(သိုင်းကျောင်းသို့ ဝင်ရောက်ခြင်း)
Vol. 1 Ch. 4
ငါးရက်ကြာပြီးနောက်…
“သတင်းဆိုး..”
ဖုယွမ်ကြေးစားစောင့်ရှောက်သူ အဖွဲ့၏ ယွမ်ကန်းကောင်တီမြို့သို့ စောင့်ရှောက်မှု ခရီးစဉ်တစ်ခုတွင် တိုက်ခိုက်ခံရသည့် သတင်းဟာ ပျံ့နှံ့သွားခဲ့သည်။ စောင့်ရှောက်သူအဖွဲ့တွင် လူ၃၀ကျော် ရှိပြီး သွေးသန့်စင်ခြင်းအဆင့် နှစ်ယောက်တို့ ပါဝင်ကြသည်။ ဟန်လင်းနှင့် ချန်ရှန်းတို့ ဖြစ်ကြ၏။ တစ်ယောက်မှ အသက်မရှင်ကြပေ။
ပြီးခဲ့သည့် ရက်အနည်းငယ် အတွင်းတွင် ဟန်ကျောက်ဟာ သက်ရှည်ကျမ်းကို ကျင့်ကြံသည်မှ လွဲ၍ အချိန်ရပါက ဖုယွမ်ကြေးစားစောင့်ရှောက်သူ အဖွဲ့၏ သတင်းရလိုရငြား မြို့တွင်းပိုင်းသို့ သွားရောက်လေ့ရှိသည်။
ယခုကဲ့သို့ ကြီးမားသည့် ထိုးနှက်ချက်ကို ခံရပြီးနောက် ဖုယွမ်အဖွဲ့ဟာ ရုတ်တရက် ကျောထောက်နောက်ခံတို့ ဆုံးရှုံးသွားခဲ့သည်။ စောင့်ရှောက်မှု ကျရှုံးခြင်းကြောင့် လျော်ကြေးပေးဆောင်ရသည့်အပြင် မြို့တွင်းရှိ အခြားအင်အားစုများကလည်း လှုပ်ရှားမှုပြုကာ အကျိုးအမြတ်များကို ဝင်ယူလာကြသည်။
နေ့လည်ခင်းတွင် ဟန်ကျောက်တစ်ယောက် ဖုယွမ်ဌာနသို့ သွားရောက်ချိန်၌ ကျန်ရှိသည့် လူများဟာ ပိုင်ဆိုင်မှုအားလုံးနှင့် နယ်မြေတို့ကို လက်လွှဲပေးပြီး ဖြစ်သည်။ ထုပ်ပိုးမှုပြုကာ ကျောက်နက်မြို့မှ ရွှေ့ပြောင်းမည် ဖြစ်၏။ မြို့ထဲရှိ အချို့အဖွဲ့များမှာ သတင်းကြိုရရှိပြီး ဖြစ်ကြသည်။
ဟန်ကျောက်ဟာ ဌာန၏အဝမှ မလှမ်းမကမ်းတွင် ရပ်ကာ နှလုံးသားထဲတွင် သက်ပြင်းချမိသည်။ ကျော်ကြားသည့် အဖွဲ့တစ်ခုဟာ ယခုအချိန်၌ လမ်းဘေးရောက်ခဲ့လေပြီ။
ရှင်းချောင်ဒေသသို့ သူပြန်ချိန်၌ နှုတ်ဆက်မှု ပြုလေ့ရှိခဲ့သည့် လူများ၏ ဆက်ဆံပုံတို့ ပြောင်းလဲနေကြောင်းကို ရှင်းလင်းစွာ ခံစားနိုင်၏။ အနောက်မှ လိုက်နေသည့် လူများပင် ရှိသည်။
သက်ရှည်ကျမ်း အဆင့်ချိုးဖျက်အပြီးတွင် ဟန်ကျောက်၏ အကြားအာရုံမှာ များစွာ ထက်မြလာခဲ့သည်။ အနောက်ဘက် မလှမ်းမကမ်းရှိ ခြေသံများဟာ သူ့အတွက် စည်းချက်တစ်ခုသဖွယ် ရှိနေ၏။ ရှင်းလင်းစွာပင် နောက်က လိုက်နေတာပါ။
“ဒီကောင်တွေက တကယ့်ကို သတင်းရမြန်တာပဲ”
ဟန်ကျောက်ဟာ လမ်းကြောင်းကို ပြောင်းပြီး မြို့အပြင်လွှာရှိ အစည်ကားဆုံး ဒေသသို့ သွားလိုက်သည်။ ထိုနေရာတွင် တောင်ဖြိုလက်သီး သိုင်းကျောင်းဟာ ရှိနေ၏။
…
လမ်းကြားမှ လျှောက်ထွက်လာပြီးနောက် သူဟာ တစ်ဖက်ရှိ ထည်ဝါသည့် စံအိမ်ကြီးတစ်ခုကို တွေ့လိုက်ရသည်။ တံခါးရှေ့တွင် နှစ်မီတာကျော် မြင့်မားသည့် ကျောက်ခြင်္သေ့နှစ်ကောင် ရှိနေကြသည်။ တံခါးပေါ်ရှိ ဆိုင်းဘုတ်တွင် တောင်ဖြိုလက်သီး သိုင်းကျောင်းဟူ၍ ထည်ဝါစွာ ရေးထား၏။
ဟန်ကျောက်ဟာ သူ၏မျက်နှာကို ပုတ်ရိုက်ကာ ပေါင်ကြောကို ဆွဲလိမ်လိုက်သည်။ မျက်ရည်များက ချက်ချင်း ထွက်လာခဲ့၏။ ထို့နောက် အင်္ကျီလက်ဖြင့် မျက်ရည်ကို သုတ်ရင်းမှ တစ်ဖက်ရှိ သိုင်းကျောင်းအတွင်းသို့ ဝင်ရောက်သွားသည်။ တံခါးသို့ ရောက်ချိန်၌ အတွင်းထဲမှ ထွက်ပေါ်လာသည့် အော်သံတို့ကို ကြားရ၏။ သူက တံခါးခေါက်ရန် လျှောက်သွားလိုက်သည်။
“စကွိ”
တံခါးဟာ ပွင့်လာပြီး မဲမှောင်ကာ မြင့်မားထွားကြိုင်းသည့် ထိပ်ပေါင်လူငယ်တစ်ယောက်၏ အပေါ်ပိုင်းခန္ဓာကိုယ်ဟာ ပြူထွက်လာခဲ့သည်။ ထို့နောက် ခြေလှမ်းတက်ကာ အပြင်သို့ ထွက်လာ၏။
“လက်သီးသိုင်းသင်ဖို့ လာတာလား”
“ဒါက ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်တွေကို ဆုံးရှုံးရတဲ့ ဝေဒနာကို ခံစားနေရတဲ့ လူငယ်တစ်ယောက်ပဲ။ ထိပ်ပြောင်လို့ မခေါ်မိစေနဲ့”
မျက်စိရှေ့တွင် ပေါ်လာသည့် အချက်ပေးစာသားက ဟန်ကျောက်ကို ရယ်မိစေသည်။ သို့ပေမယ့် သူထိန်းလိုက်၏။ သူဟာ ၁.၇မီတာသာ အရပ်ရှိပြီး တစ်ဖက်လူဟာ သူ့ထက် ခေါင်းတစ်လုံးစာ ပိုမိုမြင့်မားသည်။ အနည်းဆုံး ၁.၉မီတာလောက် ရှိ၏။ ရှေ့တွင် ရပ်နေသည်မှာ နံရံတစ်ခုသဖွယ် ခံစားရစေသည်။
“ကျွန်တော်က ဆေဘာဓါးသိုင်းကို သင်ချင်တာပါ”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။
“ဆေဘာဓါးသိုင်းလား”
လူငယ်ဟာ မှင်သက်သွား၏။ ဟန်ကျောက်ကို အထက်အောက်ကြည့်ကာ ပြောသည်။
“လက်သီးသိုင်းကို သင်ရင် တစ်လကို တစ်လျန်ကျမယ်။ ဆေဘာဓါးသိုင်းကတော့ တစ်လကို သုံးလျန်ကျမယ်။ သုံးလစာ ကြိုသွင်းရမယ်။ မင်းမှာ ပိုက်ဆံအလုံအလောက်ပါလား”
“ဟုတ်ကဲ့။ ပါပါတယ်”
“ဝင်လာခဲ့”
လူငယ်က ဘေးသို့ ရှောင်ပေးကာ ဟန်ကျောက်ကို ဝင်ရန် လက်ဟန်ပြသည်။ ဟန်ကျောက်က ခေါင်းညှိတ်ကာ သူ၏ အင်္ကျီကို သပ်ရပ်အောင် ပြင်ရင်း အသက်ကို နက်ရှိုင်းစွာ ရှူ၏။ တံခါးဘောင်ကို ဖြတ်ကျော်သွားသည်။
အတွင်းသို့ ဝင်လိုက်ပြီးနောက် ရှေ့တွင် ကျယ်ပြန့်သည့် မြေကွက်လပ်ကြီးတစ်ခု ပေါ်လာ၏။ ဘယ်နှင့်ညာ အပိုင်းနှစ်ပိုင်း ခွဲထားသည်။ ညာဘက်ရှိ တပည့်များဟာ ကျောက်တုံးများ၊ သံကြိုးစားဖြင့် ခွန်အားကို လေ့ကျင့်ခြင်း(သို့) သဲအိတ်များကို ထိုးခြင်းတို့ လုပ်နေကြသည်။ သူတို့ဟာ အခြေခံကို တည်ဆောက်နေကြသည့် ပုံပါ။ အချို့လူများဟာ ဘယ်ဘက်သို့ အကြိမ်ကြိမ် မသိမသာ လှည့်ကြည့်လေ့ရှိ၏။
ဘယ်ဘက်ရှိ တပည့်များဟာ နှစ်ယောက်တစ်တွဲ လေ့ကျင့်ကြသည်။ သူတို့၏ လက်သီးလှုပ်ရှားမှုများဟာ များစွာ မြန်ဆန်လှပြီး သိသာစွာပင် စနစ်တကျ လေ့ကျင့်ထားကြသည်။
ခြံဝန်းတစ်ခုလုံးတွင် လူလေးဆယ်၊ ငါးဆယ်လောက် ရှိ၏။ အားလုံးဟာ အနက်ရောင် လေ့ကျင့်ရေး ဝတ်စုံများကို ဝတ်ဆင်ထားသည်။ အင်္ကျီများ၏ ရင်ဘက်မှ ဘယ်ဘက်ခြမ်းတွင် လုဟူသည့် လက်သီးတစ်လုံး အရွယ်ရှိသည့် စကားလုံးကို ရေးထားသည်။
ဟန်ကျောက်၏ အားနည်းသည့် စာပေသမားတစ်ယောက်သဖွယ် အသွင်ကို တွေ့ရပြီးနောက် ညာဘက်တွင် အနားယူနေသည့် လူများက လက်ညှိုးညွှန်ကာ ပြောနေကြ၏။
“ဒီကောင်လေး သေချာပေါက် ကြာကြာမခံဘူး”
ခြံဝန်း၏ အရှေ့ပိုင်းနှင့် အနောက်ပိုင်းအကြားရှိ လမ်းအလယ်တွင် ကြိမ်ကုလားထိုင်တစ်လုံး ၇ှိသည်။ ၎င်း၏အပေါ်တွင် မီးခိုးရောင် ဆံပင်များနှင့် မုတ်ဆိတ်တို့ ပြည့်နှက်နေသည့် လူအိုကြီးတစ်ယောက် ထိုင်နေ၏။ ဒီအချိန်၌ လူအိုကြီး၏ မျက်လုံးများက အနည်းငယ် မှေးနေပြီး နေပူဆာလှုံနေပါသည်။ ခြေထောက်များကို လှုပ်ကာ အစေ့လှော်များကို ဝါးနေ၏။ မုတ်ဆိတ်ပေါ်တွင်ပင် အစေ့ခွံတစ်ခု တင်နေပြီး ကျွမ်းကျင်သူတစ်ယောက်နှင့် လုံးဝ တူညီခြင်းမရှိပေ။ ရှင်းလင်းစွာပင် အနားယူကာ ဘဝကို ခံစားနေသည့် လူအိုကြီးတစ်ယောက် ဖြစ်ပါသည်။
“ခွန်အားသန့်စင်ခြင်းအဆင့် သိုင်းသခင်- သူ၏ခန္ဓာကိုယ်ကို အတွင်းအားတို့က ကာကွယ်ထားပြီး စိတ်ကြိုက် အသုံးပြုနိုင်သည်။ ခွန်အား ၅၀၀ကီလိုဂရမ်လောက် အလွယ်တကူ ထုတ်လွှတ်နိုင်ကာ သင့်ကို လက်တစ်ချောင်းနှင့် အနိုင်ယူနိုင်သည်။ ဖားယားရန် အကြံပေး၏။ ပိုက်ဆံရှာရာ၌ အကျိုးရှိနိုင်သည်”
ရှေ့ရှိ မြင်ကွင်းတွင် ပေါ်လာသည့် အချက်ပေးမှုက ဟန်ကျောက်ကို အဖိုးကြီးအား အထင်မသေးရဲအောင် ဖြစ်သွားစေသည်။ ထိပ်ပြောင်လူငယ်ဟာ အဖိုးအိုဆီသို့ အပြေးသွားပြီး လေးစားစွာ ထိုင်ကာ တစ်ခုခုကို တီးတိုးရင်း ဟန်ကျောက်ကို လက်ညှိုးညွှန်ပြ၏။ အဖိုးကြီး၏ မျက်လုံးများက ရုတ်တရက် ပွင့်လာပြီး ဟန်ကျောက်ကို ကြည့်သည်။ ထိုပုံကို တွေ့ရပြီးနောက် ထိပ်ပြောင်လူငယ်က လက်ယမ်းပြ၏။
“လာပြီးတော့ ဆရာလုကို နှုတ်ဆက်လိုက်ဦး”
ဟန်ကျောက်က ရှေ့သို့ လျှောက်သွားသည်။ လုယီက ဟန်ကျောက်ကို အထက်အောက်ကြည့်ကာ ပြော၏။
“တောင်ခွဲဆေဘာဓါးသိုင်းကို မင်းသင်ချင်လို့လား”
ဟန်ကျောက်က ခေါင်းညှိတ်ကာ လေးစားစွာ ပြောသည်။ “တပည့်ဟန်ကျောက်က အဖိုးလုကို တွေ့ဆုံပါတယ်”
လုယီက မတ်တပ်ရပ်ကာ ဟန်ကျောက်၏ ညာဘက်လက်ကို ညင်သာစွာ ကိုင်လိုက်သည်။ ဟန်ကျောက်တစ်ယောက် သူ၏ အကြောအရွတ်တို့ အကြိမ်ကြိမ် အဖိခံလိုက်ရသည်ဟု ခံစားရသည်။ ညာဘက်လက်တစ်ခုလုံး ထုံကျင်သွား၏။
“ဒါက အတွင်းအားလား”
ထို့နောက် လုယီဟာ ဟန်ကျောက်၏ ဘယ်ဘက်လက်ကို ညှစ်၏။ ထို့နောက် နံရိုးများနှင့် နောက်ဆုံး ကျောရိုးနှင့် ပုခုံးရိုးတို့ကို ညှစ်သည်။
“မင်းရဲ့ အခြေခံက သိပ်မကောင်းဘူး”
လုယီဟာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ကြိမ်ကုလားထိုင်ပေါ်သို့ ပြန်ထိုင်သွား၏။
“ဟိုကိုသွားပြီး ပိုက်ဆံချေလိုက်။ အရင်ဆုံး သုံးလသင်ယူလို့ရတယ်”
ထိုစကားကို ကြားရပြီးနောက် ဟန်ကျောက်က သူ၏ အင်္ကျီအတွင်းသို့ နှိုက်ကာ အဖြူရောင် စာအုပ်တစ်အုပ်ကို ထုတ်သည်။ လက်နှစ်ဖက်နှင့် ပေးကာ ပြော၏။ “ကျွန်တော့မှာ ပိုက်ဆံမရှိပါဘူး။ ဒါပေမယ့် ဒီပိုးမျှင်တစ်ထောင်အညွှန်းကို အဖိုးအခအဖြစ် ပေးလိုပါတယ်။ အဆင်ပြေလား မသိဘူး”
“သူက ကျင့်ကြံခြင်း နည်းလမ်းနဲ့ သင်တန်းကြေး ပေးချင်တာလား။ ပိုက်ဆံမရှိဘူးလား”
“ပိုးမျှင်တစ်ထောင်အညွှန်း.. အဲ့ဒါက ပိုးမျှင်တစ်ထောင်လက်ဟန်လင်းရဲ့ သိုင်းပညာမလား။ ဒီကောင်လေးက…”
“သူက ဟန်လင်းရဲ့ အငယ်ဆုံးသား ဖြစ်မယ်။ ငွေလျန်တစ်ထောင်ကျော်တန်တဲ့ ဆေးကို စားတဲ့ အသုံးမကျတဲ့ကောင်ပဲ”
“သွေးသန့်စင်ခြင်းအဆင့်ကို ရောက်အောင် ကျင့်နိုင်တဲ့ သိုင်းပညာတစ်ခုက အမှောင်ဈေးကွက်မှာ ငွေ၁၈၀လျန်နဲ့ ရောင်းလို့ရတာကို။ ဒီကောင်က ဖြုန်းလှချည်လား”
“မင်းမသိသေးဘူးထင်တယ်… ဟန်လင်းနဲ့ ဖုယွမ်အဖွဲ့က အဆုံးသတ်သွားပြီ။ ဒီနေ့မှာ…ငါ…”
ဟန်ကျောက်၏ လုပ်ဆောင်ချက်က တပည့်များစွာ၏ အာရုံကို ဆွဲဆောင်သွား၏။ သူတို့ဟာ တစ်ယောက်နှင့်တစ်ယောက် စတင်တီးတိုးကြသည်။ အချို့ သွက်လတ်သည့် လူများဟာ အတွင်းပိုင်းသတင်းကို သိရှိပြီး ဖြစ်သည်။
“အိုး”
လုယီက ခဏတာ မှင်သက်သွားပြီးနောက် ပြောသည်။ “ကောင်လေးဟန်… မင်းက ဟန်လင်းရဲ့ အငယ်ဆုံးသားလား”
ဟန်ကျောက်က ပြန်ဖြေ၏။
“ဟုတ်ပါတယ် ဆရာလု”
လုယီက အဖြူရောင်စာအုပ်ကို ယကာ အသာလှန်သည်။ ထို့နောက် ပြော၏။
“မဆိုးပါဘူး။ ဒါပေမယ့် အရေးအကြီးဆုံးဖြစ်တဲ့ အတွင်းအားကို ဖမ်းဆုပ်နိုင်မယ့် အခြေခံပုံကြမ်း မရှိဘူး။ မဟုတ်ရင် ဈေးနှုန်းက အနည်းဆုံး အဆတစ်ရာလောက် ပိုမြင့်သွားမှာ။ အခုတော့ ငွေ၇၀၊ ၈၀လျန်လောက်ပဲ တန်တော့တယ်။ ပိုက်ဆံနဲ့တော့ ငါဝယ်မှာ မဟုတ်ဘူး။ ဒါပေမယ့် သင်တန်းကြေးအဖြစ် ပေးရင်တော့ အဆင်ပြေပါတယ်”
“ကျေးဇူးတင်ပါတယ် ဆရာလု”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။ သူဟာ ပိုးမျှင်တစ်ထောင် အညွှန်းကို လုယီလက်သို့ အပ်လိုက်ပြီဖြစ်ကြောင်းအား လူတိုင်းကို သိစေလို၏။
“ပါးနပ်တဲ့ကောင်လေးပဲ”
လုယီက ပြုံးသည်။ ဟန်လင်း၏ သတင်းကို သူလည်းပဲ ကြားထားကာ ဟန်ကျောက်၏ အခြေအနေကို နားလည်ပါသည်။ ဆက်လက်ပြော၏။
“မင်းကိုငါ အခွင့်အရေး မယူဘူး။ အရင်ဆုံး ဆေဘာဓါးသိုင်းကို နှစ်ဝက်လေ့လာနိုင်တယ်။ အဲ့ဒါမှ အရေအပြား သန့်စင်ခြင်းအဆင့်ကို မချိုးဖျက်နိုင်ရင် တောင်ဖြိုလက်သီးကို အမြန်ဆုံးပြောင်းကျင့်တော့။ အဲ့လိုဆိုရင် ကျန့်ကြာမှာ မဟုတ်တော့ဘူး။ အဲ့ဒီအပြင် နှစ်ဝက်အတွင်းမှာ မင်းအတွက် နေ့လည်စာကို ငါကျွေးမယ်။ အသားပါပြီး ဝစေရမယ်”
“ဆရာလုစကားကို ကျွန်တော် နားထောင်ပါမယ်”
ဟန်ကျောက်က ဦးညွှတ်၏။ ဒီတစ်ကြိမ်တွင် ဈေးလျှော့ခံရပေမယ့် သူ့အတွက် လုံခြုံသည့် ကျင့်ကြံမှုပတ်ဝန်းကျင်က တန်ဖိုးမဖြတ်နိုင်ပေ။ ဤသည်မှာ နှစ်ဖက် အကျိုးဖြစ်ထွန်းသည့် အခြေအနေဖြစ်၏။