(အခြေခံနိမ့်ပါးပေမယ့် ဆေဘာဓါးပါရမီရှင် ဖြစ်သည်)
Vol. 1 Ch. 8
ချမ်းသာတာ ကောင်းလှ၏။ သူတို့အသုံးပြုသည့် ဆေဘာဓါးများမှာ လေ့ကျင့်ရန် အထူးထုတ်လုပ်ထားခြင်း ဖြစ်ပြီး ထက်မြခြင်း မရှိပေ။ သို့ပေမယ့် မထက်မြသည့် ထိုဆေဘာများ၏ အလေးချိန်မှာပင်လျှင် ၁၈၀၀ဂရမ်၊ ၂၄၀၀ဂရမ်လောက် လေးပါသည်။ ခန္ဓာကိုယ်ကို ပိုင်းဖြတ်မိပါက ဟာသမဟုတ်ပေ။ လေထဲတွင် ပေါ်လာသည့် ဆေဘာဓါးရှည်များ၏ ထိရိုက်သံများကပင် မရိုးရှင်းသည့် ခွန်အားကို ပြသနေပါသည်။
“မြန်လိုက်တာ”
ဟန်ကျောက်ဟာ ပြောစရာစကား မဲ့သွား၏။ ဒီလေးယောက်ဟာ အားလုံး သူ့ထက် ပိုမိုသန်မာကြသည်။ အစစ်အမှန်ချီ၏ ဆက်တိုက် အထောက်အပံ့ရလျှင်တောင် သူဟာ များစွာ အားနည်းနေသေး၏။
“ခွန်အားကို အထူးပြုပြီး ပြင်းအားထုတ်လွှတ်မှုကိုပဲ ကြည့်နေတာ ဆိုးလိုက်တာ။ နားအရမ်းညည်းတာပဲ”
“သွက်လက်မှုအားနည်းတယ်၊ နားလည်သဘောပေါက်မှု အားနည်းတယ်..”
“စုယွင်ရဲ့ ရပ်ရပ်သွားချိန်က ခြေထောက်လှုပ်ရှားပုံကို ကြည့်ရတာ အရမ်းယားနေပုံပဲ။ ခြေဝဲစားတာဖြစ်မယ်”
“ခီးခီး…”
ရှေ့တွင် ရုတ်တရက်ပေါ်လာသည့် အချက်ပေးမှုက ဟန်ကျောက်ကို မနေနိုင်ပဲ ရယ်မိစေသည်။ လေးယောက်သားဟာ ရပ်တန့်သွားပြီး သူ့ကို ကြည့်၏။ အမြန်ခေါင်းငုံ့ကာ ရယ်မောမှုကို ထိန်းထားရသည်။
စုယွင်ဟာ မျက်မှောာင်ကြုတ်သွား၏။ ဟန်ကျောက်ကို တမင် အာရုံစိုက်ခံရအောင် လုပ်နေသည်ဟု ခံစားရသည်။ သို့ရာတွင် ဟန်ကျောက်၏ ရုပ်ရည်မှာ အလွန် စွဲဆောင်မှုရှိလှသည်ဟု အမှန်တကယ်ကို ခံစားရ၏။ ဆိုးတာက အခြေခံမှာ နိမ့်ကျနေလေသည်။
လီဖေးက ပြုံးကာ မည်သည်ကိုမှ မပြောပေ။ ကျန်းထန်ဝမ်က နှာခေါင်းရှုံ့၏။ တစ်ဖက်ရှိ ရှလင်မှာတော့ ဒီချောမောသည့် ဂျူနီယာမောင်လေးကို အကြိမ်ကြိမ် ခိုးကြည့်နေပါသည်။
ခဏအကြာ၌ လုယီတစ်ယောက် ဆေဘာဓါးတစ်ချောင်းကို ကိုင်ကာ ပြန်လာခဲ့သည်။ ဟန်ကျောက်ဆီသို့ ပစ်ပေးလိုက်၏။ ဟန်ကျောက်က လက်နှစ်ဖက်နှင့် ဖမ်းသည်။ ဆေဘာကို ထုတ်ကြည့်၏။
“ဝုရှ်”
တောက်ပသည့် ဆေဘာဓါးသွားဟာ အေးစက်သည့် အလင်းရောင်တစ်ခုကို ထုတ်လွှတ်နေ၏။ ဓါးပြားမှာ ၁မီတာလောက် ရှိသည်။ ကြည့်လိုက်ပါက အဖြောင့်ဓါးမော့နှင့် တူ၏။ သို့ပေမယ့် ဓါးပြားဟာ အနည်းငယ် ကွေးညွှတ်နေပြီး ပိုမိုကျယ်ပြန့်သည်။ အလေးချိန်က ၄ကီလိုဂရမ်လောက် ရှိ၏။ ခြုံငုံကြည့်ပါက ဆေဘာဓါးကောင်းတစ်လက် ဖြစ်သည်။
“အဆင့်နိမ့် အရည်အသွေးနဲ့ ဆေဘာဓါးတစ်ချောင်းဖြစ်တယ်”
အချက်ပေးမှုက ပေါ်လာ၏။ ဟန်ကျောက်ဟာ ယခုအချိန်၌ အခြေခံအားဖြင့် အထာပေါက်နေပါပြီ။ ဆုံမှတ်တစ်ခုကို သူ့အနေနှင့် အာရုံစိုက်လိုက်ပါက အချက်ပေးမှု ပေါ်လာရန် လွယ်ကူ၏။ ထို့အပြင် သူ၏ ခံစားချက်တို့ ကြီးစွာ လှုပ်ရှားသွားလျှင်လည်း ပေါ်လာတတ်သည်။
“ဒါက ငါ့ရဲ့ အစောပိုင်းနှစ်တွေက ဆေဘာဓါးပဲ။ မင်းကို လေ့ကျင့်ဖို့အတွက် ငှားပေးမယ်”
လုယီက လေးနက်စွာ ပြောသည်။
“လေးလအတွင်းမှာ မင်းသာ အမှန်တကယ် တတ်မြောက်ခဲ့ရင် ဒီဆေဘာဓါးကို မင်းကိုပေးမယ်”
“ဟုတ်ကဲ့”
ဟန်ကျောက်က ဆေဘာကို ကိုင်ကာ ညင်သာစွာ ဝှေ့ယမ်းသည်။ အလေးချိန်ကို အသားကျအောင် လုပ်၏။ သာမန်လူတစ်ယောက်အတွက် ထိုမျှရှိသည့် အလေးချိန်နှင့် ဆေဘာဓါးကို အချိန်အတော်ကြာအောင် လွှဲရမ်းရန်မှာ ခက်ခဲလှသည်။ ဆေဘာအတတ်ကို လေ့ကျင့်ဖို့ဆိုလျှင် ပိုဆိုး၏။
“စကြရအောင်… အညွှန်းနဲ့ ငါ့ရဲ့ လှုပ်ရှားမှုတွေကို မှတ်ထား။ အဲ့ဒါနဲ့ လုံးဝ အကျွမ်းဝင်သွားရင် မင်းရဲ့လက်တွေ သိသိသာသာ ပြေင်းလဲလာလိမ့်မယ်။ ဆိုလိုတာက အဆင့်တက်ပြီပဲ”
လုယီက ဆေဘာ၏ ဓါးရိုးကို လက်တစ်ဖက်ဖြင့် ကိုင်ကာ ဖြည်းညှင်းစွာ ထုတ်သည်။ လူတစ်ကိုယ်လုံး၏ အငွေ့အသက်တို့ဟာ ကြီးစွာ ပြောင်းလဲသွား၏။
လုယီဟာ မုတ််ဆိတ်များနှင့် စာပေသမားတစ်ယောက်အသွင်ရှိကာ သဘောကောင်းသည့် ခံစားချက်ကို ပေးစွမ်းလေ့ရှိပေမယ့် လက်ထဲသို့ ဆေဘာရောက်သည်နှင့် ခန္ဓာကိုယ်တစ်ခုလုံးတွင် ထက်မြသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အေးစက်သည့် လေက ဓါးတစ်ချောင်းသွယ် ရှိနေပြီး ခြံဝန်းအတွင်းရှိ ပိုးစာပင်မှ သစ်ရွက်များ ကြွေကျလာခဲ့သည်။ လုယီလည်း လှုပ်ရှားလာ၏။
“ဒါက ပထမဆုံးအကွက်ဖြစ်တဲ့ မြစ်ကူးကွက်ပဲ”
လုယီဟာ ညာဘက်ခြေထောက်ဖြင့် မြေကြီးကို ဆောင့်ကာ လေထဲသို့ ထိုးတက်သွားသည်။ ထို့နောက် လေထဲတွင် လည်ပတ်သွား၏။ အနက်ရောင် ဓါးဟာ အနက်ရောင် နဂါးတစ်ကောင် ကူးခတ်နေသဖွယ် ဟန်ကျောက်၏ မျက်လုံးများကို ဖြတ်ကျော်ပြီး ဦးခေါင်းထက်သို့ ရောက်ရှိသွားသည်။ ခန္ဓာကိုယ် သက်ဆင်းလာချိန်၌ ဓါးဟာ ဟန်ကျောက်၏ ပုခုံးပေါ်တွင် ရပ်တန့်သွား၏။ ဟန်ကျောက်၏ ဆံမျှင်တစ်ခုနှင့် သစ်ရွက်လေးခုတို့ တစ်ပြိုင်နက် ကျဆင်းလာခဲ့သည်။
“မြန်လိုက်တာ”
ဟန်ကျောက်က ခေါင်းငုံ့ကြည့်သည်။ သစ်ရွက်လေးခုတို့ဟာ အလယ်မှ ထောင်လိုက် ကွဲနေကြောင်းအား တွေ့လိုက်ရ၏။ သုံးရွက်ဟာ ရှင်းလင်းစွာပင် အနည်းငယ် ကွေးနေ၏။ အံ့ဖွယ်ကောင်းလောက်သည့် တိကျမှုပင်။
“စွမ်းအားကို ထားရင်တောင်.. ဆေဘာအတတ်ကို ကျွမ်းကျင်မှုတစ်ခုတည်းနဲ့ ဒီဆေဘာဓါးကွက်က မဆိုးဘူးလို့ ပြောလို့ရတယ်”
“အစပိုင်းမှာ ငါ့ရဲ့ လှုပ်ရှားမှုတွေနဲ့ ထပ်တူညီအောင်ပဲ ကြိုးစားဖို့လိုတယ်။ ဆေဘာဓါးရဲ့ ခွန်အားကို အသုံးပြုပြီး မင်းရဲ့ခန္ဓာကိုယ်ကို လေ့ကျင့်။ အရေအပြား သန့်စင်ခြင်း အဆင့်ကို ရောက်သွားရင် ဒီဆေဘာဓါးကွက်ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ထုတ်လွှတ်လာနိုင်လိမ့်မယ်”
“ဒါနဲ့.. မင်းကောင်းကောင်း ကြည့်ခဲ့ရဲ့လား”
လုယီက ဆေဘာကို သိမ်းသည်။ ခုနက သူဟာ တမင် နှေးကွေးထားခဲ့၏။ သို့ရာတွင် ခွန်အားသန့်စင်ခြင်း အဆင့်ရှိသည့် သိုင်းသခင်တစ်ယောက် အနေနှင့် နှေးကွေးထားလျှင်တောင် ဟန်ကျောက်အဖို့ တစ်ခါမှ မလေ့ကျင့်ဖူးသည့် အကွက်များကို မှတ်သားရန်မှာ အလွန်ခက်ခဲလှမှာပါ။ ထို့ကြောင့် ကောင်းကောင်း ကြည့်ရှုနိုင်စေရန် အကြိမ်အနည်းငယ် ထပ်မံပြသဖို့ စီစဉ်ထား၏။
“ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ပါတယ်”
ဟန်ကျောက်က ဆေဘာဓါးကို တင်းကြပ်စွာ ဆုပ်ကိုင်သည်။ လုယီ၏ လှုပ်ရှားမှုများက သူ၏ စိတ်ထဲတွင် ဆက်တိုက် ပေါ်နေ၏။
“ရှင်းရှင်းလင်းလင်း မမြင်လိုက်ဘူးဆို ငါထပ်ပြီး.. မင်းဘာပြောလိုက်တာ”
လုယီဟာ မျက်မှောင်ကြုတ်သွား၏။
“ကျွန်တော် ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါတယ် ဆရာလု” ဟန်ကျောက်က ထပ်မံပြော၏။
“လာစမ်းကြည့်”
လုယီက ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူ့အတွက် နေရာချန်ပေးသည်။ လေ့ကျင့်ပြရန် လက်ဟန်ပြ၏။
“ဟုတ်ကဲ့ပါ”
ဟန်ကျောက်ဟာ မတ်တပ်ရပ်ပြီး ဆေဘာကို ခိုမြဲစွာ ကိုင်ထား၏။ အသက်ကို နက်ရှိုင်းစွာ ရှူသည်။
“ခန္ဓာကိုယ်က ဆေဘာဓါးနဲ့အတူ ရွေ့လျားမယ်။ ဆေဘာ လှုပ်ရှားကွက်တွေက အလိုလို သွားနေမယ်။ မင်းကိုယ်မင်း ဆေဘာနဲ့ တစ်သားထဲလို့ မှတ်ယူထားရမယ်။ ဆေဘာက မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ ကြီးထွားလာသလိုပဲ။ လက်ရှိအဆင့်နဲ့ဆို မြေပြင်ပေါ်မှာ ရပ်ပြီး ဓါးကိုဆွဲထုတ်နေတာ ပိုကောင်းလိမ့်မယ်”
ပေါ်လာသည့် အချက်ပေးမှုကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ မျက်လုံးများကို မှိတ်ပြီး သူ့ကိုယ်သူ ဆေဘာနှင့် တစ်သားတည်းဖြစ်သည်ဟု စိတ်ကူးသည်။
ခဏအကြာ၌ မျက်လုံးများ ပြန်ပွင့်လာပြီး ဆေဘာဓါးကို ဆွဲထုတ်၏။ ရှည်လျားသည့် ဆေဘာဓါးဟာ လေထဲကို ထိုးခွဲသွားပြီး တောက်ပသည့် ငွေရောင်အလင်းက လုယီ၏ လည်ပင်းဆီသို့ တည့်မတ်စွာ ပြေးဝင်သွားသည်။ ဆေဘာဓါးမရောက်ခင် အေးစက်သည့် ဆေဘာအငွေ့အသက်က ပြန့်ကြဲလာပြီး လေအေးများကို ဖြတ်သန်းသွားစေသည်။ လုယီ၏ မုတ်ဆိတ်များကို ဆွဲနေမှုဟာ ရပ်တန့်သွား၏။ ဟန်ကျောက်၏ ဓါးသွားဟာ ရုတ်တရက် လမ်းကြောင်းပြောင်းသွားပြီး နောက်သို့လှည့်ကာ လခြမ်းကွေးတစ်ခုသဖွယ် ဆွဲချလိုက်သည်။
“ထင်”
ဟန်ကျောက်ဟာ ဆေဘာဓါးကို ကပြာကရာ ပြန်သိမ်းလိုက်၏။ ဓါးနှင့် ဓါးအိမ်တို့ ထိမိသံက လုယီကို သတိပြန်လည်လာစေခဲ့သည်။
“ဒါက တကယ်ပဲ မင်းရဲ့ ပထမဆုံးအကြိမ် ဆေဘာဓါးကိုင်တာလား”
“ဟုတ်ပါတယ်”
ဟန်ကျောက်က ခေါင်းညှိတ်၏။ ဓါးနှင့်ဆေဘာအမွှာမှာ အမှန်တကယ်ကို စွမ်းအားကြီးလှသည်။ ရှင်းလင်းစွာပင် ယခုအကြိမ်ဟာ သူ၏ ပထမဆုံးအကြိမ် ဆေဘာဓါးကိုင်ဖူးခြင်း ဖြစ်ပေမယ့် တိုက်ခိုက်သည့်အချိန်၌ ဆေဘာဓါးကို သူ၏ လက်တစ်ချောင်းသဖွယ် ခံစားလာရသည်။
“ငါ…”
လုယီဟာ အံ့ဩစွာဖြင့် ဝမ်းသာသွား၏။ နှစ်စဉ်နှစ်တိုင်း လူပေါင်းများစွာတို့ သူဆီမှ ဆေဘာအတတ်ကို လာရောက်သင်ယူကြပေမယ့် ပြီးခဲ့သည့် ဆယ်စုနှစ်များအတွင်းတွင် မည်သည့်တပည့်မှ သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် တောင်ခွဲဆေဘာဓါးသိုင်း၏ ဒုတိယအဆင့်ဖြစ်သည့် အရိုးသန့်စင်ခြင်း အဆင့်တွင် နားလည်သဘောပေါက်နိုင်စွမ်း လိုအပ်ချက်မှာ အလွန်မြင့်မားသောကြောင့် ဖြစ်သည်။
နားလည်သဘောပေါက်နိုင်စွမ်းမှာ အမှန်တကယ် တည်ရှိသည့် အရာဖြစ်၏။ သို့ပေမယ့် မြင်လည်းမမြင်နိုင်သလို ထိလည်းမထိနိုင်ပေ။ ဤသည်က စမ်းသပ်ရုံနှင့် ဆုံးဖြတ်နိုင်သည့် အခြေခံခိုင်မာမှုနှင့် မွေးရာပါ ပါရမီတို့နှင့် မတူပေ။
ကျောက်နက်မြို့ရှိ လူပေါင်းများစွာတို့ဟာ တောင်ခွဲဆေဘာဓါးကို အသုံးမကျဟု ဆိုကြ၏။ သို့ပေမယ့် လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်က ထိုကဲ့သို့သော စကားမျိုးကို သူ့ရှေ့တွင် မည်သူမှ မပြောရဲခဲ့ပေ။
ဒီနှစ်များအတွင်းတွင် သူ၏လက်အောက်မှ ထွက်ခွာသွားသူများ၌ တစ်ဝက်တစ်ပြတ် သိုင်းသခင်အဆင့်များ မရှိသည်မဟုတ်ပါ။ သို့ပေမယ့် သူတို့အားလုံးဟာ တောင်ဖြိုလက်သီးကို တတိယအဆင့်အထိ ကျင့်ကြံပြီး အဆင့်တက်ခဲ့ကြခြင်း ဖြစ်၏။ အချိန်တူညီစွာ လေ့ကျင့်ခဲ့ကြသည့် သိုင်းသမားများဟာ တောင်ခွဲဆေဘာအတတ်၏ ဒုတိယအဆင့်တွင် ရပ်ကုန်ကြသည်။
လက်ရှိအချိန်၌ သိုင်းကျောင်းတွင် ပါရမီအမြင့်ဆုံးမှာ လီဖေးနှင့် သူ၏သမီးဖြစ်သူ လုယင်ရွှမ်းတို့ ဖြစ်ကြသည်။ သို့ရာတွင် လုယင်ရွှမ်းဟာ တောင်ခွဲဆေဘာအတတ်ကို ဒုတိယအဆင့်အထိ လေ့ကျင့်ပြီးနောက် ယွမ်ကန်းမြို့သို့ ခေါ်သွားခြင်း ခံရ၏။ ဤသည်မှာ တိမ်စီရင်စု၏ မြို့တော်ဖြစ်ကာ သူ၏ မိတ်ဆွေဟောင်းတစ်ယောက်က မနှစ်က ခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်၏။ သူမဟာ သိုင်းအကယ်ဒမီဆီသို့ ဝင်ရောက်ပြီးနောက် ဓါးသိုင်းကို ပြောင်းလဲခဲ့၏။
လီဖေးမှာတော့ ဒီနှစ်တွင် အသက်၂၄နှစ် ရှိလေပြီ။ သူဟာ တောင်ခွဲဆေဘာအတတတ်ကို နှစ်နှစ်ကြာ လေ့ကျင့်ပြီးနောက် ဒုတိယအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်တွင် ရပ်တန့်နေခဲ့သည်။ အသက်၂၅နှစ်ကို ကျော်သွားပါက အဆင့်ချိုးဖျက်ရန် အခွင့်အရေးတို့ လျော့ကျသွားမှာ ဖြစ်၏။ ဒီအတောအတွင်းတွင် သူဟာ တောင်ဖြိုလက်သီးသိုင်းသို့ ပြောင်းလဲရန် ပြင်ဆင်နေပြီး ဖြစ်သည်။
လုယီ၏ အသန်မာဆုံး သိုင်းပညာမှာ တောင်ခွဲဆေဘာအတတ် ဖြစ်သည်။ သို့ပေမယ့် သူတပည့်များဟာ အခြား သိုင်းကျောင်းများနှင့် ယှဉ်ပြိုင်တိုင်းတွင် လက်သီးသိုင်းကိုသာ သုံးကြ၏။ အဘယ်ကြောင့်ဆိုသော် တောင်ခွဲဆေဘာအတတ်ကို တတိယဆင့်အထိ လေ့ကျင့်ပြီးသည့်သူ မရှိသောကြောင့် ဖြစ်သည်။ ဤသည်က သူ့ကို အမြဲတမ်း နောင်တရနေစေ၏။ ရုတ်တရက် ရတနာတစ်ခုကို ကောက်ရမည်ဟု ထင်မထားခဲ့ပေ။