← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

ဂါရက်၏ ကိုယ်ပိုင်အိမ်သည် ဦးလေးကာရန်၏အိမ်နှင့် တကယ်တမ်းဆိုလျှင် နီးသည်။ အိမ်ပြန်ရောက်ပြီးနောက် သူ အိပ်မရဘဲ အကြာကြီး ကုတင်ပေါ်တွင် လူးလိမ့်နေခဲ့သည်။ နောက်ဆုံးတွင် သူလက်လျှော့လိုက်ပြီး မီးခွက်ထွန်းကာ မနက်ဖြန် မှော်ပညာသင်ရန် လိုအပ်မည့်ပစ္စည်းများကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။

ဤအိမ်ငယ်လေးသည် ဂါရက်၏ ကိုယ်ပိုင်အိမ်ဖြစ်ပြီး သူ၏ဖခင်ထားခဲ့သည့် တစ်ခုတည်းသော ပိုင်ဆိုင်မှုဖြစ်သည်။ အိမ်က မကြီးပေ၊ အခန်းတစ်ခန်းတည်းသာရှိပြီး စတုရန်းမီတာ ၂၀ ခန့်သာ ရှိသည်။ မှိန်ပျပျမီးရောင်အောက်တွင် ဂါရက်သည် ပတ်ဝန်းကျင်ကို ကြည့်ပြီး အားလုံးကို စိတ်ထဲတွင် မှတ်သားထားလိုက်သည်။

အိမ်က သေးငယ်သော်လည်း အံ့ဩစရာကောင်းလောက်အောင် ခိုင်ခံ့စွာ ဆောက်ထားသည်။ ပြတင်းပေါက်များသည် သစ်သားရှပ်တားများဖြစ်ပြီး အတော်လေးဟောင်းနေကာ လေဟာနယ်များစွာ ရှိသည်။ လေအေးတစ်ချက်သည် ထိုမှနေ၍ တိုးဝင်လာပြီး ဂါရက်၏အရေပြားကို ထိတွေ့သောအခါ ချမ်းစိမ့်စိမ့်ဖြစ်စေသည်။

အခန်းထဲရှိ ပရိဘောဂများသည် အခြေခံလိုအပ်ချက်များကို ပြည့်မီသည်။ ကုတင်နှစ်လုံး၊ ဗီရိုတစ်ခု၊ ထို့ပြင် ကုတင်ဘေးက ဗီဒိုပေါ်တွင် ရေဇလားတစ်ခု ရှိသည်။ ပြတင်းပေါက်နားတွင် စားပွဲတစ်လုံးရှိပြီး ထမင်းစားရန်အတွက် ဖြစ်နိုင်သည်။ ထိုင်ခုံနှစ်လုံးရှိသည့်အနက် တစ်လုံးမှာ ခြေထောက်ကျိုးနေ၍ နံရံကိုမှီပြီး အုတ်ခဲများဖြင့် ဟန်ချက်ညီအောင် ထောက်ထားရသည်။

အခန်း၏ တစ်ဖက်ခြမ်း၌ နံရံကိုမှီ၍ သစ်သားစင်တစ်ခုပေါ်တွင် သားရေချပ်ဝတ်တန်ဆာကောင်းကောင်းတစ်စုံ ရှိပြီး ကြေးနီပြားအချို့ဖြင့် အလှဆင်ထားသည်။ ချပ်ဝတ်တန်ဆာဘေးတွင်မူ ဓားကြီးတစ်ချောင်းရှိပြီး ဂါရက်သည် မြှောက်ကြည့်ရန် ကြိုးစားခဲ့သော်လည်း အလွန်လေးလံလွန်းနေသောကြောင့် သူ၏ယခင်ပိုင်ရှင်ဖြစ်သည့် ဖခင်အသုံးပြုခဲ့သည့် လက်နက် ဖြစ်နိုင်သည်။

သူကုန်း၍ကြည့်လိုက်သောအခါ ဂါရက်သည် ကုတင်အောက်တွင် ညပ်နေသည့် သစ်သားသေတ္တာတစ်လုံးကို သတိထားမိလိုက်သည်။ ထိုသည်မှာ သူ၏ဖခင်ထားခဲ့သည့် စာအုပ်သေတ္တာပင် ဖြစ်သည်။

မှော်မျှော်စင်တွင်မူ ဤစာအုပ်များသည် သူ့အတွက် လိုအပ်မည်မဟုတ်ပေ။ ဂါရက် ခဏစဉ်းစားပြီး သေတ္တာကိုဆွဲထုတ်လိုက်သောအခါ တစ်ဝက်တစ်ပျက်အသုံးပြုပြီးသား ငှက်မွေးတစ်ခုနှင့် ခန်းခြောက်လုနီးပါးဖြစ်နေသည့် မင်ပုလင်းငယ်လေးတစ်လုံးကို တွေ့လိုက်ရသည်။ စာအုပ်များကြားမှနေ၍ သေးငယ်ပြီး ကြမ်းတမ်းသည့် ပိတ်ချည်စက္ကူအပိုင်းအစတစ်ခုကို ထုတ်ယူပြီး ဖြန့်လိုက်သောအခါ စာရွက်ငါးရွက် သို့မဟုတ် ခြောက်ရွက်သာ ရှိသည်ကို တွေ့ရသည်။

"ဒါတွေက အရင်တုန်းက စာသင်၊ စာရေး၊ စာဖတ်ခဲ့တဲ့ အကြွင်းအကျန်တွေပဲလား"

"သူ မှတ်စုပဲယူပြီး ကူးရေးစရာမလိုဘူးဆိုရင်တော့ ဒီစာရွက်တွေနဲ့ ငှက်မွှေးက ပထမဆုံးနေ့အတွက် လုံလောက်မှာပါ...အဲ မလုံလောက်လောက်ဘူးလို့ ထင်တာပဲ"

ဂါရက် သက်ပြင်းရှည်ကြီးချလိုက်သည်။ သူ စာရွက်များနှင့် ငှက်မွှေးကို သူ၏ကျောပိုးအိတ်ထဲ ထည့်ကာ သေတ္တာကို ကုတင်အောက်ပြန်ထိုးသွင်းပြီး မီးခွက်ကိုမှုတ်ကာ ကုတင်ပေါ် ပစ်လှဲချလိုက်သည်။ အိပ်ပျော်ခြင်းသည် သူ့ကို ချက်ချင်းနီးပါး ဖုံးလွှမ်းသွားသည်။ မှောင်မိုက်ထဲတွင် တစ်ဝက်တစ်ပျက် အိပ်မက် မက်ရင်း ဂါရက် စဉ်းစားလိုက်သည်။

"အို... ငါအခု အိမ်ပိုင်ရှင်ဖြစ်သွားပြီပဲ..."

ယခင်ဘဝကမူ သူသည် အိမ်ထောင်ဖက်မရှိဘဲ လစာနည်းပါးသူတစ်ဦး ဖြစ်ခဲ့သည်။ အိမ်ဈေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် လစာများ တရိပ်ရိပ် တက်လာသောအခါမှ အိမ်တစ်လုံး ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်။ နောက်ဆုံးတွင် အိမ်ဝယ်ယူရန် စိတ်ပိုင်းဖြတ်လိုက်ချိန်၌ နောက်ကျခဲ့ပြီဖြစ်သည်။ စရံငွေ ပေးချေပြီးကာစသာ ရှိသေးပြီး သော့ပင် လက်ဝယ်မရရှိသေးချိန်တွင် သူသည် ဤဘဝသို့ ကူးပြောင်းလာခဲ့သည်။ ကံမကောင်း အကြောင်းမလှစွာပင်။

ကံကောင်းစွာဖြင့် ဤဘဝသို့ ရောက်ရှိလာသောအခါ အိမ်တစ်လုံး ရှိနှင့်ပြီးသား ဖြစ်နေသည်။ မည်မျှပင် ဟောင်းနွမ်းစေကာမူ နေထိုင်ရန် နေရာတစ်ခုတော့ ရရှိခဲ့ပြီဖြစ်သည်။ အုတ်နှင့် သစ်သားတို့ဖြင့် ဆောက်လုပ်ထားသောကြောင့် ယမန်နေ့က မြင်တွေ့ခဲ့ရသော ပျက်စီးနေသည့် သစ်သားတဲထက်မူ များစွာသာလွန်နေခြင်းပင်။

"ခင်ဗျားရဲ့ နေအိမ်က မြို့တွင်းနေအိမ်ရဲ့ ၈၅% ကို ကျော်လွန်နေပါတယ်။ ဆက်လက်ထိန်းသိမ်းပါ။"

ငါသာ ဒီဘဝကို ကူးပြောင်းလာတုန်းက စနစ်တစ်ခုခု ပါလာခဲ့ရင် အခုဆိုရင် ဒီလိုမျိုး စာတန်းလေးတစ်ခု ပေါ်လာလောက်ပြီ ထင်တယ်။

ကြက်တွန်သံ ကျယ်လောင်စွာ ထွက်ပေါ်လာမှုကြောင့် အရုဏ်ဦးအလင်းရောင် ဖြတ်သန်းဝင်ရောက်သည်အထိ သူ အိပ်ပျော်နေခဲ့သည်။ ဂါရက် ရုတ်တရက် ထထိုင်လိုက်သည်။

မှော်ဆရာ အလုပ်သင်….

ငါ အခု မှော်ပညာကို သင်ရတော့မယ်။

အိုး…ငါ အရမ်းပင်ပန်းနေပြီ...

တစ်ညလုံး နာနာဘာဝဆရာတွေနဲ့ ခွဲစိတ်မှုတွေလုပ်၊ မနက်ကျတော့ မြို့ထဲကို ပြန်အပြေးအလွှားပြန်လာ…..

ဟော အဲ့ဒါတင်မကသေးဘူး မှော်ဆရာမျှော်စင်ကိုသွားပြီး ပညာသင်၊ ပြီးတော့ စစ်တပ်စခန်းကို ပြန်လာ၊ လူတွေကယ်၊ စာတွေသင်၊ နွေဦးနတ်ဘုရားမရဲ့ ဘုရားကျောင်းအတွက် ပူပန်ခဲ့ရတယ်။ ဒီလိုပြင်းထန်မှုက ငါ့ရဲ့ ယခင်ဘဝက အချိန်ပိုဆင်းရတာနဲ့ ယှဉ်ရင် ပိုဆိုးနေပြီ။

ထားပါတော့ မေ့လိုက်ပါတော့။ မျက်နှာကို ရေအေးအေးလေးနဲ့ ဆွတ်လိုက်ရအောင်။

ဂါရက်သည် ကုတင်ပေါ်မှ ခုန်ဆင်းကာ သီချင်းသံတိုးတိုးဖြင့် ကိုယ်လက်သန့်စင်ရန် စတင်လုပ်ဆောင်သည်။ ဤအိမ်သေးသေးလေးတွင် သန့်စင်ခန်း သီးသန့်မရှိဘဲ အိမ်ရှိရေဇလုံမှာလည်း ဗလာဖြစ်သည်။ မှတ်ဉာဏ်များကို တူးဆွကြည့်သောအခါ ရေတွင်းသည် လမ်းတစ်ဝက်ခန့် ဝေးကွာကြောင်း ဂါရက်သတိရလိုက်သည်။

သူသည် ကိုယ်ရေးကိုယ်တာ ကိစ္စများအတွက် အပြင်သို့ ထွက်ခွါသွားလိုက်သည်။ သူပြန်ရောက်လာသောအခါ ရေပုံးတစ်ပုံး ဆွဲလာသည်။ မျက်နှာသစ်၊ သွားတိုက်၊ သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ဆင်ပြီးနောက် ကျန်ရှိနေသော ရှပ်အင်္ကျီနှစ်ထည်ကို ဗီရိုထဲမှ ထုတ်၍ နှိုင်းယှဉ်ကြည့်လိုက်သည်။ နှစ်ထည်စလုံးမှာ လက်ရှည်များဖြစ်ပြီး တစ်ထည်မှာ အနက်ရောင်ဖြစ်ကာ အခြားတစ်ထည်မှာ အဖြူရောင် ဖြစ်သည်။ အဖြူရောင်မှာ သေးလွန်းနေပြီး ခန္ဓာကိုယ်နှင့် တင်းတင်းကြပ်ကြပ် ကပ်နေသောကြောင့် တံတောင်ဆစ်ပင် ကွေးရန် ခက်ခဲသည်။ အနက်ရောင်မှာမူ အရွယ်အစား မှန်ကန်သော်လည်း တံတောင်ဆစ်နှင့် လက်ကောက်ဝတ်များတွင် ဖာထေးထားမှုများစွာ ရှိနေသည်။

ဂါရက်သည် လက်တစ်ဖက်စီတွင် အင်္ကျီတစ်ထည်စီကို ကိုင်ကာ တုံ့ဆိုင်းနေခဲ့သည်။ ဗီရိုထဲတွင် ကျန်ရှိသော အဝတ်အစားများမှာ ဝတ်စုံများသာ ဖြစ်သည်။ မှော်ဆရာ ဂယ်မန်သည် မှော်ဆရာမျှော်စင်သို့ သွားရောက်စဉ် ဝတ်ရုံဝတ်ဆင်ထားသည်ကို သူမှတ်မိသည်။ သေသွားခဲ့သော အဲလီယော့ပင်လျှင် ထိုဝတ်ရုံဝတ်ဆင်ထားခဲ့သည်။ ဝင်ပေါက်ရှိ အစေခံများပင် ရှပ်အင်္ကျီအောက်ခံနှင့် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။

နောက်ဆုံးတော့ သင်ယူဖို့ပဲလေ။ မျက်လှည့်မျှော်စင်ရဲ့ အနိမ့်ဆုံးအဆင့်ဆိုတာလည်း မြင်သာနေတာပဲဟာ။ ပိုပြီးတော့ ကြည်ညိုဖွယ်ဖြစ်အောင် ဝတ်စားဆင်ယင်တာက ပိုကောင်းပါတယ်။ အခက်အခဲတွေက အလုံအလောက်ရှိနေပြီးသားပဲဟာ။ ထပ်ပြီး အခက်အခဲတွေ ဖန်တီးဖို့ မလိုပါဘူး။

ဒါဆို... ဘယ်တစ်ခုကို ဝတ်ရမလဲ။

ကြာရှည်စွာ စဉ်းစားပြီးနောက် နောက်ဆုံးတော့ အံကြိတ်ကာ အနက်ရောင် ရှပ်အင်္ကျီကို ဝတ်လိုက်သည်။ ဖိနပ်စီးရန် ပြင်ဆင်နေစဉ်တွင် အိမ်ငယ်လေးအပြင်ဘက် တံခါးကို မြန်မြန်ဆန်ဆန် ခေါက်သံ ကြားလိုက်ရသည်။

"ဂါရက်လေး ဂါရက်လေး"

"လာပြီ အန်တီအိုင်ရင်း"

ဂါရက် အသံခပ်ကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။ သူ့ဖိနပ်ကို ဂရုမစိုက်တော့ဘဲ ခြေဗလာဖြင့် တံခါးဖွင့်ရန် သွားလိုက်သည်။ တံခါးဖွင့်လိုက်သည်နှင့် အန်တီအိုင်ရင်း၏ သွယ်လျသောလက်က သူ့ပခုံးပေါ်သို့ ပုတ်လိုက်သည်။

"ဂါရက်လေး ဒီနေ့ မျက်လှည့်မျှော်စင်ကို သွားမှာ မဟုတ်လား။ ဘာလို့ ဒီလို ဝတ်ထားတာလဲ။ ဒီမှာ ဒီအဝတ်အစားကို လဲလိုက်။ မင်းရဲ့ အစ်ကိုကြီး ရေမွန်က မင်းအတွက် လုပ်ပေးထားတာ၊ အသစ်စက်စက်ပဲ၊ ငါလည်း မင်းနဲ့ သင့်တော်အောင် ပြန်ပြင်ပေးထားတယ်။ မနက်စာ စားပြီးပြီလား။ အန်တီက မင်းအတွက် နေ့လယ်စာ ပြင်ဆင်ထားတယ်။ ယူသွားဖို့ မမေ့နဲ့နော်"

"အန်တီအိုင်ရင်း"

ဂါရက် ရုတ်တရက် ထအော်လိုက်သည်။ သူ့ရင်ဘတ်ထဲတွင် နွေးထွေးသော ခံစားမှုတစ်ခု လှိုင်းထသွားပြီး အသက်ပြင်းပြင်းနှစ်ချက်ရှူကာ နောက်ဆုံးတော့ ညင်သာစွာ ပြောလိုက်သည်။

"အန်တီ ဒါကို အစ်ကိုကြီးရေမွန်က နွေလယ်ပွဲတော်အတွက် ဝတ်ချင်တာ..."

"အဲဒီကလေးကို ဂရုမစိုက်နဲ့"

အန်တီအိုင်ရင်းက အဝတ်အစားတွေကို သူ့လက်ထဲသို့ ထိုးထည့်လိုက်သည်။ စကားများများမပြောတော့ဘဲ သူ့ကို တစ်ပတ်လှည့်လိုက်ပြီး အားပါးတရ ထပ်ပုတ်ကာ အဝတ်လဲရန် တိုက်တွန်းလိုက်သည်။

"အဲဒီကလေးက အဝတ်ကောင်းတွေ ဝတ်လည်း နွေလယ်ပွဲတော်မှာ ရည်းစားရမှာ မဟုတ်ဘူးကွဲ့။ ဝတ်လိုက် ဂါရက်လေး။ မင်းက မှော်ပညာ လေ့လာဖို့ သွားရမှာ။ ဒါကြောင့် ကောင်းကောင်းမွန်မွန် ဝတ်သင့်တာပေါ့"

လက်ဖဝါးဖြင့် ရိုက်လိုက်သည်နှင့် ဂါရက် ရှောင်လွှဲ၍မရဘဲ သူ့ပခုံးပေါ်တွင် ချက်ချင်း စပ်ဖျဉ်းဖျဉ်းခံစားလိုက်ရသည်။ ဂါရက်၏မျက်နှာမှာ မသက်မသာဖြစ်ကာ အလိုအလျောက် ညည်းတွားသံ ထွက်ပေါ်လာသည်။

"အိုး"

ဒါက ယုတ္တိမရှိသလိုပဲ။

ဒီခန္ဓာကိုယ်က အနည်းဆုံး ပထမအဆင့် စစ်သည်တော်တစ်ဦးပဲ။

နောက်ဆုံးတွင် ဒဏ္ဍာရီလာ စစ်သည်တော်များပင် သူတို့အား ပြုစုစောင့်ရှောက်ခဲ့သော အန်တီတစ်ဦး၏ ရိုက်နှက်ခြင်းကို ခံရသည့်အခါ ၁၀၀% မှန်ကန်စွာ ထိမှန်သည် ဆိုသည်မှာ ပေါ်လွင်ခဲ့သည်။ ဂါရက်သည် ရိုက်နှက်ခံရပြီးနောက် ယိုင်နဲ့သွားပြီး ထောင့်တစ်နေရာသို့ အလျင်အမြန်ပြေးကာ အဝတ်အသစ်များကို လျင်မြန်စွာ လဲလှယ်လိုက်သည်။

အန်တီအိုင်ရင်းက သူ့ကို စစ်ဆေးကြည့်ရှုရင်း ကြည့်လေ ပိုသဘောကျလေ ဖြစ်လာသည်။

"အို…ဂါရက်လေး ဒီအဝတ်အစားက မင်းနဲ့ပဲ လိုက်ဖက်လိုက်တာ။ မင်း တစ်ခုခု ဖြစ်လာမယ်ဆိုတာ အန်တီ အမြဲသိခဲ့တာ..."

ဂါရက်က လက်ဆန့်တန်းပြီး သူမ၏လက်ကို ဆုပ်ကိုင်လိုက်သည်။ ထိတွေ့လိုက်သောအခါ ကြမ်းတမ်းပြီး လက်ချောင်းထိပ်များတွင် ချိုင့်ခွက်များနှင့် အမာရွတ်များ၊ သွေးစအနည်းငယ်တို့ ရှိနေသည်။ ညဘက်တွင် အကြိမ်ကြိမ် အလုပ်လုပ်ခြင်း၊ လက်ချောင်းများကို ထိုးမိခြင်းတို့ကြောင့် ထင်ရှားသည်။ ဂါရက်က ညင်သာစွာ သက်ပြင်းချရင်း ကြမ်းတမ်းပြီး နွေးထွေးသော သူမ၏လက်များကို သူ၏လက်ဖြင့် အုပ်ကိုင်ကာ မျက်လုံးများကို မှိတ်လိုက်သည်။

"ကျန်းမာရေးနှင့် ဘေးကင်းရေးအတွက်ပါ"

သူ တိတ်ဆိတ်စွာ ရွတ်ဆိုလိုက်သည်။ သူ၏လက်ဖဝါးနှစ်ခုကြားတွင် ဖြူဖျော့သော အလင်းရောင်လေးတစ်ခု ညင်သာစွာ ထွက်ပေါ်လာပြီး ထိုအမျိုးသမီး၏ လက်ချောင်းထိပ်များ၊ လက်ဆစ်များ၊ လက်ဖဝါးများ၊ လက်ကောက်ဝတ်များကို ဖြတ်သန်းသွားကာ အက်ကွဲကြောင်းများကို သက်သာစေပြီး ပြတ်ရှဒဏ်ရာများကို ကုသပေးသည်။ နေ့စဉ် ရေအေးထဲ စိမ်ပြီး ဆေးကြောရသော ထိုလက်များပေါ်တွင် နွေးထွေးသော စီးဆင်းမှုတစ်ခုက အဆစ်အမြစ်များရှိ ကျန်ရှိနေသော အအေးဓာတ်များကို ပျယ်ပျောက်သွားစေသည်။

"ဂါရက်လေး အဲ့လိုမျိုး မလိုအပ်ပါဘူး..."

ထိုအမျိုးသမီး၏ အသံ တုန်ရီသွားသည်။ ဂါရက်က မျက်လုံးဖွင့်လိုက်ပြီး ယခု ချောမွေ့နူးညံ့နေသော သူမ၏လက်များကို ငုံ့ကြည့်ရင်း ရိုးသားစွာ ပြုံးလိုက်သည်။

"အန်တီအိုင်ရင်း အန်တီ ပင်ပန်းခဲ့ပါပြီ။"

All Chapters