ထိတ်လန့်ဖွယ် ကံကြမ္မာ …
Vol. 22 Ch. 306
“ဟုတ်တယ်သူက ကျောင်းအုပ်ရဲ့အိမ်မှာပဲ”
မျက်စိမမြင်သော ထိုအကြားအမြင်ဆရာမ မှ ပြန်ဖြေ၍ အတည်ပြုပေးလိုက်သည်။
“တစ်ခါတလေ အမှောင်ထုထဲမှာထက် အလင်းရောင်အောက်မှာက ပိုပြီးပုန်းအောင်းလို့ ကောင်းတဲ့နေရာတစ်ခု ဖြစ်နေတတ်တယ် သူက အဲ့ဒီအတိုင်း လုပ်လိုက်ပုံရတယ်...”
မစ်ထ် ၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။
“ကျွန်မ ရှာနေတဲ့သူ ရဲ့ နေရာအတိအကျကို ထပ်ပြောပြလို့ရမလား သူက ဘယ်သူ့လို ဟန်ဆောင်နေတာလဲ သူ့ရဲ့ ရည်ရွယ်ချက်အစစ်အမှန်ကရော ဘာလဲ”
မစ်ထ်သည် သူ၏သမီးကို ရှာဖွေရန် တစ်ခုတည်းသော ရည်ရွယ်ချက်ဖြင့် ဤအမျိုးသမီးထံသို့ ရောက်ရှိလာခဲ့ခြင်းသည်။
ကံမကောင်းစွာဖြင့် သူမသည် လိုချင်သော အဖြေကို မရရှိခဲ့ပေ။
ဆီရာ ကို ရှာဖွေရန်အတွက် ထိုအကြားအမြင်ဆရာမသည် တိုက်ကြီးလေးခုလုံးဆီသို့ သူမ၏ စွမ်းရည်များအားလုံးကို ဖြန့်ကျက်အသုံးပြုခဲ့သည့်နောက်တွင်ပင် ကျရှုံးခဲ့ရ၏။
နောက်ဆုံးတွင် မစ်ထ်သည် သူမ၏ သမီးကို ခေါ်သွားခဲ့သောသူ တည်နေရာ ကိုသာ မေးလိုက်ရသည်။
မျက်မမြင်အကြားအမြင်ဆရာမကြီးသည် သူမ၏မျက်လုံးများကို ပိတ်လိုက်ပြီး ထိုလူအကြောင်း ပိုမိုရှာဖွေရန် သူမ၏စွမ်းရည်များကို အသုံးပြုလိုက်သည်။
သူမ၏စွမ်းရည်မှာ ကံကြမ္မာ ၏ နှောင်ကြိုးမျှင်လေးများမှ တစ်ဆင့် ထိုးဖောက်မြင်နိုင်ခြင်းဖြစ်ကာ ၎င်းတို့မှတစ်ဆင့် သူမလိုအပ်သော အချက်အလက်များကို ရှာဖွေနိုင်ခြင်းဖြစ်၏။
အရေးပါသော ကံကြမ္မာအချို့၏ အဓိကအချက်အလက်များ မဟုတ်သ၍ သူမသည် မည်သည့် ကံကြမ္မာနှောင်ကြိးမျှင်ကို အရာကိုမဆို ရှာဖွေနိုင်လေသည်။
သူမသည် ခြွင်းချက်အနေဖြင့် အသက်ကြီးမှ သူမ၏စွမ်းရည်များကို နိုးကြားလာခဲ့သော သူရဲကောင်း အနည်းငယ်ထဲမှ တစ်ဦးလည်း ဖြစ်သည်။
မစ်ထ်သည် ထိုမျက်မမြင်အကြာအမြင်ဆရာမအား အကယ်ဒမီ သို့ လာရောက်ပူးပေါင်းရန် အကြိမ်များစွာ တောင်းဆိုခဲ့သော်လည်း သူမသည် သူမ၏ ကံကြမ္မာ မှ အချက်အလက်အချို့ကို မြင်တွေ့ခဲ့ရသည်ဟုအကြောင်းပြကာ ငြင်းဆန်ခဲ့လေ၏။
သူမအဆိုအရ သူမသာ အကယ်ဒမီ သို့ ဝင်ရောက်သည်နှင့် မုတ်ချ သေဆုံးမည်ဖြစ်သည်။
နောက်ဆုံးတွင် မစ်ထ်သည်ပင် ထိုအဘွားအိုအား အကယ်ဒမီ မှ ဝေးရာတွင် နေထိုင်ခွင့် ပြုရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။
ထိုသို့အလွန်အသုံးဝင်သော စွမ်းရည်ရှိသူတစ်ဦးကို မဆုံးရှုံးလိုသောကြောင့် လူအများနှင့် ဝေးရာအရပ်တစ်ခုတွင် သူမအား ဘေးကင်းလုံခြုံနေစေရန် သူမ စီစဉ်ပေးခဲ့သည်။
“မဖြစ်နိုင်ဘူး...”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် မျက်မမြင်အကြားအမြင်ဆရာမ က သူမ၏မျက်လုံးများကို ဖွင့်လိုက်သည်။
သူမ၏မျက်လုံးများသည် အပြင်ကမ္ဘာတွင်မူ ဘာမှမမြင်နိုင်သည့် အဖြူရောင်အဖြစ် ဗလာကျင်းနေဆဲဖြစ်သည်။
သို့တိုင် သွေးမျက်ရည်များသည် ထိုမျက်လုံးအိမ်များမှ စီးကျနေပြီး သူမ၏မျက်နှာ သည် လုံးဝဖျော့တော့လာခဲ့၏။
“နင် ဘာမြင်လိုက်တာလဲ”
မစ်ထ်သည် သူမနှင့်အတူ ခေါ်ဆောင်လာခဲ့သော ယုံကြည်ရသည့် ကုသရေးသမား တစ်ဦးအား လက်ဟန်ဖြင့်အချက်ပြရင်း မေးမြန်းလိုက်သည်။
ကုသရေးသမားသည် ရှေ့သို့တက်လာကာ ထိုအဘွားအိုအား ကုသပေးလိုက်သော်လည်း ထူးဆန်းစွာပင် ထိုမျက်လုံးဆီမှ ထွက်လာသော သွေးများသည် ကုသမှု၏ အကျိုးသက်ရောက်မှု အောက်တွင်ပင် ရပ်တန့်မသွားခဲ့ပေ။
“ဒီ ကံကြမ္မာနှောင်ကြိုးမျှင်က ... ဘာလို့ အဲ့ဒီကို သွားနေတာလဲ ဘယ်လို သူတို့နဲ့ ချိတ်ဆက်နိုင်နေတာလဲ ..... ဒီလူ... မဟုတ်တော့ဘူး .... သူက မဖြစ်နိုင်ဘူး.....”
ထိုအဘွားအိုက စကားအနည်းငယ် ပိုမိုပြောမိလေလေ သူမသည် ရူးသွပ်လာသကဲ့သို့ ပိုမိုမတည်မငြိမ် ဖြစ်လာလေလေဖြစ်သည်။
သူမသည် လုံးဝမမြင်သင့်သော တစ်စုံတစ်ရာကို မြင်တွေ့ခဲ့ရခြင်းဖြစ်၏။
၎င်းသည် သိရှိ၍မသင့်သော လျှို့ဝှက်ချက်တစ်ခု သူမ ဖော်ထုတ်မိလိုက် သကဲ့သို့ ဖြစ်နေသည်။
“မ-မဟုတ်ဘူး ကျွန်မ ဒါကို မမြင်ချင်ပါဘူး ဒါက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာမဟုတ်ပါဘူး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ”
သူမသည် ရုတ်တရက် အသံကုန် အော်ဟစ်လိုက်မိသည်။
မစ်ထ် သည် သူမ၏ ရုတ်တရက် ထိုအော်ဟစ်မှုကြောင့် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သူမသည် စိုးရိမ်စိတ်များပင် ဝင်လာခဲ့၏။
ဒါက သူမရဲ့ အသက်အရွယ်ကြီးရင့်မှုရဲ့ အကျိုးဆက်လား သို့မဟုတ် သူမ တကယ်ပင် ဤမျှလောက် ကြောက်စရာကောင်းသော အရာတစ်ခုခုကို မြင်လိုက်ရ၍လား...။
“နင် ဘာမြင်လိုက်တာလဲ င့ါကို ပြောစမ်း”
မစ်ထ် က စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်မိသည်။
အဘွားအိုအား ထိုသို့ တုံ့ပြန်စေခဲ့သည့် လျှို့ဝှက်ချက်ကြောင့် စိတ်ကနာမငြိမ် ဖြစ်လာခဲ့ရသည်။
သူမသည် ဤအဘွားအို၏ရှေ့သို့ ပထမဆုံးအကြိမ် ပေါ်လာခဲ့စဉ်ကပင် သူမသည် အချိန်တိုင်း တည်ငြိမ်နေခဲ့လေသည်။
ယခုသည် သူမ ဤကဲ့သို့ တုံ့ပြန်ခဲ့သည့် ပထမဆုံးအကြိမ်ပင်ဖြစ်၏။
ဤကမ္ဘာပေါ်တွင် သူမအတွက် အရှင်သခင် တစ်ဦးထက်ပင် ပိုမိုကြောက်စရာကောင်းသည့် မည်သည့်အရာများ ရှိနေနိုင်ဦးမည်နည်း။
“သူ... သူက...”
ထိုအဘွားအိုသည် ဖြူဖျော့သွားသော မျက်နှာဖြင့် စကားစတင်ပြောလိုက်သည်။
သူမသည် သူမ၏မျက်လုံးများမှ သွေးများ ရပ်တန့်ခြင်းမရှိဘဲ ပိုမိုစီးကျလာနေသည်ကို ပင် လျစ်လျူရှုလိုက်၏။
သို့သော် ထိုအဘွားအို၏ စကားမဆက်နိုင်မီမှာပင် သူမသည် ထူးဆန်းသော အရာတစ်ခုကို ခံစားလိုက်ရသည်။
သူမ၏ ပတ်ဝန်းကျင်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားခဲ့ပြီး အချိန်ကိုယ်တိုင်က ရပ်တန့်သွားသကဲ့သို့ပင်ဖြစ်သွားသည်။
သူမသည် မျက်စိဖြင့် မမြင်နိုင်သော်လည်း ၎င်းကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။
အခန်းထဲတွင် အခြားဖြစ်တည်မှုတစ်ခု ပေါ်လာခဲ့သည်။
အမျိုးသားတစ်ဦး၏အသံတစ်သံသည် သက်ပြင်းချသံတစ်ခုနှင့်အတူ ခန်းမထဲတွင် ပဲ့တင်ထပ်၍ ရောက်လာခဲ့၏။
“ဟင်း... မင်းက တကယ်ပဲ အဲ့ဒါတွေကို မမြင်ခဲ့သင့်ဘူး...”
ထိုပုဂ္ဂိုလ်က သူ၏လက်ကို အဘွားအို၏ ခေါင်းပေါ်သို့တင်လိုက်သည်။
ထိုအဘွားအိုသည် ကြောက်လန့်တကြား တုန်ယင်နေသော်လည်း အနည်းငယ်မျှပင် မခုခံနိုင်ခဲ့ပေ။
ထိုအချိန်တွင် သူမ၏ တည်ရှိမှု တစ်ခုလုံးသည် သူမ၏ခန္ဓာကိုယ်မှ စုပ်ယူခံလိုက်ရလေသည်။
သူမ၏ မျက်လုံးများသည် မကြာမီ ပိတ်သွားခဲ့ပြီး သူမသည် သူမ၏ အသက်ဝိညာဉ် ကိုပါ ဆုံးရှုံးသွားခဲ့ရလေ၏။
ဝေဒနာသည် အလွန်ဆိုးရွားလွန်းသောကြောင့် သူမသည် အသဲခိုက်အောင် နာကျင်သည့် ငြီးငြူသံတစ်ခုကို ပြုလိုက်မိလိုက်သော်လည်း သူမ၏အသံကို မည်သူမျှ မကြားနိုင်ခဲ့ပေ။
အာရန် သာ ဤနေရာတွင် ရှိနေခဲ့ပါက ထိုပုဂ္ဂိုလ်ကို မြင်တွေ့ရခြင်းဖြင့် အလွန်အံ့အားသင့်သွားပေလိမ့်မည်။
ထိုပုဂ္ဂိုလ်သည် အာရန် က ဤကမ္ဘာ၏ စာရေးဆရာ ဖြစ်သည်ဟု ယုံကြည်ထားသူဖြစ်နေသည့် အပြင် သူ့အား လိုအပ်သောအဖြေများကို ပေးခဲ့သော လမ်းညွှန်သူတစ်ယောက်လည်း ဖြစ်လေ၏။
ယခုအချိန်အထိ အာရန်သည် စာရေးဆရာ ကို ဆင့်ခေါ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ မေးခွန်းဘောက်ချာ ကို အသုံးပြုခြင်းနည်းတစ်ခုသာရှိသည်ဟု ယုံကြည်နေခဲ့သည်။
သို့သော် ၎င်းသည် မေးခွန်းဘောက်ချာ မလိုအပ်ဘဲ သူ ဆင်းသက်လာခဲ့သည့် ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ထိုပုဂ္ဂိုလ်သည် ဤအဘွားအို၏ ဝိညာဉ် ကို လုံးဝဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သဖြင့် သူမ သည် သူမသိရှိထားသော ထိုလျှို့ဝှက်ချက်များကို မတော်တဆ ထပ်မံ ဖော်ထုတ်နိုင်တော့မည်မဟုတ်ပေ။
အဘွားအိုကို သတ်လိုက်ပြီးနောက် ထိုပုဂ္ဂိုလ်သည် တဖြည်းဖြည်းပြန်လည် ပျောက်ကွယ်သွားခဲ့သည်။
သူ့ကို ဝန်းရံထားသော မြူခိုးများသည်လည်း တဖြည်းဖြည်းပြန်လည် ပျောက်ကွယ်သွားခဲ့လေသည်။
ထိုပုဂ္ဂိုလ်သည် မပျောက်ကွယ်ခင်ခဏ၌ သူရဲကောင်းအကယ်ဒမီ ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်လေသည်။ သို့သော် သူဘာတွေးနေသည်ကိုမူ မူမည်သူမျှ သိနိုင်မည်မဟုတ်ပေ။
ထို့နောက် မကြာမီအချိန်မှာပင် ထိုပုဂ္ဂိုလ်သည် လုံးဝပျောက်ကွယ်သွားခဲ့ပြီး အချိန်များသည် ပုံမှန်အတိုင်း ပြန်လည် စီးဆင်းသွားလေ၏။
အချိန်စီးဆင်းမှု ပြန်လည်ကောင်းမွန်လာသည်နှင့်တစ်ပြိုင်နက် မစ်ထ် လည်း ပြန်လည် သတိလည်လာခဲ့သည်။
သို့သော် သူမ မြင်ခဲ့ရသည်မှာ ခန္ဓာကိုယ် ညာဘက်သို့ စောင်း၍ အသက်ပျောက်နေပြီဖြစ်သော အဘွားအိုကိုသာ မြင်လိုက်ရတော့သည်။
ထို့နောက် ဒုန်းခနဲ အသံတစ်ခုနှင့်အတူ သူမသည် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
မစ်ထ်သည် စူးစမ်းကြည့်လိုက်ရာ အဘွားအို၏ နှလုံးခုန်နှုန်းသည် ရပ်တန့်သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအကြားအမြင်ဆရာမသည် လုံးဝ သေဆုံးသွားခဲ့ပြီဖြစ်၏။
“သူ ဘာများ မြင်လိုက်ရတာလဲ အဲ့ဒီအရာကို သေလောက်အောင် ကြောက်သွားခဲ့တာလား အဲ့ဒီလူရဲ့ ကံကြမ္မာ က ဘာများလဲ”
မစ်ထ်သည် အသက်မဲ့နေသော ထိုအဘွားအို၏ မျက်နှာကို တစ်ချက်ကြည့်လိုက်သည်။
သူမသည် ထိုအဘွားအို၏ သေဆုံးမှုအတွက် ဝမ်းနည်းမိသည်ထက် သူမကို အဖြေမပေးနိုင်မီ သေဆုံးသွားခြင်းအတွက် ပိုမို၍ ဝမ်းနည်းမိလေသည်။
မစ်ထ်သည် ထိုအဘွားအို ဘာမြင်ခဲ့သည်ကို မသိရှိနိုင်ခဲ့သော်လည်း သူမသည် အလားတူ အရေးကြီးသော တစ်စုံတစ်ခုကိုမူ သိနိုင်ခဲ့၏။
ထိုအရာမှာ သူမ၏သမီးကို ပြန်ပေးဆွဲခဲ့သူသည် သူရဲကောင်းအကယ်ဒမီ အတွင်း၌ ရှိနေခြင်းပင် ဖြစ်သည်။
ထို့နောက် သူမသည် ထရပ်လိုက်သည့်တိုင် ထိုအဘွားအိုထံမှ မျက်လုံးများ မခွာနိုင်သေးပေ။
၎င်းသည် သူမ၏ မှားယွင်းသော အထင်အမြင်သက်သက်လား သို့မဟုတ် ဤနေရာတွင် အမှန်တကယ် အခြားတည်ရှိမှုတစ်ခု ရှိနေခဲ့ခြင်းလားဆိုသည်ကို သူမ နားမလည်နိုင်ဖြစ်နေရသည်။
“မင်းတို့နှစ်ယောက် ဒီမှာနေခဲ့ပြီး သူ့ကို သေချာ မြေမြှုပ်ပြီးမှ ပြန်လာခဲ့ကြ ကျန်တဲ့သူတွေကတော့ ငါနဲ့အတူ လိုက်ခဲ့ရမယ် ငါတို့ အိမ်ပြန်တော့မယ်”
#Catfoot