← Chapters

(မိန်းမဆိုတာ ဓါးထုတ်တာကိုသာ ကြာစေနိုင်တယ်)

Vol. 1 Ch. 7

(မိန်းမဆိုတာ ဓါးထုတ်တာကိုသာ ကြာစေနိုင်တယ်)

Vol. 1 Ch. 7

အနက်ရောင်အလုံးထဲတွင် ယင်စွမ်းအင်မည်မျှ ကျန်သေးလဲ သူမသိပေ။ အားလုံးကို စုပ်ယူပြီးခြင်း မရှိသေးပါ။ သို့ရာတွင် ယခုအချိန်၌ အရေးအကြီးဆုံးမှာ ပိုက်ဆံရှာရန် ဖြစ်သည်။ သူ့တွင် ငွေ၆လျန်သာ ရှိ၏။ ဤသည်မှာ မနေ့က ခွေးရိုင်းအဖွဲ့မှ လူမိုက်နှစ်ယောက်တို့ ပေးခဲ့သည့် ပိုက်ဆံတို့ အပါအဝင် ဖြစ်၏။ ထပ်မံ အစမ်းရှင်သန်ခြင်း ပြုလုပ်လိုပါက ၅လျန်ကျော် လိုပါသေးသည်။

လုယီက နေ့လည်စာကို စီစဉ်ပေးပေမယ့် သူ့အနေနှင့် မနက်စာနှင့် ညစာတို့ကို စားသုံးရန် လိုအပ်ပါသေးသည်။ လေ့ကျင့်ပြီးနောက် စားဖြစ်သည့် အစားအစာပမာဏဟာ အိမ်မှာနေတုန်းကနှင့် အလွန် ခြားနား၏။ အမြန်ဆုံး အဆင့်တက်အောင် ပြုလုပ်ကာ ပိုက်ဆံရှာရန် နည်းလမ်းရှာရပေမည်။

ဟန်ကျောက်က အနားယူရန် ထိုင်လိုက်ချိန်၌ ကျောက်ယွမ်ထုက ထိပ်ပြောင်ဦးခေါင်းကို ကုပ်ကာ သူ့ကို အံ့ဩစွာ ကြည့်သည်။

“ဟန်ကျောက်… မင်းရဲ့ သက်လုံက ကောင်းလှချည်လား”

သူဟာ ဟန်ကျောက်၏ သွယ်လျသည့် ခြေချောင်းလက်ချောင်းများကြောင့် အကြာကြီး မခံလောက်ဟု ထင်ခဲ့၏။ မနေ့က နေ့လည်ရှိ လေ့ကျင့်မှုမှာ တိုတောင်းလှသည်။ ယခုက တစ်မနက်လုံး ဖြစ်၏။ သူ့အနေနှင့် လုပ်ဆောင်နိုင်ခြင်းမှာ သူဟာ အရိုးသန့်စင်ခြင်း အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီး ဖြစ်သောကြောင့် ဖြစ်သည်။ ဟန်ကျောက်ကတော့ အခြေခံသို့ပင် ဝင််ရောက်ခြင်း မရှိသေးပေ။

“ကျွန်တော်က မွေးကတည်းက အဲ့လိုပဲ”

ဟန်ကျောက်က ဖြေ၏။ သူဟာ စာပေးသမားတစ်ယောက်နှင့် တူကာ အနားယူချိန်တွင် စကားအများကြီး မပြောပေမယ့် လူတိုင်းကို ဖော်ရွေစွာ ဆက်ဆံပါသည်။ ထို့ကြောင့် ဘေးရှိ လူများက ကြားရပြီးနောက် စနောက်၏။

“မင်းကိုကြည့်ရတာ နုနယ်ပေမယ့် သက်လုံက တော်တော်ကောင်းတာပဲ”

“ဟုတ်တယ်။ ငါတော့ အရမ်းမနာလို ဖြစ်မိတယ်”

“ငါသာ မင်းနေရာမှာဆိုရင် မြို့တွင်းပိုင်းကို တစ်ခါတည်းသွားပြီး ချမ်းသာတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်တယ်။ ဒီနေရာမှာ ဒုက္ခခံစရာ မလိုတော့ဘူး”

“မန်မင်း.. မင်းက မိန်းမတစ်ယောက်ရဲ့ အရိပ်အောက်မှာ နေချင်လို့လား”

“ငါက ငယ်ငယ်တည်းက ဗိုက်ဖောင်းခဲ့တဲ့လူ မဟုတ်ဘူး။ ဘာလို့ မနေရမှာလဲ”

မျက်ခုံးထူထူနှင့် လူငယ်က ပြန်ပြော၏။ သူ၏အမည်မှာ မန်မင်းဟု ခေါ်သည်။ တည့်တိုးဆန်သည့် စရိုက်ရှိသဖြင့် လက်သီးသိုင်းကျင့်ကြံသည့် လူများနှင့် ကောင်းမွန်သည့် ဆက်ဆံရေးရှိ၏။

“ဖြစ်နိုင်ရင် ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ်ပဲ မှီခိုချင်သေးတယ်”

ဟန်ကျောက်က လေးနက်စွာ ပြောသည်။ ပြန်လည်မွေးဖွားလာပြီးမှ ဘယ်လိုလုပ်ပြီး မိသားစုတစ်ခုသို့ လက်ထပ်ဝင်ရောက်ကာ သမက်ဖြစ်လာရမည်နည်း။ ဤသည်က ငွေကြေးနှင့်သာ ဆိုင်သည်မဟုတ်ပေ။ သူ၏ လေးနက်ပုံကို တွေ့ရပြီးနောက် လူတိုင်းက ဆက်လက်မပြောတော့ပေ။

…

မကြာခင် နေ့လည်စာအချိန်သို့ ရောက်ရှိလာ၏။ မြေကွက်လပ်အတွင်းရှိ တပည့်များဟာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ အချို့က ယူဆောင်လာသည့် ကိတ်မုန့်များကို ထုတ်ကာ ထိုင်ပြီး ရေနွေးနှင့်အတူ စား၏။

ဟန်ကျောက်က ကျောက်ယွမ်ထုနောက်သို့ လိုက်ကာ မီးဖိုချောင်သို့ သွားသည်။ သေးငယ်သည့် စားပွဲပေါ်တွင် ဟင်းနှစ်မျိုးသာ ရှိနေ၏။ ဝက်သားနှပ်အိုးငယ်နှင့် အသီးအရွက်အိုးကြီး ဖြစ်သည်။

“စားကြရအောင်.. ဆရာအပြင်သွားတယ်.. ငါတို့နှစ်ယောက်ပဲ စားရမှာ”

ဟန်ကျောက်က အသီးအရွက်အချို့ကို တူနှင့်ယူကာ အရည်ကို ဆမ်းသည်။ ဝက်သားနှပ်ကို အားပါးတရ ကိုက်ပြီး ထမင်းပန်းကန်လုံးကြီး သုံးပန်ကန်လောက် စား၏။

သူ၏ ပြီးခဲ့သည့်ဘဝတွင် သာမန်ဆန်သည့် မိသားစုနောက်ခံသာ ရှိခဲ့၏။ ဝက်သားနှပ်ကို ယခုလောက်အထိ အားပါးတရ မစားခဲ့ဖူးပေ။ အလွန် အရသာရှိလှ၏။

နှစ်ယောက်သားဟာ အစားအသောက် အားလုံးတို့ကို စားပစ်လိုက်ကြသည်။ နောက်ဆုံးတွင် ဟန်ကျောက်က ဝသွားပြီးနောက် ကျောက်ယွမ်ထုက သူ၏ပန်းကန်လုံးထဲရှိ ထမင်းတို့ကို ဟင်းအိုးထဲသို့ ထည့်ကာ အနှစ်အားလုံးကို လူးပြီး စားသောက်၏။ ထို့နောက်မှသာ ဝမ်းဗိုက်ကို ပုတ်ပြီး ကျေနပ်စွာ ခံစားရသည်။

စားသောက်ပြီးနောက် နှစ်ယောက်သားဟာ စကားပြောဖြစ်ကြ၏။ ကျောက်ယွမ်ထုမှာ ဒီနှစ်တွင် အသက်၂၃နှစ် ရှိပါပြီ။ သူ၏မိဘများဟာ အသက်၁၄နှစ်တွင် သေဆုံးခဲ့ကြ၏။ ၁၅နှစ်တွင် လုယီထံ၌ သိုင်းပညာကို သင်ကြားခဲ့သည်။ သူ၏ ပါရမီဟာ မဆိုးလှပဲ ရိုးသားပြီး အလုပ်ကြိုးစားသဖြင့် သိုင်းကျောင်းတွင် နေထိုင််ခွင့် ပြုခဲ့၏။ လာရောက်အပ်နှံသည့် လူသစ်အများစုတို့ကို သူသင်ပေးသည်။ လစာမရပေမယ့် အစားအသောက်နှင့် နေစရာတို့ကို ထောက်ပံ့ပေးသည်။ လက်သီးသိုင်းသင်ကြားသည့် စရိတ်ကိုလည်း တစ်ဝက်လျှော့ပေး၏။

“ဒါနဲ့.. စီနီယာအစ်ကို… ပိုက်ဆံဘယ်လိုရှာရမလဲ သိလားဗျ”

ဟန်ကျောက်က ရေနွေးနှစ်ခွက်တို့ကို ငှဲ့ကာ ပိုက်ဆံလမ်းကြောင်းကို မေးသည်။ ဒီအတိုင်း ကျင့်ကြံတာ မဆိုးလှပေမယ့် ပိုက်ဆံရှာကာ စွမ်းရည်မှတ်တို့ ယူပြီး အဆင့်မြှင့်တင်ပါက ယုံကြည်ချက််တို့ ပိုမိုရှိလာမှာပါ။

“ဘာဖြစ်လို့လဲ… မင်းပိုက်ဆံလိုလို့လား”

ကျောက်ယွမ်ထုက ရေနွေးကို သောက်သည်။

“ကျွန်တော့ရဲ့ ပါရမီက သိပ်မကောင်းဘူး။ အဲ့ဒါကြောင့် အရေးပေါ်အတွက် ပိုက်ဆံပိုပြီး စုဆောင်းထားချင်လို့” ဟန်ကျောက်က ပြုံးသည်။

“အဲ့ဒါကောင်းတယ်။ ပိုက်ဆံများတာကို ဘယ်သူမှ စိတ်မကွက်ဘူး”

ကျောက်ယွမ်ထုက ခေါင်းကိုကုပ်ကာ ဆက်လက်ပြောသည်။

“ပြောရရင်တော့.. မိသားစုကြီးတစ်ခုခု(သို့) မြို့တွင်းပိုင်းမှာရှိတဲ့ အရောင်းအဝယ် လုပ်ငန်းစုကြီးတွေကို ဝင်တာက ပိုက်ဆံအရဆုံးပဲ။ ဒါပေမယ့် လွတ်လပ်မှုကို ထိခိုက်မှာ”

“အဲ့ဒါအပြင် လူဆိုးဂိုဏ်းတွေမှာ နာမည်စာရင်း ပေးထားလို့ ရတယ်။ ပုံမှန်ဆို တစ်နှစ်ကို မင်းလုပ်နိုင်တဲ့ အတိုင်းအတာထဲကပဲ လှုပ်ရှားမှု တစ်ကြိမ်၊ နှစ်ကြိမ်လောက် လုပ်ပေးဖို့လိုတယ်”

“ငါကတော့ ကောင်းကင်လလူဆိုးဂိုဏ်းနဲ့ လက်မဲဂိုဏ်းတွေမှာ အမည်ခံဝင်ထားတယ်။ နှစ်စဉ် ငွေ၁၂လျန်ကို ရတယ်”

“ဒါပေမယ့် အဲ့လို စာရင်းသွင်းချင်ရင် အနည်းဆုံး အရေအပြား သန့်စင်ခြင်း အဆင့်ကို ရောက်နေဖို့ လိုအပ်တယ်”

“ဒါပဲလား… အခြားဟာတွေရော”

ဟန်ကျောက်က မေးလိုက်ပြန်၏။ ကျောက်ယွမ်ထုပြောသည့် အရာအားလုံးတို့ကို သူစုံစမ်းပြီး ဖြစ်၏။

“ပြီးတော့.. ကြေးစားလူဆိုးထိန်း လုပ်လို့ရတယ်။ အမှုထမ်းတွေဆီမှာ ဝရမ်းထုတ်ထားတဲ့ အပြစ်သားတွေကို သတ်ပေးတာပဲ။ အဲ့မှာ ဆုကြေးတွေရမယ်။ ပြီးတော့ ကြေးစားစောင့်ရှောက်မှု အဖွဲ့ကိုဝင်ပြီး လုပ်လို့လည်းရတယ်။ အခြားဟာတွေကတော့.. တောထဲသွားပြီး အမဲလိုက်၊ ဆေးပင်ရှာတို့ဘာတို့ပေါ့။ ဒါပေမယ့် တောတောင်တွေက အရမ်းအန္တရာယ်များတယ်။ အဆိပ်ရှိ ပိုးမွှားတွေနဲ့ သားရဲရိုင်းတွေအပြင် ညအချိန်မှာ မကောင်းမှုတွေလည်း ပေါ်လာတတ်တယ်လို့ ကြားတယ်”

“ဒါပေမယ့် တောရိုင်းလို နေရာမှာ ကြောက်စရာအကောင်းဆုံးက လူသားတွေပဲ”

ကျောက်ယွမ်ထုက ထပ်ပေါင်းပြော၏။

“ဒါ့ကြောင့်.. မင်းအတွက် ပိုက်ဆံရှာဖို့ နည်းလမ်းနှစ်ခုပဲ ရှိတယ်”

“ဘယ်နှစ်ခုလဲ”

“မင်းကိုကြည့်ရတာ စာပေလေ့လာထားတယ်မလား။ ဆင်းရဲတဲ့ မိသားစုတွေက ကလေးတွေကို စာဖတ်နည်း သင်ပေးလို့ရတယ်။ ပညာ‌ရေးဆိုင်ရာ ဂုဏ်သတင်းမရှိရင် အဖိုးအခက အများကြီး နိမ့်သွားပေမယ့် တစ်ရက်ကို နှစ်နာရီပဲ သင်ပေးဖို့လိုတယ်။ ကလေးတစ်ယောက်ကို ငွေပြားဆယ်ပြားကျော်ရပြီး တစ်ချိန်တည်းမှာ ကလေးတွေ အများအပြားကို သင်လို့ရတယ်။ တစ်လကို ငွေ၁လျန်လောက်ရဖို့တော့ ပြဿနာမရှိဘူး”

“အဲ့ဒါအပြင်.. နောက်ထပ်တစ်နည်းက ဆရာ့ကိုပြောပြီး မင်းအတွက် လက်တွဲဖော်တစ်ယောက် ရှာခိုင်းတာပဲ။ ချမ်းသာတဲ့ မိသာစုတစ်ခုကို ရှာပြီး လက်ထပ်လိုက်ပေါ့ကွာ။ ညီလေး.. မင်းက ချောတာပဲ… ပိုက်ဆံရှိတဲ့ မိန်းမတစ်ယောက်ကိုရှာဖို့ မခက်ပါဘူး”

ကျောက်ယွမ်ထုက ပြုံးသည်။

“ကျွန်တော်နားလည်ပါပြီ။ ကျေးဇူးတင်ပတယ် အစ်ကိုကြီး”

ဟန်ကျောက်က ခေါင်းညှိတ်သည်။ မိန်းမအပေါ် မှီခိုဖို့တော့ မဖြစ်နိုင်ပေ။ ယောကျားဆိုတာ မာနရှိရ၏။

…

နေ့လည်ခင်းတွင် လုယီဟာ သိုင်းကျောင်းဆီသို့ အချိန်မှီ ပြန်ခဲ့၏။ ဟန်ကျောက်ကို အတွင်းထဲရှိ မြေကွက်လပ်ငယ်ဆီသို့ ခေါ်သွားသည်။

မြေကွက်လပ်၏ ဘယ်ဘက်တွင် သစ်သားလုံးသုံးခု ထောင်ထားပြီး ဆေဘာဓါးရာများဖြင့် ပြည့်နှက်နေပါသည်။ ညာဘက်တွင် အမျိုးသားနှစ်ယောက်နှင့် အမျိုးသမီးနှစ်ယောက်တို့ ရပ်နေကြ၏။

လုယီက သူတို့ကို ဟန်ကျောက်နှင့် မိတ်ဆက်ပေးသည်။ လေးယောက်သားမှာ ကျန်းထန်ဝမ်၊ လီဖေး၊ စုယွင်နှင့် ရှလင်တို့ ဖြစ်ကြသည်။ ကျန်းထန်ဝမ်မှာ ချောမော၏။ သူဟာ ဒီနှစ်တွင် ၁၉နှစ်ဖြစ်ပြီး ဟန်ကျောက်ထပ် ပိုမိုအရပ်ပုသည်။ ၁.၇မီတာလောက် ရှည်၏။

လီဖေးတွင် ကောင်းမွန်သည့် အသွင်အပြင် ရှိသည်။ ထူထဲသည့် မျက်ခုံးများနှင့် ဝိုင်းစက်သည့် မျက်လုံးများ ရှိ၏။ သူဟာ ၂၄နှစ်ရှိပြီ ဖြစ်ပြီး ၁.၈မီတာလောက်် အရပ်ရှည်သည်။

နှစ်ယောက်သားဟာ မြို့တွင်းပိုင်းရှိ မိသားစုကြီးများဖြစ်သည့် လီမိသားစုနှင့် ကျန်းမိသားစုမှ လာ၏။ ထိုအထဲတွင် လီမိသားစု၌ ခွန်အားသန့်စင်ခြင်းအဆင့်ရှိသည့် သိုင်းသခင်တစ်ယောက်ပင် ရှိပါသည််။ သို့ပေမယ့် နှစ်ယောက်စလုံးဟာ တိုက်ရိုက်မျိုးဆက်များ မဟုတ်ကြပေ။

စုယွင်နှင့် ရှလင်တို့မှာ မြို့တွင်းပိုင်းရှိ ချမ်းသာသည့် မိသားစုများမှ ဖြစ်ကြ၏။ နှစ်ယောက်စလုံးဟာ ဒီနှစ်တွင် ၁၈နှစ်ရှိပါပြီ။

ဟန်ကျောက်ဟာ အစမ်းရှင်သန်မှု၌ လီမိသားစုသို့ တစ်ကြိမ်ဝင်ရောက်ခဲ့ဖူး၏။ ထို့ကြောင့် လီဖေးကို အကြိမ်အနည်းငယ် ပိုကြည့်မိသည်။ လှပသည့် စုယွင်နှင့် ရှလင်တို့အပေါ်၌လည်း ခံစားချက်အများကြီး ထားမနေပါ။ မိန်းမများဟာ ဓါးထုတ်သည့် အမြန်နှုန်းကိုသာ ထိခိုက်စေနိုင်၏။

သူက လေးယောက်သားကို ယဉ်ကျေးစွာ နှုတ်ဆက်သည်။ လီဖေးက ပြုံးကာ တုံ့ပြန်၏။ ကျန်းထန်ဝမ်က ခံစားချက်မဲ့စွာ ခေါင်းညှိတ်သည်။ စုယွင်၏ ပုံစံက မာနကြီး၏။ ယဉ်ကျေးစွာ တုံ့ပြန်ရင်း လက်နှစ်ဖက်ကို ဆုပ်ကာ သူစိမ်းဆန်စွာ ရှိနေပါသည််။ ရှလင်က ဟန်ကျောက်၏ မျက်နှာကို ကြည့်နေ၏။

“ဟန်ကျောက်… စာညွှန်းကို မှတ်ထား..”

လုယီက လေးယောက်သားကို ဆက်လက်လေ့ကျင့်ရန် လက်ပြပြီးနောက် ဟန်ကျောက်ကို ဆွဲကာ တိမ်ခွဲဆေဘာအတတ်၏ စာသားများကို မှတ်စေသည်။ မှတ်သားပြီးပြီဟု အတည်ပြုပြီးနောက် ခဏစောင့်ခိုင်းပြီး အခန်းထဲသို့ လျှောက်ဝင်သွား၏။

ယခုအချိန်၌ ဟန်ကျောက်ဟာ ဆေဘာဓါးကို တတ်နိုင်ခြင်း မရှိသေးပေ။ ထို့ကြောင့် လုယီက ဆေဘာတစ်‌ချောင်းကို သွားယူကာ ယာယီငှားပေး၏။

ဓါးချင်း ထိရိုက်သံများဟာ ဟန်ကျောက်၏ အာရုံကို ဆွဲဆောင်သွားသည်။ လေးယောက်သားဟာ အတွဲလိုက် တိုက်ခိုက်ကြ၏။ ကျန်းထန်ဝမ်က လီဖေးနှင့် တိုက်ခိုက်ကာ စုယွင်က ရှလင်နှင့် တိုက်ခိုက်သည်။ နှစ်ဖက်ဟာ ဆေဘာများကို ဆက်တိုက် လွှဲယမ်းနေပြီး တစ်ယောက်နှင့်တစ်ယောက် ခုတ်ပိုင်းနေကြ၏။

All Chapters