← Chapters

(အရေအပြား သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခြင်း)

Vol. 1 Ch. 9

(အရေအပြား သန့်စင်ခြင်း အဆင့်သို့ ရောက်ရှိခြင်း)

Vol. 1 Ch. 9

“ဟန်ကျောက်.. ထပ်လုပ်ကြည့်”

“ဟုတ်ကဲ့”

ဟန်ကျောက်ဟာ ဆေဘာဓါးကို ထုတ်၏။ သေသပ်သည့် မြစ်ကူးဆေဘာဓါးကွက်ဟာ ပေါ်လာခဲ့သည်။ ထို့အပြင် ဓါးပြန်သိမ်းမှုမှာလည်း ပိုမိုကာ ကျွမ်းကျင်လာခဲ့၏။ အခြေခံအဖြစ် အရေအပြားသန့်စင်ခြင်းအဆင့် ခွန်အားတို့ ရှိမနေသည့် အခိုက်အတန့်လေးသာ ဖြစ်ပေမယ့် သူ၏ လှုပ်ရှားမှုများဟာ တိကျလှသည်။ လှပသည်ဟု ဆိုနိုင်၏။

“အခြေခံနိမ့်ကျပေမယ့် နားလည်သဘောပေါက်နိုင်စွမ်းက သာလွန်မြင့်မားတယ်။ သူက ဆေဘာပါရမီရှင်တစ်ယောက်လား”

ပျော်ရွှင်စရာက အလွန် ရုတ်တရက်ဆန်စွာ ရောက်လာခဲ့၏။ ခဏတာအတွင်း လုယီတစ်ယောက် အိပ်မက်ဆန်စွာ ခံစားရသည်။ သူက အမြန်ပြော၏။

“တောင်ဖြိုလက်သီးက လက်သီးနဲ့ လက်ချောင်းတွေကိုပဲ အဓိကထားတယ်။ ဒါပေမယ့် တောင်ခွဲဆေဘာဓါးသိုင်းကတော့ လက်တွေ၊ မျက်လုံးတွေ၊ ခန္ဓာကိုယ်၊ နည်းပညာနဲ့ ခြေလှမ်းတွေမှာ နားလည်သဘောပေါက်မှုဆိုင်ရာ လေ့ကျင့်မှုတွေ လိုအပ်တယ်။ ခွန်အားက မြေပြင်က စတင်တယ်။ အခြေခံက စကြတာပေါ့။ အဲ့ဒီအပြင်….”

လုယီက ဟန်ကျောက်ကို အခြေခံတည်ဆောက်ရန်အတွက် နေ့စဉ် နေ့တစ်ဝက်ကို အသုံးပြုရန် ပြော၏။

“ဟုတ်ကဲ့ပါ ဆရာလု”

ဟန်ကျောက်လည်း အခြေခံ၏ အရေးပါမှုကို သိပါသည်။ သူ့အနေနှင့် ထင်ပေါ်ခြင်းကို မကြိုက်ပေမယ့် အရင်းအမြစ်များနှင့် ပက်သက်နေရာ ကိစ္စများက ခြားနားသွားပါပြီ။ အဘယ်ကြောင့် ဆိုသော် လုယီဟာ တပည့်များ၏ အဆင့်တို့ ပိုမိုမြင့်မားလေလေ သင်တန်းကြေး ပိုမိုလျှော့ပေးလေလေ သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူဟာ ဒီဆေဘာဓါးကို အရယူရန် ဆုံးဖြတ်ထား၏။

…

“ကောင်းတယ်”

“အရမ်းကောင်းတယ်”

အတွင်းဘက်ခြံဝန်းဆီမှ လုယီ၏ ဝမ်းသာသည့် ရယ်သံတို့ အကြိမ်ကြိမ် ထွက်ပေါ်လာနေ၏။ အပြင်ဘက်ခြံဝန်းရှိ တပည့်များဟာ အနည်းငယ် သိလိုနေကြသည်။

“သူဘာတွေ ဖြစ်နေတာလဲ။ ထူးဆန်းလိုက်တာ”

“ဟုတ်တယ်။ ဆရာလု ဒီလောက်ပျော်နေတာကို မတွေ့ရတာ တော်တော်လေးကြာပြီ”

“ဖြစ်နိုင်တာက စီနီယာအစ်ကို တစ်ယောက်ယောက်များ အဆင့်တက်လို့လား”

“လီဖေးပဲဖြစ်မယ်။ သူ့ရဲ့ တောင်ခွဲဆေဘာဓါးသိုင်းက ဒုတိယအဆင့်ရဲ့ ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်ပြီးနေပြီ။ သူအဆင့်တက်သွားတာ ဖြစ်နိုင်တယ်”

“မင်းတို့အားလုံး မှားကြတယ်။ ဒါက ဟန်ကျောက်ကြောင့်ပဲ။ ငါကြားတာတော့… ဆရာလုသင်ပေးတဲ့ ဆေဘာဓါးအတတ်ကို သူက တစ်ကြိမ်ကြည့်ရုံနဲ့ လေ့ကျင့်ပြနိုင်တယ်တဲ့။ ဖြစ်နိုင်တာက သူက ဆေဘာပါရမီရှင် တစ်ယောက်ပဲ”

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီကောင့်ရဲ့ အခြေခံက အရမ်းနိမ့်ပါးတယ်မလား။ မဟုတ်ရင် ငွေလျန်ပေါင်း ထောင်ချီတဲ့ အဖိုးတန်ဆေးတွေကို စားမှာလား”

“နားလည်သဘောပေါက်မှုနဲ့ အခြေခံက ဆိုင်မှမဆိုင်တာ”

“အဲ့ဒါဆို ဘာလို့ မလောင်းကြမှာလဲ။ ငွေ၁လျန်ဆိုရင်ရော”

“အဲ့လိုဆိုရင်တော့ ထားလိုက်တော့။ ငါ့မှာ ဘာပိုက်ဆံမှ မရှိဘူး”

“ညစာအတွက် လောင်းကြမယ်ကွာ။ ဘယ်လိုလဲ”

“မလောင်းဘူး။ ငါက အလောင်းကစားနဲ့ မူးယစ်ဆေးကို လုံးကို မထိဘူး”

လူတိုင်းဟာ တစ်ယောက််နှင့်တစ်ယောက် တီးတိုးနေကြ၏။

…

လုယီ၏ ပျော်ရွှင်နေသည့် အခြေအနေဟာ နှစ်လတာ ကြာပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဆင့်တစ်မှာ ချိုးဖျက်နိုင်ရန် အလွယ်ကူဆုံး ဖြစ်သောကြောင့် ဖြစ်၏။ အထူးသဖြင့် မြစ်ကူးဆေဘာဓါးကွက်ကို တစ်ကြိမ်ကြည့်ရုံနှင့် မှတ်မိနိုင်သည့် ဟန်ကျောက်လို ပါရမီရှင်မျိုးအတွက် ဖြစ်သည်။

သို့ရာတွင် သူဟာ နှစ်လကြာပြီးသည့်တိုင် အရေအပြား သန့်စင်ခြင်း အဆင့်ကို ချိုးဖျက်နိုင်ခြင်း မရှိချဲ့ပေ။ မွေးရာပါ အခြေခံက အလွန်နိမ့်ပါးနေဆဲ ဖြစ်ကာ သူ့ကို ဆွဲချနေပါသည်။

ဥပမာအားဖြင့် နားလည်သဘောပေါက်နိုင်စွမ်း မဆိုးလှသည့် လီဖေးဆိုလျှင် သူ၏ မြင့်မားသည့် အခြေခံကြောင့် အရေအပြား သန့်စင်ခြင်း အဆင့်ကို လဝက်အတွင်း ချိုးဖျက်နိုင်ခဲ့သည်။ ထိုအချိန်မှသာ မြစ်ကူးဓါးကွက်ကို လုံးဝ တတ်မြောက်နိုင်ခဲ့၏။

လုယီတစ်ယောက် ဆိုးတာပဲဟု ခံစားလိုက်ရသည်။ ဟန်ကျောက်သာ မိသားစုကြီး တစ်ခုမှ ဖြစ်ကာ ယခုကဲ့သို့ နားလည်သဘောပေါက်နိုင်စွမ်းမျိုး ရှိပါက အခြေခံက နိမ့်ပါးနေလျှင်တောင် အစောပိုင်းအဆင့်တွင် အရင်းအမြစ်များ၏ အကူအညီဖြင့် အရိုးသန့်စင်ခြင်း အဆင့်သို့ အမြန်ဆုံး ရောက်ရှိနိုင်ပါသည်။ ထို့နောက် သူ၏ နားလည်သဘောပေါက်နိုင်စွမ်းနှင့်‌ တောင်ခွဲဆေဘာအတတ်ကို တတိယအဆင့်အထိ လေ့ကျင့်ကာ အရိုးသန့်စင်ခြင်း အဆင့်ကို ချိုးဖျက်နိုင်မည် ဖြစ်သည်။

နှစ်ဝက်အတွင်း တောင်ခွဲဆေဘာအတတ်နှင့် အရေအပြား သန့်စင်ခြင်း အဆင့်ကို ချိုးဖျက်နိုင်ပါက ဟန်ကျောက်ကို မဆိုးလှဟု ပြောနိုင်၏။ သို့ပေမယ့် ထိုသို့ဆိုပါက သူ၏ နောင်တွင် အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်ကာ သိုင်းသခင်တစ်ယောက် ဖြစ်လာဖို့ရာ ဖြစ်နိုင်ချေမှာ ကြီးစွာ လျော့ကျသွားမှာပါ။

လုယီ၏ မူလရည်ရွယ်ချက်ဖြစ်သည့် ဟန်ကျောက်ကို သူ၏ ဆက်ခံသူအဖြစ် ထားရှိရန် စိတ်ကူးမှာလည်း ပျောက်ကွယ်သွားခဲ့၏။ သို့ရာတွင် သူဟာ ဟန်ကျောက်ကို အနည်းငယ် ဂရုစိုက်ပေးဆဲ ရှိသည်။ ဘာပဲဖြစ်ဖြစ် တောင်ခွဲဆေဘာအတတ်နှင့် အခြား သိုင်းကျောင်းများရှိ တပည့်ကြီးများကို အနိုင်ယူကာ တောင်ခွဲဆေဘာအတတ်၏ ဂုဏ်သတင်းကို ပြန်လည်ဖော်ဆောင်စေချင်သေး၏။

သူတို့ဟာ ဆွေမျိုးမဟုတ်သလို.. မိတ်ဆွေအရင်းအချာများလည်း မဟုတ်ပေ။ ထို့ကြောင့် သူ့အဖို့ ဟန်ကျောက်အတွက် အရာအားလုံးတို့ကို လုပ်ပေးရန်မှာ မဖြစ်နိုင်ပေ။ အတွင်းပိုင်းခွန်အားကို ဖမ်းဆုပ်နိုင်၊ မဆုပ်နိုင်မှာ ဟန်ကျောက်၏ ကံတရားသာ ဖြစ်၏။ ဒီလောကကြီးတွင် အရာအားလုံးတို့ကို ကိုယ်တိုင် တိုက်ခိုက်ယူဖို့ လိုအပ်ပါသည်။

…

ဟန်ကျောက်ကတော့ ပြီးခဲ့သည့် နှစ်လအတွင်း ခရီးစဉ်အတွင်း လုယီ၏ ရိုလာကိုစတာကဲ့သို့ စိတ်အခြေအနေကို သိရှိခြင်း မရှိပါ။ သူဟာ နေ့စဉ်နေ့တိုင်း ကြိုးစားပမ်းစား လေ့ကျင့်နေ၏။ မနက်ပိုင်းတွင် ခန္ဓာကိုယ်ကြံ့ခိုင်မှုကို လေ့ကျင့်သည်။ နေ့လည်စာစားသောက်ပြီးနောက် နှစ်နာရီအချိန်ယူကာ ကလေးများကို စာသင်ပေးပြီး ပိုက်ဆံရှာ၏။ ထို့နောက် မွန်းလွဲပိုင်းတစ်လျှောက်လုံး ဆေဘာဓါးသိုင်းကို လေ့ကျင့်ကာ ညအချိန်တွင် သက်ရှည်ကျမ်းကို လေ့ကျင့်သည်။

လုယီ၏ အိမ်တွင် နေ့စဉ်နေ့တိုင်း နေ့လည်စာအတွက် အသားနှင့် ဝလင်အောင်စားရပြီး ညအချိန်တွင် ဖြတ်လတ်ခြင်းစွပ်ပြုတ် တစ်ဝက်တို့ကို သောက်ရ၍သာ မဟုတ်ပါက သူ၏ခန္ဓာကိုယ်ဟာ တောင့်ခံနိုင်ခြင်းရှိမည် မဟုတ်ပေ။ ဒီအချိန်အတွင်းတွင် ဟန်ကျောက်ဟာ ပင်လယ်သမုဒ္ဒရာ သတ္တဝါတစ်ကောင်ကဲ့သို့ ခွန်အားရေများကို အရူးအမူး သောက်သုံးနေပါသည်။

“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ပထမအဆင့်၏ စတင်ခြင်းအဆင့် ၆၉%)၊ သက်ရှည်ကျမ်း(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၅၀%)”

အိပ်ယာမဝင်ခင် ဟန်ကျောက်ဟာ ပုံမှန်အတိုင်း သူ၏ ကျင့်ကြံမှုကို စစ်ဆေးကြည့်၏။ ဒီအတောအတွင်းတွင် သူ၏ ခွန်အားတို့ အများအပြား တိုးတက်လာသည်ဟု ခံစားရသည်။ အဆင့်တက်ရန် မဝေးကွာတော့ပေ။ တောင်ခွဲဆေဘာအတတ်ကို ပထမအဆင့်၏ အသေးစားကျွမ်းကျင်မှု အဆင့်သို့ ရောက်ရှိစေပါက အရေအပြား သန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်နိုင်လောက်၏။ ဤသည်မှာ တစ်လလောက် အချိန်ယူရမည် ဖြစ်၏။

သက်ရှည်ကျမ်းမှာ နှစ်လအတွင်းတွင် ၂%သာ တိုးမြင့်လာခဲ့သည်။ အစမ်းရှင်သန်တုန်းကထက် များစွာ ပိုမိုမြန်ဆန်ပေမယ့် လုံလောက်ခြင်း မရှိသေးပေ။

“ဆက်ပြီး ပိုကြိုးစားတာပေါ့။ မြန်မြန် အဆင့်တက်နိုင်လေလေ ပိုက်ဆံမြန်မြန် ရှာနိုင်လေပဲ”

ဟန်ကျောက်ဟာ မျက်လုံးများကို မှိတ်ပြီး လျှင်မြန်စွာ အိပ်ပျော်သွား၏။

တစ်လကြာပြီးနောက် နေ့လည်ခင်းတွင်… တောင်ဖြိုလက်သီး သိုင်းကျောင်း၏ အတွင်းဘက်ခြံဝန်း၌…

“ခရက်”

ဟန်ကျောက်ဟာ ဆေဘာဓါးကို လက်နှစ်ဖက်နှင့်ကိုင်ကာ ညာဘက်အထက်ပိုင်းမှ လွှဲရမ်းလိုက်၏။ ရှေ့ရှိ သစ်တိုင်ကို အထက်ပိုင်းမှ အောက်သို့ ပိုင်းဖြတ်သွားသည်။ ကျယ်လောင်သော အသံတစ်ခုနှင့်အတူ သစ်တိုင်ဟာ အထက်မှအောက်သို့ ထောင့်ဖြတ်မျဉ်းအတိုင်း ပြတ်ကျသွား၏။

ဟန်ကျောက်ဟာ ခေါင်းကိုငုံ့ပြီး ဆေဘာကို ကိုင်ဆောင်ထားသည့် သူ၏လက်များကို ကြည့်၏။ ကြွက်သားများ လှုပ်ခါနေပြီး ပူတက်လာသည်ဟု ခံစားရသည်။ ခန္ဓာကိုယ်အတွင်းရှိ သွေးများဟာ မြင့်တက်လာနေပြီး စွမ်းအားတို့ ဆက်တိုက် ထွက်ပေါ်လာ၏။

“သိုင်းပညာများ- တော်ခွဲဆေဘာအတတ်(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၁%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခွန်အားပေါက်ကွဲထွက်ခြင်း ၁”

“နောက်ဆုံးတော့ ငါအဆင့်တက်ပြီ”

ခုနက သူ၏ ခန္ဓာကိုယ်အတွင်းတွင် ထုတ်လွှတ်ချင်နေသည့် အငွေ့အသက်တစ်ခု ရှိနေသည်ဟု ခံစားရ၏။ ထို့ကြောင့် အစစ်အမှန်ချီကို အသုံးပြုကာ ရုတ်တရက် ခုတ်ပိုင်းပစ်ခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် အောင်မြင်စွာ အဆင့်တက်သွားခဲ့၏။ စတင်ခြင််းအဆင့်ကို တရားဝင် ဖြတ်ကျော်ကာ အရေအပြား သန့်စင်ခြင်း အဆင့်အထိ ရောက်ရှိရန်အတွက် သူဟာ ၉၁ရက်ကြာ အချိန်ကုန်ခဲ့သည်။ ထိုအမြန်နှုန်းမှာ သိုင်းကျောင်းတွင် သာမန်ထက်ပိုသည်ဟု ဆိုနိုင်၏။ ဤသည်မှာ သူ၏ ဆင်းရဲမှုကြောင့် ဖြစ်သည်။ မဟုတ်ပါက ပိုမိုကောင်းမွန်သည့် အာဟာရများကို စားသုံးပြီး သေချာပေါက် ပိုမိုမြန်ဆန်နေမှာပါ။

“ဓါးနှင့်ဆေဘာအမွှာ တိုးတက်လာသည်။ ဆေဘာတာအို ပါရမီမှာ လေးဆ မြင့်တက် ခြင်းသို့ ရောက်ရှိသည်။ ဓါးတာအိုပါရမီမှာ သုံးဆမြင့်တက်ခြင်းသို့ ရောက်ရှိသည်”

ဟန်ကျောက်၏ အဆင့်မြင့်တက်မှုနှင့်အတူ စနစ်မျက်နှာပြင်၌ သတင်းကောင်းလည်း ပေါ်လာခဲ့၏။

‘တကယ့်ကို ထပ်ဆင့်ဝမ်းမြောက်စရာပဲ’

“သူအဆင့်တက်ပြီ”

“ဟန်ကျောက် အဆင့်တက်သွားပြီ”

“ဘယ်လောက်ကြီးမားတဲ့ ခွန်အားလဲ”

သစ်သားတိုင် ပြတ်တောက်သွားသည့် အသံက လီဖေးတို့၏ အာရုံကို ဆွဲဆောင်သွားသည်။ သူတို့ဟာ ရပ်တန့်သွားကြ၏။

အပြင်ဘက်ရှိ လူသစ်များ၏ လက်သီးလေ့ကျင့်မှုကို ညွှန်ကြားနေသည့် ကျန်းယွမ်ထုလည်း အတွင်းဘက်ခြံဝန်းဆီသို့ ပြေးဝင်လာခဲ့သည်။ ပျက်စီးနေသည့် သစ်သားတိုင်ကို ကြည့်ကာ အံ့ဩစွာ ပြော၏။

“ဟန်ကျောက်.. အခုမှ အဆင့်တက်တာကို မင်းဟာက သန်မာလှချည်လား။ ဒါက မြွေအဆင်နဲ့ သစ်သားပဲ။ အရမ်းမာတယ်။ အရေအပြား သန့်စင်မှု ပြီးပြည့်စုံခြင်း အဆင့်ကလူတွေတောင် ဖြတ်ဖို့ဆိုရင် အားကုန်သုံးရတယ်”

သူ့အနေနှင့် သစ်သားတိုင်ကို ဖျက်ဆီးရန် လက်သီးတစ်ချက်သာ လိုအပ်ပေမယ့် သူဟာ အရိုးသန့်စင်မှု ပြီးပြည့်စုံခြင်း အဆင့်၌ ဖြစ်သည်။

“ဒီခွန်အားပေါက်ကွဲမှုက အံ့ဩဖို့ကောင်းလိုက်တာ” ကျောက်ယွမ်ထုက လက်မထောင်ပြသည်။ နှစ်ယောက်သားဟာ ဒီသိုင်းကျောင်းတွင် ကောင်းမွန်သည့် ဆက်ဆံရေးရှိ၏။

“ကျွန်တော်လည်း ဘာကြောင့်မှန်းမသိဘူး”

ဟန်ကျောက်ဟာ ကျောက်ယွမ်ထု၏ အကျင့်အတိုင်း ခေါင်းကိုကုပ်ကာ ပြောသည်။

“မွေးရာပါ ခွန်အားကြီးလို့ ဖြစ်မယ်ထင်တယ်”

“မွေးရာပါ ဒီဗိုင်းခွန်အားလား”

ကျောက်ယွမ်ထု၏ မျက်လုံးများက လင်းလက်သွား၏။ “ဆရာ့ကို ငါသွားရှာလိုက်ဦးမယ်”

ထိုစကားနှင့်အတူ သူဟာ အခန်းထဲသို့ ပြေးဝင်သွား၏။ နေ့လည်ခင်း အနားယူနေသည့် လုယီကို သွားရောက်နှိုးမည် ဖြစ်သည်။

All Chapters