← Chapters

သူရဲဘောကြောင်သူ သို့မဟုတ် လိမ္မာပါးနပ်သူ ....

Vol. 22 Ch. 301

သူရဲဘောကြောင်သူ သို့မဟုတ် လိမ္မာပါးနပ်သူ ....

Vol. 22 Ch. 301

“အမှတ်စဥ် (၆) ကို နေရာချပြီးပါပြီ “

နောက်ထပ် သူရဲကောင်း တစ်ဦး ထပ်မံ သေဆုံးသွားသည်ကို မသိဘဲ ဆက်သွယ်ရေးကိရိယာမှ အသံတစ်သံ ထွက်ပေါ်လာသည်။

အမဲလိုက်သူများ သည် အမဲခံရသူများ ဖြစ်လာနေ၏။

သူရဲကောင်းများက အမှတ်စဥ် အသစ်များတွင် သလင်းကျောက်များကို နေရာချ နေချိန်တွင် အမှတ်စဥ်ဟောင်းနေရာများမှာ အာရန်၏ ပစ်မှတ်များတစ်ခုပြီးတစ်ခု ဖြစ်လာနေသည်ကို မည်သူမျှ မသိရှိခဲ့ကြပေ။

“အမှတ်စဥ် (၇) ကို နေရာချပြီးပါပြီ”

နောက်ထပ်အသံတစ်ခုက ထပ်မံကြေညာလိုက်သည်။

အာရန် သည် တစ်နေရာပြီးတစ်နေရာ လျင်မြန်စွာပင် ရွေ့လျားရင်း နေရာကူးပြောင်းနေခဲ့၏။

ဂိတ်ပေါက်များ ကို အသုံးမပြုဘဲ မြို့တစ်ခုလုံး၏ ကွဲပြားသောနေရာများသို့ ဒီအတိုင်း သွားရောက်ရခြင်းသည် အချိန်အနည်းငယ် ပိုကုန်လေသည်။

သို့သော် သူ့လိုလူတစ်ယောက်အတွက် ဤသည်မှာ အသင့်တော်ဆုံးရွေးချယ်မှုပင် ဖြစ်သည်။

အကြောင်းမှာ သူသည် ထိုဆိုးဝါးသည့် ဝေဒနာကို ထပ်မံမခံစားလို‌တော့သောကြောင့်ဖြစ်လေ၏။

ယီလန် နှင့် ဖီလိုနာ တို့ကိုပင် သူရဲကောင်းများ ကို ဖယ်ရှားရာတွင် ကူညီရန် ခေါ်ယူထားသည်။

အင်အားကြီးသော သူရဲကောင်းများ အတွက်ဆိုလျှင် သူတို့သည် ထိရောက်မှု မရှိနိုင်သော်လည်း သလင်းကျောက်တစ်ခု စိုက်ထူရန်သာ တာဝန်ရှိသည့် အင်အားနည်းသော သူရဲကောင်းများ အတွက်မူ သူတို့သည် လုံလောက်သည်ထက် ပိုနေသည်။

“အမှတ်စဥ် (၈) လုံခြုံစွာ နေရာချပြီးပါပြီ” အသံတစ်ခုသည် သူ၏နားထဲတွင် ပဲ့တင်ထပ်၍ပေါ်လာ၏။

အာရန် သည် အနီးအနားရှိ အဆောက်အအုံတစ်ခုပေါ်သို့ တက်လိုက်သည်။

ထို့နောက် အမြင့်စီးနေရာတစ်ခုမှနေ၍ ကြည့်လိုက်ရာ သူရဲကောင်း တစ်ဦးမှာ အထိမ်းအမှတ်အဆောက်အအုံတစ်ခု၏ အောက်ခြေတွင် သလင်းကျောက်တစ်ခု စိုက်ထူနေသည်ကို မြင်တွေ့လိုက်ရသည်။

ထိုသူရဲကောင်းသည် သူတစ်ယောက်တည်းဖြစ်နေသောကြောင့် အာရန်အတွက် ပြီးပြည့်စုံသော ပစ်မှတ်ဟုပြော၍ရလေ၏။

ထို့နောက် အာရန် သည် အသက်ကို ခပ်ပြင်းပြင်းတစချက်ရှူလိုက်ကာ အောက်သို့ ခုန်ဆင်းသွားလိုက်ပြီး ထိုသူရဲကောင်း ၏ နောက်ဘက်တွင် တိတ်ဆိတ်စွာ ဆင်းသက်လိုက်သည်။

သူရဲကောင်းသည် သူ၏နောက်တွင် အာရန်ရောက်လာနေသည်ကို သတိထားမိခြင်းမရှိပေ။

ထို့နောက် အာရန်၏နဂါးလက်သည်းများသည် ထိုသူရဲကောင်း၏ နောက်ကျောဘက်မှ ဖောက်ထွက်လာကာ ထိုသူရဲကောင်း လည်း လဲကျသွားခဲ့၏။

အာရန် သည် သလင်းကျောက်တစ်ခုကို ထပ်မံကောက်ယူလိုက်ကာ သူ၏ စနစ်သိုလှောင်ခန်းအတွင်း ထည့်ထားလိုက်လေသည်။

ထိုအခါ ထိုနေရာရှိ စွမ်းအင်ထောက်ပံ့ပေးထားသော စည်းတံဆိပ်သည် အားနည်းသွားသောကြောင့် အနည်းငယ် တုန်ခါမှုတစ်ခုကိုပင် ခံစားလိုက်ရသည်။

“ အမှတ်စဥ် (၉).....”

ဆက်သွယ်ရေးကိရိယာအတွင်းရှိ အသံပေးပို့မှုသည် ရုတ်တရက် ပျက်ပျယ်သွားသောကြောင့် တစ်ခုခု မှားယွင်းနေပြီဖြစ်ကြောင်း ထိုသူများ စတင်သံသယဝင်နေပြီမှန်း အာရန်တစ်ယောက် ရိပ်မိလိုက်၏။

ယခုအချိန်၌ မြို့ကိုကာရံထားသည့် ချိတ်စည်းပိတ်မှုသည် လူအများ ခံစားမိနိုင်လောက်သည်အထိ အားကောင်းနေသင့်ပြီဖြစ်သော်လည်း ယခုမူ နေရာ အနည်းငယ်မှလွဲ၍ ချိတ်ပိတ်ရာတွင်အသုံးပြုသည့်ထို သလင်းကျောက်များသည် နေရာအများစုတွင် မရှိသကဲ့သို့ အားများ လျော့နဲနေလေသည်။

လီရွန် ၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားကာ အနှောင့်အယှက်တစ်ခုခု ရှိနေပြီမှန်း သူ ခံစားမိလိုက်သည်။

“တစ်ခုခုက ပုံမှန်ဟုတ်မနေဘူး” ဟု လီရွန်သည် တိုးတိုးလေတိုးတိုးလေးရေရွတ်လိုက် ၏။

“တစ်စုံတစ်ဦးက တံဆိပ်စည်းကို ဖျက်ဆီးဖို့ကျိုးစားနေတာပဲ”

ထို့ကြောင့် သူသည် သူ၏အဖွဲ့ကို ပြန်လည်စုစည်းရန် အချက်ပြလိုက်သည်။

“ကျန်နေတဲ့ အမှတ်စဥ်နေရာတွေကို လုံခြုံအောင်သေခြာစေပြီးမှ ဘာတွေဖြစ်သွားခဲ့လဲဆိုတာ ရှာဖွေရမယ်”

အာရန် သည် အရိပ်များအတွင်းမှ အရာရာကို စောင့်ကြည့်နေခဲ့သည်။

သူသည် သလင်းကျောက် လေးခု တိတိစုဆောင်းမိပြီးဖြစ်ကာ ကျန်နှစ်ခုကိုလည်း သူ၏ ဝိညာဉ်မလေး နှစ်ဦးမှ စုဆောင်းပေးနေပြီဖြစ်၏။

သူ၏စုဆောင်းမှုကို အဆုံးသတ်နိုင်ရန် နောက်ထပ် လေးခုသာ လိုတော့သည်။

အစပိုင်းတွင် သူသည် ၎င်းတို့အားလုံးကို လုယူလိုခဲ့ခြင်းဖြစ်၏။

သို့သော် ယခုမူ သူ၏အစီအစဉ်ကို ပြောင်းလဲလိုက်သည်။

ဤနေရာတွင် သူ၏အကြံအစဥ်ကို အထမြောက်စေပြီးနောက် ၎င်းတို့ကို ကြိုက်တဲ့အချိန်တွင် လာရောက်ယူနိုင်မည်ဖြစ်သည်။

လီရွန်သည် ကျန်ရှိသည့် သလင်းကျောက်လေးခုဖြင့်လည်း ဤနေရာကို မည်သို့မျှ ချိတ်ပိတ်နိုင်မည် မဟုတ်ပေ။

ထို့သို့မဟုတ်ပဲ ဤနေရာတစ်ခုလုံးကို ချိတ်ပိတ်နိုင်ခဲ့လျှင်ပင် ဘာအရေးနည်း။

သူသာ ဉာဏ်ကောင်းနေသရွေ့ သူတို့သည် သူ့အား လက်ဖျားနှင့်ပင် ထိနိုင်မည်တဲ့လား...။

အာရန်အနေနှင့် ဤချိတ်စည်းကို ဖျက်ဆီးရသည့် တစ်ခုတည်းသော အကြောင်းရင်းမှာ သူ ထွက်ပြေးရန် စီစဉ်နေသည်ဟု ထင်စေပြီး သူတို့ကို အတုအယောင် လုံခြုံမှုတစ်ခုကို ပေးနိုင်ရန်အတွက် ဖြစ်လေသည်။

ယီလန် နှင့် ဖီလိုနာ တို့သည်လည်း အာရန်နှင့် တစ်ချိန်တည်းမှာပင် အခြားသူရဲကောင်း နှစ်ဦးကို ချဉ်းကပ်ကာ အလစ်အငိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

သူရဲကောင်းများသည် သူတို့၏ အမြင်အာရုံများ ရုတ်တရက် ဝေဝါးသွားကြကာ ထို အလွန်လျင်မြန်သော တိုက်ခိုက်မှုကို မည်သို့မျှ တုံ့ပြန်နိုင်ခြင်း မရှိခဲ့ကြပေ။

“အမှတ်စဥ် (၁၀) ... တိုက်ခိုက်ခံလိုက်ရပါတယ်”

ဆက်သွယ်ရေးကိရိယာမှတဆင့် အသံတစ်ခုသည် တုန်ရီစွာဖြင့် ထွက်ပေါ်လာခဲ့သည်။

လီရွန် ၏ မျက်နှာသည် ဒေါသကြောင့် ရှုံ့တွန့်နေလေ၏။

“အားလုံး လူစုခွဲပြီး သွားကြ သူ ဒီမှာ ရှိနေတယ်”

ကျန်ရှိနေသော သူရဲကောင်းများများသည် ခေါင်းဆောင်ဖြစ်သူ လီရွန်အား တစ်ဦးတည်းနောက်ချန်ထားခဲ့ကာ ဆယ်ခုမြောက်နေရာသို့ အပြေးအလွှား ထွက်ခွာသွားကြလေသည်။

လီရွန်သည် သူ၏စွမ်းရည်များကို ယုံကြည်စိတ်ချသောကြောင့် ဤနေရာတွင်တစ်ဦးတည်း ‌နောက်ချန်နေခဲ့ခြင်းလား သို့မဟုတ် အာရန် ကို ထွက်ပေါ်လာစေရန် တမင်တကာသက်သက် မြှားခေါ်ခြင်းများလား... မည်သူမျှမသိနိုင်ပေ။

လီရွန် က သူ၏နေရာတွင် တိတ်ဆိတ်စွာရပ်လျက်ရှိနေပြီး သူ၏လုံခြုံရေးကို အနည်းငယ်မျှပင် စိုးရိမ်ဟန် ရှိမနေပေ။

သူသည် မြို့တွင်း၌ ဟိုနေရာဒီနေရာ လှည့်လည် လျှောက်သွားနေကာ ကိုယ်တိုင်တစ်ဦးတည်း စစ်ဆေးရန်ပင် ကိုးခုမြောက်တည်နေရာသို့ ဦးတည်လိုက်သေးသည်။

‘မင်းက တကယ်ပဲ ကိုယ်ထင်ပြဖို့တောင် သတ္တိမရှိ‌တော့ဘူးလား ဝါးမြိုသူ’ ဟု တွေးနေခဲ့သော်လည်း သူ၏မျက်နှာတွင်မူ အနည်းငယ်မျှပင် ခံစားမှုများ မဖော်ပြခဲ့ပေ။

‘ငါ လူတိုင်းကို ထွက်သွားစေပြီး မင်းအတွက် ဒီလောက် ကောင်းတဲ့ အခွင့်အရေးတစ်ခု ဖန်တီးပေးထားတာ’

လီရွန် သည် ဝါးမြိုသူ ရောက်ရှိလာစေရန် စောင့်ဆိုင်းနေခဲ့ခြင်းဖြစ်ပြီး သူ၏စွမ်းရည်များကို အသုံးပြုကာ မစ်ထ်ကဲ့သို့ အရှင်သခင် တစ်ဦးပင် မဖမ်းဆီးနိုင်ခဲ့သော ထိုလူကို သူကိုယ်တိုင် ထိန်းချုပ်မည်ဖြစ်လေသည်။

ဝါးမြိုသူ ကို သူသာ ဖမ်းဆီးနိုင်မည်ဆိုလျှင် သူ၏အောင်မြင်မှုအတွက် ဒုတိယကျောင်းအုပ် ဖြစ်လာနိုင်ရုံသာမက သူတောင်းဆိုသမျှ အရာအားလုံးကို လုပ်ဆောင်ပေးနိုင်သည့် ဝါးမြိုသူ ကဲ့သို့သော အမဲလိုက်ခွေး တစ်ကောင်ကိုလည်း ရရှိနိုင်ဦးမည်ဖြစ်၏။

၎င်းသည် အဆုံးမဲ့ကြီးထွားလာနိုင်သည့် အမဲလိုက်ခွေး တစ်ကောင်ဖြစ်ပြီး အနာဂတ်တွင် တောင်ပိုင်းတိုက်ကြီး ၏ အကြွင်းမဲ့အုပ်ချုပ်သူတစ်ဦး ဖြစ်လာရန်ပင် သူ့အား အကူအညီပေးနိုင်လိမ့်မည် မျှော်မှန်းထားလေသည်။

“ဟင်”

ရုတ်တရက် ဆယ်ခုမြောက်နေရာဆီသို့ စေလွှတ်ခဲ့သော အခြား သူရဲကောင်းများ နှင့် သူ၏ ချိတ်ဆက်မှု ပျက်သွားသည်ကို ခံစားလိုက်ရသဖြင့် သူ၏ မျက်နှာအမူအယာသည် မှောင်မိုက်သွားခဲ့လေသည်။

ကျန်ရှိနေသော သူရဲကောင်းများ သေဆုံးသွားခဲ့ကြခြင်းများလား...။

လီရွန်သည် အာရန်အား သူ့ထံသို့ ကိုယ်ထင်ပြလာစေရန် စီစဉ်နေခဲ့သော်လည်း အာရန်ကမူ သူ၏အစီအစဥ်နှင့် ဆန့်ကျင်ဘက်အရာကို လုပ်ဆောင်ခဲ့လေ၏။

သူသည် တစ်ယောက်တည်းရှိနေသော လီရွန် ကို မတိုက်ခိုက်ခဲ့ပေ။

ယင်းအစား သူသည် ကျန်ရှိနေသော သူရဲကောင်းများ အားလုံး စုဝေးနေသည့်နေရာသို့ သွားခဲ့သည်။

အနည်းငယ်မျှပင် ရုတ်ရုတ်သဲသဲ မဖြစ်လိုက်ပဲ အာရန်သည် ကျန်ရှိနေသော သူရဲကောင်းများ ကို လွယ်ကူစွာ ဖယ်ရှားနိုင်ခဲ့ပြီး ၎င်းသည် လူတစ်ဦးတည်း လုပ်ဆောင်ခဲ့ခြင်းဆိုသည်မှာပင် အတော်လေး အံ့အားသင့်စရာကောင်းနေခဲ့လေ၏။

လီရွန် သည် ဒေါသဖြင့် သူ၏အောက်နှုတ်ခမ်းကို ကိုက်လိုက်မိသည်။

နတ်ဆိုးဝါးမြိုသူသည် သူ့အား ဘာကြောင့်ကိုယ်တိုင် လာမတိုက်ခိုက်မှန်း နားမလည်နိုင်ဖြစ်နေခဲ့၏။

ဤအရာသည် ထောင်ချောက်တစ်ခုမှန်း သူ သိနေခဲ့၍လား...။

မကြာမီမှာပင် လီရွန်သည် အမှတ်စဥ် ကိုးခုမြောက် သလင်းကျောက်၏ တည်နေရာသို့ ရောက်ရှိသွားခဲ့ပြီး ဤနေရာ၌ တာဝန်ပေးထားသော သူရဲကောင်း သည် သေဆုံးနေခဲ့ပြီး သလင်းကျောက်အားလည်း ယူဆောင်သွားခြင်း ခံရပြီဖြစ်ကြောင်း သတိပြုမိလိုက်သည်။

“အဲ့ဒီ သူရဲဘောကြောင်တဲ့ ဝါးမြိုသူဆိုတဲ့ မျိုးမစစ်ကောင် သူက အင်အားကြီးတဲ့သူတွေကို တိုက်ရိုက် မတိုက်ခိုက်ဝံ့သေးဘူးပဲ ဒါက သူ အရင်လိုမဟုတ်ပဲ သေချာပေါက် အားနည်းနေတယ်ဆိုတဲ့ ငါ့ရဲ့ယူဆချက်ကို အတည်ပြုလိုက်နိုင်ပြီ”

“မစ်ထ် က ငါနဲ့ တူတူပုန်းတမ်းကစားဖို့ ဒီကိုရောက်လာခဲ့လိမ့်မယ်လို့ ထင်ထားခဲ့တာ ဒါပေမယ့် မင်းလိုကောင်မျိုးကိုပဲ မြင်ရတာ တကယ့်ကို စိတ်ပျက်စရာပဲ”

လီရွန်သည် ဒေါသထွက်နေစဉ်မှာပင် သူ၏ဆက်သွယ်ရေးကိရိယာအတွင်းမှ အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

သို့သော် ၎င်းသည် သူ၏လက်အောက်ခံများ၏ အသံ မဟုတ်ခဲ့ပေ။

“မင်းကို ဝါးမြိုသူ လို့ ငါ ယူဆမယ် မင်းက အရမ်း ရဲရင့်တယ်လို့ ကြားထားတာ ဒါပေမဲ့ ကောလဟာလတွေ အားလုံးက အလိမ်အညာတွေပဲ ထင်ပါရဲ့ ဒါပေမဲ့ တကယ်တမ်းကျ မင်းက ငါ့ဆီကနေ ထွက်ပြေးနေရတဲ့ ကြောက်တတ်လွန်းတဲ့ မျိုးမစစ်ကောင် တစ်ယောက်သာသာပဲ”

ဟု လီရွန် က ဝါးမြိုသူ ကို သူ့ထံသို့ ကိုယ်ထင်ပြလာစေရန် မခံချင်အောင် ပြောလိုက်သည်။

“ဟေ့သားလေး မင်းက ငါ့ကို ဒေါသထွက်အောင်လုပ်နိုင်ဖို့ နုပါသေးတယ်ကွာ မင်းလိုကောင်က ငါ့အချိန်တွေပေးဖို့အတွက်တောင် တန်ဖိုးရှိတဲ့သူမဟုတ်ဘူး နောက်တစ်ကြိမ် မင်း ငါ့ကို ထွက်လာစေချင်ရင် မင်းရဲ့ ကျောင်းအုပ်မမ ကိုပါ အတူခေါ်လာခဲ့ အခုတော့ မင်းက ငါ့အတွက်အချိန်ပေးဖို့တောင် မထိုက်တန်ဘူး ဒါကြောင့် င့ါရဲ့ အချိန်တွေကို ဖြုန်းတီးစေခဲ့တဲ့ အဖိုးအခအဖြစ် သလင်းကျောက် အနည်းငယ်ကို ငါယူလိုက်တယ် ကဲ သားလေးရေ ငါသွားပြီဟေ့ ဘိုင့်ဘိုင်”

အာရန်သည် ဆက်သယ်ရေး ကိရိယာကို ချေမွလိုက်သောကြောင့် အသံ သည် ပျောက်ကွယ်သွားခဲ့၏။

အတားအဆီး၏ မြောက်ဘက်ခြမ်းတွင် တစ်ခုခုက မြို့အား အတင်းအကျပ် ဖြတ်ကျော်သွားသဖြင့် အနှောင့်အယှက်တစ်ခု ဖြစ်ပေါ်ခဲ့သည်။

“မင်းက ထွက်ပြေးသွားတာလား”

လီရွန်သည် ဒေါသတကြီး အော်ဟစ်လိုက်သော်လည်း သူကိုယ်၌က ပျံသန်းနိုင်သည့်အစွမ်းမရှိသောကြောင့် ဘာမှမလုပ်နိုင်ခဲ့ပေ။

ထိုစွမ်းရည်ရှိသော အခြားသူရဲကောင်းများမှာလည်း သေဆုံးသွားပြီးဖြစ်သည်။

“အဲ့ဒီ ကြောက်တတ်တဲ့ မျိုးမစစ်ကောင်” ဟု သူက အော်ဟစ်လိုက်ရာ သူ၏စိတ်သည် အာရန် ထွက်ပြေးခြင်းကြောင့် လုံးဝလွတ်ထွက်သွားပြီး ဘာမှမစဥ့်စားနိုင်တော့ပေ။

အကယ်၍ သူသာ ထိုအချိန်က ပိုမိုတည်ငြိမ်နေခဲ့ပါက သူ၏နောက်ကွယ်တွင် လူငယ်တစ်ဦး တဖြည်းဖြည်းချင်း ချဥ်းကပ်လာနေသည်ကို သတိပြုနိုင်ခဲ့ လိမ့်မည်ဖြစ်၏။

#Catfoot

All Chapters