← Chapters

(လေ့ကျင့်မှုပြုခြင်း)

Vol. 1 Ch. 6

(လေ့ကျင့်မှုပြုခြင်း)

Vol. 1 Ch. 6

“တံခါးနောက်မှာ မင်းကို ဝိုင်းလုပ်ဖို့ စောင့်နေတဲ့ ခွေးနှစ်ကောင်ရှိတယ်။ တံခါးဖွင့်ပြီး ခေါင်းနဲ့ဝင်မယ်ဆိုရင် အုတ်ခဲနဲ့ အထုခံရနိုင်ချေ ၆၆%ရှိတယ်။ တုတ်နဲ့ အရိုက်ခံရနိုင်ချေ ၃၃%ရှိတယ်။ တစ်ခါတည်း သေနိုင်ချေက ၁%ရှိတယ်”

ဟန်ကျောက်၏ မျက်နှာက မဲမှောင်သွား၏။ ဖြစ်နိုင်တာက တံခါးဖွင့်ရာတွင် သူ၏ ရပ်တံ့လိုက်မှုကြောင့်လား မသိပေ။ အတွင်းထဲရှိ အသက်ရှူသံဟာ ပိုမိုရှင်းလင်းကာ လေးလံနေ၏။

“တက်၊ တက်”

ဟန်ကျောက်ဟာ တံခါးကို ဖွင့်လိုက်သည်။ ထို့နောက် ခြေတစ်ချောင်းကို ဆန့်လိုက်၏။ နောက်တစ်စက္ကန့်တွင် ပြန်ရုတ်လိုက်လေသည်။

“သေလိုက်တော့”

အုတ်ခဲများကို ကိုင်ဆောင်ထားသည့် ထွားကြိုင်းသည့် လက်နှစ်ချောင်းတို့ ရှေ့ရှိ လေထဲတွင် ပေါ်လာကြသည်။ ကြမ်းကြုတ်သည့် မျက်နှာနှစ်ခုပေါ်၌ အံ့ဩမှုတို့ ပေါ်လာ၏။

“ဖြန်း”

ဟန်ကျောက်ဟာ လက်နှစ်ဖက်နှင့် အစစ်အမှန်ချီကို လှည့်ပတ်ပြီး သူတို့၏ လက်များကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် အတွင်းဆွဲကာ လိမ်ချလိုက်၏။

“ခရက်”

အရိုးကျိုးသံများ ပေါ်လာကြသည်။

“အားးးး”

ဆိုးရွားသည့် အော်သံက ပေါ်လာပြီး ကြားရသည့်လူအများကို ဆံပင်များ ထောင်ထသွားစေလောက်၏။ ဟန်ကျောက်ဟာ ပြင်းထန်စွာ ဆက်လက် ကန်ပစ်လိုက်၏။

“ရပ်.. ရပ်တော့”

"ငါတို့က ခွေးရိုင်းလူဆိုးဂိုဏ်းက.. မင်းသာ.. အား”

နှစ်ယောက်သား၏ အကြိမ်ကြိမ် အော်ညည်းမှုများ အကြားတွင် တစ်ယောက်က ဟန်ကျောက်ကို ခြိမ်းခြောက်လိုနေ၏။ သို့ပေမယ့် ပြင်းထန်သည့် ကန်ချက်များက သတိလစ်လုမတတ် ဖြစ်သွားစေသည်။

“မင်းတို့ ခွေးရိုင်းလူဆိုးဂိုဏ်းက တောင်ဖြိုလက်သီးသိုင်းကျောင်းနဲ့ ရန်သူဖြစ်ချင်လို့လား”

ဟန်ကျောက်က လေ့ကျင့်ရေး ဝတ်စုံပေါ်ရှိ လုဟူသည့် စကားလုံးကို လက်ညှိုးထိုးကာ ပြောသည်။

ခွေးရိုင်းလူဆိုးဂိုဏ်းမှာ ဆင်းရဲသားရပ်ကွက်ရှိ လူမိုက်များဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့ငယ်တစ်ခု ဖြစ်၏။ ပြစ်မှုမျိုးစုံတို့ကို ကျူးလွန်ကြသည်။ သို့ရာတွင် အဖွဲ့ဝင်များ အားလုံးဟာ သာမန်လူများသာ ဖြစ်ကြ၏။ အရေအပြား သန့်စင်ခြင်းအဆင့် တစ်ယောက်ပင် မရှိပေ။ သူတို့၏ ရက်စက်ကြမ်းကြုတ်မှုကိုသာ မှီခိုပြီး ဆင်းရဲသားရပ်ကွက်တွင် ခြေကုပ်ရလာခဲ့၏။

ဟန်လင်း၏ သေဆုံးမှုသတင်းကို ရရှိပြီးနောက် ထိုလူများဟာ သူ့ဆီမှ အကျိုးအမြတ်တို့ လာလုချင်ကြပုံပါ။ သူ၏ တောင်ဖြိုလက်သီးသိုင်းကျောင်းသို့ သွားရောက်မှုကိုတောင် မသိပဲ ခြံထဲတွင် ကြိုစောင့်နေခြင်း ဖြစ်ပေလိမ့်မည်။

“အဖိုးဟန်… ကျွန်တော်တို့ မှားပါတယ်”

“တောင်ဖြိုလက်သီးသိုင်းကျောင်းနဲ့ ကျွန်တော်တို့ ရန်သူမဖြစ်ရဲပါဘူး။ ကျေးဇူးပြုပြီး ဒီမှိုက်ကောင်တွေကို ခွင့်လွှတ်ပေးပါ”

ယခုမှသာ ထိုနှစ်ယောက်ဟာ ဟန်ကျောက်၏ လေ့ကျင့်ရေး ဝတ်စုံကို အာရုံစိုက်နိုင်၏။ ဟန်ကျောက်၏ သိုင်းခွန်အားနှင့် နောက်ခံတို့ ပေါင်းစပ်ဖိအားအောက်တွင် သူတို့ဟာ နာကျင်မှုကို ကြိတ်ခံရင်း ဦးချကြသည်။

“ထွက်သွားကြ။ မင်းတို့ကို ငါထပ်ပြီး မမြင်ရစေနဲ့။ နောင်မှာ ငါ့ကို ခွေးရိုင်းအဖွဲ့က လူတွေ လာပြီး ရန်စတာမျိုး မလိုချင်ဘူး”

ဟန်ကျောက်က တံခါးဝကို ညွှန်ပြသည်။

“ကျေးဇူးတင်ပါတယ် အဖိုးဟန်.. ကျေးဇူးတင်ပါတယ်”

“ကျွန်တော်တို့ မလုပ်ရဲပါဘူး.. တကယ့်ကို ကြောက်သွားတာပါ”

နှစ်ယောက်သားဟာ ခြံထဲမှ အပြေးအလွှား ထွက်ခွာသွားကြ၏။ ဟန်ကျောက်ဟာ သူတို့၏ မျက်နှာများကို မှတ်သားထားပြီး တံခါးကို ပိတ်လိုက်သည်။ ခြံဝန်းလယ်ဆီသို့ လျှောက်သွားပြီးနောက် သစ်သားစင်များကို ကြည့်၏။ ရုတ်တရက် မှင်သက်သွားသည်။

“ငါ့ရဲ့ အသားခြောက်တွေရော”

သစ်သားစင်ပေါ်တွင် ဝါးဇကာတို့ ရှိပါသည်။ အစက အသားခြောက်များနှင့် မုန်လာခြောက်များကို အတွင်းထဲတွင် ထားထား၏။ ယခုအချိန်၌ မုန်လာခြောက်များသာ ကျန်ရစ်ခဲ့သည်။ ဟန်ကျောက်ဟာ အစာစားတိုင်းတွင် အသားခြောက်ကို အနည်းငယ်သာ စားပြီး ခြွေတာခဲ့၏။ ယခုတော့ အားလုံး ကုန်လေပြီ။

“အကောင်းစိတ်နဲ့ကြည့်ပါ။ သူတို့တွေ အကုန်ယူမသွားခဲ့ဘူး။ မင်းအတွက် မုန်လာခြောက်အချို့ ချန်ခဲ့တယ်လေ”

“ဒီကလူမိုက်တွေ ဆိုးလှချည်လား”

ဟန်ကျောက်၏ နှလုံးသားဟာ ဒေါသတို့ လောင်ကျွမ်းလာ၏။ သူဟာ ခြံတံခါးကို လော့ချပြီး လူဆိုးနှစ်ယောက်ကို လျှင်မြန်စွာ လိုက်သည်။

အစက သူ၏တံခါးဝတွင် လူသတ်ခြင်းက မကောင်းဟု ထင်ခဲ့၏။ ဘာပဲဖြစ်ဖြစ် မြို့ထဲတွင် အစိုးရအမှုထမ်းများ ရှိပါသည်။ အရမ်းကြီး ပေါ်တင်လုပ်လို့မရပေ။ ထိုနှစ်ယောက်ကို ပြန်လွှတ်လိုက်ခြင်းမှာ တိတ်ဆိတ်သည့် ညအချိန်ကို စောင့်စားပြီး အသံမဲ့စွာ အကြွေးပြန်တောင်းမလို့ပါ။

ခုနက စကားများကို သူယုံမည်မဟုတ်ပေ။ နောက်တွင် မကောင်းမကြံနိုင်ဟု မည်သူက အာမခံမည်နည်း။ ထို့အပြင် အစိုးရဟာလည်း ဆင်းရဲသားရပ်ကွက်ရှိ ကိစ္စများကို ဂရုစိုက်ခြင်း မရှိပေ။ အခုတော့ သူ၏အသားခြောက်တို့ ပါသွားလေပြီ။ ကျက်သရေမရှိသည့် အချက်ပေးမှုကပင် လှောင်ခဲ့သေး၏။ အလွန် ဒေါသထွက်ဖို့ ကောင်းလှသည်။

…

ကျောက်နက်မြို့၏ ဆင်းရဲသားရပ်ကွက်ဖြစ်သည့် ဟိုင်လင်းဒေသတွင်…

အမှိုက်များဟာ လမ်းဘေးနေရာများတွင် ပုံနေလေ့ရှိပြီး လေထုဟာ အနံ့ဆိုးသည့် အငွေ့အသက်များနှင့် ပြည့်နှက်နေပါသည်။

ဒီအချိန်၌ ကျဉ်းမြောင်းသည့် လမ်းကြားတစ်ခုတွင်…

ယောကျားသားနှစ်ယောက်တို့ဟာ တစ်ယောက််နှင့်တစ်ယောက်် တွဲကာ လျှောက်လှမ်းနေကြ၏။ နှစ်ယောက်သား၏ ညာဘက်လက်များဟာ ကွေးကောက်ပုံပျက်နေပြီး အိမ်ပြန်နေကြသည့် ပုံပါ။

“ဟန်ကျောက်.. ခွေးကောင်”

“ဒမ်း.. အနှေးနဲ့အမြန် မင်းကိုသာ ပြန်သတ်ဦးမယ်” ပြင်းထန်သည့် နာကျင်မှုက နှစ်ယောက်သားကို ချွေးစေးများ ထွက်နေစေ၏။ ကျိန်ဆဲမှုကသာလျှင် နာကျင်မှုတို့ကို အနည်းငယ် ပြေလျော့စေနိုင်သည်။

သို့ရာတွင် နှစ်ယောက်သားဟာ လမ်းကြားမှ လျှောက်ထွက်တော့မည် အပြုတွင် အနောက်ဘက်မှ အသံတစ်ခု ပေါ်လာ၏။ သူတို့ကို အေးခဲမြစ်ထဲသို့ ကျရောက်သည့်နှယ် အေးစက်သွားစေသည်။

“အနှေးတွေ အမြန်တွေ ရှိမှာမဟုတ်ဘူး။ အခုပဲ အဆုံးသတ်ကြတာပေါ့”

နှစ်ယောက်သားဟာ နောက်သို့ လှည့်ကြည့်ခြင်း မပြုနိုင်ခင်တွင်ပင် အုတ်ခဲနှင့် ခေါင်းကို အထုခံရ၏။

“ဘန်း၊ ဘန််း”

တစ်ခါတည်း မှောက်ရက်ကျကာ မြေပြင်ပေါ်၌ လဲသွားသည်။

ဟန်ကျောက်ဟာ သူတို့၏ ဦးခေါင်းခွံတို့ လုံးဝ ပျက်စီးသွားအောင် အကြိမ်အနည်းငယ် ထပ်မံထုပြီးနောက် ငြိမ်သက်သွားသည့် မျက်နှာတို့ကို ကြည့်သည်။ ထို့နောက်မှ အုတ်ခဲများကို လွှင့်ပစ်လိုက်၏။

“ငါပြဿနာမဖြစ်ချင်ဘူး။ ဒါပေမယ့် ပြဿနာကိုလည်း ကြောက်မနေဘူး။ ငါ့ကို ဖိအားအရမ်းမပေးရင် ငါက လူကောင်းပဲ”

ဟန်ကျောက်၏ မျက်နှာက အေးစက်နေပြီး အသက်ကို နက်ရှိုင်းစွာ ရှူ၏။ သွေးနံ့က သူ့ကို အနည်းငယ် မသက်မသာ ခံစားရစေသည်။ သို့ပေမယ့် ကောင်းမွန်စွာ နေလိုပါက သတ်ဖြတ်ဖို့ လိုအပ်၏။ ဒီနှစ်ယောက်ဟာ သေဖို့ ထိုက်တန်ပါသည်။ သူသာ သတိမထားပါက မြေပြင်ပေါ်၌ လဲနေသည့်သူဟာ သူသာလျှင် ဖြစ်နေမှာပါ။

မြေပြင်ပေါ်တွင် ပြန့်နှံ့လာသည့် သွေးကွက်ကို ကြည့်ကာ အမြန်ထိုင်ပြီး သူ၏ အသားခြောက်တို့ကို ရှာသည်။ ငွေနှစ်လျန်နဲ့ ကြေးပြားဆယ်ပြားကျော်ကိုလည်း တွေ့ရ၏။ မည်သူမှ သတိမထားမိခင်တွင် သူဟာ ပစ္စည်းများကို သိမ်းဆည်းပြီး ထွက်ခွာသွားသည်။

နောက်တစ်နေ့တွင်..

ဟန်ကျောက်ဟာ နံနက်စောစောတွင် တောင်ဖြိုလက်သီး သိုင်းကျောင်းဆီသို့ ထွက်ခဲ့၏။ မြေကွက်လပ်တွင် လေ့ကျင့်နေသည့် တပည့်များ ရောက်နှင့်နေပါပြီ။ အကြီးဆုံး စီနီယာအစ်ကိုဖြစ်သည့် ကျောက်ယွမ်ထုက လူသစ်များကို ညွှန်ကြားနေ၏။ ဟန်ကျောက်၏ ရောက်လာမှုကို တွေ့ရပြီးနောက် ခေါင်းတစ်ချက်ညှိတ်ပြကာ ဆက်လက်သင်ကြားသည်။

သူတို့၏ ကျင့်ကြံမှု အစီအစဉ်အရ တပည့်များဟာ အရင်ဦးဆုံး အထူးနည်းလမ်းဖြင့် သဲအိတ်များကို ထိုးနှက်ကြရသည်။ ထို့နောက် ကျောက်တုံးများကို မကြရသည်။ နောက်ဆုံးအဆင့်တွင် သံအိုးထဲရှိ အပူပေးထားသည့် သဲကို လက်သီးများသုံးကာ ထိုးရသည်။

ထိုအဆင့်သုံးခုတို့ကို သုံးလအတွင်းတွင် ပြီးမြောက်နိုင်ပါက အကောင်းဆုံး ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် တောင်ဖြိုလက်သီးကို ကျင့်ကြံရန် ခက်ခဲမှုမှာ နိမ့်ပါးသောကြောင့် ဖြစ်သည်။ နှစ်လအတွင်း အရေအပြား သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်နိုင်မှသာလျှင် ပါရမီရှင်ဟု ယူဆနိုင်၏။

ဤသည်က လက်သီးသိုင်း၏ ဖြစ်စဉ်ဖြစ်သည်။ ဟန်ကျောက်မှာတော့ ဆေဘာကျင့်ကြံသူ ဖြစ်၏။ ထို့ကြောင့် သူ၏လက်ချောင်းများကို လေ့ကျင့်ရန် သဲအိတ်ကို ထိုးပြီး ကျောက်တုံးများကို မဖို့သာ လိုအပ်ပါသည်။

ကြည့်လိုက်လျှင် ဒီနည်းလမ်းများကို ပြီးခဲ့သည့်ဘဝက လေ့ကျင့်ခန်းအချို့နှင့် တူညီသည်ဟု ထင်ရပေလိမ့်မည်။ သို့ပေမယ့် တကယ်တော့ ကြီးမားသည့် ခြားနားချက်တစ်ခု ရှိ၏။

ကျောက်ယွမ်ထုက သင်ကြားပေးသည့် နည်းလမ်းနှင့် သူဟာ ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုတို့ကို ရှင်းလင်းစွာ ခံစားနိုင်ပါသည်။ ဖြတ်လတ်ခြင်းစွပ်ပြုတ်နှင် ပေါင်းလိုက်ပါက မနေ့ကနှင့် နှိုင်းယှဉ်ကြည့်လျှင် ခွန်အားဟာ ကြီးစွာ ခြားနားနေသည်ဟု ခံစားရသည်။

သို့ရာတွင် လက်သီးသိုင်းကို လေ့ကျင့်ရာတွင် လူတစ်ယောက်ဟာ လက်သီးသိုင်းပညာ၏ အညွှန်းများကို မှတ်သားထားရန် လိုအပ်သည်။ ဟန်ကျောက်ဟာတော့ တောင်ခွဲဆေဘာအတတ်၏ အညွှန်းများကို သင်ကြားပြီးသေးခြင်း မရှိပေ။ ထို့ကြောင့် ခြားနားချက်ကို မသိနိုင်ပဲ ရှိနေ၏။ ဤနည်းအားဖြင့် သူဟာ ဖြည်းညှင်းစွာ လေ့ကျင့်ခဲ့၏။

တဖြည်းဖြည်းနှင် အင်္ကျီများအောက်မှ ချွေးများ ပေါ်လာခဲ့သည်။ မနက်ခင်းဟာ ကုန်ဆုံးလာ၏။ တပည့်များဟာ သူတို့၏ ခန္ဓာကိုယ်များကို သုတ်သပ်ပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အနားယူကြသည်။

ဟန်ကျောက်မှာ အချိန်အနည်းဆုံး အနားယူပြီး အကြိမ်တိုင််းတွင် ခဏသာ ကြာ၏။ သူ၏ ထိုကဲ့သို့ ကျင့်ကြံပုံက အချို့ တပည့်သစ်များကို လိုက်လံလုပ်ဆောင်ကြစေသည်။ နောက်ဆုံးတွင် သူတို့ဟာ ပုခုံးများလက်များကို နှိပ်ပြီး နေရာတိုင်းတွင် မသက်မသာ ခံစားလာရ၏။

ကျောက်ယွမ်တုက ထိုအခြေအနေကို ရှင်းပြ၏။ အလွန့်အကျွံ လေ့ကျင့်ခြင်းကို ရှောင်ကျဉ်ရမည် ဖြစ်သည်။ မဟုတ်ပါက နေ့လည်ခင်းတွင် ခွန်အားတို့ ကျန်မည် မဟုတ်တော့ပေ။

အချို့ တပည့်ဟောင်းများက ကြည့်ကာ ရယ်၏။ သူတို့တွင်လည်းပဲ အစပိုင်းတွင် ယခုကဲ့သို့ လုပ်ဆောင်ခဲ့သူအချို့ ရှိကြသည်။ ပိုမိုရှည်ကြာစွာ လေ့ကျင့်လိုကြ၏။ သို့ပေမယ့် နေ့လည်ပိုင်းတွင် လက်ပင် မြှောက်နိုင်ခြင်း မရှိတော့ပေ။

သို့ပေမယ့် နေ့လည်ခင်းသို့ ရောက်သည်အထိ ဟန်ကျောက်ဟာ ချွေးများစွာ ထွက်ခဲ့ပေမယ့် အားအင်ပြည့်နေသေးသည့် ပုံပါ။

“ပျော့လွန်းတယ်”

“အားများလွန်းတယ်”

“သဲအိတ်ကို အားအပြည့်ရဲ့ ကိုးပုံကိုသုံးပြီးထိုး.. ပြီးတော့ အရှိန်သုံးပုံထည့်”

“ကျောက်မရင်် အရိုင်းဆန်ပြီး အထာကျနေရမယ်”

“….”

လေ့ကျင့်နေစဉ်တွင် အချက်ပေးမှုများက ဆက်လက် ပေါ်လာနေ၏။ မကြာခင် အချက်ပေး အပိုင်းအစ ဆယ်ခုအထိ ရှိလာခဲ့သည်။ လေးနက်သည့် အချက်ပေးမှုတိုင်းက ဟန်ကျောက်၏ ရင်ဘတ်ထဲရှိ ယင်စွမ်းအင်တို့ကို ပိုမိုနည်းပါးလာစေ၏။ ဒီအတိုင်းဆိုပါက အကြာကြီးခံမည် မဟုတ်ပေ။

All Chapters