(ငွေစားလှသည့် စနစ်)
Vol. 1 Ch. 2
ပတ်ဝန်းကျင်ကို မေးရင်းစမ်းရင်း ဟန်ကျောက်တစ်ယောက် ထထုံဘဏ်၏ အဝသို့ ရောက်လာခဲ့သည်။ ဤသည်မှာ အင်ပါရီယာ တရားရုံးမှ ဖွင့်လှစ်ထားသည့် ဘဏ်တစ်ခုဖြစ်သည်။ ကြွယ်ဝသည့် ငွေကြေးစီးဆင်းမှုနှင့် မြို့တိုင်းတွင် အခြေခံအားဖြင့် အခွဲတစ်ခု ရှိသည်။
စောသေး၍လား မသိပေ။ လူအများကြီး ရှိမနေပါ။ ဟန်ကျောက်ဟာ တံခါးမကို ဖြတ်သန်းလျှောက်ဝင်သွား၏။
အပြင်ဘက်ခြံဝန်းကို သန့်ရှင်းရေးလုပ်နေသည့် အစေခံက ထိုပုံကို တွေ့ရပြီးနောက် နွေးထွေးစွာ ကြိုဆိုပြီး လေးစားစွာ ပြောသည်။
“သခင်လေး… ငွေလဲလှယ်မလို့လား.. ဒါမှမဟုတ်… ငွေစုမလို့လားဗျ”
ဟန်ကျောက်၏ ပုံစံက ပြောင်းလဲခြင်းမရှိပဲ ခေါင်းကိုညှိတ်သည်။
“ဟုတ်တယ်။ ရွှေနဲ့ လဲချင်လို့”
“ကျေးဇူးပြုပြီး ကျွန်တော့နောက်က လိုက်ခဲ့ပါ”
အစေခံက ဦးဆောင်လမ်းပြ၏။ ဟန်ကျောက်ကို ခေါ်ကာ အတွင်းဘက်ခြံဝန်းသို့ ဖြတ်သန်းပြီး ခန်းမဆီသို့ ဝင်ရောက်သည်။
ဗဟိုခန်းမ၏ တံခါးတစ်ဖက်တစ်ချပ်တွင် အနက်ရောင် ဝတ်စုံနှင့် ဆပင်တိုတို ဗလတောင့်တောင့် လူနှစ်ယောက် ရပ်နေကြ၏။ ကြမ်းကြုတ်သည့် အငွေ့အသက်တို့ ပြည့်နှက်နေပါသည်။
အစေခံက တံခါးသို့ ရောက်ရှိပြီးနောက် ဦးညွှတ်သည်။ “ကျေးဇူးပြုပြီး သခင်လေး…. အထဲကိုကြွပါဗျ”
ဟန်ကျောက်က လျှောက်ဝင်သွား၏။ အတွင်းဘက်အပြင်အဆင်မှာ ဘဏ်ကောင်တာနှင့် တော်တော်လေး ဆင်တူပါသည်။ သစ်သားအကာနှင့် အလယ်တွင် ယူပုံသဏ္ဍာန် အပေါက်နှစ်ခု ရှိသည်။
ကောင်တာ၏ အနောက်တွင် ပိန်ပါးသည့် အဖိုးအိုတစ်ယောက် ထိုင်နေ၏။ အနက်ရောင် ခေါင်းဆောင်းငယ်ကို ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွှေးတို့ ရှိသည်။ ပေသီးတွက်ခုံကို ဆက်တိုက် ကစားနေ၏။
ခြေသံကို ကြားရပြီးနောက် အဖိုးအိုက ခေါင်းကိုမော့ကာ ဟန်ကျောက်၏ ဝတ်စားပုံနှင့် ဟန်ပန်တို့ကို အထက်အောက်စုန်ဆန်ကြည့်သည်။ မတ်တပ်ရပ်ကာ နှုတ်ဆက်၏။
“မင်္ဂလာပါ သခင်လေး.. ကျွန်တော်က ချမ့်ယွင်ပါ။ ဒီက ဆိုင်ထိုင်သူပါ”
“မင်္ဂလာပါဗျ.. ကျွန်တော် ငွေအချို့ လဲလှယ်ချင်လို့ပါ” ဟန်ကျောက်က ပြန်လည်ဦးညွှတ်သည်။ စကားပြောရင်းနှင့် ငွေစတို့နှင့် ဘဏ်စာရွက်များကို အဝတ်အိတ်အတွင်းမှ ထုတ်၏။
“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါ”
ချမ့်ယွင်က ဘဏ်စာရွက်များနှင့် ငွေစတို့ကို ယူလိုက်ပြီးနောက် အရင်ဆုံး ဘဏ်စာရွက်များ၏ မှန်ကန်မှုကို စစ်ဆေးသည်။ ထို့နောက် ငွေစကို ယူကာ အလေးချိန် တိုင်း၏။ တစ်ချိန်တည်းတွင် သူ၏မျက်လုံးထောင့်များနှင့် ဟန်ကျောက်ကို ကြည့်သည်။ ဟန်ကျောက်၏ တည်ငြိမ်နေပုံကို တွေ့ရပြီးနောက် အလုပ်ကို ပြန်လည်အာရုံစိုက်၏။
“စုစုပေါင်း ငွေ ၄၈လျန်နဲ့ ကြေးပြား၆ပြားရှိတယ်”
သူက တိုင်းကြည့်ပြီးနောက် ဟန်ကျောက်ကို အတိုင်းအတာအား ပြသည်။
“ဒီနှစ်ရဲ့ ရွှေနဲ့ငွေ လဲလှယ်မှုအချိုးက ၁အချိုး ၁၀.၆ပါ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ တိမ်စီရင်စုက အနောက်ဘက်မှာ ရှိပြီး ကျောက်တွေပဲ ပိုထွက်တယ်။ ရွှေလည်ပတ်မှုက နည်းတော့ လဲလှယ်မှုအချိုးက ၁အချိုး ၁၁.၂ဖြစ်သွားတယ်။ သခင်လေး လက်ခံနိုင်လား မသိဘူး”
“ကောင်းပါပြီ။ ရွှေ၄လျန်နဲ့ လဲပေးပါ”
ဟန်ကျောက်က ခေါင်းညှိတ်သည်။ ရွှေလဲလှယ်နိုင်သည့် နေရာများထဲတွင် ဒီနေရာဟာ အလုံခြုံဆုံး ဖြစ်၏။ ကျန်ရှိသည့် ပိုက်ဆံများက သူ့အတွက် နေဖို့စားဖို့ရာ လုံလောက်လောက်ပါသည်။ သိုင်းပညာလေ့ကျင့်ပြီး ပိုမိုသန်မာလာပါက ပိုက်ဆံရှာရန် နည်းလမ်းတစ်ခုကို စဉ်းစားမည်ဖြစ်သည်။
“ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါ”
ချမ့်ယွင်က ကောင်တာမှ လျှောက်ဝင်သွား၏။ သော့ကိုသုံးကာ အနောက်ဘက်ရှိ တံခါးတစ်ခုကို ဖွင့်ပြီး အခန်းထဲသို့ ဝင်ရောက်သွားသည်။
ခဏအကြာ၌ လက်ထဲတွင် ဗန်းငယ်တစ်ခုကို ကိုင်လာခဲ့၏။ ထိုအထဲတွင် လက်မအရွယ် ရွှေတုံးလေးခုတို့ ရှိနေပါသည်။ ထို့နောက် ရွှေကို ဟန်ကျောက်၏ရှေ့တွင် အလေးချိန်တိုင်းပြသည်။
ပြီးနောက် အဖိုးအိုဟာ ဖြတ်စက်တစ်ခုကို ထုတ်ကာ သူ၏ရှေ့တွင် ငွေစတစ်ခုကို ဖြတ်သည်။ ထို့နောက် အလေးချိန်ပြန်တိုင်းကာ လုံလောက်မှုမရှိသည့်အလား ဖြတ်ပြန်၏။
ချမ့်ယွင်၏ ငွေတုံးကို ဂရုတစိုက် လှီးဖြတ်နေပုံက ဟန်ကျောက်ကို ကိစ္စတစ်ခုအား တွေးမိစေသည်။
‘ထင်ထားတဲ့အတိုင်းပဲ.. ဇာတ်ကားတွေက သောက်တလွဲ… သူရဲကောင်းက ငွေတုံးတွေအများကြီးကို စားပွဲပေါ်မှာ ခေါက်ချထားခဲ့ပြီး ပြန်မအမ်းခိုင်းဘူးဆိုတာ.. စောက်ရူးပဲ ရှိလိမ့်မယ်’
“ငွေ၃လျန်နဲ့ ကြေးပြား၈ပြား ပိုပါတယ်။ ကျေးဇူးပြုပြီး လက်ခံပေးပါ”
ချမ့်ယွင်က ရွှေနှင့် ငွေစတို့ကို အနီရောင် ပိတ်စလေးနှင့် ထုပ်ကာ ဟန်ကျောက်ကို ပေးသည်။
“ကျေးဇူးပါ”
ဟန်ကျောက်က ချမ့်ယွမ်၏ အပြုံးတစ်ခုနှင့် မျက်နှာကို ကြည့်ကာ ပိုက်ဆံတို့ကို သိမ်းသည်။
“တစ်ဖက်လူကို ကြည့်ရတာ ပိုက်ဆံအချို့ အမြတ်ရလိုက်ပုံပဲ။ ဒါပေမယ့် စီးပွားရေးလုပ်ရတာ လွယ်မှမလွယ်ပဲ။ ဒါက ဖြစ်သင့်ပါတယ်။ ပိုက်ဆံသုံးပြီး ပိုသန်မာလာအောင်လုပ်ပေါ့။ နောင်မှာ ပိုပြီး ရှာလာနိုင်လိမ့်မယ်။ ဒီလောက် ငွေလေးကို စိတ်ထဲထားမနေနဲ့”
အချက်ပေးစာသားက ပေါ်လာပြန်၏။ သူ၏ လှပသည့် အနာဂတ်တစ်ခုကို ပြောပြနေပါသည်။ ဒီနေရာတွင် စီးပွားရေးသမားများပင် လက်မြှောက်ရနိုင်၏။
ဟန်ကျောက်ဟာ လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်ပြီးနောက် ထွက်ခွာခဲ့၏။ ချမ့်ယွင်က မုတ်ဆိတ်ကို သပ်ကာ အပြုံးတစ်ခုနှင့် အပြင်ဘက်သို့ လှမ်းကာအော်၏။
“ရှေ့ကကောင်လေး.. သခင်လေးကို ပြန်ပို့လိုက်ဦး”
မနက်ခင်း စတင်သည်နှင့် အမြတ်တစ်ခု ရခဲ့လေပြီ။ အလွန် ဝမ်းသာနေ၏။
….
ရွှေကို လဲလှယ်ပြီးနောက် ဟန်ကျောက်ဟာ အလျှင်လိုမနေပါ။ လမ်းဘေးဆိုင်တစ်ခုသို့ ဝင်ရောက်ပြီး ထိုင်၏။ ခေါက်ဆွဲတစ်ပန်းကန်ကို မှာလိုက်သည်။
“ရှလွတ်၊ ရှလွတ်”
သူဟာ ခေါက်ဆွဲပန်းကန်လုံးကို ပလုတ်ပလောင်း စားသည်။ အစပ်ဓါတ်က သူ့ကို ချွေးတို့ စို့လာစေပြီး နှုတ်ခမ်းကို အနညငယ် ထုံထိုင်းစေ၏။ စားသောက်ပြီးနောက် ရေနွေးတစ်ခွက်ကို သောက်ချလိုက်ပြီး အားပါးတရ သက်ပြင်းချသည််။
“ဟူးးးး”
ဒီအချိန်မှသာ သူဟာ စစ်မှန်သည့် ရှင်သန်ခြင်း အရသာကို ခံစားရ၏။ ခေါက်ဆွဲတစ်ပန်းကန်ကို စားသောက်ပြီးနောက် နှလုံးသားထဲရှိ အေးစက်မှုတို့လည်း ကြီးစွာ လျော့ကျသွားပုံပါ။ ကြေးပြားကိုထုတ်ကာ ပိုက်ဆံရှင်း၏။
စားပွဲက ကြေးပြား၄ခု ကျပါသည်။ ခေါက်ဆွဲချင်းတူလျှင်တောင် မြို့တွင်းပိုင်းတွင် ပိုမိုဈေးကြီး၏။ သို့ပေမယ့် အရသာကလည်း ပိုမိုကောင်းမွန်ပါသည်။
ဟန်ကျောက်ဟာ ပေါ့ပါးသည့် ခြေလှမ်းများဖြင့် အိမ်သို့ ပြန်ခဲ့၏။ မြို့တွင်းမှ မထွက်ခင်တွင် မနေနိုင်ပဲ နောက်ထပ် ကြေးပြားတစ်ပြားကို သုံးကာ သကြားလုံးချောင်း သုံးခုတို့ကိုလည်း ဝယ်ယူခဲ့ေသးသည်။
…
အိမ်ပြန်ပြီးနောက် တံခါးကို တင်းကြပ်စွာ ပိတ်ပြီး ရွှေ၄လျန်တို့ကို ထုတ်သည်။
“စနစ်”
သူက စိတ်ထဲတွင် ရေရွတ်လိုက်၏။
“ငွေဖြည့်မယ်….”
မည်မျှ ဖြည့်မည်ကိုပင် မပြောရသေးပေ။ ရွှေ၄လျန်တို့ဟာ ချက်ချင်းပင် ပျောက်ကွယ်သွား၏။
“လက်ရှိလက်ကျန်ငွေမှာ ရွှေ၄လျန်ဖြစ်သည်”
“ပိုမိုသန်မာလာလိုပါက ပိုက်ဆံသုံးရန် လိုအပ်သည်”
ဟန်ကျောက် “…”
“ဓါးပြတိုက်သလိုပါလား”
“အချက်ပေးအပိုင်းအစ ၃၀တို့ကို စုဆောင်းထားသည်။ ဝင်ခွင့်တစ်ခုရရန် ပေါင်းစပ်မည်လား”
“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၁၀ခုနှင့် ငွေ၁လျန်တို့ကို သုံးပါ။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို သေချာပေါက် ရရှိနိုင်၏”
“ပေါင်းစပ်မယ်”
“သင်သည် အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိသည်။ အစမ်းရှင်သန်ခြင်းကို စတင်မည်လား”
“အင်း”
“၁၆နှစ်တွင် သင်၏ဖခင်ဟာ သေဆုံးခဲ့သည်။ ဖုယွမ်ကြေးစားစောင့်ရှောက်သူအဖွဲ့ဟာ ကြီးစွာ အရှုံးပေါ်ခဲ့ပြီး ကျောက်နက်မြို့မှ ရွှေ့ပြောင်းသွား၏”
“သင်သည် လက်သီးအရှင်သခင် သိုင်းကျောင်းဆီသို့ သွားရောက်ကာ ပိုးမျှင်တစ်ထောင်အညွှန်း ကျင့်စဉ်ကို အခကြေးငွေအဖြစ် ပေးအပ်ပြီး ထိုသိုင်းကျောင်း၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်”
“သင်၏ ပါရမီဟာ အလွန် နိမ့်ပါး၏။ ဆယ့်တစ်နှစ်ကြာပြီးမှ အခြေခံများကို ဖမ်းဆုပ်နိုင်ရုံ ရှိပြီး အရေအပြား သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်”
“အသက်၂၀တွင် အရိုးသန့်စင်ခြင်း အဆင့်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ လိုတော့၏။ သို့ပေမယ့် အဆင့်မတက်နိုင်ပဲ ရှိနေလေသည်။ ထို့ကြောင့် အစစ်အမှန် ချီကျင့်ကြံခြင်း နည်းလမ်းကို စတင်လေ့ကျင့်သည်။ ကံဆိုးစွာပင် ခရီးရောက်မှုမှာ အလွန်နှေးကွေးလှ၏”
“အသက်၂၁နှစ်တွင် သိုင်းကျောင်းမှ အဖွဲ့ဝင်မိတ်ဆွေအချို့၏ ဖိတ်ခေါ်မှုဖြင့် ခရမ်းနေကြေးစားစောင့်ရှောက်သူ အဖွဲ့သို့ ဝင်ရောက်ကာ စောင့်ရှောက်သူတစ်ယောက် ဖြစ်လာခဲ့သည်။ တစ်ချိန်တည်းတွင် သင်သည် လူဆိုးဂိုဏ်းအချို့၌ စာရင်းပေးပြီး ပိုက်ဆံယူ၏”
“အသက်၂၅နှစ်တွင် ကံကောင်းထောက်မစွာဖြင့် အရိုးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်နိုင်ခဲ့သည်။ သို့ပေမယ့် သင်၏ပါရမီဟာ ကုန်ခမ်းသွားပြီ ဖြစ်၏။ အစစ်အမှန် ချီကျင့်ကြံခြင်း နည်းလမ်းမှာ ပထမအဆင့်သို့ ရောက်ရှိရုံသာ ရှိခဲ့သည်။ သင်သည် မြို့တွင်းပိုင်းရှိ မိသားစုကြီးတစ်ခုသို့ ဝင်ရောက်ကာ လီမိသားစု၏ အစောင့်တစ်ယောက် ဖြစ်လာခဲ့သည်။ လက်ထပ်မှုပြုကာ ကလေးလည်း ရှိလာ၏”
“အသက်၂၆နှစ်တွင်.. ချူနိုင်ငံက ကျူးကျော်လာပြီး တိမ်စီရင်စု တစ်ဝက်ကျော်တို့ ကျရှုံးခဲ့သည်။ သင်ဟာ လီမိသားစုနှင့်အတူ ယွမ်ကန်းကောင်တီမြို့သို့ ရွှေ့ပြောင်းခဲ့သည်”
“အသက်၄၂နှစ်တွင် သင်၏သားဖြစ်သူသည် စစ်တပ်သို့ ဝင်ရောက်ရန် ဆုံးဖြတ်ခဲ့၏။ သို့ပေမယ့် ရှေ့တန်း၌ သေဆုံးခဲ့သည်။ သင်၏ ဇနီးသည်မှာလည်း အလွန် ဝမ်းနည်းပူဆွေးပြီး စိတ်ကျရောဂါဖြင့် သေဆုံးခဲ့၏။ သင်သည် အလွန် နာကျင်ပြီး ထပ်မံလက်ထပ်မှု မပြုခဲ့ပေ”
“အသက်၄၅နှစ်တွင် တိမ်စီရင်စု ကျရှုံးခဲ့၏။ လီမိသားစုဟာ ချင်းကျိုးသို့ ပြောင်းရွှေ့ခဲ့သည်။ သင်လည်း လိုက်ပါသွား၏”
“အသက်၄၈နှစ်တွင် သင်၏ ဒဏ်ရာဟောင်းများ ထကြွလာပြီး ခန္ဓာကိုယ်ဟာ တစ်နေ့ထက်တစ်နေ့ အားနည်းလာခဲ့သည်။ လီမိသားစုက သင့်ကို ငွေကြေးအချို့ပေးကာ ထုတ်ပယ်လိုက်၏”
“အသက်၅၀တွင် ဝေနိုင်ငံ၏ ခရမ်းမီးတောက် စစ်တပ်က တိမ်စီရင်စုကို ပြန်လည်သိမ်းပိုက်ပြီး ချူနိုင်ငံကို တန်ပြန်တိုက်ခိုက်ခဲ့သည်”
“ထိုနှစ်မှာပင် ချီနိုင်ငံဟာ စစ်ပွဲတွင် ပါဝင်လာခဲ့၏။ နိုင်ငံသုံးခု၏ စစ်ပွဲဟာ ရှုပ်ထွေးစွာ ဖြစ်ပွားခဲ့သည်။ တိမ်စီရင်စုဟာ ဆိုးရွားစွာဖြင့် ရပ်တည်နိုင်ခြင်း မရှိတော့ပဲ လူအနည်းငယ်သာ နေထိုင်တော့သည်”
“အသက်၅၁နှစ်တွင် သင့်တွင် အချိန်အများကြီး မကျန်တော့ဟု ခံစားရ၍ ဇာတိမြေကို ပြန်ကာ ခေါင်းချလိုလာသည်။ သို့ပေမယ့် တိမ်စီရင်စုသို့ အပြန်လမ်းတွင် ရောဂါဖြင့် သေဆုံးခဲ့ရ၏”
“ဒါက..”
ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ရှုရန်း တိတ်ဆိတ်သွား၏။ ဆယ်နှစ်ကြာပြီးပါက တိမ်စီရင်စုဟာ ရှုပ်ထွေးမှုသို့ ကျရောက်မှာဖြစ်သည်။ ဤသည်မှာ အလွန် အန္တရာယ်များလှ၏။
“ငါ့ရဲ့ ပါရမီက အရမ်းနိမ့်ပါးတယ်။ ဒါက ပြဿနာကြီး တစ်ခုပဲ”
ဟန်ကျောက်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။
“အစမ်းရှင်သန်ခြင်း ပြီးဆုံးပါပြီ။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်၏”
“၁။ ပါရမီအား ရရှိခြင်း(အထူးသာလွန်မှုတစ်ခုခု.. စသဖြင့်)(ရွေးချယ်လို့မရပါ)”
“၂။ စွမ်းရည်မှတ်အား ရရှိခြင်း(သိုင်းပညာများကို အဆင့်မြှင့်တင်ခြင်း.. စသဖြင့် အသုံးပြုနိုင်သည်)”
“၃။ ဘဝအတွေ့အကြုံတို့အား ရရှိခြင်း(မှတ်ဉာဏ်များ.. စသဖြင့်)”
ရှေ့ရှိ အချက်များကို ကြည့်ကာ ဟန်ကျောက်တစ်ယောက် ခဏတာ မှင်သက်သွားသည်။ အဘယ်ကြောင့်ဆိုသော် နံပါတ်တစ်ကို ရွေးချယ်လို့ မရသောကြောင့် ဖြစ်၏။
“အစစ်အမှန်ချီ သိုင်းပညာဆိုတဲ့ဟာ ဘယ်လောက်စွမ်းအားကြီးလဲ ငါကြည့်ပါဦးမယ်”
ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်ဟာ ဟန်လင်း အသက်ပေးခဲ့ရသည့် ကျင့်ကြံမှုနည်းလမ်းကို အရင်ဦးဆုံး သင်ယူရန် ဆုံးဖြတ်လိုက်သည်။
“နှစ်”
သူက ရေရွတ်လိုက်၏။
“စွမ်းရည်မှတ် +၁”
ဟန်ကျောက်ဟာ အစိမ်းရောင်အဖုံးနှင့် စာအုပ်ကို ထုတ်ကာ လှန်လိုက်၏။ ကျမ်းထဲတွင် စုစုပေါင်း အဆင့်သုံးခု ရှိပါသည်။ အဆင့်တစ်ခုချင်းစီတိုင်းတွင် စကားလုံး တစ်ရာကျော်လောက် ပါရှိ၏။ လူသားတစ်ယောက်၏ ကျင့်ကြံပုံ ပုံကြမ်းတစ်ခုလည်း ပါရှိသည်။
အချိန်အချို့ ကြာပြီးနောက် သူဟာ ပထမအဆင့်ကို အလွတ်မှတ်လိုက်၏။ ထိုအချိန်၌ သူ၏ သိုင်းပညာဇယားကွက်ဟာ ပြောင်းလဲနေပြီး ဖြစ်သည်။
အမည်- ဟန်ကျောက်
စွမ်းရည်မှတ်- ၁
ထူးကဲမှုပါရမီ- မရှိ
သိုင်းပညာများ- အမည်မသိ ကျင့်ကြံခြင်းနည်းလမ်း (စတင်မှုမပြုသေး(အဆင့်မြှင့်တင်နိုင်သည်))
“အမည်မသိကျင့်ကြံခြင်းနည်းလမ်းကို မြှင့်တင်မယ်”
သူက ရေရွတ်လိုက်၏။ ထိုအချိန်၌ သူ၏ စွမ်းရည်မှတ်ဟာ သုညသို့ ပြောင်းလဲသွားပြီး ဝမ်းဗိုက်အောက်မှ အပူတစ်ခု အနည်းငယ် မြင့်တက်လာမှုကို ခံစားလိုက်ရသည်။ နွေးထွေးသည့် စီးကြောင်းက ခန္ဓာကိုယ်ကို ဖြတ်သန်းသွား၏။ အမည်မသိ ကျင့်ကြံခြင်း နည်းလမ်းလည်း ပထမအဆင့် အသေးစားကျွမ်းကျင်မှုသို့ ရောက်ရှိသွားသည်။
“ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေတယ်ဆိုတော့ ဒါကို သက်ရှည်ကျမ်းလို့ ခေါ်လိုက်မယ်”
ဟန်ကျောက်က တွေးလိုက်ပြီးနောက် မျက်နှာပြင်ပေါ်မှ စကားလုံးများဟာ ပြောင်းလဲသွားသည််။
“သိုင်းပညာများ- သက်ရှည်ကျမ်း(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၄၈%၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၁”
“ငါ့ရဲ့ ခွန်အားတွေ တိုးလာတယ်လို့ ခံစားရတယ်” လက်ရှိ အစစ်အမှန် ချီအဆင့်ဟာ အပြင်ပိုင်းကျင့်ကြံမှု၏ အရေအပြား သန့်စင်ခြင်း အဆင့်နှင့် တူညီလား မသိပေ။ သို့ပေမယ့် ဟန်ကျောက်တစ်ယောက် သူ၏ခန္ဓာကိုယ် ပိုမိုသန်မာလာမှုကို အမှန်တကယ် ခံစားရ၏။
မျက်လုံးများကို မှိတ်ကာ သက်ရှည်ကျမ်း၏ နည်းလမ်းအတိုင်း အတွင်းပိုင်းကို ကြည့်လိုက်သည်။ သူ၏ဒန်တျန်ထဲတွင် လက်မရွယ်ထူသည့် အစိမ်းရောင် အစစ်အမှန်ချီတစ်ခု ပေါ်လာခဲ့သည်။
သူ၏လက်များကို ကြည့်ကာ ချီအားကို ၎င်းတို့အပေါ်သို့ ဦးတည်လိုက်သည်။ ချက်ချင်းပင် အားအင်တို့ တိုးလာသည်ဟု ခံစားရ၏။
“ဒီလက်တစ်စုံက ကြည့်လို့ကောင်းပေမယ့် ဘာခွန်အားမှ သိပ်မရှိဘူး။ အစစ်အမှန်ချီက အားနည်းလွန်းပြီး သတိပြုမိစရာတောင် မရှိဘူး”
ဟန်ကျောက် “…”
သူက လက်ကိုဆန့်ကာ ဘေးရှိ ခေါင်းအုံးကို ဆွဲလိုက်သည်။ သစ်သားခေါင်းအုံးဟာ ရေမြှုပ်တစ်ခုကို ညှစ်လိုက်သည့်အလား ခံစားရ၏။
“အများကြီး တိုးတက်လာတာပဲ”
ဟန်ကျောက်တစ်ယောက် လန့်သွားခဲ့၏။ အစစ်အမှန်ချီသာ မရှိပါက သူ၏ လက်ချောင်းများ ကျိုးသွားလျှင်တောင် မာကျောသည့် သစ်သားခေါင်းအုံးကို တစ်စထွက်လာအောင်ပင် လုပ်နိုင်မည်မဟုတ်ပေ။
သို့ပေမယ့် ထိုတစ်ချက်နှင့်အတူ သူ၏ ခန္ဓာကိုယ်အတွင်းရှိ အစိမ်းရောင် အစစ်အမှန်ချီ သုံးပုံတစ်ပုံတို့ ကုန်ဆုံးသွားခဲ့၏။ တစ်နည်းအားဖြင့် ထိုကဲ့သို့သော စွမ်းအားကို သုံးကြိမ်သာ ထုတ်လွှတ်နိုင်ပါသည်။
ဟန်လင်းဆီမှ သူကြားဖူး၏။ သိုင်းသမားတစ်ယောက်ဟာ အရေအပြားသန့်စင်ခြင်း အဆင့်၌သာ ရှိလျှင်တောင် လက်နက်အပြည့်နှင့် လူလတ်ပိုင်းလေးယောက်လောက်ကို လက်ဗလာနှင့် ရှင်းလင်းနိုင်သည်ဟု ဆို၏။ အစစ်အမှန်ချီကိုသာ မသုံးပါက လက်နက်အပြည့်အစုံနှင့် လူလတ်ပိုင်း သုံးလေးယောက်လောက်ကို ရင်ဆိုင်ရလျှင် သူ့အနေနှင့် ထွက်ပြေးဖို့သာ ရှိပါသည်။
သို့ရာတွင် အတွင်းအားကို အသုံးပြုကာ ခေါင်းအုံးကို ချိုးဖျက်နိုင်ရာ အရေအပြားသန့်စင်ခြင်း အဆင့်ရှိသည့် သိုင်းသမားတစ်ယောက်၏ လည်ပင်းကိုလည်း ချိုးပစ်နိုင်လောက်သည်။ ထိုပုံကို ကြည့်ခြင်းအားဖြင့် အပြင်ပိုင်း ကျင့်ကြံမှု နည်းလမ်းဟာ ခန္ဓာကိုယ်ကို အလိုအလျောက် ဘက်စုံမာကျောလာစေပြီး အစစ်အမှန် ချီကျင့်ကြံမှု နည်းလမ်းကတော့ အသုံးချမှုပြုကာ ပိုမိုစွမ်းအားကြီးလာနိုင်ပေမယ့် အကြိမ်အရေအတွက် အကန့်အသတ်ရှိကာ ခန္ဓာကိုယ်ကို အလိုအလျောက် ဘက်စုံမာကျောမှုမှာလည်း အရမ်းကြီး သိသာခြင်းမရှိပေ။
“သက်ရှည်ကျမ်း၏ အကောင်းဆုံး ကျင့်ကြံမှုအချိန်မှာ ညနေ၅နာရီမှ ၁၀နာရီအတွင်း ဖြစ်သည်။ အစစ်အမှန်ချီ တိုးတက်လာမှုဟာ အပြင်ပိုင်း ကျင့်ကြံမှု နည်းလမ်းများအတွက် အကူအညီ ဖြစ်၏”
ထိုအချိန်၌ လေးနက်သည့် အချက်ပေးမှုတစ်ခု ပေါ်လာခဲ့၏။ ထိုအချက်ပေးမှုကို တွေ့ရပြီးနောက် ဟန်ကျောက်လည်း သူ၏နှလုံးသားထဲရှိ အေးစက်မှုတို့ များစွာ အားနည်းသွားကြောင်းကို နားလည်လိုက်သည်။
“ဖြစ်နိုင်တာက အချက်ပေးမှုရဲ့ စွမ်းအင်အရင်းအမြစ်က ယွင်စွမ်းအင်များလား”
သူဟာ ရုတ်တရက် တုံ့ပြန်လာ၏။ သူ၏မြင်ကွင်းထဲ၌ အချက်ပေးမှု ပေါ်လာသည်နှင့် နှလုံးသားထဲရှိ အေးစက်မှုဟာ အားနည်းသွားလေ့ ရှိသည်။ သို့ပေမယ့် လေးနက်သည့် အချက်ပေးမှု ပေါ်လာချိန်၌ အားနည်းမှုဟာ ပိုမို သိသာလှ၏။ ထို့ကြောင့် သတိထားမိခြင်း ဖြစ်သည်။