အခန်း (၃၂)
Vol. 3 Ch. 32
ဆာရိုမန်က ဒေါသထွက်နေသည်။
သူသည် ဒေါသထွက်နေရုံသာမက ကြောက်လည်း ကြောက်ရွံ့နေသည်။ မနေ့ညက မြို့စောင့်တပ်သားလူငယ်ကို နက်ခရိုမန်ဆာ ခေါ်သွားပြီးနောက် ရိုမန်သည် သူ့လက်နှင့်ပတ်သက်၍ တစ်ခုခု မှားယွင်းနေကြောင်း တွေ့ရှိခဲ့သည်။ သူ၏ ညာဘက်လက်မသည် လုံးဝဆန့်မရတော့သလို ကောင်းမွန်စွာ ကွေး၍လည်းမရတော့ပေ။
ကွေးမရသည်မှာ ပြသာနာမရှိသော်လည်း သို့သော် အားမသုံးနိုင်ခြင်းမှာ သူ့အတွက် အကြီးအကျယ် ထိခိုက်မှုကြီးဖြစ်သည်။ သူ ဓားကို ကိုင်မရတော့ဘူး။
ရိုမန်သည် သူ၏ညာလက်ကို အကြိမ်ကြိမ် ဆုပ်လိုက်ပြီးနောက် စိတ်ပျက်အားငယ်စွာ လွှတ်ချလိုက်သည်။ ဒီမနက် သူ့ကို လွှတ်ပေးပြီးနောက် ဘုန်းတော်ကြီးဒေါ်နယ်လ်က သူ့အတွက် ကုသပေးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
သို့သော် အချည်းနှီးပင်။
လုံးဝ အချည်းနှီးပင်။
သန့်စင်၍ မြင့်မြတ်သော အလင်းရောင်က အကြိမ်ကြိမ် ကျရောက်လာသည်။ သွေးများ စီးဆင်းလာပြီး နွေးထွေးသော စွမ်းအင်သည် သူ့လက်မောင်းမှ လက်ကောက်ဝတ်သို့ စီးဆင်းလာသည်။ သို့သော် သူ လက်ကို ဆုပ်လိုက်သည့်အခါ သူ၏ညာဘက်လက်မမှာ လုံးဝအားမရှိဘဲ ဖြစ်နေဆဲပင်။
အကြောက်ဆုံးအချိန်တွင် ရိုမန်သည် ကုသရေးဆေးရည်ကို မလောင်းခင်လေးတွင် ထိုလူငယ်၏ တောင်းပန်စကားကို သတိရမိသည်၊ "ဒီဒဏ်ရာကို အဲ့လို ကုသလို့မရဘူး... အပြင်ပန်းကုသမှုနဲ့ မရဘူး၊ အတွင်းကနေ ပြင်ဆင်ရမယ်..."
သူ ဘာလို့ အဲ့လိုပြောတာလဲ။ သူ ဘာသိတာလဲ။ ဒါက... တမင်တကာလား။
အဲ့ဒီ တောင်သူလယ်သမား အပြစ်တွေချည်းပဲ။
သူ့ကြောင့်ချည်းပဲ။
ရိုမန်က ညင်သာစွာ ညည်းညူလိုက်သည်။ သူသည် အနီးနားတွင် ရပ်နေသော တပည့်နိုက်ဘက်သို့ လှည့်လိုက်ရာ သူ၏မျက်လုံးများမှာ သွေးများစီးကျတော့မလို နီရဲနေသည်။
"သူတို့ကို ဖမ်းမိပြီလား"
"ကျွ.. ကျွန်တော် မသိဘူး..."
"ဒါဆို သွားရှာကြစမ်း"
တပည့်နိုက်က အပြင်သို့ လျင်မြန်စွာ ပြေးထွက်သွားသည်။
အခုဆိုရင် ဘယ်နှစ်ခါရှိပြီလဲ။ ဘုရားကျောင်းကနေ လူတွေ စတင်စေလွှတ်ကတည်းက အခုချိန်ထိ သူ့ကို ဘယ်နှစ်ခါတောင် ပြေးခိုင်းပြီးပြီလဲ။ သူက စစ်သားတစ်ယောက်ပဲ၊ ဘုရားကျောင်းက သူ့ကို ဖမ်းမရနိုင်ဘူးလား။ အကြိမ်ကြိမ် အခါခါ စစ်ဆေးဖို့ သူ့ကို စေလွှတ်နေတာ ခြေထောက်တွေ ပိန်တော့မယ်။
လူငယ်တပည့်နိုက်သည် ဘေးတံခါးဝသို့ ကပ်သွားပြီး အပြင်သို့ ချောင်းကြည့်လိုက်ရာ ဘာမှမတွေ့ရပေ။ သူပြန်ပြေးလာစဉ် ချွေးများရွှဲရွှဲစိုနေသည်ကို မြင်လိုက်သော ရင်းနှီးသည့် အစောင့်တစ်ဦးက သူ့ကို လှမ်းဆွဲလိုက်သည်။
"သူတို့က ပင်မတံခါးကနေ ဝင်လာတာ"
"ဟမ်"
လူငယ်လေးက အံ့အားသင့်သွားသည်။
ဘုရားကျောင်းမှ ဖမ်းဆီးမှုများ၊ အထူးသဖြင့် အင်အားမရှိသော သာမန်အရပ်သားများကို ဖမ်းဆီးခြင်းသည် ပင်မတံခါးမှ တစ်ခါမျှ မဖြစ်ဖူးပေ။ သူတို့ကို ဘေးတံခါးဝများမှတစ်ဆင့် ခေါ်ဆောင်လာပြီး မြေအောက်ထောင်များထဲသို့ ပစ်ထည့်ကာ နေရောင်ခြည် ပြန်မြင်ရမည့်အချိန်သည် သူတို့မိသားစုများက ရွေးနုတ်ကြေးကို မည်မျှမြန်မြန် ပေးချေနိုင်သည် သို့မဟုတ် အရေးကြီးပုဂ္ဂိုလ်တစ်ဦးဦးက သူတို့ကို ပြန်သတိရသည့်အချိန်ပေါ် မူတည်သည်။
သို့သော် ဒီတစ်ကြိမ်တွင် ဂါရက်ကို မြို့စောင့်တပ်မှူးနှင့် စစ်နတ်ဘုရားကျောင်းမှ ဘုန်းတော်ကြီးတို့က အစောင့်အရှောက်ဖြင့် ခေါ်ဆောင်လာသည်။ ဤနှစ်ဦးသည် အဘယ်ကြောင့် ဘေးတံခါးဝမှ ဝင်မည်နည်း။
ဘုရားကျောင်းကိုယ်စားလှယ်က ထိုသို့ အသက်အန္တရာယ်ရှိသော အလုပ်မျိုးကို လုပ်ဆောင်ရန် သူ မပင်ပန်းသေးဟု ပြောဆိုခဲ့သည်။
ထို့အပြင် ၎င်းသည် သူ၏ ဆုံးဖြတ်ချက်မဟုတ်ပေ။ ထိပ်ပြောင်သော ဘုန်းတော်ကြီးက ရှေ့မှ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားပြီး နိုလန်နိုက်သည် တုံ့ဆိုင်းခြင်းမရှိဘဲ နောက်မှ လိုက်ပါသွားသည်။ ဂါရက်သည် ဤနှစ်ဦးနောက်မှ လိုက်ပါသွားစဉ် ခြင်္သေ့အရေခြုံထားသော မြေခွေးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။
မဟုတ်ဘူး၊ သူက အကြီးအကဲဆရာဝန်နဲ့ အတူ လှည့်လည်စစ်ဆေးနေတဲ့ ပြင်ပ ဆရာဝန်ဖြစ်သင့်တယ်။
နွေဦးနတ်ဘုရားမ၏ ဘုရားကျောင်းသည် ခမ်းနားကြီးကျယ်ခြင်းမရှိပေ။ စစ်နတ်ဘုရားကျောင်းနှင့် ဗလာဖြစ်နေသော တောက်ပနေသည့် ဘုရားကျောင်းတို့နှင့် ယှဉ်လျှင် သေးငယ်သည်။ နွေဦးအစောပိုင်းတွင် နွယ်ပင်များသည် ဘုရားကျောင်း၏ အပြင်နံရံများကို ဖုံးအုပ်ထားပြီး စိမ်းလန်းစိုပြေသည့် အသွင်အပြင်ကို ပေးစွမ်းကာ နူးညံ့သိမ်မွေ့ပြီး တည်ငြိမ်သည့် ပုံစံမျိုး ပေါ်လွင်နေသည်။
ဘုရားကျောင်း၏ ပင်မဝင်ပေါက်၊ ရင်ပြင်ငယ်လေးတစ်ခုပေါ်တွင် ဖြူစင်သော ကျောက်တုံးရုပ်တုတစ်ခု ရပ်နေသည်။ ကျောက်ရေအိုးတစ်လုံးကို ကိုင်ထားသည့် ကျက်သရေရှိသော အမျိုးသမီးတစ်ဦးသည် ရေအိုးပါးစပ်မှနေ၍ အဆက်မပြတ် စီးကျနေသည့် စမ်းရေကန်ထဲတွင် ရပ်နေသည်။ ရုပ်တုပတ်လည်တွင်မူ အဖြူရောင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသည့် ကန်တစ်ခုရှိပြီး သာမန်အရပ်သားများသည် ကိုးကွယ်ရန်၊ ရေကန်ထဲမှ ရေကို ခပ်ယူကာ သေသေချာချာ သယ်ဆောင်သွားလေ့ရှိသည်။
...ဒါက လူလုပ်ရေပန်းလား။
ဘာနဲ့ မောင်းနှင်တာလဲ။ ရေစုပ်စက် ဒါမှမဟုတ် မှော်အဝိုင်းလား။
ဒါ သေချာပေါက် ဘုရားပေးဆုလာဘ်သက်သက်တော့ မဟုတ်ဘူးမလား။
ဂါရက်က စပ်စုစွာ လေ့လာလိုက်သည်။
ရေစင် ဒါမှမဟုတ် ရေစုပ်စက်ဆိုရင်တောင် ရေအဆက်မပြတ် ရရှိအောင် လုပ်ထားတာက တော်တော်လေး ကောင်းမွန်ပါတယ်။ ဒါပေမယ့် ရေကို အနယ်ထိုင်တာ၊ စစ်ထုတ်တာ၊ အနည်ဖျော်တာ၊ စစ်ထုတ်ပြီး ပိုးသတ်တာတွေ လုပ်ထားလားဆိုတာ သူ တွေးမိတယ်။ အင်း၊ သူတို့ဆီမှာ အဲ့ဒါတော့ မရှိလောက်ဘူး၊ ဘုရားရဲ့အလင်းရောင်နဲ့ လုပ်တာများလား။
ဘာပဲဖြစ်ဖြစ် လမ်းတွေပေါ်မှာတောင် မိုးမရွာရင် ဖုန်ထူပြီး မိုးရွာရင် ရွှံ့တွေချည်းပဲ။ မိလ္လာစနစ်လည်း မရှိဘူး၊ နေ့စဉ် ရေအရည်အသွေးက အတော်လေး သံသယဖြစ်ဖွယ် ကောင်းတယ်။ ကာလဝမ်းရောဂါ ကူးစက်ရင်တော့...
လူအများအပြား သေဆုံးနှုန်းကတော့ ခဏလေးအတွင်းမှာ ဖြစ်သွားမှာ အသေအချာပဲ။
အရေးပေါ်ခွဲစိတ်ဆရာဝန်ဟောင်းတစ်ဦးအနေဖြင့် ဤအကြောင်းတွေးလိုက်သောအခါ ဂါရက်သည် သူ၏ အရေးပေါ်ဆေးပညာဌာနမှ လုပ်ဖော်ကိုင်ဖက်ဟောင်းများအတွက် ရူးသွပ်လုနီးပါး ခံစားလိုက်ရသည်။
သူ၏ ပေါက်ကရအတွေးများကို ဤတွင်ပင် ရပ်လိုက်သည်။ အစောင့်နှစ်တန်းသည် ဘုရားကျောင်းဝင်ပေါက်မှ အလျင်အမြန် ပြေးထွက်လာပြီး ဘယ်ညာ ခွဲကာ တန်းစီလိုက်ကြသည်။ သူတို့နောက်မှနေ၍ နွေဦးနတ်ဘုရားမ၏ ဘုရားကျောင်းအရာရှိများသည် စနစ်တကျ ထွက်ပေါ်လာသည်။
ဂါရက်၏ မျက်လုံးများ လင်းလက်သွားသည်။ ခေါင်းဆောင်သည် ငွေရောင်သရဖူ ဆောင်းထားပြီး၊ ခါးပတ်တွင် ငွေကြိုးနှင့် ဖဲကြိုးပန်းများ ထိုးထားသည့် အပြာနုရောင် ပိုးခြုံဝတ်စုံကို ဝတ်ဆင်ထားခြင်းက သူ၏ ခုနစ်ဆင့်မြောက် ဘုန်းတော်ကြီး အဆင့်အတန်းကို ဖော်ပြနေသည်။ သူ၏နှာခေါင်းပေါ်တွင် အဝိုင်းပုံဘောင်ပါ မျက်မှန် တပ်ထားပြီး မီးရောင်အောက်တွင် တောက်ပနေသည်။
မျက်မှန် ..မျက်မှန်တွေလား။
ဒီခေတ်မှာ မျက်မှန်တွေ လုပ်နိုင်နေပြီပဲ။
မျက်မှန်ရှိရင် မှန်ဘီလူးတွေ ရှိလာမယ်၊ ဆေးဘက်ဆိုင်ရာ လေ့လာမှုအတွက် အခြေခံအုတ်မြစ်ပဲ။
အဏုကြည့်မှန်ဘီလူးလေးရေ ငါ လာပြီဟေ့….
E. coli, Staphylococcus aureus, ပဋိဇီဝဆေးတွေရေ ငါ လာပြီဟ…
သူသည် ၎င်းတို့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ ၎င်းတို့ဘက်မှ မည်သူမျှ ထိုသို့မပြုလုပ်ကြပေ။ နွေဦးနတ်ဘုရားမ၏ အကြီးအကဲ ဘုန်းတော်ကြီးသည် လှေကားထစ်များမှ အလျင်အမြန် ဆင်းလာပြီး၊ ခြေလှမ်းနှစ်လှမ်း မြန်မြန်လှမ်းလိုက်၊ ထို့နောက် ကျက်သရေရှိစွာ ရပ်လိုက်သည်။ လက်နှစ်ဖက်ကို ဆုတောင်းသည့်ဟန်ဖြင့် မြှောက်ပြီး ဆယ်ပေအကွာတွင်ရှိသော စစ်နတ်ဘုရား၏ ဘုန်းတော်ကြီးကို ပြုံးပြလိုက်သည်။
"နွေဦးနတ်ဘုရားမရဲ့ ကောင်းချီးမင်္ဂလာ ပေးသနားပါစေ။"
နှုတ်ဆက်ခြင်း၊ လှေကားထစ်များ ဆင်းခြင်း၊ ရပ်ခြင်း၊ ထို့နောက် ဦးညွှတ်ခြင်း၊ ဤလုပ်ဆောင်ချက် အစီအစဉ်သည် ချောမွေ့လှပစွာ စီးဆင်းနေသည်။ ဤလုပ်ငန်းစဉ်သည် အသေးစိတ်အထိ ချွတ်ယွင်းချက်မရှိအောင် ဂရုတစိုက် လေ့ကျင့်ထားပုံရသည်။ ဂါရက်အတွက်မူ ၎င်းတို့ဆေးရုံအုပ်ကြီးသည် စစ်ဆေးရေးကာလအတွင်း အထက်လူကြီးများကို ကြိုဆိုသည့် ပုံစံမျိုးနှင့် အလားသဏ္ဌာန်တူနေသည်။
"စစ်နတ်ဘုရားမင်း ကောင်းချီးပေးပါစေ။"
ထိပ်ပြောင်သော ဘုန်းတော်ကြီးက ပြန်ပြုံးပြသည်။
ဓမ္မဆရာနှစ်ပါး နှုတ်ဆက်စကားပြီးဆုံးသော် ဘုန်းတော်ကြီးသည် ဘေးနားရှိ နိုလန်နိုက်ကို တစ်ချက်ကြည့်လိုက်သည်။ ဂါရက်သည် ဘုန်းတော်ကြီး၏ အကြည့်သည် သူ့အား ဖြတ်ကျော်သွားသည်ကို ထင်ရှားစွာ မြင်လိုက်ရပြီး၊ ထို့နောက် သူ့ကို ဖမ်းဆီးရန် လာရောက်ခဲ့သော ဘုရားကျောင်းသံတမန်နှင့် အစောင့်နှစ်ဦးကို ကြည့်လိုက်သည်။ သို့သော် သူတို့သည် ဘာမှမသိသကဲ့သို့ ယဉ်ကျေးစွာ ပြုံးပြပြီး တစ်ဖန် ယဉ်ကျေးစွာ ဦးညွှတ်လိုက်ပြန်သည်။
"နွေဦးနတ်ဘုရားမ ကောင်းချီးပေးပါစေ။"
"နတ်ဘုရားမရဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်"
အရှေ့၊ ဘယ်ဘက်နှင့် ညာဘက်ရှိ စစ်သားများက ပြိုင်တူ တုံ့ပြန်လိုက်ကြသည်။
ဂါရက်သည် သူတို့၏ဟန်ပန်ကို အတုယူကာ သူတို့နှင့်အတူ ခေါင်းငုံ့ကာ တုံ့ပြန်စကားကို တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သာမန်စစ်သားတစ်ဦးကဲ့သို့ လုံးဝမထင်ရှားဘဲ ဟန်ဆောင်နေသည်။
သို့သော် သူ မအောင်မြင်ခဲ့ပေ။ အဖွဲ့၏တစ်ဝက်သည် စစ်နတ်ဘုရားဘုန်းတော်ကြီးများဖြစ်ပြီး၊ အားလုံး ဝတ်ရုံများ ဝတ်ဆင်ထားသည်။ ကပ္ပတိန်နိုလန်အောက်ရှိ နိုက်များမှာ ဝတ်ရုံများ မဝတ်ဆင်ထားသော်လည်း သူတို့၏ သံချပ်ကာဝတ်စုံများ၏ ပြောင်မြောက်သော လက်ရာသည် ဂါရက်ကို လုံးဝခြားနားသော အဆင့်သို့ ရောက်စေခဲ့သည်။
လူတစ်ယောက်ကို ဖမ်းဖို့လာတဲ့ နွေဦးနတ်ဘုရားမရဲ့ ဘုရားကျောင်းအစောင့်တွေတောင် အပြင်မှာ မျက်နှာပန်းလှအောင် အနည်းဆုံး သပ်ရပ်တဲ့ ယူနီဖောင်းတွေ ဝတ်ဆင်ထားကြသည်...
တစ်ချက်ကြည့်လိုက်သည်နှင့် သူတို့အလယ်တွင် သူ၏ကြမ်းတမ်းသော လီနင်ဝတ်ရုံနှင့် ဒူးအထိရှည်သော ဘောင်းဘီတိုဖြင့် သူက အထူးခြားဆုံး ကွဲပြားနေခြင်းပင်။
ထိုမျှသာမက ဘုရားကျောင်းထဲသို့ ဝင်ရောက်ပြီးနောက် ကပ္ပတိန်နိုလန်က သူ့ကို ဆွဲခေါ်ကာ အကြီးအကဲဘုန်းတော်ကြီးရှေ့သို့ တွန်းပို့လိုက်သည်။
"ဒီကောင်လေးက ကျွန်တော်တို့ မြို့စောင့်တပ်က လူသစ်တစ်ယောက်ပါ။ သူ မကြာသေးမီက ကုသနိုင်တဲ့ မှော်ပညာကို နိုးထလာခဲ့ပြီး ကျွန်တော် သူ့အပေါ်မှာ မျှော်လင့်ချက်ကြီးမားပါတယ်။ ခင်ဗျားတို့ရဲ့ ဂုဏ်သရေရှိ ဘုရားကျောင်းက သူ့ကို မေးခွန်းအနည်းငယ် မေးချင်တယ်လို့ ကြားလို့ ကျွန်တော် သူ့ကို လိုက်ပါလာပြီး နားထောင်ပေးတာပါ။ ခင်ဗျား စိတ်ထဲမရှိဘူးမလားဗျာ။"
ဂါရက်: ...ကျွန်တော် ကလေးမဟုတ်ပါဘူး…