← Chapters

ကျောက်လင်အာ၏ မျှော်လင့်ချက်ရောင်ခြည်

Vol. 15 Ch. 201

ကျောက်လင်အာ၏ မျှော်လင့်ချက်ရောင်ခြည်

Vol. 15 Ch. 201

ဟွမ်ကျိုးပြည်နယ်။

လွန်ခဲ့သောတစ်နှစ်ခန့်က အရှေ့ပိုင်းစီရင်စုတစ်ခုလုံး၏ အာရုံစိုက်မှုကို ခံခဲ့ရသော ဤတာအိုပြည်နယ်သည် ယခုအခါ စစ်ပွဲဒဏ်ကို ခံစားနေရလေ၏။

ကျင့်ကြံသူအများအပြားသည် ကြောက်ရွံ့မှုနှင့် စိတ်မလုံခြုံမှုများဖြင့် ရှင်သန်နေထိုင်နေကြရသည်။

ကောင်းကင်ယံတွင် မရဏချောက်နက်သတ္တဝါ နှစ်ကောင် သုံးကောင်ခန့်ပါဝင်သော အုပ်စုများက လှည်းများမောင်းနှင်၍ အော်ဟစ်ကြွေးကြော်ကာ ရှေ့သို့ချီတက်နေသည်ကို တစ်ခါတစ်ရံ တွေ့မြင်နိုင်သည်။

လှည်းများကို ဆွဲနေရသည်မှာ မြင်နေကျ ရှားပါးအဖိုးတန် ရှေးဟောင်းသားရဲကြီးများ မဟုတ်ပါဘဲ၊ သက်ရှိလူသား ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့၏ ပခုံးများကို အနက်ရောင်သံကြိုးများဖြင့် ဖောက်ထွင်းစည်းနှောင်ထားသောကြောင့် အသားအရည်တို့ပေါက်ပြဲကာ သွေးများ စီးကျနေသည်။

သူတို့တစ်ဦးစီသည် ပြင်းထန်သော နာကျင်မှုကို သည်းခံကာ သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်ချေလျက် အသားကုန် ရုန်းကန်ပြေးလွှားနေကြရသည်။ သူတို့၏ မျက်လုံးများတွင် နာကျင်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေလျက်။

လှည်းများကို စီးနင်းနေသော ထိုနတ်ဆိုးသတ္တဝါများသည် မာကျောသောအရိုးသံချပ်ကာများ ဝတ်ဆင်ထားပြီး သူတို့၏ ထူးဆန်းသော အစိမ်းရောင်မျက်လုံးတစ်စုံတွင် ရက်စက်မှုနှင့် ကြမ်းတမ်းမှုများ ပြည့်နှက်နေသည်။

သူတို့၏ လက်များတွင် ကြိမ်လုံးရှည်များ ကိုင်ဆောင်ထားပြီး လှည်းဆွဲပေးနေရသော ကျင့်ကြံသူများကို တစ်ခါတစ်ရံ ကြိမ်နှင့်ရိုက်နှက်ကြသည်။ ကျွဲနွားများကို ကြိမ်နှင့်ရိုက်သလိုသဘောထားကာ စိတ်ကြိုက်နှိပ်စက်နေရင်း စိတ်ကျေနပ်သောအခါ နားကွဲမတတ် ရယ်မောသံများ ထွက်ပေါ်လာတတ်၏။

"မြန်မြန်၊ မြန်မြန်သွားကြစမ်း!"

"နားထောင်စမ်း၊ ဒီနေ့ကစပြီး မင်းတို့ဟာ ငါတို့အရိုးမျိုးနွယ်ကို မျိုးရိုးစဥ်ဆက်လုပ်ကျွေးရမယ့် ကျွန်တွေဖြစ်သွားပြီ!"

လမ်းပေါ်တွင် သွားလာနေကြသောလူများက တစ်ခါတစ်ရံ ကောင်းကင်သို့မော့ကြည့်မိကာ ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ ဒေါသတကြီး အံကြိတ်မိကြသည်။ နက်နဲစွာ အရှက်ရသည်ဟု ခံစားရသော်လည်း ဟွမ်ကျိုးပြည်နယ်၏ လက်ရှိအခြေအနေကြောင့် မကျေနပ်မှုများကို ဖိနှိပ်မျိုသိပ်ထားရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။

ဟွမ်ကျိုးပြည်နယ်ကို သိမ်းပိုက်ထားသော မရဏချောက်နက်စစ်တပ်ကို အရိုးမျိုးနွယ်က ဦးစီးဦးဆောင်ပြုသည်။ ၎င်းသည် မရဏချောက်နက်အတွင်းရှိ မျိုးနွယ်စုတစ်ရာထဲတွင် ထိပ်ဆုံးငါးခု အပါအဝင်ဖြစ်ပြီး အံ့အားသင့်လောက်စရာ မွေးရာပါကာကွယ်ရေးစွမ်းအားကို ပိုင်ဆိုင်ထားသူများဖြစ်ကြ၏။

လက်ရှိ ဟွမ်ကျိုးပြည်နယ်သည် သူတို့ပိုင်ဆိုင်ရာကမ္ဘာဖြစ်ပြီး အခွင့်အရေးရတုန်း လူသားတို့ကို စိတ်တိုင်းကျ နှိပ်စက်ညှဉ်းပန်းကာ ပျော်ရွှင်နေကြသည်ပင်။

"စိတ်ပျက်စရာကောင်းလိုက်တာ၊ ငါတို့ရဲ့ ဟွမ်ကျိုးပြည်နယ်ဟာ ဒီလိုအမှောင်တိုက်ထဲမှာပဲ ထာဝရပိတ်မိနေရတော့မှာလား?"

"အရှင်သခင်ယဲ့ဟာ တစ်ချိန်က သူရဲ့ဂုဏ်သိက္ခာကို ကိုယ်ထူကိုယ်ထတည်ထောင်ခဲ့ပြီး အရှေ့ပိုင်းစီရင်စုရဲ့ တာအိုပြည်နယ်တိုင်းက ငါတို့ကို လျှော့မတွက်ရဲအောင် စွမ်းဆောင်ပေးခဲ့တယ်။

အဲဒီကောင်းမွန်တဲ့နေ့ရက်တွေ ကုန်ဆုံးပြီး မကြာခင်မှာပဲ ဒီလိုကိစ္စမျိုး ဖြစ်လာရသတဲ့လား?!"

"အိမ်း၊ ရွှယ်ထျန်းဂိုဏ်းတောင် သူ့ကိုယ်သူ ကာကွယ်ဖို့ မနည်းရုန်းကန်နေရတာပဲ၊ အခုချိန် အရှင်ယဲ့ ပေါ်လာရင်တောင် ဘာမှ ပြောင်းလဲနိုင်မှာမဟုတ်ဘူး"

"အားလုံးပဲ၊ ကိုယ့်ကောင်းကျိုးအတွက်ကိုယ်သာ ဆုတောင်းကြစို့!"

လက်ဖက်ရည်ဆိုင်တစ်ခုလုံး ဆွေးနွေးသံများ ပြည့်နှက်နေပြီး လေထုက ဖိစီးလေးလံကာ မှိုင်းမှိုင်းမှောင်မှောင် ဖြစ်နေသည်။

ပုံပြင်ပြောသူပင်လျှင် ရှားရှားပါးပါး စိတ်ဓာတ်ကျနေပြီး ကုလားထိုင်ပေါ်တွင် တိတ်ဆိတ်စွာထိုင်လျက် သက်ပြင်းချရင်း ဟွမ်ကျိုးပြည်နယ်၏ အနာဂတ်အတွက် စိုးရိမ်နေမိ၏။

ရုတ်တရက်။

လူတစ်ယောက် ပြေးဝင်လာပြီး အော်သည်။ "လာကြည့်ကြ၊ အရိုးမျိုးနွယ် က ပုန်ကန်တဲ့ ကျင့်ကြံသူတွေကို ထပ်ပြီး လူသိရှင်ကြား ကွပ်မျက်တော့မယ်! ဒီတစ်ခါ ရွှယ်ထျန်းဂိုဏ်း ရဲ့ ကျောက်နတ်သမီးဖြစ်နေတယ်လို့ ပြောတယ်ကွ!"

"ဘာ?!"

လက်ဖက်ရည်ဆိုင်အတွင်းရှိ လူတိုင်း ထိတ်လန့်သွားကြပြီး အလျင်အမြန်ထကာ အပြင်သို့ ပြေးထွက်သွားကြသည်။

ထိုအချိန်တွင်။

ကွပ်မျက်စင်ပတ်ပတ်လည်တွင် အရိုးမျိုးနွယ် စစ်သည်များက လေးလံစွာ အစောင့်အကြပ် ချထားပြီး ထက်မြက်သော လှံရှည်များကို ကိုင်ဆောင်ထားကြသည်။ သူတို့၏ မျက်နှာဖုံးများနောက်ကွယ်မှ ထူးဆန်းသော အစိမ်းရောင်မျက်လုံးများသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်သောအငွေ့အသက်များကို ထုတ်လွှတ်လျက်။

ကြည့်ရှုသူများပြည့်ညပ်ကာ လူအုပ်ကြီးတစ်စုဖြစ်လာပြီး လူတိုင်း မျက်နှာ အပျက်ပျက်အယွင်းယွင်းဖြင့်သာ။

ဘာကြောင့်လဲဆိုတော့ လူသိရှင်ကြား ကွပ်မျက်ခြင်းဆိုသည်မှာ ဟွမ်ကျိုးပြည်နယ် ပြည်သူများအတွက်တော့ ‌လူလည်ခေါင်ပါးရိုက်ခံရသလို စော်ကားနှိမ့်ချခြင်းသာဖြစ်သောကြောင့်ပင်။

သူတို့သည် အင်အားမဲ့လျက်ရှိပြီး သူတို့၏ နိုင်ငံသားများကို ပြည်ပနတ်ဆိုးမျိုးနွယ်များက စိတ်တိုင်းသတ်ဖြတ်နေသည်အား စိတ်မကောင်းစွာ ကြည့်နေရုံသာ တတ်နိုင်ကြသည့် အခြေအနေဖြစ်၏။

"အားလုံးပဲ၊ သေချာကြည့်ကြ၊ ဒါက ခုခံပုန်ကန်သူတွေရဲ့ အဆုံးသတ်ပဲ!"

အရိုးမျိုးနွယ်မှ သုံးမီတာခန့်မြင့်သော အင်အားကြီးသူတစ်ဦးသည် စင်မြင့်ပေါ်တွင် မတ်တပ်ရပ်နေသည်။ သူသည် အနက်ရောင်သံကြိုးများဖြင့် အမြင့်တွင်ချိတ်ဆွဲခံထားရပြီး အရှိန်အဝါအားနည်းနေကာ သွေးများစီးကျနေသော အပြာရောင်ဝတ်စုံဝတ်အမျိုးသမီးကို မော့ကြည့်ရင်း လှောင်ပြောင်ပြောဆိုလိုက်သည်။

"မင်းက ရွှယ်ထျန်းဂိုဏ်းမှာ အဆင့်အတန်း မြင့်တယ်လို့ ငါကြားတယ်။ ဟားဟား၊ မင်းအထက်က ဘိုးဘေးတွေတောင် ဂိုဏ်းတံခါးကို ဖွင့်မရဲဘဲ လိပ်တွေလို အခွံထဲမှာကုပ်နေကြတာကို မင်းက ခိုးထွက်ရဲသေးတာလား? ဘယ်ကိုသွားဖို့ စဥ်းစားနေတာလဲ?"

အပြာရောင်ဝတ်စုံဝတ်အမျိုးသမီး၏ မျက်နှာတွင် သွေးများ စွန်းထင်းနေပြီး သူမ၏ ပုလဲလုံးလို သွားဖြူဖြူလေးများကို ကျစ်ကျစ်ပါအောင် တင်းတင်းစေ့ထားကာ သနားခံတောင်းပန်ရန် ခေါင်းမာစွာ ငြင်းဆန်နေသည်။ သူမ၏ မျက်လုံးများတွင် မုန်းတီးနာကျည်းမှုအပြည့်ဖြင့်။

သူမ၏ နာမည်မှာ ကျောက်လင်အာဖြစ်ပြီး မဟာဝေ့မင်းဆက် လက်ရှိဆက်ခံသူဖြစ်သော ဝေ့ဧကရာဇ်၏ သမီးတော်ဖြစ်၏။

ယဲ့ကျွင်းလင်က သူမကို ရွှယ်ထျန်းဂိုဏ်း သို့ ခေါ်ဆောင်လာပြီးနောက် သူမသည် တစ်ချိန်လုံး အပတ်တကုပ်ဖြင့် ကြိုးစားကျင့်ကြံခဲ့သည်။

သူမ၏ သာလွန်ထူးခြားသော ပါရမီကြောင့် သူမသည် ထိပ်တန်း ရေဓာတ်အမြစ်ကို ပိုင်ဆိုင်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် သူမ၏ ဆရာသခင်ဖြစ်သူ ကောင်းကင်ရနံ့တောင်ထိပ်သခင်မက သူမကို နေနာရီလောကအတွင်း၌ နှစ်ပေါင်းသုံးရာ ကျင့်ကြံရန် ခေါ်ဆောင်သွားခဲ့သည်။

သူမ ပြန်ထွက်လာသောအခါ ကျင့်ကြံဆင့်သည် ဝိညာဥ်အဆင့်တက်ခြင်း၏ အထွဋ်အထိပ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။

အချိန်စီးဆင်းမှု ကွာခြားချက်ကြောင့် အပြင်ကမ္ဘာမှာ သုံးရက်သာ ကြာခဲ့ပေမဲ့ သူမသည် တစ်ချိန်က ဖြူစင်သေးသွယ်သော မိန်းကလေးငယ်ငယ်လေးတစ်ဦး မဟုတ်တော့ပါဘဲ ကောင်းမွန်စွာ ဖွံ့ဖြိုးတောင့်တင်းလာသော ကိုယ်လုံးကိုယ်ပေါက်၊ ပါးလွှာချပ်ရပ်သော ခါးလေးနှင့် ရှည်လျားသွယ်လျသော ခြေတံများက လှပပြီး ကျက်သရေရှိလှ၏။

နောက်ပိုင်းတွင် မရဏချောက်နက်သတ္တဝါများ ကျူးကျော်လာသောအခါ သူမသည်လည်း ဂိုဏ်းနှင့်အတူ ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ သူမ၏ ရေဓာတ်မန္တန်များမှာ ထူးကဲပြီး သူမ၏ ခွန်အားသည်လည်း သူတကာထက်အားကောင်းသည်။ ထို့ကြောင့် သူမသည် ကျင့်ကြံသူအများစုကချီးမြှင့်သော ကျောက်နတ်သမီး ဟူသော ဘွဲ့အမည်ကို ရရှိခဲ့လေသည်။

ကံမကောင်းစွာဖြင့် အရိုးမျိုးနွယ်မှ အင်အားကြီးသူများ တိုးပွားလာသည်နှင့်အမျှ ရွှယ်ထျန်းဂိုဏ်း၏ ဖိအားသည်လည်း နှစ်ဆတိုးလေးလံလာခဲ့သည်။ ဂိုဏ်းချုပ်နှင့် အခြားသူများ တိုက်ပွဲရှုံးနိမ့်ကာ ဒဏ်ရာရအပြီး နောက်ဆုံးတွင် ဂိုဏ်းတံခါးဆီသို့ ပြန်လည်ဆုတ်ခွာရန် အတင်းအကျပ် ဖိအားပေးခံခဲ့ရသည်အထိ ဖြစ်ခဲ့၏။

ကျောက်လင်အာ ယခုတစ်ကြိမ် ခိုးထွက်လာရခြင်း အဓိကအကြောင်းရင်းမှာ ဝေ့ပြည်ထောင်သိမ်းပိုက်ခံရပြီး သူမ၏ခမည်းတော် သေသလား ရှင်သလားပင် သေချာမသိရှိထားရသောကြောင့် ဖြစ်သည်။

ရလဒ်အနေဖြင့် ဝေ့ပြည်ထောင်သို့သွားသည့်လမ်းတွင် သူမသည် အရိုးမျိုးနွယ် ကင်းလှည့်အဖွဲ့နှင့် ကြုံတွေ့ခဲ့ပြီး ပြင်းထန်သော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့တော့၏။

ပိတ်ဆို့မှုကို ဖြတ်ကျော်ရန် ကြိုးစားနေစဉ်တွင် ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ အရိုးမျိုးနွယ် စစ်သူကြီး တစ်ဦးပေါ်လာပြီး သူမကို နှိမ်နှင်းနိုင်ခဲ့သည်!

ကျောက်လင်အာ စကားမပြောသည်ကို မြင်သောအခါ အရိုးမျိုးနွယ် စစ်သူကြီးက ဆက်လက်လှောင်ပြောင်သည်။ "ဟွမ်ကျိုးပြည်နယ် တစ်ခုလုံးမှာ မင်းတို့ ရွှယ်ထျန်းဂိုဏ်းက ဖြိုရအခက်ဆုံးပဲ၊ ဒါပေမဲ့ ကိစ္စမရှိပါဘူး။

ဒီနေ့မှာ ငါတို့ရဲ့ မဟာအရိုးဘုရင်ကြီးက အင်အားတွေ ထပ်စုဆောင်းပြီး မင်းတို့ ရွှယ်ထျန်းဂိုဏ်းကို ထိုးဖောက်ဝင်ရောက်မယ်! နောက်ပြီး ဂိုဏ်းအတွင်းမှာရှိတဲ့ လူတိုင်းကို သတ်ပစ်လိမ့်မယ်!"

ဒီစကားကို ကြားလိုက်ရသော်။

ကျောက်လင်းအာ၏ လှပသော မျက်လုံးများမှ မီးဝင်းဝင်းတောက်လာပြီး အော်ဟစ်ကြိမ်းဝါးသည်။ "နင်တို့လုပ်ရဲလုပ်ကြည့်လေ၊ လုပ်ပြီးရင် ရွှယ်ထျန်းဂိုဏ်း တောင်ထိပ်သခင်ယဲ့ပြန်ရောက်လာတဲ့အခါ နင်တို့ဘာဆက်ဖြစ်မယ်ထင်လဲ၊ အကုန် ရက်ရက်စက်စက် သတ်ပစ်ခံရမှာပဲ!"

"အတင့်ရဲလိုက်တာ!"

အရိုးမျိုးနွယ် စစ်သူကြီးက ဒေါသတကြီး ထအော်လိုက်ရာ အသံလှိုင်းများက နားကွဲမတတ် ဆူညံနေပြီး ကျောက်လင်းအာ၏ ဒွာရခုနှစ်ပေါက်မှ သွေးများ စီးထွက်လာကာ သူမ၏ ဦးခေါင်းမှာလည်း ပြင်းထန်စွာ နာကျင်လာသည်။

"ဟမ့်၊ မင်းပြောတဲ့လူကို ငါ ကြားဖူးပါတယ်၊ ယဲ့ကျွင်းလင် လို့ ခေါ်တယ်ဟုတ်? သူက ဆံဖြူလူသတ်နတ်ဘုရားဆိုတဲ့ဘွဲ့နာမည်ကိုလည်း ရထားသေးတယ်လေ။

ငါ့အမြင်မှာတော့ ဒီကောင်က လူလိမ်သက်သက်ပါပဲ၊ သူအခုထိ ပြန်မလာရဲတဲ့ အကြောင်းရင်းကတော့ ကြောက်လွန်းလို့ ခွေးတစ်ကောင်လို ချောင်ကပ်ပုန်းနေတာဖြစ်နိုင်တယ်။ ဘယ်လိုလုပ် မင်းတို့အတွက် လက်စားချေပေးရဲမှာတဲ့လဲ?"

အရိုးမျိုးနွယ် စစ်သူကြီးက ယဲ့ကျွင်းလင်ကို အထင်အမြင်သေးစွာ ရှုတ်ချလိုက်သည်။

All Chapters