သွေးမျိုးဆက်များ၏ ပဋိပက္ခများ ....
Vol. 22 Ch. 309
“သူမက သူ့ကို ဝိညာဥ်လမ်းလျှောက်သူလို့ ခေါ်တယ် ရှင် သူ့ကို သိလို့လား”
အာရန်၏ တုံ့ပြန်မှုအပေါ် ယီလန်တစ်ယောက်အတော်လေး အံ့အားသင့်သွားခဲ့သည်။
အကယ်၍ ထိုသူအား နာမည်ကြားရုံဖြင့်ပင် မှတ်မိနေခြင်းဖြစ်ပါက ၎င်းသည် အလွန်အရေးပါသော ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း ဖော်ပြနေပေသည်။
“သူက ဘယ်လိုပုံစံလဲ” အာရန်က ၎င်း၏သံသယများကို အတည်ပြုရန် ထပ်မံမေးမြန်းလိုက်၏။
အကယ်၍ သူသိထားသော ဝိညာဥ်လမ်းလျှောက်သူနှင့် တစ်ဦးတည်းဖြစ်နေပါက ၎င်းသည် အမှန်ပင် ကံကောင်းခြင်းတစ်မျိုးဟု ယူဆနိုင်ပေသည်။
အာရန်သည် ဝိညာဥ်လမ်းလျှောက်သူအား သတ်မိခဲ့စဉ်က သူ၏စိတ်အခြေအနေသည် သူ၏ထိမ်းချုပ်နိုင်စွမ်းအောက်တွင် ရှိမနေခဲ့ပေ။
၎င်းအပြင် ထိုအချိန်က သူသည် သူ၏ ဝါးမြိုခြင်း စွမ်းရည်များကို မည်သို့အသုံးပြုရမည်မှန်းပင် မသိခဲ့ပေ။
ထို့ကြောင့် ထိုအချိန်က လက်လွတ်သွားခဲ့ရသော ထိုအခွင့်အရေးအတွက် အမြဲတစေ နောင်တရနေခဲ့လေသည်။
ထိုစဥ်က ဝိညာဥ်လမ်းလျှောက်သူ၏ အာကသာနှင့်ဟင်းလင်းပြင်ဆိုင်ရာ ထိန်းချုပ်နိုင်စွမ်းသည် လုံးဝ ပြီးပြည့်စုံသည့်အဆင့်တွင် ရှိမနေသေးသော်လည်း သူ၏ ထိုစွမ်းအင်ကိုယ်တိုင်၌ကပင် အတော်လေးကောင်းမွန်သည့်အထဲ ပါဝင်နေပေ၏။
အကယ်၍ ၎င်း၏စွမ်းရည်များကိုသာ သူသည် ရယူနိုင်ခဲ့ပါက ဂိတ်တံခါးပေါက်များ ဖန်တီးရန်အတွက် ယီလန်အပေါ် မှီခိုနေရန် မလိုအပ်တော့ပေ။
အာရန်၏မျက်လုံးများတွင် စိတ်လှုပ်ရှားမှုများ လျှပ်တစ်ပြက် ဖြစ်ပေါ်သွားခဲ့သည်။
သို့သော် ကံမကောင်းစွာဖြင့် သူ၏ခန္ဓာကိုယ်အခြေအနေကို ပြန်လည် သတိရလိုက်သည်နှင့်အမျှ ထိုစိတ်လှုပ်ရှားမှုများသည် အချိန်တိုအတွင်း ပြန်လည် ပျောက်ကွယ်သွားခဲ့ရသည်။
ဂိတ်တံခါးပေါက် တစ်ခုစီကို ဖြတ်သန်းတိုင်း ၎င်းသည် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဥ်အတွက် ညှဉ်းပန်းနှိပ်စက်ခြင်းတစ်ခုနှင့် တူညီနေခဲ့၏။
ဤစွမ်းရည်သည် သူ ထင်မှတ်ထားသကဲ့သို့ သူ့အတွက် အမှန်တကယ် အသုံးဝင်ပါမည်လော...။
ထိုသူ၏ သွေးမျိုးဆက်သည် သူ့အား ဟင်းလင်းပြင်ဆိုင်ရာ ခရီးသွားလာခြင်းမျာကို ကိုယ်တိုင်ပြုလုပ်နိုင်စေရန် ကူညီပေးနိုင်ခြေ အနည်းငယ်မျှ ရှိနေသော်လည်း ထိုဖြစ်နိုင်ခြေမှာ မြင့်မားခြင်းတော့မရှိပေ။
အထူးသဖြင့် အာရန်၏ ပြဿနာမှာ သူ၏ခန္ဓာကိုယ်နှင့်သာမက သူ၏ ပင်မသွေးမျိုးဆက်နှင့်လည်း ဆက်စပ်နေသောကြောင့် ပေ့ါပေါ့တန်တန်တွေး၍မရပေ။
အကယ်၍ မူမမှန်မှုအချို့သာ ဖြစ်သွားခဲ့ပါက သူ့အတွက် ပို၍ပင် ဆိုးရွားစေနိုင်သည့် သွေးမျိုးဆက်တစ်ခုကို ရရှိသွားနိုင်လေသည်။
အကယ်၍ သူ၏ ပင်မသွေးမျိုးဆက်သည် အကြောင်းတစ်ခုခုကြောင့် ဟင်းလင်းပြင်ဆိုင်ရာ ဂုဏ်သတ္တိများနှင့် ပဋိပက္ခဖြစ်နေခဲ့ခြင်းဆိုပါက ထိုကဲ့သို့ ဟင်းလင်းပြင်ဥပဒေသများကို ခြယ်လှယ်နိုင်သည့် သွေးမျိုးဆက်တစ်ခုကိုသာ ထပ်မံ ရရှိမည်ဆိုပါက မည်သို့ဖြစ်သွားနိုင်မည်နည်း။
ထိုအချိန်တွင် သွေးမျိုးဆက်နှစ်ခုသည် ရေနှင့်မီးကဲ့သို့ ဖြစ်လာပြီး သူ၏ခန္ဓာကိုယ်အား အတွင်းမှနေ၍ လှိုက်စားကာ ဖျက်ဆီးပစ်နိုင်ပေသည်။
ထိုသို့ဆိုပါက အခြေအနေသည် အလွန်အမင်း ပြင်းထန်သွားနိုင်လေသည်။
အာရန်၏ ပင်မသွေးမျိုးဆက်သည် ဝိညာဥ်လမ်းလျှောက်သူ၏ ဟင်းလင်းပြင်ဥပဒေသများကို ထိမ်းချုပ်နိုင်သည့် ထိုသွေးမျိုးဆက်ထက် ပိုမိုအားကောင်းသည်မှာ သေချာနေသော်လည်း ထိုအရာသည် အန္တရာယ်ရှိနေဆဲပင် ဖြစ်၏။
“ဟူး....တွေးမိရုံနဲ့တင် ပင်ပန်းလိုက်တာ”
အာရန်က စိတ်ပျက်အားငယ်စွာဖြင့် သူ ၏နဖူးကိုသာ ပြန်လည် ပွတ်သပ်နေမိသည်။
၎င်းသည် ဆီးချိုရောဂါသည်တစ်ဦး ရှေ့တွင် အချိုမြိန်ဆုံးသော အစားအသောက်များကို လာရောက်ချပေးထားသကဲ့သို့ ခံစားချက်မျိုးရစေသည်။
တစ်ဖက်တွင်လည်း ဤ အထူးစားဖွယ်ကို မြည်းစမ်းကြည့်လိုသည့် ဆန္ဒတစ်ခုရှိနေပြီး အခြားတစ်ဖက်တွင်လည်း သူ၏ကျန်းမာရေးအတွက် စိုးရိမ်နေရသေး၏။
‘ငါခုလို လိုအပ်နေတဲ့အချိန်ကတော့ စနစ် ရွေးချယ်စရာတွေ ဘယ်ရောက်နေသလဲဟ တကယ်လို့ စနစ်ရွေးချယ်စရာတွေသာရှိရင် သူပေးတဲ့ ဆုလာဘ်ပေါ်မူတည်ပြီး ဆုံးဖြတ်လို့ရနိုင်သေးတယ်’
ခဏတာ တိတ်ဆိတ်ပြီးနောက် အာရန်သည် ထိုကိစ္စကို ဆက်လက်မတွေးချင်တော့ပေ။
ယခုအချိန်တွင် ၎င်းအတွက် အာရုံပျံ့လွင့်နေရန် အချိန်မဟုတ်သေးပေ။ သူသည် ရန်သူ့အခြေစိုက်စခန်းတွင် တည်ရှိနေဆဲဖြစ်ကာ နည်းနည်းလေးမှားလိုက်သည်နှင့် သူ ကိုယ်တိုင်ပင် ဒုက္ခရောက်သွားနိုင်လေသည်။
“သရဲဘုရင်မကို မြင်လိုက်တယ်မလား သူမက ဘယ်လောက်တောင် ခွန်အားကြီးမယ်ထင်လဲ”
အာရန်က သူရင်ဆိုင်ရတော့မည့် ပုဂ္ဂိုလ်အကြောင်း အနည်းငယ်သိထားလို၍ ယီလန်အား မေးလိုက်၏။
အက်ဇယ်သည် သူ၏လက်ချက်ဖြင့် ချက်ချင်း သေဆုံးသွားခဲ့ခြင်းဖြစ်သောကြောင့် ဤမေးခွန်းကို မေးမြန်းနိုင်ခြင်းမရှိတော့ပေ။
လီရွန် တစ်ဦးတည်းဆီမှသာ သရဲဘုရင်မအကြောင်း အနည်းငယ် သိရှိနိုင်ခဲ့သော်လည်း သူသိရှိခဲ့ရသည့် အချက်အလက်များသည်ပင် ရှင်းလင်းမှုမရှိသည့်အပြင် ပြည့်စုံမှုလည်းမရှိခဲ့ပေ။
“သူမ ကိုယ်တိုင် တိုက်ခိုက်တာကိုတော့ ကျွန်မ မမြင်လိုက်ရဘူး ဒါပေမဲ့ သူမက တော်တော် အန္တရာယ်ရှိနိုင်တယ်ဆိုတာတော့ ကျွန်မ ခံစားမိခဲ့တယ်”
ယီလန်က အာရန်၏ အမေးကို ပြန်ဖြေလိုက်သည်။
“သူမက အထူးသဖြင့် အရမ်းပါးနပ်တော့ သူမနဲ့ရင်ဆိုင်တဲ့အခါ အတော်လေး သတိထားဖို့တော့လိုလိမ့်မယ်”
“မင်းလို ပထမဝိညာဥ်ဘုရင်မတစ်ဦးဆီကနေတောင် ဒီလို သုံးသပ်မှုမျိုး ရလိုက်တယ်ဆိုတော့ ဒါက တော်တော်လေး အံ့ဩစရာပဲ”
အာရန်ကလည်း ပြန်ပြောလိုက်သည်။
လမ်းတစ်လျှောက်တွင် အာရန်သည် သူ၏ဆန္ဒနှင့် ဆန့်ကျင်၍ ဂိတ်တံခါးပေါက် အနည်းငယ်ကို ဖြတ်သန်းခဲ့ရ၏။
ထိုအမျိုးသမီး၏ ဓာတ်ခွဲခန်းသို့ ရောက်ရှိရန် အခြားပြဿနာများကိုရှောင်ရှားရန်မှာ ဤ ဂိတ်တံခါးပေါက်များကို မဖြစ်မနေ ဖြတ်သန်းရမည်ဖြစ်အပြင် သူ့တွင်လည်း အခြားရွေးချယ်စရာမရှိသဖြင့် အာရန်သည် ခက်ခဲစွာဆုံးဖြတ်ချက်ချပြီးမှသာ အတွင်းသို့ ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
နောက်ဆုံး ဂိတ်တံခါးပေါက်မှ ထွက်လာပြီးနောက် ယီလန်သည် အာရန်၏နှာခေါင်းမှ သွေးများ ပြန်လည် စီးကျလာသည်ကို သတိပြုမိလိုက်သည်။
တစ်ခုတည်းသော စိတ်သက်သာရာရစေသည့်အချက်မှာ မိစ္ဆာဂိုဏ်း၏ နန်းတော်တွင် တုံးကကဲ့သို့ သတိမေ့မြောသွားခြင်းမျိုး မရှိခဲ့ခြင်းပင် ဖြစ်၏။
လမ်းတစ်လျှောက်တွင် အာရန်သည် ကုသဆေးများကို ဆက်တိုက် သောက်သုံးနေခဲ့ရသည်။
ဤကဲ့သို့ဖြစ်စဉ်ကို ကုသရာတွင် ၎င်းဆေးများသည် အများအားဖြင့် အသုံးမဝင်ဟုယူဆနိုင်သော်လည်း သူ၏ အာရုံကို ပြောင်းရန် တစ်စုံတစ်ရာ လိုအပ်နေသောကြောင့် ထိုဆေးများကို အသုံးပြုခဲ့ခြင်းလည်းဖြစ်လေသည်။
“ဒါက ဒီနေရာမှာလား”
အာရန်၏ မျက်လုံးများသည် အနည်းငယ်ဝေဝါးလျက်ရှိနေရင်း ထိုသတ္တုတံခါးကြီးတစ်ခုကို လှမ်းကြည့်၍ မေးလိုက်၏။
ဤစင်္ကြံလမ်း၏ အဆုံးတွင် ဤတံခါးတစ်ချပ်သာ တည်ရှိနေသည်။
၎င်းသည် ဤနေရာတစ်ခုလုံးမှာ သရဲဘုရင်မတစ်ဦးတည်း၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ဖော်ပြနေသကဲ့သို့ဖြစ်နေသည်။
၎င်းသည် ယခင်ပါမောက္ခနှစ်ဦး၏ ရုံးခန်းများထက်ပင် များစွာပိုမိုကြီးမားနေသည်။
“ဟုတ်တယ် ကျွန်မ အထဲကို အရင်ဝင် စစ်ဆေးကြည့်လိုက်ဦးမယ်...”
ယီလန်သည် ထိုတံခါးအား ဖြတ်ကျော်၍ အတွင်းသို့ ဝင်ရောက်လိုက်ကာ အခြေအနေကို သွားရောက်လေ့လာလိုက်လေသည်။
ဓာတ်ခွဲခန်းအတွင်း ပထမဆုံး သူမလေ့လာမိသည်မှာ အာရန်၏ တပည့်မလေးနှစ်ဦးသည် လှောင်အိမ်ထဲတွင်ပင် မေ့မျောလျက် ရှိနေဆဲ ဖြစ်ကြောင်းပင်ဖြစ်၏။
ကံကောင်းစွာဖြင့် ၎င်းတို့အား သရဲဘုရင်မမှ တစ်ချက်မှ မထိသေးကြောင်းသိလိုက်ရလေသည်။
ဖီလိုနာသည်လည်း ထိုလှောင်အိမ်၏ ဘေးတွင် ရပ်လျက် စောင့်လျှေက်ပေးလျက်ရှိသည်။
မိန်းကလေးနှစ်ဦးမှာ အကောင်းအတိုင်းရှိနေသေးသော်လည်း ဘိုးဘေးအကြီးအကဲယန်နှင့် သူ၏လက်အောက်ငယ်သားများအတွက်မူ ထိုသို့ ကံမကောင်းခဲ့ပေ။
၎င်းတို့၏ ကိုယ်ခန္ဓာများသည်ပင်လျှင် အကောင်းအတိုင်းမကျန်ရှိတော့ပဲ အမျိုးအမည်မသိသည့် အရည်ထည့်ထားသော ဖန်ပေါင်းချောင်ကြီးများထဲတွင် လွင့်မြောလျက်ရှိနေကြပြီး ထိုဖန်ပေါင်းချောင်များသည် ဝိညာဥ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ် တည်ရှိရာ ပင်မဖန်ပေါင်းချောင်နှင့် တိုက်ရိုက်ချိတ်ဆက်ထားလေ၏။
၎င်းတို့ထဲတွင်မည်သူတစ်ဦး၏ ကိုယ်ခန္ဓာပေါ်တွင်မှ အဝတ်အစားများ ရှိမနေကြတော့ပေ။
မျက်မြင်အားဖြင့် ၎င်းတို့၏ အသက်ဓာတ်များကို ထိုဖန်ပေါင်းချောင်ကြီးမှ တဖြည်းဖြည်းချင်း စုပ်ယူလျက်ရှိနေပြီး ဝိညာဥ်လမ်းလျှောက်သူ၏ ဖန်ပေါင်းချောင် အတွင်း သို့ လွှဲပြောင်းပေးအပ်နေသည်ကို တွေ့မြင်နိုင်လေသည်။
ဓာတ်ခွဲခန်းရှိ အဓိက ပုဂ္ဂိုဘ်ဟုဆိုနိုင်သော ဝိညာဥ်လမ်းလျှောက်သူအား ကုသခြင်းလုပ်ငန်းစဉ်မှာ စတင်နေခဲ့ပြီလည်းဖြစ်သည်။
ဘိုးဘေးအကြီးအကဲယန်သည် ဤကဲ့သို့ ပြုမူခံရခြင်းအတွက် အနည်းငယ်မျှ ပြန်လည် ခုခံရန်ပင် စွမ်းဆောင်နိုင်ခဲ့သည့်ပုံမပေါ်ပေ။
သူသည် ဟင်းသီးဟင်းရွက်များကဲ့သို့ပင် အလားသဏ္ဍာန်တူစွာ အသိစိတ်မဲ့လျက်ရှိနေပြီး သာမန်အသုံးချခံပစ္စည်းတစ်ခုအနေနှင့်သာ အသုံးပြုခံနေရခြင်းဖြစ်သည်။
သူ့ဘဝတစ်လျှောက်လုံးတွင် အခြားသူများကို သူ၏ အသုံးချခံ နယ်ရုပ်များကဲ့သို့သာ သဘောထားဆက်ဆံခဲ့ပြီး နောက်ဆုံးတွင် သူအထင်ကြီး၍ သစ္စာသောင့်သိခဲ့ရသော သူရဲကောင်းအကယ်ဒမီရှိ သရဲဘုရင်မ၏ လက်ထဲတွင် သူကိုယ်တိုင်ပင် သာမန်နယ်ရုပ်ကလေး တစ်ရုပ် ဖြစ်သွားခဲ့ရလေ၏။
“သူမက လုပ်ငန်းစဥ်ကို စတင်အသက်သွင်းနေပါပြီ”
ယီလန်က ဓာတ်ခွဲခန်းမှ ထွက်လာပြီး အာရန်အား ပြန်လည် အကြောင်းကြားလိုက်သည်။
“ယူလင်းနဲ့ ဇီယာကော ဘယ်လိုအခြေအနေရှိလဲ”
အာရန်သည် ၎င်း၏ ဦးခေါင်းအတွင် ကမ္ဘာကြီးတစ်ခုလုံး လည်နေခြင်းအား ရပ်တန့်ရန် အနားရှိနံရံတစ်ခုကို ခေတ္တမျှမှီထားလိုက်ရင်း ယီလန်အား မေးမြန်းလိုက်သည်။
“သူတို့ကကော့ ကောင်းကောင်းမွန်မွန်ပါပဲ”
ယီလန်မှ သူ၏တပည့်မများအကြောင်း ပြန်ဖြေပြီးနောက် အတွင်းပိုင်းအခြေအနေ အပြည့်အစုံကို အာရန်အား ထပ်မံရှင်းပြလိုက်သည်။
“ဒါဆိုရင်တော့ ကောင်းတာပေါ့ ကဲ ကိုယ်တို့ရဲ့ မိတ်ဆွေသစ်လေးနဲ့ သွားတွေ့ကြရအောင်”
အာရန်သည် လုံးဝကောင်းမွန်နေခြင်းမရှိသေးသော်လည်း ဂိတ်တံခါးပေါက်မှ စတင်ထွက်လာစဉ်ကထက်မူ များစွာ ပိုမိုကောင်းမွန်နေပြီဖြစ်၏။
သူ၏နှာခေါင်းအတွင်းမှ သွေးထွက်လာခြင်းသည်လည်း ရပ်တန့်သွားခဲ့ပြီဖြစ်ကာ မူးဝေခြင်း အနည်းငယ်သာ ကျန်ရှိတော့သည်။
ထို့နောက် အာရနသ်ည် အသက်ကို ခပ်ပြင်းပြင်းလေး တစ်ချက်မျှရှူသွင်းလိုက်ပြီး သူ၏အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြင်ဆင်ကာ ပါမောက္ခ အက်ဇယ် ပြုမူလေ့ရှိသကဲ့သို့ မာနကြီးသည့် ဟန်ပန်မျိုးတုပလိုက်ကာ ရှေ့ရှိ သတ္တုတံခါးလက်ကိုင် ကို ခေါက်လိုက်သည်။
သရဲဘုရင်မသည် သူမ၏ စမ်းသပ်မှုအတွင်း နစ်မျောလျက်ရှိနေပြီး ဝိညာဥ်လမ်းလျှောက်သူ၏ ကိုယ်ခန္ဓာရှိ အပြောင်းအလဲများကို ပျော်ရွှင်စွာ ဖြင့် လေ့လာနေစဉ် တံခါးခေါက်သံတစ်ခုကို ကြားလိုက်ရသည်။
“ဟင်.... ဒီလိုအရေးကြီးတဲ့ အချိန်ကျမှာ ဘယ်လိုကောင်ကများ ငါ့ကို ထပ်ပြီး အနှောင့်အယှက်လာပေးပြန်တာလဲ”
#Catfoot