အခန်း (၃၅)
Vol. 3 Ch. 35
နွေဦးနတ်ဘုရားမ ကျောင်းတော်မှ ထွက်လာခဲ့သည့် အချိန်မှာ ညဉ့်နက်နေပြီဖြစ်သည်။ အဖွဲ့သားများ တဖြည်းဖြည်း ကွဲသွားပြီး တစ်ယောက်စီ အိမ်ပြန်ခဲ့ကြသည်။ ဆာနိုလန်သည် တမင်တကာ ပိုရှည်သော လမ်းကြောင်းမှ လျှောက်လာခဲ့ပြီး ဂါရက် နော့ဒ်မတ်ခ်ကို သူ၏အိမ်မှ မလှမ်းမကမ်း လမ်းတစ်ခုအထိ လိုက်ပို့ပေးပြီးမှ ခွဲခွာခဲ့သည်။
ဂါရက်သည် ထိုလမ်းငယ်လေးအတိုင်း တစ်ယောက်တည်း လျှောက်လာခဲ့သည်။ သူ ပတ်ပတ်လည် ကြည့်လိုက်ရာ ဘေးတစ်ဖက်တစ်ချက်ရှိ အိမ်များမှာ မည်းမှောင်နေပြီး မည်သည့်အလင်းရောင်မျှ မရှိချေ။ အတွင်းမှ လူတိုင်း အိပ်စက်နေကြပြီဟု ထင်ရသည်။ ရံဖန်ရံခါ ခွေးဟောင်သံက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်ပြီး ပြန့်ကျဲကာ အိပ်မက်ဆန်နေသည်။
ဤမှောင်မိုက်သော ပင်လယ်ပြင်ထဲတွင် ဂါရက်သည် သူ၏မှတ်ဉာဏ်များဖြင့် စစ်ဆေးကာ သူ၏အိမ်ကို မှတ်မိရန် ရုန်းကန်နေရသည်။ ကံမကောင်းစွာဖြင့် ပတ်ဝန်းကျင်က အလွန်မှောင်မိုက်နေပြီး အိမ်များအားလုံးမှာလည်း ပုံစံတူနေ၏။ နိမ့်ပြီး ကျဉ်းမြောင်းကာ အမိုးစွန်းများမှာ လက်တစ်ကမ်းနီးပါး ရှိသည်။ ပတ်ပတ်လည် ကြည့်နေသော်လည်း ခဏအကြာတွင် သူ၏အိမ်နှင့် ဆင်တူသည့် အိမ်တစ်လုံးကို မတွေ့သေးသဖြင့် စိတ်မရှည်မှုတစ်ခု ဝင်လာခဲ့သည်။
"ငါ့ရဲ့ အတိတ်မှတ်ဉာဏ်တွေက တကယ်ပဲ ဘယ်လောက် မှန်ကန်နိုင်မှာလဲ"
သူ၏ဒုက္ခများအပြင် ထိုအချိန်တွင် သူ၏ဗိုက်ကလည်း ကျယ်လောင်စွာ အော်မြည်လာခဲ့သည်။
ဂါရက်။ " "
သူ ညစာ စောစောစားခဲ့သည်မှာ မှန်သော်လည်း သိသိသာသာပင် မလုံလောက်ခဲ့ပေ။
လခွမ်း… ဒီအချိန်ကြီးရောက်မှတော့ ဘယ်နေရာကနေမှ စားစရာရှာလို့ရမှာမဟုတ်ဘူး။
အရင်ပိုင်ရှင်က ကင်းလှည့်မထွက်ခင် အခြောက်အလှမ်းစာတွေ သိမ်းထားခဲ့ပါ့မလား။
သိမ်းထားခဲ့ရင်တောင် ရက်အနည်းငယ်ကြာပြီးဆိုတော့ ပေါင်မုန့်နက်က စားလို့ရပါ့ဦးမလား
ဒီည စစ်တန်းလျားမှာပဲ နေခဲ့ရင်ကောင်းသား။ အခုမှ ပြန်သွားပြီး တံခါးခေါက်လို့ ရပါ့မလား။
ဂါရက်၏ စိတ်ထဲတွင် အတွေးများ လည်ပတ်နေရင်း ထောင့်တစ်ထောင့်ကို ကွေ့လိုက်ရာ ရုတ်တရက် အလင်းရောင်နှင့် ကြုံလိုက်ရသည်။ ခြေလှမ်းသုံးဆယ်ခန့်အကွာတွင် ပြတင်းပေါက်တစ်ခုမှ အလင်းရောင် ထွက်ပေါ်နေသည်။ မတောက်ပသော်လည်း မှောင်မိုက်နေသော ညတွင် သိသာထင်ရှားသည်။
ဗီဇအတိုင်း ဂါရက်သည် ထိုအိမ်ဆီသို့ လျှောက်သွားခဲ့သည်။ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် တံခါးက တကျွီကျွီအသံနှင့် ပွင့်လာပြီး ဆီမီးခွက်ကို ကိုင်ထားသော ပိန်ပါးသည့် အမျိုးသမီးတစ်ဦး သတိကြီးစွာဖြင့် ထွက်လာသည်။ မလှမ်းမကမ်းရှိ ဂါရက်ကို မြင်လိုက်သောအခါ သူမ၏မျက်နှာ ဝင်းပသွားပြီး သူ့ကို အားရပါးရ လက်ပြလိုက်သည်။
"ဂါရက်လေး။ ပြန်ရောက်လာပြီလား။ ညစာစားပြီးပြီလား။ ကရင်…. အက်ဒ်ဝပ်.. ဂါရက်လေး ပြန်ရောက်လာပြီ"
တိတ်ဆိတ်နေသော အိမ်ထဲမှ ဦးလေးကရင် ခေါ်ဆောင်ရာနောက်သို့ လူအုပ်ကြီး ပြေးထွက်လာသည်။
ဂါရက်သည် ထိုနေရာတွင်သာ ရပ်နေမိသည်။ ဘာကြောင့်မှန်းမသိပေ။ သူ၏ရင်ထဲတွင် ဆို့နင့်သွားပြီး သူ့မျက်လုံးများပင် ဝဲလာသည်။
ငယ်စဉ်ကတည်းက မိဘများ ကွာရှင်းခဲ့ကြပြီး သူ၏မိခင်မှာ မနက်ပိုင်းတွင် ခေါက်ဆွဲရောင်း၊ ညဘက်တွင် ဆန်ပြုတ် ရောင်းချကာ ပင်ပန်းကြီးစွာ ရုန်းကန်၍ သူ့ကို ပြုစုပျိုးထောင်ခဲ့သည်။ ဆေးပညာကို လေ့လာခြင်း၊ ဆေးကုသခြင်းတို့သည် ကျောင်းတက်စဉ်က စာမေးပွဲဖြေဆိုခြင်းကဲ့သို့ပင် ပညာသင်နှစ်ကုန်တိုင်း ခံစားရသည်။ အလုပ်စဝင်ပြီးနောက်တွင်လည်း အမြဲတမ်း အချိန်ပိုဆင်းရသဖြင့် မိခင်နှင့်အတူ နေရန် အချိန်မရှိခဲ့ပေ။ လက်ထောက်ညွှန်ကြားရေးမှူးရာထူး တိုးမြှင့်ခံရကာ အနည်းငယ် စိတ်အေးရပြီဟု မျှော်လင့်နေစဉ် ဘဝက တစ်ဆစ်ချိုးပြောင်းလဲသွားပြီး၊ အလင်းပင်လယ်ထဲတွင် သူသည် တောင့်တသော်လည်း ဂရုမစိုက်ခံရဘဲ ကျန်ရစ်ခဲ့သည်။
ယနေ့အချိန်အထိပင်။
"အန်တီ အိုင်ရင်း"
သူ တီးတိုးရေရွတ်လိုက်သည်။ အမျိုးသမီးက ပြေးလာပြီး သူ့ကို ဆွဲကိုင်ကာ ပတ်ပတ်လည် ကြည့်လိုက်သည်။
"ဂါရက်လေး ပြန်ရောက်လာပြီလား။ ကောင်းရဲ့လား။ အဲဒါ ကောင်းတဲ့အရာ မဟုတ်ဘူးဆိုတာ အန်တီသိသားပဲ။ ဒီတစ်ခါတော့ မင်းကြောင့်တဲ့။ ဦးလေးကရင်က ပြောပြတယ်၊ ကံကောင်းလို့ မင်းသူ့ကို ကယ်တင်နိုင်ခဲ့တာ..."
သူမသည် ပြောရင်းဆိုရင်း သူ့ကို အိမ်ထဲသို့ ဆွဲခေါ်သွားပြီး စားပွဲတစ်လုံးဆီသို့ ပို့ဆောင်လိုက်သည်။ ဒုန်းခနဲ အသံနှင့်အတူ အရိုးများ ထိုးထွက်နေသော အသားဟင်းချိုပန်းကန်လုံးတစ်လုံး သူ့ရှေ့သို့ ရောက်လာပြီး မွှေးရနံ့များ သင်းပျံ့ကာ စားချင်စဖွယ်ရှိလှသည်။
"အန်တီ အိုင်ရင်း ကျွန်တော် ညစာ စားပြီးပြီ"
ဂါရက်က ငြင်းဆန်ရန် ကြိုးစားလိုက်သည်။ သူ စကားမဆုံးခင်မှာပင် သူ၏ဗိုက်က ထပ်မံ၍ အော်မြည်လာသည်။ ရှက်ရမ်းရမ်းကာ မျက်နှာနီမြန်းသွားပြီး အန်တီအိုင်ရင်းက ရယ်မောကာ သူ၏ဆံပင်ကို ဖွလိုက်သည်။
"အန်တီကို အားနာမနေပါနဲ့။ မင်းငယ်ငယ်လေးကတည်းက အန်တီတို့အိမ်မှာ ဘယ်လောက်များများ စားခဲ့ဖူးလဲ၊ ဘယ်တုန်းကမှ ရှက်တာမျိုး မမြင်ဖူးပါဘူး။ ပြီးတော့ မင်းက ဦးလေးကရင်အသက်ကို ကယ်ခဲ့တာ။ အန်တီကို အားနာနေရင် အန်တီက မင်းကို ကုသစရိတ် ပေးရမလား။"
သူမ ပြောရင်းဆိုရင်း အိမ်ထဲတွင် အလုပ်ရှုပ်နေသည်။ ပေါင်မုန့်အနည်းငယ်ကို လှီးဖြတ်ပြီးနောက် မျက်နှာကျက်မှ ချိတ်ဆွဲထားသော အသားခြောက်အချို့ကို ဖြုတ်ယူကာ နှစ်ချပ်လှီးဖြတ်လိုက်သည်။ လျင်မြန်စွာပင် ဂါရက်၏ ညာလက်ဘေးတွင် ချပေးလိုက်သည်။
"လူငယ်လေး စားနိုင်တာက ကောင်းချီးတစ်ခုပဲ။ စား…များများစား…."
ဂါရက်က ရှက်ပြုံး ပြုံးလိုက်သည်။ သူ မငြင်းဆန်တော့ဘဲ လက်တစ်ဖက်က ပေါင်မုန့်ကိုကိုင်၊ တစ်ဖက်က ဟင်းချိုကိုကိုင်ကာ အားရပါးရ စားတော့သည်။ အန်တီအိုင်ရင်းက သူ့ကို ပြုံးရယ်ကာ ကြည့်နေပြီးနောက် လှည့်ကာ သူမ၏သားများကို ကြက်ကလေးများကဲ့သို့ မောင်းထုတ်လိုက်သည်။
"သွား..သွား..သွား…သွား….ဘာတွေ ကြည့်နေတာလဲ၊ သွားအိပ်တော့။ ကလေးတွေက မအိပ်ရင် မကြီးထွားဘူး"
ဦးလေးကရင်၏ သားနှစ်ယောက်သည် ဂါရက်ထက် ငယ်ကြသည်။ အက်ဒ်ဝပ်သည် ဆယ့်သုံးနှစ်၊ ဒေးဗစ်သည် ဆယ်နှစ်။ ကောင်လေးနှစ်ယောက်သည် ဂါရက်ထံသို့ စားချင်စိတ်ဖြင့် ကြည့်နေကြသော်လည်း သူတို့၏အမေကို မဆန့်ကျင်ရဲကြပေ။ အမေဖြစ်သူက သူတို့ကို ဆွဲ၍ အိပ်ခန်းထဲ ပစ်ထည့်လိုက်သည်။
ဂါရက် အနည်းငယ် ရှက်သွားသည်။ စကားပြောရန် ပြင်နေစဉ်မှာပင် သူ၏အဝတ်ကို တစ်စုံတစ်ဦးက ဆွဲနေသည်ကို ခံစားလိုက်ရ၏။
"အစ်ကိုကြီး ဂါရက်"
ဂါရက်က လှည့်ကြည့်လိုက်သည်။ သူ၏ဘေးတွင် ရပ်နေသည်မှာ ငါးနှစ်၊ ခြောက်နှစ်အရွယ် ကောင်မလေးတစ်ဦးဖြစ်ပြီး၊ အဝတ်အစားပါးပါးလေးဖြင့် ပိန်ပိန်ပါးပါးလေးပင်။ ဆီမီးရောင်အောက်တွင် သူမသည် ဂါရက်ကို ရှက်ရှက်ဖြင့် မော့ကြည့်နေသည်။ သူမမျက်နှာသည် အနည်းငယ် ဖြူဖျော့နေပြီး တစ်စုံတစ်ခုကို သူ၏ပါးစပ်ဆီ တိုးပေးနေ၏။
"အစ်ကို စားလေ"
ဂါရက်သည် သူ၏မှတ်ဉာဏ်များကို ပြန်ရှာကြည့်သောအခါ ထိုကလေးမလေးမှာ ဦးလေးကရငါ၏ သမီးအငယ်ဆုံးဖြစ်ပြီး ခြောက်နှစ်ခွဲအရွယ် အေဗီမှန်း မှတ်မိသွားသည်။ ဂါရက်သည် သူမကို ညင်သာစွာ ပွေ့ချီလိုက်ပြီး အနီးအနားမှ ထိုင်ခုံပုလေးပေါ် ထိုင်ခိုင်းလိုက်သည်။
"အေဗီလေး ဘာလို့ ဆင်းလာတာလဲ။ ညဘက်ဆို အေးတယ်လေ"
သူသည် ပြောရင်းဆိုရင်း သူမ မြှောက်ထားသည့်လက်ကို ညင်သာစွာ ဖိချရန် ကြိုးစားသည်။ သို့သော် ကောင်မလေးသည် မရုန်းကန်ဘဲ လှည့်နေသည်။
"အစ်ကို စားလို့"
"အစ်ကို မစားဘူး။ အေဗီလေးပဲစား"
"အစ်ကိုက ဖေဖေ့ကို ကယ်ခဲ့တာ။ အစ်ကို စား…"
အေဗီသည် သူမ မြှောက်ထားသည့်လက်ဖြင့်သာ ဆက်၍ တိုက်တွန်းနေသည်။ ရှောင်ဖယ်ရန် ကြိုးစားသော်လည်း ဂါရက်သည် ကောင်မလေး၏ ဇွဲလုံ့လကို အမြဲ ရှုံးနိမ့်ရသည်။ သူသည် ကောင်မလေးတွင် နာတာရှည်ရောဂါရှိပြီး အနည်းငယ် ပင်ပန်းရုံဖြင့် မျက်နှာဖြူဖျော့သွားသည်ကို မှတ်မိသည်။ ဂါရက်သည် အေဗီကို ပင်ပန်းစေလိုခြင်း မဟုတ်ပေ။ ကူကယ်ရာမဲ့စွာ သူသည် အန်တီအိုင်ရင်းထံ လှည့်၍ ညည်းညူလိုက်သည်။
"အန်တီ ဘာလို့ အေဗီကို ဒီအကြောင်းတွေ ပြောတာလဲ"
"ပြောရမှာပေါ့။"
အန်တီအိုင်ရင်းသည် ဘေးတွင် ရပ်ကာ ပြုံးကြည့်နေပြီး မငြင်းရန် ဂါရက်ကို မေးငေါ့ပြကာ အချက်ပြလိုက်သေးသည်။ ဂါရက်တွင် ရွေးချယ်စရာမရှိတော့ဘဲ သူ့ပါးစပ်ဖွင့်လိုက်သောအခါ အေဗီက သူ့အား ခွံ့ကျွေးလိုက်သည်။
လျှာဖျားကို ထိလိုက်သည်နှင့် သင်းပျံ့သည့်ချိုမြိန်မှုက ပျံ့နှံ့သွားသည်။ ဤသည်မှာ မုယောချိုချဉ်တစ်မျိုးပင်။ သူ၏ ယခင်ဘဝတုန်းက ဤကဲ့သို့ သာမန်ချိုချဉ်လေးသည် ဤနေရာတွင်မူ ကလေးများအတွက် ရှားပါးသည့် မုန့်ကောင်းတစ်ခုဖြစ်ပြီး တစ်လ၊ နှစ်လခန့်ပင် သိမ်းထားတတ်ကြသည်။
"ကျေးဇူးတင်ပါတယ်"
ဂါရက်သည် အေဗီ၏ ဆံပင်ကို ညင်သာစွာ ပုတ်လိုက်သည်။ ကောင်မလေးသည် ပြုံးပြသော်လည်း ရုတ်တရက် ချောင်းဆိုးလိုက်ပြီး သူအရင်ဘတ်ကို ဖိကာ မျက်နှာနီရဲသွားသည်။ ဂါရက်သည် တုံ့ဆိုင်းနေပြီး သူမ၏ ကျောကို ပုတ်ရန် လက်လှမ်းလိုက်ရာ၊ တစ်ဝက်ခန့် ရောက်သောအခါ သူ၏နှလုံးသား တုန်လှုပ်သွားသည်။
နွေဦးကာလအစပိုင်းဖြစ်ပြီး ရာသီဥတုက နွေးထွေးလာနေပြီ။ ကောင်မလေးသည် ဖိနပ်မပါဘဲ အိမ်ပြင်သို့ ပြေးထွက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ ခြေချောင်းလေးများ ထွက်ပေါ်နေပြီး ဖျော့တော့သော ပန်းရောင်ရှိသင့်သည့် ခြေသည်းများသည် ဆီမီးရောင်အောက်တွင် မဲမှောင်နေသကဲ့သို့ပင်။
Cyanosis လား…
(T/L. Cyanosis ဆိုတာက oxygen နည်းတာကြောင့် အသက်ရူမဝဖြစ်ပြီး ခြေဖျားလေးတွေခရမ်းရောင်သမ်းလာတာပါ။ တစ်နည်းအားဖြင့်ဆိုရင် နှလုံးနဲ့ပတ်သတ်တဲ့ရောဂါတစ်မျိုးပါ)
ဂါရက်၏ စိတ်ထဲတွင် အချက်ပေးသံများ ထွက်ပေါ်လာသည်။ သူ မျက်လုံးများကို ပွတ်သပ်လိုက်၏။
သူ လက်လှမ်း၍ ဆီမီးခွက်ကို အေဗီ၏ ခြေထောက်များနား ပိုတိုးလိုက်ပြီး အသေအချာ ကြည့်ရှုလိုက်သည်။
လုံးဝ မမှားနိုင်ပေ။ အေဗီ၏ ခြေသည်းများတွင် ခရမ်းရောင်သမ်းနေခြင်းပင်။
"ဘာမှမဟုတ်ပါဘူး။ အေဗီက ရွေ့လျားရတာ မကြိုက်လို့ပါ။ သူမက ကျန်းမာရေးသိပ်မကောင်းဘူး။ ရာသီဥတုပြောင်းလဲရင် ချောင်းဆိုးလွယ်တယ်"
အန်တီအိုင်ရင်းသည် ထိုအချိန်တွင် ပြေးလာပြီး သူမသမီးကို ပွေ့ဖက်ကာ ကျောကို ညင်သာစွာ ပုတ်ပေးလိုက်သည်။ အေဗီကို နှစ်သိမ့်ရင်း ဂါရက်၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။
ဂါရက် တစ်ကိုယ်လုံး တုန်သွားသည်။ သူ၏ မှတ်ဉာဏ်အပိုင်းအစများ ပြန်ပေါ်လာသည်။
အေဗီသည် ငယ်စဉ်ကတည်းက နာတာရှည်ရောဂါရှိသည်။ အလွယ်တကူ ပင်ပန်းလွယ်သည်။ ရာသီဥတုပြောင်းလဲလျှင် ချောင်းဆိုးသည်။ သူမ၏ အရွယ်တူများထက် သေးငယ်သည်...
ခဏအကြာတွင် အေဗီ၏ ချောင်းဆိုးခြင်း သက်သာသွားပြီး မျက်နှာနီမြန်းခြင်းက တဖြည်းဖြည်း မှေးမှိန်သွားသည်။ ဂါရက်သည် အခွင့်အရေးယူ၍ သေချာကြည့်ရှုလိုက်သည်။ သူမ၏နှုတ်ခမ်းများသည် ပန်းရောင်သန်းနေပြီး အနည်းငယ် ဖျော့တော့သော်လည်း Cyanosis လက္ခဏာမူ မရှိပေ။ သူသည် သူမ၏လက်ကို ကိုင်ပြီး လက်သည်းများကို စစ်ဆေးကြည့်သောအခါ နူးညံ့သော ပန်းရောင်ရှိသည်ကို တွေ့ရသည်။
အပေါ်ပိုင်းထက် အောက်ပိုင်းက ပိုမိုထိခိုက်သည်။ ကွဲပြားသော Cyanosis။
ဂါရက်၏ နှလုံးသားသည် ထိန်းမရအောင် နစ်မြုပ်သွားသည်။ လက္ခဏာအားလုံးသည် သူ သံသယဝင်ရန် တွန့်ဆုတ်နေသော်လည်း ထည့်သွင်းစဉ်းစားရမည့် ရောဂါတစ်ခုကို ညွှန်ပြနေသည်။
"မပူပါနဲ့ အဲ့တာ ဖြစ်ချင်မှ ဖြစ်မှာပါ။"
ဂါရက်သည် သူ့ကိုယ်သူ စိတ်အားထက်သန်စွာ နှစ်သိမ့်ရင်း အပြုံးတစ်ပွင့် အတင်းဖန်တီးလိုက်သည်။
"အန်တီအိုင်ရင်း၊ အန်တီသိတဲ့အတိုင်း ကျွန်တော် မကြာသေးခင်ကမှ ဆေးဆရာ ဖြစ်လာတာ။ အေဗီရဲ့ ချောင်းဆိုးသံက ပြင်းထန်တယ်ဗျာ။ ပိုက်တစ်ချောင်းလောက် ရှာပေးလို့ရမလား၊ ကျွန်တော် သူ့အသက်ရှူသံ နားထောင်ကြည့်ချင်လို့။"