ပိုမိုပေးဆပ်ခြင်း …
Vol. 22 Ch. 307
“ငါ့ရဲ့ ချစ်လှစွာသော ဝိညာဥ်လမ်းလျှောက်သူ ရှင့်အတွက် ဒီလိုနေ့မျိုး ရောက်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူးမဟုတ်လား”
သူရဲကောင်းအကယ်ဒမီ ၏ အမည်မသိသည့်နေရာတစ်ခုတွင် မီးများမှိန်ဖျော့ဖျော့ထွန်းထားသော ခန်းမဆောင်တစ်ခု ရှိနေခဲ့သည်။
ဤခန်းမဆောင်ရှိ အလင်းရောင်ထွက်ပေါ်လာရာတစ်ခုတည်းသော အရင်းအမြစ်မှာ တိတ်ဆိတ်စွာဖြင့် မှိတ်တုတ်မှိတ်တုတ် လောင်ကျွမ်းနေသော ဖယောင်းတိုင်ငယ်လေးများသာ ဖြစ်ကြသည်။
ခန်းမပတ်လည်တွင် အမျိုးအမည်မသိရသော အရည်များဖြင့် ပြည့်နှက်နေသည့် ဖန်ဖြင့်ပြုလုပ်ထားဟန်ရသော ဖန်ပြွန်ချောင်းကြီးများစွာ ရှိနေ၏။
ဤဖန်ပြွန်ချောင်း အများစုသည် ဗလာများဖြစ်နေကြသော်လည်း ဗလာမဟုတ်သော အချို့လည်း ရှိနေသည်။
ထိုအထဲတွင် အသက်ကင်းမဲ့နေသော ခန္ဓာကိုယ်များ ရှိနေကြခြင်းဖြစ်သည်။
ထိုဖန်ပြွန်ချောင်းကြီးများအတွင်းရှိ ခန္ဓာကိုယ်များသည် တောင်ပိုင်းတိုက်ကြီးရှိ အမျိုးအမည်မသိသော သားရဲမျိုးစိတ်များပါဝင်နေသည့် အပြင် လူသားအချို့၏ ခန္ဓာကိုယ်များလည်း ပါဝင်နေလေ၏။
ထိုအထဲတွင် အထူးခြားဆုံးသောသူမှာ အလယ်ဗဟိုရှိ ဖန်ပြွန်ချောင်းကြီးအတွင်း၌ တည်ရှိနေပြီး ၎င်းသည် အလွန်အရေးပါသူတစ်ဦး၏ အသက်မဲ့ခန္ဓာကိုယ်တစ်ခုလည်း ဖြစ်လေသည်။
ထိုသူ၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာနှင့်အတူ အခေါင်းပေါက်များစွာလည်း ရှိနေပြီး ထိုအရာများကိုကြည့်ခြင်းဖြင့် ထိုသူသည် ရက်စက်စွာဖြင့် အသတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထင်ရှားစေခဲ့သည်။
အာရန် သာ ဤနေရာတွင် ရှိနေခဲ့ပါက အဓိကဖန်ပြွန်ချောင်းအတွင်းရှိ ထို အသက်မဲ့ခန္ဓာကိုယ်ကို လွယ်ကူစွာ မှတ်မိနိုင်မည်ဖြစ်သည်။
၎င်းသည် သူကိုယ်တိုင် ရင်ဆိုင်သတ်ဖြတ်ခဲ့ရသော ပထမဆုံးကြုံခဲ့ရသည့် ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်သည့် ဝိညာဥ်လမ်းလျှောက်သူ ၏ ခန္ဓာကိုယ်ပင် ဖြစ်လေ၏။
ထိုသူသည် အကယ်ဒမီ ၏ ဒုတိယကျောင်းအုပ်တစ်ဦးလည်း ဖြစ်ခဲ့ဘူးသည်။
အာရန်သည် သူ့အား ကမ်းရိုးတန်းမြို့ တွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ထိုသူ၏ နှလုံးသားကို မဝါးမြိုမိခဲ့ပေ။
မစ်ထ်သည် ထိုကမ်းရိုးတန်းမြို့ သို့ ရောက်ရှိသွားသောအခါ ထိုဝိညာဥ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ရယူခဲ့ အကယ်ဒမီ သို့ ပြန်လည်ယူဆောင်လာခဲ့သည်။
ဝိညာဥ်လမ်းလျှောက်သူ ကဲ့သို့ ထူးခြားသူတစ်ဦးအတွက် သူ၏ခန္ဓာကိုယ်ပင်လျှင် ဟင်းလင်းပြင်ဆိုင်ရာ ဥပဒေသများကို ထပ်မံလေ့လာ သုတေသနပြုရန် အရေးကြီးသော အစိတ်အပိုင်းတစ်ခုအဖြစ် အသုံးဝင်နေသေးသည်။
ထိုသူသည် သေဆုံးပြီးသားဖြစ်သောကြောင့် မစ်ထ်သည် သူ၏ခန္ဓာကိုယ်ကို သေဆုံးမှုများနှင့်ပတ်သက်၍ အကယ်ဒမီ တွင် အကောင်းဆုံး သုတေသီတစ်ဦးဖြစ်သည့် သရဲဘုရင်မ ထံ အပ်နှံထားခဲ့ခြင်းဖြစ်၏။
....
သရဲဘုရင်မသည် သူမ၏မျက်လုံးများတွင် လောဘစိတ်များဖြင့် ပြည့်နှက်နေလျှက်ရှိပြီး ဖန်ပြွန်ချောင်းအတွင်းရှိ အသက်မဲ့နေသော ရုပ်အလောင်းကို ကြည့်နေရင်း ထိုအပေါ်သို့ သူမ၏လက်ချောင်းလေးများကို တင်ထားလိုက်သည်။
“ဒီခန္ဓာကိုယ်အတွင်းမှာ ဝိညာဉ်တစ်ခု ကျန်ရှိနေသေးတယ်ဆိုတာနဲ့တင် သေဆုံးပြီးတာတောင်မှ ရှင့်ရဲ့ဝိညာဉ်က ဒီခန္ဓာကိုယ်ကနေ ထွက်ခွာဖို့ ငြင်းဆန်နေတုန်းပဲဆိုတာ သိသာနေတယ် အိုး ကျွန်မရဲ့ ချစ်လှစွာသော ဝိညာဥ်လမ်းလျှောက်သူ ရေ ရှင်ကတကယ်ပဲ စွဲလမ်းစိတ်ကြီးလွန်းတဲ့ သူတစ်ယောက်ပါလား”
“ဒါပေမယ့် အဲ့ဒါကပဲ ကျွန်မအတွက် ပိုကောင်းသွားစေခဲ့တယ် ရှင့်ရဲ့ဝိညာဉ်က အရမ်းအားနည်းနေတာကြောင့် ကျွန်မသာ အဲ့ဒါကို ချိတ်ပိတ်ထားလို့ရတယ် ရှင့်ကို ပြန်အသက်သွင်းပြီးတာနဲ့ ရှင့်ရဲ့ အရင်က မာနကြီးနေတဲ့ ပုံစံနဲ့ဘာမှမဆိုင်တော့မဲ့ ကျွန်မရဲ့ အကောင်းဆုံးကျွန်လေးတစ်ယောက် ဖြစ်လာခဲ့လိမ့်မယ်”
သရဲဘုရင်မ၏အသံသည် ခန်းမအတွင်း၌ ပဲ့တင်ထပ်သွားခဲ့၏။
သူမက ဖန်ပြွန်ချောင်းကို ပိုမိုနီးကပ်စွာ ရှိနေခြင်းဖြစ်ရာ သူမ၏ အသက်ရှူထုတ်လိုက်သည့် လေပူများကြောင့် ဖန်ပြွန်ချောင်း၏ မျက်နှာပြင်ကိုပင် အနဲငယ်မှန်ဝါးသွားစေခဲ့သည်။
သူမ၏မျက်လုံးများတွင် သိလိုစိတ်နှင့် ဆာလောင်မှုများ ပြည့်နှက်နေလေသည်။
“ဝိညာဥ်လမ်းလျှောက်သူရေ ရှင် ဒီခန်းမတွေထဲမှာ မာနတကြီးနဲ့ လျှောက်သွားနေခဲ့တဲ့နေ့ရက်တွေကို သတိရသေးလား ရှင် ကျွန်မ အတွက်အသုံးစာရိတ်တွေကို ဖြတ်တောက်ပြီး ကျွန်မရဲ့ ကျရှုံးမှုအတွက် အလုပ်ထုတ်ပစ်ဖို့ ခြိမ်းခြောက်ခဲ့တဲ့နေ့ကို သတိရသေးလား” ဟု သူမက တီးတိုးပြောရင်း ဖန်ပေါ်ရှိ သူ၏မျက်နှာပုံစံကို သူမ၏လက်ချောင်းများဖြင့် လိုက်ရေးဆွဲနေခဲ့၏။
“အဲ့ဒီအချိန်တွေတုံးက ရှင့်ကို မည်သူမှ မထိနိုင်၊ မထိခိုက်နိုင်ဘူးလို့ ထင်ထားခဲ့တယ်မလား ခုတော့ ဘယ်လိုများဖြစ်ပြီး ခုလိုဖြစ်သွားခဲ့ရတာတုံးရှင့်”
အမျိုးအမည်မသိသော ထိုအရည်များအတွင်း လွင့်မြောနေသော ဝိညာဥ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ်သည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြသခဲ့ပေ။
သို့သော် ကျန်ရှိနေသော ဝိညာဉ်စွမ်းအင်အချို့မှာမူ ထိုခန္ဓာကိုယ်ပေါ်တွင် တွယ်ကပ်နေခဲ့၏။
သရဲဘုရင်မပင်လျှင် ဤခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်တစ်ခုတည်းသာမက ဝိညာဉ်နှစ်ခုပါ ရှိနေသည်ကို မည်သို့မျှ မသိရှိနိုင်ခဲ့ပေ။
သူမ ခံစားမိသည်မှာ ဝိညာဥ်လမ်းလျှောက်သူသာဖြစ်မည်ဟု ယုံကြည်ထားသော အားနည်းသည့် ဝိညာဉ်စွမ်းအင် တစ်ခုသာ ဖြစ်လေသည်။
ဝိညာဥ်လမ်းလျှောက်သူ၏ခန္ဓာကိုယ်သည် အမှန်တကယ်သေဆုံးသွားခဲ့ပြီး ဖြစ်သော်လည်း သူ၏ဝိညာဉ်မှာမူ အခြားကမ္ဘာမှ ကူးပြောင်းလာသူထိုချာတိတ် ကြောင့် သူ၏ဝိညာဉ်အတွက် ရရှိထားသည့် ကာကွယ်မှုတစ်ခုကြောင့် ရှင်သန်နိုင်ခဲ့ခြင်းဖြစ်လေသည်။
‘ခင်ဗျား ဒီခွေးမစကားကို ကြားတယ်မဟုတ်လား သူမက ငါတို့ကို ကျွန်အဖြစ် ပြောင်းလဲဖို့ ပြောနေတာ သူမကို တားဖို့ တစ်ခုခု လုပ်ပါဦး’
ကမ္ဘာကူးလာသူ၏ ဝိညာဉ်က အစစ်အမှန် ဝိညာဥ်လမ်းလျှောက်သူ၏ ဝိညာဥ်ကို လှမ်းပြောလိုက်ခြင်းဖြစ်၏။
“ငါတို့ရဲ့ ခန္ဓာကိုယ်က လုံးဝသေဆုံးသွားခဲ့ပြီလေ အခုအချိန်မှာ ငါဘာလုပ်နိုင်ဦးမယ်လို့ မင်းကထင်နေလဲ”
အစစ်အမှန် ဝိညာဥ်လမ်းလျှောက်သူ၏ ဝိညာဥ်က က ဒေါသထွက်နေသောလေသံဖြင့် ပြန်ပြောလိုက်သည်။
သူသည် အတိတ်က သူမ၏ လုပ်ဖော်ကိုင်ဖက်များကိုပင် ပြန်လည် သတ်ဖြတ်ကာ စမ်းသပ်မှုများပြုလုပ်ရန် အကြံပြုခဲ့သော ထိုရူးသွပ်နေသည့် အမျိုးသမီးကို သူ တကယ် သတ်ခဲ့မိသင့်သည်ဟု တွေးလိုက်မိသည်။
အကယ်၍ သူမသည် မစ်ထ်မှ အာရုံစိုက်လောက်သည်အထိ ထူးချွန်ခြင်းမရှိခဲ့ပါက သူသည် သူမအား လွန်ခဲ့သည့်အချိန်တစ်ခု ကတည်းက သတ်ခဲ့မိပြီးသား ဖြစ်နေလိမ့်မည်ဖြစ်၏။
ယခု သူသည် ထိုဆုံးဖြတ်ချက်ကို နောင်တရနေခဲ့သည်။
ကမ်းရိုးတန်းမြို့ တွင် သေဆုံးသွားရခြင်းက ဤရူးသွပ်နေသော ခွေးမတစ်ယောက်၏ လက်ထဲသို့ ကျရောက်ရခြင်းထက် ပိုမို၍ကောင်းမွန်လေသည်။
“ရှင့်ရဲ့ဝိညာဉ်ကို ချုပ်နှောင်ဖို့အတွက် ကျွန်မ အရင်ဆုံး ရှင့်ကို ပိုပြီး အားနည်းအောင် လုပ်ရမယ်” ဟု ထိုအမျိုးသမီးက တီးတိုးပြောလိုက်၏။
ဝိညာဥ်လမ်းလျှောက်သူသည် သူမပြောသမျှ အရာအားလုံးကို ကြားနေသည်ကို မသိဘဲ သူမသည် မိမိကိုယ်ကိုယ် ပြောနေသကဲ့သို့သာ အရာရာကို ပွင့်ပွင့်လင်းလင်း ပြောပြနေမိသည်။
“အသက်မဲ့နေတဲ့ ခန္ဓာကိုယ်နဲ့ ချည်နှောင်ထားတဲ့ ဒီလို ဝိညာဉ်မျိုးဟာ တကယ်ရှားပါးလွန်းတဲ့အရာပဲ ဒါပေမယ့် ဝိညာဥ်လမ်းလျှောက်သူ ရှင်ကတော့ သာမန်လူတစ်ယောက် မဟုတ်ဘူးလေ”
“ရှင့် ရဲ့ဝိညာဉ်ကို အားနည်းပြီး ချုပ်နှောင်နိုင်ဖို့ ကျွန်မနောက်ထပ် အသက်တွေ နဲနဲလောက် ထပ်ယူဖို့လိုအပ်လိမ့်မယ် အကယ်ဒမီ မှာကျွန်မလိုအပ်တဲ့ အရင်းအမြစ်တွေ အများကြီး နေရာတိုင်းမှာ လျှောက်သွားနေကြတာပဲလေ ကျွန်မ မကြာခင် ပြန်လာခဲ့မယ်...”
ထိုအမျိုးသမီးသည် အပြင်သို့ လှည့်ထွက်ရန်ကြံလိုက်စဥ် သူမ၏နှုတ်ခမ်းများပေါ်တွင် ရူးသွပ်သော အပြုံးတစ်ခု ပေါ်လာခဲ့၏။
သူမသည် တံခါးဝသို့ ရောက်ရှိကာ ထွက်ခွာရန် တံခါးကို တွန်းဖွင့်လိုက်သောအခါ တံခါး၏ တစ်ဖက်ခြမ်းတွင် ရပ်နေသော လူအနည်းငယ်ကို မြင်တွေ့လိုက်ရလေသည်။
ထိုသူသည် သူမသည် တံခါးမဖွင့်မိပါက တံခါးခေါက်တော့မည့်ဟန်ပြင်နေသော လူတစ်ဦးလည်း ဖြစ်လေသည်။
သူ၏နောက်တွင် နောက်လိုက်အချို့ဖြစ်ဟန်ရသူများက သတိမေ့မြောနေသော အမျိုးသမီးနှစ်ဦး ကို သယ်ဆောင်လာသည်။
“ရှင်က ဘယ်သူလဲ ဒါကကော ဘာအဓိပ္ပာယ်လဲ” ဟု သရဲဘုရင်မ က သူမ၏ မျက်လုံးများကို မှေးစင်းရင်း မေးလိုက်၏။
“ပါမောက္ခအက်ဇယ် က ကျွန်တော်တို့ကို ဒီကို စေလွှတ်လိုက်လို့ပါ သူက သရဲဘုရင်မ အတွက် အသုံးဝင်နိုင်မယ်လို့ သူ ယုံကြည်ထားတဲ့ အရှေ့ဘက်တိုက် ကနေ ဖမ်းဆီးလာသူ နှစ်ဦးကို ခေါ်လာခဲ့တာပါ” ဟု ထိုလူက ရိုသေစွာဖြင့် ပြောလိုက်သည်။
“မင်းလည်း အရှေ့ဘက်တိုက်ကပဲ မဟုတ်ဘူးလား”
သရဲဘုရင်မ က ထို ဘိုးဘေးအကြီးအကဲယန် ဆိုသူကို အလွန်စိတ်ဝင်တစား ဖြစ်ဟန်ဖြင့် တစ်ချက်စိုက်ကြည့်ရင်းပြောလိုက်သည်။
အထူးသဖြင့် ထိုသူသည် အားနည်းပုံမရသောကြောင့် ဖြစ်၏။
“ကျွန်တော်က အမြဲတမ်း သူရဲကောင်းအကယ်ဒမီ ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့တာပါ ဒ့ါကြောင့် အရှေ့တိုက်မှာ သူလျှိုအဖြစ် နှစ်ပေါင်းများစွာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ် ဒါပေမဲ့ နောက်ဆုံးတော့ ကျွန်တော့်ရဲ့ အစစ်အမှန် အိမ်ကို ပြန်လာနိုင်ခဲ့ပါပြီ” ဟု ဘိုးဘေးအကြီးအကဲ ယန် က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
“ဘယ်လောက် စိတ်ဝင်စားစရာကောင်းလိုက်လဲ ဒါပေမယ့် ရှင်ရောက်လာတာက ကျွန်မအတွက် အချိန်ကိုက်ပဲ ကျွန်မလဲ လူအနည်းငယ် လိုအပ်နေတာနဲ့အတော်ပဲ .. ဒါပေမယ့် ဒီမိန်းကလေးနှစ်ယောက်နဲ့တော့ လုံးဝ မလုံလောက်ဘူး ဒါကြောင့်...”
သူမက ဘိုးဘွားအကြီးအကဲ ယန်၏ နားသို့ ပိုမိုနီးကပ်စွာ လျှောက်သွားလိုက်ကာ သူ၏လည်ပင်းနောက်ဘက်တွင် သူမ၏လက်ကို တင်လိုက်ပြီး သူ့အား ပိုမိုနီးကပ်အောင် ဆွဲခေါ်လိုက်သည်။
“ဒါဆို ရှင်လည်း ဒီမှာ နေခဲ့ပါလား ကျွန်မကိုယ်တိုင်ရှင့်ကို တကယ်ပဲ ပျော်စရာကောင်းတဲ့ အရာတစ်ခုကို ပြစရာရှိနေတယ်”
သရဲဘုရင်မက ထိုသို့ ပြောရင်း ဘိုးဘေးအကြီးအကဲ ယန် ၏ နားရွက်ဖျားလေးများကို သူမ၏ လျှာဖြင့် လျက်လိုက်၏။
ဘိုးဘေးအကြီးအကဲယန် ခဏတာမျှ သရဲဘုရင်မ၏ လှည့်ဖြားမှုအတွင်း နစ်မြောသွားခဲ့ပြီး သူမ၏ ရနံ့ကပင် သူ့အတွက် မေ့ဆေးတစ်ခုဖြစ်နေလိမ့်မည်ဟု လုံးဝမထင်မှတ်ထားခဲ့မိပေ။
#Catfoot