← Chapters

အစွမ်းကုန်

Vol. 016 Ch. 1594

အစွမ်းကုန်

Vol. 016 Ch. 1594

တိုက်ခိုက်လာသည့်  ဓားကျောင်းတော်မှ တပည့်သည် ရီဖူရှင်းနှင့် အဆင့်တူပြိုင်ဘက်မဟုတ်ကြောင်း သိသာပေသည်။ သို့သော်လည်း သူသည်လည်း ဓားသမားတစ်ဦးသာဖြစ်သည်။

“မင်း ဘယ်မှာ ကျင့်ကြံ တာလဲ” ကောင်းကင်ဓားခန်းမ၏ ကျင့်ကြံသူက ရီဖူရှင်းကို ကြည့်ပြီးမေးသည်။

“ဒီဂျူနီယာက ဓားပညာကို အထက်ကောင်းကင်ဘုံက ထိုက်ရွှမ်တောင်နဲ့ နတ်နန်းတော်မှာ ခဏတာ ကျင့်ကြံခဲ့ ပါတယ်”

ကောင်းကင်ဓားခန်းမသည် အလွန်အစွမ်းထက်သည့် အင်အားစုတစ်ခုဖြစ်သော်လည်း နတ်နန်းတော်ဟူသော အမည်အား တစ်ခါမျှပင် ကြားဖူးမည်မဟုတ်ပေ။ အထက်ကောင်းကင်ဘုံ၌ တော်ဝင်မြေတစ်ခုသာပိုင်ဆိုင်ထားပြီး ဘုံကိုးလွှာတွင်မူ နတ်နန်းတော်ထက်ပို၍  ကျော်ကြားသော အင်အားစုများစွာ ရှိပေသည်။

ဆန့်ကျင်ဘက်အနေဖြင့်မူ ထိုက်ရွှမ်တောင်၏ တည်ရှိမှုသည် နတ်နန်းတော်ကဲ့သို့  ခိုင်မာသည့် အဖွဲ့အစည်းတစ်ခု မဟုတ်သော်လည်း ထိုက်ရွှမ်တောင်၏ အရှင်ထိုက်ရွှမ်သည် ရန်ဟောင်အဆင့်မှ နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည့် ကောလဟလများသည် ဘုံကိုးပါးတွင် ပျံ့နှံ့နေပြီးဖြစ်သည်။

သို့ဆိုလျှင် ရီဖူရှင်း၏နောက်တွင် လိုက်ပါလာကြသူများသည် ထိုက်ရွှမ်တောင်နှင့် နတ်နန်းတော်မှ ကျင့်ကြံသူများဖြစ်နိုင်ပေသည်။ သူတို့သည် အထက်ကောင်းကင်ဘုံ၏ အင်အားစုများမှ ရောက်လာကြသူများ ဖြစ်သည်။

“ဖြစ်ခဲ့ကြတာတွေကို ထားလိုက်ပါတော့။ ကောင်းကင်ဓားခန်းမက ဖြစ်ခဲ့ကြတဲ့တိုက်ပွဲအတွက် ဘာမှ စုံစမ်းစစ်ဆေးမှာ မဟုတ်ဘူး။” ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူက ပြောသည်။

တကယ်တမ်းတွင်လည်း သူကထိုကိစ္စအား စုံစမ်းစစ်ဆေးမည်မဟုတ်ပေ။ ဓားသခင်လီဟန့်နှင့် ပတ်သက်သည့်ကိစ္စသည် သေးငယ်သောကိစ္စ မဟုတ်ပေ။ သို့သော် ၎င်းမှာ ဂုဏ်သိက္ခာကြောင့် ဖြစ်ခဲ့သည့် ပြဿနာလေးမျှသာ ဖြစ်သည်။ အမှန်တွင် သူတို့သည် ဓားသခင်လီဟန့် အသက်ရှင် မရှင်ဆိုသည့် အကြောင်းအရာအား အလေးအနက်ထားသည်တော့မဟုတ်ပေ။

“ဒါပေမယ့် မင်းသာဓားပညာကို လေ့ကျင့်ချင်တယ်ဆိုရင် ကောင်းကင်ဓားခန်းမက ကျင့်ကြံသူတွေနဲ့အတူ လေ့ကျင့်ဆွေးနွေးလို့ရပါတယ်”

အထက်ဘုံမှ လီဟန့်ထွက်ခွါသွားခြင်းအား အခြားကျင့်ကြံသူများက စိတ်ထဲမထည့်ထားသည့်ပုံဖြင့် ပြောသည်။ သူသည် နေရာတစ်ခုသာ ယူနိုင်ခဲ့သည်ဖြစ်ရာ ကောင်းကင်ဓားခန်းမကို အားနည်းပုံ ပေါ်စေခဲ့သည်။ ရှေးဟောင်းနယ်မြေအား ဝင်ခွင့်ရခဲ့လျှင်ပင်  အရှုံးဖြင့် ဝင်ရောက်ရခြင်းဖြစ်သဖြင့် သေချာပေါက်ကောင်းမွန်မည် မဟုတ်ပေ။

အရာရာတိုင်းသည် သူတို့ဖြစ်ချင်သည့်အတိုင်း ဖြစ်မလာပေ။ သူတို့သည်ရှေးဟောင်းနယ်မြေထဲတွင် အခြားအင်အားစုများနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိပေ။

ထိုစကားကို ကြားသူတိုင်းသည် ကောင်းကင်ဓား ခန်းမ၏ ရည်ရွယ်ချက်ကို နားလည်လိုက်ကြသည်။ ဤကဲ့သို့သောရှုံးနိမ့်မှုအား ဤနေရာတွင်ပင် အဆုံးသတ်စေမည်။ ကောင်းကင်ဘုံကိုးလွှာ၏ နံပါတ်တစ် ဓားအင်အားစုဟူသော ဂုဏ်သိက္ခာကို ထိန်းသိမ်းရပေမည်။

“ဒီဂျူနီယာလေးရဲ့ ဓားပညာက သေးသိမ်ပါသေးတယ်။ ကောင်းကင်ဓားခန်းမရဲ့ ဓားပညာလိုတော့ မကောင်းနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနာဂတ်မှာ နောက်ထပ်ပြိုင်စရာ မလိုတော့ဘူးလို့ ထင်ပါတယ်” ရီဖူရှင်းက ပြောသည်။

၎င်းသည် တိုက်ခိုက်ရန် ကြောက်ရွံ့ ခြင်းကြောင့်မဟုတ်ဘဲ မည်သည့်ပြဿနာမှ ဖြစ်ပေါ်ရန် မလိုလားသောကြောင့် ဖြစ်သည်။ အကယ်၍ ကောင်းကင်ဓားခန်းမသာ အမှန်တကယ်ပါဝင်လာပါက  သူတကယ်အနိုင်ရမည်ဟု အာမ မခံနိုင်ပေ။ သူက အင်အားစုတစ်ခုလုံးကို ဖြတ်သန်းနိုင်ခဲ့မည်ဆိုလျှင်ပင် ယနေ့တစ်ရက်တည်းနှင့် ပြီးသွားမည့် ကိစ္စ မဟုတ်ပေ။

“ကိုယ့်ကိုယ်ကို အလွန်အကျူးနှိမ့်ချတာဟာ ရိုင်းစိုင်းတာပဲ”

သန်စွမ်းပုံပေါ်သည့် ဓားသမားက အေးစက်စွာပြောသည်။ ရီဖူရှင်းသည် ရှုံးသွားသည့် တပည့်ထက် ပိုပြီးအစွမ်းထက်သည် ဆိုသော်လည်း သူ၏ပြိုင်ဘက်သည် ထူးချွန်သောဓားသမားတစ်ယောက်ဟု သတ်မှတ်နိုင်သည့်သူ ဖြစ်သည်။ သူသည် ဆက်လက်တိုက်ခိုက်ဖို့ ရွေးချယ်မည့်အစား ကောင်းကင်ဓားခန်းမအား အထင်မြင် သေးနေသဖြင့် တိုက်ခိုက်ရန် ငြင်းဆန်နေသည်လား။

ရီဖူရှင်း စဉ်းစားချင့်ချိန်နေစဉ်တွင် သူ၏နောက်မှ လိုက်ပါလာသူထဲမှ သူတစ်ယောက် ရှေ့သို့တက်လာသည်။

“ငါက အထက်ကောင်းကင်ဘုံက လီနတ်ဓားမိသားစုရဲ့ လီစွမ်းပါ။ ငါက အထက်ကောင်းကင်ဘုံရဲ့ ဓားသမား တစ်ယောက်ပါ။ မင်းရဲ့ ကျော်ကြားတဲ့နာမည်ကို ကြားဖူးနေတာတော့ ကြာပါပြီ။ ဒီနေ့ တွေ့ဆုံကြတုန်းမှာ မင်းရဲ့ဓားပညာကို လေ့လာကြည့်ချင်ပါတယ်။ မင်းရော ဘယ်လိုထင်ပါသလဲ”

ဓားသမားက လီစွမ်းကို ကြည့်သည်။ အထက်ကောင်းကင်ဘုံ၏ လီနတ်ဓားမိသားစုမှ ဓားသမားတစ်ဦး သူရှေ့သို့ထွက်လာမည်ဟု မထင်ထားခဲ့ချေ။ ပတ်ဝန်းကျင်မှလူများတွင် စိတ်ဝင်စားသည့် အရိပ်အယောင်များ မြင်တွေ့နေရသည်။ ကောင်းကင်ဓားခန်းမနှင့် လီနတ်ဓားမိသားစုတို့ ဤတော်ဝင်မြေတွင် ထိပ်တိုက်တွေ့ကြတော့မည်လော။

“အကြီးအကဲတို့ တပည့်က စိန်ခေါ်တာကို လက်ခံပါရစေ။”

ကောင်းကင်ဓားခန်းမ၏ ကျင့်ကြံသူများကြားမှ ထိုသူက ကောင်းကင်ဓားခန်းမမှ ခေါင်းဆောင်များရှေ့သို့ သွားပြီး ရိုသေလေးစားစွာ ပြောသည်။ လီနတ်ဓားမိသားစု၏ ဂုဏ်သတင်းကို ကြားသိခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။ လီနတ်ဓားမိသားစုနှင့် တိုက်ခိုက်ခွင့်ရရန်မှာ အလွန်ရှားပါးသည့်အခွင့်အရေးဖြစ်သည်။

“ကောင်းပြီ” ကောင်းကင်ဓားခန်းမ၏ ခေါင်းဆောင်က ခေါင်းညိတ်သည်။ ဓားသမားသည် တိုက်ခိုက်ရန်အတွက် ရှေ့ကွက်လပ်သို့ ခြေလှမ်းတစ်လှမ်း လှမ်းသည်။ ဓားစွမ်းအင်များသည် သူ၏နံဘေးတွင် လှည့်ပတ်အော်မြည်နေကြသည်။

လီစွမ်းလည်း ရှေ့သို့တစ်လှမ်းတိုးသည်။ သူ၏ဓားဝိညာဉ်သည် လျှပ်တစ်ပြက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ သူတို့နှစ်ဦး၏ ခန္ဓာကိုယ်ပတ်၀န်းကျင်တွင် ပြင်းထန်သော ဓားအရှိန်အဝါများ ဖြစ်တည်လာသည်။

အဝေးရှိ ရှေးဟောင်းမြို့တော်မှလူများပင် တိုက်ပွဲဖြစ်ပွားနေသည်ကို အာရုံခံစားမိကြပြီး တိုက်ပွဲကွင်းပြင်သို့ လှမ်းကြည့်လိုက်ကြသည်။ တစ်ချို့သည် တိုက်ပွဲနှင့်နီးကပ်သည့်နေရာသို့ ပျံသန်းရွေ့လျားလာကြသည်။ ထိုသူများထဲတွင် ထိပ်တန်းအင်အားစုမှ လူများလည်းပါဝင်ကြသည်။

ကောင်းကင်ဓားခန်းမ၏ ကိုယ်စားပြုဓားသမားသည် ဥက္ကာခဲသဏ္ဍာန် အလွန်တရာ ကြီးမားလေးလံသော ဓားဝိညာဉ်အား ပိုင်ဆိုင်ထားလေသည်။ ထိုဓားဖြင့် ထိုးခုတ်လိုက်သည့်အခါတွင် ကမ္ဘာကြီးတစ်ခွင်လုံးတွင် ကျယ်လောင်သော မြည်ဟည်းသံများ ဖုံးလွှမ်းသွားသည်။ မရေမတွက်နိုင်သော ဥက္ကာခဲများ ကောင်းကင်မှ ကျဆင်းလာသကဲ့သို့ လူများ၏ခန္ဓာကိုယ်ပေါ်သို့  အလွန်ပြင်းထန်သော ဖိအားများ ဖြစ်ပေါ်လာသည်။

လီစွမ်းသည်လည်း သူ၏ဓားဝိညာဉ်ကို ဆင့်ခေါ်သည်။ ကောင်းကင်ထက်မှ အလွန်အမင်း အစွမ်းထက်သော နတ်ဓားတစ်ချောင်း ကျဆင်းလာပြီး  ဓားနှစ်ချောင်းသည် အပြန်အလှန် တိုက်ခိုက်နေကြသည်။ သူတို့နှစ်ယောက်သည် မူလက အကြံပြုပြောဆိုခဲ့သည့် စွမ်းရည်ဖလှယ်သော နည်းလမ်းဖြင့် ယှဉ်ပြိုင်နေခြင်းမဟုတ်ဘဲ အမှန်အကန် တိုက်ခိုက်နေကြပုံပေါ်လေသည်။

ဘုန်း…

ကြောက်မက်ဖွယ်ရာ ဓားစွမ်းအားများ အချင်းချင်း တိုက်ခိုက်မိသွားကြသည်။ ဓားဝိညာဉ်ဖြင့် ချိန်ရွယ် တိုက်ခိုက်လိုက်သောအခါတွင် မရေမတွက်နိုင်သော ဥက္ကာပျံများသည် ကောင်းကင်မှ တစ်ဖန် ကျဆင်းလာပြန်သည်။

ဥက္ကာခဲဓားသည် အလွန်လေးလံသောကြောင့် ထိုနေရာတစ်ခုလုံး လေးလံသော ဖိနှိပ်မှုကို ခံစားလိုက်ရပြီး လေဟာနယ်ကိုပင် ပြိုကွဲပျက်စီးသွားစေလေသည်။

လီစွမ်း၏ဓားသည် အဆက်မပြတ် ကျဆင်းလာသောဥက္ကာခဲများကို တိုက်ခိုက်ဖျက်ဆီးသည်။ ကောင်းကင်သည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မြင်ကွင်းဖြစ်ပေါ်လာပြီး ကမ္ဘာပျက်သည့်ပုံရိပ်ပမာ ပြောင်းလဲ သွားသည်။ လေထုတွင် သေစေနိုင်လောက်သော ဖိအားများဖြစ်ပေါ်လာပြီး ကြောက်မက်ဖွယ်ရာ မုန်တိုင်းများပေါ်ပေါက်လာသည်။

ဓားသမားနှစ်ဦးသည် မုန်တိုင်းအလယ်တွင် ရပ်နေကြပြီး သူတို့ဓားများ အချင်းချင်း ပြင်းထန်စွာ ထိခတ်မိသွားသည်။

ရီဖူရှင်းသည် ခန္ဓာကိုယ်မှထူးခြားသော ဓားစွမ်းအားများ ထုတ်လွှတ်နေကြဆဲဖြစ်သော လေထဲမှ ဓားသမားနှစ်ယောက်ကို မြေပြင်မှ ကြည့်နေခဲ့သည်။ ထိုဓားထဲတွင် ဓားဝိညာဉ်တစ်ခု ပေါင်းစပ်ပါဝင်နေပုံပေါ်ပြီး ဆန်းကြယ်သော ဓားပုံရိပ်တစ်ခုကို ဖြစ်ပေါ်လာစေသည်။ ဓား၏အရှိန်အဝါများသည် ပြင်းထန်သည်ထက်ပြင်းထန်လာပြီး လေထုထဲရှိ အရာအားလုံးကို ဖြတ်တောက်သွားသည်။

မဟာလမ်းစဉ်သည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲပျက်စီးသွားပြီး ဓားရောင်ကြောင့်ဖြစ်ပေါ်လာသော တောက်ပသည့် အလင်းရောင်လိုက်ကာတစ်ခု လွှင့်မျှောဖြန့်ကျက်လာပြီး အရာအားလုံးကို ပြန်လည် ငြိမ်သက်သွားစေသည်။ အဆုံးမဲ့ကျဆင်းနေသော ဥက္ကာပျံများ ပျောက်ကွယ်သွားပြီး တန်ပြန် ဓားချက်သည်လည်း ပျက်ပြယ်သွားသည်။

သူတို့နှစ်ယောက်သည် တစ်ချိန်တည်းတွင် ပြန်လည် ဆုတ်ခွာသွားကြပြီး နှစ်ယောက်လုံးသည် သူတို့၏မူလနေရာသို့ ပြန်လည် ဆုတ်ခွါသွားကြသည်။ လီစွမ်းသည်  သူ၏ကိုယ်ခန္ဓာ အနည်းငယ်လေးလံနေသည်ကိုခံစားလိုက်ရပြီး ညည်းညူလိုက်မိသည်။ ကောင်းကင်ဓားခန်းမ၏ ကျင့်ကြံသူ၏ နှုတ်ခမ်းမှ သွေးများ ကျဆင်းလာသည်။ သူသည်လည်း ဒဏ်ရာရသွားပုံပေါ်လေသည်။ ဤတိုက်ပွဲသည်လည်း ကောင်းကင်ဓားခန်းမသည် ယခင်တိုက်ပွဲတွင် ဆုံးရှုံးခဲ့ရသော သူတို့၏ဂုဏ်သိက္ခာအား ပြန်လည်အဖတ်မဆည်နိုင်ခဲ့သည်မှာ ပေါ်လွင်နေသည်။ ဤတိုက်ပွဲတွင်လည်း သူတို့မျက်နှာမရခဲ့ပေ။

သို့သော် ရီဖူရှင်း၏အမြင်တွင်မူ လီနတ်ဓားမိသားစုသည် ဤတိုက်ပွဲတွင် မည်သည့်အကျိုးကျေးဇူးမျှ မရခဲ့ပေ။ ကျင့်ကြံသူအရေအတွက်အား ကန့်သတ်ထားသော်လည်း ရောက်လာသူတိုင်းသည် ဓားသမား မိသားစုများမှဖြစ်ကြသည်။

လီစွမ်းသည် မိသားစု၏အဓိကကျသောသူဖြစ်ပြီး ကောင်းကင်ဓားခန်းမ တွင်မူ ထိုတပည့်ထက်ပိုမိုအစွမ်းထက်သော တပည့်များရှိနေနိုင်ပေသည်။ အခြားသူတို့သည် ရှေးဟောင်း နတ်ပစ္စည်းအတွက် ပြင်ဆင်နေကြသဖြင့် ဝင်မပါခဲ့ကြခြင်းဖြစ်နိုင်ပေသည်။

“ကောင်းကင်ဓားခန်းမရဲ့ဓားက တကယ်ပဲစိတ်ကိုကျေနပ်စေတာပဲ တကယ်ကို ထူးခြားမှုရှိပြီးတော့ ငါအများကြီးသင်ယူခဲ့ရပါတယ်။”

လီစွမ်းသည် မာနထောင်လွှားခြင်းမရှိသည့် တည်ငြိမ်သော လေသံဖြင့်ပြောသည်။ “ပညာဖလှယ်တာကပြီးသွားပြီဆိုတော့ ဒီလောက်နဲ့ပဲ ရပ်လိုက်ကြရအောင်”

ကောင်းကင်ဘုံဓားခန်းမဘက်မှ လူအနည်းငယ် ရှေ့သို့တိုးလာကြသည်။ ဒီမှာရပ်မယ်လား။ နှစ်ပွဲတိုင်အောင် ရှုံးနိမ့်ခြင်းသည် သူတို့အတွက် ကောင်းကျိုးမရှိပေ။ ယနေ့တွင် ဤလူများသည် သူတို့၏ ဂုဏ်သတင်းအား ဖျက်ဆီးရန်ရောက်လာကြသကဲ့သို့ ခံစားရပေသည်။

“ဒီခရီးရဲ့ မူလရည်ရွယ်ချက်က ရှေးဟောင်းနယ်မြေအတွက်ပဲ ဖြစ်တယ်။ ရှေးဟောင်းနယ်မြေမှာ ပိုပြီးအဆင့်မြင့်တဲ့ တိုက်ပွဲတွေ တွေ့ရဦးမှာပဲ။ အခုကတိုက်ပွဲတိုက်ရမဲ့အချိန်မကျသေးဘူး။  ကောင်းကင်ဓားခန်းမက ရီဖူရှင်းကို အနိုင်ယူဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။ နောက်ဆုံးဖြစ်ခဲ့တဲ့ နတ်နန်းတော်က တိုက်ပွဲမှာ သူက အဆင့်မြင့်ကောင်းကင်ဘုံက ကောင်းကင်သားတော်တွေအားလုံးကို အနိုင်ယူခဲ့တယ်။ တကယ်လို့ ကောင်းကင်ဓားနန်းတော်က တိုက်ခိုက်ဖို့ရွေးချယ်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့အစွမ်းအထက်ဆုံး တပည့်တွေက သူ့ကို တိုက်ခိုက်နိုင်တဲ့အခွင့်အရေးမျိုးမရှိမှာ စိုးရိမ်မိတယ်။”

လီစွမ်း၏စကားသည် ကောင်းကင်ဓားခန်းမ၏ ကျင့်ကြံသူများကို နောက်တွန့်သွားစေသည်။ ထို့နောက် သူတို့သည် ရီဖူရှင်းအား တစ်ချက်ပြန်ကြည့်မိလိုက်ကြသည်။ နတ်နန်းတော်တိုက်ပွဲတွင် အဆင့်မြင့် ကောင်းကင်ဘုံမှ ကောင်းကင်သားတော်များအားလုံးကို အနိုင်ယူခဲ့သည်လား။ လီစွမ်း၏လေသံအရ သူသည်လည်း ရှုံးနိမ့်ခဲ့ပုံပေါ်သည်။ သို့သော် သူသည် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သော်လည်း လေးစားမှု ရှိခဲ့သည်။

ဆိုလိုသည်မှာ သူသည် သူ့ကိုယ်ပိုင်အစွမ်းကိုတမင်တကာနှိမ့်ချပြီး ကောင်းကင်ဓားခန်းမ၏ တပည့်များကို တိုက်ခိုက်လိုခြင်းမဟုတ်ဟူသော အဓိပ္ပာယ်ဖြစ်သည်။

“ရှေးဟောင်းနတ်ဘုရားနယ်မြေမှာ ကွယ်ဝှက်ထားတဲ့ရတနာပစ္စည်းတွေ ရှာဖွေဖို့…”

ကောင်းကင်ဓား ခန်းမမှ စီနီယာကျင့်ကြံသူများက ရီဖူရှင်းကိုကြည့်ကာ ပြောသည်။

“ကျင့်ကြံသူလောကရဲ့ ထိပ်သီး ဂျူနီယာတစ်ယောက်က ထိခိုက်မှုတွေအပြီးမှာ အမှန်တကယ် ထွက်ပေါ်လာလိမ့်မယ်။ အခုလိုမျိုး မင်းတိုက်ခိုက်နေဦးမယ်ဆိုရင် ဒီနတ်ဘုရားရှေးဟောင်း နယ်မြေထဲကနေ ထွက်သွားရလိမ့်မယ်”

အကြီးအကဲများသည် တိုက်ပွဲတွင် ဝင်မပါသော်လည်း ရှေးဟောင်းနယ်မြေ၏ တိုက်ပွဲကွင်းပြင်တွင် ထိုသို့သော တိုက်ခိုက်မှုများအား ဖြစ်ပွါးစေလိုခဲ့သည်။

“ကောင်းကင်ဓားခန်းမကရော ဒီလိုပဲထွက်သွားမှာလား။ ကောင်းကင်ဓားခန်းမရဲ့ ကျင့်ကြံသူက နောက်လာမဲ့ ခေါင်းဆောင်ရွေးချယ်တဲ့အစီအစဉ်မှာ ဘာလို့မပါဝင်ကြတာလဲ”

မည်သည့်နေရာမှ ထွက်ပေါ်လာမှန်း မသိသော အသံတစ်သံလွှင့်ပျံ့လာသည်။ ထိုအသံသည် အဝေးတစ်နေရာရှိ လေထဲတွင်ရပ်နေသည့် လူထံမှဖြစ်သည်။ သူသည် ထူးခြားအံ့ဩဖွယ်ကောင်းသည့် ပုံရိပ်ယောင်တစ်ခု ဖြစ်သည်။ သူ၏ပုံရိပ်သည် ထိုနေရာတွင်ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။

ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူများသည် ထိုသူအားကြည့်လိုက်ကြသည်။ သူတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သော ဝမ့်ရှန့်ဘုံ၏ ထိပ်တန်းအင်အားစုတစ်ခုဖြစ်သော ပုံရိပ်ယောင်ကျွန်း။

“တကယ်လို့ ပုံရိပ်ယောင်ကျွန်းက တပည့်တွေက သူနဲ့တိုက်ခိုက်ကြည့်ချင်တယ်ဆိုရင် ရှေးဟောင်းနယ်မြေထဲမှာ တွေ့ဆုံကြရမှာပဲလေ” ကောင်းကင် ဓားခန်းမမှ ကျင့်ကြံသူက ပြောသည်။

“ဒါကလုံးဝ မဖြစ်နိုင်ဘူးထင်တယ်။ ဒီမှာရှိတဲ့လူအများစုက သူ့ကိုအခုပဲ စိန်ခေါ်ချင်နေကြပြီ”

ပုံရိပ်ယောင်ကျွန်းမှလူသည်ပြုံးပြီး အခြားသူများကိုကြည့်ကာ ပြောသည်။ ထိုသူများထဲတွင် ဝမ့်ရှန့်ဘုံမှ အခြားထိပ်တန်းအင်အားတစ်ခုလည်းရှိသည်။ ရပ်နေသောသူ၏ ပတ်ဝန်းကျင်လေဟာနယ်မှ ပြင်းထန်သည့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ထွက်ပေါ်နေသည်။

မည်သည့်သူစိမ်းတစ်ယောက်ကမျှ ထိုနယ်မြေထဲ မဝင်ရောက်နိုင်ရုံမက ထိုနယ်မြေနားသို့ပင် ချည်းကပ်နိုင်ခြင်းမရှိကြပေ။ ထိုသို့ ချည်းကပ်သည်နှင့် ပတ်ဝန်းကျင်ရှိ သေဆုံးခြင်းအငွေ့အသက်များက အသက်ဝင်လာမည် ဖြစ်သည်။ ထိုအရာသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် ဖွဲ့စည်းမှုတစ်ခုဖြစ်သည်။ ၎င်းနှင့် နီးကပ်လွန်းသောသူများသည် အသက်ရှုရခက်လာပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်ဟု ခံစားနေရလေသည်။

ဝမ့်ရှန့်ဘုံတွင် သတ်ဖြတ်ခြင်းကမ္ဘာဟုခေါ်သော ထူးခြားသောနေရာတစ်ခု ရှိသည်။ သတ်ဖြတ်ခြင်း ကမ္ဘာမှသူများတွင် ပြင်းထန်သောသတ်ဖြတ်ခြင်း စွမ်းအင်များရှိကြပြီး အလွန်အန္တရာယ်ရှိသူများ ဖြစ်သည်ဟု ယူဆထားကြသည်။

သူတို့ ရှေးဟောင်းနယ်မြေထဲဝင်ရောက်ချိန်တွင် ဘုံကိုးပါးမှ လူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီး သွေးမုန်တိုင်းထန်စေပေလိမ့်မည်။ ကောင်းကင်ဓားခန်းမမှ ကျင့်ကြံသူသည် သတ်ဖြတ်ခြင်းကမ္ဘာမှ လူများကိုကြည့်ကာ ခေါင်းကိုက်သွားသည်။ သို့သော်လည်း သူတို့သာ နတ်ဘုရားရှေးဟောင်းနယ်မြေအတွင်းသို့ ၀င်ရောက်လိုခဲ့သော်လည်း ကောင်းကင်ဓားခန်းမမှ တပည့်များသာမက ဘုံကိုးပါးမှလူအားလုံးပါ သူတို့နှင့်တိုက်ခိုက်ရမည်ဖြစ်ရာ လူများအားလုံးစုပေါင်းကာ  အတူတကွရင်ဆိုင်သင့်ပေသည်။

“ဒီနေရာကလူအားလုံးကို နှုတ်ဆက်ပါတယ်”

ရီဖူရှင်းသည် ကောင်းကင်ဓားခန်းမမှ လူများကို အရိုအသေပေးကာ နောက်ဆုတ်ထွက်ခွါလာချိန်တွင် သေဆုံးခြင်းကမ္ဘာမှကျင့်ကြံသူများနှင့် ပုံရိပ်ယောင်ကျွန်းကို ကြည့်သည်။ ထိုအင်အားစုနှစ်ခုလုံး၏ ပတ်ဝန်းကျင်တွင် အလွန်အမင်း ထူးခြားသည့်လေထုလွှမ်းခြုံထားသည်ကို ခံစားမိပေသည်။

ပုံရိပ်ယောင်ကျွန်းပေါ်မှလူများသည် အစစ်အမှန်မဟုတ်လျှင်ပင် သတ်ဖြတ်ခြင်းကမ္ဘာမှလူများသည် အန္တရာယ်များပေသည်။ သူတို့သည် ဝမ့်ရှန့်ဘုံ၏ ထိပ်တန်းအင်အားစုများထဲမှတစ်ခုမျှသာဖြစ်သည်။ ရောင်ခြည်ဘုံ၊ အရိပ်ဘုံ၊ ကြယ်ဘုရင်ဘုံ၊ ကွယ်ဝှက်ဘုံ၊ တောင်တန်းဘုံနှင့် အင်အားအကောင်းဆုံးဖြစ်သော ဗဟိုဧကရာဇ်ဘုံများလည်းရှိနေသည်။ ရှေးဟောင်းနယ်မြေသို့သွားမည့်ခရီးစဉ်တွင် သွေးစွန်းမှုများမည်မျှ ဖြစ်ပွါးဦးမည်ကို မည်သူမှ မခန့်မှန်း နိုင်ကြပေ။

“ဓားသခင်ရော ဘယ်လိုခံစားရလဲ” ရီဖူရှင်းက သူ့ဘေးရှိဓားသခင် လီဟန်ကိုမေးသည်။

“အဆင်ပြေပါတယ် ကိစ္စမရှိပါဘူး” ဓားသခင်လီဟန်က စိတ်လှုပ်ရှားစွာဖြင့် ပြောသည်။

နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ပြီးနောက်တွင် သူသည်အဆင့်သစ်များစွာ ချိုးဖျက်နိုင်ခဲ့သည်။ လီစွမ်းသည်လည်း ယခုအချိန်တွင်  ကောင်းကင်သားတော်တစ်ယောက်ပင် ဖြစ်သည်။ သူ၏နံဘေးတွင် သန်မာသောကျင့်ကြံသူအချို့ ဝန်းရံလိုက်ပါနေကြသဖြင့် သူ၏အနေအထားသည် မည်မျှကြီးကျယ် ခမ်းနားကြောင်း သိမြင်နိုင်ပေသည်။

“ဒီလမ်းစဉ်သစ်သီးနှစ်လုံးကို ယူထားလိုက်ပါ။  ဓားသခင် ရန်ဟောင်အဆင့်ကို တက်ရောက်နိုင်ပါလိမ့်မယ်။”

ရီဖူရှင်းသည် အသက်သစ်သီးနှင့် ဓားလမ်းစဉ်သစ်သီး နှစ်လုံးကို ထုတ်ပေးသည်။

ဓားသခင်လီဟန်သည် ရီဖူရှင်းကိုကြည့်သည်။ သူသည် ရှားရှင်းယွန်နှင့် အနေအထားမတူပေ။ ရှားရှင်းယွန်နှင့်ရီဖူရှင်းတို့သည် အချိန်များစွာအား အတူတကွ ဖြတ်သန်းခဲ့ကြသဖြင့်  တစ်ဦးနှင့်တစ်ဦး ထိုသို့ထောက်ပံ့ခြင်းသည် ထူးခြားသည့်ကိစ္စမဟုတ်သော်လည်း ထိုသစ်သီးများသည် သူ့အတွက်ယူဆောင်ရန်မူ အလွန်တန်ဖိုးကြီးလှပေသည်။

“ကျွန်တော့်မှာ အများကြီး ကျန်သေးတယ်” ရီဖူရှင်းက ပြုံးကာပြောသည်။

“…..”

ဓားသခင်လီဟန်က မည်သည့်စကားမျှ မဆိုတော့ဘဲ သစ်သီးများကို လှမ်းယူသည်။

“ဓားသခင်ရဲ့ ကျင့်ကြံခြင်းက အတော်ခရီးရောက်နေပြီ ဒါပေမယ့် တစ်ချို့နေရာတွေမှာ ချို့ယွင်းချက်တွေရှိနေတယ်။ လမ်းစဉ်သစ်သီးတွေက အဲဒီ ချို့ယွင်းမှုတွေကို ပြေလည်သွားစေလိမ့်မယ်။  အခွင့်အရေးရခဲ့ရင် ရှေးဟောင်းအကြွင်းအကျန် နယ်မြေမှာလည်း  ကျွန်တော်ကူညီပါ့မယ်” ရီဖူရှင်းက ပြောသည်။

ဓားသခင်လီဟန်သည် သူ့အားယခင်က အကူအညီပေးခဲ့သည်။ ထို့ကြောင့် ဓားသခင်လီဟန် ရန်ဟောင်အဖြစ်သို့ အဆင့်တက်ရန် သူတတ်နိုင်သမျှ ကြိုးစားကာ ကူညီပေးမည်ဖြစ်သည်။

***

All Chapters