(နိမ့်ကျသူကို မနှိမ်သင့်)
Vol. 1 Ch. 11
စုယွင်က ပြုံးကာ ထပ်မံပြောမနေတော့ပါ။ သူမဟာ လူမျိုးစုံတို့ကို ကြုံဖူး၏။ ထို့ကြောင့် ရှလင်ကဲ့သို့ အတွေးများ မရှိတော့ပါ။
…
ဟန်ကျောက်ဟာ ညနေခင်းအထိ ဆက်လက်လေ့ကျင့်ခဲ့၏။ ဖြတ်လတ်ခြင်း စွပ်ပြုတ်ကို သောက်သုံးပြီးနောက် သိုင်းကျောင်းမှ ထွက်ခွာကာ အိမ်သို့ပြန်ရန် ပြင်ဆင်သည်။ တံခါးဝသို့ ရောက်ချိန်၌ တပည့်အချို့တို့က သူ့ကို အမှီလိုက်လာပြီး လူမိုက်ဂိုဏ်းငယ် တစ်ခုသို့ ဝင်ရောက်ရန် ဖိတ်ခေါ်သည်။
သိသာစွာပင် နေ့လည်က သူ၏ အရေအပြား သန့်စင်ခြင်း အဆင့်သို့ မြင့်တက်သည့် သတင်းဟာ ပြန့်နှံ့သွားပြီး ဖြစ်သည့်ပုံပါ။ သို့ရာတွင် ဤသည်က ပုံမှန်သာ ဖြစ်သည််။ ဟန်ကျောက်အနေနှင့် အရေအပြား သန့်စင်ခြင်း အဆင့်သို့သာ ချိုးဖျက်ခဲ့ခြင်း ဖြစ်လျှင်တောင် သူဟာ လက်နက်ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ အဆင့်တူညီသူများထဲတွင် အနည်းငယ် ပိုမို စွမ်းအားကြီးမား၏။
ဖိတ်ခေါ်လာသည့် လူမိုက်ဂိုဏ်းများထဲမှ တစ်ခုမှာ ခွေးရိုင်းအဖွဲ့ ဖြစ်သည်။ သို့ရာတွင် ဟန်ကျောက်ဟာ တစ်ခါတည်း ငြင်းဆန်ခဲ့၏။ ထိုအဖွဲ့အပေါ် သူ၏ အမြင်မှာ ဆိုးရွားလှသည်။ ထို့အပြင် ထိုအဖွဲ့ဟာ အနိုင်ကျင့်ခြင်းနှင့် ငွေလိမ်ခြင်းကဲ့သို့ ကိစ္စမျိုးစုံကို လုပ်ကိုင်၏။ ၎င်းကို ပြောင်းလဲနိုင်မည် မဟုတ်ရာ ဝင်ရောက်လိုခြင်း မရှိပေ။ သူ့အနေနှင့် အနိုင်ကျင့်လိုပါက ချမ်းသာသူများကိုသာ အနိုင်ကျင့်မည် ဖြစ်သည်။
နောက်ဆုံးတွင် ဟန်ကျောက်ဟာ လင်းယုန်ပျိုးထောင်ခြင်းစံအိမ်ကို ရွေးချယ်လိုက်၏။ ၎င်းဟာ ကောင်းမွန်သည့် ဂုဏ်သတင်းရှိပြီး ပိုမိုမြင့်မားသည့် ဈေးနှုန်းကို ပေးသည်။ တစ်လလျှင် ငွေ၃လျန်တို့ကို ပေးကာ သူ၏ စွမ်းဆောင်ရည်အတွင်းတွင် တစ်နှစ်ကို တစ်ကြိမ် လှုပ်ရှားမှုပြုပေးဖို့ လိုအပ်သည်။ နှိုင်းယှဉ်ကြည့်ပါက ရှလင်၏ အခြေအနေမှာ မည်မျှ ကောင်းမွန်ကြောင်းကို တွေ့မြင်နိုင်၏။
ဒီအတောအတွင်းတွင် သူဟာ ရှင်းချောင်ဒေသ အနီးရှိ ကလေးအားလုံးတို့ကို သင်နိုင်သမျှ သင်ပေးခဲ့ပြီး ဖြစ်သည်။ ထို့ကြောင့် ဆက်လက်သင်ကြားမှုဖြင့် ငွေရှာရန်မှာ အလွန်ခက်ခဲနေပြီ ဖြစ်၏။ ရှမိသားစုနှင့် လင်းယုန်ပျိုးထောင်ခြင်းစံအိမ်တို့မှ ဝင်ငွေများက အရေပါလာခဲ့သည်။ ယခုအချိန်၌ သူ့တွင် ငွေ၆လျန်တို့ ရှိနေပြီ ဖြစ်သည်။ စားသောက်မှုအတွက် ဖယ်လိုက်ပါက ဒီငွေကျန်နှုန်းနှင့် ငါးလ၊ ခြောက်လအတွင်းတွင် ရွှေ၁လျန်ကို စုဆောင်းလာနိုင်မှာ ဖြစ်သည်။
“ချမ်းသာတဲ့ မိန်းမတွေက အကောင်းဆုံးဖြစ်နေတုန်းပဲ” ဟန်ကျောက်ဟာ နှလုံးသားထဲ၌ သက်ပြင်းချ၏။
သူသာ ခွန်အားမြှင့်တင်ရန် ဆက်လက်ကြိုးစားနေပါက သူ၏ နေ့ရက်များဟာ ပိုမို၊ ပိုမိုကာ ကောင်းမွန်လာမည်ဟုသာ စဉ်းစားသည်။ ထိုအတွေးနှင့် အိမ်ပြန်ခြေလှမ်းများဟာ ပိုမိုသွက်လက်နေတော့၏။
ပိုက်ဆံရှာနိုင်လာရာ အရင်ဆုံး အစားကောင်းကို စားသောက်ရန် ပြင်ဆင်သည်။ အသားပေါက်စီ ၂၀နှင့် ဆန်အရက်ငယ် တစ်အိုးတို့ကို ညစာအဖြစ် သုံးဆောင်၏။ သူ့ကိုယ်သူ ဂုဏ်ပြုခြင်း ဖြစ်သည်။
နှစ်ဝက်ရှိသည့် အချိန်ဟာ တိတ်ဆိတ်စွာ ကုန်လွန်လာခဲ့သည်။ လကုန်သို့ ရောက်ရှိပြန်လေ၏။ ညနေခင်းတွင် လေ့ကျင့်ပြီးသည့် ဟန်ကျောက်ဟာ အိမ်သို့ တစ်ခါတည်း ပြန်သွားခြင်းမရှိပါ။ အဲ့ဒီအစား မြို့အပြင်လွှာမှ ချန်ဖုန်းဒေသရှိ ရှမိသားစု၏ ဆန်ဆိုင်ဆီသို့ ထွက်ခဲ့သည်။
ယနေ့ဟာ သူ၏ အခကြေးငွေကို ယူဆောင်ရမည့် နေ့ဖြစ်သည်။ ခုအချိန်၌ သူ့တွင် ငွေ၁၀လျန်နှင့် ကြေးပြား၈ပြားတို့ ရှိနေပြီ ဖြစ်သည်။ နောက်ထပ် ငွေ၁လျန်ကို ရရှိပြီးပါက ရွှေ၁လျန်နှင့် လဲလှယ်နိုင်၏။
“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၇၇%)၊ သက်ရှည်ကျမ်း(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၅၆%)”
သူ၏ အချက်အလက်များကို ကြည့်ကာ စိတ်ထဲတွင် သက်ပြင်းချသည်။ သက်ရှည်ကျမ်းမှာ တူညီနေဆဲ ရှိ၏။ ယေဘုယျအားဖြင့် ၎င်း၏ တိုးတက်မှုမှာ တစ်လလျှင် ၁% ဖြစ်သည်။ တောင်ခွဲဆေဘာဓါးကတော့ စတင်ခြင်းအဆင့်တွင် တစ်ရက်လျှင် ၁% တိုးတက်လာပေမယ့် အသေးစားအောင်မြင်မှု အဆင့်တွင် နှစ်ရက်မှ ၁%သာ တိုးတက်တော့သည်။
ဤသည်က ခက်ခဲမှုတို့ တိုးလာ၍ မဟုတ်ပါ။ အရေအပြား သန့်စင်ခြင်းအဆင့်သို့ ရောက်ရှိအပြီးတွင် ဟန်ကျောက်၏ ခွန်အားမှာ ကြီးစွာ မြင့်တက်လာပေမယ့် ဆေဘာအတတ်ကို ကျင့်ကြံရာ၌ စွမ်းအင်ကုန်ခမ်းမှုတို့လည်း ပိုမို များပြားလာသောကြောင့် ဖြစ်သည်။
သက်ရှည်ကျမ်းက သက်လုံကောင်းမွန်မှုကို ထောက်ပံ့ပေးနေပေမယ့် အာဟာရများကိုလည်း လိုအပ်နေပါသည်။ တစ်နေ့လျှင် သုံးနပ်က သူ၏ဝမ်းဗိုက်ကို ကျေနပ်မှု ပေးနိုင်စွမ်း မရှိတော့ပေ။ အရေအပြား သန့်စင်ခြင်း အဆင့်တွင် သူ၏ ဝင်ငွေတို့ တိုးလာခဲ့၏။ သို့ပေမယ့် သူ၏ အစာစားလိုမှုလည်း ကြီးစွာ တိုးမြင့်လာခဲ့သည်။
ပြီးခဲ့သည့် ငါးလအတွင်းတွင် သူဟာ ပိုက်ဆံကို အကောင်းဆုံး စုဆောင်းခဲ့ရ၏။ အခြေခံ နိမ့်ပါးမှုကြောင့်လည်း အဓိကဖြစ်သည်။
ဆေဘာနှင့်ဓါးအမွှာက သူ၏ ဆေဘာပါရမီကို တိုးလာစေ၏။ သူ၏ ကျင့်ကြံရာတွင် ကျွမ်းကျင်မှုကို အလွန်လျှင်မြန်စွာ တိုးလာစေသည်။ သို့ရာတွင် နေ့စဉ်နေ့တိုင်း လေ့ကျင့်လာရင်း သူ၏ ခန္ဓာကိုယ်ခွန်အား တိုးတက်မှုဟာ လျော့ပါးလာခဲ့သည်။ ခန္ဓာကိုယ် ပိုမိုသန်မာလာစေရန် အသားများစွာတို့ကို စားသုံးပြီး အရိုးသန့်စင်ခြင်း အဆင့်သို့ အမြန်ဆုံး ချိုးဖျက်ရပေမည်။ ထို့ကြောင့် စုဆောင်းခြင်းနှင့် အလျှင်မမှီရာ သူ့အနေနှင့် နောက်ထပ် ဝင်ငွေလမ်းကြောင်းကို ရှာရပေမည်။ အဆင့်တက်ပြီးဖြစ်ရာ ပိုမိုများပြားသည့် ပိုက်ဆံများကို ရှာလာနိုင်မှာ ဖြစ်၏။
မကြာခင် ဟန်ကျောက်ဟာ ချန်ဖုန်းဒေသသို့ ရောက်ရှိလာခဲ့သည်။ ထန်ဟယ်ဒေသ၏ ဘေးတွင် ရှိ၏။ ရှမိသားစု၏ ဆန်ဆိုင်မှာ ချန်ဖုန်းဒေသရှိ အစည်ကားဆုံး အရှေ့ဘက်လမ်းတွင် ရှိပါသည်။ ဆန်ဆိုင်၏ အနောက်ဘက်တွင် ရှင်းချောင်ကမ်းခြေ ရှိ၏။ မြစ်နှင့် နီးပါသည်။
ဒီအချိန်၌ သင်္ဘောကြီးများ၊ လှေငယ်များဟာ သွားလာနေကြ၏။ ဆန်များကို ဆိုင်ဆီသို့ သယ်ပို့နေကြသည်။ စပါးများ၏ ဈေးမှာ ပိုမိုနိမ့်ပါးသည်။ အဘယ်ကြောင့်ဆိုသော် အလုပ်သမားများအနေနှင့် ကြိတ်ရန် လိုအပ်သောကြောင့် ဖြစ်၏။ မော်တာကို သုံးကာ ဆန်ကြိတ်မှုကို ပြုရသည်။ အခွံများမှ ဖွဲနုကို ရ၏။
ဆင်းရဲသည့် မိသားစုများဟာ ဆန်ကြိတ်မှုကို ကိုယ်တိုင် လုပ်ကြသည်။ ဤနည်းအားဖြင့် ပိုက်ဆံပိုမိုကာ ရနိုင်၏။ သို့ရာတွင် စက်မပါပဲ ကြိတ်ရန်မှာ အလွန် အလုပ်ကြီးလှသည်။ ဆန်တစ်အိတ်ရရန် မည်မျှကြာမည်ကို မည်သူက သိမည်နည်း။
ရှမိသားစု၏ ဆန်လုပ်ငန်းမှာ အလွန်ကြီးမားသည်။ ဆန်များကို ခွဲဖြာပြီးနောက် အိတ်များစွာဖြင့် ထည့်ကာ သင်္ဘောပေါ်သို့ ပြန်တင်ပြီး မြို့တွင်းပိုင်းဆီသို့ ပို့သည်။ တစ်ဖက်တွင် ကျန်ရှိသည့် ဖွဲများကိုတော့ အရက်ဆိုင်များ(သို့) ချမ်းသာသည့် မိသားစုများတွင် လောင်စာလုပ်ရန်(သို့) လယ်သမားအိမ်တွင် စားနပ်ရိက္ခာအဖြစ် သုံးရန် ပို့ကြသည်။
မြက်ဦးထုပ်များကို ဆောင်းထားပြီး အသားညိုသည့် လူတစ်စုတို့ဟာ ဟန်ကျောက်ကို ဖြတ််ကျော်သွားပြီး ဆန်ဆိုင်ဆီသို့ စိတ်လှုပ်ရှားစွာ လျှောက်သွားကြသည်။ ဟန်ကျောက်ဟာ သတိလည်လာခဲ့၏။ ယနေ့ဟာ ဆန်ရိတ်သိမ်းသည့် အချိန်၌ ရှိနေ၏။
ဆောင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ ဒီလောကသို့ သူရောက်ရှိသည်မှာလည်း ဆယ်လနီးပါး ရှိလာပြီ ဖြစ်၏။
လူတစ်စုတို့ဟာ ဆန်ဆိုင်၏ ကောင်တာကို ဝန်းရံနေပြီး ဆန်ဈေးကို မေးကြသည်။ ထိုပုံကို တွေ့ရပြီးနောက် ဟန်ကျောက်ဟာ အဝတွင် စောင့်နေလိုက်၏။ မျက်စိလျှင်သည့် ဆိုင်တာဝန်ခံစွန်းဟာ တံခါးဝရှိ ဟန်ကျောက်ကို မြင်လိုက်သည်။ လူစုကို အထက်စီးမှ ကြည့်လေ့ရှိသည့် သူ၏မျက်လုံးများဟာ ချက်ချင်းပင် ပြောင်းလဲဿွားပြီး အပြုံးတစ်ခုနှင့် လျှောက်လာခဲ့၏။
“သခင်လေးဟန်.. လခလာယူတာလား မသိဘူး။ ကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါ.. ကျွန်ေတာ်သွားယူဦးမယ်”
“ကျေးဇူးတင်ပါတယ် ဆိုင်တာဝန်ခံစွန်း”
ဟန်ကျောက်က လက်သီးနှစ်ဖက်ကို ဆုပ်သည်။ ဆိုင်တာဝန်ခံစွန်းဟာ ကောင်တာဆီသို့ ပြန်ခဲ့၏။ အံဆွဲကိုဖွင့်ကာ လက်မအရွယ်ရှိသည့် ငွေတုံးတစ်တုံးကို ထုတ်ပြီး လက်နှစ်ဖက်နှင့် ပေးသည်။
ဆိုင်ထဲရှိ လူကြီးများဟာ ဆိုင်တာဝန်ခံ၏ လက်ထဲရှိ ငွေကို စိတ်အားထက်သန်စွာ ကြည့်နေကြ၏။ သို့ရာတွင် ဟန်ကျောက်၏ သင်တန်းကျောင်းဝတ်စုံကို တွေ့ရပြီးနောက် အမြန် အကြည့်ရုတ်လိုက်ကြသည်။
“ကျေးဇူးအများကြီး တင်ပါတယ်ဗျ”
ဟန်ကျောက်က ငွေကိုယူကာ အိတ်ထဲသို့ ထည့်သည်။
“သခင်လေးဟန်… ကျွန်တော့ကို အရမ်းကြီး ယဉ်ကျေးမနေပါနဲ့”
“ဒါဆိုရင် ကျွန်တော် မနှောင့်ယှက်တော့ဘူး။ သွားပါဦးမယ်”
“ဂရုစိုက်ပါဗျ”
ဆိုင်တာဝန်ခံစွန်းဟာ ဟန်ကျောက်၏ နောက်ကျောကို လက်ဝှေ့ယမ်းရင်း ကျန်ခဲ့၏။ ထိုအချိန်၌ ဆိုင်မှ လူသစ်တစ်ယောက်က မနေနိုင်ပဲ ရောက်လာပြီး အသံတိုးတိုးဖြင့် ပြောသည်။
“တကယ့်ကို မနာလိုစရာဗျာ။ ဘာမှမလုပ်ပဲ တစ်လကို ငွေ၁လျန်ရတယ်။ တတိယသခင်မလေးက သူ့ကိုဘာလို့ ခန့်ထားတာလဲ မသိဘူး…”
“ဖြန်း”
ဆိုင်တာဝန်ခံက လူသစ်၏ ဦးခေါင်းကို ရိုက်ကာ တားလိုက်သည်။ ကြမ်းကြုတ်စွာ ပြော၏။
“ပါးစပ်ပိတ်ထား.. မင်းငါ့တူဖြစ်လို့သာ မဟုတ်ရင် ချက်ချင်း ကန်ထုတ်လိုက်တယ်”
လူသစ်ဟာ ခေါင်းပုသွား၏။ ဆိုင်တာဝန်ခံက ဟန်ကျောက်ကို အမြန်ကြည့်သည်။ သူ၏ ရပ်တန့်ခြင်းမရှိသည့် ပုံကို တွေ့ရပြီးမှ မကြားလောက်ဟု ယူဆကာ စိတ်သက်သာရာ ရသွား၏။ အသံနိမ့်စွာ ရှင်းပြသည်။ “ဒီသခင်လေးဟန်က နောင်မှာ ရှမိသားစုရဲ့ သားမက်ဖြစ်လာနိုင်တယ်။ သူ့ကို ထိပါးတာက သေချင်နေတာပဲ”
ထိုစကားကို ကြားရပြီးနောက် လူသစ်ဟာ နောက်ဆုံးတွင် ထိတ်ဖြာသွားတော့သည်။ နောက်သို့ လှည့်ကြည့်ပြီးနောက် လယ်သမားတစ်စုကို တွေ့ရ၏။ ဒေါသတကြီး အော်လေသည်။
“မင်းတို့က ဘာကြည့်နေတာလဲ”
“ဆင်းရဲတဲ့ လူကို နိမ့်ကျတယ်ဆိုပြီး အနိုင်မကျင့်သင့်ဘူး။ ပိုက်ဆံသုံးတာနဲ့ မင်းက ချက်ချင်း ပိုပြီး သန်မာလာနိုင်တဲ့လူ။ မြန်မြန်လေး ပိုက်ဆံသုံးပြီး ဒီစော်ကားတဲ့ကောင်ကို ပါးသွားရိုက်လိုက်”
မျက်စိရှေ့ရှိ အချက်ပေးမှုကို ကြည့်ကာ ဟန်ကျောက်တစ်ယောက် ပြောစရာစကား မဲ့သွားခဲ့သည််။ သူ၏ ကြားနိုင်စွမ်းနှင့် အစစ်အမှန်ချီတို့ကြောင့် ဆန်ဆိုင်မှလူ၏ စကားဟာ မည်မျှပင် တိုးညှင်းနေစေကာမူ ရှင်းလင်းစွာ ကြားနိုင်ဆဲ ဖြစ်သည်။ သို့ရာတွင် ယခုကဲ့သို့ လူတစ်ယောက်ကို သူ့အနေနှင့် အာရုံထားနေမည် မဟုတ်ပါ။
စနစ်ကတော့ မလွယ်ပေ။ ကြေးပြားများပါ ငွေဖြည့်မှုပြုနိုင်ပါက သူ၏အိတ်ထဲရှိ နောက်ဆုံး ကြေးပြားများကိုပင် ဖြောင်သွားနိုင်သည်။ တကယ့်ကို အရင်းရှင်နိုင်လှ၏။