ လက်ကလေးကို ကိုင်ကာ ညှင်သာစွာ ပွတ်သပ်ပြီး ​မေးခဲ့သည်။ “မဒမ်၊ မဒမ်က ဘယ်လောက်လိုချင်လို့လဲ။ မဒမ် စိတ်ကျေနပ်အောင် ကျွန်တော် ဘယ်လို လုပ်ပေးရမလဲ။”

ရုတ်တရက်ဆိုသလို ရွှီယန်ယု၏ ပုံစံက လေးနက်လာခဲ့သည်။ သူမသည် သူ့ရဲ့ မျက်နှာလေးကို ကိုင်တာ မျက်တောင် မခတ်ပဲဘဲ ပြောခဲ့သည်။ “ရှင် ကျွန်မကို အမြဲထာဝရ ချစ်နေတာကို လိုချင်တာ။ ရှင်ပိုင်သမျှ စိတ်နဲ့ ခန္ဓာ အကုန်လုံးကို လိုချင်တာ။ ရှင်ပိုင်သမျှက ကျွန်မဟာပဲဆိုပေမယ့် ကျွန်မ ပိုင်တာတွေကလည်း ကျွန်မ ဥစ္စာပဲနော်။ ဒီလိုနည်းနဲ့မှပဲ ကျွန်မက ကျေနပ်နိုင်မှာ။ ဒီလောက်ဆို လောဘကြီးတာက လုံလောက်သွားပြီလေ။”

ထိုစကားကို ကြားပြီးနောက် မုချောင်ယွင်သည် သူမကို တင်းကြပ်စွာ ပွေ့ဖက်ရင်း သူမရဲ့ နဖူးလေးကို ညင်သာစွာ နမ်းရှိုက်လိုက်ကာ ရုတ်တရက် အကျယ်ကြီး ထရယ်ခဲ့သည်။ ထို့နောက် သူသည် တွေဝေနေသော အကြည့်မျိုးဖြင့် ကြည့်ကာ ပြောလိုက်သည်။ “ဒါကို လောဘကြီးတယ်ဆိုပြီး ဘယ်လိုလုပ် ပြောလို့ ရမှာလဲ။ ကိုယ့်အတွက်ကတော့ ဒါက ကမ္ဘာပေါ်မှာ အပျော်ရဆုံးသော အရာပဲ။ မင်း ကိုယ့်ကို လိုချင်တယ်ဆိုတာကိုက အသိမှတ်ပြုမှု တစ်ခုပဲလေကွာ။”

သူ့ရဲ့ ပျော်ရွှင်မှု…

ဒီဘဝအတွက် ချစ်ခြင်းတရားကိုသာ ပိုင်ဆိုင်ခဲ့ရတော့သည်။

ပြီးပါပြီ

All Chapters