(အမဲလိုက်သူစုန့်ချွေ)
Vol. 1 Ch. 12
“ဘာ.. ဘာလို့ ဒီလောက်တောင် ဈေးနည်းရတာလဲ”
ဟန်ကျောက်တစ်ယောက် အဝေးသို့ မရောက်သေးခင်တွင်ပင် အနောက်ဘက်မှ ကျယ်လောင်သည့် အသံတစ်ခုကို ကြားရ၏။ စိတ်ပျက်မှုနှင့် အံ့ဩမှုတို့ ရောထွေးနေပါသည်။
“ခင်ဗျားမရောင်းချင်လဲ ရောင်းမယ့်လူတွေ အများကြီး ရှိတယ်”
ဆောင်တာဝန်ခံစွန်း၏ ယဉ်ကျေးမှုမရှိသည့် အသံက ထွက်ပေါ်လာ၏။
“ငါတို့ ရှမိသားစု ဆန်ဆိုင်က အမြဲတမ်း ဈေးအမြင့်ဆုံး ပေးတာ။ နောက်ထပ်ဆိုင်ကို မင်းရှာကြည့်လိုက်ဦး”
ဟန်ကျောက်ဟာ အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ မြစ်ကို ဖြတ်လျှောက်ချိန်၌ မြစ်ပြင်ပေါ်ရှိ သွားလာနေသည့် သင်္ဘောများကို ကြည့်သည်။ ပြီးခဲ့သည့်ဘဝက အလယ်တန်းတွင် သင်ခဲ့ရသည့် စာပိုဒ်တစ်ခုကို ရုတ်တရက် အမှတ်ရလိုက်၏။
အစမှာ- ဝမ်ရှန်းဆန်ကြော၏ ဆိပ်ကမ်းတွင် ကျေးလက်ဒေသမှ ထွက်ခွာလာသည့် သင်္ဘောများ ဆိုက်ကပ်နေ၏…..
ကျန်ရှိသည့် စာသားများကိုတော့ သူမမှတ်မိတော့ပေ။ သို့ပေမယ့် နက်ရှိုင်းသည့် ထင်မြင်ချက်တို့ ရှိနေ၏။
သူဟာ ခြေလှမ်းများကို မြန်နှုန်းမြှင့်လိုက်၏။ ဆန်ဆိုင်မှ အသံများလည်း နားထဲတွင် လုံးဝ ပျောက်ကွယ်သွားသည်။
ရွှေကို သွားရောက်လဲလှယ်ပြီးနောက် ဟန်ကျောက်တစ်ယောက် အိမ်ပြန်ခဲ့သည်။
“စနစ်.. ငွေဖြည့်မယ်”
သူ့လက်ထဲရှိ ရွှေ၁လျန်ဟာ ပျောက်ကွယ်သွားခဲ့သည်။
“လက်ရှိကျန်ငွေ- ရွှေ၂လျန်”
“အချက်ပေးအပိုင်းအစ ၂၅ခုတို့ကို စုဆောင်းထားသည်။ ဝင်ရောက်ခွင့်အတွက် ပေါင်းစပ်မည်လား”
ထိုအချိန်၌ ဟန်ကျောက်၏ ရင်ဘတ်ထဲတွင် ယင်စွမ်းအင် အများကြီး မကျန်ရစ်တော့ပါ။
“တစ်ကြိမ်ပေါင်းစပ်ခြင်း- အချက်ပေးအပိုင်းအစ ၁၅ခုနှင့် ရွှေ၂လျန်တို့ကို အသုံးပြုပါ။ သင်သည် တစ်ကြိမ်သုံး အခြေခံဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိနိုင်၏။ အဖြူရောင် ထူးကဲမှုပါရမီကို ရရှိနိုင်ချေမှာ ၁%တိုးလာလိမ့်မည်”
“ပေါင်းစပ်မယ်”
“သင်သည် အခြေခံ ဝင်ရောက်ခွင့်(အစမ်းရှင်သန်ခြင်း)ကို ရရှိသည်။ အစမ်းရှင်သန်မှုကို စတင်မည်လား”
“အင်း”
“အသက်၁၆နှစ်တွင် သင်သည် တောင်ဖြိုလက်သီး သိုင်းကျောင်းသို့ ဝင်ရောက်ကာ တောင်ခွဲဆေဘာအတတ်ကို သင်ယူခဲ့သည်။ သုံးလကြာပြီးနောက် အရေအပြား သန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခဲ့၏”
“အသက်၂၂နှစ်တွင် တောင်ခွဲဆေဘာဓါးသိုင်းကို မှီခိုကာ အရိုးသန့်စင်ခြင်း အဆင့်သို့ ဝင်ရောက်ခဲ့သည်။ သက်ရှည်ကျမ်းကို ပထမအဆင့်၏ ပြီးပြည့်စုံခြင်း အဆင့်အထိတိုင် ကျင့်ကြံခဲ့ပြီး အဆင့်တက်ပေတော့မည်”
“သင့်ကို မြို့တွင်းရှိ မိသားစုများနှင့် လူမိုက်ဂိုဏ်းများက ခေါ်ယူကြ၏။ သင်ဟာ ရှမိသားစု၏ ဆန်ဆိုင်၊ ကောင်းကင်လလူမိုက်ဂိုဏ်းနှင့် လင်းယုန်ပျိုးထောင်ခြင်း စံအိမ်တို့တွင် စာရင်းသွင်းထားသည်။ တစ်နှစ်လျှင် ငွေ၃၅လျန် ရ၏”
“နှစ်ကုန်တွင် ရှလင်ဟာ မိသားစု၏ စီးပွားရေး ယှဉ်ပြိုင်မှုတွင် ကျရှုံးခဲ့ပြီး ဆန်ဆိုင်များကို ကွပ်ကဲခွင့် ဆုံးရှုံးခဲ့သည်။ သင်၏ ပုံမှန်ဝင်ငွေဟာ သုံးပုံနှစ်ပုံလောက် လျော့ပါးသွား၏။ ပိုက်ဆံပိုမိုရရှိရန် သင်ဟာ အစိုးရတွင် ကြေးစားလူဆိုးထိန်း ဖြစ်လာခဲ့သည်”
“အသက်၂၃နှစ်တွင် နှစ်ဝက်အတွင်း အပြစ်သား သုံးယောက်တို့ကို ဆက်တိုက် ဖမ်းဆီးပြီး ငွေများစွာတို့ကို ရရှိခဲ့သည်။ အနီးအနားတွင် အနည်းငယ် ကျော်ကြားလာ၏”
“အသက်၂၄နှစ်တွင် ကြေးစားလူဆိုးထိန်းအဖြစ်မှ ရရှိလာသည့် ဝင်ငွေများကို အမှီပြုကာ အရိုးသန့်စင်ခြင်း အဆင့်၏ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိသည်”
“သုံးလကြာပြီးနောက် အဆင့်ချိုးဖျက်မှု ကျရှုံးပြီး သင်၏ သွေးချီတို့ ထိခိုက်ကုန်၏”
“အသက်၂၅နှစ်တွင် သက်ရှည်ကျမ်းဟာ ဒုတိယအဆင့်သို့ မြင့်တက်သွားခဲ့သည်။ ထိခိုက်ထားသည့် သွေးချီတို့လည်း အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ကောင်းမွန်လာခဲ့၏”
“အဆင့်ချိုးဖျက်မှု အောင်မြင်နှုန်းကို မြှင့်တင်ရန် သင်ဟာ ပိုက်ဆံစုပြီး အဖိုးတန် ဆေးပင်များကို ဝယ်ယူရန် ဆုံးဖြတ်ခဲ့သည်”
“တာဝန်တစ်ခုတွင် အပြစ်သားနှစ်ယောက်တို့ကို သင်လိုက်ခဲ့၏။ တစ်ဖက်လူဟာ သင့်ကို ထောာင်ချောက်တစ်ခုအတွင်းသို့ မျှားခေါ်သွားခဲ့သည််။ သူတို့၏ အဖော်မှာ အရိုးသန့်စင်မှု ပြီးပြည့်စုံခြင်း အဆင့်၌ ရှိသည့် သိုင်းသမားတစ်ယောက် ဖြစ်၏။ သင်သည် အချိန်အတော်ကြာအောင် ခုခံခဲ့၏။ သို့ပေမယ့် သုံးယောက်သား၏ ဝိုင်းဝန်းတိုက်ခိုက်မှုဖြင့် အားအင်ကုန်ခမ်းကာ သေဆုံးခဲ့သည်”
ဟန်ကျောက်ဟာ အစမ်းရှင်သန်မှုမှ အချက်အလက်များကို ကြည့်ရှုပြီး ကိုယ့်ကိုယ်ကိုယ် စဉ်းစားသည်။
“အရိုးသန့်စင်ခြင်း အဆင့်ကို ဝင်ရောက်ဖို့ တစ်နှစ်လောက် မြန်လာခဲ့တယ်။ ရှလင်ရဲ့ ဆန်လုပ်ငန်း ဦးစီးမှုကို ဆုံးရှုံးဖို့က ခြောက်နှစ်လောက် အချိန်ရသေးတယ်” သူကြိုးစားလေ့ကျင့်ရန် လိုအပ်၏။ ဖြစ်နိုင်လျှင် ချမ်းသာသည့် ထိုမိန်းကလေးကို သူကူညီပေးချင်ပါသည်။ သူ၏ သွေးသန့်စင်ခြင်း အဆင့်သို့ ချိုးဖျက်မှု ကျရှုံးခဲ့ခြင်းမှာ ရှလင်၏ ဆန်လုပ်ငန်း ဆုံးရှုံးမှုနှင့် များစွာ သက်ဆိုင်နေ၏။
“အစမ်းရှင်သန်မှု ပြီးဆုံးသည်။ သင်သည် အောက်ပါများထဲမှ တစ်ခုကို ရွေးချယ်နိုင်၏”
“၁။ ပါရမီအား ရရှိခြင်း(ရွေးချယ်လို့မရ)”
“၂။ စွမ်းရည်မှတ် ရရှိခြင်း”
“၃။ ဘဝအတွေ့အကြုံအား ရရှိခြင်း”
“လက်ရှိလက်ကျန်ငွေ- ၀”
“ပါရမီကို ရွေးလို့ မရပြန်ဘူးလား”
မီးခိုးရောင်ဖြစ်နေသည့် နံပါတ်၁ကို ကြည့်ကာ ဟန်ကျောက်တစ်ယောက် မှင်သက်သွားသည်။ ထင်ထားသည့်အတိုင်းပင် ၁%မှာ အလွန် နည်းပါးလှ၏။ အစက သူဟာ အမွှေးတိုင်ထပ်ပူဇော်ရန် ပြင်ဆင်ထားခဲ့သည်။ ဘာပဲဖြစ်ဖြစ် ဟန်လင်းကို အသက်တစ်ထောင် အကြွေးတင်ပြီးပြီ ဖြစ်၏။ နောက်ထပ် ထောင်ဂဏန်းအနည်းငယ်လောက် ထပ်တင်လဲ ကိစ္စမရှိပါ။
“၂”
“စွမ်းရည်မှတ် +၂”
“ဟန်… တစ်မှတ်တိုးလာတာလား”
‘ဒီစနစ်က အနုစိတ်သားပဲ။ ဈေးနှုန်းတိုးလာတာနဲ့အတူ ဝန်ဆောင်မှု အရည်အသွေးလဲ တိုးလာတယ်’
“သိုင်းပညာများ- တောင်ခွဲဆေဘာအတတ်(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၇၇%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- စွမ်းအားပေါက်ကွဲထွက်ခြင်း ၁)၊ သက်ရှည်ကျမ်း(ပထမအဆင့် အသေးစားကျွမ်းကျင်မှု ၅၆%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း အဆင့်၁)”
စွမ်းရည်မှတ်နှစ်မှတ်နှင့် စနစ်မျက်နှာပြင်ပေါ်ရှိ သိုင်းပညာ ပေါက်မြောက်မှုများကို ကြည့်ရှုပြီးနောက် ဟန်ကျောက်ဟာ အတွေးနက်သွားသည်။ တောင်ခွဲဆေဘာအတတ်ကို မြှင့်တင်လိုက်ပါက သူဟာ ဒုတိယအဆင့်သို့ ရောက်ရှိပြီး အရိုးသန့်စင်ခြင်း အဆင့်သို့ မြင့်တက်သွားမည့် ပုံပါ။ သို့ရာတွင် တောင်ခွဲဆေဘာအတတ်ကို သူသင်ကြားခဲ့တာ ကိုးလသာ ရှိပါသေးသည်။
လီဖေး၏ ပါရမီက မဆိုးလှပေ။ ထို့အပြင် မြို့တွင်းပိုင်းရှိ မိသားစုကြီးတစ်ခုဖြစ်သည့် လီမိသားစုမှ လာ၏။ ထိုသို့ဆိုလျှင်တောင် ၂နှစ်တာ ကြာပြီးမှ အသက်၁၈နှစ်တွင် အဆင့်မြင့်တက်နိုင်ခဲ့သည်။ ကျန်းထန်ဝမ်၊ စုယွင်နှင့် ရှလင်တို့ အားလုံးလည်း ၂နှစ်လောက်ကြာပြီးမှ အဆင့်မြင့်ခဲ့ကြသည်။ သူသာ ၉လနှင့် အဆင့်မြင့်တက်သွားပါက အလွန် သံသယဝင်စရာ ကောင်းမှာပါ။
ထို့အပြင် လုယီကလည်း လေ့ကျင့်မှု နှုန်းထားကို စစ်ဆေးကြည့်လေ့ ရှိသည်။ ခွန်အားသန့်စင်ခြင်း သိုင်းသခင်တစ်ယောက် အနေနှင့် သူ၏ လက်များကို ထိကြည့်ရုံနှင့် တောင်ခွဲဆေဘာအတတ်၏ ပေါက်ရောက်မှုကို အကြမ်းဖျင်း ပြောနိုင်ပါသည်။
“မရဘူး”
“အမှတ်ကို ခွဲလိုက်ရင်လဲ ဘယ်ဟာမှ အဆင့်တက်မှာ မဟုတ်ဘူး”
ခဏတာ စဉ်းစားပြီးနောက် ဟန်ကျောက်တစ်ယောက် အမှတ်၂မှတ်စလုံးကို သက်ရှည်ကျမ်းသို့ ပေါင်းထည့်ရန် ဆုံးဖြတ်လိုက်သည်။ ဘာပဲဖြစ်ဖြစ် အစစ်အမှန်ချီဟာ အပြင်ပိုင်း ကျင့်ကြံမှုကိုလည်း အကူအညီဖြစ်စေ၏။ ထို့အပြင် အစစ်အမှန်ချီ၏ ခွန်အားထုတ်လွှတ်နိုင်စွမ်းမှာ ပိုမိုကြမ်းကြုတ်လာမှာဖြစ်သည်။ ထိုကဲ့သို့ တွေးမိပြီးနောက် ဟန်ကျောက််တစ်ယောက် ရေရွတ်လိုက်သည်။ “သက်ရှည်ကျမ်းကို မြှင့်တင်မယ်”
သူ၏ စွမ်းရည်မှတ်တို့ သုညသို့ ရောက်ချိန်၌ ခန္ဓာကိုယ်တစ်ခုလုံး ပူတက်လာသည်ဟု ခံစားလိုက်ရသည်။ အဆုံးမသတ်နိုင်သည့် စွမ်းအားများ မြင့်တက်လာခဲ့၏။ အချိန်အတော်ကြာပြီးမှ အပူလှိုင်းတို့ဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားကြသည်။
“သိုင်းပညာများ- သက်ရှည်ကျမ်း(ဒုတိယအဆင့် စတင်ခြင်း ၂%(အဆင့်မြှင့်တင်နိုင်)၊ အထူးသက်ရောက်မှု- ခန္ဓာကိုယ်ကြံ့ခိုင်မှု အဆင့်၂)”
“အပြင်ပန်းမှာ ငါက အရေအပြား သန့်စင်ခြင်းအဆင့် သိုင်းသမားတစ်ယောက်ပဲ။ ဒါပေမယ့် ငါ့ရဲ့ အစစ်အမှန်ခွန်အားက အရိုးသန့်စင်ခြင်း အဆင့်မှာ”
အပြင်ပိုင်း ကျင့်ကြံမှုတွင် ခန္ဓာကိုယ်၌ သက်ဆိုင်ရာ ပြောင်းလဲမှုများ ပေါ်လာတတ်ပေမယ့် အတွင်းပိုင်း ကျင့်ကြံမှုကတော့ ထိုကဲ့သို့ ပြောင်းလဲမှုများ မရှိပေ။
ဥပမာအားဖြင့် သိုင်းသမားများဟာ တောင်ဖြိုလက်သီးကို ကျင့်ကြံပါက အဆင့်တက်တိုင်းတွင် သူတို့၏ လက်သီးများဟာ ပိုမိုမာကြောကာ အရောင်ပြောင်းလာမှာ ဖြစ်သည်။
ပထမဆုံး အဆင့်သုံးခုကို မီးခိုးရောင်ကျောက်စိမ်း၊ အဖြူရောင်ကျောက်စိမ်းနှင့် အနက်ရောင်ကျောက်စိမ်းတို့ဟူ၍ ခွဲခြားထား၏။ လက်သီးဟာ အနက်စိမ်းရောင် ပြောင်းလာပါက အတွင်းပိုင်း ခွန်အားကို ဖမ်းဆုပ်နိုင်ရန် နီးကပ်လာပြီး ခွန်အားသန့်စင်ခြင်း အဆင့် သိုင်းသခင်တစ်ယောက် ဖြစ်လာမှာ ဖြစ်သည်။
ဟန်ကျောက်၏ တောင်ခွဲဆေဘာအတတ်မှာ လက်ကို အထူးပြု၏။ အရေအပြားသန့်စင်ခြင်း အဆင့်တွင် ပူတက်လာရုံသာ ရှိလိမ့်မည်။ လုယီ၏ စကားအရ အရိုးသန့်စင်ခြင်း အဆင့်တွင် တိုက်ခိုက်ရာ၌ အနီရောင် ပြောင်းလာသည်ဟု ဆို၏။
“ကျောက်နက်မြို့မှာ သိုင်းကျောင်းဖွင့်နိုင်ကြတဲ့ သိုင်းသခင်တွေ အားလုံးက အရမ်းကျော်ကြားကြတယ်။ သိုင်းသခင်တိုင်းရဲ့ နာမည်ကြီး သိုင်းပညာတွေက လျှို့ဝှက်ချက်မဟုတ်ဘူး…”
ဟန်ကျောက်ဟာ သူနှင့် သင့်တော်သည့် တိုက်ပွဲနည်းလမ်းကို ရုတ်တရက် တွေးမိလိုက်သည်။
“ငါသာ တိုက်ပွဲမှာ ငါ့လက်တွေကို အခြားလူမြင်အောင် ပြထားရင်…. အရေးကြီးတဲ့ အချိန်မှာ အစစ်အမှန်ချီကို ရုတ်တရက် ထုတ်ဖော်ပြီး ရန်သူကို လှည့်စားနိုင်မှာပဲ။ ဒါဆိုရင် တစ်ချက်တည်းနဲ့ နိုင်လောက်တယ်မလား”
…
တစ်လကြာပြီးနောက် ကျောက်နက်မြို့၏ အပြင်ဘက်တွင်…
လေနက်တောင်၏ တောင်ခြေတွင် အနည်းငယ် လျှို့ဝှက်သည့် ဂူတစ်ခု ရှိ၏။ ဝတ်စုံဖြူနှင့် လူငယ်တစ်ယောက်ဟာ ဂူအတွင်းမှ လျှောက်ထွက်လာခဲ့သည်။ သူဟာ အရပ်မြင့်ကာ တောင့်ဖြောင့်၏။ ခါးတွင် ရှည်လျားသည့် ဆေဘာတစ်ချောင်းကို ချိတ်ဆွဲထားပြီး မြေခွေးမျက်နှာဖုံးကို ဝတ်ဆင်ထားသည်။
“ကျောက်နက်မြို့က ကြေးစားလူဆိုးထိန်း စခန်းကို မြို့ပြင်မှာ ရှိမယ်လို့ ထင်မထားဘူး”
လူငယ်၏ ဘယ်ဘက်လက်ထဲတွင် အနက်ရောင် တိုကင်တစ်ခုကို ကိုင်ဆောင်ထား၏။ တိုကင်၏ အရှေ့ဘက်တွင် လူဆိုးထိန်းဟူသည့် စကားလုံးရှိပြီး အနောက်ဘက်တွင် စုန့်ချွေဟူသည့် အမည်တစ်ခု ရှိသည်။
လူငယ်၏ ညာဘက်လက်ထဲတွင် ဝရမ်းစာရွက်တစ်ခုကို ကိုင်ထား၏။ ၎င်း၏အပေါ်တွင် အလိုရှိသော အပြစ်သား၏ ဦးခေါင်းကို ပုံဆွဲထားသည််။ ပါရှိသည့် စာမှာ..
“ပန်းခြွေပြား ခွိုက်ဝေသည် အရေအပြား သန့်စင်ခြင်းအဆင့်၌ ရှိ၏။ သူဟာ ခြေလှမ်းအတတ်ကို ကျွမ်းကျင်သည်။ ဝရမ်းကြေးမှာ ငွေ၁၀လျန် ဖြစ်၏” ဟူ၍ ဖြစ်၏။
ခွိုက်ဝေ၏ ရုပ်ပုံကို ကြည့်ကာ မျက်နှာဖုံးအောက်ရှိ ဟန်ကျောက်၏ နှုတ်ခမ်းများက ကွေးညွှတ်လာခဲ့သည်။