သူမ ပြန်လာပြီ…
Vol. 22 Ch. 314
.......
အာရန် က သူ့အား ကမ္ဘာကူးပြောင်းလာသူလေး ဟု ခေါ်ဝေါ်လိုက်သောအခါ ဝိညာဥ်လမ်းလျှောက်သူ၏ ဝိညာဉ်သည် ဆွံ့အသွားခဲ့
လေသည်။
အစစ်အမှန်ဝိညာဥ်လမ်းလျှောက်သူ မှလွဲ၍ သူ၏ ဝိညာဉ်သည် အခြားကမ္ဘာမှ ရောက်လာခြင်းဖြစ်ကြောင်း မည်သူမျှ သိရှိမထားခဲ့ကြပေ။
ဤလူသည် ၎င်းလျှို့ဝှက်ချက်အား မည်သို့သိရှိသွားခဲ့သည်ကို သူ နားမလည်နိုင်အောင်ဖြစ်သွားခဲ့ရသည်။
သူ့တွင် စကြဝဠာ၏ လျှို့ဝှက်ဆန်းကြယ်မှုများကို မြင်နိုင်သည့် ထူးခြားသည့် စွမ်းရည်တစ်မျိုးမျိုရှိနေခြင်းကြောင့်များလား....။
သို့မဟုတ် သူသည်လည်း.....။
ထိုဖြစ်နိုင်ချေတစ်ခုတည်းပင် ဝိညာဥ်လမ်းလျှောက်သူကို ထိတ်လန့်သွားစေရန် လုံလောက်ခဲ့လေ၏။
အာရန် သည်လည် သူ့ကဲ့သို့ ကမ္ဘာကူးပြောင်းလာသူတစ်ဦးဖြစ်နေပါက သူတို့နှစ်ယောက်လုံးသည် အတူတူပင်ဖြစ်သည်ဟု ဆိုလိုနေသည်မဟုတ်ပါလား...။
ဤအရာအားလုံးကို ထိုသူသည် မည်သည့်အတွက် လုပ်ဆောင်နေသည်ကို သူ မေးမြန်းလိုနေခဲ့သည်။
အကယ်၍ ထိုသူသည်လည်း သူနှင့်ကူးပြောင်းလာသည့် ကမ္ဘာချင်းအတူတူ ဖြစ်နေပါက သူတို့နှစ်ဦးစလုံးသည် တစ်ဖက်တည်း ဖြစ်သည်ဟုယူဆနိုင်သည်မဟုတ်ပါလား..။
ထိုသို့ဆိုပါက အတူတူလက်တဲဆောင်ရွက်ရမည့်အစား သူ့အား အဘယ်ကြောင့် ကျွန်ပြုရန် ကြိုးစားနေရသနည်း။ ဤကမ္ဘာကြီးက သူ့အား စိတ်ဓာတ်ပိုင်းဆိုင်ရာများတွင် ပျက်စီးသွားစေခဲ့ခြင်းများလား။
ကံမကောင်းစွာဖြင့် သူသည် မည်သည့်အရာကိုမျှ ပြောဆိုနိုင်ခြင်း မရှိခဲ့ပေ။ သူ၏ ခန္ဓာကိုယ်မှာ လုံးဝပြန်ကောင်းလာခြင်းမရှိသေးသောကြောင့် သူ၏ မျက်လုံးများကိုပင် ပြန်လည်ဖွင့်၍ မရနိုင်သေးပေ။
အာရန်သည်လည်း ဝိညာဥ်လမ်းလျှောက်သူ၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်နှစ်ဦးမှာ သူ၏ ဤစကားကို ကြားနိုင် မကြားနိုင် မသိနိုင်သော်လည်း ၎င်းက သိပ်တော့ အရေးမကြီးပေ။
သရဲဘုရင်မ ၏ အကူအညီဖြင့် ထိုစည်းတံဆိပ်ကို အောင်မြင်စွာ ရိုက်နှိပ်နိုင်သရွေ့ သူသည် နောက်ထပ် အကူအညီတစ်ဦးကို ထပ်မံရရှိတော့မည် ဖြစ်လေ၏။
သူလုပ်ဆောင်ရမည့် တာဝန်များထဲမှ တစ်ခုမှာ ကမ္ဘာကူးပြောင်းလာသူ အားလုံးကို သတ်ဖြတ်ရန်လည်း ပါဝင်လေသည်။
သို့သော် သူ တစ်ဦးတည်းသာ ဖြစ်ပါက ထိုအရာကို အကောင်အထည်ဖော်ရန်မှာ အလွန်ခက်ခဲမည်ဖြစ်၏။
ထို့အပြင် ဝိညာဥ်လမ်းလျှောက်သူ ၏ စွမ်းရည်သည် သူ့အတွက် အဆိပ်အတောက်တစ်ခု ဖြစ်နိုင်ပြီး ထိုအစွမ်းကို ကိုယ်တိုင်အသုံးမပြုလိုခဲ့ပေ။
ယင်းအစား အာရန်သည် ထိုသူအား နယ်ရုပ်တစ်ရုပ်ကဲ့သို့သာ အသုံးပြုလိုနေခဲ့သည်။
ဝိညာဥ်လမ်းလျှောက်သူ ကို သတ်ဖြတ်ခြင်းနှင့် ပတ်သက်၍ ၎င်းသည် နောင်တစ်ချိန်တွင် သူအလိုရှိသည့်အချိန်တွင် အချိန်မရွေး လုပ်ဆောင်နိုင်သည့် ကိစ္စဖြစ်လေသည်။
အဆင့်မြင့် ချိတ်စည်းခပ်နှိပ်ထားခြင်းဖြစ်သဖြင့် ငှက်ပျောသီးအခွံနွှာစားရသကဲ့သို့ လွယ်ကူပေလိမ့်မည် ဖြစ်၏။
အာရန်အတွက် ယခုအချိန်တွင် ဝိညာဥ်လမ်းလျှောက်သူကဲ့သို့ တစ်စုံတစ်ယောက်ကို လိုအပ်နေခဲ့သည်မှာ ငြင်းမရသော အမှန်တရားပင်ဖြစ်သည်။
ဝိညာဥ်လမ်းလျှောက်သူသည် အကယ်ဒမီ ၏ ဒုတိယကျောင်းအုပ်လည်း ဖြစ်လေသည်။
မစ်ထ် ပြီးလျှင် သူသည် အကယ်ဒမီ အပေါ် အများဆုံး အာဏာသက်ရောက်မှုရှိသူ တစ်ဦး ဖြစ်၏။
ဒု-ကျောင်းအုပ်ကဲ့သို့ ရာထူးနေရာတွင် သူ၏ နယ်ရုပ်တစ်ရုပ်ကိုထားရှိနိုင်ခြင်းသည် အလွန်အကျိုးအမြတ်များသောကိစ္စတစ်ခုဖြစ်သဖြင့် ဤအရာကို ငြင်းပယ်စရာ အကြောင်းမရှိပေ။
အက်ဒရစ် နှင့် ပရောဖက်တို့ကိုလည်း စောင့်ကြည့်ရန် တစ်စုံတစ်ဦး လိုအပ်နေသေးသည်။
ပရောဖက် ကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းများ ရှာဖွေရင်း သူ၏ လျှို့ဝှက်ချက်များ ထုတ်ဖော်ခံရနိုင်သည့် အန္တရာယ်လည်းရှိနေသဖြင့် ဤကစားပွဲတွင် ဝိညာဥ်လမ်းလျှောက်သူ ကို သူ့ကိုယ်စား ထိုအရာကို ပြုလုပ်ခိုင်းလိုနေခဲ့၏။
“ရှင် မှန်တယ် သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်နှစ်ခု ရှိနေတယ် ရှင့်စကားကြောင့် ဂရုတစိုက် လိုက်ရှာခဲ့လို့သာပေ့ါ အဲ့လိုမှမဟုတ်ရင်သူက အရမ်းအားနည်းလွန်းလို့ ကျွန်မ သတိတောင် ဘယ်လိုမှ သတိထားမိမှာမဟုတ်ဘူး”
သရဲဘုရင်မ သည် လိုအပ်သော ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အာရန်အား ပြန်ပြောလိုက်သည်။
“ကံကောင်းစွာနဲ့ပဲ အကြောင်းတစ်ခုခုကြောင့် သူ့ဆီကရုတ်တရက် တုံ့ပြန်မှုလေးတစ်ခုကို ဖမ်းဆုတ်နိုင်ခဲ့တာကြောင့် ကျွန်မ သူ့ကို ရှာဖွေနိုင်ခဲ့ပါတယ်”
အာရန် ၏ စကားကြောင့် ဝိညာဥ်လမ်းလျှောက်သူ ၏ ဝိညာဉ်သည် အနည်းငယ် ထိတ်လန့်တကြားဖြစ်သွားခဲ့သဖြင့် သရဲဘုရင်မ သည် ၎င်းကို ရှာဖွေကာ ကျွန်ပြုခြင်း စည်းတံဆိပ်ကို ချမှတ်နိုင်ခဲ့ခြင်းဖြစ်၏။
အာရန် တွင် သူမ အမှန်တရားကို ပြောဆိုနေခြင်းဟုတ်မဟုတ်ကို အတည်ပြုရန် နည်းလမ်းမရှိခဲ့ပေ။
သူသည် ဝိညာဉ်များကို ထိုးဖောက်ကြည့်ရှုနိုင်ခြင်း မရှိသဖြင့် ၎င်းတို့အပေါ် ချမှတ်ထားသော စည်းတံဆိပ်များကို အတည်ပြုနိုင်စွမ်းလည်း မရှိပေ။
ထိုအချိန်တွင် သူသည် သရဲဘုရင်မ အား ထိုတံဆိပ်၏ အလုပ်လုပ်ပုံကို ရှင်းပြရန် သာ တောင်းဆိုခဲ့ရလေသည်။
သရဲဘုရင်မ ရှင်းပြနေစဉ် ယီလန်မှလည်း ဝိညာဥ်လမ်းလျှောက်သူ ၏ ဝိညာဉ်တွင် အလားတူ ပြောင်းလဲမှုများ ဖြစ်ပေါ်နေခြင်းဟုတ်မှန်ကြောင်း အတည်ပြုပေးခဲ့၏။
“ဒါက ကျွန်မရဲ့ အကြီးမားဆုံး ဖန်တီးမှု ဖြစ်သင့်ပေမဲ့ နောက်ဆုံးမှာတော့ ရှင့်အတွက်ပဲ အကျိုးများသွားခဲ့တာပဲလေ”
ရှင်းပြပြီးနောက် သရဲဘုရင်မသည် အနည်းငယ် မကျေမနပ် ဖြစ်သော လေသံဖြင့် ပြန်ပြောလိုက်သည်။
“ဝိညာဥ်လမ်းလျှောက်သူ ထက်မင်းက င့ါအတွက် ပိုပြီး အကျိုးပြုနိုင်လိမ့်မယ်လို့ ငါ ယုံကြည်မိတယ်” ဟု အာရန် က ထပ်မံလိမ်ညာခြင်းမရှိဘဲ ပြန်ပြောလိုက်သည်။
အကယ်၍ သရဲဘုရင်မ သည် ဝိညာဉ်များ မပျက်စီးသရွေ့ လူများကို အမှန်တကယ် ပြန်လည်အသက်သွင်းနိုင်ပါက သူမ၏ အသုံးဝင်မှုသည် ဝိညာဥ်လမ်းလျှောက်သူ ထက်ပင် အမှန်တကယ် ပိုမို သာလွန်နိုင်လေသည်။
“စကားလုံးချိုချိုတွေက ကျွန်မအပေါ် အလုပ်ဖြစ်မှာ မဟုတ်ဘူး”
သရဲဘုရင်မ က မျက်လုံးတစ်ချက်ကစားရင်း ပြန်ပြောလိုက်၏။
“ဝိညာဉ်အမှတ်အသားတစ်ခု ဖန်တီးပြီး အဲ့ဒါကို ဝိညာဥ်လမ်းလျှောက်သူ ရဲ့ ခန္ဓာကိုယ်ပေါ်မှာ ချမှတ်လိုက်နိုင်ရင် တံဆိပ်ခပ်နှိပ်ခြင်းအဆင့် ပြီးမြောက်သွားလိမ့်မယ်”
အာရန် လည်း သူမနှင့် ဆက်လက်ငြင်းခုံခြင်း မပြုခဲ့ပေ။
သူသည် ရိုးရှင်းစွာပင် သူမ၏ ညွှန်ကြားချက်များကို လိုက်နာခဲ့ပြီး သူ့၏ ထူးခြားသော ဝိသေသများပါရှိပြီး အတုပြုလုပ်၍မရနိုင်သော ဝိညာဉ်အမှတ်အသားတစ်ခုကို ဖန်တီးလိုက်သည်။
၎င်းသည် အာရန်၏ ဝိညာဉ်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော အရာဖြစ်ပြီး သူတစ်ဦးသာ ခံစားသိရှိနိုင်မည်ဖြစ်ပြီး သူတစ်ဦးသာ ထိန်းချုပ်နိုင်သော အရာလည်း ဖြစ်လေသည်။
အာရန်သည် ဝိညာဥ်လမ်းလျှောက်သူ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်နှစ်ခုအပေါ် ချမှတ်ထားသော ကျွန်ပြုခြင်းစည်းတံဆိပ်နှင့် ချိတ်ဆက်ရန် ဝိညာဉ်အမှတ်အသားကို အသုံးပြုလိုက်သည်။
ဝိညာဥ်လမ်းလျှောက်သူ ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အပေါ် ထို ဝိညာဉ်အမှတ်အသား ရိုက်နှိပ်ပြီးနောက် ကျွန်ပြုခြင်း လုပ်ငန်းစဉ်သည် နောက်ဆုံးတွင် ပြီးမြောက်သွားခဲ့လေ၏။
“အခု ရှင် သူ့ကို အလုံးစုံထိန်းချုပ်သွားနိုင်ပြီဆိုတော့ သူ့ရဲ့ မှတ်ဉာဏ်တွေကို ဖျက်ပစ်မလား ဒါမှမဟုတ် ဒီအတိုင်းဆက်ထားမလား ဒါကတော့ ရှင့်အပေါ်ပဲ မူတည်တယ်”
သရဲဘုရင်မ က အာရန် အား မှတ်ဉာဏ်များအကြောင်း သတိပေးပြောဆိုလိုက်သည်။
အကယ်ဒမီ မှ မှတ်ဉာဏ်များ မရှိတော့ပါက ဝိညာဥ်လမ်းလျှောက်သူသည် အဖမ်းမခံရဘဲ ထိုနေရာတစ်ခုလုံးကို အောင်မြင်စွာ ထိန်းချုပ်နိုင်ရန်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်လေသည်။
အာရန်သည်လည်း ဝိညာဥ်လမ်းလျှောက်သူ ၏ မှတ်ဉာဏ်များကို ဖျက်ဆီးပစ်ရန် စီစဉ်ထားခြင်း မရှိခဲ့ပေ။
ထို ဝိညာဥ်လမ်းလျှောက်သူ ကိုယ်တွင်းမှ ဝိညာဉ်တစ်ခုမှာ ကမ္ဘာကူးပြောင်းလာသူ တစ်ဦး ဖြစ်နေလေသည်။
အကယ်၍ သူသာ ၎င်းတို့၏ မှတ်ဉာဏ်များကို ဖျက်ပစ်လိုက်မိပါက ဤ ကမ္ဘာကူးပြောင်းလာသူဆီမှ မည်သည့်အချက်အလက်မှ ရယူနိုင်တော့မည်မဟုတ်ပေ။
ဒုတိယဝိညာဉ်မှာလည်း ပို၍ပင် အသုံးဝင်သော အစစ်အမှန် ဝိညာဥ်လမ်းလျှောက်သူ ပင် ဖြစ်နေလေ၏။
အစစ်အမှန် ဝိညာဥ်လမ်းလျှောက်သူ ကို ကျွန်ပြုနိုင်ခြင်းဖြင့် သူသည် အတိတ်နှင့်ပတ်သက်၍ မေးခွန်းများစွာကို မေးမြန်းနိုင်မည်ဖြစ်သည်။
အခြားသူများနှင့်ဆိုလျှင် သူ၏ ကိုယ်ပိုင်လျှို့ဝှက်ချက်များ ထုတ်ဖော်ခံရမည်ကို စိုးရိမ်နေရသောကြောင့် သူသည် အချို့အရာများတွင် တွန့်ဆုတ်နေရဆဲ ဖြစ်၏။
ဝိညာဥ်လမ်းလျှောက်သူ ကဲ့သို့သော ကျွန်တစ်ဦးသာပိုင်ဆိုင်ထားပါက သူသည် ထိုအရာကိ စိုးရိမ်ရန် မလိုအပ်တော့ပေ။
ဝိညာဥ်လမ်းလျှောက်သူ သည် အမှန်တကယ် ဝါးမြိုသူ ပျောက်ဆုံးမှုတွင် ပါဝင်ပတ်သက်နေခဲ့ပြီး သူ့အား အမြဲရှောင်လွှဲနေခဲ့သော ရန်နစ်ခရိုလိုင်း ၏ အတိတ်ကိုပင် သိရှိနိုင်ဖွယ်ရှိသောကြောင့် ဤရွေးချယ်မှုသည် သူ့အတွက် အရေးပါလေသည်။
အကယ်၍ အရာအားလုံးသည်သာ သူ စီစဉ်ထားသည့်အတိုင်း ဖြစ်လာခဲ့ပါက သူသည် မှတ်ဉာဏ်အပိုင်းအစများ ကို ထပ်မံ၍ လိုက်လံရှာဖွေရန် မလိုအပ်တော့ပေ။
သူ၏ စနစ်သိုလှောင်ခန်းအတွင်း ရှိပြီးသားဖြစ်သော မေးခွန်းဘောက်ချာတစ်ခု ကို အသုံးပြုသောအခါ စာရေးသူ ကို ကိုင်တွယ်ဖြေရှင်းရန် ပိုမိုများပြားသော အချက်အလက်များကိုလည်း ရယူချင်နေသေးသည်။
ထို့ကြောင့်အာရန်သည် ဤဝိညာဉ်နှစ်ခု၏ မှတ်ဉာဏ်များကို မထိခိုက်စေဘဲ ထားရှိရန်ဆုံးဖြတ်လိုက်ပြီး ၎င်းတို့၏ အတွေးများနှင့် မှတ်ဉာဏ်များကို ဆက်လက်ထိန်းသိမ်းထားရင်း သူ့အား အစေခံစေခဲ့သည်။
ဤသို့ဖြင့် သူ၏ အခန်းကဏ္ဍမှာ အဆုံးသတ်သွားခဲ့၏။
ကျန်ရှိနေသောလုပ်ငန်းစဥ်များမှာ သရဲဘုရင်မ၏ အပိုင်းများသာဖြစ်ပြီး ဝိညာဥ်လမ်းလျှောက်သူကို ပြန်လည်အသက်သွင်းရန် ဖြစ်လေသည်။
ယခုအချိန်တွင် အာရန် သည် နောက်တွင်သွားရောက်ကာ လက်ပိုက် ကြည့်နေရန်သာရှိတော့၏။
သူသည် အခြား စားပွဲတစ်ခုဆီသို့ ပြန်သွားလိုက်ပြီး ဘိုးဘွားအကြီးအကဲ ယန် ၏ အသက်ဓာတ်စွမ်းအားများ အတင်းအဓမ္မ စုပ်ယူခံရခြင်းကြောင့် ခြောက်ကပ်နေသော ပုံစံအားတစ်ချက် လေ့လာနေလိုက်သည်။
သူ့အား ဤနေရာသို့ လာရောက်လာစေရန် ခြိမ်းခြောက်ခဲ့သော ထိုသူအတွက်မူ သူသည် သနားညှာတာစိတ်များ လုံးဝမခံစားခဲ့ရပေ။ အမှန်အတိုင်းဆိုရလျှင် သူသည် ယခု မြင်နေရသည်အား အတော်လေးပင် ကျေနပ်နေမိခဲ့သည်။
“ဒါနဲ့ မင်းကို...”
အာရန်သည် စကားပြောနေရင်းမှပင် ရုတ်တရက် ရပ်တန့်သွားခဲ့သည်။
အကယ်ဒမီအတွင်းပိုင်းတွင် သူမကြာခင်ကမှ ထိတွေ့ဘူးခဲ့သော အလွန် ပြင်းထန်သည့်အော်ရာတစ်ခုသည် တဖြည်းဖြည်းချင်း ပိုမိုနီးကပ်လာသည်ကို ခံစားမိလိုက်သောကြောင့် ဖြစ်လေသည်။
“သူမ ပြန်လာပြီလား”
#Catfoot