← Chapters

ငါ့သခင်

Vol. 016 Ch. 1595

ငါ့သခင်

Vol. 016 Ch. 1595

အကြွင်းအကျန်နယ်မြေသို့ အဖွဲ့ပေါင်းစုံမှ ကျင့်ကြံသူများ ဆက်တိုက်ရောက်ရှိလာကြပြီး ထိုလူများထဲတွင် ရီဖူရှင်းလည်း အပါအဝင်ဖြစ်သည်။ ကောင်းကင်နတ်တံခါးစစ်ပွဲတွင် လူတိုင်းသည်

နတ်ဘုရားအစီအရင်ကြောင့် သူတို့အချင်းချင်း ကွဲကွာသွားကြပြီး ခြားနားသော နေရာဒေသအသီးသီးသို့ ရောက်ရှိသွားခဲ့ကြသည်။ ယခုအချိန်သည် သူတို့အားလုံး အတူတကွဆုံဆည်းနိုင်သည့် အခွင့်ရေးပင် ဖြစ်သည်။ ခေါင်းလောင်းသံများ ဘုံကိုးပါးစလုံး ပျံ့နှံ့သွားပြီး မဟာလမ်းစဉ်၏ဘုံသုံးထောင်လုံးပင်လျှင် ထိုသတင်းအား ကြားသိကြပေလိမ့်မည်။

နှစ်ပေါင်းငါးဆယ်လျှင်တစ်ကြိမ်သာ ကျင်းပသည့် ဤပွဲသည် လူတိုင်း၏စိတ်ဝင်စားခြင်းကို ဆွဲဆောင်နိုင်ပေသည်။ အနည်းဆုံး ယူချင်းသည်တော့ ဤနေရာသို့ ရောက်လာနိုင်မည်ဖြစ်သည်။ သူသည် နဂါးကလန်တွင် မည်သို့သော နည်းလမ်းဖြင့် ကျင့်ကြံနေသည် မသိနိုင်ပေ။ ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆိုးကလန်သည် ယခုတိုင်ရောက်မလာသေးပေ။

ထို့ပြင် ရီဖူရှင်းသည် သိန်းငှက်နက်လေးကိုလည်း စောင့်နေခဲ့သည်။ သူတို့၏စိတ်များသည် ဆက်စပ်နေသဖြင့် ရီဖူရှင်းသည် သိန်းငှက်နက်၏အခြေအနေကို အမြဲတမ်းသိနေခဲ့သော်လည်း သူတို့နှစ်ဦးသည် မဟာလမ်းစဉ်ဘုံသုံးထောင်၏ အလွန်ဝေးကွာသော နေရာတစ်ခုစီသို့ ပို့ဆောင်ခြင်း ခံလိုက်ကြရသည်။ ထိုထက်ပိုပြီး စိတ်ဝင်စားဖွယ်ကောင်းသည့်ကိစ္စမှာ ထိုကောင်စုတ်သည် ရန်ဟောင် မိသားစုထဲဝင်ရောက်သွားပြီး သူတို့၏သမီးဖြစ်သူနှင့် နေ့ရောညပါ အချိန်ဖြုန်းနေခြင်းဖြစ်သည်။ သိန်းငှက်လေး၏အပြောအရ သူသည် တစ်စုံတစ်ယောက်၏ နတ်ဆိုးသားရဲဖြစ်သည်နှင့်တစ်ပြိုင်နက် အခြားသူများက သူ့အား အလွန်အရေးပါသူအဖြစ် သတ်မှတ်သူများရှိလာသည်ဟုဆိုသည်။ တကယ်တမ်းတွင် ထိုအရာများသည် သူ၏ကိုယ်ပိုင်အတွေးများသာ ဖြစ်သည်။

ယခုတွင် ထိုမိသားစုသည် ဗဟိုဧကရာဇ်ဘုံသို့ ရောက်နေကြပြီဖြစ်ပြီး ဤနေရာနှင့် နီးကပ်နေပြီ ဖြစ်သော်လည်း သူတို့ရောက်ရှိရန် အချိန်အနည်းငယ်လိုသေးသည်။ ရီဖူရှင်းသည် ထိုငှက်ရှုပ်လေးသည် တမင်တကာ ထိုသို့ပြုလုပ်နေခြင်းဖြစ်သည်ဟု သံသယဝင်နေသည်။ သိန်းငှက်လေးနှင့် သူ၏အကြားရှိ အကွာအဝေးသည် ပိုမိုနီးကပ်လာသည်ကို သူသိပေသည်။

အမှန်တွင်သူသည် ဝူချင်း ရောက်လာ၊ မလာအား သိလိုခြင်းဖြစ်သည်။ သူသည် ယူချင်းနှင့် သိန်းငှက်လေးတို့နှင့် ပတ်သက်သည့် သတင်းအားလုံးကို သိရှိပြီးဖြစ်ရာ သူတို့အတွက်စိတ်ပူပန်ခြင်းမရှိပေ။ ရီဝူချင်း မည်သည့်နေရာတွင် ရောက်ရှိနေသည်အား သူမသိသော်လည်း ဓားဧကရာဇ်ဟန်ကျုံး၏ ဓားတစ်ချောင်းက စောင့်ရှောက်နေသည်ဖြစ်ရာ  ပြဿနာများထဲမှ သူ့ကိုယ်သူကာကွယ်နိုင်မည်သာဖြစ်သည်။ ထို့နောက် သူ၏အစ်ကိုကြီးနှင့် တတိယအစ်ကိုတို့သည်လည်း မည်သို့ဖြစ်ပျက်နေသည်အား သူမသိရပေ။

ယနေ့တွင်ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆိုးမျိုးနွယ်များ တစ်စုပြီးတစ်စုရောက်ရှိလာကြသည်။ နတ်ဆိုးအမျိုးအနွယ်များဖြစ်သော နတ်နဂါးများ၊ နတ်ဆင်များနှင့် ကောင်းကင်နတ်ဆိုးအဖွဲ့ တို့သည် အတူတကွ ရောက်ရှိလာကြပုံပေါ်လေသည်။ သူတို့၏စည်းလုံးညီညွတ်ခြင်းသည် အနည်းငယ်ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။ ထို့နောက် များစွာသော ကျင့်ကြံသူများ ထပ်မံရောက်ရှိလာပြီး ကောင်းကင်အာဏာစက်ဘုံ၏ စခန်းကို တည်ဆောက်လိုက်ကြသည်။

ကောင်းကင်အာဏာစက်ဘုံမှ နတ်ဆိုးမျိုးနွယ်စုများနှင့် လူသားကျင့်ကြံသူများသည် အချို့သော ပြဿနာများရှိခဲ့သော်လည်း ယခုဘုံကိုးပါးမှကျင့်ကြံသူများနှင့် နှိုင်းယှဉ်ကာပြောရမည်ဆိုလျှင် သူတို့သည်အခြားဘုံများမှအဖွဲ့အစည်းများထက် လူသား ကျင့်ကြံသူများနှင့် ပိုမိုနီးကပ်ပေသည်။ ဤအချိန်တွင် ဘုံကိုးပါးရှိ မရေမတွက်နိုင်သောအင်အားစုများနှင့် မရေမတွက်နိုင်သော ထင်ရှားကျော်ကြားသူများအကြားတွင် ပြင်းထန်သောမုန်တိုင်းတစ်ခု တိုက်ခတ် ပေတော့မည်။

နတ်နဂါးများအနက် ရှန့်ထိုအထွတ်အထိပ်အဆင့်ရှိသော စင်ကြယ်သောနဂါးသွေးမျိုးဆက် ကျင့်ကြံသူ များစွာရှိသည်။ ထိုသူများထဲတွင်လုံချန်းသည် ရှန့်ထိုသားရဲအထွပ်အထိပ်အဆင့်သို့ ရောက်နေပြီ ဖြစ်သဖြင့် ၎င်းသည် သူတို့၏ခေါင်းဆောင်ဖြစ်သည်မှာ မေးခွန်းထုတ်စရာပင်မလိုပေ။ သူသည် သားရဲဘုရင် ဖြစ်လာရန်ခြေတစ်လှမ်းသာလိုတော့သည်ဖြစ်ရာ ဤခရီးစဉ်အပြီးတွင် သူသည် နတ်ဆိုး အင်ပါယာတစ်ဦး ဖြစ်လာနိုင်ပေသည်။

ကျင့်ကြံသူများသည် သူ့နောက်မှလိုက်ပါလာကြသော်လည်း လူငယ်တစ်ဦးသည် သီးသန့်ကွဲထွက်နေပြီး နတ်နဂါးအင်ပါယာနှင့်အတူ ရပ်နေသည်။ ထိုလူငယ်သည် နက်ပိန်းနေသော အင်္ကျီကို ဝတ်ဆင်ထားပြီးအင်္ကျီပေါ်တွင် နက်စွေးသော သံချပ်တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူသည် အတွေးတစ်ချက်နှင့်ပင် လူတစ်ယောက်အား အသက်ရှုရပ်တံ့ သွားစေနိုင်သည့် ကြီးမားကျယ်ပြန့်ပြီး လွှမ်းမိုးနိုင်စွမ်းရှိသော စိတ်ဝိညာဉ်အား ပိုင်ဆိုင်ထားသည်။

“ကျွန်တော်သွားတော့မယ်” လူငယ်ကပြောသည်။

“မင်းသူ့ကို သွားရှာမလို့လား” သူ့ဘေးရှိ နတ်နဂါးသားရဲအင်ပါယာက လူငယ်ကိုကြည့်သည်။

“အင်း” လူငယ်က ခေါင်းညိတ်သည်။

နတ်နဂါးကျင့်ကြံသူများထံမှ သူသည် ယခုအထက်ကောင်းကင်ဘုံရှိ ထိုက်ရွှမ် တောင်တန်း၌ ကျင့်ကြံနေကြောင်းနှင့် နတ်နန်းတော်သို့ ကျင့်ကြံခြင်းခရီးစဉ်အဖြစ် သွားခဲ့ကြောင်း ပြောဆိုနေကြ သည်ကို ကြားခဲ့ရသည်။ ထိုက်ရွှမ်တောင်မှလူများ စခန်းချသည့်နေရာသို့ သွားကာ စုံစမ်းလျှင် သူနှင့်ပတ်သက်သည့် သတင်းများကို သိနိုင်ပေသည်။

“မင်း ငါတို့နဲ့နေဖို့အစီအစဉ်မရှိဘူးလား” နတ်နဂါးသားရဲအင်ပါယာက မေးသည်။ ဤလူငယ်သည် ရီဖူရှင်းအား အလွန်သစ္စာရှိပေသည်။ သူသည် နတ်နဂါးဂိုဏ်းတွင် ကြာမြင့်စွာ ကျင့်ကြံခဲ့သော်လည်း နတ်နဂါးများနှင့် သူ၏ဆက်ဆံရေးသည် အကျွမ်းတဝင်ရှိပုံ မပေါ်သေးပေ။

လူငယ်သည် ယူချင်းပင် ဖြစ်သည်။ သူသည် မည်သို့မျှ ပြန်မဖြေပေ။

“လာ.. ငါမင်းကို ခေါ်သွားပေးမယ်” နတ်နဂါး သားရဲအင်ပါယာက ပြောသည်။

သူသည် ယူချင်း၏ လုံခြုံရေးနှင့်ပတ်သက်ပြီး စိုးရိမ်နေပုံပေါ်သည်။ သို့သော်လည်း သူသည် ရီဖူရှင်း၏ပန်ကြားချက်ကြောင့် နတ်နဂါးဂိုဏ်းတွင် ယူချင်းအား ကျင့်ကြံရန် ခေါ်ဆောင် ထားခဲ့သည် ဖြစ်သည်။

ထိုအချိန်က ရီဖူရှင်း နှင့် ဂူတုံးလျှိုနှစ်ဦးသည် ကောင်းကင်အာဏာာစက်ဘုံကို အပြောင်းအလဲများ ပြုလုပ်နိုင်သူများဟု ထင်မြင်ခဲ့ကြသောကြောင့် နတ်နဂါးဂိုဏ်းသည် ရီဖူရှင်းအား အခွင့်အရေးတစ်ခုကို ဝမ်းမြောက်ဝမ်းသာစွာ ပေးအပ်ခဲ့ကြသည်။ ထို့အပြင် ယူချင်းသည် အလွန် အစွမ်းထက်သောကြောင့် နတ်နဂါးဂိုဏ်းက သူ့အား အလွန်တန်ဖိုးထားပြီး လုံယွင်ထံသို့ပို့ဆောင်ကာ လေးနက်စွာကျင့်ကြံစေခဲ့သည်။

ယူချင်းသည် လုံယွင်ထံသို့ပထမဆုံးအကြိမ် ဝင်ရောက်ခဲ့ချိန်ကနှင့် မတူညီတော့ဘဲ တစ်ခြားစီဖြစ်သွားခဲ့သည်။ တခါတရံ သူသည် ယခင်ကထက် အနည်းငယ် ကွဲပြားသည်ဟု ထင်ရပြီး တကယ်တမ်း စူးစမ်းကြည့်ပြန်သော်လည်း မည်သည့်အရာ ဖြစ်သည်ကိုမူ မပြောနိုင်ပေ။

“အတူသွားရအောင်” လူတစ်စုသည် သူတို့ရှေ့သို့ရောက်လာကြသည်။ နတ်နဂါးအင်ပါယာ လှမ်းကြည့်လိုက်လျှင် သားရဲအင်ပါယာကျူးရန် ဦးဆောင်လာသောအဖွဲ့ဖြစ်သည်ကို တွေ့မြင်ခဲ့သည်။ သူ့သား ကျူးကျောက်လည်း လိုက်ပါလာခဲ့သည်။ သူတို့သည်လည်း ရီဖူရှင်းနှင့်ကောင်းမွန်သော ဆက်ဆံရေးရှိသူများဖြစ်ကြပြီး သားရဲအင်ပါယာကျူးရန်သည် ယခင်က ရီဖူရှင်းအား အကူအညီ ပေးခဲ့ဖူးသည်။

“ကောင်းတာပေါ့” နတ်နဂါးသားရဲအင်ပါယာသည် ခေါင်းညိတ်လိုက်ပြီး ပျံသန်းသွား သည်။ ထို့အပြင် ကောင်းကင်နတ်ဆိုးအဖွဲ့ မှ အခြားကျင့်ကြံသူများလည်း ရောက်ရှိလာပြီး ထိုသူများထဲတွင် ဉဒေါင်းအင်ပါယာလည်းပါဝင်သည်။ သူသည် ခုန်းရွှမ်နောက်မှ လိုက်ပါလာခြင်း ဖြစ်သည်။ လမ်းခရီးတွင်သူတို့သည် နတ်ဆိုးနဂါးအင်ပါယာကို ဖိအားပေးနိုင်သော နတ်ဆင်အင်ပါယာမှ ကျင့်ကြံသူများနှင့်တွေ့ဆုံခဲ့ရသည်။

ရီဖူရှင်းသည် နတ်ဆိုးဘုံတွင် အပေါင်းအသင်းဝင်ဆန့်ပုံပေါ်ပြီး အသိအကျွမ်း အဖွဲ့အစည်း များစွာရှိပေသည်။ ထိုအချိန်တွင် ရီဖူရှင်းရှိရာနေရာတွင် အရှင်ထိုက်ရွှမ်က မျက်လုံးကိုဖွင့်ကာ မလှမ်းမကမ်းရှိရီဖူရှင်းကို ပြောသည်။

“ကောင်းကင်အာဏာစက်ဘုံက နတ်ဆိုးမျိုးနွယ်စုတွေ ဒီကိုလာနေကြတယ် ငါ့အထင် မင်းအတွက်လာကြတယ်ထင်တယ်” ကျင့်ကြံနေသည့် ရီဖူရှင်းသည်မတ်တပ်ရပ်လိုက်ပြီး အဝေးသို့လှမ်းကြည့်သည်။

မကြာခင်တွင် အမျိုးမျိုးသောအဖွဲ့အစည်းများ ပါဝင်နေသည့် ကျင့်ကြံသူအုပ်စုကြီးအား တွေ့လိုက်ရပြီး ထိုအုပ်စုထဲတွင် ရင်းနှီးကျွမ်းဝင်သော မျက်နှာများကိုတွေ့လိုက်ရသည်။ ယူချင်း၊ ခုန်းရွှမ်၊ ကျူးကျောင်းနှင့် များစွာသောအကြီးအကဲများလည်း ရောက်ရှိလာခဲ့သည်။

ယူချင်းကရီဖူရှင်းဆီ ဦးတည်ကာ လျှောက်သွားလိုက်လျှင် ခေါင်းကိုအနည်းငယ်မော့ကာ ကြည့်လိုက်သည့် ရီဖူရှင်းနှင့်အကြည့်ချင်း ဆုံသွားသည်။ ရီဖူရှင်းက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ယူချင်း၏ပုခုံးကို ရိုက်ချသည်။ သို့သော် ယူချင်း၏ ခန္ဓာကိုယ်သည် ခိုင်မြဲသည့် မျှော်စင်ကြီးတစ်ခုကဲ့သို့ အနည်းငယ်မျှပင် မရွေ့လျားပေ။

“ဒီနှစ်တွေမှာ နတ်နဂါးဂိုဏ်းမှာ မင်းဘယ်လိုတောင် ကျင့်ကြံခဲ့တာလဲ” ရီဖူရှင်းက ပြုံး၍မေးသည်။

“မင်း စမ်းကြည့်ချင်လို့လား” ယူချင်းကမေးသည်။

“…” ရီဖူရှင်း၏ အပြုံးများ အေးခဲသွားပြီး ချွေးပြန်လာသည်။

သူက ယူချင်းကိုကြည့်ပြီးပြောသည်။ “သေလိုက်ပါလား”

ထိုအခါ ယူချင်းက သွားဖြဲပြလိုက်ပြီး ရီဖူရှင်းကိုပြောသည်။ “ငါဒီနှစ်တွေမှာ အများကြီးတိုးတက်လာခဲ့တယ် ငါ ပြန်လည်မွေးဖွါးခြင်းအဆင့်ကို ရောက်သွားပြီ။”

“အခု မင်းရဲ့တောင်ပံတွေက အရမ်းအားကောင်းနေပြီလို့ ထင်နေတာလား” ရီဖူရှင်းသည် ယူချင်းက သူ့ကိုစနောက်နေသည်ကိုသိသော်လည်း သူ့အား အမှန်တကယ် ရိုက်နှက်ချင်မိသည်။ သို့သော် သူ့အား ရိုက်နိုင်မရိုက်နိုင်ဆိုသည်မှာ မသေချာပေ။ ယူချင်းသည် တိုက်ခိုက်ရာတွင် ရိုက်ချက်များအား အလွန်ခံနိုင်ရည်ရှိသောသူဖြစ်သည်။

ရီဖူရှင်းသည် သူ၏ရိုက်ချက်အား အနည်းငယ်မျှ မရွေ့လျားဘဲ ခံနိုင်ရည်ရှိသည့် ယူချင်းကဲ့သို့ မာကြောသန်မာသော သူကို မတွေ့ဖူးပေ။ သို့သော်လည်း ယူချင်းကတစ်စုံတစ်ယောက်အား ချုပ်ကိုင်သည်နှင့် အလွန်ဆိုးရွားသည့်အရာများ ဖြစ်လာခဲ့သည်သာဖြစ်သည်။ ထိုအရာအား ယခင်က အကြိမ်ကြိမ် ဖြစ်ခဲ့ပြီးသည့် အဖြစ်အပျက်များက ညွှန်ပြနေလေသည်။

သူ၏ရုပ်ခန္ဓာသည် မည်သည့်အတိုင်းအတာအထိ ခံနိုင်ရည်အားရှိသည်ကို မည်သူမျှမသိကြပေ။ ယူချင်းနောက်မှ လိုက်ပါလာကြသူများသည် သူတို့နှစ်ဦး၏ အပြန်အလှန်တုံ့ပြန်ပုံများကိုကြည့်ကာ ထိုနှစ်ယောက်ကြားရှိ ရင်းနှီးမှုသည် အလွန်ထူးခြားလွန်းသည်ဟု တိတ်တဆိတ် ကောက်ချက်ချ လိုက်ကြသည်။

ရီဖူရှင်းသည် ယူချင်းနောက်မှ လူများကိုကြည့်ကာ ပြောသည်။ “အကြီးအကဲတို့နဲ့ မတွေ့ရတာကြာပါပြီကော”

“မင်းကို အထက်ကောင်းကင်ကလဲ မထိန်းချုပ်နိုင်ဘူးလို့ ကြားတယ်” နတ်နဂါးအင်ပါယာကပြောသည်။ နတ်နန်းတော်တွင် ရီဖူရှင်း ပြုလုပ်ခဲ့သည့် အပြုအမူများ အကြောင်း ကောင်းကင်အာဏာစက်ဘုံသို့ရောက်ရှိပြီးဖြစ်သောကြောင့် သူတို့အားလုံးသိပေသည်။

“မင်းအခု ဘယ်အဆင့်ကိုရောက်ပြီလဲ” နတ်ဆင်ကလန်မှ ကျင့်ကြံသူများက မေးသည်။

ရီဖူရှင်းနှင့်နတ်ဆင်များသည် ပုံမှန်မဟုတ်သောဆက်ဆံရေးရှိသည်။ ယခုတိုင်အောင် သူ၏ ကိုယ်ခန္ဓာတွင် နတ်ဆင်တို့၏ဘိုးဘေးဖြစ်သော ဆယ်မျက်နှာနတ်ဆင်အင်ပါယာ၏ အရိုးရှိပေသည်။

ရီဖူရှင်းက ပြုံး၍ဖြေသည်။ “ပြန်လည်ရှင်သန်ခြင်းအဆင့်”

“ငါသိတယ် ငါမေးတာက ရန်ဟောင် အဆင့်ကို ရောက်ဖို့ဘယ်လောက်လိုသေးလဲလို့မေးတာ”

“သိပ်မကြာတော့ဘူး” အားလုံး၏ အကြည့်အောက်တွင် ရီဖူရှင်းက အရှက်မဲ့စွာ ပြုံးဖြီးဖြီးဖြင့်ဖြေသည်။ သူ၏ ကျင့်ကြံခြင်းသည် အလွန်လျင်မြန်လှသည်။

ခုန်းရွှမ်သည် အနည်းငယ်ထိတ်လန့်တုန်လှုပ်သွားသည်။ သူက ရန်ဟောင် ဖြစ်တော့မှာလား။ သူ၏ကျင့်ကြံမှုနှုန်းသည် သူမထက်သာလွန်သွားရုံသာမက သူမအား နောက်ချန် ထားခဲ့ပြီ ဖြစ်သည်။

“ဉဒေါင်းအင်ပါယာလည်း ဒီကိုရောက်နေတာလား။” အင်ပါယာရှားသည် ဉဒေါင်းအင်ပါယာအား တွေ့သောအခါအံ့အားသင့်သွားသည်။ သူတို့သည် အိမ်နီးချင်းဟောင်းများ ဖြစ်သော်လည်း ဤနေရာတွင် အချင်းချင်းတွေ့ဆုံရမည်ဟု မထင်မှတ်ခဲ့ချေ။

“ခင်ဗျားလည်း ဒီမှာ ပျော်စရာလေးတွေ လာရှာတာပဲမဟုတ်လား” ဉဒေါင်းအင်ပါယာက ပြန်ပြောသည်။

“ ဟုတ်တာပေါ့… ငါတို့ တစ်ယောက်ချင်းစီက အခြားအဖွဲ့ဝင်တွေကိုစောင့်ရှောက်ရတာနဲ့ ပျင်းဖို့ ကောင်းနေပြီ” အင်ပါယာရှားက အပြုံးဖြင့်ပြောသည်။

“အကြီးအကဲတို့ ကျေးဇူးပြုပြီး ထိုင်ကြပါ ။” ရီဖူရှင်းက ကြိုဆိုသည်။ သူ၏ဘေးတွင် လူအများအပြား ရောက်နေသည်ဖြစ်ရာ မည်သူ့ကို အရင်စကားစပြောရမည်မသိ ဖြစ်နေသည်။

“မလိုဘူး ယူချင်းကဒီကိုလာချင်တယ်ဆိုလို့ ငါတို့က လိုက်လာကြတာ။ မင်း ရှေးဟောင်းအကြွင်းအကျန်နယ်မြေထဲဝင်တဲ့အခါကျရင် အားကြီးတဲ့ ပြိုင်ဘက်တွေဝိုင်းနေလိမ့်မယ်။ တစ်ခြားသူတွေကို ရင်ဆိုင်ဖို့ အင်အားလိုအပ်ရင် ငါတို့တစ်စုတစ်စည်းထဲ တိုက်ခိုက်ကြမယ်။ တကယ်လို့ ငါတို့အချင်းချင်း ထိပ်တိုက်တွေ့ခဲ့ကြရင် ညှာတာဖို့ မမေ့ပါနဲ့”

နတ်နဂါးအင်ပါယာက ပြောသည်။ သူတို့ ရှေးဟောင်းနယ်မြေထဲ တစ်ပြိုင်နက်တည်း ဝင်ကြမည်ဖြစ်ရာ မည်သည့်ကိစ္စမဆို ဖြစ်ပျက်လာနိုင်ပေသည်။

“ကျွန်တော် နားလည်ပါပြီ” ရီဖူရှင်းက ပြောသည်။

“ကောင်းပြီ ငါတို့အရင်သွားနှင့်တော့မယ်”  နတ်နဂါးကျင့်ကြံသူများသည် ရီဖူရှင်းအား အနည်းငယ်ဦးညွှတ်နှုတ်ဆက်ကာ ထွက်ခွါသွားကြသည်။ မကြာမီ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြတော့သည်။

…

ဗဟိုဧကရာဇ်ဘုံတွင် ကြီးမားသော အုပ်စုကြီးတစ်စု ခရီးသွားနေကြသည်။ သူတို့သည် လမ်းခရီးတွင် ပျက်စီးခြင်းမြို့သို့ သွားနေကြသော အခြားသောသူများနှင့် မကြာခဏတွေ့ဆုံခဲ့ကြသည်။

ထိုအချိန်တွင် ထိုလူအုပ်ကြီးအလယ်လေထုထဲတွင် မြင်သူ၏စိတ်ဝိညာဉ်ကို လှုပ်ခတ်သွားစေသည့် ထူးခြားသော အလှအပနှင့် ပြည့်စုံသောအမျိုးသမီးတစ်ဦး ရှိနေသည်။ သူမသည် မျက်လုံးများကိုမှိတ်ကာ ကျင့်ကြံနေသည်။

သူမသည် ၎င်း၏ကြီးမားလှသော အတောင်ပံများကိုဖြန့်လိုက်လျှင် ကောင်းကင်ကို ဖုံးအုပ်ထားကာ နေရောင်ကို ကာပြီး ပျံသန်းနေသည့် ကြီးမားလှသော သိန်းငှက်နက်ကြီးပေါ်တွင် ထိုင်နေသည်။

“ငါတို့ ပျက်စီးခြင်းမြို့ကိုရောက်တော့မယ်”

“မင်းဘယ်လိုသိလဲ…”

သူမက မျက်လုံးမှိတ်ရက်သားဖြင့် မေးသည်။ သူသည် ဗဟိုဧကရာဇ်ဘုံမှ မဟုတ်သည်ကို သူမသိလေသည်။

“ငါမင်းကို ပြောဖူးသားပဲ။ ငါနဲ့ငါ့သခင်က စိတ်ချင်းဆက်နွယ်နေကြတာ။ အခုသူက ပျက်စီးခြင်းမြို့မှာ”

“မင်းမှာ ငါဆိုတဲ့ သခင်တစ်ယောက်ပဲရှိတယ်” မိန်းမပျိုက အေးစက်စွာပြောသည်။

သိန်းငှက်နက်က နောက်ထပ်စကားများ ထပ်ပြောချင်သေးသော်လည်း ထိုမိန်းမပျိုက မျက်လုံးကိုဖွင့်ကာ ကြည့်လိုက်လျှင် သိန်းငှက်နက်တစ်ကိုယ်လုံးအား သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းသွားသည်။

“တစ်ခါတုန်းက မင်းလိုပဲ မာနထောင်လွှားပြီးဆင်ခြင်တုံတရားမရှိတဲ့ မိန်းမတစ်ယောက်ရှိတယ်။ သူမက မင်းသမီးတစ်ပါးပဲ” သိန်းငှက်နက်က ပြောသည်။

“ပြီးတော့ရော။” မိန်းမပျိုသည် အလေးမထားဟန်ဖြင့်မေးသည်။

“ပြီးတော့ သခင်ရှေ့ရောက်တော့ ရိုရိုကျိုးကျိုး နေရတော့တာပဲ” သိန်းငှက်နက်က ပြန်လည်ဖြေကြားခဲ့သည်။

အဝေးရှိ ပျက်စီးခြင်းမြို့မှ ရှားရှင်းယွန် နှာချေသည်။

“ဒီတော့ မင်းပြောချင်တာ ဘာလဲ” သတ်ဖြတ်လိုသည့်အငွေ့အသက်များ သိန်းငှက်လေးအား လွှမ်းခြုံသွားသည်။ ဤခွေးကောင်သည် ထိုအရာအား တောင်းဆိုနေခြင်းဖြစ်သည်။ သူ့အား နေ့စဉ်မရိုက်နှက်လျှင် မကြာခဏ ထိုသို့ ရိုင်းစိုင်းဆိုးသွမ်းလာလေ့ရှိသည်။

“ငါ့သခင်ရဲ့ ရုပ်ကချောလွန်းလို့ မရေမတွက်နိုင်တဲ့ အမျိုးသမီးတွေက သူနဲ့ပတ်သက်ပြီး အရူးအမူး ဖြစ်သွားကြတယ်။ သူကထူးချွန်ထက်မြက်တဲ့သူတစ်ယောက်ဖြစ်ပြီး သူ့ကိုဘယ်သူမှမယှဉ်နိုင်ဘူး။ မင်းပြောပြောနေတဲ့ ပါရမီရှင်တွေဆိုတာက ငါ့သခင်ရဲ့ ဖိနပ်တိုက်ဖို့တောင် မတန်ဘူး။ သူ့ရဲ့ ကိုယ်ရောင်ကိုယ်ဝါက နေထက်တောင်တောက်ပတယ်။  သူရောက်လေရာနေရာတိုင်းမှာ ဒဏ္ဍာရီတွေ တွင်ကျန်ခဲ့တယ်။ တိုတိုပြောရမယ်ဆိုရင် မင်းရဲ့အမှားတွေကို ဝန်ခံတောင်းပန်ပြီး မင်းနဲ့ငါ့ရဲ့ ဆက်ဆံရေးကို အခုထက်ပိုကောင်းအောင်လုပ်သင့်တယ်။ ဒီလိုမှမဟုတ်ရင် မင်း ငါ့သခင်ကို တွေ့တဲ့အခါကျရင် အခက်တွေ့လိမ့်မယ်။ အဲအခါကျရင် ငါလဲမင်းကို ကူညီနိုင်မှာမဟုတ်ဘူး”

သိန်းငှက်လေးသည် သူ၏ခေါင်းကို ဝံ့ကြွားစွာမော့ရင်း ပြောသည်။ ထိုမိန်းကလေး၏ မျက်နှာသည် အစိမ်းရောင်သမ်းလာပြီးအေးစက်စွာ မေးသည်။

“မင်းဒီလို အရှက်မဲ့တာကို မင်းသခင်သိလား” သိန်းငှက်လေးက ဒေါသတကြီးဖြင့် ပြန်ပြောသည်။

“လှပြီး ဂုဏ်မောက်တဲ့ သားရဲမင်းသမီးတစ်ပါးလည်း မင်းလိုပဲ… နောက်တော့လည်း….”

ဘုန်း….

သူပြော၍မပြီးသေးခင်မှာပင် မိန်းမပျို၏ စိတ်ရှည်မှုများး ကုန်ဆုံးသွားပြီး ခေါင်းကိုလက်သီးဖြင့် ထိုးချလိုက်သောအခါ ပျံသန်းနှုန်းကို မြှင့်ကာ လျင်မြန်စွာပျံသန်းသည်။

***

All Chapters