← Chapters

အခန်း (၂၁၀)

Vol. 15 Ch. 210

အခန်း (၂၁၀)

Vol. 15 Ch. 210

"မဖြစ်ဘူး!!" ရောင်းရင်းစစ်သူကြီး ကျဆုံးသွားသည်ကို မြင်သောအခါ အရိုးမျိုးနွယ် စစ်သူကြီးတစ်ဆယ့်တစ်ဦးသည် ဝမ်းနည်းပူဆွေးမှုနှင့် ဒေါသများ တောက်လောင်လာပြီး လွင်ပြင်ထဲ တစ်ထီးတည်းကျရောက်သွားရှာသော ကျားတစ်ကောင်ကို ခွေးများက ဝိုင်းအနိုင်ကျင့်နေသကဲ့သို့ ခံစားမိရသည်။

ထို့နောက် သူတို့အားလုံး ကောင်းကင်သို့ မော့ကြည့်ကာ မခံမရပ်နိုင်စွာ အော်ဟစ်လိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်များတွင် မကောင်းဆိုးဝါး အရှိန်အဝါများ ပြည့်နှက်လျှံထွက်နေပြီး အိုးရန်ဖုန့်ကို ဆုတ်ဖြဲရန် ခုန်ဝင်လိုက်ကြ၏။

"မလောကြပါနဲ့၊ တစ်ယောက်ချင်းလာ!"

"ငါ့ဓားအောက်မှာ သေရတာက မင်းတို့ မရဏချောက်နက်သတ္တဝါတွေအတွက်တော့ ဂုဏ်သရေတစ်မျိုးပဲ‌ပေါ့!"

အိုးရန်ဖုန့်လည်း တိုက်ပွဲစိတ်ဓာတ်စီးသွားပြီး ခွင်းတောင်ဓားကို ကိုင်ဆွဲကာ ရန်သူကို တစ်စမကျန်ခုတ်ရန် မာန်သွင်းလျက် ပြေးဝင်သွားပြီး ထိုအရိုးမျိုးနွယ် စစ်သူကြီးများအား သွေးအန်သည်အထိ ထပ်ခါတလဲလဲရိုက်နှက်ကာ မတတ်သာစွာ နောက်ဆုတ်စေခဲ့သည်။

ခန့်မှန်းရသလောက်တော့ ဤတိုက်ပွဲပြီးဆုံးချိန် နှစ်ပေါင်းများစွာ ‌ရွေ့လျားကုန်လွန်ပြီးနောက်တွင်ဤ တောင်ဖြိုဂိုဏ်းဘိုးဘေးကြီးသည် သားသမီးမြေးမြစ်များကို အတိတ်က ခမ်းနားစွာအနိုင်ယူနိုင်ခဲ့သော တိုက်ပွဲများအကြောင်း မာန်အပြည့်ဖြင့် ကြွားလုံးထုတ်ပေဦးမည်။ "အရင်က ငါဆိုတဲ့ အိုမင်းရွတ်တွနေတဲ့ မင်းတို့ဘိုးဘေးကြီးဟာ ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံဆင့်လောက်လေးနဲ့ အထွဋ်အထိပ်သို့တက်ရောက်ခြင်း အဆင့်ရှိတဲ့ အရိုးမျိုးနွယ် စစ်သူကြီးတစ်ဆယ့်တစ်ဦးကို တစ်ပြိုင်တည်းရိုက်နှက်နိုင်ခဲ့တာ၊ တကယ်ကို ပြိုင်ဘက်ကင်းကာလတွေပေါ့ကွာ!"

တစ်ဖက်တွင်။

အရိုးမျိုးနွယ်သူရဲကောင်းခြောက်ဦးသည် ပထမဆုံး ထိပ်တိုက်ရင်ဆိုင်မှုတွင်ပင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြသည်။ ခေါင်းဆောင်ဖြစ်သူ ဘာဇာမှာ သိသိသာသာပင် ထိတ်လန့်တုန်လှုပ်လာပြီး ပါးစပ်ထောင့်မှ သွေးများ အတန်းလိုက်စီးကျနေကာ တစ်ဖက်ရန်သူ၏ မားမားမတ်မတ် ဓားကိုင်ထားသော ပုံရိပ်ကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေ၏။

သူသည် ဂုဏ်သိက္ခာရှိ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အလယ်အလတ်အဆင့်တွင် ရှိနေပြီး ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အစောပိုင်းအဆင့်ရှိ ညီအစ်ကိုငါးဦး၏ အကူအညီပါ ထပ်ပေါင်းရှိနေသော်လည်း ပြိုင်ဘက်၏ ဓားတစ်ချက်ကိုပင် ကာကွယ်နိုင်ခြင်း မရှိခဲ့ပေ။

ယဲ့ကျွင်းလင်၏ တပည့်သည်ပင် ဒီလောက်တောင် အားကြီးနေတာလား?!

အရိုးမျိုးနွယ်တို့၏ မွေးရာပါ ခိုင်မာသော ကာကွယ်ရေးစွမ်းရည်သာ မရှိခဲ့လျှင် သူတို့ထဲမှ တစ်ယောက်ယောက်ကတော့ ထိုဓားချက်တစ်ချက်နှင့်ပင် ကျဆုံးသွားပေလိမ့်မည်!

လီဝူကျယ်က လှောင်ပြောင်လိုက်သည်။ "မင်းတို့လို အမှိုက်တွေကို ရင်ဆိုင်ဖို့ဆိုရင် ငါ့ဆရာ စွမ်းအင်ထုတ်ဖို့တောင် မလိုဘူးလို့ ငါ ပြောခဲ့ပြီးသားပါ!"

ထိုစကားကို ကြားလိုက်ရသော်။

အရိုးမျိုးနွယ်သူရဲကောင်းခြောက်ဦးမှာ အလွန်အမင်း အရှက်ရသည်ဟု ခံစားရလေသည်။

သူတို့နယ်မြေဖြစ်သော မရဏချောက်နက်တွင် ဒီလိုရှက်ဒေါသမျိုး ဘယ်တုန်းကမှ မထွက်ခဲ့ရဖူးပါလေ။

ဘာဇာ မျက်လုံးများကို အနည်းငယ် မှေးမှိတ်လိုက်ပြီး တိမ်တိုက်ကြီးများထဲတွင် တိတ်ဆိတ်စွာ လွင့်မျောရပ်တန့်နေသော ဧရာမသတ္တဝါကြီးကို လှမ်းကြည့်လိုက်ပြီးနောက် သူ၏မျက်လုံးများက လီဝူကျယ်ဆီသို့ ဝေ့ဝဲသွားသည်။ ထိုမျက်လုံးများတွင် ရက်စက်စူးရှသောအကြည့်များ ဖျတ်ခနဲပေါ်လာပြီးတစ်ကိုယ်စာကြားနိုင်ရုံမျှ တီးတိုးကြုံးဝါးလာ၏။ "လူသား၊ ဒီအရှက်ခွဲမှုအတွက် တန်ကြေးကို မင်းပြန်ပေးဆပ်ရစေ့မယ်!"

ပြောပြီးသည်နှင့် သူသည် မရဏမူလဆေးလုံး တစ်လုံးကို ထုတ်ယူကာ တွန့်ဆုတ်ခြင်းမရှိစွာ မျိုချလိုက်သည်။

ချက်ချင်းဆိုသလို ဘာဇာ၏ မျက်လုံးများမှ ခရမ်းနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော ယင်စွမ်းအင်အရှိန်အဝါများသည် ဖိအားအပြည့်ဖြင့် တလူလူလျှံထွက်လာတော့၏။

မူလက အက်ကွဲနေသော အရိုးသံချပ်ကာသည် ချက်ချင်းပင် ပကတိ ပြန်လည်ကောင်းမွန်လာပြီး မျက်နှာပြင်တွင် တီကောင်များကဲ့သို့ တွန့်လိမ်နေသော သင်္ကေတများစွာ ပေါ်ထွက်လာကာ ခပ်မှိန်မှိန်အလင်းရောင်ကို ထုတ်လွှတ်လျက်ရှိ၏။

သူ၏ ကျင့်ကြံဆင့်သည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အလယ်အလတ်မှ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အထွဋ်အထိပ်သို့ တက်လှမ်းသွားလေပြီ!

ကျန်အရိုးမျိုးနွယ်ဝင် ငါးဦးလည်း မရဏမူလဆေးလုံးများ ထုတ်ယူကာ မျိုချလိုက်ကြ၏။

ဒုန်း ဒုန်း ဒုန်း~

သူတို့၏ ခန္ဓာကိုယ်များမှလည်း ခပ်မှိန်မှိန် အလင်းများ ထွက်ပေါ်လာပြီး ထိုးတက်လာသော အရှိန်အဝါသည် လွန်စွာကြောက်မက်ဖွယ်ပင်။ သူတို့၏ မျက်လုံးများမှ ခရမ်းနက်ရောင်အလင်းများလည်း စူးရှစွာ တိုးထွက်လာကာ ကျင့်ကြံမှုအဆင့်များသည် ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် အစောပိုင်းမှ ဘေးဒုက္ခကျော်လွှားခြင်း ကျင့်ကြံဆင့် နှောင်းပိုင်းသို့တိုင် မြင့်တက်သွားသည်!

စွမ်းအားရှင်ခြောက်ဦးထံမှ ယင်စွမ်းအင်အရှိန်အဝါသည် မုန်တိုင်းကဲ့သို့ ပျံ့နှံ့သွားပြီး လေထုကိုပင် လှိုင်းခတ်စေကာ အင်အားပိုကြီးမားလာသော ပုံရိပ်ခြောက်ခုသည် ကောင်းကင်ယံတစ်လွှား တစ်တန်းတည်းရပ်တည်လိုက်ကြပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်အား ထုတ်လွှတ်လိုက်ကြ၏။

ဘာဇာသည် သူ့ခန္ဓာကိုယ်ထဲရှိ ဆူပွက်နေသော စွမ်းအားအဟုန်ကို ခံစားလိုက်ရပြီး ယုံကြည်မှုအပြည့်ဖြင့် ဟက်ခနဲတစ်ချက်ရယ်လိုက်သည်။ "သံတမန် ပေးခဲ့တဲ့ မရဏမူလဆေးလုံးက တော်တော်အရည်အသွေးကောင်းတာပဲ

ချက်ချင်းဆိုသလို သူ၏ မျက်လုံးအစုံသည် လီဝူကျယ်ထံ စူးရှစွာဆိုက်ရောက်လာပြီး အော်ဟစ်လိုက်သည်။ "လူသား၊ သေစမ်း!"

ပြောပြီးသည်နှင့် သူသည် လက်ကိုမြှောက်၍ အားကုန်ရိုက်ချလိုက်ရာ ဧရာမ အရိုးဆူးများစွာ တစ်ခုပြီးတစ်ခု ထပ်ဆင့်ပေါ်ပေါက်လာပြီး လီဝူကျယ်ကို နောက်ဆုတ်ချိန်ပင်မပေးဘဲ လေထဲတွင်ပင် တစ်စစီထိုးဖြဲဖောက်သွင်းရန် ကြိုးစားလာကြ၏။

"ဟားဟား၊ ကြိုက်ပြီဟေ့!" ပြိုင်ဘက်၏ ကျင့်ကြံမှုအဆင့်သည် သူ့ထက် များစွာ သာလွန်လာသည်ကို မြင်သော်ငြား လီဝူကျယ်မှာ ကြောက်ရမည့်အစား ပို၍ပင်စိတ်လှုပ်ရှားလာရတော့သည်၊

သူ ဓားတစ်ချက်ကို အရှိန်အကောင်းကောင်းဖြင့် ခုတ်ချလိုက်ရာ ထက်ရှသော အရိုးဆူးများစွာ တစ်လက်မအရွယ်အစားလေးများဖြစ်သည်အထိ ကြေမွပြတ်ကျသွားရ၏။

ဝှစ်!

မှုန်ဝါးဝါး ပုံရိပ်ယောင်တစ်ခု လျှပ်တစ်ပြက် ဖြတ်သန်းသွားသည်။ လီဝူကျယ်သည် ဓားကိုင်ထားသော လက်ကောက်ဝတ်ကို ကျင်လည်စွာလှည့်လိုက်ရာ တစ်ချိန်တည်းတွင်ပင် ဓားကျင့်စဥ်များစွာသည် ခန့်မှန်းရခက်စွာ ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် ဓားစွမ်းအားကို ခံစားမိနိုင်သည်။

"သေလိုက်စမ်း!" တစ်ဖက်မှပုဂ္ဂိုလ်က အဆင့်များစွာ ကျော်ဖြတ်တိုက်ခိုက်နေသည်အား မြင်သောအခါ ဘာဇာ ဒေါသတကြီး လက်ကိုဝှေ့ယမ်းလိုက်ရာ ပင်လယ်လှိုင်းများကဲ့သို့ အားမာန်အပြည့်ဖြင့် အရိုးဆူးများ ထပ်မံထွက်ပေါ်လာပြီး ကောင်းကင်ယံတစ်လျှောက် တောက်ပသော သင်္ကေတများစွာဖြင့် ပြည့်နှက်သွားကာ လူကို ကြက်သီးမွေးညင်းထစေမည့်ခံစားချက်အား ပေးစွမ်း၏။

"အစ်ကိုကြီး၊ ကျွန်တော်တို့ ကူညီမယ်!" ဒုတိယအစ်ကို ဘာဂျီသည် သူ၏ ခွန်အားအလုံးစုံကို စုစည်းကာ ကျန်ညီအစ်ကိုများနှင့် ပူးပေါင်း၍ လီဝူကျယ်ကို ဝန်းရံ တိုက်ခိုက်မှု စတင်လိုက်သည်။

ဒုန်း ဒုန်း ဒုန်း~

တိုက်ပွဲသည် အလွန်ပြင်းထန်နေလေပြီ။

လီဝူကျယ်သည် အဆုံးစွန်သော ဓားသိုင်းကျွမ်းကျင်မှုကို ထုတ်သုံးလေတော့ရာ ဓားရိပ်များသည် အလွှာလိုက်အထပ်လိုက် မနားတမ်းထွက်ပေါ်လာသည် ဓားစွမ်းအင်သည် ကောင်းကင်ကိုပင် ဖုံးအုပ်ထားနိုင်သည်။ ကျင့်ကြံဆင့်တွင် အားနည်းချက်ရှိနေသော်ငြား တစ်ဖက်ကမ်းခတ်သော ဓားသိုင်းစွမ်းရည်ကြောင့် ရန်သူများစွာနှင့် တစ်ပြိုင်တည်းလက်ရည်ယှဥ◌်ရာတွင် အခက်အခဲမရှိလှပေ။

"မဖြစ်နိုင်ဘူး! ယဲ့ကျွင်းလင်ရဲ့ တပည့်က ဘယ်လိုလုပ်ပြီး ဒီလောက် အားကြီးနေရတာလဲ?!" ဘာဇာ သည် တိုက်ခိုက်ရင်း ပို၍ ပို၍ ကြောက်လန့်လာပြီး စိတ်အစဉ်မှာ မီးလောင်ကျွမ်းသကဲ့သို့ ပူပြင်းနေရသည်။ သူ အော်ဟစ်လိုက်သည်။ "အရိုးမျိုးနွယ်ရဲ့ နက်နဲသော အဓိပ္ပာယ်၊ အရိုးအကျဉ်းချ သတ်ဖြတ်ခြင်း!!"

နောက်တစ်စက္ကန့်အကြာတွင်။

လီဝူကျယ်သည် ပတ်ဝန်းကျင်လေထု ရုတ်တရက် အေးစက်လာသည်ကို ခံစားလိုက်ရ၏။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများမှာ အေးခဲလုနီးပါး ဖြစ်သွားပြီး မှော်သင်္ကေတများဖြင့် ပြည့်နေသော အရိုးဆူး များစွာသည် လေထုကို ဖောက်ထွင်းကာ စတုရန်းပုံ လှောင်အိမ် တစ်ခုအဖြစ် စုစည်းသွားပြီး သူ့ကို အတွင်း၌ ပိတ်လှောင်ထားလိုက်သည်။

"မသေသေးဘူးလား?!" ဘာဇာက တစ်ချက်ပြုံးလိုက်ပြီး သူ၏ ညာလက်ကို ရုတ်တရက် ဆုပ်လိုက်သည်။

ထိုအခါ လှောင်အိမ်က သွေးရောင် တောက်ပလာပြီး မှော်သင်္ကေတများက ပိုမိုအသက်ဝင်လာလျက်လျင်မြန်စွာ စီးဆင်းသွားကာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားသည် အဆသန်းပေါင်းများစွာ တိုးမြင့်လာပြီး ပိတ်လှောင်ခံထားရသော လီဝူကျယ်ကို သွေးမှုန်များ အဖြစ် ညှစ်ထုတ်ရန် ကြိုးစားလာသည်။

"အစ်ကိုကြီးက အံ့ဩစရာကောင်းလောက်အောင် တော်တာပဲ၊ ဒီအကွက်နဲ့ဆို ဒီလူ မလွတ်မြောက်နိုင်တော့ဘူး!" ကျန်ညီအစ်ကိုများက အားပေးချီးမြှောက်လိုက်ကြသည်။

"ဟင်..." လီဝူကျယ်သည် ယခုတစ်ကြိမ်တွင်တော့ အန္တရာယ်ကို ခံစားလိုက်ရသည်ပင်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ အရိုးများ တဂျွတ်ဂျွတ်မြည်လာပြီး သူ့လက်ထဲရှိ ဓားသည်ပင် ထိန်းချုပ်ရန် ခက်ခဲလာသည်။

သို့သော် ထူးဆန်းသည်မှာ သူသည် ထိတ်လန့်ခြင်းမရှိရုံမက အရူးတစ်ယောက်လို ရွှင်မြူးစွာ ပြုံးရ

ယ်လာ၏။

ဒုန်း ဒုန်း ဒုန်း~!

သူ၏ နှလုံးခုန်သံသည် ဗုံသံကဲ့သို့ ဆူညံပြင်းထန်နေပြီး စည်းချက်တိုင်းသည် အလွန်လေးလံစွာ ခုန်ပေါက်နေသည်။

လီဝူကျယ်၏ ခန္ဓာကိုယ်အတွင်းရှိ သွေးများ ဆူပွက်လာ၏။ နဖူးထက်၌ သွေးကြောများထောင်ထလာက ဆံပင်နက်များ ရမ်းခါလျက်ရှိသည်။ သူ၏ မျက်လုံးများမှာလည်း သွေးရောင်လွှမ်းလျက် လျင်မြန်စွာ နီရဲတက်လာသည်။ မျက်နှာသည် ကြောက်စရာအရှိန်အဝါတစ်မျိုးဖြင့် လွှမ်းခြုံလာကာ အမည်းရောင် ဓာတ်ငွေ့များလည်း ထုတ်လွှတ်နေသည်။

"ဒါက ရူးသွပ်သော နတ်ဆိုးသွေးမျိုးဆက်ပဲ..."

လီဝူကျယ်၏ အသက်ရှူသံ အလွန်လေးလံလာ၏။ သတ်ဖြတ်လိုစိတ်တစ်ခုတည်းသာ သူ့စိတ်ထဲတွင် အပြည့်အနှက် နေရာယူထားပြီး လက်ထဲရှိ မှင်ရောင်ကဲ့သို့နက်စွေးသော ဓားရှည်ကောက်ကို ရူးသွပ်စွာ ခုတ်ချလိုက်ရာ ဓားအလင်းသည် အလင်းလုံးကြီးတစ်ခုအဖြစ် ဖွဲ့စည်းသွားကာ လျင်မြန်စွာ ကျယ်ပြန့်ကြီးထွားလာတော့သည်။

ဗုန်း!

ပိတ်ဆို့ထားသော အရိုးလှောင်အိမ်သည် ချက်ချင်းပင် အမှုန့်များအဖြစ် ကြေမွပျောက်ကွယ်သွား၏!

ထိုအချိန်တွင် လီဝူကျယ်သည် ဓားနတ်ဆိုးဟု ကျော်ကြားခဲ့ပါသော ဘွဲ့နာမည်နှင့် လွန်စွာကိုက်ညီနေသည်။ အရှိန်အဝါမှာ ရှေးဟောင်း နတ်ဆိုးဘုရင်တစ်ပါး နိုးထလာသကဲ့သို့ ဟုန်းဟုန်းတောက်နေပြီး ဖိနှိပ်မှုအင်အားသည် မြေပြိုသကဲ့သို့ တမုဟုတ်ချင်း ပျံ့ထွက်သွားတော့၏။

ထိုမျက်လုံးများမှ နီရဲသောသွေးရောင်မှာ ပိုလို့သာ ရဲစွေးတက်လာသည်။

ကမ္ဘာကြီးသည်ပင် ကြောက်စိတ်ကြောင့် ဖြူဖျော့သွားပြီး လက်နက်ချအရှုံးပေးဟန်ဖြင့် လေတဟူးဟူးတိုက်ခတ်စေကာ တိမ်များကို ရွေ့လျားပြေးထွက်စေ၏။

"ဒါက..." အရိုးမျိုးနွယ် သူရဲကောင်းခြောက်ဦး ထိတ်လန့်သွားပြီး သူတို့၏ မျက်နှာများ လွန်စွာပျက်ယွင်းသွားရသည်။ ဤကဲ့သို့သော မြင်ကွင်းမျိုးကို သူတို့ တစ်ခါသော်မျှ မမြင်ဖူးခဲ့ပေ။

အဲ့ဒီ ယဲ့ကျွင်းလင် ဆိုတာ ဘယ်သူများလဲ? ဘယ်လိုတိုက်တိုက်မသေနိုင်တဲ့ ဒီလိုလူမျိုးကတောင် သူ့တပည့်အဖြစ် လိုလိုလားလားခံယူနေတာလား!?

စာစဉ်ပြီး၏

All Chapters